သဘင်ဂီတမှ အင်တာနက်သို့(ဘိုဘိုလန်းစင်)၁၃၇၃ စာဆိုတော်ရာသီက လန်ဒန်တောင်ဘက်ကမ်းတက္ကသိုလ်ကျောင်းတိုက်တွင်ကျင်းပသော စာဆိုတော်နေ့၌ မြန်မာသတင်းမီဒီယာသမိုင်းအကြောင်း သဘင်ဂီတမှ အင်တာနက်သို့ ဟောပြောချက်ကို ဆီလျော်အောင် ပြန်ရေးသည်။ မြန်မာမီဒီယာရေစီ--မီဒီယာဆိုဒါစကားလုံးကြီးမို့ ဘာမှတော့မဟုတ်ပါ ဘူး။ လူတွေကြား ပြန့်ပွားစေလိုတာကို ရောက်အောင်ဖြန့်ချိဒါပါဘဲ။ ရှေးကတော့ ဗမာပြည်မှာ ဇာတ်အငြိမ့်တွေပဲရှိတော့ သူတို့ကနေ အထက်ပုဂ္ဂိုလ်များဆီရောက်စေလိုဒါ၊ ပြည်သူကြား အာဏာပိုင်တွေသိစေ ထင်စေချင်ဒါတွေကို ဝင်သွားအောင်ဖြန့်ပေးကြရတယ်။ နေပြည်တော်က ဟစ်တိုင်ဆိုဒါတွေ လူတိုင်းမရောက်နိုင်ယင် ရှင်ဘုရင်ဆီ ရွှေနားတော်ကြားအောင် လူပြက်တွေက ပြက်ပေးရတယ်။ အစိမ်းအုပ်နဲ့ထွန်းပေါ်တစ်လစ်တွေဟာ ထင်လျား တဲ့သာဓကတွေဘဲ။ ဒီလိုပဲ ဘုရင်မိဘုရားကို မီဒီယာသမားသဘင်သယ်များက ရွှေဘဝင်စိမ့်အောင် အမွှန်း တင်မြှောက်ပင့်ပေးပီး အသပြာထောင်ထုပ်ကို မျှော်စားကြရဒါလဲရှိတာဘဲ။ သီပေါခေတ်က စုဘုရားလတ်ကို ဖားတဲ့ပြက်လုံးတခုကတော့ ဆိုင်းမှာဘယ်ဒင်း အခရာကျဆုံးလဲ၊ ပတ်မကြီးပါဘုရားဆိုဒါဘဲ။ မိဘုရားကလဲ ဒါမျိုးဆို တယ်နှလုံးတွေ့သကိုး။ အာဏာရှင်ကိုဖျော်ဖြေချော့တဲ့မီဒီယာအလုပ်က ခုထိလဲ မတိမ်ကောပါဘူး။ မီဒီယာဟာ ပြည်သူ့အကျိုးဦးထိပ်ထားရတာမို့ ပြည်သူထဲမှာထိပ်ဆုံးကလူတွေကို ပိုထိပ်ထားကောင်းတယ် မဟုတ်လား။ ပြည်သူ့ဆန္ဒဆိုဒါကိုများများဖြူးပေးယင် လူကြိုက်တာပဲ။
အဲဒိခေတ်က မီဒီယာကို သဘင်ဝန်ခေါ်တဲ့စိစစ်ရေးနဲ့ထိန်းတယ်။ ရာဇဂိုဏ်း၊ ဓမ္မဂိုဏ်းမလွတ်တာများပြက် မယ်ဆိုယင် အဲဒိသဘင်သမားကို အာဖဲ့ပစ်နိုင်တယ်၊ လက်ဖြတ်လျှာဖြတ်ဆိုသလို ပြင်းပြင်းကွပ်ညှပ်နိုင် တယ်။ တာကြောင့် မီဒီယာကိုအုပ်မိသူမှ အာဏာကိုပိုင်ပိုင်နိုင်နိုင်ရှိ တယ်။ အာဏာရှိသူတိုင်းလဲ မီဒီယာဆို ဒါတွေကို နဲနဲမှ လွှတ်မထားကြဘူး။
