Wednesday, November 30, 2011

ပုဂံမတိုင်မီမြန်မာအစနှင့် သမိုင်းထင်ရှားမင်းမြတ်ကိုးပါး(၃) ဒေါက်တာသန်းထွန်း

0 comments

ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး(၃)
ပုဂံသည်မြန်မာ၊ မြန်မာသည်ပုဂံ
စာရေးသူတို့နိုင်ငံရဲ့သမိုင်းနဲ့ပတ်သက်လို့ လေ့လာတွေ့ရှိချက်ကိုရေးရမယ် ဆိုရင် ပုဂံမတိုင်မီမှာရှိခဲ့တာက ပျုနိုင်ငံသရေခေတ္တရာ ဖြစ်ပါတယ်။ ပျုမင်းတွေစိုးစံခဲ့တဲ့ အဲဒီသရေခေတ္တရာခေတ်တုန်းက မြန်မာဆိုတဲ့နာမည် လည်းမရှိသေးသလို၊ မြန်မာစာပေလည်း မပေါ်သေးပါ။

ပျုရွာ (၁၉) ရွာနဲ့ သမုဒ္ဒရာဇ်မင်းတည်ခဲ့တဲ့ပုဂံမှာ ပျုစာကို အဓိကပြောဆိုရေးသားကြတယ်ဆိုတာတော့ ငြင်းလို့မရနိုင်ပါဘူး။ ပုဂံမင်း (၅၅) ဆက်ရှိတာမှာ အနုရုဒ္ဓလို့သိကြတဲ့ အနော်ရထာမင်းလက်ထက်မှာတော့ ပါဠိစာကို အသုံးများတာတွေ့ရပါတယ်။ မွန်စာကိုလည်း ပုဂံမှာသုံးနေကြပါပြီ။ မြန်မာစာကတော့ ကျန်စစ်သားမင်း လက်ထက်ကျမှ သုံးလာကြတာလို့ လေ့လာသိရှိရပေမယ့် အသုံးနည်းပါသေးတယ်။ တကယ်သုံးလာကြတာက နရပတိစည်သူမင်းလက်ထက်မှာပါ။ အဲဒီမင်းလက်ထက်မှာတော့ မြန်မာစာကို အဓိကသုံးနေကြပါပြီ။

ရေးရရင် မြန်မာတိုင်းပြည်ဆိုတာ ပုဂံခေတ်မှာမှဖြစ်လာရတာပါ။ ပုဂံဟာ မြန်မာမင်းတွေအုပ်စိုးတဲ့နိုင်ငံ ဖြစ်သွားပါပြီ။ ပျုစာတွေလည်း ပျောက်ကွယ်တိမ်ကောသွားရပါတယ်။ ဒါကြောင့်ပုဂံသည် မြန်မာ၊ မြန်မာသည် ပုဂံဆိုတာလို ပုဂံနဲ့မြန်မာကိုခွဲလို့မရတဲ့အတွက် ဒီဆောင်းပါးခေါင်းစဉ်ကို ပေးရခြင်းဖြစ်ပါတယ်။

အေဒီ () ရာစုမှာ ပျုရွာ (၁၉) ရွာနဲ့ သရေခေတ္တရာက သုပညာနဂရဆိန္ဒမင်းရဲ့တူတော်ဖြစ်တဲ့ သမုဒ္ဒရာဇ်မင်း စပြီးတည်လာတဲ့ပုဂံကို ပထမပျုဂါမလို့ခေါ်ပါတယ်။ အဲဒီနောက်မှ ပေါက္ကံရာမလို့ခေါ်ရာက ပုဂံဖြစ်လာတာပါ။ ကျောက်စာတွေမှာတော့ တမ္ပဒီပတိုင်း၊ ကြေးနီရောင်မြေလို့ ရေးတာတွေ့ရပါတယ်။

ပုဂံရဲ့ နယ်နမိတ်ကတော့ အရှေ့ဘက်မှာ ကျောက်ကူးဥမင်ဘုရား၊ အနောက်ဘက်မှာ ဧရာဝတီမြစ်၊ တောင်ဘက်မှာ တူရွင်းတောင်နဲ့ မြောက်ဘက်မှာတော့ တွင်းရွာဖြစ်တယ်။ (၁၁) ရာစုမှ (၁၃) ရာစုအတွင်း ဘုရားစေတီပုထိုးပေါင်း (၄၀၀၀) ကျော် တည်ထားခဲ့တယ်။
အဲဒီအချိန်က ပုဂံနဲ့ခေတ်ပြိုင်နိုင်ငံကတော့ (၁၂) ရာစုမှာထင်ရှားခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံဖြစ်ပြီး အဲဒီနိုင်ငံမှာရှိတဲ့ ကမ္ဘာကျော် အန်ကောဝပ်ဘုရားကျောင်းကြီးရဲ့ ယဉ်ကျေးမှုနဲ့လည်း အချိန်တူညီတယ်လို့ သိရပါတယ်။

ဒီဘက်ခေတ် ၁၉၇၅ ခုနှစ်မှာတော့ ဇူလိုင်လ () ရက်နေ့မှာ လှုပ်ခဲ့တဲ့ငလျင်ဒဏ်ကြောင့် ပုဂံဘုရားတွေ ပြိုပျက်ခဲ့ရတဲ့အတွက် ပြန်လည်ပြုပြင်ခဲ့ရတယ်။ အခုချိန်မှာတော့ ပုဂံမြေမှာ ဘုရားပေါင်း (၂၀၀၀) ကျော်ပဲ ရှိပါတော့တယ်။ သမုဒ္ဒရာဇ်မင်းကနေ စောမွန်နှစ်မင်းအထိ နှစ်ပေါင်း (၁၂၆၁) နှစ်ကြာအောင် ပုဂံမင်း (၅၅) ပါး စိုးစံအုပ်ချုပ်ခဲ့ကြတာမှာ သမိုင်းမှာအထင်ရှားဆုံးဖြစ်တဲ့ ပုဂံမင်းတွေကတော့ () ပါးပဲ ရှိပါတယ်။ ဒီမင်း () ပါး ကတော့ ပထမမြန်မာနိုင်ငံတော်ကြီးကို စတင်တည်ထောင်တော်မူပြီး ထေရဝါဒဗုဒ္ဓသာသနာတော်အစစ်အမှန်ကို မြန်မာနိုင်ငံမှာ ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့တဲ့ အနော်ရထာမင်း၊ အနော်ရထာမင်း တည်ထောင်တော်မူခဲ့တဲ့နိုင်ငံတော်ကို တည်တံ့ရှည်ကြာတိုးတက်အောင်ဆောင်ရွက်ပြီး မွန်မြန်မာတိုင်းရင်းသား ချစ်ကြည်ရေးကိုလည်း စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့တဲ့ သူရဲကောင်းအာဇာနည်မင်းဖြစ်တဲ့ ကျန်စစ်သားနဲ့ ကျန်စစ်မင်း ရဲ့မြေးတော် အလောင်းစည်သူတို့ပဲဖြစ်ပါတယ်။ စေတီပုထိုးတွေ၊ ရှေးဟောင်းမြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ နှစ်ပေါင်း (၁၀၀၀) ကျော်ရှည်ကြာခဲ့တဲ့ပုဂံဟာ မြန်မာတွေအတွက် အလွန်ဂုဏ်ယူစရာလည်း ကောင်းလှပါတယ်။ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ မြန်မာနိုင်ငံကိုရောက်လာကြပြီဆိုရင်လည်း သူတို့ အဓိကသွားကြတဲ့နေရာက တော့ မြန်မာနိုင်ငံအကြောင်းပြောလာပြီဆိုရင် ရန်ကုန်က ရွှေတိဂုံစေတီတော်နဲ့  ရှေးဟောင်းမြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေရှိရာ ပုဂံကိုပဲဖြစ်ပါတယ်။

ပုဂံကိုလာကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ လေ့လာကြည့်ရှူကြတဲ့ဘုရားတွေကိုလည်း ရေးပါဦးမယ်။ ဒီဘုရား တွေကတော့ ညောင်ဦးက ရွှေစည်းခုံဘုရား၊ ပုဂံက အာနန္ဒာဘုရား၊ ဗူးဘုရား၊ ထီးလိုမင်းလိုဘုရား၊ ကန်တော့ပလ္လင် ဘုရား၊ မဟာဗောဓိဘုရား၊ ရွှေဆံတော်ဘုရား၊ သဗ္ဗညုဘုရား၊ ဓမ္မရံကြီးဘုရား၊ ငကျွဲနားဋောင်းဘုရား၊ အလိုတော် ပြည့်ဘုရား၊ မင်းနန်းသူရွာက စူဠာမုနိဘုရား၊ လေးမျက်နှာဘုရား၊ သမ္ဘူလဘုရား၊ တရုတ်ပြေးမင်းဘုရား၊ မိဘုရား ဖွားစောရဲ့ ဖွားစောရွာက ဓမ္မရာဇကဘုရား၊ မြင်းကပါရွာက ဂူပြောက်ကြီးဘုရား၊ မြစေတီဘုရား၊ မနူဟာဘုရား၊ အပါယ်ရတနာဘုရား၊ နဂါးရုံဘုရားနဲ့ သီရိပစ္စယာရွာက လောကနန္ဒာဘုရားတွေပဲ ဖြစ်ပါတယ်။

ဒီဘုရားတွေအပြင် အချိန်ယူပြီး လေ့လာသင့်တဲ့ ဘုရားတွေကတော့ တန့်ကြည်တောင်ဘုရား၊ တုရင်တောင်စေတီ၊ ကျောက်ဂူဥမင်ဘုရား၊ ဆင်များရှင်ဘုရား၊ ရှင်ပင်သက်ရှည်ဘုရား၊ မင်္ဂလာစေတီ၊ မဟာဗောဓိစေတီတော်၊ ဝက်ကြီး အင်းဂူပြောက်ကြီးဘုရား၊ ငှက်ပစ်တောင်စေတီ၊ ဆပဒစေတီ၊ နန္ဒာမညာဘုရား၊ နန်းဘုရားနဲ့ ပုထိုးသားများဘုရား တွေလို့ ဆိုပါရစေ။

ဘုရားတွေအပြင် ပုဂံမှာ နောက်ထပ်လေ့လာစရာတွေလည်း ကျန်ပါသေးတယ်။ အဲဒါတွေကတော့ ညောင်ဦးက ကျန်စစ်သားဥမင်၊ ပုဂံက မီးမလောင်ကျောင်း၊ ဥပါလိသိမ်၊ အာနန္ဒာအုတ်ကျောင်း၊ သရပါတံခါး၊ ပိဋကတ်တိုက်၊ ရှေးဟောင်းပုဂံပြတိုက်နဲ့ မြင်းကပါရွာက ရာဇကုမာရကျောက်စာလို့လည်း ခေါ်ကြတဲ့ မြစေတီကျောက်စာ ဖြစ်ပါ တယ်။ ဒီကနေ့ ပုဂံမှာရှိနေတဲ့ ဘုရားအားလုံးကိုလေ့လာနိုင်ဖို့ဆိုတာကတော့ အချိန်ယူရပါမယ်။ မြန်မာမှန်ရင် ပုဂံကို ရောက်ဖူးရမယ်ဆိုတဲ့ စကားကလည်း ရှိပါတယ်။ မြန်မာလူမျိုး၊ မြန်မာနိုင်ငံတော်စတင်ဖြစ်ပေါ်လာရာ ပုဂံမြေမှာက သမိုင်းအရတန်ဖိုးကြီးလှတဲ့ ကြည့်ရှူလေ့လာစရာ ရှေးဟောင်းယဉ်ကျေးမှု အနုပညာလက်ရာတွေက လည်းများလှတဲ့အတွက် မြန်မာတိုင်း သွားရောက်သင့်ကြတယ်ဆိုတာကို ရေးပါရစေ။

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၃၉) မျိုးမြင့်ချို

0 comments

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၃၉) နိုဝင်ဘာ ၃၀ ရက် ၂၀၁၁ နေ့က အာရ်အက်ဖ်အေက ထုတ်လွှင့်ပြီးဖြစ်ပါတယ်။

            ပန်းတိုင်တူတဲ့ခင်မင်သူတချို့ သူတို့ယုံကြည်ရာလမ်းတွေဆီ ထွက်ခွာခဲ့ကြ တယ်ဆိုတာဟာ ကိုယ်လွတ်ရုန်းသွားကြတာလို့ပြောရင် လုံးဝကို မှန်ကန်မျှတမှုမရှိတဲ့ အပြောပဲဖြစ်မှာပါ။ လက်နက်ကိုင်ဖိနှိပ်နေသူကို လက်နက်နဲ့ပြန်ခုခံတိုက်ပွဲဝင်တာ မှန်တယ်လို့ မထောက်ခံဝံ့သူaတာင် မှားတယ်လို့ပြောမရတဲ့ တရားတခုလို့ ထင်ပါတယ်။ သူတို့တွေ ထွက်ခွာသွားကြပြီးသိတ်မကြာခင်မှာပဲ “စစ်တပ်အာဏာသိမ်းလိုက်ပြီ” ဆိုတဲ့သတင်းဟာ ဗမာပြည်တနံတလျား တမဟုတ်ချင်းတောမီးလိုပျံ့ပြီး တစ္ဆေလိုလှန့်လိုက်ပါတော့တယ်။

            ၁၉၈၈ စစ်တပ်အာဏာသိမ်းမှုကိုပြန်ကြည့်ရင် သမားရိုးကျအာဏာသိမ်းမှုတခု မဟုတ်ဘူးဆိုတာကတော့ ဘယ်သူမှငြင်းလို့ မရတဲ့ အချက်ဖြစ်ပါတယ်။ ပုံမှန်အာဏာသိမ်းမှုတိုင်းမှာ အာဏာသိမ်းအစိုးရဟာ အစိုးရဟောင်းအဖွဲ့ဝင်တွေကိုဖမ်းဆီး၊  နိုင်ငံရေး ယန္တရားကြီးတခုလုံးကို ဖျက်သိမ်းပစ်ရပါတယ်။ ၈၈ အာဏာသိမ်းမှုက ပြောင်းပြန်ဖြစ်ခဲ့တယ်လို့ဆိုရမှာပါပဲ။ အစိုးရဟောင်းကိုဖြုတ်ချ ခဲ့သူတွေကို ဖမ်းဆီး နှိပ်ကွပ်ပြီး အစိုးရဟောင်းအဖွဲ့ဝင်တွေကိုတော့ အရာချလိုက်တာမှန်ပေမယ့် အကာအကွယ်အပြည့်အဝပေး ထားတာတွေ့ရမှာပါ။ အဲဒီအမြင်aပ်ါကနေကြည့်ပြီး လက်တွေ့အရပြောရရင် ၁၉၈၈ စစ်အာဏာသိမ်းမှုဟာ မဆလရဲ့အခွင့်အာဏာကို လက်လွှဲယူပြီး လူထုဆီကအာဏာသိမ်းတယ်လို့ပြောတာက ပိုမှန်ပါလိမ့်မယ်။

