Saturday, December 31, 2011

သဘင်ဂီတမှ အင်တာနက်သို့(ဘိုဘိုလန်းစင်)

0 comments

သဘင်ဂီတမှ အင်တာနက်သို့(ဘိုဘိုလန်းစင်)၁၃၇၃ စာဆိုတော်ရာသီက လန်ဒန်တောင်ဘက်ကမ်းတက္ကသိုလ်ကျောင်းတိုက်တွင်ကျင်းပသော စာဆိုတော်နေ့၌ မြန်မာသတင်းမီဒီယာသမိုင်းအကြောင်း သဘင်ဂီတမှ အင်တာနက်သို့ ဟောပြောချက်ကို ဆီလျော်အောင် ပြန်ရေးသည်။ မြန်မာမီဒီယာရေစီ--မီဒီယာဆိုဒါစကားလုံးကြီးမို့ ဘာမှတော့မဟုတ်ပါ ဘူး။ လူတွေကြား ပြန့်ပွားစေလိုတာကို ရောက်အောင်ဖြန့်ချိဒါပါဘဲ။ ရှေးကတော့ ဗမာပြည်မှာ ဇာတ်အငြိမ့်တွေပဲရှိတော့ သူတို့ကနေ အထက်ပုဂ္ဂိုလ်များဆီရောက်စေလိုဒါ၊ ပြည်သူကြား အာဏာပိုင်တွေသိစေ ထင်စေချင်ဒါတွေကို ဝင်သွားအောင်ဖြန့်ပေးကြရတယ်။ နေပြည်တော်က ဟစ်တိုင်ဆိုဒါတွေ လူတိုင်းမရောက်နိုင်ယင် ရှင်ဘုရင်ဆီ ရွှေနားတော်ကြားအောင် လူပြက်တွေက ပြက်ပေးရတယ်။ အစိမ်းအုပ်နဲ့ထွန်းပေါ်တစ်လစ်တွေဟာ ထင်လျား တဲ့သာဓကတွေဘဲ။ ဒီလိုပဲ ဘုရင်မိဘုရားကို မီဒီယာသမားသဘင်သယ်များက ရွှေဘဝင်စိမ့်အောင် အမွှန်း တင်မြှောက်ပင့်ပေးပီး အသပြာထောင်ထုပ်ကို မျှော်စားကြရဒါလဲရှိတာဘဲ။ သီပေါခေတ်က စုဘုရားလတ်ကို ဖားတဲ့ပြက်လုံးတခုကတော့ ဆိုင်းမှာဘယ်ဒင်း အခရာကျဆုံးလဲ၊ ပတ်မကြီးပါဘုရားဆိုဒါဘဲ။ မိဘုရားကလဲ ဒါမျိုးဆို တယ်နှလုံးတွေ့သကိုး။ အာဏာရှင်ကိုဖျော်ဖြေချော့တဲ့မီဒီယာအလုပ်က ခုထိလဲ မတိမ်ကောပါဘူး။ မီဒီယာဟာ ပြည်သူ့အကျိုးဦးထိပ်ထားရတာမို့ ပြည်သူထဲမှာထိပ်ဆုံးကလူတွေကို ပိုထိပ်ထားကောင်းတယ် မဟုတ်လား။ ပြည်သူ့ဆန္ဒဆိုဒါကိုများများဖြူးပေးယင် လူကြိုက်တာပဲ။


အဲဒိခေတ်က မီဒီယာကို သဘင်ဝန်ခေါ်တဲ့စိစစ်ရေးနဲ့ထိန်းတယ်။ ရာဇဂိုဏ်း၊ ဓမ္မဂိုဏ်းမလွတ်တာများပြက် မယ်ဆိုယင် အဲဒိသဘင်သမားကို အာဖဲ့ပစ်နိုင်တယ်၊ လက်ဖြတ်လျှာဖြတ်ဆိုသလို ပြင်းပြင်းကွပ်ညှပ်နိုင် တယ်။ တာကြောင့် မီဒီယာကိုအုပ်မိသူမှ အာဏာကိုပိုင်ပိုင်နိုင်နိုင်ရှိ တယ်။ အာဏာရှိသူတိုင်းလဲ မီဒီယာဆို ဒါတွေကို နဲနဲမှ လွှတ်မထားကြဘူး။
မင်းတုန်းဘုရင်ခေတ်က အောက်ပြည်က အင်္ဂလိပ်ပိုင်သတင်းစာတွေကိုတန်ပြန်ဘို့ မန္တလေးဂေဇက်ကြီး ထုတ်ရတယ်မလား။ ဒီသတင်းစာကို ဘယ်လိုအခွင့်အရေးတွေပေးတယ်ဆိုပေသည့် တကယ်တမ်းတော့ မည်ကာမတ္တ ဘုရင်သတင်းစာပဲဖြစ်လာဒါပါ။ နိုင်ငံရေးပုံစံမှာ အကြွင်းမဲ့အာဏာရှင်စနစ်ကို တပြားဘိုးမှ အပွန်းမခံဘဲနဲ့ လူကြည်ညိုရုံလွတ်လပ်ခွင့်တွေပေးတာဟာ ဝါဒဖြန့်မှန်း ခုခေတ်လူတွေ ကြပ်ကြပ်မှတ်သင့် တယ်။
နောက် ကုလားမင်းလက်ထက်ကျပြန်တော့လဲ မြန်မာအဆွေ၊ ဟံသာဝတီစတဲ့ အင်္ဂလိပ်နဲ့ အလိုတော်ရိများ ထုတ်ဝေနေတဲ့သတင်းစာတွေ (အပတ်စဉ်ထုတ်) ရဲ့ဝါဒမှိုင်းကိုတိုက်ဖျက်ဘို့ သူရိယ၊ မြန်မာ့အလင်းစတဲ့ ဘိုစာတတ် လူလတ်တန်းစားတွေပိုင် မီဒီယာတွေပေါ်လာတယ်။ ဒီလူတွေဟာ နိုင်ငံရပ်ခြားမှာထုတ်ဝေ လုပ်ကိုင်နေတဲ့သတင်းစာတွေကိုဖတ်ရှုအားကျပီး မြန်မာတွေအလင်းရဘို့ သတင်းစာတွေထုတ်ကြတာပဲ။ ဂျပန်ပြန်ဦးဥတ္တမ၊ ဝတ်လုံဦးပု (ဘိလပ် ဗမာအသင်းဥက္ကဋ္ဌဟောင်း) ဝိုင်အမ်ဘီအေ ဦးဘဘေ၊ စက်သူဌေး (ဆာ)ဦးသွင်စတဲ့ နိုင်ငံရေး လူမှုရေး ကုန်သွယ်စီးပွားပိုင်းက မျက်နှာဖုံးတွေ၊ အစိုးရအရာရှိကြီးတွေက နောက်ကနေ ဒီသတင်းစာတွေကို လူအားငွေအားနဲ့ထောက်မနေကြလို့သာ ဒီတိုက်တွေအမြန်ကြီးပွားလာဒါ  ဘဲ။ ရွပ်ရွပ်ချွန်ချွန်နဲ့သတ္တိလဲမသေးကြ။ ဒါမို့ ပြည်နှင်ဒဏ်၊ အာမခံဆိုတာတွေ မကြာမကြာထိခဲ့တယ်။ ယစ်မျိုး မင်းကြီး ရွှေဇံအောင်က လောဂျစ်ကို တက္ကဒီပနီအဖြစ်ဘာသာပြန်ပေးသလို ဆရာလွန်း၊ ဆရာမောင်ကြီး၊ ရွှေဥဒေါင်း၊ ပီမိုးနင်းစတဲ့ ရှေးဟောင်းခေတ်သစ်ပညာတတ်စာရေးဆရာပညာယှိတွေက ဋီကာတွေ၊ ရှိတ်စပီး ယားနဲ့ ရှားလော့ဟုမ်းဘာသာပြန်တွေရေးပေးကြတော့ ဘုရားစာတရားစာ၊ ရှေးဟောင်းစာနဲ့ နိုင်ငံခြား သတင်းလောက်သာဖတ်နေကျ ဗမာသတင်းစာကြည့်ပရိသတ်မှာ မျက်စိအပုံကြီးပွင့်လာကြတယ်။ အီဂျစ်၊ တူရကီ၊ တရုတ်၊ အိန္ဒိယစတဲ့ ဘဝတူကိုလိုနီနဲ့ ကိုလိုနီတပိုင်းတိုင်းပြည်တွေက နိုင်ငံရေး လူမှုရေး တိုးတက် မှုတွေကိုဆန်းစစ်ပြတဲ့ဆောင်းပါးတွေ၊ သဘာဝဝန်းကျင်ထိန်းသိမ်းရေးလို ခုခေတ်မှာ တွင်ကျယ်လာတဲ့ အရေးကိစ္စမျိုးaဆွးနွေးတဲ့ခေါင်းကြီးတွေလဲ ဟိုနှစ်တရာက မီဒီယာတွေမှာပါနေကျဖြစ်တယ်။
”..အမျိုးသားတို့သိလျှင် ကျေးဇူးများလောက်သောသတင်း၊ လယ်ယာလုပ်ကိုင်ရေး အကြောင်းအရာဟူသမျှ တို့ကို ကမ္ဘာပေါ်တွင် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသောသတင်းစာနှင့်စာအုပ်အမျိုးမျိုးတို့မှထုတ်ယူ၍၊ မြန်မာဘာသာဖြင့် သာယာပြေပြစ်စွာပြန်ဆိုပြီးလျှင် ဂျပန်နိုင်ငံမှာကဲ့သို့ သတင်းစာ ထုတ်ဝေခြင်းဖြစ်ကြောင်း.” (ဤသတင်းစာထုတ်ဝေခြင်းအကြောင်း၊ သူရိယသတင်းစာ၊ ၁၉၁၁ ဇူလိုင် )
ဒီသတင်းစာမျိုးတွေကိုဖတ်တဲ့မိသားစုတွေကပေါက်ဘွားတဲ့ အမျိုးကောင်းသားသမီးတွေကပဲ ဘမာပြည် လွတ်လပ်ကြီးပွားရေးကို နောက်အနှစ် ၂၀ လောက်မှာ ကြံဆောင်ကြပေတယ်။
သို့လင့်ကစား ဒီသတင်းစာတွေဟာလဲ အမျိုးသားဓနရှင်နိုင်ငံရေးလောကကိုကိုယ်စားပြုတာမို့ သူတို့အသံကို ထွက်ပေးကြရတာပါ။ ဒီတိုက်ကြီးတွေမှာ နိုင်ငံရေးခေတ်မီနိုးကြားတဲ့ ခေါင်းကြီးဦးထွန်းဖေ၊ ဦးချစ်မောင်တို့ လိုလူတော်တွေရောက်လာမှသာ လူငယ်ကျောင်းသားသခင်တွေရဲ့လှုပ်ရှားမှုတွေကို အရေးသွင်းဘော်ပြ တာပါ။ တာမှ သူတို့ကို တိုင်းပြေကပိုသိလာ လူထုကြားမှာလဲ ပိုတက်ကြွလာကြတာပါ။ တာကြောင့် နိုင်ငံရေးစင်ထောင်ချင်သူများ မီဒီယာလက်ကိုင် သတင်းထောက်ကောင်းလက်ကိုင်ရှာကြတာ၊ လူကြားထဲ ရုပ်ထွက်အောင်ကြော်ငြာကြရတာ ခုခေတ် ပီအာရ်လို့လူမသိခင် ပဝေသဏီထဲက သတင်းစာတွေအလုပ် ပါပဲ။ နောက်ပီး ဂျပန်ငွေယူပီး အင်္ဂလိပ်ကိုဖီဆန်တဲ့တိုက်တွေလဲရှိတယ်လို့ စစ်မဖြစ်ခင်ရန်ကုန်မှာနေခဲ့တဲ့ အမေရိကန်ပညာရှင် ဂျွန်ခရစ္စယံက ဆိုတယ်။
နောက် ၁၉၄၈ ပြည်တွင်းစစ်စတော့လဲ အာဏာရနဲ့သူပုန်အနွယ်များ အပြန်အလှန် မီဒီယာစစ်ဆင်ကြတာပဲ။ တိုက်တွေမှာ ခင်ရာနွယ်ရာလိုက်ပီး ပင်းကြပို့ကြတာပါ။ လက်ဟောင်းမန်မာ့အလင်းလို လက်ျာသတင်းစာ ကြီးမျိုးကတော့ တိုက်အုပ်ဦးတင် ဖဆပလလူကြီး ဝန်ကြီးဖြစ်ချိန်ဆိုတော့ သတင်းစာဆောင်းပါးရှင်ဟောင်း ဦးနုကိုထောက်ခံ၊ လက်ဝဲလက်ျာရန်စွယ်တွေကိုထိုးနှက်တဲ့ ခွေးကာလုပ်ပေးပါတယ်။ အရှေ့အနောက် တိုင်းပြည်တွေငွေနဲ့ထုတ်တဲ့ တိုက်တွေလဲမနည်းပါဘဲ။ အစိုးရပိုင်ဗမာ့အသံကြီးက ရွှေမောင်းသံအခန်းမျိုး ဟာဆို ဝါဒဖြန့်မို့ လူတွေသိပ်မုန်းကြတယ်လို့ဆိုတယ်။ အဆိုတော် မမေရှင်ရဲ့ ကျေးစေတမန်ဟာ ပြောင်မြောက်တဲ့ စစ်ဝါဒဖြန့်သီချင်းမဟုတ်လား။
ပီးတော့ ကျားမတန်းတူရေး၊ ဆိုရှယ်လစ်ပြည်တော်သာထူထောင်ရေး၊ တနှစ်အတွင်းငြိမ်းချမ်းရေး၊ ဓမ္မန္တရာယ်ဆန့်ကျင်ရေးစတဲ့ အာဏာပိုင်ဘက်ကဝါဒဖြန့်စစ်မျက်နှာ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နယ်ချဲ့ ကျူးကျော်မှုဆန့်ကျင်ရေး၊ အမေရိကန်လွှမ်းမိုးမှုတားဆီးရေးစတဲ့ အတိုက်အခံဝါဒဖြန့်စာစိတ်ဓာတ်တိုက် ပွဲတွေဟာ စစ်အေးကြီးနောက်ခံနဲ့ ၁၉၈၀ နှစ်များတွေထိ နွှဲခဲ့ကြတာပါ။ ၈၈ နောက်ပိုင်းမှာတော့ ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စု၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားရေးစတဲ့ လေလုံးတွေ ပဲပြောင်းသွားတယ်။
မီဒီယာကို ချုပ်ကိုင်လိုသူတွေက သူတို့မြင်စေချင်တဲ့ပုံရိပ်ကို လူတွေခေါင်းထဲဝင်အောင်ထဲ့ပီး သြဇာ ထူထောင်ကြမှာက လောကတံထွာဓမ္မတာပေပဲ။
ရေးတာက (ဘိုဘိုလန်းစင်)
ယူတာက ဒီနေရာက http://bobolansin.wordpress.com/2011/12/25/သဘင်ဂီတမှ-အင်တာနက်သို့/#more-1199

