Sunday, December 11, 2011

ပုဂံမတိုင်မီမြန်မာအစနှင့် သမိုင်းထင်ရှားမင်းမြတ်ကိုးပါး(၉)

0 comments

ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး(၉)
မင်းမြတ်ဘုရင့်နောင် (အတွဲ-ဘုရင့်နောင်အကြောင်းကို ရေးသားပြု စုတော့မယ်ဆိုတော့ ကမ္ဘာသမိုင်းမှာ အလွန်ထင်ရှားကျော်ကြားခဲ့တဲ့ စစ်ဘု ရင်ကြီးနှစ်ဦးကို သွားပြီးသတိရမိတယ်။ သူတို့က တိုက်တိုင်းအောင် သူရဲ ကောင်းစစ်ဘုရင်ကြီးတွေပါ။ အလက်ဇန္ဒားနဲ့ ဂျင်ဂျစ်ခန်တို့ပဲ ဖြစ်ပါတယ်။ သူတို့အကြောင်းတွေကို စာရေးသူ အသက် ဆယ့်လေးငါးနှစ်သားလောက် ကစဖတ်ခဲ့ရပြီး အခုထိလည်း သတိရနေတုန်းပါ ပဲ။ စစ်ရေးစစ်ရာမှာ အံ့သြ စရာကောင်းလောက်အောင်တော်တဲ့ စံပြပုဂ္ဂိုလ်တွေပါ။ နိုင်ငံတကာ ကမ္ဘာသမိုင်းစာမျက်နှာတွေပေါ်မှာ ပြန်ကြည့်ရင် တိုက်တိုင်းအောင်စစ်ဘု ရင်ဆိုတာက အလွန်ရှားပါတယ်။ ရှုံးချည်တစ်ခါ၊ နိုင်ချည်တစ်လှည့်ဆိုတာတွေကပဲများပါတယ်။

ဒီလိုပုဂ္ဂိုလ်မျိုးပါပဲ။ တိုက်တိုင်းအောင်သူရဲကောင်းစစ်ဘုရင်ဆိုတာ မြန်မာ့သမိုင်းမှာလည်း ရှိခဲ့ပါတယ်။ ရှားရှားပါးပါးပဲ။ သူကတော့ မြန်မာရာဇဝင်ကျမ်းအစောင်စောင်မှာ နေရာအများဆုံးပေးဖော်ပြခံခဲ့ရတဲ့ ဟံသာဝတီဆင်ဖြူများရှင်မင်းတရားကြီးလို့လည်းသိကြတဲ့ ဘုရင့်နောင်ပဲဖြစ်ပါတယ်။

ဘုရင်တပင်ရွှေထီး တောင်ငူနန်းကိုရတဲ့အချိန်ကစပြီး တပင်ရွှေထီးအလွန်အားကိုးအားထားပြုရတဲ့ပုဂ္ဂိုလ် အနေနဲ့ ကိုယ်တိုင်ဆိုတာလို စစ်ပွဲတွေကိုဦးဆောင်ဆင်နွှဲလာလိုက်တာ ဘုရင်ဖြစ်လာတဲ့အချိန်တိုင်အောင် မရပ်မနားဆိုတာလိုပါပဲ။ ရှုံးပွဲမရှိတဲ့ အောင်ပွဲတွေအလီလီနဲ့ ဒုတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်တော်မူနိုင်ခဲ့တဲ့ စစ်မှူးထိပ်ခေါင်သူရဲကောင်းမင်းမြတ်ပဲဖစ်ပါတယ်။ လေးစား စံပြုအတုယူအား ကျကြရမယ့် မြန်မာတွေရဲ့ကျေးဇူးရှင်မင်းမြတ်လို့လည်း ဆိုရပါလိမ့်မယ်။

