Tuesday, May 22, 2012

ဂန္ဓလရာဇ်ကထာ(၁)–တရုတ်နိုင်ငံ၏ ပြိုင်စံကင်းမှု(စောထူးပွယ်နှင့်ကိုဝင်းကျော်)

0 comments
(စစ်အေးကာလ၏ဇာတ်ရှိန်အမြင့်ဆုံးအချိန်တွင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဟင်နရီကစ်ဆင်းဂျား ဂန္ဓလရာဇ်ကထာ (On China) စာအုပ်သစ်သည် မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနှင့်စပ်လျဉ်း၍ အရေးပါသောစာအုပ်တစ်အုပ်အဖြစ် ထွက်ရှိလာခဲ့ပါသည်။ အမေရိကန်၏သံတမန်အဖြစ် တရုတ်နိုင်ငံသို့ အခေါက်ပေါင်း ၅၀ ကျော် သွားရောက်ခဲ့သည့်ကာလအတွင်း သံတမန်တစ်ဦး၏ ပြတင်းပေါက်မှတဆင့်မြင်တွေ့ရသည့် တရုတ်နိုင်ငံအကြောင်းဟုလည်း ဆိုနိုင်ပါလိမ့်မည်။ မည်သည့်ချိန်ခါဟုမသိခဲ့ရသော တရုတ်အင်ပါယာကြီး စတင်တည်ထောင်ချိန်မှ ထောင်စုနှစ်သစ်ကာလများအထိ အင်အားကြီးနိုင်ငံ တစ်ခု၏ ကြီးထွားဖွံ့ဖြိုးလာပုံနှင့်တည်တံ့နေပုံကို သီဝရီများဖြင့်မမွမ်းကြပ်စေဘဲ အခန်းပေါင်း ၁၈ ခန်းဖြင့် ရေးသားတင်ပြထားသော လေ့လာချက်များလည်းဖစ်သည်။ ထိုစာအုပ်ထဲမှ ကစ်ဆင်းဂျား၏အမြင်ကို လေ့လာနိုင်ရန်အတွက် ကိုဝင်းကျော်နှင့် ကျွန်တော် စောထူးပွယ်တို့က Ecovision Journal တွင် အပတ်စဉ် ဘာသာပြန်ဆိုဖော်ပြခဲ့ပါသည်။ အွန်လိုင်းတွင်ရရှိနိုင်ရန် မိတ်ဆွေများအတွက် ဘာသာပြန်ဆိုမှုများကို ဝေမျှလိုက်ရပါသည်။ ဆက်လက်ဖော်ပြသွားပါမည်။)
(ဤနေရာကယူပါသည်) http://sawhtoopwe.wordpress.com/2011/09/27/163/
ဂန္ဓလရာဇ်ကထာ() – တရုတ်နိုင်ငံ၏ ပြိုင်စံကင်းမှု
အခန်း()
တရုတ်နိုင်ငံ၏ ပြိုင်စံကင်းမှု
လူ့အဖွဲ့အစည်းများနှင့် နိုင်ငံများသည် သူတို့သည်သာ ကောင်းမွန်ပြည့်စုံရာဟု မှတ်ယူတွေးထင်ကြစမြဲ ဖြစ်သည်။ သူတို့ ဘယ်ကဆင်းသက်လာသည်နှင့်ပတ်သက်ပြီး ပုံပြင်တစ်ပုဒ်ဖြစ်အောင်လည်း မွမ်းမံပြောဆို ကြသည်။ တရုတ်ယဉ်ကျေးမှု၏ အထူးဝိသေသတစ်ရပ်မှာ ဘယ်သို့ဘယ်ပုံ ဆင်းသက်လာသည်ဟူသော