Tuesday, November 22, 2016

မယာ သို့မဟုတ် မာယာ(မြသန်းတင့်)

0 comments
ခရစ်နှစ် ၉၀၀ လောက်တွင် မာယာတို့၏ နိုင်ငံတော်ကြီးသည် အဘယ်ကြောင့် ဗုန်းဗုန်းလဲ ပျက်စီးပျောက်ကွယ် သွားခဲ့ပါသနည်း။
စင်စစ် တောင်အမေရိကတိုက်က အပူပိုင်းဇုန် တောကြီးမြက်မဲထဲတွင် ယခု တွေ့နေရသည့် မာယာတို့၏ မြို့ဟောင်းသည် နဂိုရှိခဲ့သည့် မာယာတို့၏ ၁ ရာနှုန်းမျှပင် မရှိဟု ရှေးဟောင်း သုတေသန ပညာရှင်များက ဆိုကြသည်။
များလှစွာသော ရှေးဟောင်း သုတေသန ပညာရှင်များ၊ အနုပညာသမိုင်းဆရာများ၊ ကျောက်စာဗေဒ ပညာရှင်များ၊ မနုဿဗေဒ ပညာရှင်များ၊ ၀ံသဗေ သမိုင်းပညာရှင်များ၊ ဘာသာဗေဒ ပညာရှင်များ၊ ဘူမိဗေဒ ပညာရှင်များသည် မာယာတို့၏ မြို့ဟောင်းသို့ နှစ်တိုင်းရောက်လာကြကာ မာယာတို့၏ ခြေရာများကို ရှာဖွေကြသည်။ တွေ့ရှိချက်အသစ်များကို ရသည့်အခါလည်း ရှိသည်။ သို့ဖြင့် မာယာဗေဒသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်းတွင် ပညာရေးဆိုင်ရာ ဘာသာရပ်တခုအဖြစ်မှ သိပ္ပံဆိုင်ရာ ပညာရပ်တခုအဖြစ်သို့ ကူးပြောင်းလာခဲ့သည်။
မာယာရောဂါသည် ယနေ့ခေတ် ရှေးဟောင်း သုတေသန ပညာရှင်များအား တော်တော် ပြင်းပြင်းထန်ထန် စွဲကပ်ခဲ့ဟန် တူသည်။ ဗင်ဒါဗစ် တက္ကသိုလ်မှ ရှေးဟောင်း သုတေသန ပညာရှင် ဒီးမားရက်စ်သည် သုတေသနအဖွဲ့တခုကို ခေါင်းဆောင်ကာ လွန်ခဲ့သည့် လေးနှစ်လုံးလုံး ဂွါတီမာလာ မြောက်ပိုင်းရှိ မာယာမြို့တော်ဖြစ်သော ဒိုးစ်ပီးလာ့စ် မြို့ဟောင်းကို သွားရောက် တူးဖော်ခဲ့သည်။ သူက 'တောကြီးမျက်မည်းထဲမှာ ရှေးဟောင်းမြို့တွေကို သွားတွေ့တယ်ဗျာ၊ အဲဒီမှာ ဘယ်သူမှ ကောင်းကောင်း မဖတ်တတ်တဲ့ ကျောက်စာတွေကိုလည်း တွေ့တယ်။ ပြီးတော့ ဒီမြို့ကြီးနဲ့ ဒီမာယာလူမျိုးတွေ ဘာကြောင့် ပျောက်ကွယ်သွားရတယ် ဆိုတဲ့ လျှို့ဝှက်ချက်ကလည်း ရှိနေတယ်၊ ဒီတော့ ကျွန်တော်တို့ တတွေ စိတ်ဝင်စားကြတာပေါ့' ဟု ပြောသည်။
သို့ဖြင့် မာယာ လူမျိုးတို့၏ အကြောင်း အစအနတွေ တွေ့လာရသည်နှင့်အမျှ သီဝရီတွေလည်း အမျိုးမျိုး ပေါ်လာခဲ့ကြသည်။ မာယာဗေဒ ပညာရှင်များထဲတွင် ပထမဆုံးပေါ်လာသည့် သီဝရီမှာ မာယာတို့၏ ယဉ်ကျေးမှုတွင် စစ်တိုက်ခြင်းသည် အဓိကအခန်းမှ ပါသည်ဆိုသည့်အချက် ဖြစ်သည်။ မာယာ အုပ်စိုးသူတို့သည် ဘာသာရေးအရ လည်းကောင်း၊ အမဲလိုက်ပွဲများတွင် လည်းကောင်း၊ အဆောက်အအုံများ ဆောက်လုပ်ရာတွင် လည်းကောင်း လူများကို စတေးကာ ယဇ်ပူဇော်ခဲ့ကြဟန် တူသည်။ မာယာ ယဉ်ကျေးမှုကြီး ပြိုလဲပျက်စီးသွားရ သည့် အကြောင်းရင်းများထဲတွင် စစ်တိုက်ခြင်းသည် အကြောင်းကြီးတခု ဖြစ်ဟန်တူသည်။ ခရစ် ၂၅၀ တ၀ိုက်သည် မာယာတို့၏ ဂန္ထ၀င်ခေတ်ကြီးဟု ဆိုသင့်သည်။ မာယာ မြို့ပြနိုင်ငံအချင်းချင်း ဖြစ်ကြသည့် စစ်ပွဲများသည် အထွေထွေစစ်ပွဲကြီးတရပ် အသွင်ကို ဆောင်လာခဲ့ကာ နောက်ဆုံးတွင် ဂုဏ်ယူဖွယ် မာယာမြို့ကြီးများသည်လည်း တစ္ဆေမြို့ကြီးများအဖြစ်သို့ လျှောကျသွားခဲ့ရသည်ဟု သူတို့က ယူဆခဲ့ကြသည်။
မာယာလူမျိုးတို့နှင့် ပတ်သက်၍ ပထမဆုံး သုတေသန လုပ်ငန်များကို စတင်လုပ်ခဲ့သူမှာ အမေရိကန်ပညာရှင်တဦးဖြစ်သည့် စတီဖင်နှင့် အင်္ဂလိပ်ပန်းချီဆရာတဦးဖြစ်သည့် ဖရက်ဒရစ် ကေသာဝုဒ်တို့ ဖြစ်သည်။ ၁၉၃၉ ခုနှစ်တုန်းက သူတို့ နှစ်ယောက်သည် ချုံနွယ်ပိတ်ပေါင်းတို့ကို ခုတ်ထွင်ကာ တောကြီးမျက်မည်း ထဲသို့ ၀င်ခဲ့ကြသည်။ ထိုခရီးအကြောင်းကို ရေးခဲ့သည့် စတီဖင် စာအုပ်သည် လွန်စွာ အောင်မြင်ခဲ့ပြီး ထို့နောက်မှ စ၍ ပညာရှင်များသည် တောကြီး မျက်မည်းထဲသို့ လည်းကောင်း၊ စပိန်အစိုးရ၏ မှိုတက်နေသော မော်ကွန်းတိုက် များထဲသို့ လည်းကောင်း မွှေနှောက် ၀င်ရောက်ခဲ့ကြသည်။ ထိုရာစုနှစ် အလယ်ပိုင်းတွင် သုတေသန ပညာရှင်များသည် ကွီချီ မာယာ လူမျိုးစုများ၏ 'ပိုပိုဗူး' အမည်ရှိ ဘာသာရေးကျမ်းကို တွေ့ရှိခဲ့ကြပြီး ၁၆ ရာစုနှစ် စပိန်တို့ သိမ်းပိုက်ပြီး မကြာမီတွင် ပြုစုခဲ့သည့် ဗရင်ဂျီ ဘုန်းတော်ကြီး ဒိုင်ရာဂို ဒီလင်းဒါး၏ 'ယူကာတန် လူမျိုးတို့၏ ဘာသာရေး အယူအဆများ' ဆိုသည့် စာအုပ်ကိုလည်း တွေ့ရှိလာခဲ့ကြသည်။ ၁၈၉၀ ပြည့်လွန်နှစ်များတွင်မူ အင်္ဂလိပ်လူမျိုး ခရီးသည်တဦး ဖြစ်သည့် အဲဖရက် မော့စလေသည် ရှာဖွေတွေ့ရှိသမျှသော မာယာ လူမျိုးတို့၏ ရှေးဟောင်း အဆောက်အအုံများ၊ အထိမ်းအမှတ်ပစ္စည်းများနှင့် ကျောက်စာများ၏ ကက်တလောက် စာရင်းကို ပြုစုနိုင်ခဲ့သည်။
ထိုအချက်အလက်များ၏ အကူအညီဖြင့် ၁၉ ရာစုနှစ် ရှေးဟောင်းသုတေသန ပညာရှင်များသည် မာယာတို့၏ ကျောက်စာများကို အဓိပ္ပါယ်ပြန်ရန် ကြိုးစားခဲ့ကြသည်။ မာယာတို့၏ သမိုင်းကို တူးဆွကာ ပျက်စီးကျဆုံးရသည့် အကြောင်းများကို စေ့ငုကြသည်။ သမိုင်းအထောက်အထား မရှိသည့်အခါတွင် ထင်ကြေးများကလည်း မျိုးစုံနေတော့သည်။ အချို့က ကျန်ရစ်ခဲ့သည့် အဆောက်အအုံများသည် ပျောက်ဆုံး ကွယ်ပျောက်သွားသော အတ္တလန္တိတ် ပထ၀ီတိုက်ကြီး၏ အကြွင်းအကျန်များ ဖြစ်သည်ဟု ဆိုကြသည်။ အချို့က ပျောက်ကွယ်သွားသော ရေ၀တီ လူမျိုးစု ၁၀ စု၏ ပစ္စည်းများဟု ဆိုကြသည်။ အချို့က အီဂျစ်တို့၏ ပစ္စည်းများ၊ ခိုနီရှန်း လူမျိုးတို့၏ ပစ္စည်းများ၊ တရုတ်တို့၏ ပစ္စည်းများ၊ ဂျာဗား လူမျိုးတို့၏ ပစ္စည်းများဟု သန်ရာ သန်ရာ ပြောကြသည်။
၂၀ ရာစုနှစ် အလယ်ပိုင်းသို့ အရောက်တွင်မူ နောက်ထပ်တူးဖော်မှုများနှင့် နောက်ထပ် စာရင်းပြုစုမှုများ ပြုလုပ်ခဲ့ကြပြန်သည်။ ၁၉၅၀ ခုနှစ်တ၀ိုက်တွင် ၀ါရှင်တန်ရှိ ကာနက်ဂျီ အင်စတီကျုးရှင်းမှ အဲရစ်သွန်မဆင်နှင့် ဆီးလဗားနတ်စ် မော်လေတို့က မာယာ လူမျိုးတို့၏ မြို့ဟောင်းများကို ထပ်မံ တူးဖော်ခဲ့ကြသည်။ သူတို့၏ အယူအဆများမှာ အောက်ပါအတိုင်းဖြစ်သည်။
ဂန္ထ၀င် မာယာလူမျိုးတို့၏ မြို့လယ်အဆောက်အအုံများသည် လူနေရန်မဟုတ်ပဲ အဆောင်အယောင် အခမ်းအနားများ ကျင်းပရန် ဆောက်လုပ်ထားသည့် အဆောက်အအုံများ ဖြစ်သည်။
ကျောက်စာများတွင် ပါသည့် အရေးအသားများသည် အုပ်စိုးသူ ဘုရင်များ၊ သမိုင်းအဖြစ်အပျက်များကို ရေးထိုးထားခြင်း မဟုတ်ဘဲ ပြက္ခဒိန် တွက်ချက်မှုများ၊ နက္ခတ္တဗေဒဆိုင်ရာ တွက်ချက်မှုများ နှင့် ဘာသာရေး အကြောင်းအရာများကို ရေးထားသည့် စာများ ဖြစ်သည်။
မာယာလူမျိုးတို့သည် တောခုတ် မီးရှို့သည့် တောင်ယာကို စိုက်ပျိုးကြသည်။
မာယာလူမျိုးတို့သည် အခြားသော လူမျိုးများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြသည်။
ယင်းတို့မှာ သွန်မဆင်နှင့် မော်လေတို့၏ အယူအဆများ ဖြစ်သည်။ သူတို့နှစ်ဦးသည် ထက်မြက်သည့် သုတေသန ပညာရှင်များ ဖြစ်သည့်တိုင် နောက်တွေ့ရှိချက်များအရ သူတို့၏ အယူအဆများသည် မှားနေကြောင်းကို တွေ့ရသည်။ နှောင်းခေတ် သိပ္ပံပညာရှင်များမှာ ရေဒီယိုကာဗွန် ရက်စွဲဖော်နည်း (မီးသွေးကို ကြည့်၍ ရက်စွဲရှာနည်း) စသည့် နည်းပညာများကို သုံးလာခဲ့ကြသည်။ ဂွါတီမာလာနှင့် မက္ကဆီကို နယ်စပ်အနီးရှိ ဒိုးပီးလတ်စ် မာယာ မြို့ဟောင်းကို တူးဖော်ချက်များအရ မာယာလူမျိုး၏ သမိုင်းတွင် ခရစ်နှစ် ၇၆၁ မတိုင်မီ နှင့် ထို ခရစ်နှစ် နောက်ပိုင်းဟု နှစ်ပိုင်းခွဲလိုက်သည်။ ၇၆၁ ခုနှစ် မတိုင်မီတုန်းက မာယာတို့၏ စစ်ပွဲများသည် စစ်အင်္ဂါ အခင်းအကျင်း အစုံအလင်ဖြင့် တိုက်သော စစ်ပွဲများဖြစ်ပြီး၊ သုံ့ပန်းများကို ဖမ်းဆီးကာ လူအများရှေ့တွင် သတ်ဖြတ်ပစ်လေ့ ရှိကြသည်။ သို့ရာတွင် ၇၆၁ ခုနှစ် နောက်ပိုင်းတွင်မူ စစ်ပွဲများသည် စနစ်တကျ တိုက်ခိုက်သည့် စစ်ပွဲများ မဟုတ်တော့ဘဲ ပစ္စည်းများကို လုယက်ခြင်း၊ လူသတ်ခြင်း စသည့် အမှုများကို ကျူးလွန်ကြကာ (ယနေ့ ဆိုမာလီတွင် ဖြစ်ပျက်သကဲ့သို့) လူမှုအဆောက်အအုံကြီး တခုလုံး ပြိုကွဲပျက်စီးသွားစေသည့် နည်းများ ဖြစ်သည်ဟု ရှေးဟောင်းသုတေသနပညာရှင် ဒီမားရက်စ်က ဆိုသည်။ ထိုနှစ်တွင် မာယာ မျိုးနွယ်စု တခုဖြစ်သော တာမာရင်ဒီတိုးမှ ဘုရင်နှင့် စစ်သည်များသည် အခြား မာယာ မြို့ပြနိုင်ငံတခုဖြစ်သော ဒိုးစ်ပီးလာစ်မြို့ကို ၀န်းဝိုင်းတိုက်ခိုက်ပြီးနောက် ဘုရင်ကို ဖမ်းဆီးကာ သူ့ကို ယဇ်ပူဇော်ခဲ့ကြသည်ဟု ခန့်မှန်းရသည်။ ဤသို့ မာယာလူမျိုးတို့၏ စစ်တိုက်ပုံ စစ်တိုက်နည်း ပြောင်းသွားခြင်းမှာ အခြားကြောင့်မဟုတ်။ မာယာ အုပ်စိုးသူများ အချင်းချင်းကြားတွင် ပြိုင်ဘက်တွေ များလာသဖြင့် ထိုသို့ တဦးကိုတဦး အပြတ်ရှင်းပစ်ကြခြင်း ဖြစ်နိုင်သည်ဟု ဒီမားရက်စ်က ဆိုသည်။ ဤသို့ဖြင့် မာယာတို့၏ ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းကြီး တခုလုံးသည် ကျဆုံးပျက်ပြားသွားခြင်း ဖြစ်နိုင်သည်။
ယနေ့ ဗလိတ်နိုင်ငံ တည်ရှိရာ မာယာ ရှေးဟောင်းမြို့ ဖြစ်သည့် ကာရာကိုးမြို့ကို တူးဖော်ခဲ့ကြသည့် ဖလော်ရီဒါ တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင်နှစ်ဦးဖြစ်သည့် အာလင်းနှင့် ချစ် တို့ကလည်း မာယာ မြို့ဟောင်း ရုတ်တရက် ပျက်စီးပြိုကွဲသွားခြင်းသည် စစ်ပွဲများ အဆက်မပြတ် တိုက်ခိုက်နေခြင်းကြောင့် ဖြစ်သည်ဟု ဆိုကြသည်။ သူတို့အဆိုကို ထောက်ခံသည့်အနေဖြင့် အဆောက်အအုံများပေါ်မှ မီးလောင်သည့် အမှတ်အသားများ၊ နောက်ဆောက်သည့် အဆောက်အအုံများတွင် ရေးခြယ်ထားသည့် စစ်နှင့်ပတ်သက်သော ရုပ်ပုံများ၊ လက်နက်များနှင့် စစ်နှင့် ပတ်သက်သော ကဗျာများကို ထောက်ပြကြသည်။
မာယာတို့ ပျက်စီးရသည့် နောက်အကြောင်း တကြောင်းမှာ ပတ်ဝန်းကျင် ဂေဟ စနစ်ကြီး တခုလုံးကို ပျက်စီးသွားအောင် မိုးသစ်တောများကို အသုံးချလွန် သွားသောကြောင့် ဖြစ်သည်ဟု ဆိုကြသည်။ တီယယ်မြို့နှင့် ကုန်းတွင်းပိုင်းရှိ အခြားသော မာယာမြို့များတွင် ရှုပ်ထွေး ယှက်လိမ်နေသော ရေလှောင်စနစ်များနှင့် ရေပေးစနစ်များကို ထောက်၍ မာယာတို့တွင် ရေအခက်အခဲ ရှိသည်ကို သိနိုင်သည်ဟုလည်း စင်စင်နတီ တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင် ဗာနွန် စကာဘာရိုက ပြောသည်။
မာယာတို့ ကျဆုံးရာတွင် ဖြစ်နိုင်ဖွယ်ရှိသော နောက်အကြောင်းတကြောင်းမှာ လူဦးရေ ထူထပ်မှု ဖြစ်သည်။ တူးဖော်သော နေရာ ၂၀ တို့မှ တူးဖော်ရရှိသည့် အချက်အလက်များအရ အလယ်အမေရိကတိုက် တောင်ပိုင်းတွင် လူဦးရေသည် တစ် စတုရန်းကီလိုမီတာတွင် ၂၀၀ ခန့် နေထိုင်ကြသည်။ ယင်းမှာ အတော်များသည့် ကိန်းဂဏန်းဖြစ်ပြီး စက်မှုခေတ်အကြိုကာလတွင် လူဦးရေ အထူထပ်ဆုံးသော တိုင်းပြည်များ တွင်ရှိသည့် ကိန်းဂဏန်းများနှင့် အတူတူ ဖြစ်နေသည်။ လူဦးရေ များပြားခြင်း၊ စိုက်ပျိုးရေးစနစ် ပျက်သုဉ်းလာခြင်းတို့ကြောင့် မာယာလူမျိုးတို့တွင် အဟာရ ချို့တဲ့လာကြသည်။ တွေ့ရှိသည့် ကလေးငယ်များ၏ အရိုးစုများကို ကြည့်၍ ကလေးငယ် အတော်များများမှာ အဟာရချို့တဲ့နေကြသည်ကို တွေ့ရသည်။ ဤသို့သော အခြေအနေများတွင် မင်းဆိုးတပါး အုပ်ချုပ်ခြင်း၊ လေမုန်တိုင်း ရာသီနှစ်ခုလောက် ဆက်တိုက်ကြုံလိုက်ခြင်း စသည့် သေးငယ်သော အကြောင်းများသည် လူမျိုးတမျိုးကို ပျက်စီးစေနိုင်သော နောက်ဆုံးပိတ်အကြောင်းများ ဖြစ်လာနိုင်သည်ဟု သုတေသနပညာရှင် ကားလ်ဘတ်က ပြောသည်။
မာယာတို့၏ ပြိုကွဲမှုမှ မည်သည့် သင်ခန်းစာများကို ထုတ်ယူနိုင်ပါသနည်း။
မက္ကဆီကိုနိုင်ငံ ချီယာပါစ်ရှိ ပါလင်ကွီမြို့ဟောင်း အပျက်အစီးများကို လိုက်ပြနေသည့် ဧည့်လမ်းညွှန် သည် ထိုအဖြစ်အပျက်ကို စိတ်ပါလက်ပါ ပြောပြတတ်သည်။ မြင့်မားလှသော ပိရမစ်ကြီးများကို ငေးကြည့်ပြီး နောက် ကမ္ဘာလှည့်ခရီးသည်က ဧည့်လမ်းညွှန်ဘက်သို့ လှည့်ပြီး 'အဆောက်အအုံကြီးတွေက သိပ်လှတာပဲနော်၊ ဒါပေမယ့် အဲဒီက လူတွေက ဘယ်ကိုရောက်သွားကြလဲဟင်' ဟု မေးသည်။ ဧည့်လမ်းညွှန်က လှောင်ပြောင်သည့် ဟန်ဖြင့် ခေါင်းကိုယမ်းလိုက်ပြီး 'ကျွန်တော်တို့ ဘယ်မှ ရောက်မသွားပါဘူး၊ ကျွန်တော်တို့ ဒီမှာ ရှိနေတာပဲ၊ ကျွန်တော်တို့ဟာ မာယာ လူမျိုးတွေပဲ' ဟု ပြောသည်။
ထိုစကားသည် မာယာ လူမျိုးတို့၏ ပဟေဠိထဲက ဆန့်ကျင်ဘက် သဘောကို ဖော်ပြနေသည်။ သိပ္ပံပညာ ရှင်များက မာယာ လူမျိုးတို့၏ ရှေးဟောင်း လက်နက်နိုင်ငံတော်ကြီး ထူးဆန်းစွာ ပျောက်ကွယ်သွားပုံကို စူးစမ်း ရှာဖွေနေကြစဉ် မာယာ လူမျိုးတို့သည် သူတို့ ဘေးပတ်လည်တွင် ရှိနေကြသည်။ မက္ကဆီကိုနိုင်ငံ တောင်ပိုင်း ပြည်နယ်ဖြစ်သည့် ချိယာပါ့စ် ပြည်နယ်တွင် မာယာလူမျိုး ၁.၂ သန်း ခန့် နေထိုင်လျက် ရှိပြီး၊ ငါးသန်းခန့်တို့မှာ ယူကာတန်ကျွန်းဆွယ် တလျှောက်နှင့် ဗလိဇ်၊ ဂွါတီမာလာ၊ ဟွန်းဒူးရပ်စ်နှင့် အယ်ဆာဗေးဒိုး နိုင်ငံကြီးများနှင့် ကျေးလက် ယာတောများတွင် နေထိုင်လျက် ရှိကြသည်။ လူမျိုးရေးအရ ပြောလျှင် သူတို့သည် မီဆို အမေရိကတွင် အမြင့်မားဆုံးသော ယဉ်ကျေးမှုကို ဖန်တီးခဲ့ကြသည့် လူမျိုးများမှ ဆင်းသက်လာကြခြင်း ဖြစ်သည်။ သို့ရာတွင် မြင့်မားသည့် ပါလင်ကွီ ၀တ်ကျောင်းများကို နှစ်စဉ် လာရောက်ကြည့်ရှုသည့် ထောင်ပေါင်း များစွာသော ဧည့်သည်များသည် ယနေ့ခေတ် မာယာလူမျိုးများမှ ဆင်းသက်လာသည့် မျိုးနွယ်များ၏ ကံကြမ္မာကို မြင်သည့်အခါတွင် ထိတ်လန့် တုန်လှုပ်မိကြသည်။
ရာစု နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသည့်အတွက် ကြောင့် တကြောင်း၊ ယဉ်ကျေးမှုအရ ၀ိုင်းပယ်ခံခဲ့ ကြရသည့် အတွက်ကြောင့် တကြောင်း၊ မာယာ လူမျိုးများသည် ကိုယ့်နေရင်း ဇာတိတိုင်းပြည်တွင် ဆင်းရဲ မွဲတေသော အပယ်ခံများ ဖြစ်နေကြရသည်။ သူတို့ အများဆုံးဖြစ်လျှင် ကမ္ဘာလှည့် ဧည့်သည်တို့ လာရောက် ကြည့်ရှုစရာမျှသာ ဖြစ်နေသည်။ ရသည့်ပိုက်ဆံကလည်း မဖြစ်စလောက်မျှသာ။ ဥပမာအားဖြင့် မက္ကဆီကိုမှ လာကာဒန် အိန္ဒိယ လူမျိုးများသည် သူတို့ အစဉ်အလာ ၀တ်ဆင်ခဲ့သည့် ရှီကာခေါ် ချည်ထည် ၀တ်ရုံရှည်များနှင့် သူတို့၏ နက်မှောင်သော ဆံရှည်များကို ကမ္ဘာလှည့် ခရီးသည်တို့အား ပြသလေ့ ရှိကြသည်။ သို့ရာတွင် သူတို့ ရသည့် အဖိုးအခမှာ လူရာသွင်းခြင်း မခံရဘဲ နှိမ့်ချ ဆက်ဆံသည့် အမူအရာမျိုးမျှသာ ဖြစ်သည်။ ၁၉၉၂ ခုနှစ် အစီရင်ခံစာတခုအရ မက္ကဆီကို အစိုးရသည် ချီယာပါ့စ်ရှိ မာယာ လူမျိုးစုများကို လူမျိုးရေးအရ နှိပ်ကွပ်ခဲ့ ကြသည်။ ၁၉၉၀ ပြည့်နှစ်တုန်းက မာယာ လူမျိုး ၁၁ ယောက်တို့သည် မြေယာအငြင်းပွါးမှု တခုကြောင့် ဖမ်းဆီးခြင်း ခံခဲ့ရပြီး ညှဉ်းပမ်းနှိပ်စက် ခံခဲ့ကြရသည်။ လွန်ခဲ့သည့် နှစ်နှစ်ကာလကလည်း မာယာ လူမျိုး ၁၀၀ ကျော်တို့ကို ဖမ်းဆီး၍ အစာငတ် ရေငတ်ထားခဲ့ကာ ဆေးဝါးကုသမှုမပေးပဲ ချုပ်နှောင်ထားခဲ့ကြသည်။ ဂွါတီမာလာနိုင်ငံက အနှစ်နှစ်ဆယ်ကြာ ပြည်တွင်းစစ်တွင် မာယာ လူမျိုးတို့သည် အစိုးရ၏ ပြောက်ကျား ဆန့်ကျင်ရေး စစ်ဆင်မှုများတွင် သားကောင် ဖြစ်ရသည်။ အချို့သော နေရာများတွင်ဆိုလျှင် မာယာ လူမျိုးတို့၏ ကျေးရွာများကို မီးရှို့ဖျက်ဆီး ပစ်ခဲ့ကြသည်။
မာယာ လူမျိုးများအား ထိုသို့ စနစ်တကျ နှိပ်ကွပ်ခြင်းမှာ ယခုမှ မဟုတ်ပါ။ အမေရိကတိုက်ကို စပိန်တို့ သိမ်းပိုက်ခဲ့စဉ် ၁၆ ရာစု နှစ်ကတည်းက အစပြုခဲ့ခြင်း ဖြစ်ပါသည်။ ထိုစဉ်က စပိန်လူမျိုး ဘရင်ဂျီ သာသနာပြု အဖွဲ့များသည် မာယာ လူမျိုးတို့၏ ဘာသာတရားကို တရားမ၀င် ကျေညာခဲ့ပြီး သစ်ခေါက်စက္ကူဖြင့် လုပ်သည့် မာယာ ဘာသာရေးကျမ်း လေးကျမ်းကို မီးရှို့ဖျက်ဆီး ပစ်ခဲ့ကြသည်။ စစ်ပွဲတွင် မသေမပျောက် ကျန်ရစ်သူ၊ ဥရောပ ရောဂါကပ်များထဲတွင် မသေမပျောက် ကျန်ရစ်သူ၊ မာယာ လူမျိုးများကို ဥရောပတိုက်သားများ၏ စိုက်ခင်း များတွင် ကျွန်များအဖြစ် အတင်းအကျပ် စေခိုင်းခဲ့ကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀ လုံးလုံး မာယာ လူမျိုးတို့သည် ပထမ စပိန်တို့၏ အုပ်စိုးမှု၊ ထို့နောက်တွင် မက္ကဆီကိုတို့၏ အုပ်စိုးမှုကို ခုခံ တိုက်ခိုက်ခဲ့ကြသည်။
ယင်းသို့ ခုခံ တိုက်ခိုက်ခဲ့သည့်တိုင် (သို့မဟုတ် ထိုသို့ ခုခံ တိုက်ခိုက်ခဲ့သည့်အတွက်) အလယ်ပိုင်း အမေရိကတိုက် လူမျိုးများ၏ မိသားစု အတွင်းသို့ သွတ်သွင်းခံခဲ့ရပြီးသည့် နောက်မှာပင် မာယာ လူမျိုးတို့သည် အခြားသော လူမျိုးများ၏ ၀ိုင်းဝန်းဖိနှိပ်ခြင်းကို ခံနေရဆဲ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ခန့် အထိ မြို့ဈေးများသို့ လာ၍ ကြက်ငှက်နှင့် ကောက်ပဲသီးနှံတို့ကို လာရောက် ရောင်းချသည့် မာယာ လူမျိုး တောသူတောင်သားများသည် အိန္ဒိယမျိုးနွယ် မဟုတ်သော အမျိုးသမီးများက ၀ိုင်းဝန်း လုယက်သည်ကို ခံနေကြရဆဲ ဖြစ်သည်။ ထိုမြို့များ၏ ကုန်သွယ်ရေးသည် အိန္ဒိယ လူနီမျိုးတို့ အပေါ်တွင် မှီခိုနေရသည့်အတိုင် ညအချိန်တွင် မြို့ထဲတွင် လမ်းလျှောက်နေသော မာယာ လူမျိုးကို တွေ့လျှင် ထောင်ဒဏ် ငွေဒဏ်တို့ကို စီရင်နေဆဲ ဖြစ်သည်။
ယခုအချိန်၌ နိုင်ငံသူ နိုင်ငံသားအားလုံး တန်းတူညီမျှ အခွင့်အရေးရှိသည်ဟု နိုင်ငံတော်က အာမခံချက် ပေးထားသည့်တိုင်၊ ဂွါတီမာလာ သမ္မတသစ် လီယွန်ကာပီယိုက လူ့အခွင့်အရေးကို တန်းတူ ပေးထားသည့်တိုင်၊ မာယာ လူမျိုးတို့သည် နိုင်ငံရေးနှင့် စီးပွါးရေး လှေကား၏ အောက်ဆုံးထစ်တွင်သာ ရှိနေကြသေးသည်။ မက္ကဆီကို တနိုင်ငံလုံးတွင် စာတတ်သူဦးရေမှာ ၈၈% ရှိသော်လည်း ပြည်နယ်တခုဖြစ်သည့် ချိယာပါ့စ်တွင် စာတတ်သူဦးရေမှာ ၅၀% မျှသာ ရှိပြီး မာယာ လူမျိုးတို့၏ ကလေးအသေအပျောက်နှုန်းမှာ ၁၀၀၀ လျှင် ၅၀၀ ရှိသည်။ ယင်းမှာ မက္ကဆီကို တနိုင်ငံလုံး၏ ပျမ်းမျှနှုန်းထက် ၁၀ ဆ များနေသည်။ ကျေးလက်တွင် နေထိုင်သည့် မာယာ လူမျိုး ၇၀% တို့မှာ သောက်သုံးနိုင်သော ရေ မရှိဘဲ နေကြရသည်။
ထိုသို့သော ၀မ်းနည်းဖွယ်ကောင်းသည့် အခြေအနေမျိုး၌ မာယာ လူမျိုးတို့သည် သူတို့၏ ခေတ်ပြိုင်ဘ၀ ကို အဓိပ္ပါယ် ရှိလာစေရန် ခေတ်ဟောင်းနည်းများဖြင့် နေထိုင်နေကြရသည်။ လူသူ အရောက်အပေါက်နည်းသည့် ဂွါတီမာလာနှင့် မက္ကဆီကို တောင်ပေါ်ဒေသများတွင် မာယာ လူမျိုးတို့သည် လွန်ခဲ့သော နှစ်ပေါင်း လေးထောင်က သူတို့ ဘိုးဘေးများ ကျင့်သုံးခဲ့ကြသော ရိုးရာအစဉ်အလာများကို ကျင့်သုံးကြဆဲ ဖြစ်သည်။ မာယာ ရက်ကန်းသည်များသည် အထည်များကို ရက်လုပ်ရာတွင် မာယာ ရှေးဟောင်း ၀တ်ကျောင်းများ၏ ထုတ်တန်းများ ပေါ်တွင် ရေးခြယ်ထားသည့် စကြာဝဠာ ဖန်တီးဟန် ပုံသဏ္ဍာန်များကို ရက်လုပ်ကြသည်။ ကိုလံဘတ် မရာက်မီက ရှိခဲ့သော မာယာ လူမျိုးတို့၏ နတ်ဘုရား ပုံသဏ္ဍာန်များကို ရေးခြယ်ခြင်းဖြင့် ခေတ်ပြိုင် မာယာ လူမျိုးတို့သည် သူတို့၏ ရှေးဟောင်း ယဉ်ကျေးမှု အတိတ်နှင့် စိတ်ဓာတ်အရ ဆက်သွယ်နေကြသည်။ ထို ဒီဇိုင်းများကို ရေးခြယ်ခြင်းဖြင့်လည်း သူတို့သည် ရုပ်ဝတ္ထုအရ သူတို့၏ နတ်ဘုရားများနှင့် ဆက်သွယ်မိနေ ကြသည်။
'သူတို့ အ၀တ်အစား ဒီဇိုင်းတွေကို ကြည့်လိုက်ရင် နေ့စဉ်ဘ၀ကို ဖော်ပြနေတဲ့ သင်္ကေတတွေကို မတွေ့ရဘူး။ သဘာဝလွန် အရာတွေ၊ မက်ခဲ့ဖူးတဲ့ အိပ်မက်တွေ၊ အိပ်မက်တွေထဲမှာသာ တွေ့နိုင်တဲ့ အရာတွေကိုသာ မြင်နေရတယ်' ဟု ဆီးအက်တဲ အခြေစိုက် 'မနုဿဗေဒ ပညာရှင်နှင့် ရှင်သန်နေသော မာယာ လူမျိုးများ' စာအုပ်ကို ရေးသည့် ဝေါ်လတာမောရစ်က ပြောသည်။
ရည်ညွှန်း။ Time, August 9, 1993.
[နွယ်နီမဂ္ဂဇင်း၊ ၁၉၉၃၊ နိုဝင်ဘာ]