ရေးရရင် ဘုရင့်နောင်ဟာ သူရဲကောင်းမင်းမြတ်အဖြစ် ကြီးမားလှတဲ့ဂုဏ်သတင်းတွေနဲ့ အဲဒီအချိန်က အရှေ့တောင်အာရှမှာ အထင်ရှားအကျော်ကြားဆုံး မင်းလည်းဖြစ်တယ်။ ထိုင်း (ယိုးဒယား) နိုင်ငံမှာဆို ထိုင်းတွေက သူတို့ရဲ့စာအုပ်တွေမှာ စကြဝတေးမန္ဓာတ်မင်းကြီး (စကြာရတနာရရှိ၍ လေးကျွန်လုံးကိုအစိုး  ရသောမင်း) လို့ ဘုရင့်နောင်ကို ဂုဏ်တင်ပြီးရေးသားခဲ့ကြတယ်။ ယိုးဒယားကို ဘုရင့်နောင် () ကြိမ်တိုင် တိုင် အောင်တော်မူခဲ့ပေမယ့် ဘုရင့်နောင်ကိုကျတော့ မမုန်းတီးကြဘဲ လေးစားကြည်ညိုချစ်ခင်ခဲ့ကြတယ်။

ဒီကနေ့အချိန်ထိ သူတို့ထိုင်းလူမျိုးတွေ မြန်မာနိုင်ငံကိုရောက်လာခဲ့ကြရင် ပဲခူးမြို့က ဘုရင့်နောင်ရဲ့ ကမ္ဗောဇ သာဒီနန်းတော်ကိုသွားပြီး လေ့လာကြတယ်။ ပြီးတော့ ဘုရင့်နောင် နန်းတင်ပေးခဲ့တဲ့ ယိုးဒယားဘုရင် စော်ဘွား သောင်ကြည်ရဲ့သမီးတော်၊ ယိုးဒယားတွေရဲ့ သူရဲကောင်းဘုရင် ဖရနရေဆုအင် (ဗြနရာဇ်) ရဲ့ အစ်မတော်ဖြစ်တဲ့ ပိဿလောက်မင်းသမီး ဆုပန်ကလျာဆိုတာကလည်း ဘုရင့်နောင်မြတ်နိုးတော်မူတဲ့ ဘုရင့်နောင်ရဲ့မိဖုရားဖြစ်တယ်။ ဖရနရေဆုအင် ဆိုတာကလည်း ငယ်စဉ်ကလေးဘဝကတည်းက ဘုရင့်နောင်က ဟံသာဝတီကိုခေါ်လာခဲ့ပြီး ချစ်တော်မူလို့ မွေးစားသားလိုထားတာ ခံခဲ့ရသူဖြစ်တယ်။ စစ်မူစစ်ရေးဆိုင်ရာ မင်းတို့တတ်အပ်တဲ့ပညာတွေကို ဘုရင့်နောင်ကသင်ကြားပေးခဲ့လို့ ဘုရင့်နောင်ကို ဖခင်သဖွယ်လေးစားချစ်ခင်ခဲ့သူလို့ ဆိုပါရစေ။ သူတို့နိုင်ငံမှာ ဘုရင့်နောင်အကြောင်းကို ဟံသာဝတီခေတ် ယိုးဒယား မြန်မာဆက်ဆံရေးကိုအခြေခံပြီး ရုပ်ရှင်အနေနဲ့လည်း ရိုက်ကူးခဲ့ကြတာကိုတွေ့ရတယ်။

ဘုရင့်နောင်လက်ထက်မှာ ဟံသာဝတီကို နိုင်ငံခြားသားတွေရောက်လာတာမှာ ပေါ်တူဂီလူမျိုးတွေနဲ့ဆက် ဆံရပြီး သူတို့တွေက ဘုရင့်နောင်ကိုလေးစားခဲ့ကြသလို သူတို့ရဲ့ ပေါ်တူဂီမှတ်တမ်းတွေမှာလည်း ချီးကျုးရေး သားခဲ့ကြတယ်။ တရုတ်ပြည်မှတ်တမ်းတွေမှာလည်း ဘုရင့်နောင်ရဲ့ စွမ်းဆောင်ချက်တွေနဲ့ပတ်သက်ပြီး ချီးကျုးရေးသားထားတာကိုတွေ့ရတဲ့အတွက် မြန်မာတွေအနေနဲ့ ဂုဏ်ယူစရာလို့ဆိုရမှာဖြစ်တယ်။

