Wednesday, December 28, 2011

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၄၃) မျိုးမြင့်ချို

0 comments

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၄၃) (ဒီဇင်ဘာ ၂၈ ရက် ၂၀၁၁ နေ့က အာရ်အက်ဖ်အေမှထုတ်လွှင့်ပြီးဖြစ်ပါတယ်)
၈၈ အာဏာသိမ်းပြီးနောက်မှာ နိုင်ငံရေးပါတီတွေထောင်ကြဖို့ အမိန့် ကြေငြာစာထုတ်လိုက်တယ်ဆိုရင်ပဲ ကော်မရှင်မှာမှတ်ပုံတင်ကြတဲ့ ပါတီတွေလည်း အပြိုင်းအရိုင်းထွက်လာကြပါတယ်။ ၈၈ လှုပ်ရှားမှုကြီးရဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေ အစဉ်အလာရှိခဲ့တဲ့နိုင်ငံရေးသမားတွေ တင်မကပါဘူး နယ်ပယ်စုံအလွှာစုံကပုဂ္ဂိုလ်တွေပါ ပါတီတွေထောင်ကြ၊ လှုပ်ရှားကြ၊ စည်းရုံးလှုံ့ဆော်ကြနဲ့မို့လို့ ဗမာ့နိုင်ငံရေးအခင်းကျင်းသစ်တခုလို့တောင် ဆိုရမယ်ထင်ပါတယ်။ ဗမာပြည်မှာစံချိန်တင်လောက်တဲ့ ပါတီအရေအတွက်ပဲလို့ လူကြီးတချို့က ပြောတာတောင်မှတ်မိနေပါသေး တယ်။

ပါတီတွေဒီလောက်များပေမယ့် လူထုကရော နဝတကပါအာရုံစိုက်ရတဲ့အပြင် နိုင်ငံတကာကပါအလေးထား ရမယ့်ပါတီတွေထဲမှာ အင်န်အယ်လ်ဒီလို့ခေါ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ထိပ်ဆုံးနေရာကရှိနေ ပါတယ်။ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး၊ ဗိုလ်ချုပ်ကြီးဟောင်းသူရတင်ဦးနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပေါင်းစည်းလိုက်မှုက လူထုကိုအားတက်စေခဲ့ပါတယ်။ ဒါ့အပြင် ၈၈ ကာလတုန်းက သက်ဆိုင်ရာနယ် ပယ်တွေမှာ ဦးစီးဦးဆောင်ပြုခဲ့ကြ သူတွေ အန်င်အယ်လ်ဒီထဲမှာ ပါလာကြတာဟာလည်း ပါတီစည်းရုံးရေး နဲ့ကြီးထွားရေးအတွက် အလွန်ကြီးမားတဲ့အားကို ဖြစ်လာစေခဲ့တယ်ဆိုရင်လည်း မမှားလောက်ဖူးလို့ ထင်ပါတယ်။ ကျောင်းသားသမဂ္ဂတွေနဲ့ ကျောင်းသားလှုပ်ရှားမှုတွေလည်း ကျောင်းသားထုကြားတင်မက ရပ်ကွက်ကျေးရွာတွေအထိပါ သြဇာသက်ရောက်ပြီး ၂၆ နှစ်တာငြိမ်သက်သယောင်ဖြစ်ခဲ့ရတဲ့ ဗမာ့နိုင်ငံ ရေးမျက်နှာပြင်မှာ အားကောင်းမောင်းသန်လှိုင်းလုံးကြီးတွေ တဝုန်းဝုန်းရိုက်ခတ်လာခဲ့ပြီလို့  ဆိုရမယ်ဖြစ် ပါတယ်။

၈၈ မှာ အတူလှုပ်ရှားခဲ့ကြတဲ့ ကျနော်တို့ထဲကတချို့လည်း တောထဲထွက်သူထွက်၊ အလုပ်ပြန်ဝင်သူဝင်၊ မိသားစုအရေးဘက် အချိန်ပြန်ပေးသူပေးလို့ဆိုရပေမယ့် စိတ်ဓါတ်အရကတော့ အားလုံးဟာတစုတရုံးထဲ ရှိနေကြတာဖြစ်ပါတယ်။ နိုင်ငံရေးထဲဆက်ပါကြမယ်လို့ ပိုင်းဖြတ်လိုက်သူတွေထဲမှာလည်း ကိုယ်သန်ရာပုံစံနဲ့ လှုပ်ရှားကြတာကောင်းတယ်ဆိုတဲ့အမြင်အရ တချို့က ကျောင်းသားလိုင်း၊ တချို့က နိုင်ငံရေးပါတီလိုင်း၊ တချို့ကတော့ ဘယ်လိုင်းမှသီးခြားမရပ်ပဲ လှုပ်ရှားမှုတိုင်းမှာပါဝင်နေကြပါတယ်။ ကျနော်လည်း အင်န်အယ်လ်ဒီဝင်ပြီး လှုပ်ရှားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။