            နောက်တခါ သွေးရိုးသားရိုးအာဏာသိမ်းမှုတွေဟာ သိမ်းသူနဲ့အသိမ်းခံရသူကြားမှာ သွေးထွက်သံယိုဖြစ်တာနဲ့ မဖြစ် တာလောက်ပဲကွာပါတယ်။ ၈၈ အာဏာသိမ်းမှုကတော့ သိမ်းသူရောအသိမ်းခံရသူမှာပါအထိအရှမရှိခဲ့ပဲ တိုင်းပြည်နဲ့လူထုသာ သွေးချင်းချင်းလွှမ်းခဲ့ရတဲ့ အဖြစ်ပါပဲ။ အာဏာမသိမ်းခင်ကရော သိမ်းပြီးနောက်တလျှောက်လုံးမှာရော လမ်းမတွေပေါ်မှာ၊ လူမမြင် သူမမြင်နေရာတွေမှာ၊ အကျဉ်းaထာင်တွေထဲမှာ အစိုးရဟောင်းကိုဖြုတ်ချခဲ့သူတွေရဲ့ သွေးအသက်နဲ့ဘဝတွေ ဘယ်လောက်များ ကြေပြုန်းခဲ့ရသလဲဆိုတာကိုလည်း လူတိုင်းသိမြင်ပြီးသားဖြစ်မှာပါ။ ဒါ့ကြောင့် ၈၈ စစ်အာဏာသိမ်းမှုဟာ ပုံမှန်သမားရိုးကျ သွေးရိုးသားရိုး အာဏာသိမ်းမှုတခုမဟုတ်ဘူးဆိုတာ ပေါ်လွင် ထင်ရှားပါတယ်။

            မြန်မာပြည်မှာ စစ်တပ်ကနိုင်ငံရေးအာဏာထဲ ဝင်ချယ်လှယ်ချုပ်ကိုင်တယ်ပဲပြောပြော၊ အာဏာသိမ်းတယ်ပဲဆိုဆို စစ်တပ် က နိုင်ငံရေးထဲဝင်လာပြီး အာဏာကိုအတိအလင်းဝင်ထူထောင်လာခဲ့တာ ဒါပါနဲ့ဆို ၃ ကြိမ်ရှိခဲ့ပါပြီ။ တကြိမ်နဲ့တကြိမ် နိုင်ငံ ရေးနောက်ခံအခြေအနေတွေသာမတူကြပေမယ့် သိမ်းယူပြီးအခါတိုင်းမှာ စစ်အာဏာရှင်စနစ်ကို သဏ္ဍန်မျိုးစုံနဲ့ထူထောင် ခဲ့ကြတာ လည်း ငြင်းကွယ်လို့မရနိုင်ပါဘူး။ ၅၈ ကိစ္စကို အာဏာသိမ်းမှုဆိုတာထက် အစိုးရနဲ့စစ်ခေါင်းဆောင်တွေနားလည်မှုယူပြီး ရှောရှောရှူရှူ နဲ့အာဏာလှူခဲ့တာလို့ မြင်ပါတယ်။ ဒါတောင် ဒီ ၅၈ အိမ်စောင့်အစိုးရခေါင်းဆောင် ဗိုလ်နေဝင်းဟာဝန်ကြီးချုပ်ရာထူးနဲ့တကွ ကာကွယ်ရေးနဲ့စီးပွားကူးသန်းရောင်းဝယ်ရေးလို အရေးပါတဲ့နေရာတွေကိုချုပ်ကိုင်ထားခဲ့သလို စစ်ထောက်လှမ်းရေးကိုလည်း နိုင်ငံတော်ထောက်လှမ်းရေးဗျူရိုက ထိလို့မရအောင်ခွဲထားပါတယ်။ သိတ်ပြီး အရေးမပါလှတဲ့နေရာတွေမှာ အရပ်သားတွေခန့် ထားခဲ့တယ်ဆိုတာကလည်း လူမြင်ကောင်းရုံနဲ့ စစ်ဗိုလ်တွေ နိုင်ငံရေးအပါးမဝသေးတာတွေကြောင့်ဖြစ်ပါတယ်။

၆၂ အာဏာသိမ်းချိန်မှာ စစ်ဗိုလ်တွေဟာ ၅၈ အာဏာသိမ်းမှုရဲ့အကျိုးဆက်အဖြစ် အာဏာရဲ့အရသာကို သိသွားပြီးဖြစ် သလို နိုင်ငံရေးအပါးလည်း အထိုက်အလျှောက်ဝလာခဲ့ပြီလို့ဆိုနိုင်မှာပါ။ ၆၂ ကိစ္စမှာ သွေးထွက်သံယို နည်းနည်းပါးပါဖြစ်ခဲ့ရတာနဲ့ အစိုးရဟောင်းနဲ့ သူ့ယန္တရားအဖျက်ခံရတဲ့အပြင် အဖမ်းအဆီးတွေလည်းရှိခဲ့ပါတယ်။ ဒါ့ကြောင့် ၆၂ အာဏာသိမ်းမှုကို သမားရိုးကျအာဏာသိမ်းမှုလို့ ပြောမယ်ဆိုရင်ပြောနိုင်မှာဖြစ်ပါတယ်။ ၈၈ ကျတော့ ရှေ့က ၂ ခုစလုံးနဲ့ ထပ်ပြီးကွဲသွားပြန်ပါတယ်။ တခုနဲ့တခု ဘယ်လိုပဲကွဲပြားကွဲပြား စစ်တပ်ကနိုင်င်ငံရေးအာဏာထဲဝင်လာပြီဆိုရင်တော့ ဒါဟာစစ်အာဏာရှင်စနစ်ကို ထူထောင်တော့မယ်ဆိုတာ အတိအလင်းပြဋ္ဌာန်းလိုက်တာပဲဖြစ်ပါတယ်။ အတိမ်အနက်ကတော့ ရှိနေတဲ့အခြေအနေပေါ်လိုက်ပြီး ပြောင်းလဲကျင့်သုံးခဲ့တာချည်းပါပဲ။