Thursday, December 29, 2011

သခင်သန်းထွန်း-အနီကိုလေ့လာကြည့်ရှူချက်(ဒဂုန်တာရာ)

0 comments

(၂၀၁၁ သြဂုတ်လတွင် ကျရောက်သော ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဌ သခင်သန်းထွန်း(၁၉၁၁-၂၀၁၁) ရဲ့ မွေးနေ့ရာပြည့်အထိမ်းအမှတ်အဖြစ် မာယာမဂ္ဂဇင်းက ဂါရဝပြုဖော်ပြခြင်း ဖြစ်ပါတယ်) (၁)လူငယ်လည်း ဖြစ်ရမည်၊ အဝတ်အစား ခပ်စုတ်စုတ်ခပ်နွမ်းနွမ်းနှင့်၊(ဒါမှပစ္စည်းမဲ့သရုပ်ပေါ်ပေမည်ကိုး) မော်တော်ကားခန့်ခန့်၊ ဆိုဖာ၊ အိုက်စကရင်နှင့်ကိတ်မုန့်၊ စန္ဒယားစသည်တို့နှင့် မနီးစပ်ရ။ (တောအောင်းနေနိုင်က ပိုကောင်းမည်)အကြမ်းပတမ်း လက်နက် ကိုင်ထကြွမှုကိုလိုလားသူ။ ယေဘူယျလူအများက ကွန်မြူနစ်ဆိုလျှင် ဤသို့ ဘဲဟု အောက်မေ့လျက် ရှိကြသည်။

ကွန်မြူနစ်ဆိုသူမှာလည်း စင်စစ်၊ သွေးနှင့် သားနှင့်ပြုလုပ်ထားသော သတ္တဗေဒအကောင်အထည် လူပင်ဖြစ်ပါသည်။ လူ ဆိုသည်မှာ တဏှာပေမကိုမပယ်နိုင်သူ၊ ဆန့်ကျင်ဘက်လိင်ကိုတောင့်တသော သွေးစိတ်သားစိတ်၊ မိမိသာလျှင်တွင်ကျယ်ချင်သော အတ္တစိတ်၊ တခါတရံ အမှောင်ကဲ့သို့မိုက်မဲတတ်သော မောဟစိတ် စသည်တို့နှင့်ပြည့်စုံသောလူပင် ဖြစ်သည်။ အဘိဓမ္မာဆရာကြီး ဒေါက်တာဂျုတ်ပြောသကဲ့သို့ 'လူသည် မိမိသာလူတွင်ကျယ်ဖြစ်ကြောင်း ပြလိုသည်'ဆိုသော လူပင်ဖြစ်သည်။ လူဆိုသည်မှာ ဘယ်သူပဲဖြစ်ဖြစ်၊ အတူတူချည်းပဲဖြစ်သည်။


 သို့သော်၊ သို့သော်…. လူတွေထဲမှာဘဲ လူညံ့၊ လူတော်၊ ပညာတတ်၊ ပညာမဲ့ စသော အသွေးအရောင်ကွဲပြား ခြားနားတာတွေကား ရောထွေးရှက်လိမ်လျက်ရှိနေပေသည်။

ကျွန်တော့် အဖို့ရာကား၊ မိုက်မဲတတ်၊ လိမ္မာတတ်၊ ညံ့တတ်၊ တော်တတ်သောလူများကိုသာ တွေ့မြင်နေသည်။ သည်အထဲ ကွန်မြူနစ်ဆိုသူလည်း လူ၊ အခြားသူတွေလည်း လူပင်မဟုတ်လော။ ဒါကိုဘဲ မြင်သည်။

သို့ရာတွင်၊ ကွန်မြူနစ်ဆိုသူသည်ကား တခုကို ယုံကြည်ကိုးကွယ်သူဖြစ်သည်။ ကွန်မြူနစ်ဝါဒကို ကိုးကွယ်ယုံကြည်နိုင်ရန် လူ့အတ္ထုပ္ပတ္တိ ရာဇဝင်၊ လူ့အတွေးအခေါ် အဘိဓမ္မာ၊ လူ့နေမှုထိုင်မှု နိုင်ငံရေး ဘောဂဗေဒစသည်တို့ကို ကမ္ဘာဦးရာဇဝင်ပေါ်စမှ ယနေ့ အနုမြူခေတ်အထိ အဖြစ်အပျက်များကို သိရှိ နားလည်ရပေမည်။

ကွန်မြူနစ်ဝါဒကို ကားလ်မာက်စ်က ဖော်စပ်ခဲ့၏။ ကားလ်မာက်စ်သည် အင်္ဂလိပ်နိုင် ငံရေး ဘောဂဗေဒပညာ၊ ပြင်သစ်တော်လှန်ရေး နိသျှပညာ၊ ဂျာမန် ရုပ်ပိုင်းအဘိဓမ္မာ စသည်များကို သူ့အမြင်ဖြင့်ပေါင်းစပ်၍ ကွန်မြူနစ်ဝါဒဆိုတာကို ဖော်ပေးလိုက်ခြင်း ဖြစ်သည်။ သူ့ အရင်ခေတ်ကလည်း လူ့အဖြစ်အပျက်များကိုမှီး၍ အတွေးအမြင်များရှိခဲ့ပေမည်။ သို့သော် သူက အားလုံးကိုရှာဖွေစူးစမ်းကာ ယထာဘူတ စနစ်တကျသိပ္ပံပညာရပ်အဖြစ် ပြုလုပ်လိုက်ခြင်းပင်ဖြစ်သည်။

 နောက် လီနင်က မာက့်စ်၏ ဝါဒကိုလေ့လာကာ တဖန်စူးစမ်းပြီး လက်တွေ့လုပ်လိုက်၏။ ရုရှားပြည်ကြီးကို ဆိုရှယ်လစ်နိုင်ငံတော် အဖြစ် တည်ထောင်လိုက်၏။ သူ၏နိသျှကိုကြည့်ရှုဆင်ခြင်ပြီး လီနင်ဝါဒဟု ခေါ်ကြ၏။ နောက်တဖန် စတာလင်က ဆိုရှယ်လစ်နိုင်ငံတော်တည်တံ့ခိုင်မြဲအောင် လက်တွေ့လုပ်ကိုင်၏။ ထိုနည်းကိုပင် 'စတာလင်ဝါဒ' ဟု ခေါ်စပြုပေပြီ။

 ကမ္ဘာဦး သမတခေတ်က အနုမြူခေတ်အထိ၊ လူ့နေထိုင်မှုစသည်တို့၏ အဖြစ်အပျက်များ၊ ပြောင်းလဲလာခြင်းများကို စနစ်ကျကျမှန်ကန်စွာလေ့လာရှုကြည့်ပြီးမှ ရှေ့ကိုဘယ်လို နည်းဖြင့်ဘယ်လိုလုပ်လျှင် ဘယ်လိုခေတ်ကိုရောက်မည်ဟု ကြံဆတွေးခေါ်ကာ ယုံကြည်ချက်အတိုင်း လုပ်ခြင်းသည် ကွန်မြူနစ်ဖြစ်လေသည်။