အဲဒိခေတ်က မီဒီယာကို သဘင်ဝန်ခေါ်တဲ့စိစစ်ရေးနဲ့ထိန်းတယ်။ ရာဇဂိုဏ်း၊ ဓမ္မဂိုဏ်းမလွတ်တာများပြက် မယ်ဆိုယင် အဲဒိသဘင်သမားကို အာဖဲ့ပစ်နိုင်တယ်၊ လက်ဖြတ်လျှာဖြတ်ဆိုသလို ပြင်းပြင်းကွပ်ညှပ်နိုင် တယ်။ တာကြောင့် မီဒီယာကိုအုပ်မိသူမှ အာဏာကိုပိုင်ပိုင်နိုင်နိုင်ရှိ တယ်။ အာဏာရှိသူတိုင်းလဲ မီဒီယာဆို ဒါတွေကို နဲနဲမှ လွှတ်မထားကြဘူး။
မင်းတုန်းဘုရင်ခေတ်က အောက်ပြည်က အင်္ဂလိပ်ပိုင်သတင်းစာတွေကိုတန်ပြန်ဘို့ မန္တလေးဂေဇက်ကြီး ထုတ်ရတယ်မလား။ ဒီသတင်းစာကို ဘယ်လိုအခွင့်အရေးတွေပေးတယ်ဆိုပေသည့် တကယ်တမ်းတော့ မည်ကာမတ္တ ဘုရင်သတင်းစာပဲဖြစ်လာဒါပါ။ နိုင်ငံရေးပုံစံမှာ အကြွင်းမဲ့အာဏာရှင်စနစ်ကို တပြားဘိုးမှ အပွန်းမခံဘဲနဲ့ လူကြည်ညိုရုံလွတ်လပ်ခွင့်တွေပေးတာဟာ ဝါဒဖြန့်မှန်း ခုခေတ်လူတွေ ကြပ်ကြပ်မှတ်သင့် တယ်။
နောက် ကုလားမင်းလက်ထက်ကျပြန်တော့လဲ မြန်မာအဆွေ၊ ဟံသာဝတီစတဲ့ အင်္ဂလိပ်နဲ့ အလိုတော်ရိများ ထုတ်ဝေနေတဲ့သတင်းစာတွေ (အပတ်စဉ်ထုတ်) ရဲ့ဝါဒမှိုင်းကိုတိုက်ဖျက်ဘို့ သူရိယ၊ မြန်မာ့အလင်းစတဲ့ ဘိုစာတတ် လူလတ်တန်းစားတွေပိုင် မီဒီယာတွေပေါ်လာတယ်။ ဒီလူတွေဟာ နိုင်ငံရပ်ခြားမှာထုတ်ဝေ လုပ်ကိုင်နေတဲ့သတင်းစာတွေကိုဖတ်ရှုအားကျပီး မြန်မာတွေအလင်းရဘို့ သတင်းစာတွေထုတ်ကြတာပဲ။ ဂျပန်ပြန်ဦးဥတ္တမ၊ ဝတ်လုံဦးပု (ဘိလပ် ဗမာအသင်းဥက္ကဋ္ဌဟောင်း)၊ ဝိုင်အမ်ဘီအေ ဦးဘဘေ၊ စက်သူဌေး (ဆာ)ဦးသွင်စတဲ့ နိုင်ငံရေး လူမှုရေး ကုန်သွယ်စီးပွားပိုင်းက မျက်နှာဖုံးတွေ၊ အစိုးရအရာရှိကြီးတွေက နောက်ကနေ ဒီသတင်းစာတွေကို လူအားငွေအားနဲ့ထောက်မနေကြလို့သာ ဒီတိုက်တွေအမြန်ကြီးပွားလာဒါ ဘဲ။ ရွပ်ရွပ်ချွန်ချွန်နဲ့သတ္တိလဲမသေးကြ။ ဒါမို့ ပြည်နှင်ဒဏ်၊ အာမခံဆိုတာတွေ မကြာမကြာထိခဲ့တယ်။ ယစ်မျိုး မင်းကြီး ရွှေဇံအောင်က လောဂျစ်ကို တက္ကဒီပနီအဖြစ်ဘာသာပြန်ပေးသလို ဆရာလွန်း၊ ဆရာမောင်ကြီး၊ ရွှေဥဒေါင်း၊ ပီမိုးနင်းစတဲ့ ရှေးဟောင်းခေတ်သစ်ပညာတတ်စာရေးဆရာပညာယှိတွေက