ဒီနေရာမှာ နည်းနည်းပြောစရာရှိတာက ပါတီနိုင်ငံရေး၊ အမျိုးသားနိုင်ငံရေးနဲ့ ကျောင်းသားနိုင်ငံရေးဆိုတဲ့ အကောက်အယူကိစ္စပါပဲ။ ကျနော့်အမြင်ကတော့ ဘယ်သူဘယ်ဝါ၊ ဘယ်နေရာကပဲလုပ်လုပ် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလုပ်တယ်ဆိုရင် ဒါဟာ တိုင်းပြည်ရဲ့အရေး နိုင်ငံ့ရဲ့ အရေးဖြစ်လို့ စကားလုံးတွေနဲ့ ကန့်သတ်ခွဲခြားလိုက်တာကို မနှစ်မြို့လှပါဘူး။ ကျနော်ကိုယ်တိုင်လည်း အခြေအနေအရ ပါတီမှာဝင်လုပ်မယ်လို့ ဆုံးဖြတ်ရပေမယ့် အဲဒီပါတီဟာ အခုနကျနော်ပြောခဲ့တဲ့ အရေးတွေကို ဒီနေ့ ကျောခိုင်းလိုက်တာနဲ့ နောက်နေ့မှာ အဲဒီပါတီကို ကျနော်ပြန်ဆန့်ကျင်မှာပဲဆိုတာလည်း ပိုင်းဖြတ်ထားချက်ရှိထားပါတယ်။

ဒီလိုနဲ့ ကျနော်တို့လည်း ကျနော်တို့မြို့ကလေးနဲ့အတူ  လုပ်အားပေးလိုက်ရင်း၊ ထုံးသုတ်ရင်း၊ ကင်းစောင့်ရင်း နိုင်ငံရေးစီးကြောင်းထဲမှာ ဆက်ပါလာခဲ့ပါတယ်။

ကျနော်က ပါတီမဝင်ခင်မှာ အင်န်အယ်လ်ဒီခေါင်းဆောင်တွေနဲ့ တွေ့ချင်ပြောချင်၊ နားထောင်ချင်တွေဖြစ် နေမိပါတယ်။ အင်န်အယ်လ်ဒီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း(ယာယီ)ဆိုတာလည်း ထုတ်ပြန်တော့မှာကိုသိနေ ရပေမယ့် မဖတ်ရသေးတော့ ဘာတွေပါမလဲဆိုတာကိုလည်း သိချင်ဇောဖြစ်နေခဲ့ပါတယ်။ ဒါနဲ့ ပါတီမဝင် ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ကို အတန်အတန်ကြိုးစားပေမယ့် အခြေအနေအရတွေ့ခွင့် မသာခဲ့ပါဘူး။ အဘဦးထွန်းတင်၊ ဆရာဦးဝင်းတင်၊ ဆရာမောင်ကိုယု၊ ဆရာတင်မိုး၊ ဆရာမောင်ဝံသ စသူတွေနဲ့ ရုံးချုပ်ကိုသွားတိုင်းတွေ့ရတတ်ပေမယ့် မယ်မယ်ရရစကားပြောချိန်တော့မရခဲ့ပါဘူး။ သူတို့ခမျာ လည်း အလုပ်တွေများကပြီး အားချိန်နားချိန်တောင် အနိုင်နိုင်ဖြစ်နေကြရရှာတာပါ။ အလုပ်မအားတဲ့ကြား ကပဲ ဗိုလ်မှူးကြီးဟောင်းဗထွေးကတော့ အချိန်ပေးပြီးလက်ခံစကားပြောလို့ သူပြောတာတွေနားထောင်ဖြစ် ခဲ့သလို ကျနော် ဘာ့ကြောင့် နိုင်ငံရေးလုပ်ရတယ်ဆိုတာ သူ့ကိုရှင်းပြနေချိန်မှာ ဂရုတစိုက်နားထောင်ရင်း သူ့မျက်လုံးအစုံမှာ ကျလုဆဲဆဲမျက်ရည်တွေဝိုင်းနေခဲ့တာကိုလည်း အောက်မေ့နေမိပါသေးတယ်။ ဦးဗထွေးဟာ လူငယ်တွေကြားမှာ အဘဦးကြည်မောင်နည်းတူ ချစ်ခင်လေးစားခံရသူလို့ ထင်ပါတယ်။ 