Monday, November 21, 2016

လက်သန်းပြာ အဌကထာဆရာများ (မျိုးမြင့်ချို)

0 comments
ရှင်အနုရုဒ္ဓါနဲ့ ရှင်ဗုဒ္ဓဃောသတို့အပါအဝင် လက်သန်း အဌကထာဆရာတွေက မြတ်ဗုဒ္ဓရဲ့တရားဒေသနာတွေ အဘိဓမ္မာတွေဟာ နက်နဲလွန်းလို့ လူသာမန်တွေသဘောမပေါက်နိုင်ဘူး၊ ဒါ့ကြေင့် လူ့နလပိန်းတုံးတွေနားလည်အောင် ချဲ့ပြ ဖွင့်ပြရမယ်ဆိုပြီး ချဲ့လိုက်ဖွင့်လိုက်ကြတာမှာတင် သူတို့အာဘော်တွေပါပါလာပြီး ဒွေးရောယှက်တင်တွေဖြစ်ကုန် ရှုပ်ထွေးကုန်တော့တာပဲလို့ ဆရာသမားတွေဆိုတာ မှတ်ဖူးတယ်။ တရားရင်းနဲ့ လက်သန်းအဌကထာ ဘယ်လိုကွာနေတယ်ဆိုတာကို အပိုဒ်လိုက်ထောက်ပြ ယှဉ်ပြ နှိုင်းပြတာလည်း ဖတ်ဖူးတယ်။
ကျနော်တွေးတာက မြတ်စွာဗုဒ္ဓဟာ သိစရာရှိသမျှ အကြွင်းမဲ့သိမြင်သွားသူဖြစ်တော့ သူပြောရင် ဟောရင် လူတိုင်းနားလည်မယ့် စကားတွေ ဝေါဟာရတွေပဲသုံးမှာပါ။ သူနဲ့ ခေတ်ပြိုင် (ဘုရားတွေပဲထားပါ) ဖီလော်ဆော်ဖာတွေနဲ့ တရားနိုင်စကားစစ်ထိုးကြရင်တော့ ပညာရပ်ဆန်ဆန် ပြောမှာဆိုမှာလို့တွေးပါတယ်။ သူ့တရားနာပြီး သူ့နောက်လိုက်ဖြစ်လာတဲ့သူတွေထဲက ထိပ်ပိုင်း လက်တဆုပ်စာလောက်ပဲ မင်းညီမင်းသား သူဌေးသူကြွယ် စာတတ်ပေတတ် ပညာတတ်တွေဖြစ်ပြီး အများစုသံဃာထုကြီးက ဆင်းရဲသား ကျောမွဲတွေ ကျွန်တွေ၊ လယ်သမားတွေ၊ စာဆိုလို့ နကန်းတလုံးတောင် မသိသူတွေချည်းပါပဲ။ ဒီလူတွေသာ မြတ်ဗုဒ္ဓရဲ့ တရားဒေသနာကို အဘိဓမ္မာကို နားမလည်ရင် ဘာကိစ္စ သံဃအစုအဝေးထဲ ရောက်လာစရာအကြောင်းရှိမလဲ။ အဲ့ဒီခေတ်က စာဆိုတာ ပညာဆိုတာ အုပ်စိုးသူနဲ့ ဘာသာရေးဆရာတွေလောက်ပဲသင်ခွင့် တတ်ခွင့်ရှိတဲ့အရာမဟုတ်လား။ သာမန်လူတွေ အဖိနှိပ်ခံတွေကတော့ စာဆိုရင် စာကလေးငှက်လောက်ပဲထင်ကြရှာမှာပါ။
ပြောချင်တာက ကမ္ဘာပေါ်မှာ ထွန်းခဲ့တဲ့ဘုရားတိုင်း တမန်တော်တိုင်းဟာ လူတိုင်းနားလည်မယ့်စကားနဲ့ သူတို့တရားကိုဖြန့်ခဲ့တာပါ။ စကားပြောကောင်းသလို တရားဟောလည်း ထူးချွန်ခဲ့ကြတာပါ။ ဘယ့်နှယ်လို့ လူနားမလည်မယ့်စကားနဲ့ သူတို့တရားကို ဟောပါ့မလဲ။ သူတို့ အဲ့သလောက် ခေရင် ဘုရားတွေ တမန်တော်တွေမပြောနဲ့ ညစောင့်တောင်မဖြစ်ဘူး။
ခု ဗမာ့နိုင်ငံရေးမှာလည်း လက်သန်းအဌကထာဆရာတွေ ပေါများလွန်းလှတယ်။
ဒေါ်အောင်ဆန်းစုကြည် ဘယ်အခြေအနေမှာ ဘယ်စကားကို ဘယ်လိုပြောခဲ့ ဘာကြောင့်ပြောခဲ့တယ်ဆိုတာ လူတိုင်းနားလည် သဘောပေါက်ပါတယ်။ ဒါကိုလိုက်ပြီး အနက်ဖွင့်ပေးနေစရာ အကျယ်ချဲ့ပေးနေစရာမလိုပါဘူး။
ဘာသာရေးမှာဖြစ်ဖြစ် နိုင်ငံရေးမှာဖြစ်ဖြစ် လက်သန်းအဌကထာဆရာတွေ ဝင်ရှင်းရင် ပိုရှုပ်သွားတတ်ပါတယ်။
ကျနော်တို့ သတိရှိကြဖို့ပါ။
နိုဝင်ဘာ ၁၈၊ ၂ဝ၁၆

တသောင်းတန် အာစေး (မျိုးမြင့်ချို)

0 comments
(တသောင်းတန် အာစေး)
ရန်ကုန်မြို့အခြေစိုက် အထိုက်အလျှောက်ကြီးတဲ့ကုမ္ပဏီတခုမှာ ကျနော့်မိတ်ဆွေတယောက် အလုပ်လုပ်ပါတယ်။ သူက ထုပ်လုပ်ရေးတိ့ အရောင်းမြှင့်တင်ရေးတို့ သယ်ယူပို့ဆောင်ရေးတို့လိုနေရာတွေမှာမဟုတ်ပဲ ရုံးလုပ်ငန်းဆိုင်ရာမှာလုပ်တာဖြစ်ပါတယ်။ သူ့အတတ်ပညာ သူ့အတွေ့အကြုံ သူ့လုပ်သက်နဲ့နှိုင်းတော့ တလတလ သူရနေတဲ့လခကလည်း ဒေါ်လာ ၅ ရာမပြည့်ပါဘူး။ ဒါပေမယ့် အခြားအခွင့်အလမ်း လည်း မရှာတတ် မိသားစုနဲ့အိုးမကွာအိမ်မကွာနေချင်တာလည်းပါတော့ ရသမျှလခလေးနဲ့အောင့်အီး ရတာလေးနဲ့ဝအောင်စားဆိုတဲ့ မွဲဆေးဖော်ဂါထာကြီးတွင်တွင်ရွတ် သူထက်နိမ့်ပါးနွမ်းပါးသူတွေဘက်ငဲ့ကြည့်ရင်း ငါ့ထက်ဆိုးတဲ့ဘဝတွေအများကြီးပါလားလို့ ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်နေသူလည်းဖြစ်ပါတယ်။
တနေ့ သူနဲ့ စကားပြောရင်း ဟေ့လူရေ တသောင်းတန်ငွေစက္ကူအတုတွေ ထွက်နေပြန်ပြီဗျာလို့ စိတ်ပျက်လက်ပျက်ပြောတယ်။ အစိုးရအတု ခေါင်းဆောင်အတုတောင်ထွက်နေသေးတာ ငွေတုထွက်တာများ စကားလုပ်လို့ဗျာ။ ခုမှ ပိုက်ဆံတုထွက်တာ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်မှာ ထွက်ခဲ့တာပဲမဟုတ်လားဗျလို့ အငေါ်ပြန်တူးတော့ သူက အေးဗျာ ဒါပေမယ့် ငွေစက္ကူတုကြောင့် စိတ်မချမ်းသာရတဲ့ကြားထဲ ကျုပ်တို့ကုမ္ပဏီပိုင်ရှင်လုပ်တဲ့စောက်ချိုးကြောင့် ပိုပြီး စိတ်ထိခိုက်ရလို့ပါတဲ့။ ခင်ဗျားတို့သူဌေးက ဘာစောက်ချိုးတွေများ ချိုးပြန်တာတုန်းဆိုတော့ ကုမ္ပဏီအရောင်းဌာနက အရောင်းဝန်ထမ်းလေးတွေလက်ထဲ ငွေစက္ကူတုပါလာရင် ပါလာတဲ့သူ တာဝန်ယူရမယ်တဲ့ဗျာတဲ့။
ကျနော် သူပြောတာသိတ်မရှင်းတာနဲ့ ဘယ်လိုဗျဆိုတော့ ဒီလိုဗျာ ဝယ်သူကလာဝယ်ပြီး ငွေချေတဲ့အထဲမှာ ငွေစက္ကူအတုတွေပါလာရင် ပါလာသလောက်ကို အရောင်းဝန်ထမ်းရဲ့လခထဲကနေ ပြန်ဖြတ်မယ်ပေါ့ဗျာ။ သူဌေးဘက်က အနာမခံဘူး ကုမ္ပဏီဘက်ကအနာမခံဘူးပေါ့။
ခင်ဗျားတွေးကြည့်ဗျာ အရောင်းဝန်ထမ်းတွေမှာ ငွေစက္ကူအတုအစစ် စစ်တဲ့စက်လည်းမရှိ။ ရောင်းနေရတာလည်း နေ့တဓူဝ လူပေါင်းစုံနဲ့။ ငွေတုနဲ့တမင်လာဝယ်သူတွေရှိသလို ငွေတုကိုငွေတုမှန်းမသိပဲ လာဝယ်သူတွေလည်းရှိမှာပဲလေ။ အဲ့ဒါကို အရောင်းဝန်ထမ်းက ရောင်းဝယ်နေရင်း ပိုက်ဆံအစစ်အတု ဘယ့်နှယ်လို့ အတိအကျစစ်ဆေးနေနိုင်မှာလဲ။ ဥပမာဗျာ ဆယ်သိန်းတန်ပစ္စည်းရောင်းလိုက်တယ်ဆို အဲ့ဒီဆယ်သိန်းလုံးကြီးက ပိုက်ဆံတွေနဲ့ အပုံလိုက်ကြီးချေတာဗျ။ အဲ့အထဲမှာ အသစ်ရော အဟောင်းရော အနွမ်းရော အစုတ်ရော အကုန်ပါတာဗျ။ ခင်ဗျားတို့ဆီမှာလို ဘဏ်ကဒ်လေး ခရက်ဒစ်ကဒ်လေးခြစ်တာလည်းမဟုတ်ဘူး။ အဲ့ဒီ ပိုက်ဆံအပုံလိုက်ကြီးကို ဆယ်သိန်း ပြည့်မပြည့်ရေရတာကတမျိုး၊ အစစ်အတုခွဲရတာကတမျိုးဆို သေရချည်ရဲ့ဗျာ၊ အဲ့ဒီ ပိုက်ဆံအစည်းလိုက်ကြီးတွေထဲမှာ ဘယ်အရွက်ကအစစ် ဘယ်အရွက်ကအတု စစ်ဆေးနေရအောင်လည်း အချိန်ကမရှိ။ နောက်ပြီး အရောင်းဝန်ထမ်းလေးတွေက ငွေတုစစ်ဆေးကျွမ်းကျင်သူတွေလို မြင်ရုံနဲ့ လက်နဲ့ထိလိုက်ရုံနဲ့ ဒါအတု ဒါအစစ်ပြောနိုင်တဲ့လူတွေလည်းမဟုတ်ဘူးလေ။ ဆိုတော့ တရွက်ခြင်း ငွေပြည့်မပြည်ကလည်း ရေရမယ် တခါ ငွေတုငွေစစ်ကလည်း ခွဲနေရဦးမယ်ဆို တွေးကြည့်ပါဦးဗျာ၊ အဲ့ဒီဆယ်သိန်းပုံကြီးပြီးအောင် အချိန်ဘယ်လောက်ကြာလိုက်မလဲ။ အချိန်ကြာပြန်တော့လည်း တွက်ခြေမကိုက်လို့ သတ်မှတ်နာရီအတွင်း ပြီးရမယ့်အလုပ်မပြီးလို့ဆိုပြီး အလုပ်ကအဖြုတ်ခံရဦးမယ်။ မရှိလို့မှ အတတ်ပညာတခုခုနဲ့ ပညာသည်သဘောလုပ်မစားနိုင်လို့မှ အရောင်းဝန်ထမ်းလေး ဝင်လုပ်ပါတယ်ဗျာ။ ခုတော့ ပိုက်ဆံတုပါလာရင် ကိုယ့်လုပ်ခထဲကဖြတ်မယ်ဆိုတော့ စဉ်းစားကြည့်တော့ဗျာ သူဌေးလုပ်ပုံကို။ တော်တော် ကိုယ်ချင်းစာတရားခေါင်းပါးတဲ့ တဘို့တည်း ကြည့်တတ်တဲ့ ငို့ဘသမား ဝိသမသမားဗျာ၊ တော်တော် လူစိတ်မရှိ လူမဆန်တဲ့လူဗျာ၊ အရောင်းဝန်ထမ်းလေးတွေတော့ စိတ်အတော်ဆင်းရဲနေကြမှာပဲ။ ကျနော်တို့လည်း ဘာမှ ဝင်ပြောလို့မရ၊ သူလုပ်သမျှငုံ့ခံနေရတဲ့ဘဝဆိုတော့ ဘဝတူခြင်းတွေအတွက် စိတ်လက်မချမ်းမသာဖြစ် အံကြိတ်တက်ခေါက်မိတာအပြင် ဘာမှမတတ်ဘူးလို့ ကြေကြေကွဲကွဲဆို့ဆို့နင့်နင့်ပြောရှာတယ်။
ဒါနဲ့ ကျနော်လည်း အငေါ်တူးတာတွေ သူ့အလိုလိုရပ်သွားပြီး လူလည်း အာစေးမိတဲ့လူလို တုံဏှိဘာဝေ ကြက်သေ သေမိတယ်။
နိုဝင်ဘာ ၁၉၊ ၂ဝ၁၆

