Wednesday, November 9, 2011

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း၃၆) (မျိုးမြင့်ချို)

0 comments

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း၃၆) (မျိုးမြင့်ချို)နိုဝင်ဘာ ၉  ရက် ၂၀၁၁ နေ့က အာရ်အက်ဖ်အေကထုတ်လွှင့်ပြီးဖစ်ပါတယ်။

            အခုတပတ်တော့ ၈၈ တုန်းက တပ်မတော်သားတချို့နဲ့ပြည်သူတွေ လက်တွဲ ခဲ့ကြပုံထဲက တစိတ်တဒေသကိုတင်ပြချင်ပါတယ်။ ကျနော်တို့မြို့ကလေးမှာ ရေတပ်ကလွဲ လို့ လေတပ်နဲ့ကြည်းတပ်က တပ်တွေအတော်များများရှိပါတယ်။ တပ်တွေများတဲ့ အလျှောက် သူတို့ကို မှီခိုနေကြတဲ့ မိသားစုဝင်တွေလည်းမနည်းလှပါဘူး။ နောက်တခုက လည်း တပ်ထွက်ပင်စင်စားတွေ၊ တပ်မျိုးတပ်နွယ်တွေလည်း အလွန်များပါတယ်။ ဒါ့ကြောင့်လည်း ဗထူးမြို့ကို တပ်မြို့လို့ခေါ်ကြသလို ကျနော်တို့မြို့နယ်ကိုလည်း  တပ်နယ် လို့ခေါ်ကြပါတယ်။

            ၈၈ တုန်းက အခြေအနေပေါ်လိုက်ပြီး လူထုကြွေးကြော်သံတွေ ပြောင်းပြောင်းသွားတာကို စိတ်ဝင်စားစရာမြင်ရမှာပါ။ ကြွေးကြော်သံဆိုတာ လူထုစိတ်ရဲ့ပဲ့တင်သံလို့ ပြောရမယ်ထင်ပါတယ်။ ဦးစိန်လွင်ခေတ်ကုန်ခါနီးလေးမှာ တပ်မတော်သားတွေနဲ့ ပတ်သက်လို့ စည်းရုံးရေးဆန်ပြီးအနုပညာမြောက်တဲ့ ကြွေးကြော်သံတခုထွက်လာပါတယ်။ အဲဒါကတော့  “ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ၊ ပြည်သူတွေကိုသတ်ဖို့မဟုတ်ဘူး” ဆိုတာပါပဲ။ ဒီကြွေးကြော်သံဟာ လူတွေရဲ့စိတ်ထဲမှာ “တပ်ကလူထုဘက်ပေါင်းမလာသေး ရင်တောင်မှ ပြည်သူကိုရန်သူလို့ သဘောမထားရင်ပဲaတ်ာလှပြီ” ဆိုတဲ့ အမြင်ပေါ်မှာအခြေခံတဲ့ ပဲ့တင်သံဖြစ်မယ်ထင်ပါတယ်။ အဲဒီကြွေးကြော်သံဟာ တပ်ထဲမှာအတော်ပဲဂယက်ရိုက်ခဲ့သလို တပ်နဲ့ပြည်သူပေါင်းစည်းသွားမိဖို့ အစပျိုးပေးလိုက်တဲ့ အကြောင်း တချက်လည်း ဖြစ်လာပါတယ်။

            လူထုမှာ ဆင်းရဲမွဲတေမှုနဲ့အဖိနှိပ်ခံရမှုကြောင့်ဖြစ်လာရတဲ့ မကျေနပ်ချက်နဲ့ဒေါသတွေရှိနေသလို တိုင်းပြည်လည်းဘက်စုံ အကြပ်ဆိုက်နေချိန်ဖြစ်ပါတယ်။ အဲဒီနည်းတူ တပ်ထဲက အောက်ခြေထုမှာလည်း ခံစားခွင့်နည်းပါးမှုနဲ့အလွန်အမင်း  အဆင့်အတန်းခွဲ ဆက်ဆံရေးaကြာင့်ဖြစ်ရတဲ့ မကျေနပ်ချက်တွေလည်း အထင်အရှားရှိနေခဲ့ပါတယ်။ စစ်သားဖြစ်လို့ အမိန်နာခံရတာမှန်ပေမယ့် ဘဝတူချင်းမို့ လူထုရဲ့ဒုက္ခကို စာနာနားလည်နိုင်တဲ့တပ်မတော်သားတွေ တပ်ထဲမှာရှိနေတာလည်း အထင်အရှားပါပဲ။ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းလိုက်တဲ့အခါမှာ လူထုဘက်ကရပ်တည်ချင်တဲ့ တပ်မတော်သားတွေအဖို့ အခြေအနေနဲ့အခွင့်အလမ်းလည်း ပေါ်ထွက်လာပါ တယ်။

            လူထုဘက်မှာလည်း အခုဖြစ်နေတဲ့လူထုတိုက်ပွဲမှာ စစ်တပ်ပါလာမှပွဲပြတ်မယ်ဆိုတဲ့ အခြေခံအမြင်ကရှိပြီးသားဆိုတော့ ရလာတဲ့အခွင့်အလမ်းကို အမိအရဆုပ်ကိုင်လှုပ်ရှားလာရပါတယ်။ ကျနော်တို့မြို့လို တပ်နဲ့ဝိုင်းထားတဲ့မြို့တွေမှာ တပ်နဲ့လူထုပေါင်း စည်းရေးဟာပိုပြီး အရေးကြီးတယ်လို့လည်း ကျနော်တို့တွက်မိကြပါတယ်။ ဒါနဲ့ တရက်မှာ သမဂ္ဂပေါင်းစုံ အထွေထွေသပိတ်ချီတက်ပွဲ တခုလုပ်ဖို့ စီစဉ်ကြပါတယ်။ ဒီချီတက်ပွဲကို မြို့စွန်ကတပ်ရှေ့အထိချီတက်ကြမယ်။ တပ်ရှေ့ရောက်ရင် စင်ထိုးပြီးတရားပွဲလုပ်မယ်။ တပ်ကို စည်းရုံးရေးလုပ်မယ် ဆိုပြီး ကြိုတင်ပြင်ကြပါတယ်။ ဒီလိုနဲ့ အဲဒီနေ့ကိုရောက်လာခဲ့ပါတယ်။

            ကြွေးကြော်သံတွေတိုင်ပြီး ချီတက်လာကြတဲ့လူတွေအားလုံး တပ်စည်းရိုးရှေ့ရောက်လာတော့ ခဏရပ်လိုက်ကြပြီး တရားဟောဖို့ ယာယီစင်ထိုးကြပါတယ်။ စင်နဲ့တပ်စည်းရိုးက ကိုက် ၂၀ သာသာလောက်ပဲဝေးတာပါ။ အပြင်ကိုသာ ထွက်မ လာကြပေမယ့် တပ်စည်းရိုးရဲ့ အတွင်းဘက်ကပ်ရက်မှာတော့ လက်နက်အပြည့်အစုံနဲ့ အသင့်အနေအထားနေရာယူထားတဲ့ စစ်သည်တွေရှိနေပါတယ်။ တပ်ပြင်ထွက်မိန့်နဲ့ ပစ်မိန့်မရှိဘူးဆိုတာကိုတော့ လူထုကသဘောပေါက်ထားကြပါတယ်။ တကယ်လို့ လူထုဘက်ကသာစပြီး သူတို့ကိုရန်မူတိုက်ခိုက်မယ်ဆိုရင်aတာ့ အခြေအနေကတမျိုးပြောင်းသွားနိုင်ပါတယ်။ ဒါပေမယ့်လို့ ဗမာပြည် လူထုတိုက်ပွဲတိုင်းမှာ လူထုဘက်ကစပြီး အကြမ်းဖက်တိုက်ခိုက်ခဲ့တာရယ်လို့ ဘယ်တုန်းကမှမရှိခဲ့တဲ့နည်းတူ ဒီတကြိမ်မှာလည်း အဲသလိုဖြစ်စရာ အကြောင်းတော့မရှိပါဘူး။ စစ်အုပ်ချုပ်ရေးရုပ်ထားပါရက်နဲ့ လက်နက်ကိုင်စစ်သားတွေကိုမြင်တော့ လူတွေကြားထဲ လှုပ်လှုပ်ရှားရှားလေးတော့ နည်းနည်းဖြစ်လိုက်ပါတယ်။ ဒါကိုလည်း အချင်းချင်းjပန်ပြီး အချိန်မီထိန်းနိုင်ခဲ့ပါတယ်။ နောက်တော့ မဆလ ဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ပါတီစုံဒီမိုကရေစီရေးတွေကို ရှုထောင့်အသီးသီးနဲ့ တင်ပြတောင်းဆိုကြပါတော့တယ်။

