Wednesday, December 21, 2011

“ကျနော်ကြီးရင်ဘာမဖြစ်ချင်နှင့်ပတ်သက်သည်များ” (မျိုးမြင့်ချို)

0 comments

“ကျနော်ကြီးရင်ဘာမဖြစ်ချင်နှင့်ပတ်သက်သည်များ”
ကျနော်ငယ်ငယ်က ဖြစ်ချင်တာအလွန်များသည်။ ရေခဲချောင်းသည်၊ ကားဒရိုင်ဘာ၊ မျက်လှည့်ဆရာ၊ ဗေဒင်ဆရာ၊ ရုပ်ရှင်မင်းသား၊ ဆပ်ကပ်ထဲကခြင်္သေ့ထိန်း၊ မီးသတ်သမား၊ ကောင်းဘွိုင်နှင့်အခြားထွေလီကာလီများ။ ငယ်ငယ်ကဖြစ်ချင်တာတွေကို ငယ်ငယ်မှာပဲ ခဏတဖြုတ်ဖြစ်ခဲ့တာတွေလည်းရှိသည်။ လုံးလုံးမဖြစ်ခဲ့တာတွေလည်း ရှိသည်။ သို့သော် ဘယ်နေရာမှာမှ ပေါက်ပေါက်မြောက်မြောက်မဟုတ်။

ကျနော်မှတ်မိသလောက်ပြောရလျှင် “သားသားကြီးရင် ဘာလုပ်မယ်”ဟု ဘယ်သူ့မှကျနော့်ကို မမေးဖူးသလို၊ ကျနော်ကလည်း ဘာဖြစ်ချင်သည်ကို မဖြေဖူးဘူး ဟုထင်ပါသည်။ မေးလာခဲ့လျှင်လည်း ကျနော်ဘာပြန်ဖြေရမှန်း သိမည်မဟုတ်ပါ။ ထိုသို့ဖြစ်ရသည်မှာလည်း ကျနော့်တွင် ငယ်ငယ်ကဖြစ်ချင်သည်များသာရှိပြီး ကြီးလျှင်ဖြစ်ချင်သည်များကို မသိသေးသောကြောင့်နှင့် မရှိသေးသောကြောင့်လည်း ဖြစ်မည်ထင်ပါသည်။ ကျနော့်သူငယ်ချင်းတချို့က သူများတွေပြောနေကျအတိုင်း စစ်ဗိုလ်၊ ဆရာဝန်၊ အင်္ဂျင်နီယာ၊ ကျောင်းဆရာကြီး စသည်ဖြင့် ပြောသံကိုကြားဖူးပါသည်။ “ဘာကြောင့်ဖြစ်ချင်ရတာလဲ”ဟု လူကြီးတွေက ဆက်အမေးနည်းတတ်သလို ဖြေပြန်လျှင်လည်း သင်ထားသည့်အတိုင်းတွေပဲဖြစ်သည်။ ဖြေသူတွေကိုယ်တိုင်လည်း “ဘာ့ကြောင့် ဘာဖြစ်ချင်သည်”ကို သိချင်မှသိလိမ့်မည်ဟု ကျနော်ကထင်သည်။ စစ်ဗိုလ်ဖြစ်ချင်တယ်ဟုဖြေသည့် သူငယ်ချင်းတယောက် ကြီးလာသောအခါ မူးယစ်ဆေးဝါးအလွန်အကျွံသုံးပြီး ကြွသွားပါသည်။ အင်္ဂျင်နီယာဖြစ်ချင်သည့်သူငယ်ချင်းမှာမူ လက်ဘက်ရည်ဆိုင်ဖွင့်နေပါသည်။ ဆရာဝန်ဖြစ်ချင်သည့်သူငယ်ချင်းကား စစ်ဗိုလ်ဖြစ်ပြီးမှတိုက်ပွဲကျသွားပါသည်။ ကျောင်းဆရာကြီးဖြစ်ချင်သည့်သူငယ်ချင်းက ကျောင်းဆရာဖြစ်ပြီး ရိုးရိုးအေးအေး၊ ဆေးလိပ်ကအစ၊ အသောက်အစား၊ လောင်းကစား၊ မိန်းမမှု ဘာတစ်ခုမှလည်းမပွေပါပဲ ငယ်ငယ်ရွယ်ရွယ်မှာ လေဖြတ်ပြီးအနိစ္စရောက်သွားပါသည်။ တခြားသူငယ်ချင်းများ သူတို့ဖြစ်ချင်တာတွေဖြစ်ကြသလား မဖြစ်ကြသလားတော့ ကျနော်အသေအချာမပြောနိုင်ပါ။ “သားသားကြီးရင်ဘာလုပ်မယ်”ကို “ဘာမှ မလုပ်ဖူး”ဟု ပြန်ဖြေခဲ့သည့် ထူးထူးခြားခြားသူငယ်ချင်းတယောက်မှာမူ နံမည်မကျော့်တကျော် အနုပညာသမားဖြစ်နေ၏။ ဦးသုခ၏ “ဘဝသံသရာ” သီချင်းကို တခါတခါသတိရပါသည်။