 လောကတွင် ထမင်းရက်ချန်စားနေရသူနှင့်ဧည့်သည်များဖိတ်၍ နေ့လည်စားပွဲဖြင့် တည်ခင်းကျွေးမွေးနေနိုင်သူ၊ လက်ထဲတွင် နှစ်ပြားမျှပြည့်အောင်မရှိသူနှင့်အပိုရွှေဒင်္ဂါး ကုဋေတရာကို ဘဏ်တွင်အပ်ထားသူစသဖြင့် ကွာလှမ်းလှသောအဆင့်အတန်းကို အဘယ်ပုံ သမအောင်လုပ်မည်လဲ။ လောကဓါတ်ပညာထွန်းကားနေသည့်အကျိုးကို လူတိုင်းခံစားနိုင်အောင် အဘယ်ပုံလုပ်မည်လဲစသော လူ့လောကကြီးဝယ် မညီမျှမှု၊ အလွန်တရာကွာလှမ်းမှုတို့ကို ဖြေစွမ်းနိုင် မည့် အဖြေကိုရှာသူတို့သည် ကွန်မြူနစ်နိသျှနှင့် သွားတွေ့ကြပေသည်။

 ဥပမာ-တိုင်းပြည်တွင် လူ ၁၀၀ ရှိသည်ဆိုကြပါစို့။ ထိုပြည်၏ တနေ့ဝင်ငွေသည် ၁၀၀ ကျပ် ဆိုကြပါစို့။ လူ ၁၀ ယောက်မှာ ဓနရှင်များဖြစ် ၍ သူ၏အလုပ်သမား လယ်သမားများကိုလုပ်ခိုင်းရာမှ ၈၀ ကျပ် ရ၏။ (ပျမ်းမျှကြေး တဦးလျှင် ၈ ကျပ်) ကျန် လူ ၉၀ ၏ ဝင်ငွေမှာ ၂၀ ကျပ် ဖြစ်ပေမည်။ (ပျမ်းမျှကြေး ၄ ပဲ ဖြစ်၏) ဤကဲ့သို့ မညီမျှသော ဂ ကျပ်နှင့် ၄ ပဲကို အဘယ်ပုံသမအောင်လုပ်မည်လဲ။ လူ ၁၀၀ လုံး အလုပ်လုပ်၍ ဝင်ငွေ ၁၀၀ ရသည် ဆိုလျှင်၊ တဦးလျှင် ပျမ်းမျှကြေး ၁ ကျပ် ရကြပေမည်။ အကြမ်းအားဖြင့် ဤသဘောသို့ရောက်အောင် ကျိုးစားသူသည် ဆိုရှယ်လစ်ဘောဂဗေဒသဘောကို ယုံကြည်နိုင်ပေမည်။

ဆိုရှယ်လစ်နှင့်ကွန်မြူနစ်မှာ ပဌမအဆင့်နှင့်ဒုတိယအဆင့် ဖြစ်လေသည်။ ဖူးပြီးမှ သီးပွင့်ရသကဲ့သို့၊ ၁ ပြီးမှ ၂ လာရသကဲ့သို့၊ ဆိုရှယ်လစ်ခေတ်မှ ကွန်မြူနစ်ခေတ်သို့ကူးမြောက်ရပေမည်။

တန်းတူညီမျှခြင်းကား မဖြစ်နိုင်ပေ။ လီနင်ကလည်း ဤသို့ပြောခဲ့ပေသည်။ တခါက အင်္ဂလိပ် အဘိဓမ္မာဆရာကြီးတဦးက ပြောခဲ့ပေသည်။ 'ဆိုရှယ်လစ်လုပ်ခြင်းဆိုသည်မှာ မညီမညာရှိနေတဲ့မြေပြင်ကို ညှိပေးရတာပဲ။ တောင်ကမူစာကလေးကို နဲနဲနှိမ့်ဖြိုချ၊ ချိုင့်ဝှမ်းကို မြေနဲ့ဖို့တင်၊ အဲဒါပါပဲ။ တပြေးညီနေအောင်လုပ်တာ မဟုတ်ပါဘူး'

သူပြောသကဲ့ သို့ပင် ကမ္ဘာရှိ လူ့နေမှုထိုင်မှုစနစ်ကြီးကို သမအောင်ညီအောင်ညှိပေးခြင်းသည် ဆိုရှယ်လစ်လုပ်ခြင်းပင် ဖြစ်ပေသည်။

 ဆိုဗီယက်ရှိ ကွန်မြူနစ်ဆောင်ပုဒ်တခုမှာ "သူ့ထံမှ သူ့အရည်အချင်းအလျောက် အလုပ်ကို ရ၍၊ သူလိုတာ(နေမှုထိုင်မှု)ကို သူ့အားပေးရမည်" ဟု ဖြစ်သည်။ အချုပ်မှာ လူတိုင်း အလုပ်လုပ်ရ၍၊ လုပ်သလောက် စားရပေမည်။ တံမြက်စည်းလှဲတတ်သူကလည်း လမ်းအမှိုက်ရှင်းလင်းပေး၍၊ ဆရာဝန် ကလည်း ပြည်သူအတွက်ဆေးစပ်ပေးပြီး နှစ်ယောက်စလုံး ဝဝလင်လင် စားနိုင်နေနိုင်သော နေမှုထိုင်မှု ကို ရရှိကြပေသည်။

 ဤကား အကြမ်းအားဖြင့် ဆိုရှယ်လစ်၊ ကွန်မြူနစ်သဘောများဖြစ်၏။ ကွန်မြူနစ်ဝါဒ ၏ အနုပဋိလောမ၊ ရုပ်ပိုင်းရာဇဝင်၊ ရုပ်ဝါဒစသော သဘောတရာများ ရှိသေး၏။ ဤအတွေးအခေါ်များကို- သိရှိနားလည်ယုံကြည်နိုင်ရန်၊ လူ့ရာဇဝင်၊ အဘိဓမ္မာ၊ ဘောဂဗေဒစသော ပညာအခြေခံများ ရှိရပေမည်။ ဤအခြေခံရဘို့ တော်တော်တတ်သိနားလည်ရပေမည်။

 ထို့ကြောင့်ပင်၊ အထက်တန်းပညာတတ်သူများသည် အများအားဖြင့်ကွန်မြူနစ်ဆံကြပေ၏။ တက္ကသိုလ်မှ ကမ္ဘာကျော် ပါမောက္ခများ၊ စာရေးဆရာကြီးများသည် ကွန်မြူနစ်ဆံကြပေ၏။

 ကျွန်တော့်အဘို့ရာကား ကွန်မြူနစ် ဆိုလျှင် အစကဖော်ပြသကဲ့သို့သူများကို မမြင်ဘဲ၊ တကယ့်ပညာတတ်များကို မြင်နေ၏။ သခင် သန်းထွန်းဆိုလျှင် ပညာတတ်အဖြစ်သာ မြင်နေမိ၏။ 


(၂)သခင်သန်းထွန်းကို လူချင်းမသိမီကတည်းက အမည်ကို ကြားဘူးနေ၏။ ကိုဘဟိန်းက သခင်သန်းထွန်း၏အကြောင်းကို မကြာခဏ ကျွန်တော့်အား ပြောပြ၏။

 ထိုအခါက ကိုဘဟိန်းသည် တက္ကသိုလ်ရိပ်သာရှိ သထုံကျောင်းဆောင်တွင်မရှိဘဲ၊ မြို့ထဲ ၃၈ လမ်းရှိ ဇဝန တို့ စုနေကြသောအိမ်တွင် ရောက်နေတတ်၏။ ထိုအိမ်တွင် သခင်သန်းထွန်းလည်းနေ၏။

"သခင်သန်းထွန်းဆိုတာ တော်တော်စာ ဖတ်တယ်ဗျ။ မာ့က်စ်စာပေလဲ အတော်ဖတ်တယ်။ စာရေးလဲ ကောင်းတယ်" ဟု ကျောင်းဆောင်သို့ ပြန်ရောက်လျှင် ကိုဘဟိန်းက ကျွန်တော့်အားပြောပြလေ့ရှိ၏။ စိတ်ထဲတွင် သခင်ပေါက်စတဦးဘဲဟုသာ အောက်မေ့လိုက်၏။

 တနေ့တွင် ကိုဘဟိန်းနဲ့အတူ ပန်းဆိုးတန်းရှိ ထွန်းအေးစာအုပ်ဖြန့်ချိရေးဌာနသို့ ရောက်သွားရာ၊ သခင်သန်းထွန်းနှင့် သွားတွေ့၏။ ကိုဘဟိန်းက ကျွန်တော့်ကို သခင်သန်းထွန်းနှင့် အသိဖွဲ့ပေး၏။

 "သြ…. သြ… ခင်ဗျားအကြောင်းလဲ ကိုဘဟိန်းက ခဏခဏ ပြောပြပါတယ်ဗျာ….." ဟု သခင်သန်းထွန်းက ပြုံးကာပြောလေသည်။

 သူသည် မန္တလေးပိုးအပေါ်ဖုံး၊ ပိုးလုံချည်ဝတ်ထား၏။ မျက်နှာမှာခပ်လုံးလုံး အရုပ်ဆိုးသည်ဟု ခေါ်ရပေမည်။ အသားကား ဝါလဲ့လဲ့၊ ဆံပင်ကောက်၏။ အထူးခြားဆုံးမှာ ခေါင်းကြီးခြင်း ဖြစ်၏။ အမူအရာမှာ ပြော့ပျောင်း၏။ စကားပြောသောအခါလည်း ခပ်အေးအေးနှင့်သိမ်မွေ့စွာပြော၏။

 အစက ထင်ထားသကဲ့သို့ အာပေါင်အာရင်းသန်သန်ဟစ်အော်သူ မဟုတ်။ ညှင်းညှင်ညံညံ လေသံနှင့်၊ ကဗျာဆရာမီလတန်၊ လီနင်ဝါဒ၊ ကိုလိုနီတော်လှန်ရေး၊ ဘားနတ်ရှောပြဇာတ်၊ ချာလ်ဒစ်ကင်း၏ဝတ္ထု၊ ဗြိတိသျှပါလီမန်၊ ဦးကုလားရာဇဝင်၊ သိပ္ပံမောင်ဝ၏ခေတ် စမ်းစာ၊ နတ်ရှင်နောင်ရတု စသောအကြောင်းအရာများကို ပြော၏။

 နောက်မှ သူသည် ဆရာဖြစ်သင် တက္ကသိုလ်ကျောင်းမှထွက်ကြောင်း၊ သူသည် (၁၀)တန်းတွင် အင်္ဂလိပ်စာ၊ ရာဇဝင်၊ ဗမာစာ စသည့်ဂုဏ် ထူးများဖြင့်အောင်ခဲ့သည်ဟုသိရ၏။ ကျောင်းနေစဉ်က စာတော်သူဖြစ်ခဲ့၏။ ထိုစဉ်ထိုအခါက သူသည် ရန်ကုန်အရှေ့ပိုင်း ကုလားကျောင်းတကျောင်းတွင် အင်္ဂလိပ်စာပြဆရာလုပ်လျက်ရှိသည်။