နိဒါန်းအစရှိသည်ဟု မထင်ရခြင်းပင်ဖစ်သည်။ သမိုင်းထဲတွင်လည်း တရုတ်နိုင်ငံအကြောင်းကို သာမာန် အမျိုးသားနိုင်ငံတစ်ခုအဖြစ်ထက် တည်မြဲသောသဘာဝတရားဖြစ်စဉ်တစ်ရပ်လို ဖော်ပြခံခဲ့ရသည်။ တရုတ် လူမျိုးများ မြတ်နိုးဂုဏ်ယူလေ့ရှိသော နိုင်ငံထူထောင်ခဲ့သူ ရွှေဝါရောင်ဧကရာဇ်မင်းကြီးအကြောင်း ရာဇ၀င် ပုံပြင်ထဲတွင်ပင် တရုတ်နိုင်ငံသည် ရှေးရှေးတည်းက တည်ရှိနေခဲ့ပြီးဖြစ်သည့်ပမာ ယူဆရသည်။ ဒဏ္ဍာရီထဲတွင် ရွှေဝါရောင်ဧကရာဇ်မင်းကြီး ပေါ်ပေါက်ခဲ့ချိန်မှာပင် တရုတ်ယဉ်ကျေးမှုသည် ကသောင်းကနင်းအဖြစ်သို့ ကျရောက်နေခဲ့သည်။ အားအင်ချည့်နဲ့နေသောအုပ်ချုပ်သူက တရားဥပဒေစိုးမိုးအောင် မထိန်းသိမ်းနိုင်ချိန်မှာ ပြိုင်ဆိုင်နေကြသောမင်းသားများက အချင်းချင်းရော ပြည်သူကိုပါနှိပ်စက်သည်။ ထိုအချိန်မှာပင် စစ်တပ်ကို ကြပ်မတ်လိုက်ပြီး နိုင်ငံတစ်ဝန်း အေးချမ်းအောင်ဆောင်ရွက်ပေးသည့် သူရဲကောင်းအသစ် ပေါ်ထွန်းလာခဲ့သည်။ ထိုသူက အင်ပါယာရှင် ဧကရာဇ်မင်းကြီးအဖြစ် ခံယူသည်။ ရွှေဝါရောင်ကရာဇ်မင်းကြီးသည် နိုင်ငံထူထောင်သူ သူရဲကောင်းအဖြစ် သမိုင်းတွင်ခဲ့သည်။ သို့ရာတွင် နိုင်ငံထူထောင်ပါသည်ဆိုသော ဒဏ္ဍာရီမှာပင် သူက ပြန်လည်ထူထောင်သူမျှသာဖြစ်သည်။ အင်ပါယာနိုင်ငံတစ်ခုကို စတင်စုဖွဲ့ဖန်တီးခဲ့သူမဟုတ်။ တရုတ်တွင် သူ့ကို အဦးအဖျားမှာထားသော်လည်း သမိုင်းအမြင်အရတော့ နိုင်ငံတစ်ခုကိုထူထောင်နိုင်ရန်အတွက် စုဖွဲ့ဖန်တီခြင်းထက် ပြန်လည်မွမ်းမံ အသက်သွင်းခြင်းလိုသည်ဟုသာ ကျော်လွှားဖော်ပြထားသည်။ ထိုသို့ တရုတ်သမိုင်းဆိုင်ရာဝိရောဓိကို ရှေးတရုတ်ပညာရှိ ကွန်ဖြူးရှပ်ထံတွင် ပြန်တွေ့ရသည်။ ကွန်ဖြူးရှပ်သည် တရုတ်ပြည်ကြီးကောင်းစားလျက် ရွှေခေတ်ရောက်စဉ်က ရှိနေခဲ့ပြီး သူ့ခေတ်ရောက်ခါမှ နိုင်ငံရေးဖရိုဖရဲ ဖြစ်မှုများကြောင့်ပျောက်ဆုံးသွားခဲ့သည့် ဟန်ချက်ညီမျှမှုကို ပြန်လည်အားမြှင့်ပေးခဲ့သူသာဖြစ်ကာ အသစ်တည်ထောင်ခဲ့ခြင်းမရှိပါဟု သူ့ကိုယ်သူဖော်ပြသော်လည်း သူ့အား ယဉ်ကျေးမှုထူထောင်သူအဖြစ် ရှုမြင်ကြသည်။