ဘုရင့်နောင်ဟာ လက်ရုံးရည်၊ နှလုံးရည်တွေနဲ့ပြည့်စုံသလို ပညာရည်ဖြစ်တဲ့ ကျိုးကြောင်းမြော်မြင်နိုင် မှုတွေနဲ့လည်း ပြည့်စုံတဲ့ပုဂ္ဂိုလ်ပါ။ မိမိရဲ့ ကျေးဇူးရှင်အရှင်သခင်ဖြစ်တဲ့ ဘုရင်ရွှေထီးအပေါ်မှာ ကျေးဇူးသစ္စာ သိသူဖြစ်တယ်။ အာဏာပလ္လင်ကိုမတွယ်မမက်ဘဲ ဖောက်ပြန်ခြင်းကင်းပြီး ကောင်းမြတ်တဲ့ စာရိတ္တခိုင်တည် တဲ့ ယောင်္ကျားကောင်း ယောက်ျားမြတ်လို့လည်း ဆိုရပါမယ်။

ဘုရင့်နောင်ကို မွေးလာတာကတော့ ကေတုဝတီ (တောင်ငူ) မှာပဲ ဖြစ်တယ်။ ဖခင်က မင်းကြီးဆွေဖြစ်ပြီး မိခင်ဖြစ် သူကတော့ တုရွင်းတိုင်းရွာသူ ရှင်မျိုးမြတ်ဖြစ်တယ်။ တချို့သမိုင်းပညာရှင်တွေကတော့ ပုဂံညောင် ဦးမြို့နယ်က တောင်ဆင်းရွာသူ ခင်မျိုးမြတ်လို့လည်း ရေးကြတယ်။ ဘုရင့်နောင်က တပင်ရွှေထီးလို မင်းမျိုး ထဲကမဟုတ်ဘူး။ ငယ်စဉ်က ရှင်ရဲထွတ်ဖြစ်တယ်။ သူ့ကို သက္ကရာဇ် (၈၇၇) ခုနှစ်၊ တပို့တွဲလဆန်း (၁၂) ရက်၊ ဗုဒ္ဓဟူးနေ့မှာ မွေးတယ်။ တပင်ရွှေထီးထက် သုံးလကြီးတယ်။

သူ့ဖခင်က တပင်ရွှေထီးရဲ့အထိန်းတော်ကြီးဖြစ်ပြီး မိခင်ကတော့ တပင်ရွှေထီးရဲ့နို့ထိန်းကြီးဖြစ်ပါတယ်။ တပင်ရွှေထီးရဲ့ခမည်းတော် ဘုရင်မင်းကြီးညိုက သူတို့မိသားစုကို နန်းတော်ဝင်းထဲမှာ တပင်ရွှေထီးနဲ့ အနီးကပ်ဆိုတာလို နေထိုင်စေတယ်။

ဒါကြောင့် ငယ်ရွယ်စဉ်ကလေးဘဝကတည်းက နို့စို့ဖက်ဖြစ်ကြတဲ့ တပင်ရွှေထီးနဲ့ ဘုရင့်နောင်ဖြစ်လာမယ့် ရှင်ရဲထွတ်တို့ဟာ ညီနောင်နွယ်ရင်းလို ချစ်ခင်ခဲ့ကြတယ်။ တပင်ရွှေထီးက ရှင်ရဲထွတ်ရဲ့ညီမ ခင်ဘုန်းကို သံယောဇဉ်ဖြစ် ချစ်ခဲ့သလို၊ ရှင်ရဲထွတ်ကလည်း တပင်ရွှေထီးရဲ့အစ်မတော် သခင်ကြီးကို မြတ်နိုးကျွမ်း ချစ်ခဲ့တယ်။ တပင်ရွှေထီး ဘုရင်ဖြစ်လာတော့ ခင်ဘုန်းကိုမိဖုရားမြှောက်ခဲ့သလို၊ ရှင်ရဲထွတ်ဆိုတဲ့ ဘုရင့်နောင် မင်းဖြစ်လာတော့လည်း သခင်ကြီးကိုပဲ မိဖုရားမြှောက်ခဲ့တယ်။ တပင်ရွှေထီးဟာ ဘုရင့်နောင် ဖခင် မင်းကြီးဆွေကိုလည်း ဖခင်ရင်းလိုချစ်ခင်ခဲ့တဲ့အတွက် သူမင်းဖြစ်လာတဲ့အခါမှာတော့ ကေတုမတီ (တောင်ငူ) ကို အုပ်ချုပ်ဖို့ နှင်းအပ်ခဲ့တယ်။