 တခါက အင်္ဂလိပ်ဘာသာဖြင့်ရေးထားသော ဆောင်းပါးတစောင်ကို တက္ကသိုလ်သမဂ္ဂဇင်းဟောင်းတစောင်တွင် ဘတ်ရဘူး၏။ သူသည် အင်္ဂလိပ်စာကိုနိုင်နင်းစွာ ရေးသားနိုင်သူတဦးဖြစ်၏။ ဂျပန်ခေတ် သူ ဝန်ကြီးဖြစ်စဉ် သူ ရေးထားသောအင်္ဂလိပ်စာကိုဖတ်၍၊ ယခု ဆိုရှယ်လစ်ဝန်ကြီး ကိုကျော်ငြိမ်းက 'အင်္ဂလိပ်စာရေးတာ မြန်သလောက် ကောင်းတာပါဘဲ' ဟု ချီးကျူးသည်ကို ကြားရဘူး၏။

 ၁၉၃၉ က ဒို့ဗမာအစည်းအရုံးမှကိုယ်စားလှယ်အဖွဲ့သည်၊ ကွန်ဂရက်၏ဘိတ်ကြားချက်အရ အိန္ဒိယပြည် ရမ်းဂါးသို့ သွားကြ၏။ သခင်အောင်ဆန်း၊ ကိုဘဟိန်း၊ သခင်သန်းထွန်း တို့ ပါသွားကြ၏။ တက္ကသိုလ်ကျောင်းသား သမဂ္ဂများက သခင်အောင်ဆန်း၊ သခင်သန်းထွန်းတို့ကို မကြာခဏဘိတ်၍ စကားပြောစေသည်ဟု သိရ၏။ သခင်သန်းထွန်းကို ပွဲတောင်းလှသည်ဟု ကြားရ၏။ 

ဂျပန်ခေတ် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဖြစ်စဉ်က သူ့ဌာနတွင်လုပ်သောအတွင်းဝန်များသည် သူ့ကို လေးစားကြသည်။ အဘယ်ကြောင့် ဆိုသော် သူသည် လယ်ယာစိုက်ပျိုးရေးကို လေ့လာနားလည်ပြီး၊ ညာဝါးဖြန်းသန်းကာ မဆိုင်သည်ကို ဝင်ရောက်စွက်ဖက်ခြင်း မလုပ်သောကြောင့်ဖြစ်သည်။

 သခင်စိုး၏ 'ဆိုရှယ်လစ်ဝါဒ' ကျမ်းစာအုပ်၏အမှာ ကို သခင်သန်းထွန်းကရေးသည်။ သူ့ ဗမာစာမှာ တိုတို၊ လိုရင်းနှင့် အဓိပ္ပါယ်ပေါ်၏။ သတင်းစာဆံ၏။ ဘတ်သူစွဲပြီး အနက်ပေါက်လွယ်၏။ အဖြတ်အတောက်ကလေးများမှာ ခေတ်ဆန်၏။ ရှင်းလင်းပြီးလှပ ၏။ သတင်းစာဆရာလုပ်လျှင် သတင်းစာဆရာကောင်းတယောက် ဖြစ်မည်ဟုထင်၏။

 သူသည် နဂါးနီစာအုပ်အသင်းကို တည်ထောင်သူတဦးဖြစ်သည်။ သခင်စိုးနှင့်သူသည် ဗမာပြည်တွင် မာက့်စ်ဝါဒ၊ ကွန်မြူနစ်ဝါဒကို ပဌမ ဖြန့်ချိသူများဖြစ်ကြ၏။ သခင်းစိုးက စကားလုံးအသစ်ထွင်၍ ခံ့ညားသော စာကြီးပေကြီး၊ ပိဋိကတ်စာပေဖြစ်အောင်လုပ်ပေး၏။ သခင်သန်းထွန်းကား ဆိုရှယ်လစ်ဝါဒနှင့်ဗမာပြည်၊ ကမ္ဘာစသည်တို့နှင့်ယှဉ်ကာ လူအများနားလည်အောင် ပြောပြသူဖြစ်၏။ အဓိပ္ပါယ်ကိုဖွင့်ပြကာ ရှင်းလင်း ၏။

 ယခုခေတ် ကွန်မြူနစ်ဝါဒကိုလေ့လာသူတိုင်း သခင်သန်းစိုး၊ သခင်သန်းထွန်းတို့ ပြုစုစိုက်ပျိုးခဲ့သော အသီးအပွင့်နှင့်မကင်းနိုင်ကြ။ သူတို့၏ ကွန်မြူနစ်စာပေများကိုဖတ်ပြီး လူများသည် ကွန်မြူနစ်ကိုသိလာ ကြ၏။ သူတို့ စကားလုံးတွေကိုပင် သင်အံပြီး၊ ဖေါက်ပြန်ရေး၊ ကလပ်စည်း၊ လူမှုဆက်ဆံရေးစသည်ဖြင့် ကြွေးကြော်နေကြ၏။

 ခက်သည်မှာ အတုအယောင်များက နိုင်နိုင်နေတတ်၏။ အတုအယောင်တို့က လွှမ်းမိုးတွင်ကျယ်သဖြင့်၊ လက်ဦးစွန့်၍တည်ထွင်သူအစစ်တို့မှာ ဖုံးကွယ်ခြင်းခံနေရတတ်၏။ လူထုမှာ အတုအယောင်များက ကာထားသဖြင့် အစစ်ကိုမမြင်ကြရပေ။

 သခင်စိုး၊ သခင်သန်းထွန်းတို့က စွန့်ကာ စလိုက်သော ကွန်မြူနစ်လမ်းစဉ်စာတမ်းများကိုဘတ်ပြီး နိုင်ငံရေးဇာတ်ခုံပေါ်ရောက်လာကြ၏။ အာဏာတွေရလာကြ၏။

 ကွန်မြူနစ်နိုင်ငံရေးစာပေတွင် ဝေါဟာရကိုကြွယ်ဝစေသောသခင်စိုးကား ထောင်နံရံထဲတွင်တိမ်မြုပ်နေ၏။ လူအများ ရှင်းလင်းနားလည်အောင် အဓိပ္ပါယ်ကောက်ပြသော သခင် သန်းထွန်းကား ချုံနွယ်ပိတ်ပေါင်းများအကြားတွင် ရောက်နေရလေပြီ။

 
(၃)

တက္ကသိုလ်သမဂ္ဂအမှုဆောင်အခန်းတွင် သခင်သန်းထွန်းကို မကြာခဏတွေ့ရတတ်၏။ သခင်အောင် ဆန်း ပင်းယဆောင်တွင်ရှိစဉ် သူသည် မကြာခဏလာလည်ကာ နိုင်ငံရေးများကိုဆွေးနွေးလေ့ရှိ၏။ သူ့ ကိုတွေ့တိုင်း မန္တလေးအပေါ်ဖုံး၊ မန္တလေးလုံချည်နှင့် ပြောင်ပြောင်လက်လက် တွေ့ရတတ်၏။ စကားကို ညှင်းညှင်းညံ့ညံ့ ပြော၏။

 ကိုဘဟိန်း အယ်ဒီတာချုပ်လုပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၏ကြွေးကြော်သံ 'မျိုးညွန့်' မဂ္ဂဇင်း (၁၉၃၈) တွင် သခင်သန်းထွန်း၏ အရင်းရှင်ဆန့်ကျင်ရေး ဆောင်းပါးများကို ဘတ်မိ၏။ သူသည် ကိုလိုနီတော်လှန်ရေးကိုလှုံ့ဆော်ခဲ့၏။ ကျောင်းသားပိုင်းသည် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဝင်စားလာကြလေပြီ။

 သူသည် ကိုဘဟိန်းကို အတော်ခင်၏။ ခလေးလို အလိုလည်းလိုက်၏။ ကိုဘဟိန်း၏ 'ဓနရှင်လောက'စာအုပ်အမှာတွင် သူသည် ကိုဘဟိန်းအကြောင်း ပါရောဘက်ကာ ရေးထားရာ၊ အတော်ဘတ်၍ ကောင်း၏။ သူသည် အမှာစာရေးကောင်းသူ ဖြစ်၏။

 အိုးဝေမဂ္ဂဇင်းတွင် ကျွန်တော်အယ်ဒီတာဖြစ်စဉ်က သခင်သန်းထွန်း၊ သခင်စိုးတို့ထံမှ ဆောင်းပါးများ တောင်းဘူး၏။ သခင်စိုး၏ 'လွတ်လပ်ရေးတိုက်ပွဲ'မှာ၊ မထုတ်မီ ပြည်ထဲရေးဌာနက ဆင်ဆာလုပ်ရာ တွင်ပါသွား၏။ သခင်သန်းထွန်း၏ 'နိုင်ငံရေး လက်တွေ့လုပ်လိုသူများအဘို့ စကားလက်ဆောင်'ကား ပုံနှိပ်ဖြစ်၏။

 ထိုဆောင်းပါးကား ထိုခေတ်ကဝါဒဖြန့်ပြီး အသိုင်းအဝိုင်းနှင့်နာမည်ကြီးအောင်လုပ်ကာ နိုင်ငံရေးလိုက်စားကြသော ပေါ်ပင်နိုင်ငံရေးသမားများကို ပြောင်လှောင်၍ထားသည်။ သရော်ချက် ပါ၏။ ဘတ်ယင်း ရယ်မောမိသည်။

 ထိုဆောင်းပါး အိုးဝေမဂ္ဂဇင်းတွင်ပါလာသောအခါ သခင်သန်းထွန်းမှာ နဂါးနီစာအုပ်အသင်းလူကြီး။ ဒို့ဗမာအစည်းအရုံးအမှုဆောင်အဖြစ်တွင် ထောင်ထဲရောက်နေပေပြီ။

 နောက် ဂျပန်အဝင် ဒိုင်အိုကျောင်းစစ်ဆေးရုံ၌ သူနှင့်တွေ့သောအခါ အိုးဝေမဂ္ဂဇင်း အကြောင်းစကားစပ် မိရာ…. 
'အဲဒီဆောင်းပါးထည့်တာ ခင်ဗျားကို ကျေးဇူးတင်တယ်'ဟု ကျွန်တော်အားပြောသည်။

'ကျွန်တော်လဲ အဲဒီတုံးက မထည့်ဘူးလို့နေသေးတာ။ သခင်သန်းထွန်းဆောင်းပါးဘတ်ပြီး သခင်တွေဟာ ဒီလိုဘဲ၊ နိုင်ငံရေးသမားလုပ်နေတာလို့ ထင်မှာစိုးလို့ဘဲ။ နောက်တော့ ဟာသ ပါတာ၊ စာပြောင်တာနဲ့ ထည့်လိုက်တာဘဲ'ဟု ကျွန်တော်က ပြော၏။