            ကျနော်က ဟောသူနဲ့ပရိသတ်ကိုထက် တပ်စည်းရိုးနောက်ကစစ်သည်တွေကိုပဲ ပိုပြီးအာရုံထားအကဲခတ်နေမိပါတယ်။ စစ်သည်တချို့ကတော့ တကယ့်ကိုစိတ်ဝင်တစားနဲ့ နားထောင်နေကြပေမဲ့၊ အများစုကတော့ သေနတ်ကိုင်ပြီးပရိသတ်ကိုကြည့်လိုက်၊ ဟောနေတာတွေကို နားစွင့်လိုက်၊ အချင်းချင်းလက်တို့ပြီး တခုခုပြောလိုက်နဲ့ဖြစ်နေသလို၊  အရာရှိတွေကလည်း စကားပြောစက် ကလေးတွေနဲ့ပြောလိုက်၊ ခပ်တိုးတိုး ညွှန်ကြားလိုက်နဲ့ ပုံမှန်လိုပဲဖြစ်နေတာကိုတွေ့ရပါတယ်။ ထူးထူးခြားခြား လှုပ်လှုပ်ရှားရှားသိပ် မရှိလှပါဘူး။ အဲဒီအချိန်မှာပဲ သူငယ်ချင်းတယောက် ကျနော့်အနားကပ်လာပြီး “ဟေ့ကောင်..မင်းတက်ပြောရင်ကောင်းမယ်၊ စစ်သားတွေလည်း နားထောင်နေတာဆိုတော့၊ ဒီမောင်တွေကိုစည်းရုံးတဲ့နေရာမှာ မင်းပြောရင်ပိုထိရောက်မယ်ထင်တယ်၊ မင်းဆိုရင် သူတို့ ပိုစိတ်ဝင်စားမယ်လို့ ငါထင်တယ်” လို့ ခပ်တိုးတိုးလေးလာပြောပါတယ်။

            ကျနော်သူ့ကို တချက်လှည့်ကြည့်လိုက်ပြီး “အေး..ငါလည်း စိတ်ကူးရှိတယ်၊ ပြောမလို့ပဲ၊ ဒါပေမယ့် မဆလဆန့် ကျင်ရေးတွေ၊ ဒီမိုကရေစီရေးတွေတော့ မပြောချင်တော့ဘူးကွာ၊ သူများတွေပြောနေကြတာလည်း လုံလောက်နေပြီပဲ၊ နောက်ပြီး ငါက လူထုကိုပြောချင်တာထက် တပ်ထဲကလူတွေကို ပိုပြောချင်တာ၊ ပိုပြီးသိစေချင်တာဆိုတော့ တပ်ကိုပဲ အဓိကထားပြီးပြောမယ် ကွာ၊ ဘယ့်နှယ်လဲ" လို့ ပြောလိုက်တယ်ဆိုရင်ပဲ သူက “ကောင်းတယ် ချကွာ” ဆိုပြီး ကျနော့်ကို စင်ပေါ်တွဲတင်လိုက်ပါတယ်။ လူကတော့ဂျိုင်းထောက်ကြီး ကို့ရို့ကားယားနဲ့စင်ပေါ်ရောက်သွားပြီ။ ဘာပြောမယ်ဆိုတာလည်း ကြိုပြီးတော့ တော့တွေးထားပြီးပြီ။ ဒါပေမယ့် ဘယ်ကဘယ်လိုစပြီးပြောရမယ်မှန်းတော့ မသိသေးပါဘူး။ ကျနော့်ကိုမြင်တော့ ဆူနေတဲ့ပရိသတ်ဟာ မီးကိုရေနဲ့လောင်း လိုက်သလို တိတ်ကျသွားတာကို သတိထားမိလိုက်ပါတယ်။

စင်ပေါ်ရောက်ရောက်ခြင်း ဒူးတွေတုန်လာပါတယ်။ ခုလိုမျိုးအတွေ့အကြုံ တခါမှမရှိတာကလည်းတကြောင်း၊ တပ်စည်း ရိုးနောက်က လက်နက်အပြည့်အစုံနဲ့အသင့်နေရာယူထားတဲ့ စစ်သည်တွေကိုမြင်နေရတာကလည်းတကြောင်း ပါပါတယ်။ သေနတ်အကြောင်းကို သိထားပြီးသူဆိုတော့ အန္တရာယ်ကိုလည်းသိနေပါတယ်။ အကွာအဝေးကလည်း သေနတ်တကမ်းမဟုတ် လက်တကမ်းသာသာလေးပါ။ မတော်လို့လှမ်းပစ်လိုက်ရင် ဘယ့်နှယ်လုပ်မလဲ။ စင်ပေါ်မှာ တယောက်တည်းထီးထီးကြီး။ ဘာ အကာအကွယ်မှလည်းမရှိ။ စတာတွေ တွေးမိပြီး လန့်လည်းအတော်လန့်နေပါတယ်။ နောက်တော့ ကိုယ့်ကိုယ်ကို ရဲဆေး တင်လိုက်ပြီး ပရိသတ်နဲ့တပ်စည်းရိုးဘက်ကိုတချက်ဝေ့ကြည့်ရင်း စကားပြောခွက်ကနေတဆင့် “ပြည်သူများခင်ဗျား ကျနော်ပြောမှာ ခင်ဗျားတို့ကိုမဟုတ်ပါဘူး၊ တပ်မတော်သားတွေကိုပါ။ ကျနော်ပြောမှာကလည်း ဒီမိုကရေစီရေးရာမဟုတ်ပါဘူး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးပါ”  လို့ အစချီလိုက်ပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်


            

0 comments:

Post a Comment