Saturday, November 5, 2011

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၃၅) (မျိုးမြင့်ချို)

0 comments

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၃၅) (မျိုးမြင့်ချို) နိုဝင်ဘာ ၂ ရက် ၂၀၁၁ နေ့က အာရ်အက်ဖ်အေက လွှင့်ထုတ်ပြီးဖြစ်ပါတယ်။

            ပြီးခဲ့တဲ့အပတ်က ဘိုင်အိုမင်းသစ်ရဲ့ ထူးခြားတဲ့ဟောပြောချက်ကလေးကိုတင်ပြခဲ့ရာက ၁၉၈၈အရေးတော်ပုံကာလအတွင်း ပရိသတ်ကိုဟောပြောရင်း စည်းရုံးရေးဆင်းခဲ့ကြတဲ့ အနုပညာသည်တွေအကြောင်းနဲ့သတင်းမီဒီယာတွေအကြောင်းလည်း နည်းနည်း ပြန်တွေးဖြစ်ပါတယ်။ အဲဒီတုန်းက တခြားနယ်ပယ်တွေက ထင်ရှားတဲ့ပုဂ္ဂိုလ်တွေနည်းတူ၊ အနုပညာသည်တွေလည်း စင်ပေါ်တက်လာ ခဲ့ကြပါတယ်။ သူတို့တွေရဲ့ဟောပြောချက်မှာ နိုင်ငံရေးအသိ၊ ရေချိန်၊ ဖြတ်သန်းမှုအနိမ့်အမြင့်တွေလိုက်ပြီး ဟောပြောချက်အဆင့်ကလည်း မတူခြားနား ရှိကြပါတယ်။ ဒါကလည်း နိုင်ငံရေးသမားတွေမှာတောင်မှ တထပ်တည်းမကျနိုင်တဲ့ကိစ္စ ဖြစ်နေတာကိုး။

အနုပညာသည်ဆိုတာက လူထုအလွှာအသီးသီးနဲ့ တနည်းမဟုတ်တနည်း ဆက်စပ်နေတာလည်းဖြစ်တော့ သူတို့ရဲ့စေ့ဆော်မှု ကြောင့် လူထုပါဝင်လာမှု ပိုပြီးအားကောင်းခဲ့လာရတယ်ဆိုတာလည်း ငြင်းလို့မရနိုင်တဲ့အချက်ဖြစ်ပါတယ်။ ၈၈ မှာမှ မဟုတ်ပါဘူး ခေတ်  အဆက်ဆက်က လူထုတိုက်ပွဲအသီးသီးမှာလည်း  သူတို့ရဲ့ကဏ္ဍဟာ အကြီးအမားအထင်အရှားရှိခဲ့ပါတယ်။ မတရားမှုကို ဆန့်ကျင်ကြတယ် ဆိုရာမှာ နိုင်ငံရေးဝင်လုပ်မှမဟုတ်ပါဘူး။ ယဉ်ကျေးမှုမျက်နှာစာလို့ဆိုရမယ့် စာပေအနုပညာနဲ့သတင်းမီဒီယာတွေကလည်း ဆောင်ရွက်လို့ ရပါတယ်။ ဆောင်ရွက်လို့လည်း နေကြရပါတယ်။ ၈၈ မတိုင်ခင်က လူရွှင်တော်ကိုဇာဂနာရဲ့ နိုင်ငံရေးအသားပါတဲ့၊ ခေတ်ကိုထင်ဟပ်တဲ့ မထိတထိပျက်လုံးတွေဟာ ရပ်ကွက်ထဲမှာ နေ့စဉ်သုံးဝေါဟာရတွေဖြစ်တဲ့အထိကို အောင်မြင်ထင်ရှားလှတာကိုလည်း သတိပြုမိကြမှာပါ။

နိုင်ငံရေးသမားဆီက မျှော်လင့်လို့မရနိုင်မယ့်အရာတွေကို အနုပညာသည်တွေဆီကရနိုင်ပြီး၊ အနုပညာသည်တွေဆီက ရတဲ့အရာတွေ ကိုလည်း နေရာတိုင်းမှာ နိုင်ငံရေးစံနဲ့တိုင်းလို့တော့ မဖြစ်နိုင်ပါဘူး။ ခေတ်တိုင်းမှာ ပြည်သူကိုချစ်တဲ့၊ ပြည်သူကချစ်တဲ့ အနုပညာသည်တွေရှိသလို ဆန့်ကျင်ဘက်အနုပညာသည်ဆိုတာလည်း ရှိကြစမြဲပါပဲ။ နိုင်ငံရေးသမားနဲ့အနုပညာသည်မှာ သူ့တာ၊ ကိုယ့်တာရှိကြတာမှန်ပေမယ့် ယုံကြည်ရာမှာတူတယ်ဆိုရင်ဖြင့် စီးကြောင်းတခုတည်း ဝင်စီးကြရတာလည်းဖြစ်ပါတယ်။ ၁၉၈၈ခုနှစ်ကို ပြန်ကြည့်ရင်  လူထုတိုက်ပွဲနဲ့ အနုပညာသည်ဆိုတဲ့ အဆက်အစပ်ကို ထိထိမိမိ ချိတ်ဆက်ပေးနိုင်ခဲ့တယ်လို့ဆိုရင်လည်း မမှားဘူးလို့ထင်ပါတယ်။ တခါ ၁၉၈၈ခုနှစ် အပြီး ပါတီတွေထောင်ကြ၊ လူထုကြားဆင်းကြ၊ စည်းရုံးဟောပြောကြတော့လည်း ဆက်လက်လိုက်ပါနိုင်စွမ်းရှိတဲ့အနုပညာသည်တွေ နောက်ချန် မနေခဲ့ကြတာလည်း အထင်အရှားတွေ့ရမှာပါ။