မုဒိန်း (မျိုးမြင့်ချို)

0 comments
မုဒိန်းကျင့်တာဟာ လူမျိုး ဘာသာနဲ့လည်း မဆိုင်ဘူး။ ဘုန်းကြီးဖြစ်လို့ ဗလီဆရာဖြစ်လို့ သင်းအုပ်ဆရာဖြစ်လို့တွေနဲ့လည်းမဆိုင်ဘူး။ မုဒိန်းသမားဟာ မုဒိန်းသမားပဲ။ မုဒိန်းကောင်ကို မုဒိန်းကောင်အဖြစ် ရှင်းရှင်းမြင်ဖို့ကြည့်ဖို့ပဲ။
ဝီရသူဆိုတဲ့နာဇီဂတုံးကောင်ပြောတဲ့“ကုလားရှိရင်မုဒိန်းရှိမယ်“ကို တန်ပြန်ဖို့
ဘုန်းကြီးမုဒိန်းကောင်တွေအကြောင်း လိုတာထက်ပိုပြီး ဖော်ကြပြကြဝေကြငှကြတာဟာ ကောင်းတယ်လို့ကျနော်မထင်ဘူး။ သတင်းတခုမို့ဖြန့်တယ်ဆိုတာထက် ပိုတဲ့အနက်ပါနေတယ်။
မုဒိန်းကောင်ဟာ ဂတုံးနဲ့ သကန်းနဲ့လည်းဖြစ်ချင်ဖြစ်မယ်၊
မုတ်ဆိတ်နဲ့သံပုရာခွံဦးထုပ်နဲ့လည်းဖြစ်ချင်ဖြစ်မယ်၊
သမ္မာကျမ်းစာနဲ့ကျေးဇူးတော်ချီးမွမ်းနေတဲ့လူလည်းဖြစ်ချင်ဖြစ်မယ်။
ဒါပေမယ့် သူတို့မုဒိန်းဟာ တဦးတယောက်တည်းအပေါ်မှာ
ကျင့်တာပဲဖြစ်တယ်။ ကာမရမက်ကို မထိန်းချုပ်နိုင်တဲ့
အဆင်ခြင်မဲ့လုပ်ရပ်ပဲဖြစ်တယ်။
သူတို့ဟာ မုဒိန်းကို အစုလိုက်အဖွဲ့လိုက် တပ်ရင်းတပ်ဖွဲ့တွေအလိုက်
ကျင့်ကြတာမဟုတ်ဘူး။
သူတို့ဟာ မုဒိန်းကျင့်ခွင့်လိုင်စင် ရထားသူတွေမဟုတ်ဘူး။
သူတို့ မုဒိန်းကို ဖိနှိပ်ခြောက်လှန့်ရေးလက်နက်တခုအဖြစ်
ကျင့်နေကြတာမဟုတ်ဘူး။
သူတို့ဟာ ဘာသာမတူသူမို့ လူမျိုးမတူသူမို့ဆိုပြီး ကျင့်ကြတာမဟုတ်ဘူး။
အဲ့လိုပြောတာတဦးခြင်းမုဒိန်းကောင်တွေကို ခွင့်လွှတ်ရမယ်လို့မဆိုလိုဘူး။
မုဒိန်းကျင့်ခွင့်လိုင်စင်ရထားတဲ့၊ မုဒိန်းကို အစုလိုအပြုံလိုက်ကျင့်ကြတဲ့၊ မုဒိန်းကို လက်နက်တခုလို ကျင့်ကြတဲ့၊ မုဒိန်းကို ဘာသာမတူ လူမျိုးမတူသူတွေအပေါ်
ကျင့်ကြတဲ့ စစ်ရာဇဝတ်ကောင်တွေ စစ်မုဒိန်းကောင်တွေကိုကြ ဘေးမဲ့ပေးထားပြီး လက်ဖျားနဲ့တောင်မတို့ဝံ့ကြပဲ အဖိနှိပ်ခံအချင်းချင်း သူတပြန်ကိုယ်တပြန်
မုဒိန်းသတင်းတွေ ရေစီးကမ်းပြိုတင်ကြ ပုတ်ခတ်ကြ တိုက်ခိုက်ကြတွေကို စစ်အာဏာရှင် စစ်ရာဇဝတ်ကောင် စစ်မုဒိန်းတွေက ကြိတ်ကြိုက်နေတာ။
ဒီကြားထဲ တိုင်ရေးပြည်ရေး နိုင်ငံရေး ပြည်သူတွေအကြပ်အတည်း စစ်အာဏာရဲ့ဖိနှိပ်မှု မြေသိမ်း ယာသိမ်း ဘဝသိမ်းကိစ္စတွေကိုကြ မသိကျိုးကျင်ပြုပြီး လိုင်စင်ရပြည့်တန်ဆာနဲ့ အခွန်ထမ်းဖာဂေါင်းဥပဒေပြဌာန်းပေးဖို့အဆိုတင်တဲ့အမတ်မက
သက်ငယ်မုဒိန်းသမားတွေကို သေဒဏ်ပေးပါဆိုပြီး ဟစ္စတီယားထသလို
ဆော်သြရင်း မဲမြှူနေပြန်တယ်။
နိုဝင်ဘာ ၁၉၊ ၂ဝ၁၆

ဒေါ်နယ်လ်သေနတ်(မျိုးမြင့်ချို)

0 comments
အခု ဒီ လေးငါးလအတွင်းမှာ ဖို့တ်ဝိန်းနေ ဗမာတွေ သေနတ်အတော်ဝယ်ကြတာ သတိထားမိတယ်။ အတိုရော အရှည်ရောပဲ။

အရင်က အကောင်ပလောင်လေးပစ်ဖို့ သေနတ်လိုင်စင်မလို အမဲပစ်လိုင်စင်သာလိုတဲ့ ပြောင်းရှည်တွေလောက် ရှိတဲ့သူလည်း ခုဆို လိုင်စင်ယူရတဲ့ ပြောင်းတိုတွေ ဆောင်လာကြတယ်။ အရင်က သေနတ်ဆိုလို့ သရက်သီးသနပ်တောင် မစားတဲ့သူတွေ ခုတော့ အတိုလေးတွေ မိန်းမကိုင်လေးတွေ ဝယ်ဆောင်ကြပြီ။

ဟိုနေ့က ကျေးလက်မင်းကြီး Rural King လို့ခေါ်တဲ့ လယ်သမားပစ္စည်းရောင်းတဲ့ဆိုင်သွားပြီး ကြက်စာဝယ်တော့လည်း သေနတ်ရောင်းတဲ့ဆက်ရှင်မှာ လူတွေ ဝယ်နေလိုက်ကြတာမှ မနည်းဘူး။ အဝယ်လိုက်နေတဲ့သဘောပဲ။ မနှစ်က ဒီအချိန်ဆို တခါတလေ တယောက်စ နှစ်ယောက်စလောက်ပဲတွေ့ရတတ်တာ။ 

ရဲမော်ထူးကိုရောက်ဖူးတယ်ရှိအောင် အဲ့ဒီဆိုင်ကို မနှစ်ကဒီအချိန် ခေါ်သွားတော့ သူတောင် တတောင့်ချင်းမောင်းပြန် ပြောင်းရှည်ရိုင်ဖယ်လ်တလက်ကို ဆွဲထုတ်ပြီး ကိုင်ကြည့်၊ ချိန်ကြည့်ဆကြည့်၊ စနိုက်ပါထဲကနေကြည့် ကြည့်၊ ကျည်မပါပဲမောင်းတင်ကြည့်၊ ချောက်ကနဲ မောင်းဖြုတ်ာကည့်တွေလုပ်နေသေးတာ။
ဈေးမေးကြည့်တော့ ၄ ရာ နီးပါးပဲ။ ဘာအမျိုးအစားမှန်း မှတ်တော့ မမှတ်မိတော့ဘူး။ မန်နေဂျာကတော့ အလွန်နံမည်ကျော်တဲ့သေနတ်လို့ပြောတာပဲ။

အင်း ဖေဖေဒေါ့်လက်ထက်မှာ လူဖြူကြီးစိုးရေးတွေဖြစ်လာပြီး အဖြူမဟုတ်တဲ့လူတွေကို ပတ်မှတ်ထားပြီး သရော်မော်ကားရန်စတာ လုတာယက်တာ အိမ်ဖေါက်တာ ဓါးမြတိုက်တာ အနုကြမ်းစီးတာ ကားလုပြေး ပိုက်အိပ်လုပြေးတာမျိုးတွေကနေ တစတစနဲ့ ကွန်မြူနတီအလိုက် အကြမ်းဖက်တိုက်ခိုက်မှုတွေအထိ ဖြစ်လာနိုင်မလားလို့ တွေးပူနေကြရပြီ။

သေနတ်နဲ့ကောင်ကို ဥပဒေနဲ့ရှင်းမရလို့ တ္တောနဲ့ရင်ဆိုင်မရမှန်းသိလာကြလို့ သေနတ်တွေ ဝယ်ဆောင်လာကြတဲ့သဘောများလား။ ဥပဒေနဲ့ဥပဒေစိုးမိုးရေးတွေ၊ မျက်နှာမလိုက်တဲ့တရားစီရင်မှုတွေ၊ လူထုဘဝလုံခြုံရေးတွေ၊ လူလူခြင်း ဘာသာ လူမျိုး အသားအရောင် ကျားမ စတာတွေမတူလို့ ခွဲခြားဆက်ဆံမှုမပြုရတွေ ဘယ်လိုပဲရှိရှိ အုပ်စုဖွဲ့ကျူးလွန်တဲ့ရာဇဝတ်မှုဆန်ဆန်တွေ တရားမဝင်ခြိမ်းခြောက်တိုက်ခိုက် လုယက်သတ်ဖြတ် နိုင့်ထက်စီးနင်းတွေလုပ်လာရင်တော့ ဥပဒေကြောင်းအရ ရာဇဝတ်ကြောင်းအရကနောက်မှ လောလောဆယ် ကိုယ်အရင်ခံရ ဆုံးရှူံးရ သေရကြေရမှာဆိုတော့ မိမိအသက်အိုးအိမ်စည်းစိမ် မိမိမိသားစုဘဝတွေကို မိမိဘာသာတာဝန်ယူကာကွယ်ကြရတော့မယ့်အနေအထားများ ရောက်သွားတော့မှာလား။

အသက်ကိုသေစေတတ်သော လက်နက်ပစ္စည်း ထုတ်လုပ် ရောင်းဝယ်ဖေါက်ကားပြီးအသက်မွေးတဲ့ “မိစ္ဆာအာဇီဝသမားတွေ“ ကြီးပွားသထက်ကြီးပွားကြမယ့် ကိန်းပဲ။

လူသတ်လက်နက်ဆိုတာ လူသတ်ဖို့ မဟုတ်လား။ သေနတ်ဆိုတာ
မောင်းခလုပ်ဖြုတ်မယ့်သူ လိုတယ်မဟုတ်လား။ သေနတ်ဆိုတာ ကျည်မရှိရင်
တုတ်လောက်တောင် အသုံးမတည့်ဘူး မဟုတ်လား။

သေနတ်လည်းရှိ ကျည်လည်းရှိ မောင်းဖြုတ်မယ့်လူလည်းရှိလို့ကတော့ သေနတ်ဆိုတာ ဧည့်ခန်းမှာ အလှပြချိတ်ထားစရာမဟုတ်တော့ဘူးလေ။
နိုဝင်ဘာ ၂ဝ၊ ၂ဝ၁၆ မျိုးမြင့်ချို

ကြွေးနွံ (မျိုးမြင့်ချို)

0 comments
ကြွေးနွံ (မျိုးမြင့်ချို)
ရွှေပြည်ကြီးကလူတွေဟာ မိခင်ဝမ်းကြာတိုက်မှာ ကာလလရေကြည်သန္ဓေတည်ကတည်းက အကြွေးလည်ပင်းခိုက်ရတဲ့ဘဝတွေပါ။ တက်လာသမျှအစိုးရအဆက်ဆက်က နိုင်ငံတော်အမည်ခံပြီး နိုင်ငံတကာက၊ ကမ္ဘာ့ဘဏ်က၊ နိုင်ငံငံတကာငွေကြေးအဖွဲ့အစည်းတွေကနေ ဘာစီမံကိန်းအတွက် ဘာဖွံ့ဖြိုးရေးအတွက် ဘာနှိမ်နင်းရေးအတွက် ဘာအတွက်ညာအတွက် အကြောင်းပြချက်တွေနဲ့ လက်ဖြန့်တောင်းတဲ့အခါတောင်း မျက်နှာပြောင်တိုက်ပြီး ချေးတဲ့အခါချေးခဲ့ကြတယ်။ လက်ဖြန့်လို့ရတာတွေက စေတနာသုံးတန်ပြဌာန်းပြီး ဘာမှမမျှော်ကိုးပဲပေးတိုက်တာတွေရှိသလို နောက်ကွယ်ကအကြံအစည်နဲ့ပေးတာတွေလည်းရှိပါတယ်။

ချေးငွေမှာကြတော့ တချို့ဟာတွေက အတိုးမဲ့ဆိုပေမယ့် နှောင်ကြိုးမမဲ့ဘူး။ တချို့ချေးငွေတွေက အတိုးနှုန်းနည်းတယ်ဆိုပေမယ့် အတိုးမသတ်နိုင်ရင် အတိုးပေါ်အတိုးထပ်ပေးရတယ်။ တချို့ချေးငွေတွေက ဘယ်နှနှစ်အတွင်း အပြီးပြန်ဆပ်ရမယ်ဆိုတာတွေပါတယ်။ တချို့ချေးငွေတွေကြတော့ အကျိုးလိုလို့ ညောင်ရေလောင်းတာ။ ထားပါတော့ အဲ့ဒီ နိုင်ငံစကာငွေကြေးစနစ်တွေ အတိုးအကြောင်းတွေ ချေးငွေကိစ္စတွေ ကျနော်လည်း ဘာမှသိတ်သိတာမဟုတ်ပါဘူး။ မသိတဲ့ကိစ္စကို ခနထားပြီး ခံစားရတဲ့ကိစ္စကိုပြောချင်ပါတယ်။

ဆိုတော့ အစိုးရဆိုတာတွေက နိုင်ငံတော်အမည်ခံပြီး ငွေတွေချေးကြတယ်။ သူတို့လုပ်ခဲ့တဲ့ စီမံကိန်းတွေ စီမံချက်တွေ ဖွံ့ဖြိုးရေးတွေဟာ စာရွက်ပေါ်မှာတော့ မစားရဝခမန်းချည်းပဲ။ တကယ့်လက်တွေ့မှာ သူတို့ပြောသလို ပြောသလောက်သာအောင်မြင်ခဲ့ရင် ဗမာပြည်ဟာ သာယာပြီး ဖွံ့ဖြိုးတိုးတက်နေမှာ အသေအချာပဲ။ တိုင်းပြည်စီးပွားရေးရော လူတဦးချင်းဝင်ငွေတွေရောမြင့်နေမှာဖြစ်သလို ကုန်ဈေးနှုန်းတွေ တည်ငြိမ် ငွေကြေးတွေ ပွလိုက်ကျစ်လိုက်မဖြစ်၊ လူတွေလည်းပညာတတ်ကြ၊ ဒီမိုကရေစီတွေ လူ့အခွင့်အရေးထွန်းကား ညီညာတဲ့ပြည်သာကြီးဖြစ်နေတာကြာပြီ။ လူအားလုံးနိုင်ငံသားအခွင့်အရေးတွေတန်းတူရနေသမို့ ပြည်တွင်းစစ်ကြီးလည်းမရှိ၊ စစ်နဲ့လုပ်စားနေတဲ့ စစ်အာဏာရှင်စနစ်လည်း ချုပ်ငြိမ်း ကဲ ဘယ်လောက်ပျော်စရာကောင်းမလဲ။ စိတ်ကူးယဉ်ချင်စရာကောင်းမလဲ။
တကယ့်လက်တွေ့မှာ တိုင်းပြည်နဲ့လူထုဟာ အဲ့ဒါတွေနဲ့ပြောင်းပြန်ဖြစ်နေတာ လူတိုင်းအမြင် လူတိုင်းအသိပဲ။

ဒါဆို အဲ့ဒါတွေလုပ်မယ်ဆိုပြီး တောင်းလို့ရတဲ့ငွေနဲ့ ချေးလို့ရတဲ့ငွေတွေက ဘယ်ရောက်သွားသလဲ။ ဘာလို့ ချေးငွေတွေပြန်ဆပ်ဖို့ နေနေသာသာ အတိုးတောင် အပြည့်မသတ်နိုင်ရသလဲ၊ ဘာလို့တိုင်းပြည်ဟာ အရှေ့တောင်အာရှမှာ အကြွယ်ဝဆုံးအနေအထားကနေ ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံစာရင်း ဝင်သွားရသလဲ။ အရပ်ပြောဆို ဘာလို့ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝကို ခံယူလိုက်ရတာလဲ စတာတွေရဲ့အဖြေကို တခွန်းတည်းနဲ့ယတိပြတ်ပြောရရင် စစ်အာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တယားနဲ့ စစ်အစိုးရတွေကြောင့်ပဲလို့ ထွက်ပါတယ်။ ဒါကို အကျယ်ချဲ့နေစရာမလိုတော့ပါ။

သူတို့ နိုင်ငံတော်အမည်ခံချေးယူပြီး ကိုယ်ကျိုးသုံးခဲ့ကြတဲ့ငွေတွေကို ကျနော်တို့ပြည်သူတရပ်လုံးက ခါးစည်းခံပြီးဆပ်ပေးနေကြရတာပါ။ သူတို့ ကြွယ်ဝချမ်းသာပြီး ဆယ်သက်စားမကုန်ဖြစ်နေချိန်မှာ ပြည်သူတချို့ ထမင်းနပ်မမှန်ဖြစ်နေရတာပါ။ သူတို့ စစ်မွေးပြီး အာဏာငန်းဖမ်းနေချိန်မှာ ပြည်သူတွေ စစ်ဘေးသင့်စစ်ပြေးဒုက္ခသည်ဘဝတွေ ရောက်ကြရတာပါ။ ပြောရရင် များပါတယ်။ တောသုံးတောင်ပါ။
လူတိုင်းသိနေ ခံစားနေရတာမို့ ဒီ့ထက်ပို ပြောဖို့မလိုတော့ပါ။

ခု ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအမည်ခံပြီး သိန်းစိန်အစိုးရလုပ်တော့ ထုံးစံအတိုင်း ကမ္ဘာပတ်ပြီးလက်ဖြန့်ပါတယ်။ တောင်းပါတယ် ချေးပါတယ်။ ရသင့်သလောက် ရပါတယ်။ အကြွေးလျှော်ပေးသူ လျှော်ပေးပါတယ်။ အတိုး မယူတော့တဲ့သူ မယူတော့ဘူးပြောပါတယ်။ စစ်အုပ်စုအတွက် စစ်ခရိုနီတွေအတွက် သပိတ်ဝင်အိပ်ဝင်ဖြစ်သွားတဲ့ ငွေကြေးအလုံးအရင်းနဲ့စီမံကိန်းတွေ တပုံတမဖြစ်သွားကြလို့ သူတို့ လက်မထောင်ကြတယ်ဆိုပေမယ့် အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေ ဥရောပသမဂ္ဂနိုင်ငံတွေ စကင်ဒီနေးဗီးယာန်းနိုင်ငံ(နော်ဝေ) တို့က စစ်အုပ်စုအပေါ်ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ထားမှု မပွင့်သေးတော့ အပြည့်တော့ မမော်နိုင်ခဲ့ကြပါ။