အခုလည်း ကျနော်တို့တွက်ဆမိခဲ့တဲ့အတိုင်း စစ်အာဏာသိမ်းမှုဖြစ်လာပါပြီ။ ထုံးစံအတိုင်း ပုဒ်မ ၁၄၄ နဲ့ နေဝင်မီးငြိမ်းအမိန့် တွေထွက်ချလာပါတယ်။ ကြိုတွေးမိတယ်ဆိုပေမယ့် ဘာပြင်ဆင်မှုမှရှိမထားတဲ့ ကျနော်တို့အဖို့တော့ အရှိုက်အထိုးခံလိုက်ရသလို ဖြစ်ခဲ့ရပါတယ်။ ချက်ခြင်းပဲ လက်လှမ်းမီသလောက်လူတွေစုပြီး ဘာဆက်လုပ်ကြမလဲဆိုတာကို တိုင်ပင်ကြပါတယ်။ အားလုံးလည်း ထူပူပြီးသွေးဆူနေချိန်လို ဖြစ်နေကြပါတယ်။ တခုခုကို ခေါင်းအေးအေးနဲ့ ချိန်ချိန်ဆဆလုပ်ဖို့ထက် လက်တုန့်ပြန်မှုတခုခုကို မြန်မြန် ထက်ထက် လုပ်ကြရေးဘက်ကိုပဲ ဇောင်ပေးပြောဆိုနေကြသလိုမျိုးကြီး ဖြစ်နေကြတယ်ဆိုတာလည်း အမှန်ပါပဲ။ ဒါပေမယ့် တခုခု လက်တုန့်ပြန်ဖို့လိုတယ်သာပြောနေကြတာ ဘယ်လိုတုန့်ပြန်မှာလဲဆိုတဲ့အဖြေကိုတော့ အားလုံးသဘောတူ တိတိကျကျဆုံးဖြတ်လို့ မရနိုင်ခဲ့ကြပါဘူး။

လက်နက်ကိုင်နည်းနဲ့သွားရေးမူ ရှိသူတွေအတွက်ကတော့ ရှင်းပါတယ်။ သူတို့ထဲက ကြိုတင်ထွက်နှင့်သူတွေထွက် ထားကြပြီးပေမယ့် ကျန်နေသေးသူတွေအတွက် ဘယ်အချိန်မှာစရမယ်ဆိုတာကို အာဏာသိမ်းမှုကပြဋ္ဌာန်းပေးလိုက်ပါပြီ။ ဒါနဲ့ သူတို့တွေ ပြင်ကြဆင်ကြပါတယ်။ ကျနော်တို့လည်း လက်နက်ကိုင်တိုက်ပွဲဆီကို တက်သွားကြတော့မယ့် မိတ်ဆွေတွေကိုကြည့်ရင်း ဝမ်းနည်းဝမ်းသာခံစားချက်တွေ ရင်မှာကိုယ်စီဖြစ်ကြရပါတယ်။

ကျန်နေခဲ့မယ့်သူတွေမှာတော့ ဘာဆက်လုပ်ကြမယ်ဆိုတာ ရေရေရာရာမရှိဖြစ်ခဲ့ကြရပါတယ်။ ဒီ့မတိုင်ခင်ကလေးကပဲ “အာဏာသိမ်းလာရင် ကြည့်လုပ်ကြတာပေါ့” လို့ ခပ်လွယ်လွယ်ပြောခဲ့တဲ့ ကျနော်တို့စကားဟာ တကယ့်လက်တွေ့မှာ မလွယ်ပါလား ဆိုတာကိုလည်းသိလာရပါပြီ။ လောလောဆယ် ဘာဆုံးဖြတ်ချက်တခုခုကိုမှ မချနိုင်သေးခင်မှာတော့ ရှိထားတဲ့အင်အားတွေပြန့်ကျဲ မသွားဖို့၊ တတ်နိုင်သမျှ စုစုစည်းစည်းထိထိတွေ့တွေ့ရှိနေကြဖို့၊ ဦးဆောင်ခဲ့ကြသူတွေထဲက တချို့အနေနဲ့ လိုအပ်ရင်ရှောင်ဖို့တိမ်းဖို့၊ မြို့ထဲက အရေးတော်ပုံခေါင်းဆောင်တွေနဲ့ဆက်သွယ်ပြီး သူတို့ဘာလုပ်မလဲဆိုတာနဲ့ ကိုယ့်ဘက်ကဘယ်လိုပါဝင် ပေါင်းစည်းနိုင်မလဲ ဆိုတာကို အဖြေရှာကြဖို့လောက်ပဲပြောပြီး လူစုခွဲလိုက်ကြပါတယ်။

အချိန်နဲ့အမျှ ရေဒီယိုကလွှင့်ထုတ်ပေးနေတဲ့ စစ်ချီသီချင်းသံတွေနဲ့အတူ စစ်သြဇာနဲ့စစ်အာဏာရှင်အရိပ်ကြီးတော့ တိုင်းပြည်အပေါ် ကျရောက်လို့လာခဲ့ပြန်ပါပြီ။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။

Tuesday, November 29, 2011

ပုဂံမတိုင်မီ မြန်မာအစနှင့်သမိုင်းထင်ရှား မင်းမြတ်ကိုးပါး(၂) ဒေါတ်တာသန်းထွန်း

0 comments

ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး(၂)
 ပုဂံမတိုင်မီ မြန်မာအစနှင့် ပျုနိုင်ငံမတိုင်မီ ပရိုင်းမိတ်လူ
မြန်မာလို့သိကြတဲ့ လူမျိုးတစ်မျိုး စပြီးပေါ်လာရပုံကို အချိန်ရရင်ရသလို လေ့လာနေမိပါတယ်။ ဒါကို သေချာလေ့ လာဖို့ လိုတယ်လို့လည်းထင်ပါတယ်။

မြန်မာတွေပြောနေကြတာတော့ ကြာပါပြီ။မြန်မာအစ တကောင်းကတို့၊မြန်မာအစ ကျောက်ဆည်ကတို့။ တချို့ကလည်း ပျုနိုင်ငံဖြစ်တဲ့သရေခေတ္တရာတို့ အမျိုးမျိုးပါပဲ၊ ပြောဆိုနေခဲ့ကြတာ။

တိတိကျကျ၊ သေသေချာချာသိချင်စိတ်နဲ့ မြန်မာရယ်လို့ဖြစ်လာမယ့် မြန်မာအစကိုလေ့လာမယ်ဆိုရင် အချိန်ယူပြီး အသေးစိတ်လေ့လာနိုင်ပါမှ တော်ကာကျပါလိမ့်မယ်။ ဒီအတွက် အချိန်လည်း တော်တော်လေးပေးရပါတယ်။ စာအုပ်တွေဖတ်ရုံနဲ့လည်း ဒါအမှန်လို့ ကောက်ချက်ချလို့မရနိုင်ပါဘူး။ စာအုပ်တွေ တော်တော်များများကလည်း ကွဲလွဲမှုတွေနဲ့ပါ။

မိမိ မကြာခဏရေးခဲ့ပါတယ်။ သမိုင်းကိုပြုစုတဲ့သူဟာ တာဝန်အလွန်ကြီးပါတယ်။ နိုင်ငံနဲ့လူမျိုးနဲ့ ပတ်သက်နေတာ မို့ အတိမ်းအစောင်းမခံပါဘူး။ ယုတ္တိဗေဒမဲ့တာတွေ၊ တိမ်းစောင်းလွဲမှားတာတွေကတော့ ပဒေသရာဇ် သက်ဦးဆံ ပိုင်ဘုရင်တွေခေတ်ကနဲ့၊ အရင်က ပညာရှင်တချို့ပြုစုခဲ့ကြတဲ့ သမိုင်းဆိုင်ရာစာအုပ်တွေ၊ ကျမ်းတွေမှာ တွေ့နေရ တော့ မိမိရေးသားပြုစုတဲ့အကြောင်းအရာ မှန်ကန်နိုင်ဖို့ဆိုတာကလည်း အချိန်ယူလေ့လာဖို့လိုသလို ဖြစ်နိုင်၊ မဖြစ်နိုင် နှိုင်းချိန်နိုင်တဲ့စိတ်ရှိဖို့ကလည်း အရေးကြီးပါတယ်။