တပင်ရွှေထီးလက်ထက်မှာ ဘုရင့်နောင်ကိုစပြီး ကျော်ကြားစေခဲ့တာကတော့ နောင်ရိုးတိုက်ပွဲပဲဖြစ်တယ်။ ဒီတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး အလေးထားမှတ်သားစရာတွေ၊ စံပြုစရာတွေ ပါနေတာမို့ ဒီနေရာမှာ နောင်ရိုး တိုက်ပွဲအကြောင်းကို ရေးချင်ပါတယ်။

ဒီတိုက်ပွဲဟာ တပင်ရွှေထီးလက်ထက်၊ ဟံသာဝတီကိုသိမ်းယူပြီး () လကျော်အကြာမှာ ဖြစ်တယ်။ ဟံသာ ဝတီဘုရင် သုရှင်တကာရွတ်ပိက ဟံသာဝတီကနေပြည်ကထွက်ပြေးပြီး ပြည်ဘုရင်နဲ့ပူးပေါင်းကာ ဟံသာဝတီကိုပြန်သိမ်းဖို့ကြံပါတယ်။ အဲဒါကြောင့် တပင်ရွှေထီးက ကြည်းကြောင်း၊ ရေကြောင်းနဲ့ ပြည်ကို တိုက်ဖို့ချီပါတယ်။

ရှေ့ဆုံးကနေ တိုက်ဆင် (၅၀) စစ်မြင်း (၅၀၀) စစ်သည် (၁၀၀၀၀) ဆင်စီးအမတ် () ကျိပ်နဲ့ ကြည်းကြောင်းချီတပ်ကိုဦးဆောင်သွားတဲ့ ဘုရင့်နောင်ဟာ နောင်ရိုးချောင်းကိုရောက်တဲ့အခါမှာ တပ်စခန်း ခဏချပါတယ်။ ဒီနေရာမှာရေးချင်တာက နောင်ရိုးချောင်းရှိတဲ့နေရာကိုပါပဲ။ အရင်တုန်းကတော့ သမိုင်းမှာ ထင်ရှားတဲ့ နောင်ရိုးတိုက်ပွဲဖြစ်ခဲ့တဲ့နေရာကို ဘယ်သူမှ တိတိကျကျမပြောနိုင်ခဲ့ပါဘူး။ အခုတော့မှ ပညာ ရှင်တွေ သုတေသနပြုလေ့လာချက်အရ နောင်ရိုးချောင်းဟာ အိမ်မဲမြို့နယ် (ရိုးကြီး) မှာ ရှိခဲ့တယ်ဆိုတာသိရ ပါတယ်။

ရေးရရင် နောင်ရိုးချောင်းရဲ့တဖက်ကမ်းမှာ ဗညားဒလနဲ့မင်းရဲအောင်နိုင်တို့ဦးဆောင်တဲ့ သုရှင်တကာရွတ်ပိရဲ့ တပ်တွေရှိပါတယ်။ စစ်အင်အားက တိုက်ဆင် (၂၀၀) ကျော်၊ စစ်မြင်း (၈၀၀) ကျော်၊ စစ်သည်က (၈၀၀၀၀) ခန့်ရှိတဲ့အတွက် ရန်သူတပ်က ဘုရင့်နောင်ရဲ့တပ်ထက် ဆင်တပ်အင်အား () ဆ၊ မြင်းတပ်အင်အား () ဆ၊ စစ်သည်အင်အား () သာနေတာကို ဘုရင့်နောင် စုံစမ်းသိရှိရပါတယ်။

စစ်အင်အားချင်းမမျှ၊ ရန်သူ့တပ်က သူ့တပ်ထက်အင်အားများနေတာသိရပေမယ့် ဘုရင့်နောင်ဟာ စိုးရွံ့တာ တို့၊ တုန်လှုပ်တာတို့မဖြစ်ဘဲ၊ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီး သူ့တပ်တွေကို ဖောင်တွေဖွဲ့ကာ နောင် ရိုးချောင်းတဖက်ကို အမြန်ကူးစေပါတယ်။

