Friday, December 23, 2011

ဒေါင်းအိုးဝေ၊မိတ်ဆွေရှာခြင်းနှင့်တောင်းပွဲတိုက်ပွဲများ (မျိုးမြင့်ချို)

0 comments

ဒေါင်းအိုးဝေ၊ မိတ်ဆွေရှာခြင်းနှင့်တောင်းပွဲတိုက်ပွဲများ(မျိုးမြင့်ချို)
“မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး”၏ အာဘော်ဖြစ်သည့် “ဒေါင်းအိုးဝေ”စာစောင်အတွက်တခုခုရေးပါဟု ပြောသည့်အခါ ကျနော်ဝမ်းသာအံ့သြမိ၏။ ကျောင်းသားတပ်မတော်စာစောင်တွင် ဝင်ရေးရမည့်အတွက် ဝမ်းမြောက်မိသည်မှာ အထူးပြောစရာမရှိ။ အံ့သြရသည်ကအကြောင်းရှိ၏။ ကျနော်က လက်နက်ကိုင်တော် လှန်ရေးကိုယုံကြည်သူမဟုတ်။ ကိုယ်တိုင်လည်းမလုပ်စဖူး။ သို့နှင့်တိုင် အဘယ်ကြောင့် ဝင်ရေးပါဟုဖိတ်ခေါ်ရသနည်းဆိုပြီး အံ့သြမိခြင်း။ အကြောင်းရှိမည်ထင်၏။ ကျနော်က လက်နက်လက်ကိုင်တော်လှန်ရေးကို မယုံကြည်သော်လည်း ဘယ်တုန်းကမှမဆန့်ကျင် ခဲ့။ မဆန့်ကျင်ရုံမက လုပ်နေသူအချို့နှင့်လည်း အနေနီးခဲ့ဖူး၏။ အနေနီးသဖြင့် သူတို့ရင် ဘတ်ထဲဝင်ကြည့်ခွင့်ရခဲ့၏။ ဝင်ကြည့်ခွင့်ရသဖြင့်လည်း သူတို့နှလုံးသားနှင့်အတွေး အခေါ်ကိုဖတ်ခွင့်ကြုံခဲ့၏။ ဖတ်ခွင့်ကြုံသဖြင့်လည်း သူတို့ကိုနားလည်ခဲ့၏။ နားလည်သဖြင့် လည်း တူရာပန်းတိုင်ကို မတူသည့်လမ်းများမှ အတူလျှောက်ကြသူများဖြစ်လာကြ၏။

ကျနော်က စစ်၏သားကောင်ဖြစ်ခဲ့သူပီပီ ငြိမ်းချမ်းရေးကိုချစ်၏။ စစ်ကိုမုန်း၏။ စစ်ကိုလူတိုင်းမုန်းကြသည်ဟုတော့ ကျနော်မထင်။ စစ်ကိုချစ်သူများရှိ၏။ စစ်ကိုမက်သူများရှိ၏။ စစ်မက်ဖြင့် ထိုသူတို့စီးပွားရှာ၏။ သူတို့အစီးအပွားအတွက် စစ်မက်တို့ကိုဖန်တီးရ၏။ စစ်မက်သူတို့ကြောင့်သာ စစ်မက်တို့ဖြစ်ရ၏။ စစ်ပွဲများတွင် စစ်တိုက်နေကြသည့်စစ်သားတိုင်း စစ်မက်လိုလားသူများမဟုတ်ကြ။ ငြိမ်းချမ်းရေး အလိုချင်ဆုံးလူများတွင် “မတိုက်ချင်ပဲတိုက်နေရသည့်စစ်ပွဲထဲကစစ်သားများ” ရှေ့ဆုံးကပါမည်ဟု ကျနော်ကယုံကြည် နေ၏။

 တချို့က “ငြိမ်းချမ်းရေးလိုချင်လို့၊ ငြိမ်းချမ်းရေးအတွက်စစ်တိုက်နေရတာ” ဟုဆို၏။ ကျနော်က ထိုသို့မမြင်။ မငြိမ်းချမ်း၍သာ ငြိမ်း ချမ်းရေးမရှိရွေ့သာ သူတို့စစ်တိုက်နေရခြင်းဖြစ်၏။ ငြိမ်းချမ်းနေလျှင်၊ ငြိမ်းချမ်းရေးရှိနေလျှင် မည်သူကမည်သည့်အတွက် စစ်တိုက် နေရမည်နည်း။ တိုက်နေစရာ ဘာအကြောင်းမရှိ။ ဘယ်သူကဘယ်သူ့ကို ဘာအတွက်သတ်နေရမည်နည်း။ သေနေရမည်နည်း။  ငြိမ်းချမ်းရေးလိုချင်လို့ စစ်တိုက်နေရခြင်းမဟုတ်၊ ငြိမ်းချမ်းရေးမရှိသဖြင့်သာ စစ်တိုက်နေရခြင်းဟု ကျနော်က နားလည်ထား၏။