ဒီကနေ့ သမိုင်းပညာရှင်၊ သုတေသနပညာရှင်တွေကလည်း စာအုပ်တွေမှာတွေ့တာ လေ့လာရတာလောက်နဲ့တော့ အမှန်ဆိုတာကို လက်မခံကြတော့ပါဘူး။ စာအုပ်တွေ၊ စာတမ်းတွေအပြင် ကျောက်စာတို့ မြေပုံစာတို့ဆိုတာတွေ ကလည်း သမိုင်းမှန်ဖြစ်ဖို့အထောက်အထားအဖြစ် အလွန်အရေးကြီးလာပါတယ်။ ၁၉၁၁ ခုနှစ်က တူးဖော်တွေ့ရှိတဲ့ ရာဇကုမာရကျောက်စာလို့ခေါ်တဲ့ မြစေတီကျောက်စာလိုကျောက်စာတွေကိုပိုအလေးထားပြီး သမိုင်းမှန်ကို ရှာလာ ကြပါတယ်။

ရေးရရင် ပုဂံခေတ်ကိုပဲ ကြည့်ပါ။ ပုဂံမင်း (၅၅) ဆက်လို့ သိရှိရပေမယ့် ဒီကနေ့ပညာရှင်တွေက အနုရုဒ္ဓလို့ခေါ်တဲ့ အနော်ရထာခေတ်ကစပြီး ဒီဘက် ပုဂံပျက်တဲ့အထိကို လက်ခံကြပါတယ်။ အနော်ရထာရှေ့က ပုဂံကိုစတည်တဲ့ သမုဒ္ဒရာဇ်မင်းကစပြီး စုက္ကတေးမင်းအထိ မင်း (၄၁) ဆက်ကိုတော့၊ အဲ့ဒီမင်းတွေအားလုံးနဲ့ပတ်သက်တဲ့သမိုင်းကို မှန်တယ်လို့ မဆိုကြပါဘူး။ အထောက်အထားတွေနည်းလွန်းသလို အချို့မင်းတွေရဲ့အကြောင်းတွေကလည်း ရှေးဟောင်းပုံပြင်လို၊ ဒဏ္ဍာရီလို ဖြစ်နေလို့ပါပဲ။ ဦးကုလား မဟာရာဇဝင်ကြီးမှာပါတဲ့ ပုဂံရဲ့ () ဆက်မြောက် မင်းဖြစ်တဲ့ပျုစောထီးကို နေနတ်သားနဲ့နဂါးမတို့က မွေးတယ်ဆိုတာမျိုးပေါ့။

ဒါပေမယ့်. . .
ပုဂံတည်တာကိုရေးရရင်တော့ သမုဒ္ဒရာဇ်မင်းကပဲ ရေးရမယ်။ သမုဒ္ဒရာဇ်မင်းဟာ ပုဂံကို ရွာ (၁၉) ရွာနဲ့ စပြီးတည်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို သမုဒ္ဒရာဇ်မင်း ပုဂံကိုမတည်မီ အရင်ရှိခဲ့တဲ့နိုင်ငံတွေကတော့ မိုင်းမော၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာတို့ဆိုတဲ့ ပျုနိုင်ငံတွေပဲဖြစ်ပါတယ်။ ပျုခေတ်က စောပါတယ်။

ဒီနေရာမှာ ပျုနိုင်ငံတွေအကြောင်းလဲ ရေးချင်ပါတယ်။ ပျုလူမျိုးတွေရဲ့ အစ၊ ပျုလူမျိုးတွေ ဘယ်ကလာသလဲ ဆိုတာ၊ အရင်က လေ့လာတွေ့ရှိခဲ့ရတာကတော့ ပျုတွေဟာ တရုတ်ပြည်ရဲ့ အနောက်မြောက်ထောင့် တိဗက်နယ် စပ်ကနေ မြန်မာနိုင်ငံဖြစ်မယ့်နယ်ထဲကို မြန်မာဖြစ်မယ့်သူတွေထက်စောပြီး ခရစ်မပေါ်မီ () ရာစု နှစ်လောက်က စလို့ ရွှေ့ပြောင်းလာခဲ့ကြတဲ့သူတွေပဲ ဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ သူတို့ဟာ တောင်တွင်းကြီးအနီးမှာ ဗိဿနိုး၊ ရွှေဘိုတောင်ဘက်မှာ ဟန်လင်း၊ ပြည်အနီး မှော်ဇာဝန်းကျင်မှာ သရေခေတ္တရာဆိုတဲ့ပျုနိုင်ငံတွေကို တည်ထောင် ခဲ့ပါတယ်။ ပျုဘုရင်မဖြစ်တဲ့ ဗိဿနိုးက ပန်ထွာဘုရင်မနဲ့ သရေခေတ္တရာက ပျုဘုရင်ဒွတ္တဘောင်ကိုတော့ သမိုင်း လေ့လာသူ တော်တော်များများသိကြပြီးဖြစ်ပါတယ်။ ပြည်မှာဆိုရင် ဒွတ္တဘောင်မင်းနဲ့ ပျုမင်းတွေတည်ခဲ့တဲ့ ဘောဘောကြီး၊ ဘုရာကြီး၊ ဘုရားမာစတဲ့ ပျုဘုရားတွေဟာလည်း ဒီကနေ့တိုင် အထင်ရှားရှိနေပါတယ်။

ပျုတွေအကြောင်းကို လေ့လာတော့ ပန်ထွာဘုရင်မစိုးစံတဲ့ ဗိဿနိုးကို သရေခေတ္တရာက ဒွတ္တဘောင်ဘုရင် တိုက်ခိုက်လို့ ဗိဿနိုးပျက်ခဲ့ရတယ်။ သရေခေတ္တရာကိုလည်း ခရစ်နှစ် (၈၃၂) မှာ တရုတ်ပြည်က နန်ကျောင် (Nanchao) တွေ လာရောက်တိုက်ခိုက် လုယက်ဖျက်ဆီးလို့ သရေခေတ္တရာပျက်သွားရတယ်။ အဲဒီမှာ ပျုခေတ် ဟာလည်း ကုန်ဆုံးသွားရတယ်။

ဒီနေရာမှာ မြန်မာဖြစ်လာမယ့် မြန်မာလူမျိုးတွေက ဘယ်ကလာကြတယ်၊ ဘယ်လိုဝင်လာကြတယ် ဆိုတာကို လည်း အရင်ကပညာရှင်တွေလက်ခံခဲ့တာကို ရေးပါ့မယ်။