တရုတ်တို့၏ မူလဘူတနှင့်စပ်သော ၀ိရောဓိနှင့်ပတ်သက်၍ ၁၉ ရာစုတွင် လှည့်လည်ခရီးသွားလာခဲ့သူ သာသနာပြုတစ်ဦးဖြစ်သည့် အဘီရဲဂစ်အဲဗာရစ်တ်ဟုခ်ျက တွေ့မြင်မှတ်သားခဲ့သည်မှာ -
တရုတ်ယဉ်ကျေးမှုသည် ရှေးအတီတေတည်းကပင် စတင်ခဲ့သည်ဖြစ်၍ မည်သို့မည်ပုံ စတင်ခဲ့ကြောင်းကို ဖွေရှာလိုစိတ်မှာ အချည်းနှီးဖြစ်ဖို့သာရှိသည်။ နိုင်ငံသားတို့ထံတွင်လည်း မည်သို့နိုင်ငံနုနုအဖြစ် ပေါ်ထွန်းလာခဲ့ကြောင်း သဲလွန်စမတွေ့ရချေ။ ဤသည်မှာ တရုတ်နှင့်ပတ်သက်၍ တစ်မူထူးသည့်အချက်ပေ။ နိုင်ငံများ၏သမိုင်းနှင့်ပတ်သက်လျှင် မည်သို့ပြောင်းလဲလာပုံ အချက်များ၊ သမိုင်းဝင် စာရွက်စာတမ်းများ၊ ဓလေ့ထုံးတမ်းများ၊ မော်ကွန်းဝင်အဆောက်အအုံများတို့ ကျန်ရှိနေပါက ယင်းတို့ကိုအထောက်အထားပြု၍ တစ်ဆင့်ပြီးတစ်ဆင့်ကာက်ယူကာ လူမှုတိုးတက်မှုဖြစ်စဉ်ဖြစ်သည့် မည်သို့ နိုင်ငံအဖြစ်ပေါ်ပေါက် လာသည်ကို တင်ပြနိုင်သည်၊ တိုးတက်ဖွံ့ဖြိုးလာမှုနှင့် ရှေ့ မည်သို့ တက်လှမ်းမည်တို့ကို စောင့်ကြည့်နိုင်သည်။ မည်သို့ နိုင်ငံပျက်စီးကျရှုံးသည်ကိုလည်း တွေ့ရနိုင်သည်။ သို့သော် တရုတ်နိုင်ငံတွင်တော့ ထိုသို့မဟုတ်။ သူတို့သည် ယနေ့နေထိုင်လျက်ရှိသော တိုးတက်မှုမျိုးဖြင့် နေထိုင်ခဲ့ကြပုံရသည်။ ရှေးအတီနေနှင့် စပ်လျဉ်းသော အချက်အလက်တို့မှာလည်း ထိုသို့သော အဓိပ္ပါယ်မျိုးကိုသာ ပေးလေသည်။
ခရစ်တော်မပေါ်မီ ဒုတိယထောင်စုနှစ်အတွင်းမှ ရှန်မင်းဆက်ခေတ်ကာလ၌ တရုတ်အက္ခရာများ စတင် ရေးသားသုံးစွဲကြသည့်အခါ ရှေးဟောင်းအီဂျစ်ယဉ်ကျေးမှုသည် အထွတ်အထိပ်ရောက်နေချိန် ဖြစ်သည်။ စံတော်ဝင်ဂရိမြို့ပြနိုင်ငံများလည်း ပေါ်ထွန်းခဲ့ခြင်းမရှိသေး။ ရောမမြို့ကြီး ပေါ်ပေါက်လာရန် ထောင်စုနှစ် တစ်ခုစာခန့် စောနေသေးသည်။ သို့သော် ထိုစဉ်တည်းကပေါ်ခဲ့သောရှန်အက္ခရာများကို ယနေ့ခေတ်အထိ တရုတ်သန်းပေါင်း တစ်ထောင်ကျော်တို့က ဆက်လက်သုံးစွဲနေဆဲ ဖြစ်သည်။ ယနေ့ခေတ်တရုတ်များသည် ကွန်ဖြူးရှပ်ခေတ်က ရေးသားထားခဲ့သောကမ္ပည်းစာများကို ဖတ်ရှုနားလည်နိုင်ကြသည်။ ခေတ်ပြိုင် တရုတ်စာအုပ်များကိုလည်း ရှေးစစ်ပွဲများနှင့်တရားရုံးများတွင်သုံးနှုန်းခဲ့သော လင်္ကာဆောင်ပုဒ်များဖြင့် တန်ဆာဆင်ရေးဖွဲ့ဆဲ ဖြစ်သည်။
တစ်ချိန်တည်းတွင် တရုတ်သမိုင်းသည်လည်း ပြည်တွင်းစစ်ပွဲများ၊ မင်းမဲ့ကာလများနှင့် ပရမ်းပတာအခြေ အနေများပါရှိခဲ့သည်။ နိုင်ငံတစ်ခါ ပြိုကွဲပျက်စီးရပြီးတိုင်းလည်း တရုတ်ပြည်သည် မဖောက်ပြန်နိုင်သော ဥပဒေသတစ်ရပ်ရှိနေသကဲ့သို့ပင် သူ့နည်းသူ့ဟန်ဖြင့် ပြန်လည်စုစည်း တည်ဆောက်ယူနိုင်ခဲ့သည်။ ထို အခြေအနေမျိုးတိုင်းတွင် အားလုံးကို ပြန်လည်စုစည်းနိုင်မည့်ပုဂ္ဂိုလ်၊ အင်အားစုတစ်ခု အသစ်ပေါ်ပေါက် လာလေ့ရှိသည်။ အထူးသဖြင့် ရွှေဝါရောင်ဧကရာဇ်မင်းကြီးကို သာဓကဆောင်၍ ပုန်ကန်ခြားနားသူများကို နှိမ်နင်းပြီးလျှင် တရုတ်နိုင်ငံကို ပြန်လည်ညီညွတ်စေသည်။ (ရံဖန်ရံခါတွင် နယ်နိမိတ်ကိုပင် တိုးချဲ့နိုင်ခဲ့သည်။) ၁၄ ရာစုတွင်ရေးသားခဲ့ကာ တရုတ်တို့ ရာစုပေါင်းများစွာတန်ဖိုးထားခဲ့သော (မော်စီတုန်းကိုယ်တိုင်လည်း သူ၏ လူငယ်ဘ၀တွင် စွဲလမ်းစွာဖြင့် စူးစူးစိုက်စိုက်ဖတ်ရှုခဲ့သည်ဟုဆိုသည့်) “မင်းနိုင်ငံသုံးခု၏ လွမ်းဇာတ်မော်ကွန်းဝတ္ထုရှည်ကြီး၏အဖွင့်တွင် ထိုသို့ စည်းဝါးမှန်မှန် ဖြစ်ပျက်လျက်ရှိသောအစီအစဉ်ကြီးအား  “ဧကရာဇ်နိုင်ငံတော်သည် ကြာရှည်စွာ ပြိုကွဲနေခဲ့လျှင် ပြန်စည်းလုံးရမည်သာတည်း၊ ကြာမြင့်စွာ စည်းလုံးခဲ့သည်ရှိသော် ပြိုကွဲရမည်တည်း။ ထိုသို့သော အခြင်းအရာသည် ဖြစ်ပျက်မြဲသဘောပင်တည်းဟူ၍ ဖော်ကျူးထားခဲ့သည်။ စည်းလုံးညီညွတ်မှု မရှိသောကာလတိုင်းသည် ယာယီသဘောဟူ၍သာ ရှုမြင်ခဲ့ကြသည်။ မင်းဆက်အသစ်တိုင်းသည် ဆက်လက်အုပ်ချုပ်နိုင်ရေးအတွက် ယခင်မင်းဆက်၏ အုပ်ချုပ်မှုစည်းမျဉ်းများကို ပြန်လည်ယူငင်ခဲ့ကြသည်။ ကာလအပိုင်းအခြားအလိုက်ရောက်ရှိလာသော ဘေးဒုက္ခများ၏တိုက်စားခြင်းကို ခံခဲ့ရသည့်ကြားမှပင် တရုတ်ယဉ်ကျေးမှု၏အခြေခံကျသော ယင်းလက်ခံထင်မြင်ပုံသည် ခိုင်မာစွဲမြဲနေခဲ့သည်။
ဘီစီ ၂၂၁ ခုနှစ်တွင် တရုတ်ပြည် ပြန်လည်စုစည်းမှုပြုသည့် သြဇာတိက္ကမကြီမားသော အဖြစ်အပျက်မတိုင်မီတွင် ထောင်စုနှစ် တစ်ခုခန့်စာမျှရှည်ကြာသည့် မင်းအဆက်ဆက်အုပ်ချုပ်သော ကာလတစ်ခုရှိခဲ့သည်။ ထိုအချိန်အတွင်းက လွတ်လပ်မှုနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိခြင်းတို့ကြောင့် နယ်မြေများအစိတ်စိတ်ကွဲကာ မြေပိုင်ရှင်စနစ်ဖြင့်အုပ်ချုပ်သည့်အခြေအနေသို့ တဖြည်းဖြည်း အဆင့်လျှောကျရောက်ရှိခဲ့သည်။ ထိုမှ (ကွဲထွက်မှုများ) အထွတ်အထိပ်သို့ရောက်ရှိခဲ့ပြီး ဘီစီ ၄၇၅ မှ ၂၂၁ အထိ နှစ်ရာခုခွဲခန့် ကာလအတွင်း နိုင်ငံငယ်များအကြား စစ်မက်များဖြစ်ပွားခဲ့ကာ သမိုင်းတွင်သည့် ၀ရုန်းသုန်းကားအခြေအနေသို့ ရောက်ရှိခဲ့ရ သည်။ ဥရောပနိုင်ငံများအတွက် ထိုသို့သောကာလမျိုးမှာ ၀က်စ်ဖေးလီးယားစာချုပ်ကို ချုပ်ဆိုသည့် ၁၆၄၈ ခုနှစ်နှင့် ဒုတိယကမ္ဘာစစ် ပြီးငြိမ်းသည့်အထိဖြစ်သည်။ ၁၆၄၈ ၀က်စ်ဖေးလီးယားစာချုပ် ချုပ်ဆိုသည့်နှစ်နှင့် ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်တို့သည် ဥရောပနိုင်ငံများမှ ဒေသန္တရအုပ်ချုပ်မှု၏ ပါဝါချိန်ခွင်ညှာညှိရေးဟူသော အခြေခံမူဘောင်အတွင်း၌ ကြီးစိုးလွှမ်းမိုးနိုင်ရေး အတွက် အပြင်းအထန်ကြိုးစားခဲ့ကြသည့်ကာလပင် ဖြစ်သည်။ အစိတ်စိတ်အမွှာမွှာကွဲရခြင်း၏ နောက်ဆက်တွဲဖြစ်ပြီး ရံဖန်ရံခါတွင် နှစ်ပေါင်းရာချီကြာမြင့်တတ်သော ပြန်လည်ညီညွတ်ရေး သံသရာကြီးထဲသို့ ဘီစီ ၂၂၁ ခုနှစ်နောက်ပိုင်းတွင် ပြန်လည်ရောက်ရှိကာ တရုတ်နိုင်ငံသည် ဧကရာဇ်နိုင်ငံ၏ ထုံးစံနှင့်ညီညွတ်မှုကို ပြန်လည်ထိန်းသိမ်းထားနိုင်ခဲ့သည်။