သခင်သန်းထွန်းကား ပြုံးနေပေသည်။

သခင်သန်းထွန်းသည် တက္ကသိုလ်ကျောင်းသားများကို နိုင်ငံရေးဘက်ပါအောင်၊ နယ်ချဲ့ဆန့်ကျင်ရေးကို ပြုအောင် ဆွဲဆောင်ခဲ့သည်ဟုထင်၏။ ၁၉၃၉- ခု လောက်က မြေနီကုန်းရှိ ကိုဘဟိန်း၏အိမ်တွင် သူ့ကို မကြာခဏတွေ့ရတတ်၏။ သခင်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ သခင်သန်းထွန်းနှင့်ဂိုရှယ်(ထိုအခါက ဘောဂဗေဒဂုဏ်ထူးတန်းကျောင်းသား) တို့ကို တွေ့ရတတ်၏။

သခင်သန်းထွန်းတို့သည် ၁၉၃၉ ခုလောက်ကတည်းက ဗမာပြည်တွင် ကွန်မြူနစ်ပါတီကိုဖွဲ့စည်းနေကြသည်။ ကိုဘဟိန်းက ကျွန်တော့်ကို မာ့က်စ်ကျမ်းစာအုပ်များကိုပေးဘတ်စေပြီး ကွန်မြူနစ်ဘက်ပါရန် မကြာခဏ ပြော၏။ သို့သော် ကျွန်တော်ကား စာပေကိုပိုချစ်၏။ ကဗျာကို ပိုစပ်ချင်နေ၏။

 လျှို့ဝှက်၍ထုတ်ဝေသော အရေးတော်ပုံ အမည်ရှိစာတမ်းကို ၁၉၃၉ လောက်က ဘတ်လိုက်ရလေ၏။ ထို 'အရေးတော်ပုံ'ကား ပဌမဆုံးသော ကွန်မြူနစ်ဂျာနယ် ဖြစ်ပေ၏။

 
(၄)

ဂျပန်ခေတ်က ရွှေတောင်ကြားလမ်းရှိ စိမ်းညို့မှိုင်းမှုန်သော တောရိပ်မြိုင်ခြေကလေးသည် တရေးရေး ထင်လာ၏။

 ရွှေတောင်ကြားလမ်းနှင့်လောင်းဝစ်လမ်းအဆုံတွင် ပိန်းပင်၊ ရေမြက်ရှည်ပင်၊ မှော်ပင်များဖြင့် နောက်ကျိသောရေအိုင်တအိုင်ရှိ၏။ ရေအိုင်မှာ ရေညှိများလွှမ်းနေသဖြင့် ထိုပတ်ဝန်းကျင်မှ ဘာအရောင် မျှလာမထင်၊ မှုန်ညို့ညို့၊ စိမ်းဝါဝါသာ လဲ့လဲ့ပေါ်နေသည်။

 ထိုရေအိုင်ရှိ ကုန်းမြင့်ကလေးတွင် ခေတ်ဆန်သောတိုက်တတိုက်သည် မော်ကြွားနေ၏။ ခရမ်းပွင့်များတွဲလွဲခိုနေသော ဆင်ဝင်ရှေ့တွင် အမြောက်ကလေးနှစ်လက် ဆင်ထား၏။ အိမ်ရှေ့မျက်နှာစာရှိမြက်ခင်းကား အနီအဝါ အဖြူစသော ပန်းမာလာတို့ဖြင့် ပြောက်ကျားနေသည်။

 ဂျပန်ခေတ်က ထိုနေရာတဝိုက်တွင် ဘီအိုင်အေ သခင်များ နေထိုင်ကြ၏။ ဗိုလ်စကြာ၊ ကိုလှမောင် (ယခု သံအမတ်) ဗိုလ်လက်ျာ၊ သခင်တင်၊ ကိုကျော်ငြိမ်း၊ သခင်ချစ်၊ ဗိုလ်ဇေယျ၊ သခင်လင်း၊ သခင်ကိုယ်တော်မှိုင်း စသူတို့သည် ဤပတ်ဝန်းကျင်တွင် တိုက်များနှင့်နေကြ၏။

 ထို အမြောက်နှင့်အိမ်တွင် ပဌမ ဗိုလ်ချုပ်အောင်ဆန်း နေ၏။ နောက် ဗိုလ်ချုပ်အောင်ဆန်း ဒေါ်ခင်ကြည်နှင့်လက်ထပ်၍ ပြည်လမ်း ပြောင်းသွားသောအခါ သခင်သန်းထွန်း လာနေ၏။ သခင်သန်းထွန်းမှာ ထိုအခါက လူပျိုဖြစ်လေသည်။

 ယခင်က အင်္ဂလိပ်အထက်တန်း အရာရှိကြီးများနေသောတိုက်ဖြစ်၍၊ ခမ်းနားထယ်ဝါသော ဓနရှင်အဆောင်အယောင်များဖြင့် တောက်ပ လျက်ရှိသည်။

 ဖက်ဖူးရောင်ခံတွင် သရက်ထည်ပွင့် ပန်းနွယ်ပန်းခက်တို့ဖြင့်ရှက်လိမ်သော ဆိုဖာများ သည် အဝါနုနံရံနှင့် အသွေးချင်းအပြန်အလှန် တုံ့ပြန်နေကြ၏။ ဆိုဖာဆက်တီ၏အလယ်မှာ မဟော် ဂနီရောင်ထနေသော ပန်းအိုးတင်စားပွဲသည် တူရကီကော်ဇောပေါ်တွင် အဝင့်သား ထင်နေ၏။ မှန်ပြ တင်းမှ အစိမ်းပုတ်ရောင်ဇာခန်းဆီးသည်အပြင်ဘက် ကောင်းကင်ပြာ သစ်စိမ်းရွက်ညိုတို့ကို မှုန်ရေးရေး မြင်လာအောင်ကာယင်း လေအဝှေ့တွင် ဆွေ့ဆွေ့ခုန်လျက်ရှိ၏။

 သခင်သန်းမြိုင်သယ်လာသော ဂျာမန် စန္ဒယားကြီးကား အခန်းဒေါင့်တွင်ရှိပေသည်။ အပေါ်မှာ ပဒေသာမီးပွင့်သည် လရောင်ကဲ့သို့ကြည်အေး မြစိမ်းသောရောင်ခြည်ဖြင့် သ, ပေးနေသည်။ စိမ်းစိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်။

 ဤစိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်မှာပင် လယ်ယာစိုက်ပျိုးရေးဝန်ကြီးသခင်သန်းထွန်းသည် မာက့်စ်၏ 'အရင်း' စာအုပ်ကို ဘတ်နေ၏။ သခင်တင်သည် ညနေဆိုလျင်ရောက်လာကာ စန္ဒယားခုံတွင်ဝင်ထိုင်ပြီး ထူးမခြားနား အစပိုဒ်ကို စမ်းပြီး မပြီကလာ တီးကြည့်တတ်၏။ တီးယင်း အသံပျောက်နေသဖြင့် 'လုပ်ပါဦးဗျ… တီးစမ်းပါအုန်း' ဟုဆိုကာ ကျွန်တော့်ဘက်ကိုလှည့်၍ ပြောတတ်၏။

 သခင်လင်းကား ဆိုဖာတွင် ကိုယ်တခြမ်းမြှုပ်ကာ ရယ်စရာပြောနေ၏။ ဗိုလ်စကြာ၏ ကြွယ်ဝသောစကားသံသည် ပဲ့တင်ထပ်လျက် ရှိ၏။ ဗိုလ်ချုပ်အောင်ဆန်း ကားနှင့် ရုတ်တရက်ရောက်လာသည်လည်း ရှိ၏။

သခင်သန်းထွန်းသည် မာက့်စ်စာအုပ်ကိုချလိုက်ပြီး 'လုပ်ပါဦးဗျ၊ သီချင်းတပုဒ်လောက်…. သက်ဝေဆိုတာလေ……' ဟုပြောကာ ကျွန်တော့်ကို မေးငေါ့ပြ၏။ သူသည် 'သက်ဝေ' သီချင်းကို အလွန်နှစ်သက်၏။

 ဘယ်တော့မှ မညှိသဖြင့် အသံကြောင်နေသော စန္ဒယားကြီးမှာ ဂီတသံထွက်လာရ၏။ သခင်သန်းမြိုင်သည် ဘေးမှရပ်ကာ လိုက် ဆိုနေ၏။ သူသည် ဘင်ဂျို အတီးကောင်းသူလည်း ဖြစ်သည်။

 လှသထက်လှမယ်ဆိုယင်
ဆေးဘက်ဝင်ပါ သလားလို့
မောင့်အသဲတွေ မောင့်အသွေးတွေ
မောင့်နှလုံးတွေ
အသုံးပြုပါလေ……..
သခင်တင်သည် ဂီတသံဝယ် ငေးမောနေလေပြီ။

 ညအမှောင်ကူးစတွင် ကိုကျော်ငြိမ်းရောက်လာကာ သခင်သန်းထွန်းနှင့် စကားပြောကြပြီး၊ မကြာမီ ကားနှင့်အတူ အပြင်ဘက်အမှောင်ထဲသို့ ထွက်သွားကြ၏။

 ကျွန်တော်သည် ကပ်လျက်ရှိသောတဘက်အိမ်တွင် ကိုဘဟိန်းနှင့်အတူနေရာ လူစုံတတ်သဖြင့် သခင်သန်းထွန်းတို့ ဧည့်ခန်းသို့ကူးကာ လည်ပတ်နေတတ်၏။

 ဤစိမ်းလဲ့လဲ့ ဓနရှင်ဆန်သောဧည့်ခန်းဆောင်မှပင် ဖက်ဆစ် ဆန့်ကျင်ရေးလှုံ့ဆော်စာတမ်းများကို ရေးကြသည်။ ဤဧည့်ခန်းဆောင်မှထွက်လာသော ကွန်မြူနစ် တယောက်သည် 'ပုန်ကန်ထကြွလော့'ဟူသော စာတမ်းများကိုလွယ်အိပ်နှင့်ထည့်ကာ အိမ်ရှေ့လမ်းပေါ် တွင် လမ်းသလာားနေသော ဂျပန်စစ်သားလေးတဦးကို တိုးမိမတတ် ဖြတ်ကျော်လွန်သွားခဲ့လေသည်။

ဤအခန်းဆောင်တွင် အတူဆုံကြတွေ့ကြ ရယ်စရာမောစရာပြောခဲ့ကြသော သူများသည်ပင် ဖဆပလကို ဖွဲ့စည်းကာ၊ တော်လှန်ရေးပြုခဲ့ကြသည်။

 ဤစိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်မှပင်၊ အနီထဲမှ ကြယ်ဖြူပွင့်ပေါ် နေသော ဖဆပလ အလံကို နွေလယ်အခါ အိပ်မက်နေကြသည်။


(၅)

 ဤ စိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်တွင် ဆုံခဲ့ကြသောသူများသည်ပင် အချင်းချင်းဆန့်ကျင်ကုန်လျက် သွေးစီးနှင့်ကိုင်ကာစိုက်ခဲ့ကြသော ဖဆပလအလံကို နှဲ့နေကြပေပြီ။