မြန်မာတွေက တိဗက်မြန်မာအနွယ်ဝင်တွေ ဖြစ်တယ်။ တရုတ်တွေဖိတာ ခံရတဲ့အတွက် အရင်ကဝင်လာတဲ့ ပျုတွေလိုပါပဲ။ တရုတ်အနောက်မြောက်ထောင့်မှာရှိတဲ့ တိဗက်နယ်စပ်ကနေ အရှေ့တောင်ဘက်ကို ဆင်းလာကြ တယ်လို့ ဆိုပါတယ်။

သူတို့ဟာ ခရစ်မပေါ်မီ () ရာစုလောက်မှာ ဇီချွမ် (Szechwan) ကို ရောက်နေကြပြီ။ တိဗက်မြန်မာအနွယ် တွေဟာ ပထမက သိုးထိန်းတွေဖြစ်တယ်။ အဲဒီကမှ တောင်သူဘဝကိုပြောင်းပြီး ရွာတည်နေကြတာ လူဦးရေက လည်းများလာပါတယ်။ နေထိုင်လုပ်ကိုင်စားသောက်ကြရတာ အဆင်ပြေကြတဲ့အတွက် လူဦးရေက ယန်ဇီ (Yantze) မြစ်ကိုကူးပြီး ယူနန် (Yunan) အရှေ့မြောက်ပိုင်းထိအောင်ရောက်ရှိပြီး တိုးပွားများပြားလာပါတယ်။

အဲဒီလို လူဦးရေတိုးပွားလာတဲ့အချိန်မှာပဲ သူတို့တွေဟာ အနိုင်အထက်ပြု ဖိစီးနှိပ်စက်သူတွေနဲ့ ကြုံတွေ့ကြရ ပါတယ်။ အဲဒီတုန်းက တရုတ်ပြည်မှာ နန်ကျောင်တွေ တန်ခိုးအာဏာကြီးမားနေတဲ့ အချိန်ပဲဖြစ်ပါတယ်။ နန်ကျောင်တွေဟာ စစ်ကိုဦးစားပေးပြီး အနီးဝန်းကျင်နိုင်ငံတွေကို ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးလုယက်ကြတယ်။ ရှေ့မှာ မိမိရေးခဲ့သလို ပျုနိုင်ငံဖြစ်တဲ့သရေခေတ္တရာဟာလည်း သူတို့လက်ချက်နဲ့ပျက်စီးရပြီး ပျုနိုင်ငံ ပျောက်ကွယ် ခဲ့ရတယ်လို့ ဆိုတယ်။

တိဗက်မြန်မာအနွယ်ဝင်တွေနဲ့ပတ်သက်ပြီးဆက်ရေးရရင် လူဦးရေတိုးတက်များပြားပြီး ယူနန်အရှေ့မြောက်ပိုင်း အထိရောက်ရှိလာတဲ့ တိဗက်မြန်မာအနွယ်တွေဟာ တိုက်ခိုက်လုယက်ဖျက်ဆီးတဲ့ နန်ကျောင်တွေနဲ့တွေ့ပြီး နန်ကျောင်တွေရဲ့ ရက်ရက်စက်စက် နှိပ်စက်တာတွေ၊ ခိုင်းစေတာတွေကို ကြုံကြရပါတယ်။ နန်ကျောင်တပ်တွေမှာ လည်း ဝင်ပြီးအမှုထမ်းခဲ့ကြရတယ်။ ပျုနိုင်ငံဖြစ်တဲ့သရေခေတ္တရာကိုဝင်ပြီး ဖျက်ဆီးတုန်းကလည်း သူတို့တွေပါခဲ့ တယ်လို့ သိရတယ်။ သူတို့ဟာ သတ္တိဗျတ္တိတွေရှိကြပြီး တိုက်ခိုက်ရေးကျွမ်းကျင်သူတွေ ဖြစ်လာခဲ့ကြတယ်လို့ ဆိုတယ်။

ဒီလိုနဲ့ () ရာစုနှစ် နှောင်းပိုင်းရောက်လာတဲ့အချိန်မှာတော့ နန်ကျောင်တွေတန်ခိုးအင်အား ယုတ်လျော့လာကြပြီ ဖြစ်တဲ့အတွက် တိဗက်မြန်မာအနွယ်တွေဟာ နန်ကျောင်တွေနဲ့ လွတ်ရာ အရှေ့တောင်အာရှ မြန်မာမြေပြန့်ဘက်ဆီ သို့ ရွှေ့ပြောင်းပြီးလာခဲ့ကြတယ်။

ဦးဆုံးရောက်ရှိလာတာက မြန်မာမြေပြန့် ကျောက်ဆည်နယ်ဖြစ်တယ်။ ကျောက်ဆည်မှာ စတင်နေထိုင်ကြပြီး အဲဒီမှာ ဆည်ရေသောက် လယ်ယာစိုက်ပျိုးသူတွေ ဖြစ်လာကြတယ်။ သူတို့တွေဟာ လူဦးရေတွေများပြီး မင်းဘူး နယ်မှာလည်း နေထိုင်လာကြသလို စပါးကျီကြီးလေးကျီလို့ဆိုကြတဲ့ ချင်းတွင်း၊ လယ်တွင်း၊ တောင်တွင်းနဲ့စလင်း နယ်တွေမှာပါ နေထိုင်လာကြတယ်။

အဲဒီနောက် ဒီနယ်တွေနဲ့ ဆက်သွယ်လို့ လွယ်ကူတဲ့ ရေကြောင်းဖြစ်တဲ့ ဧရာဝတီ မြစ်ရှိတဲ့၊ အားလုံးရဲ့ အလယ် ဗဟိုလည်းဖြစ်တဲ့ ပုဂံကို မင်းနေပြည်၊ အုပ်ချုပ်သူအကြီးအကဲ မင်းရှိတဲ့ပြည်အဖြစ်သတ်မှတ်ပြီး နိုင်ငံသစ်ကို တည်ဆောက်ခဲ့ကြတယ်လို့ လေ့လာသိရှိ ခဲ့ရပါတယ်။

ဒါပေမယ့်...
ဒီဘက် (၂၀၀၀) ခုနှစ် ဝန်းကျင်မှာတော့ အခုလေ့လာတွေ့ရှိ ကောက်ချက်ချခဲ့တာတွေကို မှန်တယ်လို့ပြောဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ဆိုရတော့မှာ ဖြစ်နေပါပြီ။

ပျုလူမျိုးတွေရဲ့အစ၊ မြန်မာလူမျိုးတွေရဲ့အစဟာ ခေတ်သစ်သမိုင်းပညာရှင်တွေ နောက်ဆုံးကောက်ချက်ချခဲ့ကြတဲ့ တိဗက်နယ်စပ်ကလာခဲ့တဲ့ တိဗက်မြန်မာအနွယ်ဝင်တွေဆိုတာလည်း လက်ခံလို့မရနိုင်တော့ပါဘူး။ မြန်မာနိုင်ငံဖြစ် လာမယ့်မြန်မာမြေထဲမှာ ပထမဆုံးပျုနိုင်ငံကို တည်ထောင်ခဲ့ကြတဲ့ပျုလူမျိုးတွေဟာ တခြားကလာခဲ့ကြတဲ့လူတွေ မဟုတ်ဘဲ ရှေးကတည်းက လူသားတွေစပြီးပေါ်လာတဲ့ ကျောက်ခေတ်နဲ့ကြေးခေတ်၊ သံခေတ်တွေကတည်းက မြန်မာမြေပေါ်မှာနေထိုင်ခဲ့ကြတဲ့ ကျောက်ခေတ်ဦးလူသားတွေကစပြီး အစဉ်အဆက်နေထိုင်လာရာကနေ ပျုတွေ ဖြစ်လာခဲ့ကြတယ်ဆိုတာ ဒီကနေ့ လက်ခံနေကြရပြီဖြစ်ပါတယ်။ ဒါကို ဘယ်သူမှ ငြင်းကြတာ မတွေ့ရပါဘူး။