ခုတော့ အဲ့ဒီ ဆန်ရှင်လည်း မကျန်တော့သလောက်ပွင့်သွားပါပြီ။ ဒေါ်စုကလည်းပြော အန်ကယ်လ်ဆမ်ကလည်း ဖြုတ်ချင်နေချိန်မို့ ထီးလိုမင်းလိုဖြစ်သွားတာပါ။ အပြကောင်းမယ့်သူရဲ့အတောင်းဆိုကို အမေရိကန်ဘက်က အချိန်ပေးပြီးတော့ကို စောင့်ခဲ့တာပါ။ ခုဆို စစ်အုပ်စုနဲ့စစ်ခရိုနီတွေလက်ထဲ ပိတ်မိနေတဲ့ငွေကြေးတွေဟာ အခွန်လေးဘာလေးဆောင်ဆက်ပြီး ကမ္ဘာတလွှား တရားဝင်ရင်းနှီးမြှုတ်နှံတော့မယ့် အရင်းအနှီးဖြစ်သွားပါပြီ။ ငွေမည်းနေတုန်းက ငွေကြေးအဖြစ်ပဲရှိရာက ခု ငွေဖြူသွားတော့ အရင်းအနှီးဖြစ်သွားတဲ့သဘောပါ။ ပိတ်ဆို့မှုလက်ကျန်လေးက လက်နက်မရောင်းတာလောက်ပဲ ကျန်တော့တာပါ။ ဒါလည်း တိုက်ရိုက်မဝယ်မရောင်းတောင် ကြားကလက်နက်ကုန်သည်တွေ စစ်ပွဲစားတွေကနေတဆင့်လက်သိပ်ထိုးလုပ်လို့ ထိုက်သလောက်ဖြစ်ပါတယ်။

အခု ငွေချေးတဲ့အလုပ် လက်ဝါးဖြန့်တဲ့အလုပ်ကို ဒေါ်အောင်ဆန်းစုကြည်ကို ခိုင်းထားပါပြီ။ တနည်းပြောရရင် သူတို့အကျိုးအတွက် ခိုင်းစားထားပြီးကြပါပြီ။ ခက်တာက ကိုယ့်ဘုရားကလည်း မယားဘက် ခတ်ပါပါဖြစ်နေတာဆိုတော့ ပြည်သူတွေအဖို့ အောင့်အီးခံနေရတဲ့အဖြစ်ပါ။ ဘုရားဆိုတော့လည်း ဖနောင့်နဲ့ထပေါက်လို့မဖြစ်သလို ဂုတ်ဆွဲပြီး ခြံပြင်ထုတ်လို့လည်းမဖြစ်ပါ။

အခု ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အမည်ခံပြီး အကူအညီတွေ ချေးငွေတွေပြန်ယူပြန်တောင်းပြန်ပါပြီ။ အကူအညီတွေကတော့ သူ့နှောင်ကြိုးနဲ့သူသေချာတွက်ချက်ပြီး ညောင်ရေလောင်းလိုက်တာမို့ အတိုးပေးဖို့နေနေသာသာ ပြန်တောင်ဆပ်စရာမလိုပါ။ သူတို့ဘာသာသူတို့နည်းနဲ့ ကျေရုံတင်မက အမြတ်အစွန်းထွက်တဲ့အထိ တဖြည်းဖြည်းချင်း ကဲ့ယူသဲ့ယူသွားကြမှာပါ။ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်ကြမှာပါ။

အကူအညီယူတာကို အပြစ်မဖို့ပါ။ အကူအညီမယူလို့မဖြစ်တဲ့နိုင်ငံဘဝရောက်အောင် အလုပ်ခံထားရတဲပြည်ဆိုတော့ အကူအညီတော့ယူရမှာပါပဲ။ ဒါပေမဲ့ သိဖို့လိုတာက ဖုန်းတောင်းယာစကာပြည်ဖြစ်အောင် ဘယ်သူတွေလုပ်ခဲ့သလဲဆိုတာဖြစ်ပါတယ်။

ချေးငွေတွေကတော့ အတိုးသတ်ရင်း အရင်းကြေအောင်ပြန်ဆပ်ရမှာပါ။ ဆိုတော့ စာရွက်ပေါ်ကစီမံကိန်းတွေ ဖွံ့ဖြိုးရေးစီမံချက်တွေ ဘယ်လောက် ဘယ်တော့ အောင်မြင်မယ် မမြင်မယ်သာ အပ်ချမတ်ချ မပြောနိုင်သေးပေမယ့် ပြည်သူတွေအဖို့တော့ အကြွေးပင်လယ်ထဲကနေ အကြွေးသမုဒ္ဒရာထဲအထိ ရေစုန်မျောသွားပါပြီ။ ကုန်ဈေးနှုန်းဒဏ်၊ ဥပဒေမဲ့ရာဇဝတ်မှုအကျူးလွန်ခံရတဲ့ဒဏ်။ အစိုးရရဲ့ဖိနှိပ်တဲ့ဒဏ်၊ စစ်ဘေးစစ်ဒဏ်တွေပိပြီး ဒဏ်ရာဗလဝနဲ့ လူလုံးမလှဖြစ်နေပါပြီ။ တပြိုင်တည်းမှာပဲ စစ်အုပ်စုဝင်တွေနဲ့ သူတို့ရဲ့ အိုးစားဘက်၊ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား ခရိုနီတွေအတွက်လည်း ငွေတောင်ကြီးတွေမှိုလိုပေါက်ပြီး၊ ဒေါ်လာမြစ်ကြီးထဲ ရွှေလှေလေးတွေနဲ့ လေညှင်းခံဖို့ဖြစ်သလောက်ဖြစ်သွားပါပြီ။


မျေက်ပြဆန်တောင်းတာပဲဖြစ်ဖြစ် ဆင်ဖြူတော်မှီ ကြံစုပ်တာပဲဖြစ်ဖြစ် မျောက်ရှင်ဆန်ရသလို ဆင်ထိန်းလည်း ကြံချိုချိုစုပ်ရပါတယ်။ ပြည်သူတွေကတော့ မျောက်ရှင်ဘဝလား ဆင်ထိန်းဘဝလားတော့ မေးခွန်းထုတ်ရမှာဖြစ်ပါတယ်။
ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်မျက်နှာနဲ့ နိုင်ငံတော်အမည်ခံချေးငွေတွေကတော့ လူထုပခုံးပေါ်ထပ်ကျလာပြန်ပါပြီ။ ကြွေးတင် ရှင်ဘုရင်မဆပ်ပါ။ လူထုခါးစည်းခံကုန်းရုန်းဆပ်ရတာပါ။

ဒေါ်အောင်ဆန်းစုကြည်က အချိန်တန်တော့ ကွယ်လွန်သွားမှာပါ။ အကြွေးတွေကတော့ ဆုံးပါးသွားမှာ မဟုတ်ပါဘူး။ အလားတူပဲ ပြည်သူဆိုတာလည်း မျိုးတုန်းတတ်တဲ့အရာမဟုတ်သလို တိုင်းပြည်ဆိုတာကလည်း ကမ္ဘာ့မြေပုံပြင်ဆင်ရေးဆွဲတာ(ကမ္ဘာနဲ့ချီဖြစ်တဲ့စစ်ကြီးတွေ) မဖြစ်သရွေ့ ပျောက်ကွယ်သွားရိုးမရှိပါ။ ဒေါ်အောင်ဆန်းစုကြည်မျက်နှာနဲ့ ထားခဲ့တဲ့အကြွေးဟာ ဘယ်အထိ သံသယာလည်ဦးမလဲကတော့ မပြောတတ်သေးပါ။ ခရိုနီတွေကတော့ မြက်မြက်ကလေးရနိုင်တာမို့ လက်ခုပ်တဖြောင်းဖြောင်း လက်ခမောင်းတခတ်ခတ်ပါ။ ဒေါ်စုစကားနဲ့ဆို ဒီလူတွေဟာ ခရိုနီကောင်းဖြစ်တဲ့တွေပါ။

ကျနော်ကတော့ အီလျာအာရင်ဘတ်ရေးပြီး ဆရာမြသန်းတင့်ဘာသာပြန်တဲ့ လူများ၊ သက္ကရာဇ်များ၊ ဘဝ စာအုပ်ထဲကလို ခုချိန်ဟာ နာဇီတွေထဲက နာဇီကောင်းတွေရှာနေရမယ့်အချိန်မဟုတ်ဘူးဆိုတာကို အမှတ်ရမိသလို ကျနော်တို့တွေဟာ စစ်ခရိုနီကောင်းတွေကိုများ သည်းသည်းမည်းမည်း ရှာနေမိကြပြီလားလို့ တွေးမိပါတယ်။
မျိုးမြင့်ချို
နိုင်ဝင်ဘာ ၂၁၊ ၂ဝ၁၆

ကျွန်ပ်၏ချစ်လှစွာသော......(မျိုးမြင့်ချို)

0 comments
ပြီးခဲ့တဲ့လက ကန်ထဲကဒိုက်ဆယ်ရင်း အိပ်ထောင်ထဲက တယ်လီဖုန်း ရေထဲကျသွားပါတယ်။ ဖုန်းမရှိပဲ ၂ရက်ကြာမှပြန်တွေးတော့ ကန်ထဲကျသွားတယ်လို့ထင်ပြီး ဆင်းစမ်းတော့ ပြန်တွေ့ပါတယ်။ သုံးစားလို့မရတော့ပါ။ အသစ်တလုံးလည်းမဝယ်နိုင်၊ အလကားထပ်ရမယ့် ဖယ်မလီဖုန်းကန်ထရိုက်သက်တမ်းကလည်း ၂ဝ၁၇ ဖေဖော်ဝါရီမှဆိုတော့ ၃ နှစ်လောက်က ပစ်ထားခဲ့တဲ့ ရိုးရိုးဖုန်းလေးပြန်သုံးပြီး ဆက်သွယ်နေရ အလုပ်လုပ်နေရတာပါ။ ကျနော့်အလုပ်သဘောမှာက ပေးထားတဲ့အဆိုင်းမင်န့်ပြီးတာနဲ့ နေ့မကူးခင် တိုမ်းရှိ TIME SHEET ကို ဖုန်းနဲ့ဓာတ်ပုံရိုက်ရင်ရိုက် မရိုက်ရင်ကွန်ပြူတာမှာ စကင်န်ဖတ်၊ ဓာတ်ပုံဖောမက်ပြောင်း ဆိုက်ကိုပြန်ချုံ့ပြီး ဝဘ်ပေါ်တယ်လ်ပေါ်တင်ပေးရပါတယ်။ ဒါမှ အလုပ်ချိန်ဘယ်လောက်အတွက် လုပ်ခဘယ်လောက်ကို တွက်ပေးပါတယ်။ အိုင်ဖုန်းမရှိတော့ အလုပ်ကပြန်လာအိမ်ရောက်တောါမှ စကင်န်ဖတ်တာ ဖောမက်ပြောင်းတာ ပုံချုံ့တာတွေလုပ်ပြီးတင်ရတာဆိုတော့ အလုပ်လည်းရှုပ်သလို ကြာလည်းကြာပါတယ်။ တခါတလေ အပြင်ကပြန်လာ လူကမောနေပြီး အိမ်အလုပ်ကလေးဘာလေးလည်းလုပ်စရာရှိနေရင် ကောက်လုပ်ရင်း တိုမ်းရှိတင်ပေးဖို့ မေ့သွားတတ်ပါတယ်။ ဒါ့ကြောင့် အေဂျင်စီရဲ့သတိအပေးလည်း ခနခနခံရပါတယ်။
ဒါနဲ့ ဖေဖော်ဝါရီကြမှ ၂ နှစ်ပြည့်မယ့် အလကားရမယ့် အိုင်ဖုန်း ၆ ကို မျှော်နေမယ့်အစား ဒီကြားထဲ ၃ လစာလောက်သုံးရမယ့် အိုင်ဖုန်းအဟောင်းတလုံးတော့ ဝယ်မှဖြစ်တော့မယ်လို့စိတ်ကူးပြီး အွန်လိုင်းကနေ တပတ်ရစ်လျှပ်စစ်ပစ္စည်းရောင်းတဲ့ဝဘ်ဆိုက်တွေ တက်ကြည့် လိုက်ကြည့်ပါတယ်။ ဖေ့စ်ဘွတ်စတေးတပ်ကနေလည်း အိုင်ဖုန်း ၅ စီ ဒါမှမဟုတ် ၅ အက်စ် တပတ်ရစ်အကောင်းလေးများ ပြန်ရောင်းမယ့်သူရှိရင်ပြောပါဗျို့ဆိုပြီး ဗျိုးဟစ်လိုက်တော့ ကို Ye Win Latt က လည်း ဝဘ်ဆိုက်လိပ်စာတခုပို့လာပါတယ်။
တယ်။
ဒီနောက်တော့ ချက်ခြင်းပဲ Lucy Su ဆိုတဲ့ မိန်းကလေးက အဖေ သမီးမှာ အိုင်ဖုန်း ၄ တလုံးရှိတယ်။ သမီး တလပဲသုံးပြီး မသုံးတော့တာ။ ဖုန်းက အသစ်အတိုင်းပဲ.။ လာယူ အလကားပေးမယ်လို့ ပြောတယ်။
ဒီမိန်းကလေး ဗမာနံမည်ရင်းက ချောစုယဉ်ပါ။ အင်္ဂလိပ်လိုပေါင်းတော့ နောက်ဆုံးစာလုံးကို Yin နဲ့ဆိုတော့ ရင် လို့လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရှေ့ ၂ လုံးက ချောစုဆိုတော့ နောက်အလုံးက ရင် ဖြစ်စရာအကြောင်းမရှိတော့ဘူး။ ယဉ်ပဲဖြစ်ရတော့မယ်။ သူနဲ့ကျနော် စသိခဲ့ကြတာက ကျနော် ဖို့တ်ဝိန်းရောက်ပြီး သိတ်မကြာခင်လေးမှာပါပဲ။ အဲ့ဒီတုန်းက သူက ကက်သလစ်ချာရတီးစ်ဒုက္ခသည်ပြန်လည်နေရာချထားရေးအေဂျင်စီမှာ ကေ့စ်ဝေါကားလုပ်နေပါတယ်။
ဒီကို အပျိုဖော်မဝင့်တဝင်လေးမှာ ရောက်လာပြီး ကောလိပ်လည်း
တဘက်ကတက်ရင်း အလုပ်လည်းလုပ်နေတာပါ။ ဗမာစကားကို ကျနော်တို့လောက် ပုံကြပန်းကြမပြောတတ်ပေမယ့် နားပေါက်အောင်တော့ ကြိုးစားပြောတတ်ပါတယ်။ ဗမာစာတော့ မရေးတတ်မဖတ်တတ်ရှာပါဘူး။ ကျနော့် ဇနီးကလည်း သူတို့အေဂျင်စီမှာလုပ်တာဖြစ်ပြီး သူက ကျနော့်ဇနီးကို အမေလို့ခေါ်ပြီး ကျနော့ကိုတော့ အဲ့ဒီကတည်းက အဖေလို့ခေါ်ခဲ့တာပါ။ သူ့အဖေအရင်းက ဘယ်မှာ ဘာဆိုတာ တခါမှ မမေးမိသလို ရှိသေးလားမရှိတော့ဘူးလားတောင် ကျနော်မသိပါ။ သူ့မွေးနေ့ သူ့ကလေးတွေမွေးနေ့ရှိတိုင်း ကျနော်တို့ကိုဖိတ်တတ်သလို ကျနော်တို့ အရင်နေခဲ့တဲ့အခန်းကိုလည်း လာလာလည်တတ်ပါတယ်။ လာလည်တာရဲ့အဓိကအကြောင်းကတော့ သူတက်နေတဲ့ကောလိပ်ကျောင်းကစာတွေ မရှင်းတာတွေကို ကျနော့်ဇနီးနဲ့ကျနော့်ကို လာလာမေးတာပါ။ တခါတလေ ငါးပိရည်ကျို ငါးပိချက် တို့စရာ ငါးပိထောင်း ဘာညာလေးတွေလည်း ကျနော်စားဖို့ ယူယူလာတတ်ပါတယ်။
ခုလည်း သူ အေဂျင်စီတခုမှာ အလုပ်လုပ်နေတာပါ။ လောလောဆယ်တော့ မီးဖွားချိန်နီးပြီး ကိုယ်ဝန်အရင့်အမာကြီးနဲ့ဆိုတော မီးဖွားခွင့်နဲ့ အိမ်မှာ နားနေခိုက်ဖြစ်ပါတယ်။ ဟိုတလောက ကျနော် စိတ်လေ စိတ်ကျပြီး ပုလင်းထဲခေါင်းစိုက်မိတဲ့အချိန်က စကားပြောဖော်မရှိတာနဲ့ သူ့ကိုဖုန်းလှမ်းခေါ်တော့ ကျနော့်အခြေအနေကိုရိပ်စားမိတဲ့သူက ကျနော့်ညီမကိုပါ ခေါ်ချလာပြီး ကျနော် အောင်းနေတဲ့နေရာအထိ ပေါက်ချလာကြပါတယ်။ ရောက်တော့ ကဲ အဖေ အဝတ်အစားတွေထည့် အထုတ်ပြင်၊ သွားမယ်၊ အဖေ ဒီလိုနေလို့ မဖြစ်ဘူး၊ မမသင်းတို့ အဖွားတို့နဲ့ ခနသွားနေ။ စိတ်ပြေပြီး ကျန်းမာရေးကောင်းမျ အမေ့ဆီပြန်ဆိုပြီး ဗိုက်ကြီးတကားကားနဲ့ ပြောတယ်။ ဒါနဲ့ ကျနော်လည်း သေနတ်နဲ့ကျည်ဆန်တွေသိမ်း၊ အဝတ်အစားအိပ်မပြီး အိမ်ပြန်ရောက်လာတယ်။ ကျနော် အိမ်ပြန်ရောက်ကတည်း သင်းသင်းအေးဆီကို အဖေနေကောင်းရဲ့လား စားရဲ့လား အရက်တွေသောက်နေသေးလား ကျန်းမာရေးအခြေအနေရော စတာတွေ ဖုန်းနဲ့ လှမ်းလှမ်းမေးရှာပါတယ်။
ဒါနဲ့ ပြန်ဆက်ရရင် မနေ့က ၁ နာရီလောက်မှာ ဇနီးနဲ့ကျနော် သူပေးမယ့်တယ်လီဖုန်းလည်းသွားယူ သူ့လည်း ကိုယ်ဝန်သတင်းမေးရအောင် သူ့အိမ်ရောက်သွားတယ်။ သူပြောတဲ့အတိုင်းပဲ။ ဖုန်းက တကယ့်ကို အသစ်ကျပ်ချွတ်လေးအတိုင်းပဲ။ မှန်ပြင်ပေါ်မှာ ဘာအစင်းရာ အဖြစ်ရာမှမရှိဘူး။ သူ့မိသားစုမှာ အထွေးဆုံး သူ့သမီးအငယ်ဆုံးလေးတောင် မနည်းကြီးနေပြီ၊ ၅ နှစ်သမီးတဲ့။ သားအကြီးကောင် ၂ ယောက်ကတော့ အိုင်ပက်ဒ်နဲ့ကွန်ပြူတာနဲ့နေရာက တချက်တချက် ဧည့်ခန်းထဲလာပြီး ကျနော်နဲ့ဆော့နေတဲ့ သူတို့ညီမလေးကို လာစကားပြောတယ်။ ကလေး သုံးယောက် ဗိုက်တဗိုက် လင်ယောမယားပါ အလုပ်ကိုယ်စီနဲ့ဆိုတော့ အိမ်ရှင်းချိန်ဘာချိန်တွေလည်း ရပုံမပေါ်ဘူး။ အမေရိကန်က ကလေးတွေထုံးစံအတိုင်း ခန်းလုံးပြည့် ကစားစရာတွေ အရုပ်တွေ အဝတ်အစားတွေနဲ့ ဧည့်ခန်းဟာ မုန်တိုင်းကျပြီးစ မြို့ပျက်ကြီးလို။
တနာရီခွဲလောက် သူ့အိမ်မှာအချိန်ဖြုန်းပြီး အိမ်ပြန်လာတော့ ကျနော့်ဘာသာ ဖုန်းကို ဆက်တင်ပြန်လုပ်တယ်။ အကြိမ်ကြိမ်ပဲ။ မအောင်မြင်ဘူး။ ဒါနဲ့ သူ့အမေ(ကျနော့်ယောက္ခမကြီး)နဲ့အတူကျေးဇူးတော်နေ့အတွက် ဈေးဝယ်ထွက်သွားတဲ့ဇနီးသည် ပြန်အလာကိုစောင့်တယ်။ သူက အဲ့ဒါမျိုးတွေကြ(တယ်လီဖုန်းကိစ္စမှာ)ကျနော့်ထက်ကျွမ်းတယ်။ ကျနော် ကွန်ပြူတာမှာကြတော့ သူ့ထက်နားလည်တယ်ဆိုပါတော့။
သူပြန်လာတော့ အဝတ်တောင်မလဲဘဲ ညစာအတွက် စားစရာပြင်ရင်း ကျနော့်နားလာပြီး ပြစမ်းနင့်ဖုန်း ငါကြည့်စမ်းမယ်ဆိုပြီး ယူတယ်။ ပြီးတော့ ကျနော့်ကွန်ပြူတာဖွင့်ခိုင်းတယ်။ အိုင်ကျူးန်းကိုသွားခိုင်းတယ်။ နောက်တော့ သူ့ဘာသာသူလုပ်လိုက်တာ နာရီဝက်တောင်မကြာဘူး ဖုန်းက အလုပ်စလုပ်တော့တယ်။ အင်တာနက်လည်းချိတ်မိသွားပြီ။ အိုင်ဖုန်းတလုံးရဲ့လုပ်လို့ရတဲ့ကိစ္စမှန်သမျှ လုပ်လို့ရသွားပြီ။
ဒါနဲ့ကျနော်က ချောစုကျေးဇူးနဲ့ ငါ ဖုန်းတလုံး အလကားရခဲ့တာ ကျေးဇူးတင်စရာနော်ဆိုတော့ ငါ့ကြတော့ရော။ ကျွန်ုပ်၏ချစ်လှစွာသောဇနီးသည်၏ အကူအညီဖြင့်လေးတောင် မပါတော့ဘူးလားလို့ ပြုံးစေ့စေ့ ခနဲ့တဲ့တဲ့လေးလုပ်တယ်။ အေးပါ မိန်းမရယ်။ နင်ပါလို့ ဒီအရာပြီးတာပါ။ ကျွန်ုပ်၏ချစ်လှစွာသောဇနီးပါလို့မှ ဤအရာပြီးမြောက်ရတာပါဆိုတော့ ဟီးဟီး-ဟီးဟီးလုပ်ပြီး မျက်နှာမချိုမချဉ်နဲ့ အဝတ်အစားလဲလိုက်ဦးမယ်ဆိုပြီး သူ့အခန်းထဲဝင်သွားတယ်။ ကျနော်လည်း ဖုန်းသစ်ကလေးမှာ အပလီကေးရှင်န်းတွေ အင်စတောလ်လုပ် ဗမာစာ ဗမာဖေါင့်တွေထည့်နဲ့ ညည့်နက်သွားပါတော့တယ်။
ချောစုယဉ်က ဗမာစာမတတ်တော့ ဒါကို သူဖတ်နိုင်ရှာမယ်မဟုတ်ဘူး။ လူချင်းတွေ့မှ စကားပြန်ပြီးပြောပြမယ်စိတ်ကူးထားပါတယ်။
နိုင်ဝင်၊ ၂၁၊ ၂ဝ၁၆

