Tuesday, December 6, 2011

(Facebookအကြောင်းတွေးမိရာက တောင်ခြစ်မြောက်ခြစ်) မျိုးမြင့်ချို

1 comments

(Facebook အကြောင်းတွေးမိရာက တောင်ခြစ်မြောက်ခြစ်)
အမှတ်မမှားဘူးဆိုရင်
ဖေ့စ်ဘွတ်ခ်မသုံးဘူးလားလို့
ဦးဦးဖျားဖျားမေးခဲ့သူက
ဟိုင်း…ဆိုတဲ့အာလုပ်သံ
စင်္ကြာတံဆိပ်အလံတော်နဲ့
အပြာရောင်မြေကမ္ဘာကို
ကြမ္မာငင်စေခဲ့သူတချို့
ဓါးထက်ခဲ့တဲ့အရပ်မှာ
ဒဏ်ချက်တွေ တပွေ့တပိုက်နဲ့
မပျော်မပိုက် နေ နေရသူပဲဖြစ်မယ်။

ဒါနဲ့
ကျနော်လည်း
အကောင့်တခု
ကောက်ကာငင်ကာ ဖွင့်ချလိုက်တယ်

ဟုတ်တယ်
သူပြောသလိုပဲ
တွေ့ရသူတွေထဲမှာ
တွေ့ချင်တဲ့သူတွေရော
မေ့ချင်တဲ့သူတွေပါ ပါတယ်။

ဘာပဲဖြစ်ဖြစ်
မချစ်မနှစ်သက်သူနဲ့
ကွေကွင်းလို့ ရလို့
ချစ်နှစ်သက်သူနဲ့လည်း
စိတ်ချင်းနှောလို့ ရလို့
ဒုက္ခအမှတ် ထင်မရသေးဘူး ဆိုရမယ်။

တကောင်တည်းပဲ
ဒါပေမယ့် ခြင်္သေ့ရော
ခြင်္သေ့တော့ခြင်္သေ့
ဒါပေမယ့် တကောင်တည်းရော
မြက်မစားတဲ့ ခြင်္သေ့ရော
တွေ့တယ်

ကြောင်သူတော်ရော
ကြောင်စုံးရော
ကြောင်လက်သည်းရော
ကြောင်မိုက်ရော ကြောင်လိမ္မာရော
တွေ့တယ်

ယုန်သူငယ်ရော
ယုန်ထင်ကြောင်ထင်ရော
သက်ကယ်ရိပ်သွားတဲ့ယုန်ကလေးရော
နှာစေးနေတဲ့ယုန်ကလေးရော
တွေ့တယ်

ကျားနာရော ကျားရဲရော
ကျားစဉ်းလဲရော ကျားလိုရဲသူရော
ကျားကွက်ရွှေ့သူရော
ကျားရှေ့မှောက်လျက်လဲသူရော
တွေ့တယ်

ချိုသွေးတမြမြရော
ခြုံငြိသွားတဲ့ ချိုရော
ထောင်နေတဲ့ချိုရော
ကျိုးကျသွားတဲ့ချိုရော
တွေ့တယ်

ဒေါင်းရော
ကျီးရော
ကျီးယောင်ယောင် ဒေါင်းယောင်ယောင်ရော
ဒေါင်းတို့ကလည်း လက်မခံ
ကျီးတို့ကလည်း လက်မခံရော
တွေ့တယ်။

ဘာဖြစ်ဖြစ် တွေ့သမျှအာရုံမှာ
မွေ့လျော်နေမိတုန်းပဲ
လောက် ဆိုလည်း မစင်ပုံမှာပျော်တယ်
ပုလင်းတူဗူးဆို့ ဆိုလည်း
ခွက်လှည့်သောက်တော့ အာမခြောက်ဘူး
သူတော်ချင်းချင်းဆိုလည်း
သတင်းလွေ့လွေ့ လှေ့ကြတာပေါ့

တောနက်ကြီးထဲဝင်ရတာနဲ့ မတူပဲ
စုံနံ့သာမြိုင်ရှာပုံတော်နဲ့ မတူပဲ
မှော်ရုံတောနဲ့ မတူပဲ
ဆင်စမ်းတဲ့ပုဏ္ဏားတွေနဲ့ မတူပဲ
ကျား..ကျား မီးယပ်တွေနဲ့ မတူပဲ
ဒွာယ ၃ ပေါက်ပိတ်မျောက်တွေနဲ့ မတူပဲ
တူတာတွေတွေ့တဲ့အခါ Share
ကြိုက်တာတွေ့ရင် Like
မကြိုက် အကြိုက်ကို Comment ပေး
စိစစ်ရေးမှမရှိတာ။

စာပေ၊ သမိုင်း၊ အနုပညာ၊ ယဉ်ကျေးမှု၊
နိုင်ငံရေး၊ ဒဿန၊ အလှအပ၊ ဘာသာရေး၊ စစ်ပွဲ၊
ကဗျာ၊ အချစ်၊ အမုန်း၊
လူနဲ့ဆိုင်တဲ့အရာမှန်သမျှ
စီးဆင်းနေကြတာကိုက
စီးဆင်းနေရတာကိုက
စီးဆင်းနေကြရတာကိုက
စီးဆင်းခွင့်ရနေကြတာကိုက
လှလှပပ ရသပဲမဟုတ်လား
လှပေ့စေပေါ့။

