Monday, December 19, 2011

ဖီးနစ်ငှက်တွေ ပင်လယ်ကမ်းခြေမှာ ပျံသန်းကြတဲ့အခါ

0 comments

ဖီးနစ်ငှက်တွေ ပင်လယ်ကမ်းခြေမှာ ပျံသန်းကြတဲ့အခါ
လမင်းလိုပဲ မအိပ်ဖြစ်တဲ့ညတွေ ပင်လယ်လို စီးဆင်းခဲ့တယ်
အရှိန်အဟုန်တဲ့လား ကမ္ဘာမြေရဲ့ပြဿနာပေါင်းစုံအတိုင်းပါပဲ ။         ။
(ပင်လယ်မဂ္ဂဇင်း ပိုစတာမှ)
နိုင်ငံရေးအကျဉ်းသမားတချို့က သူတို့တတွေ အင်းစိန်ထောင်ထဲမှာ အကျဉ်းကျခံနေရစဉ် ဖန်တီးခဲ့တဲ့ အနုပညာ တခုအကြောင်းကို ပြောပြကြဘူးတယ်။ ပါးစပ်နဲ့ ပြောဆိုထုတ်ဝေခဲ့တဲ့ မဂ္ဂဇင်းလေးတခုအကြောင်းပါ။ တကယ်တော့ အနုပညာကိုနှလုံးသားနဲ့အသေးစိတ်မှတ်ပြီး သူများကိုလှလှပပပြန်ပြောတတ်တဲ့သူတွေဆိုတာ ညနေခင်းပင်လယ်ကမ်းခြေပေါ်ပျံဝဲနေတဲ့ ဖီးနစ်ငှက်လိုနေမှာပေါ့လို့ မှတ်ချက်ချမိတယ်။ သူက ဘာလို့လဲတဲ့ ပြန်မေးတယ်။“ ခင်ဗျားစဉ်းစားကြည့်လေ၊ ထောင်ထဲမှာ ဒဏ်ရာနဲ့ရေးထားတဲ့အနုပညာကို ပြန်ဖတ်ပြတယ်ဆိုတာ
အဲသလိုပဲနေမှာပါ။ ဖီးနစ်ငှက်ဆိုတာ မီးလောင်နေတဲ့နှလုံးသားနဲ့ ပြန်လည်ရှင်သန်နေတဲ့ ငှက်။ အဲ့ဒီငှက်တွေ ပင်လယ်ကမ်းခြေမှာ လှလှပပတွေကိုတွေ့တော့လည်း ဒဏ်ရာတွေကမကျက်နိုင်သေးဘူး။ သေသေချာချာရှင်းပြရင် ပေါ့သွားမှာစိုးလို့ ကိုယ့်ဘာသာ စဉ်းစားကြည့်ပါလို့။
တိုက်တိုက်ဆိုင်ဆိုင်၊ အာဖရိကအနောက်ခြမ်းက မာလီအင်ပါယာအကြောင်း လေ့လာကြည့်တဲ့အချိန်မှာအကျဉ်း ထောင်ထဲက “ပါးစပ်မဂ္ဂဇင်းလေး” ကို ဖြတ်ကနဲ သွားသတိယမိတယ်။
မာလီနိုင်ငံမှာ “ဂရီရော့တ်” ( Griot) လို့ ခေါ်တဲ့ တေးဂီတပညာရှင်တွေရှိတယ်။ သူတို့က ကဗျာရွတ်တဲ့အခါ သံစဉ်တွေလို အနိမ့်အမြင့်ထည့်ပြီးရွတ်တယ်။
ကဗျာသီချင်းတွေကတဆင့် သမိုင်းတွေကိုပြောပြတယ်။ နိုင်ငံရေးသတင်းတွေကို ပြောသွားတယ်။ တကယ်တော့ အာဖရိကအနောက်ခြမ်းဒေသတွေမှာ “ဂရီရော့တ်” တေးဂီတသမားတွေဟာ (၁၄) ရာစုကတည်းက အရေးပါတဲ့ သူတွေဖြစ်တယ်။