နိုင်ငံတစ်ခုပိုကွဲပြီဆိုလျှင် နယ်ပယ်ပိုင်နက်ငယ်အသီးသီး၌ စစ်ပွဲများ ပြင်းထန်စွာတိုက်ခိုက်ကြသည်။ အေဒီ ၂၂၀ မှ ၈၀ ခုနှစ်အထိကာလဖြစ်သည့် မင်းနိုင်ငံသုံးခု ခေတ်ကာလအတွင်းတွင် တရုတ်နိုင်ငံ၏လူဦးရေသည် သန်း ၅၀ မှ ၁၀ သန်းအထိ ကျဆင်းခဲ့ရသည်ဟု မော်စီတုန်းက တစ်ချိန်က ပြောဆိုခဲ့ဖူးသည်။ ၂၀ ရာစုအတွင်းရှိ ကမ္ဘာစစ်နှစ်ခု၌ ရန်စောင်နေကြသော အုပ်စုများအကြားတွင်ဖြစ်ပွားသောပဋိပက္ခသည် အလားတူ ပြင်းထန်သောသွေးစွန်းခြင်းကို ဖြစ်စေခဲ့လေသည်။
တရုတ်တို့၏ ယဉ်ကျေးမှုထွန်းကားရာနယ်ပယ်သည် ကမ္ဘာ့ကုန်းမြေတိုက်ငယ် မြေပြင်တစ်ခုလုံးနီးပါး ဖြန့်ကျက်နိုင်ခဲ့သည်ဖြစ်ရာ ဥရောပနိုင်ငံများထက် ကြီးမားသည်။ အမှန်အားဖြင့် ဥရောပတိုက်အရွယ်ခန့်ပင် ရှိသည်။ တရုတ်ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဧကရာဇ်အမိန့်စာချွန်သည် ရှိသမျှသောကုန်းမြေပြင်အနှံ့သို့ ဖြန့်ကျက်ရောက်ရှိခဲ့သည်။ ကုန်းမြေမတ်စောက်ပြီး ထင်းရှုးတောများရှိသည့်ဆာဗီးယားသို့ မြောက်ဘက်မှ အပူသမပိုင်းတောနက်ကြီးများနှင့် စပါးခင်းများဖြန့်ကျက်ထားသည့်တောင်ဘက်ပိုင်းသို့ အရိပ်ထိုးအုပ်မိုးခဲ့သည်။ တူးမြောင်းများ၊ ဆိပ်ကမ်းများ၊ တံငါရွာကလေးများနှင့် အရှေ့ဘက်ကမ်းခြေမှ အလယ်အာရှ လွင်တီးခေါင်ကန္တာရများနှင့် ဟိမ၀န္တာတောင်တန်းကြီးကာဆီးထားသည့် ရေခဲလွှမ်းတောင်ပေါ်ဒေသများလည်း မချန်။ ထိုသို့ပမာဏရှိပြီး အသွေးအရောင်စုံလင်သော နယ်မြေပိုင်နက်ကြီးက တရုတ်တို့၏စိတ်အာရုံတွင် သူတို့သည်သာတစ်ကမ္ဘာဟု ထင်မှတ်လာအောင် ပြုပေးခဲ့သည်။ ထိုသို့သော အကြောင်းများကြောင့် လောကတွာံဓမ္မတာအရ မင်းဧကရာဇ်တို့၏ သိမှတ်နားလည်မှုထဲတွင် သူတို့သည် တစ်မိုးအောက်ရှိရှိသမျှကို (တရုတ်ဘာသာဖြင့် ထျန်းရှား) ကို အပိုင်စားရသည်ဟု ထင်မြင်လာလေသည်။
စောထူးပွယ်

0 comments:

Post a Comment