အဲဒါက ဘာကြောင့်ပါလဲ။ လွန်ခဲ့တဲ့နှစ် သန်း (၄၀) လောက်က ဒီကနေ့ လူသားတွေဖြစ်လာမယ့် လူတူပရိုင်းမိတ် သတ္တဝါတွေနေထိုင်ခဲ့ကြတယ်ဆိုတဲ့ အထောက်အထားတွေဖြစ်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို သုတေသနပညာ ရှင်တွေက တွေ့ရှိလိုက်ကြလို့ပဲဖြစ်တယ်လို့ ဆိုရပါမယ်။ ပရိုင်းမိတ်ရုပ်ကြွင်းတွေ တွေ့ရှိရာနေရာက ပုံတောင်ပုံညာ ဒေသဖြစ်ပါတယ်။ အဲဒီ ပုံတောင်ပုံညာဒေသကတွေ့ရှိတဲ့ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းတွေကို နိုင်ငံတကာမှ ပညာရှင်တွေက ဒီပုံတောင်ပရိုင်းမိတ်တွေရဲ့ သက်တမ်းဟာ နှစ် သန်းပေါင်း (၄၀)လောက် ရှိပြီဆိုတာကိုလည်း အမေရိကန် ပင်ဆယ်ဗေးနီးယားပြည်နယ် ပစ်စဘာဂ်မြို့၊ ကာနက်ဂီ သဘာဝသမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ (Anthropoid Origins Synposium, USA) ဆွေးနွေးပွဲမှာတက်ရောက်လာခဲ့ကြတဲ့ ပညာရှင်တွေအားလုံးက တညီတညွတ်တည်း လက်ခံခဲ့ကြပါတယ်။

ပညာရှင်တွေဟာ မြန်မာမြေပေါ်မှာ ကျောက်ခေတ်က လူသားတွေ နေထိုင်ခဲ့ကြတယ်ဆိုတဲ့ အထောက်အထားတွေ နဲ့အတူ အဲဒီကျောက်ခေတ်မှာသုံးတဲ့ လက်နက်ကိရိယာတွေကိုလည်း တွေ့ရှိခဲ့ကြရပါတယ်။

ကျောက်လက်နက်ကိရိယာတွေကိုတော့ အထက်အညာဒေသဖြစ်တဲ့ မကွေး (ချင်းမအောင်ကုန်း) ချောက်၊ စလေ၊ ညောင်ဦး၊ ဝါးတောချောင်း၊ မင်းဘူး၊ ရေနံချောင်း၊ ဆီးချိုပင်၊ ပုဂံ၊ ပခုက္ကူ၊ စဥ့်ကူ၊ မကွေးမြသလွန်ဘုရားအရှေ့ ဘက်ဒေသ၊ မင်းကုန်း၊ မန္တလေးပတ်ဝန်းကျင်၊ ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာ (ဝက်ဆိုးကုန်း) ဝိုင်းတောင် ကြီးရွာ (ထောက်မကုန်း) ကနီမြို့နယ် အိုင်တောင်ရွာ (သူဌေးကုန်း) ဘုတလင်မြို့နယ် ရွှေစာရေးရွာ (ကြက်မြုံ ကုန်း) ချောင်းဦးမြို့နယ် နွယ်ခွေရွာ (ဒင်္ဂါးကုန်း) နဲ့ မုံရွာမြို့နယ် လှည်းဒါးရွာတွေမှာ တွေ့ရှိခဲ့ရပါတယ်။

ကျောက်ဖြစ်ရုပ်ကြွင်းတွေရှိရာမှာ လူသိများတာကတော့ နွယ်ခွေလူသားကျောက်ဖြစ်ရုပ်ကြွင်းပဲဖြစ်ပါတယ်။ ဒီကျောက်ဖြစ်ရုပ်ကြွင်းကို ဆရာဦးဘမော်ဆိုသူက နွယ်ခွေကျေးရွာအနီးရှိယာကွက်ထဲက တွေ့ရှိခဲ့တာဖြစ်တယ်။ ယာကွက်ထဲကို ဖြတ်လျှောက်သွားရင်း ခလုတ်တိုက်မိလို့ ငုတ်နဲ့တိုက်မိတယ်ထင်ပြီး ကြည့်လိုက်တော့ ငုတ် မဟုတ်ပဲ ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးဖြစ်နေတယ်လို့ ဆိုပါတယ်။ အဲဒီမေးရိုးက အပေါ်မေးရိုးဖြစ်ပြီး အံသွားတစ် ချောင်းနဲ့ ရှေ့သွားတစ်ချောင်းပါတာကို တွေ့ရပါတယ်။ ဒီမေးရိုးနဲ့သွားတွေကို ပညာရှင်တွေက စစ်ဆေးကြည့်လိုက် တဲ့အခါ မေးရိုးဟာ အနည်းဆုံး နှစ် () သိန်း သက်တမ်းရှိပြီဖြစ်တဲ့ မေးရိုးဖြစ်နေတာကို သိရှိရပါတယ်။

မြန်မာမြေပေါ်မှာရှိတဲ့ ပြဒါးလင်းဂူမှာလည်း ကျောက်ခေတ်လူသားတွေ နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထား တွေကို တွေ့ရှိရပါတယ်။ ပြဒါးလင်းဂူရဲ့နံရံတွေပေါ်မှာ ကျောက်ခေတ်ဟောင်းက အမဲလိုက်လူသားတွေရဲ့ ဓလေ့ အတိုင်းရေးဆွဲထားတဲ့ ပန်ချီပုံတွေ တွေ့ရပြီး၊ ပညာရှင်တွေက လွန်ခဲ့တဲ့ နှစ် (၂၅၀၀၀) လောက်က ပန်ချီလက်ရာ တွေလို့ ခန့်မှန်းခဲ့ကြပါတယ်။

မြန်မာမြေပေါ်မှာနေထိုင်ခဲ့ကြတဲ့ ဒီလူသားတွေဟာ ကျောက်ခေတ်ဦး၊ ကျောက်ခေတ်လတ်၊ ကျောက်ခေတ်နှောင်း ကာလတွေမှာသာမကပဲ ကြေးခေတ်၊ သံခေတ်တွေမှာလည်း နေထိုင်ခဲ့တယ်ဆိုတာကို ဆက်လက်တွေ့ရှိရတဲ့ အထောက်အထားတွေအရ သိရှိရပါတယ်။