ထိုအတိုင်းဆိုလျှင် မငြိမ်းချမ်းအောင်မည်သူတွေလုပ်နေသနည်း။ ရှင်းပါသည်။ စစ်မက်သူများကသာ လုပ်နိုင်ပါသည်။ သူတို့ လက်တွင်အာဏာရောက်သည့်အခါ ချောင်းမြစ်သာမကတိုင်းပြည်ပါ ဖွပ်သထက်ညစ်ရ၏။ ထိုအခါ ငြိမ်းချမ်းရေးကြွေးကြော်သံသည် လှိုင်လှိုင်မည်လာ၏။ ငြိမ်းချမ်းရေးလိုလားချက်ကို ဖေါ်ပြတောင်းဆိုတိုက်ပွဲဝင်ရာတွင် နည်းနာတွေတော့မတူကြ။ မတူသည်မှာ သဘာဝကျ၏။ အတင်းတူရမည်ဟု လုပ်လို့မရ။ ပြောလို့မဖြစ်။ ဒါဆိုရင် မတူတာခွဲလုပ်၊ တူတာတွဲလုပ်ရအောင် ဆိုပြီးဖြစ်လာ၏။ ပြောရလွယ်သလောက် ကြားရနားဝင်ချိုသလောက် တကယ့်နိုင်ငံရေးတွင်ခက်ပါသည်။ ငါ့နဲ့မတူငါ့ရန်သူဟု မည်သူမျှမပြောသော် လည်း ငါ့မိတ်ဆွေဖြစ်ရန်ကား အလှမ်းဝေးလွန်းသွားပြီဖြစ်၏။ အလှမ်းဝေးလွန်းသွားလျှင် အနေနီးအောင်လုပ်ဖို့မလွယ်တော့။

ငြိမ်းချမ်းရေးကိစ္စကို အာဏာပြဿနာနှင့်ခွဲမြင်သူကမြင်၏။ တွဲမြင်သူကမြင်၏။ ကိစ္စမရှိ။ သူ့အမြင်နှင့်ကိုယ့်အမြင် မတူလို့ရသည်။ မတူခွင့်လည်းရှိ၏။ ခွဲမြင်သူတွင် “အာဏာနိုင်ငံရေးပြဿနာ”ရော “နိုင်ငံရေးအာဏာပြဿနာပါ”မရှိ။ သို့ဖြင့် သူ့တွင်အာဏာအတွက် ဖက်ပြိုင်ရမည့်သူမရှိ။ ပြိုင်ဘက်လည်းမလိုတော့။ ပြိုင်ဘက်ဆိုသည်က အာဏာပြဿနာကိုရှင်းကြသည့်အခါ ရန်ဘက်ဖြစ်ရသည် လည်းရှိ၏။ “ပြိုင်ဘက်” က “ရန်ဘက်” ဖြစ်လာသည့်အခါ “ရန်သူ” ဖြစ်လာ၏။ ရှိလာ၏။ ရန်သူဖြစ်လာရှိလာလျှင် ရန်သူကိုပြိုင်တိုက် ဖို့ “မိတ်ဆွေ”လည်း ရှိလာရ၏။ ရှာလည်းရှာရ၏။ ရှာမှလည်းဖြစ်၏။ မိတ်ဆွေရှာသလို ရှိလာသလို၊ မိတ်ဆွေမဟုတ်ရန်သူမဟုတ် ကြားလူလည်းရှိလာရ၏။ ထားရ၏။ ထို့ကြောင့် “ရန်သူ၊ မိတ်ဆွေ၊ ကြားလူ” ဟူ၍ရှိလာရခြင်း၊ ထားလာရခြင်းဖြစ်၏။  ခွဲမြင်သူအတွက် အာဏာမလို။ မလိုအပ်။ မလိုအပ်သဖြင့် ပြိုင်လုရမည့်ပြိုင်ဘက်မရှိ။ ပြိုင်ဘက်မရှိသဖြင့် ဖက်ပြိုင်စရာမရှိ။ မလို။ မလိုမရှိတော့သဖြင့် ရန်သူမရှိ။ ဘယ်သူနှင့်မှ ရန်သူမဖြစ်။ ရန်သူဖြစ်စရာ မလိုတော့။ ရန်သူမရှိတော့။ ရန်သူမရှိသဖြင့် ကြားလူဆိုသည်လည်းမရှိ။ မလိုတော့။ ထို့ကြောင့်သူ့တွင် “ရန်သူမရှိ၊ ကြားလူ” မရှိ။  မိတ်ဆွေချည်းသာ ရှိတော့၏။ ဖြစ်တော့၏။  ကျန်တော့၏။ မိတ်ဆွေကို တိုက်စရာမလို။ မိတ်ဆွေထံ တောင်းရန်သာကျန်၏။ ညှိရန်သာရှိတော့၏။ မိတ်ဆွေဟုသတ်မှတ်သူက သူ့ကို မိတ်ဆွေဟုပြန်သတ် မှတ်သော် ကောင်း၏။ သူ့အလိုကို လိုက်သော် ကောင်း၏။ 