Friday, November 18, 2016

မရွယ်ပဲမင်းဖြစ်တဲ့ စော်ကဲသမ္မတ ဇက်ကရီတေလာ (မျိုးမြင့်ချို)

0 comments

(မရွယ်ပဲမင်းဖြစ်တဲ့ စော်ကဲသမ္မတ ဇက်ကရီတေလာ)
ဇက်ကရီတေလာဟာ နိုင်ငံရေးအတွေ့အကြုံ နှမ်းတစေ့တောင်မရှိဘဲ သမ္မတအဖြစ်အရွေးချယ်ခံရတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲ့သလိုမရှိတဲ့ အကျိုးဆက်က ဧကနဲ့ဒွေး ထွေးနေတဲ့ကိစ္စတွေနဲ့ နိုင်ငံရေးပြဿနာတွေအတွက် ကြံစည်တာတာမှန်သမျှ ဖင်တခြားခါးတောင်းကျိုက်တခြား ဖြစ်ခဲ့ပါတယ်။ ဝီလျံဟင်န်ရီဟဲရစ်ဆင်နည်းတူ တေလာ့ကိုလည်းပဲ Whig ပါတီက ပါတီတွင်းသမ္မတလောင်းလျာတွေက စစ်သူရဲကောင်းကြီး ဖြစ်ခဲ့တာတခုတည်းနဲ့ ဝိုင်း ထိုးတင်ရွေးကောက်လိုက်ကြတာဖြစ်ပါတယ်။ ဟဲရစ်ဆင်န်လိုပဲ တိုင်းပြည်ရင်ဆိုင်နေရတဲ့ကိစ္စတွေကို ကိုင်တွယ် နိုင်စွမ်းရှိမရှိ သက်သေထူမပြရခင်မှာ ကိစ္စချောနှင့်တဲ့သမ္မတဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ အမေရိကန်ဟာ ပြည်တွင်းစစ်ဆီကို ဦးတည်နေပါပြီ။ ဒီပြည်တွင်းစစ်ကို သူ့နောက်ပိုင်းသမ္မတဖြစ်ခဲ့သူတွေ ဖြေရှင်းခဲ့ကြရတာဖြစ်ပါတယ်။ သူက ၁၂ ယောက်မြောက်သမ္မတဖြစ်ပြီး လင်ကွန်းက ၁၆ ယောက်မြောက်သမ္မတပါ။ သူနဲ့ လင်ကွန်းကြားမှာ ၃ ယောက်ပဲခြားပါတယ်။
တေလာ့ စစ်သက်က အနှစ်လေးဆယ်ရှိခဲ့ပါတယ်။ ရက်ဒ်အင်ဒီးယန်းတွေနဲ့တိုက်ခဲ့သလို နယ်ခြားစောင့်စခန်းတွေမှာလည်း တပ်မှူးလုပ်ခဲ့ ပါတယ်။ အမေရိကန်-မက္ကဆီကန်စစ်မှာ သူ့တပ်အင်အား လေးဆကျော်တိုးသွားခဲ့တဲ့ ဗျုနားဗစ္စတာတိုက်ပွဲ နိုင်လိုက်တာကြောင့် တန်ခိုး ထွားလာတယ်လို့ဆိုရမှာပါ။ စကားပြောရင် ဟောဟောဒိုင်းဒိုင်း၊ အဝတ်အစားကြတော့လည်း ဝတ်ချင်သလိုဝတ်တတ်တာမို့ သူ့ရဲဘော်တွေက သူ့ကို လက်ပြင်ထားတဲ့လူကြမ်းကြီးလို့ခေါ်ကြပါတယ်။ စစ်တိုက်နေတဲ့အချိန်မျာတောင် ယူနီဖေါင်းထက် အရပ်ဝတ်ကိုပိုကြိုက်သူပါ။ ပုပုပြတ်ပြတ်ဂင်တိုတိုနဲ့မို့ စစ်သူရဲကောင်းရုပ် တစက်မှမပေါက်သူဖြစ်ပါတယ်။ မြင်းပေါ်အတက်မှာ ခြေကားယားလက်ကားနဲ့မို့ ကြည့်ရ အလွန် ဆိုးပါတယ်။ မွေးချင်းကိုးယောက်ရှိတဲ့အနက် နောက်ဆုံးသုံးယောက်က သားချည်းဆက်တိုက်ဖြစ်ပြီး သူက အငယ်ဆုံးပါ။ ၁၇၈၄ ခု၊ နိုဝင်ဘာ ၂၄ ရက်ဟာ သူ့မွေးနေ့ဖြစ်ပါတယ်။ ဗဂျိးနီးယားပြည်နယ် အောရိန့်ဂ်ျခရိုင်ဟာ သူ့ချက်မြုတ်ပါ။ အခါလည်မပြည့်ခင်မှာဘဲ သူ့အဖေ ဗိုလ်မှူးကြီးက သူ့ကို အမေရိကန်အနောက်ဖက်ဒေသကို ခေါ်သွားခဲ့ပါတယ်။ သူ့အဖေ ဗိုလ်မှူးကြီးဖြစ်တယ်ဆိုတာလည်း အမေရိကန် တော်လှန်ရေးမှာပါခဲ့လို့ရခဲ့တဲ့ ဆုလဘ်ဖြစ်ပါတယ်။ အဲ့ဒီအချိန်က ကင်န်တပ်ကီဒေသမှာ ဘာအတန်းကျောင်းမှမရှိတာမို့ က ကညစ်ပေမှာ ခြစ်တွေဘာတွေကို ဝိုင်းဆရာအိမ်ခေါ်ပြီးသင်ခဲ့ရတာဖြစ်ပါတယ်။ သူ့အဖေကလည်း ကျူရှင်ဆရာတွေအိမ်ငှားသင်ဖို့ အမြဲမပြတ် လုပ်ပေးခဲ့ ပါတယ်။
တေလာ ၂၃ သားရောက်တော့ ဒုဗိုလ်အဖြစ်နဲ့ စစ်ထဲဝင်အမှုထမ်းဖို့ ကော်မရှင်ရပါတယ်။ ဒါကလည်း ဂျိမ်းစ်မက်ဒီဆင်န်ရဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းဖြစ်နေလို့ပါ။ ဂျိမ်းစ်မက်ဒီဆင်န်ဟာ သူနဲ့ဆွေမျိုးတော်သလို အဲ့ဒီအချိန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်ပါတယ်။ ၁၈၁ဝ ခုလည်းရောက်ရော သူ့ကို ဗိုလ်ကြီးအထိ ရာထူးတိုးပေးခဲ့ပြါတယ်။
အဲ့ဒီ ၁၈၁ဝ မှာပဲ မာဂရက်စမစ်သ်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ မာဂရက်ဟာ ကွန်ကော့ဘ်ဆေးတံဖွာရတာကြိုက်တဲ့ မစ္စစ်အင်ဒရူးဂျက်ဆင်န် လိုဘဲ နယ်စပ်စခန်းတွေမှာကြုံရတဲ့ဒုက္ခပေါင်းစုံကို တေလာနဲ့အတူ ခါးစည်းခံခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံမှာ သားသမီး ၆ ယောက် ထွန်းကား ခဲ့ပေမယ့် သားယောက်ျားကတော့ တယောက်တည်းပါ။ ရစ်ချာ့ဒ်လို့ခေါ်တဲ့ဒီကလေးဟာ နောက်ပိုင်း အမေရိကန်ပြည်ထောင်စုတပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီးအထိဖြစ်ခဲ့ပါတယ်။ တေလာ့သားသမီးတွေထဲက ဆယ်ရာဟာ အဖေသဘောမတူတဲ့ကြားက တောင်ပိုင်းပြည်နယ်များရဲ့သမ္မတ လောင်းလျာ ဒုဗိုလ်လေး ဂျက်ဖါဆင်န်ဒေးဗစ်နဲ့ ထိမ်းမြားခဲ့ပါတယ်။ လက်ထပ်ပြီး ၃ လအကြာမှာ ဆယ်ရာကွယ်လွန်သွားခဲ့ပေမယ့် သမီးယောက္ခမ မျက်နှာကြောမတည့်ကြပါဘူး။ ဗျူနာဗစ္စတာတိုက်ပွဲအပြီးမှာမှ ပြန်အလွမ်းသင့်ပြတာပါ။ အဲ့အချိန်မှာ ဒေးဗစ်ဟာ ဒုဗိုလ်မှူးကြီး ဖြစ်နေပါပြီ။
၁၈၁၂ ခုနှစ် ရက်ဒ်အင်ဒီယန်း ရှောင်န်နီးမျိုးစုခေါင်းဆောင် Tecumseh ရဲ့တပ်တွေက အင်ဒီယားနားပြည်နယ် ဖို့ဒ်ဟဲရစ်ဆင်န်ခံတပ်ကို တိုက်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ တေလာဟာ သူ့အစွမ်းအစပြခွင့်ရသွားပြီး အစမ်းခန့်ဗိုလ်မှူးရာထူးရခဲ့ပါတယ်။ စစ်ပွဲလည်းပြီးရော သူ့နဂိုရာထူး ဖြစ်တဲ့ ဗိုလ်ကြီးဘဝကို ပြန်လျှောကျခဲ့ပါတယ်။ ဒါနဲ့ သူ တပ်ကထွက်ပါတယ်။ တနှစ်ပဲကြာလိုက်တယ် သူ့ကို ဗိုလ်မှူးအဆင့်ပြန်ပေးလို့ တပ်ထဲပြန်ဝင်ခဲ့ပါတယ်။ ၁၈၁၉ မှာ သူ့ကို ဒုဗိုလ်မှူးကြီးရာထူးတိုးပေးခဲ့ပါတယ်။ အဲ့ဒီရာထူးနဲ့ ၁၃ နှစ်ကြာခဲ့ပါတယ်။ နောက်တော့ Black Hawk စစ်ဆင်ရေးမှာ ဗိုလ်မှူးကြီးဖြစ်လာပါတယ်။ အမှတ်တစ် ခြေမြန်တပ်မကြီးရဲ့တပ်မမှူးအဖြစ် အောင်ပွဲတွေခံခဲ့ပါတယ်။ Black Hawk ဆိုတာက ရက်ဒ်အင်ဒီယန်းမျိုးနွယ်စု တစုဖြစ်ပါတယ်။ အဲ့ဒီစစ်ဆင်ရေးမှာ အဲ့ဒီလူမျိုးစုအကြီးအကဲ လက်နက်ချပွဲကို ကိုယ်တိုင်တက်ရောက် လက်ခံခဲ့ပါတယ်။ နောက် ၅ နှစ်အကြာမှာတော့ ဆီမိုင်နိုးလ်အင်ဒီးယန်း Seminole Indians ကိုတိုက်ဖို့ ဖလော်ရီဒါဘက် စေလွှတ်ခံရပါတယ်။ ၁၈၃၇ ခုနှစ် ခရစ္စမတ်နေ့မှာ ဆီမိုင်နိုးလ်တွေကို လက်စတုံးသုတ်သင်ပြီးနောက် ဗိုလ်မှူးချုပ်ရာထူးအထိတက်လာပါတယ်။ ဖလော်ရီဒါတပ် အားလုံးရဲ့ တပ်မှူးကြီးလည်းဖြစ်လာပါတယ်။ နောက်တော့ လူဝီဇီးယားနားမှာ ခြံတွေမြေတွေဝယ်တော့တာပါပဲ။ လူမည်းကျွန်တွေနဲ့ ဧရာမ မြေရှင်ကြီးဖြစ်လာပါတယ်။
၁၈၄၅ ခုမှာ တက္ကဆက်ကို ပြည်ထောင်စုထဲဆွဲသွင်းလိုက်တဲ့အခါမှာတော့ မက္ကကိုကတိုက်လာခဲ့ရင် ဘာမဆိုပြန်လုပ်နိုင်တဲ့ အာဏာကုန် လွှဲအပ်ခြင်းရတဲ့တပ်မှူးကြီးဖြစ်လာပါတယ်။ မက္ကဆီကိုနဲ့စစ်ဖြစ်လာတဲ့အခါမှာ ရိုင်ယိုဂရန်းဒီမှာရှိတဲ့တပ်အားလုံးရဲ့တပ်မင်းကြီး ဖြစ်လာပါတယ်။ နောက်တော့ သူ့တပ်တွေကိုကွပ်ကဲပြီး မက္ကဆီကိုနိုင်ငံရဲ့မြောက်ပိုင်းပြည်နယ်တွေထဲကို လျှပ်တပြက်ထိုးစစ်တွေနဲ့ ကျူးကျော်သိမ်းပိုက် ခဲ့ပါတယ်။ အောင်ပွဲတွေကြောင့်ရေပန်းစားလာတဲ့သူ့ကို ပြည်နယ်သမ္မတ Polk က မနာလိုတိုရှည်ဖြစ်လာပါတယ်။ ဒါနဲ့ သူ့လက်အောက်ခံ တပ်အင်အားတွေကိုလျှော့ချပြီး မက္ကဆီကိုအလယ်ပိုင်းကို ထိုးဖေါက်တဲ့တပ်ပေါင်းစုက ဗိုလ်မှူးချုပ် ဝင်းဖီးလ်ဒ်စကော့တ်ရဲ့ လက်အောက်ခံ တပ်မှူးအဖြစ်ထားလိုက်ပါတယ်။ သမ္မတက စစ်သည်အင်အား ငါးထောင်လောက်လေးပေးပြီး သူ့ကို လူလုံးမလှအောင် လုပ်ခဲ့တာပါ။ ၁၈၇၄ ခု၊ ဖေဖော်ဝါရီထဲမှာ မက္ကဆီကန်သမ္မတ စန်တာအင်န်နာဦးဆောင်တဲ့ အင်အား ၂ သောင်းကျော်က ဗျူနာဗစ္စတာမှာ တေလာ့ရဲ့ အင်အား ၅ ထောင်လောက်တပ်ကလေးကိုဝင်တိုက်လို့ ဖရိုဖရဲနဲ့ဆုတ်ခွာရတာမျိုးဖြစ်အောင်လုပ်တာပါ။ အဲ့သလိုဖြစ်ခဲ့ရင် တေလာ့ဂုဏ်သတင်း ကျော်ကြားမှု မှေးမှိန်သွားလိမ့်မယ်လို့ တွက်ခဲ့တာဖြစ်ပါတယ်။ Polk အစိုးရအဖွဲ့ရဲ့စစ်ဆင်ရေးအခင်းအကျင်းကြောင့် စိတ်ပျက်ဒေါသထွက် လာတဲ့ တေလာဟာ ခွင့်မဲ့ပျက်ကွက်အဖြစ်ခံပြီး လူဝီဇီးယားနားကသူ့အိမ်ကို ပြန်လာခဲ့ပါတယ်။
ဗျူနာဗစ္စတာမှာဖြစ်ခဲ့တဲ့သတင်းတွေ အမေရိကန်ကိုရောက်လာတယ်ဆိုရင်ပဲ Whig ပါတီက တေလာ့ကို သမ္မတလောင်းအဖြစ် ကောက်ကာ ငင်ကာ အမည်စာရင်းတင်သွင်းတော့တာပါဘဲ။ တကယ်က အဲ့ဒီနေ့မှာ သူဘယ်လိုရပ်တည်ခဲ့တာဆိုတာကို သူအပါအဝင် ဘယ်သူမှ တိတိပပ သိခဲ့ကြတာမရှိပါဘူး။ အားလုံး ဘုမသိဘမသိတွေချည်းဖြစ်ခဲ့ကြတာပါ။ ၁၈၄၈ ခု ဇွန်လ ဖီလာဒဲလ်ဖီးယားမှာလုပ်တဲ့ Whig ပါတီညီလာခံ ကနေ တေလာ့ကိုသမ္မတလောင်း၊ နူးယော့ခ်က မီးလာ့ဒ်ဖီလ်မိုးကို ဒုသမ္မတလောင်းအဖြစ်ရွေးခဲ့ပါတယ်။ ဒီမိုကရက်ပါတီက မစ်ချီဂန်ပြည်နယ် ဆီနိတ်တာလူးဝစ္စက်စ်ဟာ တေလာ့ရဲ့ပြိုင်ဘက်ဖြစ်လာပါတယ်။ မာတင်ဗန်ဘူရင်န်းကလည်း ကျွန်စနစ်ဆန့်ကျင်ရေးသမားဆိုပြီး လွတ်လပ်မြေ Free Soil ပါတီရဲ့ သမ္မတလောင်းအဖြစ် သမ္မတနေရာပြန်ရဖို့ ဝင်ပြိုင်ပါတယ်။
ရွေးကောက်ပွဲမှာ တေလာက လူထုမဲ တသန်းသုံးသိန်းကျော်၊ လူးဝစ္စကက်စ်က တသန်း နှစ်သိန်းကျော်ရပြီး ၁၆၃ မဲရှိတဲ့ အလက်တိုရယ်လ် ဘုတ်မှာ တေလာက ၁၂၇ မဲရခဲ့ပါတယ်။ ဒီလိုနဲ့ စစ်သူရဲကောင်းကြီးတေလာ့ရဲ့ ၁၈၄၈ ရွေးကောက်ပွဲကြီး ပြီးဆုံးသွားခဲ့ပါတယ်။ ဗန်ဘူရင်န်း သမ္မတလောင်းပြန်အရွေးခံ့တဲ့ အဲ့ဒီနှစ်မှာပဲ နူးယော့ခ်ဒီမိုကရက်ပါတီတွင်း အကွဲအပြဲတွေဖြစ်ခဲ့ပါတယ်။ နူးယော့ပြည်နယ်ရဲ့ အလက်တိုရယ်လ် ဘုတ် သုံးဆယ့်ခြောက်မဲစလုံး တေလာ့ဘက်ကျသွားခဲ့ပါတော့တယ်။ အဲ့ဒီ ၃၆ မဲကဘဲ လက်ပြင်ထားတဲ့လူကြမ်းကြီးကို သမ္မတနေရာပို့ခဲ့တာ ဖြစ်ပါတယ်။
ကျမ်းကျိန်ရမယ့် ၁၈၄၉ မတ်ခ်ျ ၄ ရကက်နေ့ဟာ တနင်္ဂနွေဖြစ်နေလို့ တေလာက တနင်္လာကို ရက်ရွှေ့ခဲ့ပါတယ်။ ဖြစ်ခဲ့သမျှသမ္မတတွေအနက် သူပြောခဲ့တဲ့ ကျမ်းကျိန်ပွဲမိန့်ခွန်းဟာ အတိုဆုံးဖြစ်ပါတယ်။ တိုင်းပြည်အတွက် သူဘာတွေလုပ်မယ်ဆိုတဲ့ စီမံကိန်းတွေလည်း ချမပြခဲ့ပါဘူး။ လွှတ်တော်တွေကိုပဲရည်ညွှန်းပြီး အကျိုးစီးပွားခြင်းပဋိပက္ခဖြစ်နေတာတွေကို ဟာမိုနီဖြစ်အောင်လုပ်ပြီး ပြန်လည်ပေါင်းစည်းရေးတွေလုပ်ကြဖို့၊ မိမိတို့ရဲ့မျှော်လင့်ချက်နဲ့စိတ်စေတနာရဲ့ အထွဋ်အမြတ်နေရာမှာ ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူသင့်ကြကြောင်း ဒီလောက်ပါဘဲ။ တကယ်လို့ သူ့စိတ်ထဲမှာ မဖြစ်မနေလုပ်ချင်တဲ့ စီမံကိန်းတွေရှိနေခဲ့တယ်ဆိုရင်တောင်မှ အဲ့ဒါတွေကို အကောင်အထည်ဖော်ဖို့ဆိုတာ အလွန်ခဲယဉ်းပါတယ်။ ဘာလို့လဲဆိုတော့ လွှတ်တော် ၂ ရပ်လုံးကို ဒီမိုကရက်ပါတီက စီးထားနိုင်လို့ပါဘဲ။
တေလာ့လက်ထက်မှာပဲ တောင်ပိုင်းနဲ့မြောက်ပိုင်းကြားမှာ အကြိတ်အနယ်ငြင်းခုန်ပွဲတွေဖြစ်ခဲ့ပါတယ်။ မက္ကဆီဆီကနေ သိမ်းပိုက်ရထားတဲ့ ဒေသတွေမှာ ကျွန်စနစ်ထားသင့် မထားသင့်ဆိုတဲ့အပေါ်မှာ တည်ပြီးဖြစ်ခဲ့တာပါ။ ဒါကို Free and Slave လို့ခေါ်ပါတယ်။ ကျွန်စနစ် ဆက်ထားတဲ့ပြည်နယ်တွေကို Slave States လို့သမုတ်ပြီး ကျွန်စနစ်ဖျက်သိမ်းတဲ့ပြည်နယ်တွေကိုတော့ Free States လို့ အမည်တွင်စေ ပါတယ်။ ၁၈၄၉ ခုမှာ ကယ်လီဖိုးနီးယားသားတွေက ကွန်စတီကျူးရှင်န်းတခုဆွဲပြီး သူတို့ပြည်နယ်ကို ဖရီးစတိတ်အဖြစ်ခွင့်ပြုဖို့ ပြည်ထောင်စု ကို အဆိုတင်လာပါတယ်။ အထက်လွှတ်တော်မှာလည်း ဖရီးစတိတ်နဲ့ ဆလေ့ဗ်စတိတ်တွေကြား အမျက်သိုစရာတွေဖြစ်ခဲ့ပါတယ်။ မွေးရာပါ တောင်ပိုင်းသားစစ်စစ်ဖြစ်ပေမယ့်လည်း တေလာဟာ ကယ်လီဖိုးနီးယားရဲ့တောင်းဆိုချက်ကို ခွင့်ပြုလိုက်လျောဖို့ ကွန်ဂရက်စ်ကိုတိုက်တွန်း ခဲ့ပါတယ်။ ဒါပေမယ့် ကွန်ဂရက်စ်က ဥပဒေပြဌာန်းမပေးပဲ ပယ်ချခဲ့ပါတယ်။ ဆလေ့ဗ်စတိတ်ဖြစ်တဲ့တက္ကဆက်က နူးမက္ကဆီကိုဒေသကို သူအပိုင်ဖြစ်တယ်လို့ တောင်းလာတဲ့အခါမှာ ကယ်လီဖိုးနီးယားလို ပြဿနာမပေါ်ရလေအောင် တေလာဟာ သူတတ်နိုင်သလောက် အားထုတ်ခဲ့ပါတယ်။ နူးမက္ကဆီကိုဒေသဟာ အမေရိကန်ပြည်ထောင်စုက ဝယ်ယူထားခဲ့တဲ့မြေဖြစ်တယ်ဆိုတာကိုကိုင်စွဲပြီး ပြည်ထောင်စုရဲ့ စီမံခန့်ခွဲမှုအောက်မှာသာရှိရမယ် တက္ကဆက်နဲ့မဆိုင်ဘူးလို့ အပြတ်ငြင်းခဲ့ပါတယ်။ ဒီဇင်ဘာ ၄ ရက်၊ ၁၉၄၉ နေ့မှာ ကွန်ဂရက်စ်မှာပြောခဲ့တဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်း State of the Union မှာ သူက နူးမက္ကဆီကိုနဲ့ကယ်လီဖိုးနီးယားကိုဝယ်ရတာရယ် မက္ကဆီကိုနဲ့ဖြစ်တဲ့စစ်စားရိတ် ထောင်းတာရယ်တွေကြောင့် တိုင်းပြည်မှာ အကြွေး ၁၆ သန်းတင်နေပြီ။ ဒါ့ကြောင့် ဒီ ဘဋာရေးနှစ်ကို ဒီအကြွေးနဲ့ပဲ ဘတ်ဂျတ်ပိတ်ဖို့၊ သွင်းကုန်နဲ့ ပြည်တွင်းအခွန် ၂ ခုလုံးအပေါ် အခွန်နှုန်းတိုးမြှင့်ဖို့၊ အမေရိကန်စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့တွေတိုးပေးဖို့ ပြောခဲ့ပါတယ်။ ပြည်တွင်းစက်မှုလုပ်ငန်းတွေကိုအားပေးဖို့ဆိုတာ ကွန်ဂရက်စ်ရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်ဖြစ်တယ်ဆိုတဲ့အပေါ်မှာ ကျနော် ဘာသံသယမှမရှိပါဘူး။ ဒီလုပ်ငန်းတွေကပဲ တိုင်းပြည်ကြီးပွားကြီးပွားကြောင်း အရင်းအမြစ်ဖြစ်သလို လူတယောက်ခြင်းစီရဲ့ ဓနနဲ့ဥစ္စာကို တိုးပွားစေတာလည်းဖြစ်ပါတယ်လို့ပြောရင်း တဆက်တည်း စက်မှုလယ်ယာဖြစ်လာဖို့လည်း အားသွန်ခွန်စိုက်လုပ်ဖို့လိုကြောင်း ပြည်တွင်း အလုပ်သမားတွေအတွက် မြဲမြံမယ့်အလုပ်နေရာတွေဖန်တီးဖို့လိုကြောင်း၊ ကုန်သွယ်ရေးလုပ်ငန်းတွေလည်း ချဲ့ထွင်ဖို့လိုကြောင်း စတာတွေ အပြင် ခိုင်မာပြီး ရေရှည်လည်းခံ အကျိုးအမြတ်လည်းဖြစ် အလုပ်နေရာတွေလည်းဖော်နိုင်မယ့်စနစ်မျိုး ထူထောင်ဖို့လိုတာတွေလည်း ပြော ခဲ့ပါတယ်။
ပြည်တွင်းရေးပေါ်လစီတွေ နိုင်ငံခြားရေးပေါ်လစီတွေ ဒေသတွင်းဆိုင်ရာပေါ်လစီတွေ ရေပိုင်နက် မြေပြင်ပိုင်နက်ကိစ္စတွေလည်း မိန့်ခွန်းမှာ စုံစုံလင်လင် ပါပါတယ်။ (စာရှည်မစိုးလို့ ချန်ခဲ့ပါတယ်)
၁၈၅ဝ ခု၊ န်နဝါရီမှာ လွှတ်တော် ၂ ရပ်လုံးကို သူက နူးမက္ကဆီကိုသားတွေနဲ့ ကယ်လီဖိုးနီးယားသားတွေကို သူတို့ပြည်နယ်တွေဘာဖြစ်ရမယ် ဆိုတာ သူတို့ဘာသာဆုံးဖြတ်ကြပါစေ။ အမေရိကန်လွတ်လပ်ရေးကြေငြာစာတမ်းပါမူတွေအပေါ်အခြေခံပြီး ဆုံးဖြတ်ခွင့်ပေးကြဖို့ တောင်းဆိုခဲ့ ပါတယ်။ ပြည်ထောင်စုကိုအန္တရာယ်ရောက်စေမယ့် ဘယ်လိုအငြင်းပွားမှုမျိုးထဲမှာမှ ကွန်ဂရက်စ်က ဝင်မပါပဲ လက်ရှောင်ပေးပါလို့လည်း တိုက်တွန်းခဲ့ပါတယ်။
လွှတ်တော်တွေထဲကအငြင်းပွားမှုတွေ ပိုပြီး သည်းသန်ပြင်းထန်လာတဲ့အခါမှာတော့ တောင်ပိုင်းပြည်နယ်တွေက သူတို့ဆီဖြန့်ချထားတဲ့ ပြည်ထောင်စုတပ်တွေကို ပြဿနာဖြစ်နေတဲ့နူးမက္ကဆီကိုကနေ မောင်းထုတ်ခဲ့ပါတယ်။ အင်ဒရဂူးဂျက်ဆင်ရဲ့ စစ်ရည်ဝပြီး စစ်သားဆန်ဆန် တုံးတိတိလေသံနဲ့ နိုင်ငံတော်သစ္စဖေါက်သူ မည်သူ့ကိုမဆို လည်ပင်းကြိုးကွင်းတပ်သုတ်သင်စေဟု ကျွန်ပ်ကိုယ်တိုင် ပြည်ထောင်စု တပ်မတော်အားအမိန့်ပေးမည်ဟု ကြေညာခဲ့ပါတယ်။ ၁၈၅ဝ ခုမှာ ပြဿနာတွေ ပြေလည်ရာပြေလည်ကြောင်း ဆီနိတ်တာမစ္စတာကလေး၊ မစ္စတာဝဘ်စ်တာ၊ မစ္စတာကယ်ဟွန်းတို့က အပြုသဘောဆောင်တဲ့ အပေးအယူတခုကို တင်ခဲ့ကြပါတယ်။ ဒါပေမယ့် တေလာက ဒါကို ပမာမခန့်လုပ်ပြီး ချောင်ထိုးခဲ့ပါတယ်။ တကယ်လို့ သူသာ အသေမစောခဲ့ရင် အဲ့ဒီအပေးအယူကိစ္စကို တချက်လွှတ်အမိန့် Veto သုံးပြီး ပယ်ချဖြစ်ဖို့များပါတယ်။ တေလာ အနိစ္စရောက်သွားလို့ ၁၈၅ဝ ခုမှာ ပြည်တွင်းစစ်ကြီး ထမဖြစ်ခဲ့တာလို့ ဝဘ်စ်တာက ကောက်ယူခဲ့ပါတယ်။
ဇူလိုင် ၄ ရက်၊ ၁၈၅ဝ ခုမှာ အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ သမ္မတတေလာဟာ ဝေါ်ရှင်တန်က လွတ်လပ်ရေးကျောက်တိုင်ကြီးအခြေမှာ နာရီပေါင်းများစွာလဲလျောင်းရင်း နေစာလှုံခဲ့လို့ အပူရှပ်ပြီး အဖျားဝင်ပါတော့တယ်။ အိမ်ဖြူတော်ပြန်ရောက်တဲ့အခါမတော့ သူ့မှာအဖျားသွေးက အတော်ကြီးကိုတက်နေပါပြီ။ ဒီလိုနဲ့ ၅ ရက်ကြာပြီးတဲ့နောက် ဇူလိုင် ၉ ရက်၊ ၁၈၅ဝ ခုမှာ ကွယ်လွန်ခဲ့ပါတယ်။ သမ္မတကွယ်လွန်ပြီဖြစ်ကြောင်း ဒုသမ္မတမီးလာ့ဒ်ဖီးလ်မိုးက ကွန်ဂရက်စ်ကိုကြေညာရင်း တေလာရဲ့နောက်ဆုံးစကားကို ပြောပြခဲ့ပါတယ်။
“I have always done my duty. I am ready to die. My only regret is for my friends I leave behind me’ ပါတဲ့ခင်ဗျား။
မျိုးမြင့်ချို
နိုဝင်ဘာ ၁၈၊ ၂ဝ၁၆