သမ္မတဦးမောင်မောင်လက်ထက်မှာ အထိုက်အလျောက်ပွင့်လင်းလာတော့ သတင်းစာတွေလည်း တမဟုတ်ချင်းထွက်လာကြ ပါတယ်။ မဆလ တခေတ်လုံး နားစွန်နားဖျားလေးတောင်မကြားခဲ့ရတဲ့ သတင်းစာလွတ်လပ်ခွင့်ဆိုတာကိုလည်း ဘယ်သူကမှမပေးဘဲ အလိုလိုရလိုက်ကြတယ်လို့ ဆိုရမယ်ထင်ပါတယ်။  လွတ်လပ်ခွင့်ရလိုက်ခိုက်မို့ထင်ပါရဲ့၊ ထုတ်လိုက်ကြတဲ့သတင်းစာတွေမှ အပြိုင်းအရိုင်းပါပဲ။ နိုင်ငံရေးရည်မှန်းချက်နဲ့ထုတ်လုပ်သူကအများစုဖြစ်ပြီး မိုးရွာတုန်းရေခံကြသူတွေလည်းရှိပါတယ်။ နိုင်ငံရေးရည်မှန်းချက်မှာမှ လူထုဘက်က ရပ်သယောင်နဲ့ လူထုကိုသွေးလန့်ခြောက်ခြားအောင် တန်ပြန်ရည်ရွယ်ချက်နဲ့ထုတ်ခဲ့တယ်လို့ ယူဆလို့ရနိုင်တဲ့ သတင်းစာတွေလည်း ရှိခဲ့ ပါတယ်။   လူထုဘက်ကရပ်ခဲ့တဲ့ သတင်းစာတွေကတော့ အမည်အမျိုးမျိုး၊ တင်ပြတဲ့ရှုထောင့်နဲ့တင်ဆက်ပုံတွေမှာသာ တစောင်နဲ့တစောင် ခြားနားပေမယ့် ဘုံရည်မှန်းချက်ဖြစ်တဲ့ တပါတီအာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ပါတီစုံဒီမိုကရေစီရေးမှာတော့ အတူတူဖြစ်နေကြတာ တွေ့ရမှာ ပါပဲ။

တချို့သတင်းစာတွေက အစဉ်အလာရှိတဲ့ သတင်းစာဆရာကြီးတွေဦးစီးကြတာမှန်ပေမယ်လို့ အများစုကတော့ ပေါ်ပင်တွေလို့ဆိုရမယ် ထင်ပါတယ်။ ကျနော်တို့တောင် တတ်သလောက်ကလေးနဲ့ ၂ ကြိမ် ထုတ်ဖြစ်ခဲ့သေးတာပါပဲ။ လမ်းပန်းဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေးတွေ ဒီလောက် ပြတ်တောက်နေတဲ့ကြားကပဲ ထွက်သမျှသတင်းစာတွေရဲ့ ပြန့်နှံ့နှုန်းက မယုံနိုင်စရာကောင်းလောက်အောင်ကို မြန်ဆန်တာ တွေ့ရ ပါတယ်။ ထုတ်သမျှသတင်းစာတွေလည်း မိုးလင်းတာနဲ့ ပြိုက်ကနဲကုန်သွားတာပါပဲ။ တချို့နယ်တွေမှာ ဒေသအလိုက်သတင်းတွေကို ဦးစားပေးဖော်ပြတဲ့ ဒေသိယသတင်းစာတွေလည်းရှိသလို မြို့ကြီးတွေကနေတဆင့်မှာပြီး လက်ပွေ့ပြန်ရောင်းကြတာတွေလည်းရှိခဲ့ပါတယ်။  