 သူတို့အားလုံးသည် လူပင်ဖြစ်သည်။ လူတို့၏ မိုက်မဲခြင်း၊ လိမ္မာခြင်း၊ တကိုယ်ကောင်းကြံခြင်း၊ တိုင်းပြည်အကျိုးကြည့်ခြင်း၊ ယုတ်မာခြင်း၊ သန်ရှင်းဖြူစင်ခြင်းတို့ဖြင့် ရောပြွမ်းကာနေပေမည်။

 သခင်သန်းထွန်းလည်းသည် လူများအလည်မှလူပင် ဖြစ်လေသည်။

 ဂျပန်ခေတ်က ကျွန်တော်၏ ငရှင့်သွေးကတ္တီပါဂျာကင်အင်္ကျီကို ကိုဘဟိန်းက ကြိုက် သည်ဆို၍ ယူထား၏။ နောက် သခင်သန်းထွန်းက ကိုဘဟိန်းထံမှယူကာဝတ်၏။

 သခင်သန်းထွန်းသည် ထို ငရှင့်သွေးဂျာကင်အင်္ကျီကို အတော်နှစ်သက်သည်။ ချမ်းသည့်အခါတိုင်း ငရှင့်သွေးအင်္ကျီကို ဝတ်ကာနေတတ်၏။ သူနှင့်အတူနေကြသော သခင်တင်ထွန်း၊ သခင်လှကွန်းတို့ကား သခင်သန်းထွန်း ရုံးကအပြန် ကားဆိုက်လျင်ဆိုက်ခြင်း အဝမှကြိုကာ ငရှင့်သွေး ဂျာကင်ကိုဆီးပေးပြီး၊
'သခင်သန်းထွန်း ဒီဟာလေး ဝတ်ထားပါ'ဟု စလေ့ရှိ၏။ လူဆိုတာ အလှအပကို ချစ်တတ်ကြပေသည်။

 ဒိုင်အိုကျောင်းရှိ ပြည်သူ့ဆေးရုံအပေါ်ထပ်အခန်းတွင် သခင်သန်းထွန်းသည် မကျမ်းမာသဖြင့် ဆေးဝါးမှီဝဲနေသည်။ နေ့လည်ဆိုလျှင် ဧည့်သည်များသည် သူ့အခန်းတွင်စုံလှ၏။

 ဆရာမဒေါ်ခင်ကြီး(ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၏အစ်မ)သည် သူ့ကို ပြုစုနေ၏။ ဧည့်သည်ကား မစဲ။ ထိုအခိုက် ကျွန်တော်လည်း ဝင်မေး ရာ မကြာမီ ဆရာမဒေါ်ခင်ကြီးသည် ကာဖီယူလာ၏။

'သောက်ပါအုန်း'
ကျွန်တော်က 'ဟာ… ဒုက္ခရှာလို့' ဟုဆိုကာ အားနာဟန်ပြုနေ၏။ 
'သခင်သန်းထွန်းဧည့်သည်ဆိုယင် ကော်ဖီနဲ့ဧည့်ခံပါတယ်'ဟု ဗိုလ်စကြာကပြောကာ နောက်နေ၏။ သခင်သန်းထွန်းကမူ ရှက်နေ၏။

 နောက်တလခန့်ကြာသောအခါ သခင်သန်းထွန်းနှင့်ဒေါ်ခင်ကြီးတို့သည် လက်ထပ်လိုက်ကြသည်။ လူတို့၏ ဘဝဇာတ်လမ်းသည် သည်လိုပဲဖြစ်ကြပေမည်။

 ဂျပန်တော်လှန်ရေးပြီးစက ကျွန်တော်သည် တောတွင်ရောက်နေရာ၊ ဖဆပလ၏သတင်းများကိုသာ နားထောင်နေရသည်။ ကွန်မြူနစ်ပါတီမှ ပြည်သူ့အာဏာဂျာနယ်ကို ဘတ်ရသည်။ ဖဆပလ၏အမည်မှာ ကမ္ဘာ့သတင်းစာကော်လံထိပ်တွင် မျက်နှာမဲဖြင့်ပါနေလေပြီ။ သခင်သန်းထွန်းအမည်ကို နိုင်ငံခြားသတင်းစာများတွင် မကြာခဏ တွေ့ရ၏။ ထိုအခါက သူသည် ဖဆပလ အထွေထွေအတွင်းရေးမှူးဖြစ်လေ၏။

 သူဖဆပလမှထွက်သောအခါ၊ သူ့နေရာတွင် တွဲဘက် အတွင်းရေးမှူး ကိုကျော်ငြိမ်းရောက်လာ၏။

 တာရာမဂ္ဂဇင်းထွက်ခါစက သခင်သန်းထွန်းထံ ဆောင်း ပါးတောင်းဘူး၏။ သို့သော သူလည်း မရေးဖြစ်၊ ကျွန်တော်လည်း မရောက်တော့။

 နောက်ဆုံး ဘုန်းကြီးလမ်း ကွန်မြူနစ်တရားပွဲတွင် တူတဇင်အလံနီကိုနောက်ကျောခံလျက် ဓါတ်ခွက်ရှေ့တွင် တရားဟောနေသော သခင်သန်းထွန်းကို ပရိသတ်အလယ်မှမြင်လိုက်ရ၏။ သခင်သန်းထွန်း၏ တရား ကား ပဌမတော့ ခြောက်သွေ့ပြီး၊ နောက်… တဖြည်းဖြည်း အချက်အလက်များပါလာကာ ဆုံးခါနီးတွင် သွေးကြွလာစေသည်။ ဒါဘဲ သိလိုက်သည်။

 သူသည် (၃) နာရီခန့် မရပ်မနား စမ်းရေယဉ်မှ ရေများစီး သွန်ကျသလိုပြော၏။ သူ၏ စကားများထဲတွင် လူအများ ရုတ်တရက်အသိခက်သော စာအုပ်ဆံဆံ စကားကြီးစကားကျယ်များ မပါ။ ရိုးရိုးနှင့် လူတိုင်းနားလည်သော၊ ရှင်းလင်းပြတ်သားသော စကားလုံး များနှင့်သာပြော၏။ ဗမာ့လက်ရှိနိုင်ငံရေးအခြေအနေကို ကမ္ဘာ့အခြေအနေများနှင့်ယှဉ်ကာ နောက်ခံကားပေးလိုက်ပြီးနောက် အကိုးအကားနှင့်တကွ ပြော၏။

 လူအများသည် စိုက်ကာ နားထောင် နေကြ၏။

 ဂျစ်ကားနှင့် အထက်တန်းအရာရှိဟုထင်ရသောသူတဦးက 'တယ်တော်တဲ့လူဘဲ။ အချက် အလက်တွေချည်းဘဲ..ကျုပ်အစက လက်သီးလက်မောင်းတန်းပြီး ကြိမ်းမယ်မောင်းမယ် ထင်နေတာ'ဟု ခပ်တိုးတိုး သူ့အဖော်အား ပြောနေလေသည်။

 ဓါတ်ခွက်မှ သခင်သန်းထွန်း၏အသံသည် ညိုမှောင် မှိုင်းမြသောညည့်ဝယ် ပဲ့တင်ထပ်လျက်ရှိသည်။

 ယခု ပြည်တွင်းစစ်၊ ပြဿနာကိုကား ကျွန်တော်သည် ဘာမျှထင်မြင်ချက် မပေးလိုသေး။ ဘာဘဲ ပြောကြ အော်ကြ၊ နောက်ဆုံး သည်လူတွေဟာ အတူတူ လူချည်းပါဘဲ။

 ကျွန်တော့်အဖို့ရာကား၊ တော်သူတွေ နေရာကောင်းတွင် ရောက်စေချင်သည်။ လက်တွဲ၍ တော်လှန်ရေးကို လုပ်လာသူတွေ၊ ယခုလည်း လက်တွဲကာ အုတ်သစ်ကလေးများကိုသယ်စေချင်နေ၏။ နောက်ပြီး လူအများဆန္ဒအရလုပ်စေချင်၏။ မလိုတာကို အတင်းကြပ်ပေးတာလည်း မကြိုက်၊ ဒီမိုကရေစီ စင်မြင့်တွင် လွတ်လပ်မှုအခွင့်အရေးသည် ပျံဝဲနေစေချင်၏။

 တကယ့် အမြုတေများပါဝင်သော အမျိုး သားတပ်ပေါင်းချုပ် ပြည်သူ့အစိုးရကိုလိုချင်၏။ ။



ဒဂုန်တာရာ။
၁၉၄၈ ဇွန်လ။

(ဂျာနယ်ကျော်မမလေး စာပေဖြန်ချိရေးမှ ပထမအကြိမ်ထုတ်ဝေတဲ့ 'ဒဂုန်တာရာ- ရုပ်ပုံလွှာ'၊ ၁၉၅၅ခုနှစ်၊ စာအုပ်မှ ကူးယူဖော်ပြပါတယ်) [၂၀၁၁ သြဂုတ်လတွင် ကျရောက်သော ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဌ သခင်သန်းထွန်း(၁၉၁၁-၂၀၁၁) ရဲ့ မွေးနေ့ရာပြည့်အထိမ်းအမှတ်အဖြစ် မာယာမဂ္ဂဇင်းက ဂါရဝပြု ဖော်ပြခြင်း ဖြစ်ပါတယ်။]
ရေးတာက ဒဂုန်တာရာ
ယူတာက http://mayaonlinemagazine.blogspot.com/2011/07/blog-post_31.html

ငယ်ချစ်များ ... သို့ (ကမာပုလဲ)

0 comments

ငယ်ချစ်များ ... သို့

အသက်က ငါးဆယ်ထဲ ၀င်ခဲ့ပြီ
အရပ်က ပိုရှည်မလာတော့ဘူး
သံသရာက
ခံနိုင်ရည်ထက် ပိုနေတယ် ...

လမ်းတွေက ကွေ့ကွေ့ကောက်ကောက်
(ကိုယ့်အတ္တအတွက် ကိုယ်မကွေ့တတ်ခဲ့ဘူး)
အမြင့်မို့
တက်ရရင်လည်း အူလျားဖါးလျား
အဆင်းမို့
သက်ရရင်လည်း ဒလိမ့်ခေါက်ကွေး ...

ခုတလော
စိတ်တွေ လေးလေးလံလံ ဖြစ်နေတယ်
မကြီးမငယ်ကြီးနဲ့
ချစ်တဲ့အကြောင်းတွေ ခဏခဏပြော
ဒီအရွယ်ကြီး ရောက်ခါမှ
အသည်းကလည်း အထပ်ထပ်ကွဲ
အဲဒီလို အသည်းကွဲတိုင်းလည်း
သူ့ခမျာ ငိုလို့မဆုံးပြန်ဘူး။

သူငိုတယ်
မိခင်ပျောက်
ကလေးများကို တွေ့တဲ့အခါ ...
သူငိုတယ်
သစ္စာမဲ့သူတွေရဲ့လက်ထဲ
သေလုမျောပါး ဖြစ်နေရရှာတဲ့
အနာဂတ်တွေဘက်က ကိုယ်တိုင်ခံစားရတဲ့အခါ ...
သူငိုတယ်
မျက်နှာပြောင်တိုက်နေတဲ့
ငြိမ်းချမ်းရေးအတုကို
အိမ်ဦးခန်းတွေမှာ
အခန့်သား တွေ့နေရတဲ့အခါ ...
သူငိုတယ်
ခေတ်ပျက်မာနတွေအောက်မှာ
ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေတဲ့
လူ့ဂုဏ်သိက္ခာကိုတွေ့တဲ့အခါ ...