မြစ်ဆုံကိုချစ်ရုံနဲ့တင်မရလို့
ဂန္ဓာလရာဇ်အရေး ဆွေးနွေးလာကြ
သွေးနွေးလာကြ နွေးထွေးလာကြ
တချို့ သွေးရိုး
တချို့ သွေးထိုး
တချို့ သွေးပူ
တချို့ သွေးဆူ
ဧရာဝတီကိုချစ်ရာမတော့ သွေးတူသံကြားရ။

ဘီဘီစီနဲ့ရိုဟင်ဂျာအရေး
တွေးတွေးဆဆတုန့်ပြန်ကြသူတွေကြားမှာ
ရိုဟင်ဂျာဆိုတာ ဘင်္ဂါလီ
ဘင်္ဂါလီဆိုတာ ဘင်္ဂလားဒေ့ရှ်မှာနေရမယ်..လို့
အန်ကယ်လ်ဆမ့်ရှေ့မှောက် 
ဒုက္ခကိုဒူးထောက်လာတဲ့
ဗမာပြည်သားတယောက်ရဲ့ 
ရဲရဲတောက်ကြွေးကြော်သံလည်းကြားရ။

တင်ရေး/မတင်ရေး
ဝင်ရေး/မဝင်ရေး
ရှေ့ရေး/နောက်ရေး
မချစ်ရင် ပြောစရာမရှိဆိုပြီး
ချစ်စရာကို ခြေရာကောက်ရင်း
အချင်းချင်းခလုပ်တိုက်မိ
ခြေနင်းမိ ခြေထိုးမိ
ခြေရာတိုင်းမိ ခြေဖျားထောက်မိ
ခြေလွန်လက်လွန်ဖြစ်မိ
ခြေမကိုင်မိ လက်မကိုင်မိ
ခြေသိမ်းခေါင်းပိုက်ဖြစ်မိတွေလည်း ရှိရဲ့။

ဘာပဲဖြစ်ဖြစ်ပါ
စစ်တိုက်တာလည်း လူ
ငြိမ်းချမ်းရေးတည်ဆောက်တာလည်း လူ
သေဆေးဖော်တာလည်း လူ
မသေဆေးရှာတာလည်း လူ
လက်စားချေတတ်တာလည်း လူ
ခွင့်လွှတ်ကြေအေးတတ်တာလည်း လူ
အတင်းပြောတာလည်း လူ
သတင်းပြောတာလည်း လူ
သီလ ၅ ပါးစောင့်တာလည်း လူ
အာရုံ ၅ ပါးနဲ့ပျော်မွေ့တာလည်း လူ
ပြောရင် လူဟာ လူပါပဲ
လူဟာ လူထက်ပိုတယ်လို့ 
ကိုယ့်ကိုယ်ကိုထင်မိရင်
လူမဆန်တော့ဘူးမဟုတ်လား
လူမစစ်တော့ဘူးမဟုတ်လား
လူဆန်ချင် 
လူစစ်ချင်လို့မဖြစ်တော့ဘူး မဟုတ်လား။

တယောက်က တခါကမေးဖူးတယ်
Facebook ကို ဘာလို့သုံးတာလဲ..တဲ့။
ကိုယ့်ကိုယ်ကိုကြော်ညာဖို့ ကြေငြာဖို့နဲ့
သူများ ကြော်ညာတွေ 
ကြေငြာတွေဖတ်ချင်လို့ပါဆိုတော့..
တော်တော်ပေါက်ပေါက်ရှာရှာ
ပြောတတ်တဲ့လူပါလား..တဲ့
ကျနော်ကျေနပ်သွားပါတယ်
သူက
ကျနော့်ကို
လူ လို့ သတ်မှတ်တာကိုး။

တယောက်က တခါပြောဖူးတယ်
Facebook ကို ဘယ်လိုဘာသာပြန်ရင်ကောင်းမလဲ..တဲ့။
Television ကို ရုပ်မြင်သံကြားလို့
Aeroplain ကို လေယဉ်ပျံလို့
လှလှပပ ဘာသာမပြန်တတ်တဲ့အတူတူ
ကျနော်တော့ မပြန်ဘူး
Facebook ကို ဖေ့စ်ဘွတ်ခ်လို့ပဲ ခေါ်တယ်ဆိုတော့..
တော်တော်ညံ့တဲ့လူပါလား..တဲ့
ကျနော် ကျေနပ်ရပြန်တယ်
ဒီတခါလည်း
ဒီ လူ က
ကျနော့်ကို
လူ လို့
သတ်မှတ်လိုက်တာကိုး။

(ဘာရယ် မဟုတ်ပါဘူးဗျာ..Facebook အကြောင်းတွေးမိရင်း
တွေးမိတွေးရာတွေတွေးပြီး ရေးမိရေးရာတွေရေးချလိုက်တာပါပဲ)
မျိုးမြင့်ချို ဒီဇင်ဘာ ၆ ရက် ၂ဝ၁၁

1 comments:

  • March 19, 2012 at 11:30 AM

    ရှဲ သွားပြီဦးမျိုးမြင့်ရေ။
    နောက်ထပ်လည်း မများကြီးခံစားနိုင်၊ရေးနိုင်ပါစေဗျာ။
    ဖတ်ချင်လို့ပါ
    (ကျော်သူရ)

Post a Comment