ဋီကာတွေ၊ ရှိတ်စပီး ယားနဲ့ ရှားလော့ဟုမ်းဘာသာပြန်တွေရေးပေးကြတော့ ဘုရားစာတရားစာ၊ ရှေးဟောင်းစာနဲ့ နိုင်ငံခြား သတင်းလောက်သာဖတ်နေကျ ဗမာသတင်းစာကြည့်ပရိသတ်မှာ မျက်စိအပုံကြီးပွင့်လာကြတယ်။ အီဂျစ်၊ တူရကီ၊ တရုတ်၊ အိန္ဒိယစတဲ့ ဘဝတူကိုလိုနီနဲ့ ကိုလိုနီတပိုင်းတိုင်းပြည်တွေက နိုင်ငံရေး လူမှုရေး တိုးတက် မှုတွေကိုဆန်းစစ်ပြတဲ့ဆောင်းပါးတွေ၊ သဘာဝဝန်းကျင်ထိန်းသိမ်းရေးလို ခုခေတ်မှာ တွင်ကျယ်လာတဲ့ အရေးကိစ္စမျိုးaဆွးနွေးတဲ့ခေါင်းကြီးတွေလဲ ဟိုနှစ်တရာက မီဒီယာတွေမှာပါနေကျဖြစ်တယ်။
”..အမျိုးသားတို့သိလျှင် ကျေးဇူးများလောက်သောသတင်း၊ လယ်ယာလုပ်ကိုင်ရေး အကြောင်းအရာဟူသမျှ တို့ကို ကမ္ဘာပေါ်တွင် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသောသတင်းစာနှင့်စာအုပ်အမျိုးမျိုးတို့မှထုတ်ယူ၍၊ မြန်မာဘာသာဖြင့် သာယာပြေပြစ်စွာပြန်ဆိုပြီးလျှင် ဂျပန်နိုင်ငံမှာကဲ့သို့ သတင်းစာ ထုတ်ဝေခြင်းဖြစ်ကြောင်း.” (ဤသတင်းစာထုတ်ဝေခြင်းအကြောင်း၊ သူရိယသတင်းစာ၊ ၁၉၁၁ ဇူလိုင် ၄ )။
ဒီသတင်းစာမျိုးတွေကိုဖတ်တဲ့မိသားစုတွေကပေါက်ဘွားတဲ့ အမျိုးကောင်းသားသမီးတွေကပဲ ဘမာပြည် လွတ်လပ်ကြီးပွားရေးကို နောက်အနှစ် ၂၀ လောက်မှာ ကြံဆောင်ကြပေတယ်။
သို့လင့်ကစား ဒီသတင်းစာတွေဟာလဲ အမျိုးသားဓနရှင်နိုင်ငံရေးလောကကိုကိုယ်စားပြုတာမို့ သူတို့အသံကို ထွက်ပေးကြရတာပါ။ ဒီတိုက်ကြီးတွေမှာ နိုင်ငံရေးခေတ်မီနိုးကြားတဲ့ ခေါင်းကြီးဦးထွန်းဖေ၊ ဦးချစ်မောင်တို့ လိုလူတော်တွေရောက်လာမှသာ လူငယ်ကျောင်းသားသခင်တွေရဲ့လှုပ်ရှားမှုတွေကို အရေးသွင်းဘော်ပြ တာပါ။ တာမှ သူတို့ကို တိုင်းပြေကပိုသိလာ လူထုကြားမှာလဲ ပိုတက်ကြွလာကြတာပါ။ တာကြောင့် နိုင်ငံရေးစင်ထောင်ချင်သူများ မီဒီယာလက်ကိုင် သတင်းထောက်ကောင်းလက်ကိုင်ရှာကြတာ၊ လူကြားထဲ ရုပ်ထွက်အောင်ကြော်ငြာကြရတာ ခုခေတ် ပီအာရ်လို့လူမသိခင် ပဝေသဏီထဲက သတင်းစာတွေအလုပ် ပါပဲ။ နောက်ပီး ဂျပန်ငွေယူပီး အင်္ဂလိပ်ကိုဖီဆန်တဲ့တိုက်တွေလဲရှိတယ်လို့ စစ်မဖြစ်ခင်ရန်ကုန်မှာနေခဲ့တဲ့ အမေရိကန်ပညာရှင် ဂျွန်ခရစ္စယံက ဆိုတယ်။