Thursday, November 17, 2016

သမ္မတမဖြစ်တာ စကားလုပ်ပြောစရာလား(မျိုးမြင့်ချို)

0 comments
ဒေါ်စုသမ္မတမဖြစ်တာ ၅၉(စ) ပုဒ်မကြောင့်ဆိုတာ ဘယ်သူမှမငြင်းဘူး။
စကားလုပ်ပြောနေရမယ့်ကိစ္စတောင် မဟုတ်တော့ဘူး။
ပြောနေကြတာက အဲ့ဒီပုဒ်မပြုတ်သွားလို့ သမ္မတဖြစ်ခဲ့ရင်လည်း
၂ဝဝ၈ ဖွဲ့စည်းပုံကိုမဖျက်နိုင်ရင်
တနည်းပြောရရင်
စစ်အာဏာရှင်စနစ်ကို အပြီးတိုင်မဖျက်သိမ်းနိုင်ရင်
စစ်တုတ်ထိုးသမ္မတ စစ်ရုပ်သေးသမ္မတထက်မပိုဘူး။

သိန်းစိန်လည်း အဲ့ဒီသမ္မတမျိုးဆိုပေမယ့် သူက စစ်အုပ်စုဝင်၊ လူယုံ၊
သမ္မတလေးဦးထင်ကျော်ထက် အပုံကြီး လုပ်သာတယ်၊ လုပ်လို့ရသေးတယ်။
သူတို့အချင်းချင်း ချဲ့ပေးထားတာတွေအများကြီး။
လွှတ်တော်ကလည်း သိန်းစိန်အစိုးရကို မထိခလုပ် ထိခလုပ်လေးလောက်
အလုပ်ပြပြီး ရွှေမန်းနဲ့သိန်းစိန်(လွှတ်တော်နဲ့အစိုးရ) ပွတ်တိုက်နေသလိုလို
လူထုကြားမှာ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ခဲ့တာပဲ။
တကယ်က ပွတ်တိုက်မိတာမဟုတ်ဘူး ပွတ်သပ်နေကြတာ။
ခု အင်န်အယ်လ်ဒီက လွှတ်တော်တွေလည်း စီးမိထားပြီ၊ အစိုးရအာဏာလည်း
မဆိုစလောက်ရထားပြီ၊ သမ္မတလည်း ကိုယ့်လူဖြစ်နေပြီ။ ဘာလုပ်လို့ရလဲ။
သိန်းစိန်လုပ်လက်စအလုပ်ဖြစ်တဲ့ စစ်အုပ်စုနဲ့ခရိုနီတွေ ကောင်းစားရေးအတွက်
နိုင်ငံတကာလှည့်ပြီး လက်ဝါးဖြန့်နေရတဲ့ဘဝပဲမဟုတ်လား။
သိန်းစိန်လုပ်လက်စဖြစ်တဲ့ စစ်အုပ်စုတသက်လုံးကိုင်စွဲလာခဲ့တဲ့မူဖြစ်တဲ့
လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ
အကြွင်းမဲ့လက်နက်ချရေးကို ဆက်လုပ်နေရတာပဲမဟုတ်လား။
ကာချုပ်မူ ၆ ချက်ကို အောင့်သီးအောင့်သက်နဲ့ တဖက်တလမ်းကနေ
လိုက်အကောင်အထည် ဖော်ပေးနေရတာပဲမဟုတ်လား။
ပြန်ချုပ်ရရင် ဖွဲ့စည်းပုံထဲ ပုဒ်မ ၅၉ (စ) ပြုတ်သွားလည်း ဖြုတ်ပေးလိုက်လည်း ၂ဝဝ၈ ဖွဲ့စည်းပုံတည်မြဲနေသမျှ တက်လာတဲ့သမ္မတဟာ
စစ်ကြိုးဆွဲအရုပ်ထက် မပိုဘူးဆိုတာပါပဲ။

ကား (မျိုးမြင့်ချို)

0 comments
ထမင်းဖိုးရှာတဲ့အလုပ်ကို ဒီနေ့ကစ ပြန်လုပ်ရမယ်။ ကြားထဲမှာ ကျန်းမာရေးမကောင်းတာရယ် စိတ်လေတာရယ် စိတ်ကျတာရယ်ပေါင်းပြီး ဘာအလုပ်မှမလုပ်နိုင် မလုပ်ဖြစ်ခဲ့ပါဘူး။ ဒီ့အရင်က ရှာထားတာလေးရယ် မိန်းမလုပ်စာရယ်ကိုထိုင်စားရင်း ဖေ့စ်ဘွတ်ခ်ပေါ် ဘုတွေချည်း တက်တက်တောနေတာ။
ဒီနေ့တော့ အဆိုင်းမင်န့် ၂ ခု ရထားတယ်။ တခုကို တနာရီကြာ
စကားပြန်လုပ်ပေးရပါမယ်။ ၂ နာရီစာလုပ်ခ ရပါမယ်။ ကျနော်တို့ ၂ ယောက်ပေါင်းမှာ ကားပိစိကွေးလေးတစင်း ရှိပါတယ်။ တချို့ဆို ကားထဲဝင်ထိုင်ရတာတောင် အသက်ရှူကြပ်တယ်လို့ပြောပါတယ်။ ဒါပေမယ့် အဲ့ဒီ ကားပိစိလေးက အင်ရှူးရင်န့်ပဲ ပေးရတော့တာပါ။ ကြေတာကြာပါပြီ။
တခါတလေ ကျနော့်အလုပ်က အရေးပေါ်လှမ်းခေါ်တဲ့အချိန် ဇနီးက ကားယူသွားရင် အလုပ်ကို လက်လွှတ်လိုက်ရတာတွေရှိပါတယ်။ အလုပ်လုပ်တဲ့အေဂျင်စီကိုလည်း အားနာစရာ မျက်နှာပူစရာပါ။ ပိုဆိုးတာက အဲ့သလိုတွေဖြစ်ပေါင်းများတော့ အေဂျင်စီကလည်း ကျနော့်ထက်အဆင်ပြေမယ့်စကားပြန်ကို အလုပ်အပ်လိုက်တာများပါတယ်။
ခုတော့ ဒရိုင်ဘာလိုင်စင်လည်းရပါပြီ။ ကားလည်း ဘာအထိအခိုက်မှမရှိအောင် မောင်းနိုင်ပါပြီ။ ကားက ၂ ယောက်ပေါင်းမှတစီးတည်းဆိုတော့ ပေါပေါပဲပဲ စီးဖြစ်ရုံ အလုပ်ဖြစ်ရုံလေးတစီး ဝယ်မယ်လို့ ၂ ယောက်သား စိတ်ကူးရကြပါတယ်။ ထရပ်ကားဝယ်ဖို့ ကူးထားတဲ့ ပထမစိတ်ကူးကို နောက်ပြန်ရွှေ့ပြီး ရိုးရိုးလူစီးကားလေးဘဲ ဝယ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ထုံးစံအတိုင်း အရစ်ကျပေးအကြွေးနဲ့ပေါ့။ ဒါပေမယ့် အချင်းချင်းဆီက သူတို့စီးပြီးသား တပတ်ရစ်အနေအထားကောင်းလေးကို ပြန်ဝယ်မှာဆိုတော့ ဘဏ်ကနေငွေချေးစရာမလိုပါ။ ဘဏ်တိုးပေးစရာမလိုပါ။ ကားတန်ဖိုးရဲ့ ဆယ်ပုံတပုံလောက်ကို လစဉ်အရစ်ကျငွေသားနဲ့ ပေးသွားမယ်လို့ သဘောတူထားပါတယ်။
ကားဆိုတာက ကျနော်တို့နေတဲ့ ဖို့တ်ဝိန်းလို နယ်မြို့လေးတွေမှာ မရှိမဖြစ်ပစ္စည်းပါ။ ဘစ်ကားဆိုတာက တနာရီမှတစီးထွက်ပြီး တက္ကစီလည်းရှားပါတယ်။ တက္ကစီခက ဈေးလည်းများပါတယ်။ မြို့ပတ်ရထား(မြေပေါ်မြေအောက်)လည်းမရှိပါ။
တကယ့်စည်းဇိမ်ရှင်ကြီးတွေကတော့ တကယ့်ဇိမ်ခံကားအကောင်းစားကြီးတွေကို ဂုဏ်အတွက် ဇိမ်ခံဖို့အတွက် ဓနအခြေပြညွှန်းမှတ်အတွက် ဝယ်ကြစီးကြပါတယ်။ သာမန်လူတွေ(အထူးသဖြင့် လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့) သာမန် သူလိုကိုယ်လိုလူတွေအတွက်တော့ တော်ရိလျော်ရိလေးတွေပဲ စီးကြတာပါ။ ဒါတောင် တချို့က လုပ်တော့သာ အသားခုတ်ငါးခုတ်ရုံတွေမှာ စက်ချုပ်ရုံတွေမှာ သန့်ရှင်းရေးလုပ်ငန်းတွေမှာ လုပ်ကြပေမယ့် စီးတော့ လဲဆပ်စ်တို့ ဗျု့က်တို့ ကက်ဒလက်တို့ ခရိုင်စလာတို့ စီးကြပါတယ်။ တလတလ သူတို့ရတဲ့လုပ်ခက ကားဖိုးနဲ့ ကားအင်ရှူးရင်န့်
လူအင်ရှူးရင်န့်နဲ့တင် မနည်း ထိတာပါ။
ကားကောင်းလေလေ အင်ရှူးရင်န့်ကလေ ကြီးလေလေ၊ ကားတိုက်ဖူးလေလေ အင်ရှူးရင့်န့်ကလည်း ကြီးလေလေမဟုတ်လား။ တချို့များ ကိုယ့်အလုပ် ကိုယ့်ဘဝနဲ့ မဟပ်စပ်တဲ့ အသုံးအဆောင်တွေဝယ်ထားပြီး ရတဲ့လုပ်ခနဲ့ မိသားစုစရိတ် အိမ်ဖိုး မီးဖိုး ရေဖိုး အင်တာနက်ဖိုး တယ်လီဖုန်းဖိုးတွေနဲ့ လုံးလည်ချာလည်လိုက်ပြီး မနိုင်ဝန်ထမ်းထားသလိုကြီးဖြစ် စိတ်တွေပူ စိတ်ဖိစီးမှုတွေနဲ့ မြင်ရတာ စိတ်မသက်သာစရာပါ။ ဒီကြားထဲ အလုပ်ကပြုတ်သွားရင်တော့ သေပြီသာမှတ်ပါပဲ။ တချို့များ ပေးမင်န့်တွေမပေးနိုင်တော့လို့ ငွေချေးထားတဲ့ဘဏ်က ဒါမှမဟုတ် ငွေကြေးအဖွဲ့အစည်းတခုခုကနေ ကားတွေပြန်လာသိမ်းသွားတာ အိမ်တွေပြန်အပ်လိုက်ရတာတွေရှိပါတယ်။ အဲ့သလို သိမ်းသွားပြီ ပြန်အပ်လိုက်ရပြီဆိုရင် ကိုယ်ရှေ့မှာ ပေးထားခဲ့သမျှ ဒေါင်းပေးမန့်ရော အရစ်ကျသွင်းထားတဲ့ငွေရော အကုန်ဆုံးပါတယ်။ စိတ်မကောင်းစရာကြီးပါဘဲ။ ဒါပေမယ့် သူတို့ကတော့ ပျော်ရွှင်နေပုံ အပူအပင်ဘာမှမရှိပုံပေါ်ပါတယ်။ ကိုယ်ကသာ ဘေးက စိတ်မသက်မသာဖြစ်မိတာပါ။
နိုဝင်ဘာ ၁၇၊ ၂ဝ၁၆
ခု ကျနော်လည်း နည်းနည်းလေး ပိုချောင်ချိမယ့် ခြေနိုင်လက်နိုင်ဖြစ်မယ့် ကားတပတ်ရစ်ကလေးတစီး ဝယ်ပါတော့မယ်ခင်ဗျား။
အင်း ကားနဲ့တွဲပြီး ဓာတ်ပုံရိုက်တင်ဖို့တော့ စိတ်ကူးမမိသေးပါဘူး။

Sunday, November 13, 2016

အမေရိကန် ဖောင်ကားစားမောင်မောင်သမ္မတ (မျိုးမြင့်ချို)

0 comments
(အမေရိကန် ဖောင်ကားစားမောင်မောင်သမ္မတ)
ဝီလျံ ဟင်နရီ ဟဲရစ်ဆင်န်ဟာ သမ္မအဖြစ်နဲ့ ကိုယ်စွမ်းကိုယ်စ ပြခွင့်မရလိုက်ရှာတဲ့၊ သက်တမ်းအတိုဆုံး အမေရိကန်သမ္မတပါ။ သူဟာ ၁၈၁၂ ဇွန်ကနေ ၁၈၁၅ ဖေဖော်ဝါရီအထိ အမေရိကန်နဲ့ဗြိတိသျှတို့ဖြစ်ခဲ့တဲ့စစ်ပွဲမှာ ရက်ဒ်အင်ဒီယန်းတွေကို အပီချေမှုန်းနိုင်တဲ့၊ စစ်တိုက်ကောင်းတဲ့ ဗိုလ်မှူးချုပ်ကြီးဆိုပြီး နံမည်ကြီးခဲ့သူဖြစ်ပါတယ်။ သမ္မတအင်န်ဒရူးဂျက်ဆင်လည်း သူ့လိုပဲ အဲ့ဒီစစ်ပွဲတွေမှာ နံမည်ထွက်ခဲ့သူပါဘဲ။ အဲ့ဒီစစ်ပွဲမှာ ဗြိတိသျှတို့ရဲ့ မြောက်အမေရိကမဟာမိတ်က ဒေသခံရက်ဒ်အင်ဒီယန်းတွေဖြစ်ပါတယ်။

သူဟာ ဗဂျီးနီးယားပြည်နယ် ချားလ်စီးတီးကောင်တီက မြေရှင်သူကြွယ်ကြီးလည်းဖြစ် နိုင်ငံရေးသမားလည်းဖြစ်တဲ့ ဘင်ဂျမင်ဟဲရစ်ဆင်န်ရဲ့ သားသမီး ၇ ဦးအနက် သားထွေးလေးဖြစ်ပါတယ်။ ဘင်ဂျမင်န်ဟာ အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်းမှာ လက်မှတ်ထိုးခဲ့သူဖြစ်သလို တော်လှန်ရေးကြီးအပြီးမှာ ဗဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးလည်းဖြစ်ခဲ့ပါတယ်။