သူငိုတယ်
သူငိုတယ်
သူငိုနေပါတယ်
နောက် တရက်၊ နှစ်ရက်ဆို
နှစ်သစ်တဲ့
မျက်ရည် အသစ် အသစ်တွေနဲ့
သူ့အတွက်ပါ ငိုရဦးမှာလား
ပြောကို ... မတတ်တော့ပါဘူး။

ဘာပဲဖြစ်ဖြစ်
ခုတလောမှာ
အသက်တွေပေးပြီး ချစ်ခဲ့တဲ့
ဘ၀တွေပေးပြီး ချစ်မြဲချစ်နေတဲ့
ငယ်ချစ်တွေကို ...
သိပ်ကို သတိရရ နေမိတယ်။   

ကမာပုလဲ
၂၉၊ ၁၂၊ ၂၀၁၁။
ရေးတာက (ကမာပုလဲ)
ယူတာက http://www.facebook.com/notes/ko-pouk/ငယ်ချစ်များ-သို့-ကမာပုလဲ/189703644458457

Wednesday, December 28, 2011

အစ်ကို (နေမျိုး)

0 comments

အစ်ကို (နေမျိုး)
တစ်နေ့ကျတော့

စာသင်ခန်းထဲမှာ ဆရာမက

ကျောင်းသားလေးတစ်ယောက်ကို ထခိုင်းပြီး

မေးခွန်းတစ်ခုမေးတယ်

မင်းကြီးလာရင် ဘာဖြစ်ချင်သလဲတဲ့

ကျောင်းသားလေးက ထရပ်ပြီး

ဆရာမကို အကြာကြီး စိုက်ကြည့်နေတယ်။


ပြီးမှ လေသံတိုးတိုးနဲ့ ဖြေလိုက်ရဲ့
(နားထောင်စမ်းပါ)

ကျွန်တော်ဟာ
ခြေတစ်ဖက်ဆာနေတဲ့ ကောင်လေးတစ်ယောက်
ဖြစ်ချင်ပါတယ်တဲ့

ဆရာမက တအံ့တသြနဲ့

ကျောင်းသားလေးကိုကြည့်ကာ

ဘာဖြစ်လို့လဲ သားတဲ့ ထပ်ပြီးမေးလိုက်ပေါ့


ဒီတော့ ကျောင်းသားလေးက

အရည်လဲ့နေတဲ့ မျက်လုံးအစုံကိုပုတ်ခတ်ပြီး
ဦးခေါင်းကိုငုံ့ကာ

ဆရာမကြားနိုင်ရုံ တိုးတိုးလေး ပြောလိုက်တယ်

“ကျွန်တော့်ညီမလေးက ခြေတစ်ဖက်မသန်ဘူး ဆရာမ” တဲ့။
နေမျိုး (ရုပ်ရှင်တေးကဗျာ-အောက်တိုဘာ ၂၀၀၁)
ရေးတာက နေမျိုး
ဖော်ပြခဲ့တာက ရုပ်ရှင်တေးကဗျာ ၁၀ လိပိုင် ၂၀၀၁ ထုတမှာ
ယူတင်တာကဒီနေရာက http://www.poemscorner.com/post-type/myanmar-poems/5331

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၄၃) မျိုးမြင့်ချို

0 comments

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၄၃) (ဒီဇင်ဘာ ၂၈ ရက် ၂၀၁၁ နေ့က အာရ်အက်ဖ်အေမှထုတ်လွှင့်ပြီးဖြစ်ပါတယ်)
၈၈ အာဏာသိမ်းပြီးနောက်မှာ နိုင်ငံရေးပါတီတွေထောင်ကြဖို့ အမိန့် ကြေငြာစာထုတ်လိုက်တယ်ဆိုရင်ပဲ ကော်မရှင်မှာမှတ်ပုံတင်ကြတဲ့ ပါတီတွေလည်း အပြိုင်းအရိုင်းထွက်လာကြပါတယ်။ ၈၈ လှုပ်ရှားမှုကြီးရဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေ အစဉ်အလာရှိခဲ့တဲ့နိုင်ငံရေးသမားတွေ တင်မကပါဘူး နယ်ပယ်စုံအလွှာစုံကပုဂ္ဂိုလ်တွေပါ ပါတီတွေထောင်ကြ၊ လှုပ်ရှားကြ၊ စည်းရုံးလှုံ့ဆော်ကြနဲ့မို့လို့ ဗမာ့နိုင်ငံရေးအခင်းကျင်းသစ်တခုလို့တောင် ဆိုရမယ်ထင်ပါတယ်။ ဗမာပြည်မှာစံချိန်တင်လောက်တဲ့ ပါတီအရေအတွက်ပဲလို့ လူကြီးတချို့က ပြောတာတောင်မှတ်မိနေပါသေး တယ်။

ပါတီတွေဒီလောက်များပေမယ့် လူထုကရော နဝတကပါအာရုံစိုက်ရတဲ့အပြင် နိုင်ငံတကာကပါအလေးထား ရမယ့်ပါတီတွေထဲမှာ အင်န်အယ်လ်ဒီလို့ခေါ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ထိပ်ဆုံးနေရာကရှိနေ ပါတယ်။ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး၊ ဗိုလ်ချုပ်ကြီးဟောင်းသူရတင်ဦးနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပေါင်းစည်းလိုက်မှုက လူထုကိုအားတက်စေခဲ့ပါတယ်။ ဒါ့အပြင် ၈၈ ကာလတုန်းက သက်ဆိုင်ရာနယ် ပယ်တွေမှာ ဦးစီးဦးဆောင်ပြုခဲ့ကြ သူတွေ အန်င်အယ်လ်ဒီထဲမှာ ပါလာကြတာဟာလည်း ပါတီစည်းရုံးရေး နဲ့ကြီးထွားရေးအတွက် အလွန်ကြီးမားတဲ့အားကို ဖြစ်လာစေခဲ့တယ်ဆိုရင်လည်း မမှားလောက်ဖူးလို့ ထင်ပါတယ်။ ကျောင်းသားသမဂ္ဂတွေနဲ့ ကျောင်းသားလှုပ်ရှားမှုတွေလည်း ကျောင်းသားထုကြားတင်မက ရပ်ကွက်ကျေးရွာတွေအထိပါ သြဇာသက်ရောက်ပြီး ၂၆ နှစ်တာငြိမ်သက်သယောင်ဖြစ်ခဲ့ရတဲ့ ဗမာ့နိုင်ငံ ရေးမျက်နှာပြင်မှာ အားကောင်းမောင်းသန်လှိုင်းလုံးကြီးတွေ တဝုန်းဝုန်းရိုက်ခတ်လာခဲ့ပြီလို့  ဆိုရမယ်ဖြစ် ပါတယ်။

၈၈ မှာ အတူလှုပ်ရှားခဲ့ကြတဲ့ ကျနော်တို့ထဲကတချို့လည်း တောထဲထွက်သူထွက်၊ အလုပ်ပြန်ဝင်သူဝင်၊ မိသားစုအရေးဘက် အချိန်ပြန်ပေးသူပေးလို့ဆိုရပေမယ့် စိတ်ဓါတ်အရကတော့ အားလုံးဟာတစုတရုံးထဲ ရှိနေကြတာဖြစ်ပါတယ်။ နိုင်ငံရေးထဲဆက်ပါကြမယ်လို့ ပိုင်းဖြတ်လိုက်သူတွေထဲမှာလည်း ကိုယ်သန်ရာပုံစံနဲ့ လှုပ်ရှားကြတာကောင်းတယ်ဆိုတဲ့အမြင်အရ တချို့က ကျောင်းသားလိုင်း၊ တချို့က နိုင်ငံရေးပါတီလိုင်း၊ တချို့ကတော့ ဘယ်လိုင်းမှသီးခြားမရပ်ပဲ လှုပ်ရှားမှုတိုင်းမှာပါဝင်နေကြပါတယ်။ ကျနော်လည်း အင်န်အယ်လ်ဒီဝင်ပြီး လှုပ်ရှားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။

ဒီနေရာမှာ နည်းနည်းပြောစရာရှိတာက ပါတီနိုင်ငံရေး၊ အမျိုးသားနိုင်ငံရေးနဲ့ ကျောင်းသားနိုင်ငံရေးဆိုတဲ့ အကောက်အယူကိစ္စပါပဲ။ ကျနော့်အမြင်ကတော့ ဘယ်သူဘယ်ဝါ၊ ဘယ်နေရာကပဲလုပ်လုပ် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလုပ်တယ်ဆိုရင် ဒါဟာ တိုင်းပြည်ရဲ့အရေး နိုင်ငံ့ရဲ့ အရေးဖြစ်လို့ စကားလုံးတွေနဲ့ ကန့်သတ်ခွဲခြားလိုက်တာကို မနှစ်မြို့လှပါဘူး။ ကျနော်ကိုယ်တိုင်လည်း အခြေအနေအရ ပါတီမှာဝင်လုပ်မယ်လို့ ဆုံးဖြတ်ရပေမယ့် အဲဒီပါတီဟာ အခုနကျနော်ပြောခဲ့တဲ့ အရေးတွေကို ဒီနေ့ ကျောခိုင်းလိုက်တာနဲ့ နောက်နေ့မှာ အဲဒီပါတီကို ကျနော်ပြန်ဆန့်ကျင်မှာပဲဆိုတာလည်း ပိုင်းဖြတ်ထားချက်ရှိထားပါတယ်။

ဒီလိုနဲ့ ကျနော်တို့လည်း ကျနော်တို့မြို့ကလေးနဲ့အတူ  လုပ်အားပေးလိုက်ရင်း၊ ထုံးသုတ်ရင်း၊ ကင်းစောင့်ရင်း နိုင်ငံရေးစီးကြောင်းထဲမှာ ဆက်ပါလာခဲ့ပါတယ်။