ချောင်းတဖက်ကိုရောက်သွားတဲ့အချိန်မှာပဲ တပင်ရွှေထီးထံကငါမရောက်သေးသမျှ စစ်ကိုမတိုက်ဘဲ ငါ့ကိုစောင့်နှင့်ဦး၊ ငါရောက်မှ ငါကိုယ်တော်တိုင် ရန်သူကိုချေမှုန်းတိုက်ခိုက်တော်မူမည်ဆိုတဲ့ အမိန့် စာရောက်လာပါတယ်။

ဒါပေမယ့် ဘုရင့်နောင်ကအရှင့်ဘုန်းတော်ကြောင့် စစ်ကိုအောင်မြင်ပြီးလေပြီဟုလျှောက်ပါလေ”  လို့ အမိန့်စာပို့လာတဲ့သူကို ပြန်လည်လျှောက်တင်ခိုင်းလိုက်ပါတယ်။ ပြီးတော့မှ အကြံနဲ့ သူ့စစ်သည်တွေကို သူ့တပ်တွေနောင်ရိုးချောင်းကိုကူးလာခဲ့တဲ့ဖောင်တွေအားလုံးကို ဖျက်ဆီးခိုင်းတဲ့အတွက် စစ်သည်တွေ စိုးရိမ်ကုန်ကြတယ်။

ဒီအခါမှာ တပ်မှူးအချို့ကအရှင်သည် စစ်ကိုမတိုက်ရသေးမီကပင် စစ်အောင်မြင်ပြီဟု မင်းတရားအား လျှောက်တင်စေခဲ့၏။ ယခုလည်း ဖောင်များကိုဖျက်စေပြန်လေပြီ။ အကယ်၍ ကျွန်တော်မျိုးတို့ စစ်ရေးမလှ ဘဲရှုံးနိမ့်ခဲ့ပါမူ အားကိုးအားထားပြုရန်ဖောင်များမရှိတော့ပြီဖြစ်သည့်အတွက် မခက်ပါလောလို့ အရဲကိုးပြီး ဘုရင့်နောင်ကို လျှောက်ကြတယ်။

ဘုရင့်နောင်က တင်းမာတဲ့မျက်နှာထားနဲ့သင်တို့အားလုံးတိုက်ပွဲကျော်သူရဲကောင်းများ ဖြစ်ကြပါလျက်နှင့် စိုးရွံ့ကြောက်လန့်နေကြလေသလော၊ သင်တို့အသက်ကို ဤမျှလောက်ပင် ခင်တွယ်နေကြသလော၊ ငါတို့ သည် စစ်ထွက်လာပြီဆိုကတည်းက ငါတို့နိုင်ငံ၊ ငါတို့အရှင်အတွက် ငါတို့အသက်ကို စွန့်လွတ်ခဲ့ကြပြီးဖြစ် သည်။ ယခု ဖောင်များကို ဖျက်ကြသည်မှာလည်း ငါတို့အားလုံး တစိတ်တည်းကိုထားရှိစေရန်ဖြစ်သည်။ ဖောင်များရှိနေ၍ ဖောင်များကိုအားကိုးလျှင် စစ်ရေးစစ်ရာတွင် အနည်းငယ်အရေးမလှယိုယွင်းသည်နှင့် ဖောင်ဆီသို့အရောက်ပြေးကာ ထွက်ပြေးကုန်ကြလိမ့်မည်။ ယခုကဲ့သို့ ဖောင်များမရှိပါမှ နောက်မတွန့်ဘဲ သက်စွန့်ရဲရဲ ကြိုးပမ်းတိုက်ခိုက်လျက် အမှုတော်ကိုထမ်းကြလိမ့်မည်ဖြစ်သည်လို့ ဆိုကာ သူရဲကောင်းတို့ ထားရှိရမယ့်သဘောကို ပြတ်သားစွာမိန့်ကြားလိုက်ပါတယ်။