ကျနော်ငယ်ငယ်က ရပ်ကွက်ထဲ ဂလိုင်လှုပ်ပြီးဝင်လာသည့် ရေခဲချောင်းသည်အသံကြားလျှင် အလွန်ပျော်ပါသည်။ ထို့ကြောင့် ရေခဲချောင်းသည်သည် ကလေးများအတွက် ပျော်ရွှင်မှုကိုဆောင်ကြဉ်းလာသူဟုတွက်ပြီး ရေခဲချောင်းသည်လည်းဖြစ် ချင်ခဲ့ပါသည်။ ခရီးသည်တွေကိုတင်ပြီးကွမ်းယာတမြုံ့မြုံ့နှင့် လည်ပင်းတွင်တဘက်သေးလေးပတ်ကာ ကားမောင်းနေသည့် ဒရိုင်ဗာကြီးသည် အလွန်စတိုင်ကျသည်ဟုထင်ပြီး ဒရိုင်ဗာလည်းဖြစ်ချင်ခဲ့ပါသည်။ ခရီးသည်တွေကို ငေါက်လားငမ်းလားလုပ် တတ်သည့် ကားစပယ်ရာကိုလည်း သူကပြန်ဟောက်လားဟန်းလား လုပ်လို့ရတာကိုလည်း အလွန်သဘောကျပါသည်။ ပိုက်ဆံယူပြီး လူတွေစိတ်ချမ်းသာအောင် ဗေဒင်ဆရာနှင့်မျက်လှည့်ဆရာများသာလုပ်နိုင်သည်ဟုထင်ကာ ဗေဒင်နှင့်မျက်လှည့်ဆရာလည်း ဖြစ်ချင်ခဲ့သည်။ ကျောင်းစာမတတ်လည်း ဆရာအခေါ်ခံရသည်ကို အလွန်သဘောကျမိတာလည်းပါသည်။ ဘယ်နေရာသွားသွား လူတွေကဝိုင်းဝိုင်းကြည့်ပြီး ကိုယ့်အမည်အခေါ်ခံရတာကိုလည်း ကောင်းသည်မှတ်ပြီး ရုပ်ရှင်မင်းသားလည်းဖြစ်ချင်ခဲ့သည်။ လူတိုင်းကြောက်ရသည့် ခြင်္သေ့ကြီးတွေကျားကြီးတွေကို ကြာပွတ်တရွှမ်းရွှမ်းဖြင့် ခိုင်းစားလို့ရသည့် ဆပ်ကပ်ထဲကခြင်္သေ့ထိန်းကို အထင်ကြီးသဖြင့် ခြင်္သေ့ထိန်းလည်းဖြစ်ချင်ခဲ့သည်။ ရေတွေတဝေါဝေါပန်းထွက်နေသည့် မီးသတ်ပိုက်ကြီးနှင့် တဝုန်းဝုန်းလောင်နေ သည့် မီးတောက်ကြီးများကိုငြှိမ်းရသည်မှာ အရသာရှိမည်ဟုထင်ပြီး မီးသတ်သမားလည်းဖြစ်ချင်ခဲ့သည်။ သေနတ်ခါးမှာ တို့လို့ တွဲလောင်းချိတ်၊ ဆေးပြင်းလိပ်ကြီးခဲ၊ ဦးထုတ်တစောင်းဆောင်း၊ ထီမထင်သည့်မျက်နှာပေးဖြင့် မြင်းကြီးပေါ်မှနေ၍ လူဆိုးတွေနှင့် တဒိုင်းဒိုင်းသေနတ်ပစ်ရလျှင် လူတွေအားကျလိမ့်မည်ထင်ပြီး ကောင်းဘွိုင်မင်းသားလည်းဖြစ်ချင်သည်။ တခြားထွေလီကာလီ ဖြစ်ချင်သည်များလည်း ရှိပါသေးသည်။ ထိုအရာများအားလုံးသည် “ကျနော်ငယ်ငယ်ကဖြစ်ချင်သည်”များသာ ဖြစ်ပါသည်။ ကြီးလာလျှင် ထိုအရာတွေ ဖြစ်ချင်မဖြစ်ချင်ကိုမူ ကျနော်ငယ်ငယ်ကမသိခဲ့ပါ။