တရားမျှတမှု၊ ကိုယ်ချင်းစာမှု၊ လွတ်လပ်မှုအကြောင်းတွေကို ရေးသားဟောပြောလေ့ရှိတဲ့ အနုပညာရှင်တွေဖြစ် တယ်။ အခုခေတ်မှာတော့ အာဖရိကအနောက်ခြမ်းနိုင်ငံတွေဆီက မြို့ကြီးတွေရဲ့ညဦးယံတွေမှာ ဂရီရော့တ် မြူးစစ်တော်လှန်ရေး ( Griot Music Revolution) သံစဉ်တွေက အရှိန်ပြင်းလာတယ်။ စစ်ပွဲတွေအကြောင်းကို နာနာကျင်ကျင်ဖောက်ခွဲတယ်။ လူမှုရေးပြဿနာတွေကိုပြောဆိုကြတယ်။ စင်မြင့်နောက်ကနေ အရောင်အမျိုးမျိုး ထွက်နေတဲ့ မီးစလိုက်အပြောင်းအရွေ့တွေက ဗုံးကွဲနေတဲ့လမ်းမတွေပေါ်ရောက်နေသလိုမျိုး၊ (ဒါမှမဟုတ်) မြို့ပျက် တခုအောက်မှာအော်ဟစ်နေတဲ့ ခင်ဗျားရဲ့ခန္ဓာကိုယ်ကို ပြန်ကြည့်နေရသလိုမျိုးခံစားရမယ်။ နောက်..ခင်ဗျားလည်း ဒဏ်ရာရနေတဲ့ ကျားနာတကောင်လို အော်ဟစ်လိုက်မိလိမ့်မယ်။
အာဖရိကအနောက်ခြမ်းမှာ မြို့ရွာအနှံ့ခရီးလျှောက်သွားပြီး ပြည်သူလူထုကို အနုပညာနဲ့အလင်းရောင်ပေးနေတဲ့ ဂရီရော့တ်ဆိုတဲ့ ဂီတသမားတွေ ကျနော်တို့နိုင်ငံထဲမှာသာ ရှိခဲ့ရင်.......
ဒီတပတ် အင်္ဂါနေ့ညက လွတ်လပ်တဲ့အာရှအသံမှာ မာလီနိုင်ငံရဲ့ဒီမိုကရေစီရေးလှုပ်ရှားမှုအကြောင်းကို ဆွေးနွေး ထားပါတယ်။ သောတရှင်များခင်ဗျား အာဖရိကအနောက်ခြမ်းမှာတည်ရှိတဲ့ မာလီနိုင်ငံဟာ တချိန်တုန်းက မက်ဒီတေးရီးယန်းကမ္ဘာနဲ့အာဖရိက ဆာဟာရကမ္ဘာနှစ်ခုကြားမှာ ရွှေ၊ အဘိုးတန်လူသုံးကုန်ပစ္စည်းနဲ့ ကျွန်ကုန် ကူးခြင်း လုပ်ငန်းတွေထွန်းကားခဲ့တဲ့ အင်ပါယာသုံးခုအနက် တခုဖြစ်ပါတယ်။ အင်ပါယာစစ်ပွဲတွေကြားမှာ ရာစုနှစ်များစွာဖြတ်သန်းခဲ့ ပြင်သစ်ကိုလိုနီဖြစ်ခဲ့တဲ့ မာလီနိုင်ငံဟာ ၁၉၆၀ မှာတော့လွတ်လပ်တဲ့နိုင်ငံတခုအဖြစ် တည်ရှိခြဲ့ပီး “မိုဒီဘို ကီယက်တာ” ကို သမ္မတအဖြစ်ရွေးချယ်တင်မြှောက်လိုက်ပါတယ်။ တပါတီဆိုရှယ်လစ်စံနစ် ကိုကျင့်သုံးခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စု ခေါင်းဆောင်တဲ့အရှေ့အုပ်စုနဲ့ နီးစပ်လာခဲ့ပါတယ်။
“နိုင်ငံမှာရှိသမျှစီးပွားရေးတွေကို ပြည်သူပိုင်သိမ်းတဲ့ တပါတီဆိုရှယ်လစ်စံနစ်အောက်မှာ မာလီနိုင်ငံရဲ့စီးပွားရေးက ကျဆင်းလာခဲ့တယ်။ ဒါကိုအကြောင်းရှာပြီး ၁၉၆၈ မှာ ဗိုလ်ချုပ် မူဆာထွာအိုရီ က အာဏာသိမ်းယူလိုက်တယ်။ သူ က လစ်ဘရယ်ဈေးကွက်စီးပွားရေးစံနစ်ကို အကောင်အထည်ဖေါ်မယ်လို့ ကြွေးကြော်ခဲ့ပေမဲ့ စစ်အာဏာသိမ်းမှုကို အန်တုငြင်းဆန်တဲ့နိုငံရေးမငြိမ်သက်မှုတွေကြောင့် တိုင်းပြည်ရဲ့အခြေအနေပိုဆိုးလာခဲ့တယ်။ ၁၉၆၈ ကနေ ၁၉၇၄ အထိ ထောင်ပေါင်းများစွာ ငတ်ပြတ်ဆင်းရဲဒုက္ခရောက်ခဲ့ကြ၊ သေဆုံးခြဲ့ကတယ်။ ကျောင်းသားဆန္ဒပြပွဲတွေက လည်း နေရာအနှံ့ပေါ်ပေါက်လာခဲ့သလို၊“မူဆာထွာအိုရီ” ကို တန်ပြန်အာဏာသိမ်းဖို့ကြံစည်တဲ့ ဖြစ်ရပ်(၃)ခု ပေါ်ပေါက်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအရာအားလုံးကို အာဏာရှင်ထွာအိုရီ က ချေမှုန်းနိုင်ခဲ့တယ်”
ဖိနှိပ်မှုတွေပြင်းထန်လှတဲ့ အာဏာရှင်လက်အောက်ကမာလီနိုင်ငံဟာ လှုပ်ရှားမှုမဲ့နေတဲ့အနေအထားကိုတော့ မရောက်ခဲ့ပါဘူး။ ပြည်သူလူထုရဲ့ ပါတီစုံစံနစ်တောင်းဆိုမှုတွေကိုကြားနေရတဲ့ မာလီအာဏာရှင် ထွာအိုရီ ဟာ အကန့်အသတ်လွတ်လပ်မှုတချို့ကို ပေးခဲ့ပါတယ်။ ဒီမိုကရက်တစ်နိုင်ငံတခုကို မရရှိကြပေမယ့် အတိုက်အခံအင် အားစုတွေဟာ ရရှိနေတဲ့အနေအထားအတွင်းကနေ သူတို့ရဲ့လှုပ်ရှားမှုပုံစံတွေကို တဖြည်းဖြည်းပြောင်းလဲလုပ် ဆောင်ခဲ့ကြပါတော့တယ်။
“မာလီအလုပ်သမားပါတီ ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ထင်ရှားတဲ့ပါတီဖြစ်တယ်။ အလုပ်သမားလှုပ်ရှားမှု သမိုင်းတွေ၊ ဝါဒဖြန့်ချီရေးတွေ၊ ပညာပေးဟောပြောမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခြဲ့ကတယ်။ ကျောင်းသားတွေနဲ့နီးနီးကပ်ကပ်နေပြီး လေးစားမှုရအောင်ဆွဲဆောင်ကြသလို၊ တချို့ ပညာတတ်တွေကို အစိုးရဝန်ကြီးဋ္ဌာနတွေမှာ ဝင်ရောက်အမှုထမ်းစေတယ်။ တချိန်မှာ မာလီနိုင်ငံရဲ့သမ္မတဖြစ်လာမယ့် “အယ်လ်ဖာ ကိုနာရီ” ဟာ အလုပ်သမားပါတီရဲ့ မြေအောက်ပါတီဝင်တယောက်ဖြစ်သလို၊ မြို့တော် ဘာမာကိုမှာ ကျောင်းဆရာ တယောက်အဖြစ်နေထိုင်ခဲ့ယ်။ ၁၉၇၈ မှာ အာဏာရှင် ထွာအိုရီ ဟာ တန်ပြန်အာဏာသိမ်းဖို့ သံသယရှိတဲ့ ကာကွယ်ရေးဋ္ဌာနအကြီးအကဲတချို့ကို ဖြတ်ချပြီးတဲ့နောက် အယ်ဖာကိုနာရီကို ယဉ်ကျေးမှု၊ အနုပညာပညာနဲ့ အားကစားဝန်ကြီးဋ္ဌာနအကြီးအကဲအဖြစ် တာဝန်ယူဖို့ကမ်းလှမ်းတဲ့ခါ ဝင်ရောက်လုပ်ကိုင်ခဲ့တယ်” အစိုးရအဖွဲ့ တွင်းမှာ ဝင်ရောက်လုပ်ကိုင်ပြီး ပြည်သူလူထုလေးစားလာနိုင်တဲ့ ပုံသဏ္ဍန်အဖြစ်ရပ်တည်ပြီးတဲ့အခါ အနုပညာ၊ မီဒီယာတွေမှတဆင့် လူထုကိုပညာပေးရေးအစီအစဉ်တွေကို အယ်ဖာကိုနာရီလို အလုပ်သမားပါတီရဲ့မြေ အောက်အဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့ကြပါတယ်။