ဆက်လက်ပြီးတော့လည်းသူရဲကောင်း စစ်သည်တို့..စစ်ပွဲကို မတိုက်ရမီကပင်အောင်မြင်လေပြီဟု မင်း တရားကို ငါလျှောက်ထားခိုင်းခဲ့သည်။ အကယ်၍ အရပ်အနေမသင့်သောကြောင့် ငါတို့ ရှုံးနိမ့်ပါကလည်း မင်းတရားအနေဖြင့် ငါတို့အား အပြစ်တော်တင်လိမ့်မည်ဟု စိုးရွံ့ခြင်းလည်းမဖြစ်ကြပါနှင့်။ စစ်ပွဲတွင်ရှုံးပါလျှင် ငါတို့သည် အသက်ပင်မြဲနေတော့မည်မဟုတ်၍ သေဆုံးပြီးသောသူအား မင်းတရားမည်သို့အပြစ်တော် တင်နိုင်ပါမည်နည်းလို့ ဆိုလိုက်ပါတယ်။

ဒီ့နောက်တော့ ဘုရင့်နောင်ဟာ ရန်သူ့တပ်ကိုအနိုင်တိုက်ရေးအတွက် စစ်ရေးသေနင်္ဂဗျုဟာကို အကွက် ကျကျ စီစဉ်ဆောင်ရွက်ပါတယ်။ လက်ဝဲကြောင်း၊ လက်ယာကြောင်း၊ အလယ်ကြောင်းဆိုပြီး စစ်ကြောင်း သုံးကြောင်းခွဲလိုက်ကာ ဘုရင့်နောင်က စွယ်လမန်အမည်ရှိတဲ့ဆင်တော်ကိုချွန်းဖွင့်ကာ တစ်ဟုန်ထိုးလွှတ်ပြီး ရန်သူ့တပ်ကိုဦးဆောင်တဲ့ဗညားဒလရှိရာကို ဦးတည်တိုက်သလို၊ လက်ဝဲကြောင်း၊ လက်ယာကြောင်း တပ်တွေကလည်း ညာသံပေးကာ ရန်သူတပ်ကိုအတင်းဝင်ရောက် ထိုးခုတ်ပစ်ခတ်တိုက်ခိုက်ကြတယ်။

ဆင်ဆင်ချင်း၊ မြင်းမြင်းချင်းတိုက်ကြတာမှာ စစ်ပွဲဟာပြင်းထန်ပြီး နောက်ဆုံးတော့ ရန်သူတပ်တွေ စစ်ရေးပြို ကာ လေးစုကွဲသွားပြီး ဆုတ်ပြေးရပါတယ်။ ဒီစစ်ပွဲမှာ ဗညားဒလဟာ ဘုရင့်နောင်နဲ့ရင်ဆိုင်မတိုက်ဝံ့တဲ့ အတွက် ဆင်ပေါ် ကဆင်းကာ မြင်းကိုပြောင်းစီးပြီး ထွက်ပြေးသွားရသလို ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မင်းရဲအောင်နိုင်ကတော့ လှံချက်ထိပြီး ဆင်ထက်မှာပဲကျဆုံးသွားခဲ့ရတယ်။

ဒီစစ်ပွဲကိုအောင်နိုင်လိုက်တဲ့အတွက်ကြောင့်ပဲ တပင်ရွှေထီးဟာ ဘုရင့်နောင်ရဲ့ထူးချွန်ထက်မြက်လှတဲ့ စစ်ရေးစွမ်းဆောင်ရည်ကို ကျေနပ်အားရတော်မူပြီးဘုရင့်နောင်ဆိုတဲ့ ဘွဲ့ထူးကိုပေးအပ်ခဲ့တာပဲဖြစ်တယ်။ ဒီနောင်ရိုးတိုက်ပွဲအောင်ပွဲကတော့ မြန်မာရာဇဝင် သမိုင်းကျမ်းအစောင်စောင်မှာ မော်ကွန်းထိုးခဲ့ရတဲ့ သမိုင်းတွင်တဲ့တိုက်ပွဲပဲ ဖြစ်တယ်။ ကုန်းဘောင်ခေတ်က လက်ဝဲသုန္ဒရအမတ်ကြီးအပါအဝင် ပညာရှိစာ ဆိုတွေကလည်း ဒီတိုက်ပွဲကို စကားပြေတွေရော၊ ကဗျာတွေနဲ့ပါမှတ်တမ်းတင်ပြီး ဘုရင့်နောင်ကို ဂုဏ်ပြု ခဲ့ကြတယ်လို့ ဆိုပါရစေ။