ကျနော်ငယ်ငယ်က မဖြစ်ချင်သည်မှာမူ များများစားစားသိတ်မရှိလှပါ။ သို့သော် ထိုမရှိသည့်များများစားစားများကိုမူ ကြီးလာသည်အထိ မဖြစ်အောင်နေနိုင်ခဲ့ပါသည်။ ထို ငယ်ငယ်ကမဖြစ်ချင်သည့်အရာများသည် ငယ်ငယ်ကလည်းမဖြစ်ချင် ကြီးလာလျှင်လည်းမဖြစ်ချင်သည့် အရာများလည်း ဖြစ်ပါသည်။ “ကြီးရင်ဘာဖြစ်ချင်”ဆိုသည်ကိုသာ မသိသော်လည်း “ဘာမဖြစ်ချင်” ဆိုသည်ကိုမူ ကျနော် သေသေချာချာ့ကိုသိပါသည်။   မဖြစ်ခဲ့သည့်အတွက်လည်း ပြန်တွေးတိုင်းကိုယ့်ကိုယ်ကို ကျေးဇူးတင်နေမိပါသည်။ ရဲ(ပုလိပ်) မဖြစ်ချင်ပါ၊ ဆရာဝန် မဖြစ်ချင်ပါ။

အကယ်၍ ကျနော်ငယ်ငယ်ကတယောက်ယောက်ကများ “သားသားကြီးရင် ဘာမဖြစ်ချင်”ဟုမေးခဲ့လျှင် ပြန်ဖြေရန်အသင့် ရှိပါလျှက် ဘယ်သူကမှကျနော့်အား ဤသို့မမေးဖူးကြောင်းလည်း သေသေချာချာမှတ်မိပါသည်။ ဘယ်သူမှ မမေးဖူးဘူးပါ။ သေချာပါသည်။ လူကြီးများတွင် ထိုသို့မေးရကောင်းမှန်းကို မသိလို့ပဲဖြစ်မည်ထင်ပါသည်။

မူလတန်းဖတ်စာ စာအုပ်ထဲက “ရဲသားကြီးကကိုလှရွှေ လူဆိုးဖမ်းဖို့စောင့်ရှောက်ပေ”ဆိုသည့် အတိုင်စာလေးကို သရုပ်ဖော်ရာတွင် မျက်နှာအောက်ချပြီး အားရွံ့သိမ်ငယ်နေဟန် ကလေးလေးတယောက်အား ရဲ(ပုလိပ်)ကြီးတယောက်က အင်္ကျီဂုတ်ပိုးမှနေ၍ဆုပ်ကိုင်ပြီး လက်ထိပ်တန်းလန်းဖြင့် ဖမ်းဆီးသွားသည့်ပုံကိုတွေ့ကတည်းက ကျနော် ရဲ(ပုလိပ်) မဖြစ်ချင်ပါ။ ပုံထဲကရဲသည် ကလေးတွေကိုဖမ်းသည်။ ထို့ကြောင့် ရဲသည်မကောင်း။ မကောင်းသဖြင့် ရဲမဖြစ်ချင်။ ငယ်ငယ်ကသင်္ကြန်ရေ ကစားရင်း ခြေထောက်တွင်ပုလင်းကွဲရှသည်။ ဟက်တက်ကြီးကွဲထွက်သွားသည်။ ဆေးခန်းရောက်တော့ ဆရာဝန်က ထုံဆေးမထိုးပဲ ဒီအတိုင်းအစိမ်းလိုက်ချုပ်သည်။ နာလိုက်သည့်ဖြစ်ခြင်း။ ပုလင်းကွဲရှတာထက် ပိုနာသည်။ အနာအကျင်ပျောက်အောင်လုပ်ပေးရမည့် ဆရာဝန်သည် လူတွေကိုပိုနာအောင်လုပ်သည်။ ထို့ကြောင့် ဆရာဝန်သည် မကောင်း။ မကောင်းသဖြင့် ဆရာဝန်မဖြစ်ချင်။ ထိုအရာ ၂ ခုသည် ကျနော် “ငယ်ငယ်ကလည်းမဖြစ်ချင်” “ကြီးလာလျှင်လည်းမဖြစ်ချင်” သည်များဖြစ်ပါသည်။ ထို့ထက်မပိုပါ။ ယခုကြီးပါပြီ။ ဤ ၂ ခုလုံးမဖြစ်ပါ။