တဘက်မှာတော့ အာဏာရှင်ထွာအိုရီရဲ့ နိုင်ငံရေးဖိနှိပ်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ရှုတ်ချလာနေ တာကြောင့် မာလီအာဏာရှင်ဟာ နိုင်ငံရေးပါတီတချို့ တရားဝင်တည်ထောင်ခွင့်ကို ခွင့်ပြုခဲ့ပါတယ်။ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေကလည်း အဲ့ဒီအခွင့်အရေးကို အမိအရအသုံးချခဲ့ပါတယ်။ အားလုံးညှိနှိုင်းလို့ရနိုင်တဲ့ မာလီ ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ်ကို စတင်တည်ထောင်ခဲ့ပြီး၊ ပြည်သူတွေနဲ့ ထိတွေ့ဖို့ ကြိုးစားလိုက်ကြပါတော့တယ်။
“မာလီနိုင်ငံမှာ မျိုးရိုးအစဉ်အလာကိုဆက်ခံတဲ့ တေးဂီတပညာရှင်တွေရှိတယ်။ သူတို့ကို “ဂရီရော့တ်” လို့ခေါ်တယ်။ သူတို့ဟာ ဟိုးအရင်ကတည်းက မာလီနိုင်ငံမှာ နိုင်ငံရေးသတင်းတွေကို လက်ဆင့်ကမ်းသယ်ဆောင်လာကြသလို၊ ကဗျာရွတ်ဆိုပြီး သမိုင်းတွေ ပြောပြတာမျိုး၊ နိုင်ငံရေးဝေဖန်မှုတွေမှာ ထင်ရှားကျာ်ကြားသူတွေဖြစ်တယ်။ စာမတတ် တဲ့ဒေသတွေဆီကိုသွားရောက်ပြီး ပြည်သူလူထုကို ပညာပေးလှုံ့ဆော်ခဲ့ကြသူတွေဖြစ်တယ်။ မာလီနိုင်ငံမှာ ထင်ရှား ခဲ့တဲ့ပုံပြင်တွေ၊ စကားပုံတွေ၊ ကဗျာတွေကိုရွတ်ပြပြီး တရားမျှတမှုနဲ့လွတ်လပ်ခွင့်အကြောင်းကို မီးမောင်းထိုးပြကြ တယ်။ ၁၄ ရာစုတုန်းက နာမည်ကြီးပုံပြင်တခုကို အာရုံစိုက်ပြီးရှင်းပြကြတယ်။ ပုံပြင်ထဲမှာ အင်ပါယာ ဆန်ချတာကို ဒေသဆိုင်ရာအကြီးအကဲက သူ့ရဲ့လှံကိုအပ်နှင်းသစ္စာခံတဲ့အခါ ဘုရင်က လှံကို အကြီးအကဲဆီ ပြန်ပေးပြီးမိမိရဲ့ ဒေသကို လွတ်လပ်စွာအုပ်ချုပ်နိုင်တယ်ဆိုတဲ့ ခွင့်ပြုမှုတွေပေးခဲ့တယ်။ ဒါကြောင့် မာလီနိုင်ငံဟာ ၁၄ ရာစုလောက် ကတည်းက ကိုယ်ပိုင်အုပ်ချုပ်ရေးပြဋ္ဌာန်းခွင့်နဲ့ လွတ်လပ်ခွင့်အတွေးအခေါ်တွေကို တည်ဆောက်ခဲ့တာဖြစ်တယ်လို့ ရှင်းပြပြီး အဲ့ဒီအရာနှစ်ခုဟာ မာလီနိုင်ငံရဲ့ရိုးရာအစဉ်အလာအမွေအနှစ်တွေဖြစ်တယ်လို့ ရှင်းပြခြဲ့ကတယ်။ ဒါကြောင့် မိရိုးဖလာရိုးရာအမွေအနှစ်ကို ဆန့်ကျင်ဖိနှိပ်နေတဲ့အစိုးရဟာ နိုင်ငံတော်ကိုသစ္စာဖောက်တဲ့ အစိုးရ တရပ်ဖြစ်တယ်လို့ ဟောပြောလှုံ့ဆော်ကြတယ်။” ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချူပ်ဟာ လူထုကြားမှာအတွေး အခေါ်တည်ဆောက်ရေးကို ပညာတတ်တွေဖြစ်တဲ့ ကျန်းမာရေးလုပ်သားတွေနဲ့ ကျောင်းဆရာတွေက တဆင့်လုပ် ကိုင်ခဲ့ကြပါတယ်။ ကျေးလက်ဒေသတွေမှာ ရှိတဲ့ ပြည်သူတွေရဲ့ကျန်းမာရေး၊ ပညာရေးတွေကို သွားရောက်ကူညီ လုပ်ကိုင်ကြတ့အဲခါ၊ အစိုးရရဲ့တာဝန်မဲ့မှုတွေကို မသိမသာထောက်ပြကြသလို၊ ဒေသဆိုင်ရာအာဏာပိုင်တွေနားမှာ
ပြည်သူလူထုရဲ့ဒုက္ခကို ခံစားနားလည်လာနိုင်မယ့်နည်းလမ်းတွေ၊ နီးနီးစပ်စပ်ပြောဆိုလို့ရမယ့် အကြောင်းအရာတွေ ကို စဉ်းစားခြဲ့ကပါတယ်။
“၁၉၉၁ ဂျန်နဝါရီလမှာ ကျောင်းသားဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တယ်။ ဖမ်းခံရတဲ့ ကျာင်းသားခေါင်းဆောင်ဟာ စစ် ကြောရေးစခန်းမှာ နှိပ်စက်သတ်ဖြတ်ခံရတယ်။ မတ်လ ၂၂-၂၆ ထိဒီမိုကရေစီအင်အားစုတွေဟာ အထွေထွေ သပိတ်ကိုဆင်နွဲကြပြီး သူတို့ရဲ့မကျေနပ်မှုကိုပြခြဲ့ကတယ်။ စစ်တပ်ကလည်း လမ်းတွေကိုပိတ်ဆို့ပစ်လိုက်ပြီး အရေးပေါ်ဥပဒေ ထုတ်ပြန်ကြေငြာခဲ့တယ်။ ဆန္ဒပြသူတွေကိုရာချီပြီး ဖမ်းဆီးခဲ့တယ်။ ဆန္ဒပြသူ (၃၀၀) ကျော်ကို ပစ်ခပ်သတ်ဖြတ်ပြလိုက်တယ်။ ”သောတရှင်များခင်ဗျား ဗိုလ်ချုပ်ထွာအိုရီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုဟာ ပြည် သူတွေကို နောက်မဆုတ်စေနိုင်ခဲ့ပါဘူး။ အာဏာရှင်နှုတ်ထွက်ပေးရေး ကြွေးကြော်သံတွေက သေနတ်သံတွေကြား က ကျယ်လောင်နေခဲ့ပါတယ်။
သောင်းချီနေတဲ့လူအုပ်ကို ဆက်လက်ပစ်ခတ်ချင်စိတ်မရှိတော့တဲ့ စစ်သားတွေဟာ ဆန္ဒပြပြည်သူတွေနဲ့ ပူးပေါင်း လိုက်ကြပါတယ်။ မြို့တော်ရဲ့အသံလွှင့်ရုံဆီက အာဏာရှင် “မူဆာထွာအိုရီ”ကို လက်ရဖမ်းလိုက်ပြီဖြစ်ကြောင်း၊ မာလီစစ်ခေါင်းဆောင်တဦးက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
သောတရှင်တို့လည်း စာနာနားလည်တတ်တဲ့ စစ်ခေါင်းဆောင်တွေနဲ့ဆုံစည်းနိုင်ကြပါစေ။
(ဒီ ရေဒီယိုအသံလွှင့်ဆောင်းပါးကို ကျနော်လည်း ဘယ်တုန်းက ဘယ်သူ့ဆီက ဘယ်လိုရခဲ့သလဲတော့ မမှတ်မိတော့ဘူးဗျာ။ ထင်တာတော့ ကိုငြိမ်းဝေ လို့ထင်ပါတယ်။ သိသူတွေရှိလည်း ပြောပြပေးကြပါဗျား)

0 comments:

Post a Comment