ဘုရင့်နောင်ဟာ အသက် (၁၇) နှစ် အရွယ်လောက်ကစပြီး အသက်ကြီးလာတဲ့အချိန်အထိ စစ်ပွဲပေါင်းများ စွာကို ဆင်နွှဲလာခဲ့တဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်။ တပင်ရွှေထီးလက်ထက်မှာ တိုက်ရတဲ့စစ်ပွဲတွေကတော့ ဟံသာ ဝတီစစ်ပွဲ၊ မုတ္တမစစ်ပွဲ၊ ပြည်စစ်ပွဲ၊ ရခိုင်စစ်ပွဲ၊ ယိုးဒယားနဲ့တိုက်ရတဲ့ စစ်ပွဲတွေဖြစ်ပါတယ်။ စစ်တောင်းစား သမိန်စောထွတ်လက် ချက်နဲ့ တပင်ရွှေထီးနတ်ရွာစံတဲ့အချိန်မှာတော့ ဘုရင့်နောင်ဟာ ဒလနဲ့သန်လျင်မှာ ပုန်ကန်ထကြွနေတဲ့ သမိန်ထောရာမကို သွားပြီးနှိမ်နင်းနေရတယ်။ သမိန်စောထွတ်ဟာ သမိန်စက္ကဝေါဆိုတဲ့ အမည်နဲ့ ဟံသာဝတီမှာ မင်းလုပ်တယ်။ တပင်ရွှေထီးလည်းနတ်ရွာစံရော နိုင်ငံတော်အခြေအနေဟာ ဟံသာဝတီနန်းကချုပ်ကိုင်တဲ့ ဗဟိုအာဏာပျက်ယွင်းသွားပြီဖြစ်တဲ့အတွက် သူတစ်လူငါတစ်မင်းဆိုတာလို ဖြစ်ကုန်တယ်။

ဘုရင့်နောင်ရဲ့ညီတော်ဖြစ်တဲ့ သီဟသူကလည်း ဘုရင့်နောင်ကိုအကြောင်းကြားပြီး ဘုရင့်နောင်နဲ့ ပူးပေါင်းရ မယ့်အစား ဟံသာဝတီက လူသူလက်နက်တွေကိုရသမျှစုပြီး တောင်ငူမှာ မင်းခေါင်အမည်နဲ့မင်းလုပ်ကာ ဘုရင့်နောင်အပေါ် သစ္စာဖောက်လိုက်တယ်။ တပင်ရွှေထီးရဲ့အထိန်းတော်တစ်ဦးဖြစ်တဲ့ ပြည်မြို့စား သတိုး ဓမ္မရာဇာကလည်း ပြည်မှာ သတိုးသူအမည်နဲ့ မင်းပြုလိုက်တယ်။

ဘုရင့်နောင်ဟာ အခြေနေအားလုံးသိရှိရတဲ့ အခါမှာ နိုင်ငံရှေ့ရေးကိုမြော်တွေးပြီး ဆက်လုပ်ရမယ့် အစီ အစဉ်တွေကိုချတယ်။ မြန်မာ၊ မွန်၊ ရှမ်း စစ်သည်တွေကိုစည်းရုံးစုစည်းပြီး ဒလကနေ တောင်ငူကိုချီတယ်။ အဲဒီအချိန်မှာ ဟံသာဝတီမှာမင်းလုပ်နေတဲ့ သမိန်စက္ကဝေါကို မွန်အမတ်တွေကမကြိုက်လို့ နန်းကချပြီး မုတ္တမမှာရှိတဲ့ သမိန်ထောရာမကိုနန်းတင်လိုက်တယ်။ ဘုရင့်နောင် တောင်ငူကိုတိုက်တာ လေးလကြာတဲ့ အချိန်မှာ ညီတော်ဖြစ်တဲ့ ဘုရင်မင်းခေါင်က အညံ့ခံလာတဲ့အတွက် တောင်ငူကိုရပြီး သက္ကရာဇ် (၉၁၂) ခုနှစ်၊ တပို့တွဲလဆန်း () ရက်၊ တနင်္ဂနွေမှာ မင်းအဖြစ်ကိုခံယူတော်မူတယ်။