ကျနော့်ကို တချို့က “လူစုံ”ဟုပြောသည်။ ကျနော် “ဘဝနည်းနည်းစုံသူသာ”ဖြစ်သည်။ ကျောင်းပြေး၊ အိမ်ပြေး၊ ပြည်ပြေး ဖြစ်ဖူးသည်။ စစ်ပြေးတော့မဖြစ်ခဲ့။ စစ်သား၊ နိုင်ငံရေးအကျဉ်းသား ဖြစ်ဖူးသည်။ ရာဇဝတ်သားတော့မဖြစ်ခဲ့။ အိုးမဲ့အိမ်မဲ၊ တိုင်းမဲ့ပြည်မဲ့ ဖြစ်ဖူးသည်။ ယုံကြည်ချက်မဲ့၊ အဘိဓမ္မာမဲ့တော့မဖြစ်ခဲ့။ ဖြစ်ဖူးတာတွေ အထိုက်အလျှောက်ရှိလာတော့မှ  “ကျနော့်ငယ်ဘဝက” ဘယ်သူမှမမေးဖူးသည့်မေးခွန်းကို ကိုယ့်ဘာသာပြန်မေးမိသည်။ သည်တော့မှ “ကျနော့်ကြီးဘဝတွင်” မဖြစ်ချင်သည်များ ၂ ခုထပ်တိုးလာတာကို သတိထားမိလာသည်။ တခုက “နိုင်ငံရေးသမား”နောက်တခုက “ဘက်မလိုက်ဘူးဆိုသည့် မီဒီယာသမား”။

နိုင်ငံရေးလုပ်တာ အာဏာလိုအပ်၍သာ လုပ်ရခြင်းဖြစ်သည်။ မလိုအပ်လျှင် လုပ်နေစရာဘာအကြောင်းမျှမရှိ။ မိမိ ထူထောင်လိုသည့်စနစ်ကို ထူထောင်ချင်လျှင် လုပ်ပိုင်ခွင့်ရှိမှရမည်။ လုပ်ပိုင်ခွင့်ဆိုသည်မှာ အာဏာဖြစ်သည်။ နိုင်ငံရေးဆိုသည်မှာ အာဏာကိစ္စဖြစ်သည်။ အာဏာကိစ္စမှန်လျှင် တနည်းမဟုတ်တနည်းဖြင့် ရှင်းကြရသည်။ ရှင်းရာတွင် အနုနည်းနှင့်အကြမ်းနည်း သာကွာသည်။ “အာဏာလိုချင်လို့ နိုင်ငံရေးလုပ်တာမဟုတ်”ဟု ပြောသံများ ဖန်တရာထေအောင်ကြားဖူး၏။ အဆန်းတကျယ် မဟုတ်တော့။ ပရိယယ်ဝေဝုစ်သက်သက်မျှသာ။ မိမိကိုယ်တိုင်အာဏာမလိုအပ်တောင် မိမိပေးချင်သူလက်ထဲ အာဏာရောက်အောင် လုပ်ရသည်။ သို့မှာသာ မိမိလိုချင်သည့်ခရီးသို့ရောက်မည်။ အာဏာကိစ္စကို တကယ့်နဖူးတွေ့ဒူးတွေ့ရှင်းကြရပြီဆိုလျှင် သူငယ်ချင်း မရှိတော့။ မိတ်ဆွေမရှိတော့။ ဘာမှမရှိတော့။ အာဏာပြဿနာပဲရှိတော့သည်။ မိတ်ဆွေတချို့နှင့် အနည်းဆုံး အခြေအတင်အငြင်း အခုန်တွေမှစကာ မိတ်ဘက်ရန်ဘက်တွေဖြစ်ရတော့မည်။ လိုအပ်လျှင် မိတ်ဆွေတချို့ကို မျက်စေ့အောက်ထား(ထောင်ထဲထည့်)ရတော့မည်။ ထို့ထက်လိုအပ်လာလျှင် တောထဲမောင်းပို့(လက်နက်ကိုင်တိုက်)ရတော့မည်။ ထို့ထက်ပိုလိုအပ်လာလျှင် မျက်နှာလွှဲ(ကြိုးစင်ပို့ရ)ရတော့မည်။ ကျနော်က ထိုသို့မလုပ်ချင်။ မလုပ်နိုင်။ ထို့ကြောင့် နိုင်ငံရေးသမားမဖြစ်ချင်။ ဖြစ်လည်း မဖြစ်ခဲ့။ ဖြစ်အောင်လည်းမလုပ်ခဲ့။