အာဏာပြဿနာနှင့်ငြိမ်းချမ်းရေးကိုတွဲမြင်သူကမူ ထိုသို့မမှတ်မယူ။ ပြောင်းပြန်ဖြစ်ရလိမ့်မည်။ ရန်သူ၊ မိတ်ဆွေနှင့်ကြားလူရှိရမည်။ မိတ်ဆွေနှင့်တွဲပြီး ရန်သူကိုတိုက်ရင်း ကြားလူကိုမိတ်ဆွေဖြစ်အောင်လုပ်ရမည်။ “သူ့ကိုလည်းရန်သူအဖြစ်သတ်မှတ်ထားသူ”၊ “သူကလည်း ရန်သူအဖြစ်သတ်မှတ်ထားသူ”ထံ မတောင်း၊ အနိုင်မတိုက်နိုင်သေးလျှင်တောင် အားတူလာလျှင်ညှိမည့်စကားဆို ရမည်။ တိုက်နေရင်းနှင့် ငြိမ်းချမ်းရေးတံခါးဖွင့်ထားမည်။ တံခါးဖွင့်ထားရင်း တိုက်နေလိမ့်မည်။ “သေနတ်ကိုင်မှတိုက်သည်”ဟု ကျနော်က ယုံကြည်တတ်သူမဟုတ်။ လက်နက်ကိုင်တော်လှန်ရေး Arm Struggle  ရော Non-Violence လို့ဆိုသည့် “အာဏာဖီ ဆန်ရေးနှင့်တွဲသည့် လက်နက်မကိုင်တော်လှန်ရေး”ရော တိုက်ပွဲဖြစ်၏ဟု ကျနော်က မှတ်ယူ၏။ ငြိမ်းချမ်းရေးပေးပါဟု တောင်းသူ ကတောင်းလိမ့်မည်။ တိုက်သူကလည်း တိုက်ရလိမ့်မည်။ တောင်တောင်း၊ တိုက်တိုက် ထိုကိစ္စသည် နိုင်ငံရေးကိစ္စသာဖြစ်၏။ နိုင်ငံရေးသဘောတွင် တောင်းပွဲရောတိုက်ပွဲပါ အကြုံးဝင်၏။

ယခု နိုင်ငံရေးစကားဆို၏။ ငြိမ်းချမ်းရေးနှင့်စစ်မက်ကိစ္စပြော၏။ စစ်ကိုမက်သူတို့အတွက် စစ်မက်သည်လို၏။(နှစ်သက်ဖွယ်ဖြစ်၏)။ စစ်မက်သူက ငြိမ်းချမ်းရေးစကား ဘယ်တော့မှမပြော။ သူတို့နှုတ်မှထွက်သည့် ငြိမ်းချမ်းရေးဆိုသည့်စကားသည် “အာဏာပြဿ နာနှင့်ငြိမ်းချမ်းရေး”ကိုတွဲမြင်ထားသူ ကျနော့်အတွက် ယုံကြည်လက်ခံဖို့မဖြစ်နိုင်။ ကျနော်က ငြိမ်းချမ်းရေးကိုမက်၏။ အာဏာကို မမက်။ အာဏာသည် မက်စရာကိစ္စမဟုတ်။ လိုအပ်ချက်ဖြစ်၏။ စစ်မက်သူအတွက်ကား အာဏာသည်မက်စရာဖြစ်၏။

ကျောင်းသားတပ်မတော်က ငြိမ်းချမ်းရေးမရှိသဖြင့် လက်နက်ကိုင်တိုက်ရ၏။ ကျနော်က လက်နက်မကိုင်ပဲတိုက်ရ၏။ တိုက်နေကြ တာခြင်းတူ၏။ နည်းနာကွာ၏။ မတူသည့်နည်းဖြင့် တူသည့်ခရီးကို အတူသွားနေကြခြင်းဖြစ်၏။ ထို့ကြောင့် ကျနော့်တွင်ရော ကျောင်းသားတပ်မတော်တွင်ပါ ရန်သူရှိ၏။ မိတ်ဆွေရှိ၏။ ကြားလူရှိ၏။

ထို့ကြောင့် ဒေါင်းအိုးဝေတွင် ဝင်ရေးပါဟုပြောလာခြင်းဖြစ်ရမည်ယူဆ၏။
ရေးပြီး ဒေါင်းအိုးဝေမှာသုံးခဲ့ပြီးပါပြီ။ ကျနော်ကတင်ပြီးပြီမှတ်ပြီး မတင်ဖြစ်သေးတာခုမှပြန်သိလို့ပြန်တင်တာပါ။ 
မျိုးမြင့်ချို
သြဂုတ် ၂၈ ၂ဝ၁၁


0 comments:

Post a Comment