နောက် ၁၉၄၈ ပြည်တွင်းစစ်စတော့လဲ အာဏာရနဲ့သူပုန်အနွယ်များ အပြန်အလှန် မီဒီယာစစ်ဆင်ကြတာပဲ။ တိုက်တွေမှာ ခင်ရာနွယ်ရာလိုက်ပီး ပင်းကြပို့ကြတာပါ။ လက်ဟောင်းမြန်မာ့အလင်းလို လက်ျာသတင်းစာ ကြီးမျိုးကတော့ တိုက်အုပ်ဦးတင် ဖဆပလလူကြီး ဝန်ကြီးဖြစ်ချိန်ဆိုတော့ သတင်းစာဆောင်းပါးရှင်ဟောင်း ဦးနုကိုထောက်ခံ၊ လက်ဝဲလက်ျာရန်စွယ်တွေကိုထိုးနှက်တဲ့ ခွေးကာလုပ်ပေးပါတယ်။ အရှေ့အနောက် တိုင်းပြည်တွေငွေနဲ့ထုတ်တဲ့ တိုက်တွေလဲမနည်းပါဘဲ။ အစိုးရပိုင်ဗမာ့အသံကြီးက ရွှေမောင်းသံအခန်းမျိုး ဟာဆို ဝါဒဖြန့်မို့ လူတွေသိပ်မုန်းကြတယ်လို့ဆိုတယ်။ အဆိုတော် မမေရှင်ရဲ့ ကျေးစေတမန်ဟာ ပြောင်မြောက်တဲ့ စစ်ဝါဒဖြန့်သီချင်းမဟုတ်လား။
ပီးတော့ ကျားမတန်းတူရေး၊ ဆိုရှယ်လစ်ပြည်တော်သာထူထောင်ရေး၊ တနှစ်အတွင်းငြိမ်းချမ်းရေး၊ ဓမ္မန္တရာယ်ဆန့်ကျင်ရေးစတဲ့ အာဏာပိုင်ဘက်ကဝါဒဖြန့်စစ်မျက်နှာ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နယ်ချဲ့ ကျူးကျော်မှုဆန့်ကျင်ရေး၊ အမေရိကန်လွှမ်းမိုးမှုတားဆီးရေးစတဲ့ အတိုက်အခံဝါဒဖြန့်စာ၊ စိတ်ဓာတ်တိုက် ပွဲတွေဟာ စစ်အေးကြီးနောက်ခံနဲ့ ၁၉၈၀ နှစ်များတွေထိ နွှဲခဲ့ကြတာပါ။ ၈၈ နောက်ပိုင်းမှာတော့ ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စု၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားရေးစတဲ့ လေလုံးတွေ ပဲပြောင်းသွားတယ်။
မီဒီယာကို ချုပ်ကိုင်လိုသူတွေက သူတို့မြင်စေချင်တဲ့ပုံရိပ်ကို လူတွေခေါင်းထဲဝင်အောင်ထဲ့ပီး သြဇာ ထူထောင်ကြမှာက လောကတံထွာဓမ္မတာပေပဲ။
ရေးတာက (ဘိုဘိုလန်းစင်)
ယူတာက ဒီနေရာက http://bobolansin.wordpress.com/2011/12/25/သဘင်ဂီတမှ-အင်တာနက်သို့/#more-1199
0 comments:
Post a Comment