ဝီလျံလေးဟာ အသက် ၁၄ နှစ်သားမှာ ဟမ့်ဒန် ဆစ်ဒနီကောလိပ်ကိုတက်ခဲ့ပေမယ့် ဖီလာဒဲလ်ဖီးယားက ဒေါက်တာဘင်ဂျမင်န်ဆီမှာ ဆေးပညာသင်မယ်ဆိုပြီး ကောလိပ်တပိုင်းတစနဲ့ ကျောင်းထွက်ခဲ့ပါတယ်။ ၁၇၉၁ မှာ သူ့ဖခင်ကြီး တိမ်းပါးသွားပြီးနောက် အသက် ၁၈ နှစ် ရှိပြီဖြစ်တဲ့ဝီလျံဟာ ဆေးပညာသင်နေတာကိုရပ်လိုက်ပြီး စစ်ထဲလိုက်ပါတော့တယ်။ ဝင်ဝင်ချင်း အရာရှိအဖြစ် တန်းခန့်ခံရပါတယ်။ အနောက်မြောက်တိုင်းဒေသက ဗိုလ်ချုပ်ကြီးအန်သနီဝိန်းရဲ့ လက်ထောက်ဗိုလ်တယောက်ဖြစ်လာပြီး ရက်ဒ်အင်ဒီးယန်းတွေနဲ့ စစ်ပွဲပေါင်း များစွာ နွှဲခဲ့သူပါပဲ။ ၂၂ နှစ်သားရောက်တဲ့အခါ ကက်ပတိန်ရာထူးတိုးပေးခံရပြီး (အခု အိုဟိုင်းယိုးပြည်နယ်က စင်ဆင်နတီလို့ဆိုတဲ့) ဝေါ်ရှင်တန်ခံတပ်ရဲ့တပ်မှူးဖြစ်လာပါတယ်။

သူ အဲ့မှာ တပ်မှူးလေးဖြစ်နေတုန်းမှာပဲ မြေရှင်ကြီးတယောက်ရဲ့သမီး အင်နာဆင်မ်းမက်စ်နဲ့ အကြောင်းပါခဲ့ပြီး သားသမီးဆယ်ယောက် ထွန်းကားခဲ့ပါတယ်။ သူ့သား ဂျွန်စကော့တ်ဟဲရစ်ဆင်န်ဆိုရင် အမေရိကန်ရဲ့ ၂၃ ဦးမြောက်သမ္မတ ဘင်ဂျမင်န်ဟဲရစ်ဆင်န် အဖေပါ။ သဘောက ဝီလျံ တင် သမ္မတဖြစ်ခဲ့တာမဟုတ် သူ့မြေးပါ သမ္မတဖြစ်ခဲ့တာပါ။ သမ္မတမြေးအဖိုး ဆိုပါတော့။

၁၇၉၈ မှာ သမ္မတအေဒမ်စ်က သူ့ကို အနောက်မြောက်ဒေသရဲ့ဝန်ကြီး ခန့်ခဲ့ပါတယ်။ ဝန်ကြီးဖြစ်ပြီးနောက်တနှစ် အသက် ၂၆ လည်း ရောက်ရော ကွန်ဂရက်စ်လွှတ်တော်မှာ အနောက်မြောက်ဒေသရဲ့ ပထမဆုံးကိုယ်စားလှယ်အဖြစ် အခန့်အအပ်ခံရပါတယ်။ ၁၈ဝဝ ပြည့်နှစ်မှာ အနောက်မြောက်ဒေသရဲ့ အနောက်ဖက်တခြမ်းကို အင်ဒီယားနားအဖြစ် အသိအမှတ်ပြုလိုက်တဲ့အခါမတော သမ္မတအေဒမ်စ်က သူ့ကို ပြည်နယ်အုပ်ချုပ်ရေးမှူးခန့်လိုက်ပါတော့တယ်။ သူ အဲ့ဒီရာထူးမှာ နှစ်တော်တော်ကြာကြာမြဲခဲ့ပါတယ်။

နိုဝင်ဘာ ၇ ရက်၊ ၁၈၁၁ ခုနှစ်မှာ ရှောင်န်နီးလူမျိုးစုရက်ဒ်အင်ဒီးယန်းတွေနဲ့ အကြိတ်အနယ်ချခဲ့တဲ့စစ်ပွဲမှာ ဝီလျံဟာ ပြည်သူ့စစ်တွေကို ဦးစီးပြီးအနိုင်တိုက်ခဲ့လို့ တပြည်လုံးမှာ သူ့နံမည်ဟိုးလေးတကြော်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီစစ်ပွဲမှာ အမေရိကန်လူဖြူတွေက ရက်ဒ်အင်ဒီးယန်းတွေ ထံက မြေဧကပေါင်း ၃ သန်းလောက် သိမ်းပိုက်ခဲ့တာပါ။ ၁၈၁၂ စစ်ပွဲဖြစ်လာတော့ သူ့ကို ဗိုလ်မှူးချုပ်ရာထူးတိုးပေးပြီး အနောက်မြောက်တိုင်း တိုင်းမှူးအဖြစ် ခန့်ခဲ့ပါတယ်။ နောက်နှစ်လည်းကြရော ဗိုလ်ချုပ်အထိဖြစ်လာပါတယ်။ အောက်တိုဘာ ၅၊ ၁၈၁၃ မှာ သူဟာ တပ်အင်အား ၃ ထောင်ကိုဦးစီးပြီး ကနေဒါနယ်ထဲအထိဝင်ချသွားပြီး ဗြိတိသျှ-ရက်ဒ်အင်ဒီးယန်းမဟာမိတ်တပ်တွေကို ထိုးစစ်ဆင်ပါတယ်။ Tippecanoe လို့ ကျော်ကြားတဲ့အဲ့ဒီစစ်ပွဲမှာ စစ်တိုက်ရာမှာ လူတကာဖိန့်ဖိန့်တုန်ရတဲ့ရက်ဒ်အင်ဒီးယန်း (ရှောင်န်နီး)ခေါင်းဆောင် Tecumseh ကျဆုံးသွားခဲ့ရပြီး ဝီလျံတို့ နိုင်လိုက်ပါတယ်။

၁၈၁၄ ခု ရောက်တော့ သူဟာ ရာထူးကနှုတ်ထွက်အငြိမ်းစားယူပြီး အိုဟိုင်းယိုးပြည်နယ် နော့သ်ဘင်န်းက သူ့ လယ်တောမှာ ပြန်နေခဲ့ပါတယ်။ ဒါပေမယ်လို့ ၁၈၁၆ ခုနှစ် ကွန်ဂရက်စ်လွှတ်တော်မှာ အမတ်နေရာ လစ်လပ်သွားတာနဲ့ သူ့ကို လွှတ်တော်အမတ်အဖြစ် ခန့်လိုက်ကြပြန်ပါတယ်။ နောက်တော့ ဆီနိတ်တာ(အထက်လွှတ်တော်အမတ်)အဖြစ် ဝင်အရွေးခံတာနိုင်လို့ အိုဟိုင်းယိုးပြည်နယ်ဆီးနိတ်မှာ ၆ နှစ် သက်တမ်း ထမ်းဆောင်ခဲ့ပါတယ်။ ၁၈၂၅ လည်းရောက်ရော ပြည်နယ်ဥပဒေပြုလွှတ်တော်က သူ့ကို အမေရိကန်ပြည်ထောင်စုဆီးနိတ်တာအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ အဲ့ဒီ ပြည်ထောင်စုအထက်လွှတ်တော်မှာ သူဟာ စစ်ရေးဆိုင်ရာကော်မတီရဲ့ဥက္ကဌ ဖြစ်လာပါတယ်။ သူ့ရှေ့က ဥက္ကဌကတော့ အင်န်ဒရူးဂျက်ဆင်န်ပါ။

၁၈၂၈ မှာ သမ္မတ ဂျွန် ကွမ်စီ အေဒမ်စ်က သူ့ကို ကိုလံဘီယာဆိုင်ရာ အမေရိကန်သံအမတ်ကြီးခန့်တာနဲ့ ဆီးနိတ်တာအဖြစ်ကနေ နှုတ်ထွက်ပါတယ်။ ဒါပေမယ့် နောက်တနှစ်မှာ အင်န်ဒရူးဂျက်ဆင် သမ္မတလည်းဖြစ်လာရော သူ့ကို အဲ့ဒီရာထူးကနေပြန်ရုပ်သိမ်းတာ ခံလိုက်ရပါတယ်။ အင်န်ဒရူးသမ္မတဖြစ်နေတဲ့တလျှောက်လုံး ဝီလျံဟာ ရွာပြန်ပြီး ခတ်လျှိုလျှိုနေရပါတယ်။ ၁၉၃၄ မှာ သူဟာ ဟယ်လ်မင်တန်ခရိုင် ပြည်သူ့အယူခံတရားရုံးမျာ ရုံးစာရေးလုပ်ခဲ့ပါတယ်။ တနှစ်ကို ဒေါ်လာတသောင်းလောက်ရပါတယ်။

အင်မတိအင်မတန်ရှုပ်ထွေးပွေလီလှတဲ့ ၁၈၄ဝ ခု မဲဆွယ်ပွဲတွေမှာ Whig Party က တင်တဲ့ ကိုယ်စားလှယ်လောင်းတွေဟာ လက်ရှိသမ္မတမာတင်ဗန်ဘူရင်န်းနဲ့ ထိပ်တိုက်တွေ့ကြတာပါ။။ ဗဂျီနီးယားကတိုင်လာလို့ဆိုတဲ့ သူ့ လုပ်ဖော်ကိုင်ဘက်ကြီးနဲ့တွဲပြီး ဝတ်ဂ်ပါတီညီညွတ်ရေး လုပ်နိုင်ခဲ့ပါတယ်။ သူတို့ ၂ ယောက် လူတွေကိုဖမ်းစားခဲ့တဲ့ ကြွေးကြော်သံကတော့ Tippecanoe and Tyler Too ဖြစ်ပါတယ်။ ၁၈၃၇ စီးပွားပျက်ကပ်ကြီးရဲ့ ဒဏ်တွေကြောင့်ဖြစ်ရတဲ့ ကဖြဲကရုန်းနိုင်နေမှုတွေဟာ ဝတ်ဂ်ပါတီအတွက် အခွင့်ကောင်းဝင်ခဲ့ပါတယ်။ ဝီလျံဟာ အမျိုးသားရေးပြဿနာတွေ ကို လက်ရှောင်ပြီး စစ်မှုထမ်းမှတ်တမ်းနဲ့ဘဲ ပွဲထွက်ခဲ့ပါတယ်။ မဲဆွယ်ပွဲတွေမှာ ဗန်ဘူရင်န်းရဲ့လူတွေက (လောင်းရဲတယ် မောင်၊ ခေါင်ရည် တစည်နဲ့ တနှစ် ဒေါ်လာ ၂ သောင်းလောက်သာ အဲ့ငတိကိုပေးထား၊ သစ်လုံးအိမ်ထဲထိုင်ပြီး အူကြောင်ကြားဖြစ်နေမှာ)ဆိုပြီး ရယ်ပွဲဖွဲ့ခဲ့ ကြတယ်။ ဝတ်ဂ်ပါတီဝင်တွေဘက်ကလည်း ဒါကို ချက်ခြင်းတန်ပြန် ထိုးနှက်ခဲ့ကြတာပါ။ ဗန်ဘူရင်န်းကို နူးယော့ခ်က အာဏာမက်တဲ့ ဇောတိကကြီးအဖြစ်လှောင်ပြီး သူ့ကိုတော့ အဝတ်အစား ဘိုသီဘတ်သီနဲ့ နယ်သစ်ပယ်သစ်တွေ တိုက်ခိုက်ရှာဖွေပေးသူ၊ သစ်လုံးအိမ် လေးထဲမှာ ခေါင်ရည်တစည်နဲ့ ချို့ချို့ငဲ့ငဲ့နေနေရသူအဖြစ်ပုံဖော်ခဲ့ကြပါတယ်။ မဲဆွယ်ပွဲသီချင်းကလည်း ဗန်ဘူးရင်န်းကို ထေ့လုံးငေါ့လုံးတွေနဲ့ ပါဘဲ။ ပြောရရင် အဲ့ဒီရွေးကောက်ပွဲဟာ အဲ့ဒီခေတ်မှာ ရှေ့တန်းရောက်ခဲ့တယ်လို့ဆိုရပါမယ်။ ၁၈၃၆ သမ္မတရွေးကောက်ပွဲကထက် လူတသန်းကျော် ပိုပြီး မဲပေးခဲ့ကြပါတယ်။ သမ္မတလောင်းဟာ ထောက်ခံမဲတသန်းကျော်ရခဲ့တဲ့ ပွဲပါ။ ဟဲရစ်ဆင်န်က လူထုမဲ ၁၂၇၄၆၂၄ ရပြီး၊ ဗန်ဘူးရင်န်းက ၁၁၂၇၇၈၁ ရခဲ့ကြပါတယ်။ ၂၃၄ မဲရှိတဲ့ အလက်တိုရယ်ဘုတ်မှာ ဗန်ဘူရင်န်းက မဲ ၆ဝ ဘဲရပြီး ခွက်ခွက်လန်အောင် ရှူံးသွားပါတယ်။ လွှတ်တော်အမတ်နေရာတွေလည်းအများစုနိုင်လို့ သမိုင်းမှာ Whig ပါတီအနေနဲ့ ဒါဟာ ပထမဆုံးအကြိမ်အဖြစ် သမ္မတနေရာရော၊ လွှတ်တော် ၂ ရပ်လုံးရော ထိမ်းချုပ်နိုင်တဲ့အနေအထား ရခဲ့တာဖြစ်ပါတယ်။

မတ်ခ်ျ ၄ ရက်၊ ၁၈၄၁ မှာ ဝီလျံဟာ သမ္မတအဖြစ် ကျမ်းကျိန်ခဲ့ပါတယ်။ မိုးတွေသည်း၊ လေတွေတိုက် ခိုက်ခိုက်တုန်အောင်အေးခဲနေတဲ့ကြားက သူ့ပရိသတ်ဟာ ရာသီဥတုဒဏ်ကိုမမှုပဲ ဒီအခမ်းအနားကို တက်ခဲ့ကြပါတယ်။ သူ့အောင်ပွဲဟာ သမ္မတဂျွန်ကွင်စီအေဒမ်စ်ရဲ့စကားနဲ့ဆို (၁၇၈၉ ကတည်းကစလို့ ဘာနဲ့မှ ပမာနှိုင်းမရတဲ့ လူကြိုက်များလှတဲ့ အခမ်းအနားကြီး)တခုပါပဲ။ သူဟာ အဲ့ဒီအချိန်က ဖြစ်ခဲ့သမျှသမ္မတတွေအနက် အသက်အကြီးဆုံးဖြစ်ပါတယ်။ သူဟာ လွှတ်သဘင်ရဲ့ အရှေ့ဘက်လှေကားထစ်တွေပေါ်မှာ ခေါင်းဆောင်းဦးထုတ်မပါပဲ မတ်တပ်ရပ်ရင်း သွယ်ဝိုက်လွန်းလှတဲ့ ကျမ်းကျိန်ပွဲမိန့်ခွန်းရှည်ကြီးကို ဖတ်ခဲ့ပါတယ်။ မိန့်ခွန်းရေးသူက သူရဲ့နိုင်ငံခြားရေးဝန်ကြီးသစ် ဒန်နီယယ်လ် ဝဘ်စ်တာပါ။ ဒီ တနံတလျားမိန့်ခွန်းကြီးချွေရင်း သူ အအေးမိခဲ့ပါတယ်။ အဲ့ဒီ အအေးမိတာကပဲ နောက်တလမှာ သေဖို့ဖြစ်လာတာပါ။

အဲ့ဒီနေရာမှာပဲ သူက သမ္မတအကြာကြီးလုပ်ရင် ဘုရင်စိတ်ပေါက်လာနိုင်တယ်လို့ ရှုတ်ချပြောဆိုပြီး သမ္မတသက်တမ်းကိုလည်း တကြိမ်သာထားဖို့ ဖွဲ့စည်းပုံဥပဒေနဲ့ကန့်သတ်သင့်ကြောင်းပြောခဲ့ရုံမက သူ့ဟာ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် သမ္မတအဖြစ် ဒုတိယသက်တမ်း ထမ်းဆောင်လိမ့်မှာမဟုတ်ဘူးလို့လည်း အတိအလင်းပြောခဲ့ပါတယ်။ ဥပဒေပြုလွှတ်တော်မှာ သမ္မတဝင်ပါတာဟာ မသင့်တော်ဘူးလို့ အတိအလင်းပြောခဲ့သလို ဖွဲ့စည်းပုံကပြောတဲ့ သမ္မတအလုပ်ဟာဘာလဲဆိုတာ သိနားလည်ဖို့လို့ သမ္မတက သမ္မတအလုပ်လုပ် လွှတ်တော်ကလွှတ်တော်အလုပ် လုပ်ဆိုတဲ့သဘောပြောခဲ့ပါတယ်။ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် အလုပ် လုပ်နေကြတဲ့ ဝန်ကြီးဌာနတွေအပြင် အခြားအာဏာပိုင်အဖွဲ့အစည်းတွေကိုလည်း သမ္မတကနေ ဝင်ထိမ်းပေးဖို့လိုတယ်လို့ သူမယူဆကြောင်းတွေ အပါအဝင်က အုပ်ချုပ်ရေး ဥပဒေပြုရေး တရားစီရင်ရေးကိစ္စတွေနဲ့ပတ်သက်လို့ သူ့အမြင် သူ့အယူအဆတော်တော်များများ ပြောခဲ့ပါတယ် အထူးသဖြင့် အစိုးရအလုပ်နဲ့ သမ္မတအလုပ်၊ သမ္မတအလုပ်နဲ့ လွှတ်တော်အလုပ်တွေကို ဇောင်းပေးပြီးပြောခဲ့တာပါ။(စာရှည်မစိုးလို့ ချန်ခဲ့ပါတယ်)

သမ္မတဖြစ်ပြီး နောက်ပိုင်း ရက်သတ္တပတ်တွေမှာ Whig ပါတီထဲက နေရာလိုချင်တွေသူတွေရဲ့ အမျိုးမျိုးဒုက္ခပေးတာကို သူခံခဲ့ရပါတယ်။ ဒါပေမယ့် ပါတီအပေါ်သစ္စာရှိပြီးရောဆိုပြီး ကိုယ့်လူတွေကိုနေရာပေးဖို့ လက်ရှိအစိုးရအရာရှိတွေကို ဖြုတ်ခဲ့တာမျိုးတော့ သူမလုပ်ခဲ့ပါဘူး။ သမ္မတဝီလျံကို နယ်ရုပ်လေးလို ကိုင်ကစားလို့ရမယ်လို့တွက်ခဲ့တဲ့ ဆီနိတ်တာစ္စတာကလေး Senator Clay ကတော့ သမ္မတဟာ သူ့လူတွေကိုချည်းပဲ နေရာတွေပေး ရာထူးတွေခန့်ခဲ့တယ်လို အတိအကျပြောခဲ့တာရှိပါတယ်။ သူက ဆီနိတ်တာကလေးကို မင်းဟာ စကားပြော တော်တော် တဇောက်ကန်းနိုင်တဲ့ကောင်လို့ပြောပြီး အိမ်ဖြူတော်ကနေ ကန်ထုတ်ခဲ့ပါတယ်။ ဒါနဲ့ မစ္စတာကလေးလည်း ဒေါသထွက်ပြီး ကင်န်တပ်ကီပြန်သွားပါတယ်။

အအေးကလည်းမိထား လူလည်း ပင်ပမ်းပြီးချုံးချုံးကျနေတဲ့ ဝီလျံဟဲရစ်ဆင်န်ဟာ ၁၈၄၁ ခု မတ်ခ်ျ ၂၇ ရက်မှာတော့ အိပ်ယာပေါ် ဘုန်းဘုန်းလဲပါတော့တယ်။ (ကျမ်းကျိန်ခဲ့တာက မတ်ခ်ျ ၄ ရက်နေ့ဖြစ်ပါတယ်)။ နောက်တနေ့မှာတော့ ဆရာဝန်က သမ္မတမှာ အဆုပ်ရောင်ရောဂါရနေပြီလို့ ဆိုပါတယ်။ ၁၈၄၁ ခု၊ ဧပြီ ၄ ရက် ည ၁၂ နာရီ ခွဲမှာ ဝီလျံဟန်နရီဟဲရစ်ဆင်န်ဟာ ရာထူးလက်ဝယ်ရှိတုန်း ကွယ်လွန်ခဲ့တဲ့ ပထမဆုံးအမေရိကန်သမ္မတဖြစ်သွားခဲ့ရပါပြီ။

သူမကွယ်လွန် သူ့ဆရာဝန်ကို (ဆြာ..အစိုးရရဲ့ တကယ့်အခြေခံမူတွေဟာ ဘာဆိုတာ ခင်ဗျား နားလည်စေချင်တဲ့ဆန္ဒ ကျနော့်မှာရှိပါတယ်။ ကျနော် အဲ့ဒါတွေကို အကောင်အထည်ဖော်ဖို့ ဆန္ဒရှိခဲ့တယ်။ ဒီ့ထက်ပိုပြီး ဘာမှတော့ မတောင်းဆိုပါဘူး)လို့ နောက်ဆုံးစကားအဖြစ် အမှာထားခဲ့ပါတယ်။
မျိုးမြင့်ချို
နိုဝင်ဘာ ၁၃၊ ၂ဝ၁၆
(မှတ်ချက် ရနောင်မောင်မောင်တုတ်လို့ပြောတာက သက်တမ်းတိုတာလေးကိုပဲ ကွက်ပြီး ညွှန်းတာပါ။ တခြားဘာမှ မဖွယ်မရာ မဆိုပါ)