ကျနော်က တခုခုဆိုဘက်လိုက်ချင်သည်။ လူသည် ဘက်မလိုက်လို့မရ။ ဘက်လိုက်မှရသည့် သတ္တဝါဖြစ်သည်။ လောကသည် ဘက်လိုက်ရသည့်၊ ဘက်လိုက်မှရသည့် နေရာဖြစ်သည်။ ဘက်မလိုက်ဘူးဆိုသူများလည်း မလိုက်သည့်ဘက်တခုခု ထူထောင်ပြီးမှ ထို ဘက်တွင်အတူလိုက်ပြီး နေကြရသည်။ ဘက်မလိုက်ခြင်းဘက်တွင် ဘက်သဘောဖြင့်သာ အတူနေရခြင်းဖြစ် သည်။ ဘက်လိုက်သည့်အတွက် လူကို၊ လောကကိုအပြစ်ဆိုစရာမရှိ။ ဘက်လိုက်ခြင်းသည် လူ့သဘော။ လောက သဘော။ သဘာဝ။ ထိုသဘော သဘာဝတွင် “ဘယ်ဘက်ကို လိုက်မလဲ”ဆိုသည်က လူ၏ရွေးချယ်ခွင့်ဖြစ်သည်။ ကြိုက်သည့်ဘက်ရွေးချယ်ပြီး မကြိုက်သည့်ဘက်ကိုဆန့်ကျင်ခြင်းသည် လူ၏မွေးရာပါလွတ်လပ်ခွင့်။ “မီဒီယာဆိုတာဘက်မလိုက်”ဆိုပြီး ပြောနေသူများတွင်လည်း သူ့အကြောင်းပြချက်နှင့်သူ ခိုင်လုံပါလိမ့်မည်။ ကျနော်က “ဘက်မလိုက်ဘူး၊ ဘက်မလိုက်ရဘူး”ဟု ပြောပြီး “ဘက်လိုက်နေရသည့်၊ ဘက်လိုက်နေကြရသည့်”သဘောကို ဘဝင်မခွေ့။ ကျနော်က “ဘက်လိုက်တယ်ကွာ၊ ဘာဖြစ်လဲ၊ လိုက်ဖို့လိုလို့ လိုက်တာ၊ လိုက်စရာမို့ လိုက်တာ”ဟု ဗြောင်ပြောပြီး ဗြောင်လိုက်ချင်သူ။ ထို့ကြောင့် ဘက်မလိုက်ရ၊ ဘက်လိုက်လို့မရဆိုသည့်မီဒီယာသည် ကျနော့်အတွက် မကောင်း၊ မကောင်းသဖြင့်မကြိုက်၊ မကြိုက်သဖြင့် မီဒီယာသမားမဖြစ်ချင်။ ဖြစ်လို့လည်းမရ။ ဖြစ်ချင်လို့လည်း မရ။

ခုတော့ ကျနော်လည်းကြီးပြီ။ ဘဝတွင်ဖြစ်ချင်တာထက် မဖြစ်ချင်တာကိုပိုသိလာသလို၊ ပိုလည်းအလေးထားတတ်လာပြီ။ ကျနော့်တွင် ယခု “မင်း..ကြီးလာရင်ဘာမဖြစ်ချင်”ဟုမေးကြည့်ရမည့် တူမလေးတယောက်ရှိလာပြီ။ ကျနော် သူ့ကို “သမီးကြီးရင် ဘာဖြစ်ချင်”ကို မေးတော့မည်မဟုတ်ပါ။ ကျနော့်ကို လူကြီးတွေမေးရကောင်းမှန်းမသိသည့်အမေးကို သူ့ကို မေးကြည့်မည်တွေးထား ပါသည်။ ဖြစ်ချင်တာ၊ ဖြစ်သင့်တာစတာတွေပြောပြီး တူမလေးကို ဦးနှောက်မခြောက်စေချင်ပါ။ ကျနော် အမေးမခံခဲ့ရဖူးသည့်မေးခွန်း အား သူ့ကိုမေးပြီး သူပြန်ဖြေမည့်အဖြေကိုလည်း သိချင်နေပါသည်။
မျိုးမြင့်ချို (ဒီဇင်ဘာ၊ ၂၁ ရက် ၂ဝ၁၁) 

0 comments:

Post a Comment