တချို့သတင်းစာတွေကတော့ လူထုကို တိုင်းပြည်မှာဖြစ်ပျက်နေတာတွေသတင်းပေးရုံလောက်ပဲ တာဝန်ကျေပေမဲ့ တချို့ သတင်းစာတွေကတော့ လူထုကိုလမ်းညွှန်မှုပါ ပေးခဲ့တယ်လို့မြင်ပါတယ်။ နိုင်ငံခြားအသံလွှင့်ဋ္ဌာနတွေရဲ့ မြန်မာပိုင်းအစီအစဉ်တွေက လွှင့်ထုတ်ပေးနေတဲ့သတင်းတွေကို ဝေဝေဆာဆာအချက်အလက်နဲ့ ထည့်ပေးကြတာတွေလည်းတွေ့ခဲ့ရပါတယ်။  အဲဒီတုန်းကထုတ်ခဲ့တဲ့ သတင်းစာတွေကို ခုနေ ပြန်ကြည့်ရင် စိတ်မသက်သာစရာတွေလည်း တွေ့ရဖြစ်ရမှာပါပဲ။ တချို့သတင်းစာမျက်နှာဖုံးတွေမှာ လူသတ်ခေါင်းဖြတ် တာတွေကို ပုံတွေနဲ့အသားပေးဖော်ပြပြီး လူစိတ်ဝင်စားအောင်လုပ်သူတွေရှိသလို ဒီသတင်းကိုပဲ ပုံတောင်မထည့်ပဲ အတွင်းသတင်းလောက်အဖြစ်သာထည့်တဲ့ သတင်းစာတွေလည်း မြင်ခဲ့ရပါတယ်။ 

ဒါကလည်း ထုတ်သူနဲ့ဖတ်သူရဲ့ အသိရေချိန်အလိုက် ဖြစ်ရတဲ့ကိစ္စလို့ထင်ပါတယ်။ သတင်းစာလွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံတွေမှာတောင် သူ့သတင်းစာနဲ့သူ့ပရိတ်သတ် သီးခြားစီရှိနေကြတာဆိုတော့ ဒီပုံကြီးတွေ ပြူးတူးပြဲတဲနဲ့ဖော်ပြရကောင်းလားလို့ အပြစ်လည်းမဆိုသာဘူး ထင်ပါတယ်။ ထုတ်သူကလည်း သူ့ပရိသတ်အလိုက် ပရိသတ်အကြိုက်ထုတ်သလို ဖတ်သူကလည်း ရွေးချယ်ဖတ်ကြပါတယ်။ သတင်းစာ လွတ်လပ်ခွင့် အထိုက်လျှာက်ရှိခဲ့တယ်လို့ဆိုရမယ့် ဖဆပလခေတ်တုန်းကတောင် နာမည်ကြီး နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့အတွင်းရေးနဲ့ အတင်းအဖျင်းအသားပေး သတင်းစာမျိုးတွေရှိခဲ့သလို သတင်းစာဂုဏ်သိက္ခာနဲ့ တည်တည်တန့်တန့် သတင်းစာတွေလည်းရှိခဲ့တာပါပဲ။ အဓိက ကတော့ လွတ်လပ်မှုတစ်ခုအတွင်းမှာ တမျိုးတစားတည်းရှိနေရတာမျိုးမဟုတ်ဘဲ၊ အမျိုးမျိုးအဖုံဖုံ အရောင်စုံ အသွေးစုံရှိနေပြီး၊ လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ရှိနေဖို့ အရေးကြီးတာပါပဲ။

လူထုအကျိုးဆိုတဲ့အကြောင်းပြချက်နဲ့ သတင်းမှောင်ချ၊ သတင်းစာလွတ်လပ်ခွင့်ပိတ်ပင်၊ တဘက်သတ်ဝါဒဖြန့်တာထက်စာရင် သတင်း လွတ်လပ်ခွင့်ပေးထားတာက ဘယ်ဟာပိုအကျိုးများတယ်ဆိုတာ လူတိုင်းသိပြီးသားကိစ္စလည်းဖြစ်ပါတယ်။ ဘာလွတ်လပ်ခွင့်မှမရှိ၊ ဘာရွေးချယ်ခွင့် မှမရှိပဲနေရတာထက် လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ရှိနေတာဟာ ကောင်းတဲ့လက္ခဏာလည်းဖြစ်ပါတယ်။ တခါ သတင်းမီဒီယာတွေနဲ့ပတ်သက် လို့လည်း  မီဒီယာဆိုတာဘက်မလိုက်ရဘူးလို့ပြောပြီး ဘက်လိုက်နေကြရတာထက်စာရင် မီဒီယာတွေလွတ်လွတ်လပ်လပ် ဘက်လိုက်ခွင့် ရှိနေတာက ဘယ်ဟာက ပိုအကျိုးများမလဲလို့လည်း တွေးနေမိပါတော့တယ်။

ရှေ့တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်

0 comments:

Post a Comment