ကျနော်က ပါတီမဝင်ခင်မှာ အင်န်အယ်လ်ဒီခေါင်းဆောင်တွေနဲ့ တွေ့ချင်ပြောချင်၊ နားထောင်ချင်တွေဖြစ် နေမိပါတယ်။ အင်န်အယ်လ်ဒီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း(ယာယီ)ဆိုတာလည်း ထုတ်ပြန်တော့မှာကိုသိနေ ရပေမယ့် မဖတ်ရသေးတော့ ဘာတွေပါမလဲဆိုတာကိုလည်း သိချင်ဇောဖြစ်နေခဲ့ပါတယ်။ ဒါနဲ့ ပါတီမဝင် ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ကို အတန်အတန်ကြိုးစားပေမယ့် အခြေအနေအရတွေ့ခွင့် မသာခဲ့ပါဘူး။ အဘဦးထွန်းတင်၊ ဆရာဦးဝင်းတင်၊ ဆရာမောင်ကိုယု၊ ဆရာတင်မိုး၊ ဆရာမောင်ဝံသ စသူတွေနဲ့ ရုံးချုပ်ကိုသွားတိုင်းတွေ့ရတတ်ပေမယ့် မယ်မယ်ရရစကားပြောချိန်တော့မရခဲ့ပါဘူး။ သူတို့ခမျာ လည်း အလုပ်တွေများကပြီး အားချိန်နားချိန်တောင် အနိုင်နိုင်ဖြစ်နေကြရရှာတာပါ။ အလုပ်မအားတဲ့ကြား ကပဲ ဗိုလ်မှူးကြီးဟောင်းဗထွေးကတော့ အချိန်ပေးပြီးလက်ခံစကားပြောလို့ သူပြောတာတွေနားထောင်ဖြစ် ခဲ့သလို ကျနော် ဘာ့ကြောင့် နိုင်ငံရေးလုပ်ရတယ်ဆိုတာ သူ့ကိုရှင်းပြနေချိန်မှာ ဂရုတစိုက်နားထောင်ရင်း သူ့မျက်လုံးအစုံမှာ ကျလုဆဲဆဲမျက်ရည်တွေဝိုင်းနေခဲ့တာကိုလည်း အောက်မေ့နေမိပါသေးတယ်။ ဦးဗထွေးဟာ လူငယ်တွေကြားမှာ အဘဦးကြည်မောင်နည်းတူ ချစ်ခင်လေးစားခံရသူလို့ ထင်ပါတယ်။ 

ဒီလိုနဲ့ လောလောဆယ် ဝင်တော့ထားလိုက်မယ်၊ ဘာမှတော့မလှုပ်ရှားသေးဘူး၊ တွေ့ခွင့်သာတော့တွေ့ တာပေါ့လို့သဘောပိုက်ပြီး အင်န်အယ်လဒီဝင်ဖြစ်သွားပါတယ်။ ကျနော်ပါတီဝင်မယ်ဆိုတော့မှ ကျနော်တို့မြို့ ကလေးမှာ ပါတီဝင်ဖြစ်နှင့်ပြီးသားလူတွေ မနည်းပါလားဆိုတာလည်းသိလာရပါတယ်။ အောက်ခြေထုပါတီ ဝင်တွေကြားမှာ အများစုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်င်အယ်လ်ဒီအပေါ်အားကိုးယုံကြည်မှု နဲ့ဖြစ်ပေမယ့် တချို့ကတော့ ဘုမသိဘမသိ ဝင်လာကြတယ်လို့ထင်ပါတယ်။

အဲသလိုပြောရတာမှာ အကြောင်း ၂ ချက်ရှိပါတယ်။ တချက်က မဆလတစ်ပါတီအုပ်ချုပ်ရေးပုံစံမှာလို ပါတီဝင်တွေဟာ ပါတီဝင်မဟုတ်သူတွေထက်ပိုပြီး ရပ်ထဲရွာထဲမှာမျက်နှာသာအပေးခံရမယ်၊ ရပ်ရွာအုပ် ချုပ်ရေးအပိုင်းတွေမှာပါလာကြမယ်လို့ ထင်မှတ်မှားခဲ့ကြတာမျိုးတွေ၊ တခုခုပြဿနာတက်လာရင်လည်း ပါတီရဲ့အကာအကွယ်ရမှာပဲလို့ ချော်တွေးမိတာတွေအပြင် အခြားတွက်ဆမှုတွေလည်းရှိ ကြမယ်ထင်ပါတယ်။ နောက်တချက်က အင်န်အယ်လ်ဒီပါတီရဲ့ မြို့နယ်အဆင့်ဆော်သြသူဖြစ်ရေးနဲ့ဆိုင်ပါတယ်။ ဖွဲ့စ အချိန်က မြို့နယ်တို့၊ ရပ်/ကျေးတို့မှာ စည်းရုံးရေးကော်မတီဆိုတာတွေ မရှိကြသေးပါဘူး။ ဆော်သြသူများဆိုတာနဲ့ စုဖွဲ့ကြရတာဖြစ်ပါတယ်။ ဆော်သြသူတယောက်ဖြစ်ဖို့ဆိုရင် ပါတီဝင်ဘယ်ရွေ့ဘယ်မျှစည်းရုံးပေးရမယ် ဆိုတာရှိပါတယ်။ ဒီတော့ ဆော်သြသူဖြစ်ရေးအတွက် ပါတီဝင်စည်းရုံးစုဆောင်းပေးနိုင်ရေးဟာ မဖြစ်မနေ လုပ်ရမယ့်ကိစ္စဖြစ်လာပါတယ်။ ဒီမှာတင် အပြိုင်အဆိုင်စည်းရုံးကြ၊ ဆော်သြကြရင်း အောက်ခြေထုပါတီ ဝင်တွေထဲမှာ သဏ္ဍန်စုံလူစုံပေမယ့် တက်မစုံရွက်မစုံတဲ့ပါတီဝင်တွေတိုးပွားပြီး အခြေတည်မိလာတယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးနဲ့ခတ်ခွာခွာနေကြတာထက်စာရင် ထိစပ်နေတာဟာ ကောင်းတဲ့ သဘောပဲလို့တော့ ကျနော်တွေးမိပါတယ်။

ဒါက အောက်ခြေထုသာမန်ပါတီဝင်တွေအပိုင်းဖြစ်ပြီး နောက်တပတ်မှာတော့ မြို့နယ်အဆင့်ဆော်သြသူတွေ စုဖွဲ့မိဖို့လုပ်ကြတဲ့အခါမယ် ကြုံခဲ့ရတဲ့အခြေအနေတွေနဲ့ ကျနော့်အမြင်လေးတွေကို ဆက်ပြီးတင်ပြသွားမှာဖြစ် ပါတယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။

Tuesday, December 27, 2011

ကွန်ကရစ်မြို့တော်(ပန်ဒိုရာ)

0 comments

ကွန်ကရစ်မြို့တော်
တစ်နာရီ ခြောက်ဆယ်မိုင်လျော့လျော့မှာ
မအိပ်ငိုက်အောင်ဖြစ်စေ အိပ်မငိုက်အောင်ဖြစ်စေ
သတိပေးစာတမ်းကိုနာခံလျက် အသက်ကိုမြတ်မြတ်နိုးနိုးထုပ်ပိုးကာ
ဘာ့ကြောင့်ရပ်ရပ် လမ်းဘေးချရပ်ရင်း အလျင်လိုသူများအနေဖြင့်
လမ်းအိုကိုသာလိုက်သင့်သော ခရီးအဆုံးမှာမြင်လေရာရာ
ဟာခနဲ ဟင်ခနဲ ကမ္ဘာမှားသလား ဂြိုဟ်မှားသလား ခရမ်းပြာလဲ့လဲ့ မီးလုံးမီးစုန်းတွေ အဆန်းတကြယ် ပလတ်စတစ်ပန်းရောင်စုံတို့ဝန်းရံခနေသော
ပဒုမ္မာ ကုမုဒြာကြာပန်းများလည်း လန်းစွင့်လျက်
ဘိလပ်မြေ ဘိလပ်ရည်များ လိမ်းကျံသည့် ကျက်သရေဆောင်လမ်းမရှည်များ
စည်းကမ်းတကျ လေးထောင့်ကွက်ကျ မဟာဆန်ဆန်
ပါဠိပုံဆောင်ခဲမြို့ငယ်များ အရာတော်မြေချ အိမ်ကြီးကနားတို့ဖြင့်
တုတ်တုတ်ပင်မလှုပ် လူသူဆူပူကင်းဝေး ဆိတ်ငြိမ်ပိပြားလျက်
အခြေချစိတ်နှင့်ခန္ဓာ ထပ်တူရွေ့လျားကြသူများမှတပါး
အင်္ဂါရပ်များအားလုံးနှင့်အညီ ပြီးပြည့်စုံခြင်းဟာ
ကျိုးနွံခယ ဦးချချင်စရာ ညနက်နက်မှာ လထွက်ခါမှ
ရုပ်တုကြီးများ အသက်ဝင်လာမလား သောသောညံညံ
မြို့သူမြို့သားတို့စည်ကားပျော်ပါး ရောင်းဝယ်ဖောက်ကားကြ
မနက်မိုးလင်းမှ အလျှိုလျှိုပျောက်ကွယ်သွားကြလေသည်ဆိုသော
ဒဏ္ဍာရီထဲကအဖြစ်မျိုးလား ရူးနှမ်းချောက်ချားအတွေးပွားမိ
နောင်အနှစ်တစ်ထောင်ခန့်အကြာ ပိဋကတ်သုံးပုံကိုဆောင်ကြဉ်း၍
ဘုရားကျောင်းကန် စေတီပုထိုးများတည်ထားစေခဲ့သော
သာသနာ့ဒါယိကာ မင်းမြတ်အနော်ရထာ၏
ဘုန်းတော် ကံတော် ဥာဏ်တော်ပွင့်လင်း အံ့ဘနန်းဖြစ်လှပါဘိခြင်းလို့
ပုဂံမြို့ဟောင်းမှာ ကမ္ဘာလှည့်ခရီးသွားတို့ရင်သပ်ရှုမောရသလို
မှတ်တမ်းများ မှတ်ရာများ အမှတ်သည်းခြေများဖြင့်
အသင်္ချေအသင်္ချာ သင်္ချာတွက်ထုတ်
အလုပ်ရှုပ်ကြရပေလိမ့်မလားလို့လည်း မရဲတရဲစိတ်ကြီးများပင်ဝင်ခဲ့မိ
ကမ္ဘာ့အကျယ်ဆုံးလမ်းမကြီးတစ်စင်းထိပ်ဝယ် ညီလာခံသဘင်များလည်း
ရက်သတ္တပတ်လုံး နှစ်ဆယ့်လေးနာရီ အလင်းရောင်မပြတ်
ဝှဲချီးကျင်းပလျက် အမှန်အကန်တည်ရှိ ကိုင်တွယ်၍ရခြင်း အကောင်အထည်
ရုပ်အားဖြင့် ဒု ဗြက် တိတိတိကျရှိခြင်း သိပ်သည်း ကြမ်းရှ ကျစ်လျစ်
မာကြော ကြံ့ခိုင် ထူထဲ မြဲမြံခြင်း စသည့် ဂုဏ်သတ္တိများ
အထူးထူးအပြားပြားဖြင့် ကွန်ကရစ်မြို့တော်။

ပန်ဒိုရာ
-.၁၂.၂၀၁၁
ရေးတာက ပန်ဒိုရာ
သရုပ်ဖော်က ကိုထိုက်
ယူတာကဒီနေရာ http://www.kaungkin.com/index.php?option=com_content&view=frontpage&Itemid=53