ကြေးခေတ်အထောက်အထားတွေဖြစ်တဲ့ ကြေးလက်နက်ကိရိယာတွေ တွေ့ရှိရတဲ့ နေရာဒေသတွေကတော့ မန်းဝိုင်ရွာ တာပိန်မြစ်၊ ဟိုသာရွာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီ၊ နမ့်ပန် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးမိတ်၊ ကြိုးကြာရွာ၊ မထုံချောင်း၊ သရက်ခရိုင်၊ သမင်သက်ရွာ အောက်ချင်းတွင်းခရိုင်၊ နမ့်လွီရွာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ကန်ရွာ ဘုတလင်မြို့နယ်၊ စမုံမြစ်ဝှမ်း၊ ဘိန္ဒကလွင်ပြင်၊ ပျော်ဘွယ်မြို့နယ် ရမည်းသင်းခရိုင်တွေဖြစ်ပါတယ်။

ကြေးခေတ်သင်္ချိုင်းတွေကိုလည်း ဘုတလင်မြို့နယ် ညောင်ကန်ဒေသ၊ မလှိုင်မြို့နယ် မြင်းဦးလှည့်ဒေသနဲ့ နှောကန် ဒေသ၊ တောင်သာမြို့နယ် အင်းတဲဒေသ၊ ဝမ်းတွင်းမြို့နယ် ကုက္ကိုခါးလှဒေသ၊ ပျော်ဘွယ်မြို့နယ် ရွာထင်ကုန်းဒေသ၊ ရမည်းသင်းမြို့နယ် မြို့လှဒေသ၊ ဝက်လက်မြို့နယ် ဟန်လင်းမြို့ဟောင်းဒေသတွေမှာ တွေ့ရှိခဲ့ပါတယ်။ ညောင်ကန် ဒေသမှာ မန္တလေးရှေးဟောင်းသုတေသနက တူးဖော်ရရှိခဲ့ရာမှာ ကျောက်ကွင်း၊ ကြေးပစ္စည်း၊ ခဲပြားလိပ်၊ မြေအိုး၊ ပုတီးစေ့နဲ့ လူရုပ်ကြွင်း (၄၃) ခု တွေ့ခဲ့ရပါတယ်။

ဟန်လင်းဒေသတဝိုက်မှာလည်း ကျောက်ခေတ်ကျောက်လက်နက်တွေ၊ ကြေးခေတ်သုံး ကြေးလက်နက်တွေ၊ သံခေတ်သုံး သံလက်နက်တွေနဲ့အတူ ပျုစာပါရှိတဲ့ တံဆိပ်တုံးတွေ၊ ပျုအရိုးအိုးတွေ လက်စင်းရာပါ အုတ်ချပ်တွေ၊ ကျောက်ကွင်းတွေ၊ လက်ကောက်တွေ၊ အောက်ခြေတိုင်ပါ မြေဆီမီးခွက်တွေနဲ့ အိုးပုံစံအမျိုးမျိုးကို တွေ့ရတဲ့ အတွက် ဒီဒေသဟာ ကျောက်ခေတ်ကစပြီး ပျုတွေနေထိုင်ကြတဲ့ ပျုခေတ်အထိ အစဉ်တစိုက်နေထိုင်လာခဲ့ကြတဲ့ ဒေသတခုဖြစ်ခဲ့တယ်ဆိုတာကို သိရှိရပါတယ်။ ဒါကြောင့် ပညာရှင်တွေ နောက်ဆုံးကောက်ချက်ချတာကတော့ ပျုတွေဟာ မြန်မာမြေထဲကို တခြားဒေသတွေကနေဝင်ရောက်လာပြီး အခြေချနေထိုင်ကာ မြို့ပြနိုင်ငံတည်ထောင် လာကြသူတွေမဟုတ်ပဲ ကျောက်ခေတ်ကတည်းက နေထိုင်လာကြတဲ့ အမျိုးအနွယ်တွေဖြစ်ကြောင်း၊ အဲဒီကမှ မြို့ပြနိုင်ငံပေါ်ထွန်းခဲ့တဲ့ခေတ်အထိ ယဉ်ကျေးမှုအဆင့်ဆင့်ကို ဖြတ်သန်းနေထိုင်လာခဲ့သူတွေဖြစ်ကြောင်း၊ ဒါ့အပြင် မြန်မာဆိုတာလည်း တခြားဒေသတွေကနေလာရောက်တဲ့သူတွေမဟုတ်ဘဲ ပျုတွေရဲ့အနွယ်ဘဲဖြစ်ကြောင်း၊ ပျုနိုင်ငံဖြစ်တဲ့သရေခေတ္တရာ ပျက်ပြီးတဲနောက်မှာမှ ပျုရွာ (၁၉) ရွာနဲ့ စပြီး ပုဂံမှာ မြို့တည်ကာ ပုဂံမှာမှ မြန်မာဖြစ် လာတာဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။

ရေးရရင် သမိုင်းဆိုတာ ယုတ္တိဗေဒကျဖို့လိုပါတယ်။ လက်ခံနိုင်လောက်တဲ့ အထောက်အထားတွေ ပြည့်စုံဖို့၊ အထောက်အထားတွေကလည်း ခိုင်လုံဖို့၊ မှန်ကန်ဖို့ သိပ်အရေးကြီးပါတယ်။ ပျုတွေရဲ့ ဗိဿနိုးမြို့ကို ပန်ထွာ ဘုရင်မနဲ့ အရင်ဘဝက မောင်နှမတော်ခဲ့ဖူးတဲ့ ဗိဿနိုးနတ်မင်းက စတုရန်းတာ လေးထောင့်ပမာဏကျယ်ဝန်းတဲ့ ဗိဿနိုးမြို့ကို တန်ဆောင်း၊ ပြအိုး၊ မြို့ရိုး၊ ကျုံး၊ မြောင်းတွေနဲ့ ဖန်ဆင်းတည်ထောင်ပြီး ပန်ထွာဘုရင်မကို အပ်နှင်း တယ်ဆိုတာမျိုးတို့၊ သာသနာသက္ကရာဇ် (၁၀၁) ခုနှစ်မှာ ရသေ့၊ သိကြား၊ နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ စန္ဒီ၊ ပရမေသူရ ဆိုတဲ့ သူမြတ် () ဥိးတို့က မြို့အင်္ဂါ () ပါး တို့နဲ့ ပြည့်စုံတဲ့ သရေခေတ္တရာကိုတည်ခဲ့တယ်ဆိုတာမျိုးတို့ အရင်က စာအုပ်တွေမှာဖတ်ခဲ့ရတယ်ဆိုရုံလောက်နဲ့ ဒီကနေ့ လက်တွေ့ကျတဲ့သိပံ္ပခေတ်မှာ အမှန်လို့ယူမှတ်ပြီး တရားသေ ကိုင်စွဲထားလို့ မရတော့ပါဘူး။ သုတေသနပြုနေကြတဲ့ပညာရှင်တွေကိုယ်တိုင်လည်း ဘာကိုမှ ပုံသေကားချပ် မသတ်မှတ်ပဲ သုတေသနအထောက်အထားတွေ ပိုပြီးခိုင်လုံရင်ခိုင်လုံနေသလို မိမိတို့ရဲ့ နှိုင်းချိန်တွေးဆချက်တွေ ကို ပြောင်းသင့်ကပြောင်းရတဲ့အကြောင်း ရေးလိုက်ပါရစေ။