ညီတော်မင်းခေါင်ကိုတော့ညီတော် သီဟသူသည် အမှားကြံလေသောကြောင့် အလုပ်ကြံမှားချေသည်။ ယင်းသို့ လူမူ၌မလိမ္မာရှိပါငြားလည်း သီဟသူသည် ကျွန်ုပ်ညီဖြစ်သည်။ အပြစ်ပြုသာမည်မဟုတ်လို့ မိန့်တော်မူပြီး အသက်ကိုချမ်းသာပေးကာ သစ္စာတော်ကိုခံစေတယ်။

တောင်ငူကိုရပြီဖြစ်သောအခါ မွန်မြန်မာတွေအလုံးအရင်းနဲ့ ဘုရင့်နောင်အောက်ကို ခိုဝင်လာပြီဖြစ်တဲ့ အတွက် ဘုရင့်နောင်ရဲ့အင်အားဟာ တောင့်တင်းလာပါတယ်။ ဒီ့နောက်တော့ ဘုရင့်နောင်ဟာ မြေထဲ၊ သရက်စတဲ့ အညာတစ်လွှားကမြို့တွေကိုသိမ်းယူပြီး သက္ကရာဇ် (၉၁၃) ခုနှစ်မှာ ပြည်ကိုချီပြီး တိုက်ခိုက် သိမ်းယူတယ်။ ပြည်စားဖြစ်တဲ့ သတိုးသူရကိုရပြီးငါ့ထံတွင်ကား ကျွန်မခံ၊ ရခိုင်သို့ပြေးဝင်၍ ရခိုင်မင်းထံ ကျွန်ခံမည်ကြံသည်လို့ မိန့်တော်မူကာ သတိုးသူကို ကွပ်မျက်လိုက်တယ်။ ပြည်ကိုတော့ ညီတော်သတိုး သုဓမ္မရာဇာကို အုပ်ချုပ်စေတယ်။

ပြည်ကိုရပြီး ဆက်လက်ပြီး အလယ်ပိုင်းဒေသတွေဖြစ်တဲ့ စလေ၊ ပုခန်းငယ်၊ ပုဂံ စတဲ့ မြို့တွေကိုသိမ်းယူ တယ်။ အဲဒီနောက် အင်းဝကိုတိုက်ဖို့စီစဉ်နေစဉ် သမိန်ထောရာမက တောင်ငူကိုတိုက်ဖို့ချီလာတယ်လို့ သတင်းရတဲ့အတွက် အင်းဝကိုမတိုက်သေးဘဲ တောင်ငူကိုပြန်လာခဲ့ပြီး၊ တောင်ငူကမှ ဟံသာဝတီကိုဆက် လက်ချီပြီး တိုက်ခိုက်ရာမှာ သမိန်ထောရာမ ထွက်ပြေးရပြီး ဟံသာဝတီကိုရရှိတယ်။

ဘုရင့်နောင်ဟာ သမိန်ထောရာမကို လိုက်လံတိုက်ခိုက်ရင်း ဧရာဝတီမြစ်ဝကျွန်းပေါ်မှာရှိတဲ့ ပုသိမ်၊ မြောင်းမြ၊ သံလွင်မြစ်ဝ၊ သထုံ၊ မုတ္တမ စတဲ့ မွန်မြို့တွေကိုလည်း ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်။ အဲဒီလို သိမ်းယူနိုင်ခဲ့တဲ့အတွက် ဘုရင့်နောင်ဟာ သူတစ်လူငါတစ်မင်းဆိုတာလို ဆန့်ကျင်ခြားနားမှုတွေကို နှိမ်နင်းကာ တပင်ရွှေထီးစတင်တည်ထောင်ခဲ့တဲ့ နိုင်ငံတော်ကို ပြန်လည်စုစည်း ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်တယ်။

ဟိန်းဇေ

0 comments:

Post a Comment