ဒီလိုနဲ့ လောလောဆယ် ဝင်တော့ထားလိုက်မယ်၊ ဘာမှတော့မလှုပ်ရှားသေးဘူး၊ တွေ့ခွင့်သာတော့တွေ့ တာပေါ့လို့သဘောပိုက်ပြီး အင်န်အယ်လဒီဝင်ဖြစ်သွားပါတယ်။ ကျနော်ပါတီဝင်မယ်ဆိုတော့မှ ကျနော်တို့မြို့ ကလေးမှာ ပါတီဝင်ဖြစ်နှင့်ပြီးသားလူတွေ မနည်းပါလားဆိုတာလည်းသိလာရပါတယ်။ အောက်ခြေထုပါတီ ဝင်တွေကြားမှာ အများစုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်င်အယ်လ်ဒီအပေါ်အားကိုးယုံကြည်မှု နဲ့ဖြစ်ပေမယ့် တချို့ကတော့ ဘုမသိဘမသိ ဝင်လာကြတယ်လို့ထင်ပါတယ်။

အဲသလိုပြောရတာမှာ အကြောင်း ၂ ချက်ရှိပါတယ်။ တချက်က မဆလတစ်ပါတီအုပ်ချုပ်ရေးပုံစံမှာလို ပါတီဝင်တွေဟာ ပါတီဝင်မဟုတ်သူတွေထက်ပိုပြီး ရပ်ထဲရွာထဲမှာမျက်နှာသာအပေးခံရမယ်၊ ရပ်ရွာအုပ် ချုပ်ရေးအပိုင်းတွေမှာပါလာကြမယ်လို့ ထင်မှတ်မှားခဲ့ကြတာမျိုးတွေ၊ တခုခုပြဿနာတက်လာရင်လည်း ပါတီရဲ့အကာအကွယ်ရမှာပဲလို့ ချော်တွေးမိတာတွေအပြင် အခြားတွက်ဆမှုတွေလည်းရှိ ကြမယ်ထင်ပါတယ်။ နောက်တချက်က အင်န်အယ်လ်ဒီပါတီရဲ့ မြို့နယ်အဆင့်ဆော်သြသူဖြစ်ရေးနဲ့ဆိုင်ပါတယ်။ ဖွဲ့စ အချိန်က မြို့နယ်တို့၊ ရပ်/ကျေးတို့မှာ စည်းရုံးရေးကော်မတီဆိုတာတွေ မရှိကြသေးပါဘူး။ ဆော်သြသူများဆိုတာနဲ့ စုဖွဲ့ကြရတာဖြစ်ပါတယ်။ ဆော်သြသူတယောက်ဖြစ်ဖို့ဆိုရင် ပါတီဝင်ဘယ်ရွေ့ဘယ်မျှစည်းရုံးပေးရမယ် ဆိုတာရှိပါတယ်။ ဒီတော့ ဆော်သြသူဖြစ်ရေးအတွက် ပါတီဝင်စည်းရုံးစုဆောင်းပေးနိုင်ရေးဟာ မဖြစ်မနေ လုပ်ရမယ့်ကိစ္စဖြစ်လာပါတယ်။ ဒီမှာတင် အပြိုင်အဆိုင်စည်းရုံးကြ၊ ဆော်သြကြရင်း အောက်ခြေထုပါတီ ဝင်တွေထဲမှာ သဏ္ဍန်စုံလူစုံပေမယ့် တက်မစုံရွက်မစုံတဲ့ပါတီဝင်တွေတိုးပွားပြီး အခြေတည်မိလာတယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးနဲ့ခတ်ခွာခွာနေကြတာထက်စာရင် ထိစပ်နေတာဟာ ကောင်းတဲ့ သဘောပဲလို့တော့ ကျနော်တွေးမိပါတယ်။

ဒါက အောက်ခြေထုသာမန်ပါတီဝင်တွေအပိုင်းဖြစ်ပြီး နောက်တပတ်မှာတော့ မြို့နယ်အဆင့်ဆော်သြသူတွေ စုဖွဲ့မိဖို့လုပ်ကြတဲ့အခါမယ် ကြုံခဲ့ရတဲ့အခြေအနေတွေနဲ့ ကျနော့်အမြင်လေးတွေကို ဆက်ပြီးတင်ပြသွားမှာဖြစ် ပါတယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။

0 comments:

Post a Comment