Wednesday, November 9, 2016

လက်ပတ်နာရီနဲ့ ၆၆(ဃ) (မျိုးမြင့်ချို

0 comments
ကျနော့်အမြင်မှာတော့ ပုဒ်မ ၆၆(ဃ)ဟာ ရှိသင့်တယ်လို့မြင်တယ်။ ဘယ်သူတွေက ဘယ်ပုံဘယ်နည်း ကျင့်သုံးကြမလဲဆိုတာဘဲ စကားပြောတာ။ လူတယောက်ကို
လူသိရှင်ကြား မဟုတ်မမှန် အမနာပပြောဆို ထိုးနှက်တာတွေကိုဟန့်တားဖို့
လိုအပ်တဲ့ပုဒ်မလို့တွေးတယ်။
နောက်တချက်က ဒီပုဒ်မကို နိုင်ငံရေးအတွက်သုံးမယ် မသုံးဘူးဆိုတာလည်း
တွေးစရာဖြစ်လိမ့်ထင်တယ်။ 
နိုင်ငံရေးသမားဆိုတာကတော့ အာဏာရှိရှိ မရှိရှိ၊ အာဏာရရ မရရ သူ့ပြိုင်ဘက်က နည်းမျိုးစုံနဲ့ ထိုးနှက်မှာပဲ။ နိုင်ငံရေးရော ပုဂ္ဂိုလ်ရေးရောပဲ။ ငယ်ကျိုးငယ်နာရော
အကုန်ဖော်မှာပဲ။ ဟုတ်တာရော မဟုတ်တာရော၊ တဆိတ်ကိုတအိတ်လုပ်တာရော၊ ဂျပိုးကိုလိပ်ဖြစ်အောင်လုပ်တာရော အကုန်လုပ်ကြမှာပဲ။ ဘာမှမဆန်းဘူး။ 
ဒီဒဏ်တွေ မခံနိုင်ရင် နိုင်ငံရေးမလုပ်ဖို့ဘဲရှိတာ။ တွေးရမှာက
နိုင်ငံရေးလောကတင်မက ဘယ်လောကမှာဖြစ်ဖြစ် ခြောက်ပြစ်ကင်းသဲလဲစင်
သူတော်စင်ရယ်လို့ ဘယ်နေရာမှမှ ဘယ်သူမှမရှိဘူး။ နိုင်ငံရေးလုပ်နေတာ
နိဗ္ဗာန်ရောက်ကြောင်းကျင့်နေတာမဟုတ်သလို သူတော်ကောင်းတရားချည်းဘဲနဲ့လည်း သွားလို့မှမရတာ။ ကိုယ့်ချရင်ပြန်ချရမှာမှန်ပေမယ့် ပြန်ချရမယ့်သူ
ဘယ်သူဆိုတာနဲ့ ဘယ်လိုပြန်ချမယ်ဆိုတာကိုတော့ ချိန်ချိန်ဆဆလုပ်ဖို့
လိုမယ်တွေးတာပါပဲ။
နိုင်ငံရေးသမားလုပ်နေပြီး(အထူးသဖြင့် အာဏာလက်ရှိဖြစ်နေပြီး) အထိုးနှက်မခံနိုင်လို့ ၆၆(ဃ)ကို တန်ပြန်လက်နက်လိုကိုင်ပြီး တရားစွဲတယ်တို့ဘာတို့ဆိုတာကတော့
လူကြားမကောင်းသလို သင့်လည်းမသင့်တော်ဘူး။ သူ ယိုးစွပ်တဲ့အချက်အလက်ဟာ တကယ်မှားနေဦးတောင် အခြားနည်းနဲ့(နိုင်ငံရေးနည်းနဲ့) ရှင်းတာက ပိုကောင်းပါတယ်။ အာဏာရှိသူက အာဏာမဲ့ကို ၆၆(ဃ)နဲ့ တရားစွဲတော့ ယိုသူမရှက်မြင်သူရှက်စရာဘဲဖြစ်မှာပါ။ ဘယ်သူနိုင်မလဲဆိုတာကလည်း မှန်းကြည့်လို့ရနိုင်တာဘဲ။
စွပ်စွဲသူဘက်ကမှားလို့ တရားရှူံးဦးတောင် “အာဏာလက်ရှိနိုင်ငံရေးသမားမို့
အနိုင်ပေးရတာပါကွာ“ဆိုတဲ့အမြင်အတွေး ကောက်ချက်ချမှုတွေကတော့
ထွက်လာမှာပဲ။ အဲ့ဒီအခါကြ တခါထပ်ပြီး ထွက်ပြီးရှင်းရလင်းရတွေ လုပ်ရဦးမယ်။
ဖြိုးမင်းသိမ်း ဒီလောက်မညံ့ဘူးလို့ ထင်ထားတာ မှားသွားတယ်။ ဒီနေရာမှာ
ကျနော်က မညံ့ဘူးလို့ပြောတော့ သူဟာ လူတော်ဆိုတဲ့အနက်တော့လည်း
မကောက်ကြစေချင်ပါ။ သူ လည်ပါတယ်။ သူ နပ်ပါတယ်။ သူ အဝါးဝပါတယ်။ ဘယ်အချိန်မှာ ဘယ်ခလုပ်နှိပ်ရင် ဘာသံမြည်တယ်ဆိုတာ သူ ကောင်းကောင်းသိပါတယ်။ ဒီအသက်အရွယ် ဒီဖြတ်သန်းမှုနဲ့ ဒီနေရာကို အရှင်မွေးလို့နေ့ချင်းကြီးလို ရောက်လာတာ တကယ်တော့ သူ့ကို “အရှင်“ကမွေးလို့မဟုတ်ပဲ သူက “အရှင်“ကို မွေးတတ်လို့ပါ။
ကျနော်ကတော့ ပုဒ်မ ၆၆(ဃ)ကို လိုအပ်တယ် ရှိသင့်တယ်လို့မြင်ပါတယ်။ ဘယ်ပုံ ဘယ်နည်း ဘယ်သူ့ကို ဘယ်သူက ကျင့်သုံးမလဲဆိုတာပဲ စကားပြောတယ်လို့ ယူဆသူပါ။
နိုဝင်ဘာ ၉ ၊ ၂ဝ၁၆

Selma ကြည့်ဖြစ်ခြင်း(မျိုးမြင့်ချို)

0 comments
တိုက်ဆိုင်တယ်လို့ပဲပြောရမှာပါ။ ညက ကျနော်နဲ့ဇနီးသည် ရုပ်ရှင်တကား
အစအဆုံးကြည့်ဖြစ်တယ်။ တခါမှ ကျနော်တို့ ၂ ယောက် တထိုင်တည်းနဲ့ ရုပ်ရှင်တကားပြီးအောင် မကြည့်ဖူးဘူး။ ၂ ခါ ၃ ခါ ခွဲပြီးကြည့်ကြတာများတယ်။ ညကတော့ ထူးထူးဆန်းဆန်းပဲ။ တီဗီချယ်နယ်လ်တွေ ဘယ်ချယ်နယ်လ်ဖွင့်ဖွင့် ရွေးကောက်ပွဲသတင်းတွေချည်း လျှံနေတော့ စိတ်ပျက်တာနဲ့ “အဲ့ဒါတွေ တရေးနိုးမှ ထကြည့်မယ်ကွာ၊ ခု ရုပ်ရှင်တကားလောက်ကြည့်ရအောင်ဆိုပြီး လက်နားနီးတဲ့
အခွေ တခွေ ဆွဲထုတ်လိုက်တယ်။
ကားနံမည်က Selma တဲ့။ ဒါရိုက်တာက 12 years a Slave ရိုက်ခဲ့တဲ့
ထုပ်လုပ်သူလည်းဖြစ်ခဲ့တဲ့ AVA DuVERNAY ဖြစ်ပါတယ်။ ဇာတ်လမ်းနောက်ခံကာလက သမ္မတကနေဒီလုပ်ကြံခံရပြီးနောက်၊ ဒုသမ္မတကနေ
သမ္မတတက်ဖြစ်လာတဲ့ လင်ဒန်ဂျွန်ဘီလ်ဂျွန်ဆင်လက်ထက် နောက်ခံပါ။
နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူ အာဖရိကန်အမေရိကန် မယ်လ်ကွန်အိပ်က်စ် အလုပ်ကြံခံရတဲ့ကာလပါ။ 
အခွေကာဗာမှာ One dream can change the world တဲ့။ နူးယော့ခ်တိုင်းသတင်းစာက အဲ့ဒီကားကို ဘယ်လိုမှတ်ချက်ပေးသလဲဆိုတော့ 'Triumph'တဲ့။ ဒေါက်တာမာတင်လူသာကင်းဂျူနီယာဦးဆောင်တဲ့ Civil Rights Movement
နောက်ခံကားပါ။ အယ်လာဘားမားပြည်နယ် ဆယ်လ်မာဆိုတဲ့မြို့ကနေ မွန်ဂိုမာရီအထိ နိုင်ငံသားအခွင့်အရေး (ဖွဲ့စည်းပုံပါ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်ရဖို့)
အကြမ်းမဖက် အာဏာဖီဆန် လမ်းလျှောက်ချီတက် ဆန္ဒပြကြတဲ့အကြောင်းပါ။ 
ဒေါက်တာ မာတင်လူသာကင်းအဖြစ် David Oyelowo က သရုပ်ဆောင်ပြီး အမေးအမြန်းမှာနံမည်ကျော်တဲ့ Oprah Winfrey တို့ Tom Wilkinson တို့လည်းပါပါတယ်။
ကားက ကြည့်နေရင်း ကြက်သီးမွှေးညှင်းထလောက်အောင် ဝမ်းနည်းဝမ်းသာ
မျက်ရည်ဝဲလောက်အောင် တက်ခေါက်ချင်စိတ်ပေါက်လာအောင် စုပ်သပ်ချင်စိတ်ပေါက်လာအောင် အားကျစိတ်ဖြစ်လာအောင် ဒေါသဖြစ်လောက်အောင်
စတဲ့ခံစားမှုတွေအမျိုးမျိုးဖြစ်စေခဲ့ပါတယ်။
လက်နက်မဲ့ အကြမ်းမဖက် ငြိမ်းချမ်းစွာတန်းစီလမ်းလျှောက်နေတဲ့
တက်ကြွလှုပ်ရှားသူတွေကို ပြည်နယ်အုပ်ချုပ်ရေးမှူးအမိန့်နဲ့ ပုလိပ်တွေက ရက်ရက်စက်စက် ရိုက်နှက်သတ်ဖြတ် ဖမ်းဆီးတာတွေ မြင်းနဲ့တိုက်
ကြာပွတ်နဲ့ရိုက်တာတွေအမျိုးမျိုးခံခဲ့ရပြီး နောက်ဆုံးမှာတော့ သမ္မတကိုယ်တိုင်က အာဖရိကန်အမေရိကန်တွေ(လူမည်းတွေ)ရဲ့ မဲပေးပိုင်ခွင့်ကို လက်လျှော့
လိုက်လျောခဲ့ရတဲ့အကြောင်းပါ။
ဒါဟာ အမေရိကန်သမိုင်းမှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ လူမည်းအမျိုးသားများရဲ့
ကာလရှည်ကြာစွာဖြစ်ခဲ့တဲ့ နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုကြီးရဲ့
တစေ့တစောင်းပြကွက်တခုပါ။ ဒါပေမယ့် ဒီလှုပ်ရှားမှုရဲ့အဆုံးသတ်အဖြေမှာ
သူတို့တွေ မဲပေးခွင့်ရသွားခဲ့ကြပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့မဲဆွယ်မှုသမိုင်းမှာ ကသောင်းကနင်းအနိုင်ဆုံး ရုပ်ပျက်ဆင်းပျက်အဖြစ်ဆုံး ၂ဝ၁၆ ပွဲကတော့ပြီးသွားပါပြီ။ ကျနော်တို့လည်း
ရုပ်ရှင်တကားကို တထိုင်တည်းကြည့်ဖြစ်သွားပါတယ်။ ထူးထူးခြားခြားပါပဲ။
နိုဝင်ဘာ ၉ ၊ ၂ဝ၁၆

အနောက်တခွင်လုံးနီ(မျိုးမြင့်ချို)

0 comments
အန်ကယ်လ်ဆမ်ကြီးတော့ အိမ်နီတော်နဲ့ လွှတ်တော်နီဖြစ်သွားပြီ။ တပြည်လုံးကို ရဲရဲတောက်နေတာပဲ။ အရှေ့တခွင်လုံးနီနဲ့တော့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သလို လားလားမှလည်းမဆိုင်ဘူး။ လက်ယာစွန်းမှာ နီတယ်ဆိုတာ “သွေး“လို့
အနက်ယူရင် “မြေကျ“ရဦးမှာတွေ လာစရာရှိတယ်ထင်တယ်။
ဖွဲ့စည်းပုံနဲ့ဆန့်ကျင်ဘက် ဘာ ထော်လော်ကန့်လန့်မှလုပ်မရဘူး၊ နေရာတိုင်းမှာ ချက်အင်န်ဒ်ဘဲလင်န့်စ် လုပ်ထားတယ်ဆိုပေမယ့် ဒါဟာ နိုင်ငံရေးပါ။ လူထုပါရင်
သမ္မာကျမ်းစာတောင် ပြာချလို့ရတာပဲမဟုတ်လား။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဗမာစစ်အုပ်စုကထင်သလို ဘုရားဟောနှုတ်ကပတ်တော်မှ မဟုတ်တာ။ ပြင်လို့
ဖျက်လို့ အစားထိုးလို့ရပါတယ်။
ဘော်စတွန်ဟာရဲလ်ကတော့ မျက်နှာဖုံးမှာ မစ္စတာပြဲဆီးဒင့်ဆိုပြီး ထရမ့်ပ်ပုံကြီးနဲ့
ပြူးတူးပြဲတဲထွက်လာတယ်။ ဝီရသူကိုတောင် မသတီစိတ်နဲ့ သတိရချင်စရာ။ 
ရုရှားမှာတော့ ထရမ့်ပ် အမှတ်တရရင်ထိုးလေးတွေ ပစ္စည်းလေးတွေ Souvenirs
တောင် ရောင်းမလောက်ဖြစ်နေဆိုပဲ။ ပူတင်ကြီးတော့ ခုလောက်ရှိ မော်စကိုနဲ့
ဝေါ်ရှင်တန်ပေါင်းပြီး ကမ္ဘာကြီးကို ပူတင်းဖုတ်ဖို့တွေးနေလောက်ပြီ။ 
ထရမ့်ပ်က သူ့အောင်ပွဲခံမိန့်ခွန်းကို လက်ယာတော်ရံအဖြစ် ဒုသမ္မတဖြစ်လာမယ့်
မိုက်ခ်ပန့်စ်၊ လက်ဝဲတော်ရံအဖြစ် သူ့သား အငယ်ဆုံးလေး(ဘယ်မိန်းနဲ့ရတဲ့
သားမှန်းတော့မသိ)တို့ကို ရံစေရပ်စေပြီး ချွေသွားလေရဲ့။ အမေရိကန်ကို
တစည်းတလုံးတည်းရှိတဲ့ပြည်အဖြစ်လုပ်ရမယ်လို့ ကြုံးဝါးသွားလေရဲ့။
ဗမာပြည်က မေမေ့သားတွေတော့ ယူကြုံးမရ အပူလုံးကြွကြမလားမပြောတတ်။
မနေ့ကအထိ ဖေ့စ်ဘွတ်ခ်မှာ ငဖြိုးရဲ့လက်ပတ်နာရီ။ ဒီနေ့တော့ ဟီလာရီနဲ့ထရမ့်ပ်။
ဝေါ်ရှင်တန်၊ နူးယော့ခ်နဲ့ ပင်တဂွန်တို့မှာ ရီစရာတွေရော မောစရာတွေပါ ကြားရမြင်ရ တွေ့ရဦးကြတော့မှာပါ။
ခုတောင် စတော့ရှယ်ယာဈေးတွေ ထိုးကျသွားလို့တဲ့။
နိုဝင်ဘာ ၉ ၊ ၂ဝ၁၆

စင်္ကြဝတေးရွေးပွဲဆိုပဲ(မျိုးမြင့်ချို)

0 comments
ဖို့တ်ဝိန်းမှာ ဒီနေ့ တနေကုန်လိုလို မိုးရွာမယ်လို့ဆိုတယ်။ ဒီနေ့ဟာ အမေရိကန်သမ္မတရွေးကောက်ပွဲ အပြီးသတ်မဲထည့်ရမယ့်နေ့လည်းဖြစ်ပါတယ်။ ကျနော်တို့ကတော့ ကြိုတင်မဲ Early Vote ပေးပြီးပါပြီ။ မဲသွားပေးတဲ့နေ့က ၃ နာရီနီးပါးလောက် တန်းစီလိုက်ရပါတယ်။ မဲရုံတာဝန်ကျသူတွေက “ဒီတကြိမ် မဲလာပေးတဲ့လူအရေအတွက်ဟာ စံချိန်များတင်မလားမပြောတတ်ဘူး“လို့ဆိုတယ်။ ခုလည်း မိုးမလင်းသေးဘူး မဲပေးရမယ့်နေရာတွေမှာ လူတန်းရှည်ကြီးတွေမှ မြင်မကောင်းဘူး။ တချို့မဲရုံတွေမှာ ၃ နာရီကျော်တောင် စောင့်ရတယ်ဆိုပဲ။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးတွေ ရွေးကောက်ပွဲတွေကို ဘာသိဘာသာနေတတ်တဲ့ အမေရိကန်တွေ ဒီတချီတော့ လှုပ်လှုပ်ရှားရှားဖြစ်လာတယ်လို့ ဆိုရမလားမသိဘူး။ ကောင်းတဲ့ကိစ္စလို့မြင်ပါတယ်။ အမေရိကန်အများစု(အောက်ခြေလူထုကြီး)က ကိုယ့်အရေးနဲ့တိုက်ရိုက်မဆိုင်ဘူးဆို နိုင်ငံရေးတွေ နိုင်ငံရေးသမားတွေကို ဝေရာမဏိလုပ်တတ်ကြတာမျိုးပါ။ “နိုင်ငံရေးသမားတွေက သူတို့ကိစ္စသူတို့ ရှင်းနေကြတာပါ။ တို့ကိစ္စရှင်းပေးနေတာ တို့ကိစ္စလုပ်ပေးနေတာမဟုတ်ဘူး“ ဆိုတဲ့စကားမျိုးလည်း ပြောတတ်ကြပါတယ်။
ဟီလာရီနဲ့ ဒေါ်နယ်လ်ထရမ့် ဘယ်သူနိုင်တယ်ဆိုတာ ဒီည နှောင်းပိုင်းလောက်မှာ ကြေညာမှာပါ။ အမေရိကန်သမ္မတရွေးကောက်ပွဲကို တကမ္ဘာလုံးက စိတ်ဝင်တစားရှိကြပါတယ်။ တချို့ဆို စင်္ကြဝတေးမင်းရွေးပွဲလောက်အထိ လွန်လွန်ကျူးကျူးတင်စားကြတာပါ။ အမေရိကန်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုကျော်ပြီး ဘယ်သမ္မတမှ ဘာမှလုပ်မရဘူးဆိုပေမယ့်၊ ကွန်ဂရက်စ်ရဲ့သဘောတူညီမှုမရပဲ
ဘာမှလုပ်မရဘူးဆိုပေမယ့် တိုင်းပြည်နဲ့ချီတဲ့ သေရေးရှင်ရေးကိစ္စတွေမှာ သ
မ္မတကိုပေးထားတဲ့ လုပ်ပိုင်ခွင့်တွေဟာ ကြောက်ခမန်းလိလိပါ။ 
သမ္မတအပြောင်းအလဲဆိုတာ တနည်းပြောရရင် အာဏာရပါတီရဲ့ပေါ်လစီတွေကို ပြောင်းလဲဖော်ဆောင်ရတာပါ။ ဒါ့ကြောင့် ဥပဒေအသစ်တွေထွက်တာ
ဥပဒေဟောင်းတွေဖျက်တာ ပြင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
အဲ့သလိုဖြစ်တယ်ဆိုတာ တနည်းပြောရရင် အမေရိကန်ရဲ့ ပြည်တွင်းနဲ့
နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲဖြစ်တယ်လို့ ဆိုရမှာပါ။
သူ့ ပေါ်လစီအပြောင်းအလဲဟာ ကမ္ဘာ့နိုင်ငံတွေအပေါ် ဒေသတွေအပေါ်
တိုက်ရိုက်ရော သွယ်ဝိုက်ပါ ရိုက်ခတ်တတ်ပါတယ်။ အကောင်းဘက် အဆိုးဘက် ၂ ဘက်စလုံး အရိုက်ခတ်ခံရတာမျိုးပါ။ 
တခြားမကြည့်နဲ့ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းကနေ အာရှပစိဖိတ်ဒေသဘက် မျက်စေ့ကျလာတော့ နိုင်ငံခြားရေးပေါ်လစီဖိုးကပ်စ်လှည့်လိုက်တော့
သူတလျှောက်လုံး လူ့အခွင့်အရေးချိုးဖေါက်တယ်ဆိုပြီး ပစ်မှတ်ထားပိတ်ဆို့
အရေးယူခဲ့တဲ့ ဗမာစစ်အာဏာရှင်တွေကိုတောင် အိမ်ဖြူတော်ခေါ်
ကျောသပ်ရင်သပ်လုပ် သူကောင်းပြု၊ စစ်တပ်စစ်တပ်ခြင်းဆက်ဆံရေး
ထူထောင်ရုံတင်မက ပိတ်ဆို့ထားတာတွေအကုန်လုံးနီးပါးပြန်ဖွင့်ပြီး
ဗမာပြည်သူတွေရဲ့ဒုက္ခသုက္ခတွေကို စစ်အာဏာရဲ့အဖိနှိပ်ခံအဖြစ်တွေကို
မျက်ကွယ်ပြုခဲ့တာပဲ မဟုတ်လား။ သဘောကတော့ ဘယ်သူတွေ ဘာပဲပြောပြော ကမ္ဘာ့နိုင်ငံတချို့နဲ့ ကမ္ဘာ့ပြည်သူတချို့ရဲ့ကံကြမ္မာဟာ အင်အားကြီးနိုင်ငံတွေရဲ့
လက်ခုပ်ထဲကရေနှယ် ဖြစ်နေရဆဲမဟုတ်လား။ ထားပါတော့လေ။
ဒီနေ့ညတော့ အမေရိကန်တွေတင်မက ကမ္ဘာကပါ နားစွင့်နေကြတဲ့
အဖြေတခုတော့ သိကြရမှာပါ။ ဒါအပြီးသတ်မဟေုတ်သေးပေမယ့်
ကျိန်းသေသဘော အဖြေပါ။ ဒီဇင်ဘာကြရင်တော့
အဖြူအမဲသဲကွဲသွားမှာပါခင်ဗျား။
နိုဝင်ဘာ ၈၊ ၂ဝ၁၆

ရပ်ကွက်ထဲမှာ ဒီလိုပဲ (မျိုးမြင့်ချို)

0 comments
အင်န်အယ်လ်ဒီ စစ်တပိုင်းအစိုးရ ကာလတခုသာကြာသွားရော တိုင်းပြည်အတွက် ဘာမှ 
ဟုတ်တိပတ်တိတိုးတက်မလာသလို ဘာအပြောင်းအလဲမှလည်း သိသိသာသာမမြင်ရဘူးဆိုတဲ့သဘော ဝေဘန်သူတွေနဲ့ 
အတိုက်အခံတွေကပြောတော့ ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့်လင်းလင်းဝေဘန်တာကိုကြိုက်တယ်ကြိုဆိုတယ်...
ဆိုတာလောက်မှာတင်ရပ်ထားလိုက်ပြီးရော။ 
ဒါမှမဟုတ်ဆက်ချင်သေးလည်း ရှေ့လျှောက် သိသာမြင်သာအောင်လုပ်ပြပါ့မယ် ဘာညာလေးပေါ့။ ပြီးတော့ 
အခုအခံတွေကကြီးလွန်းလို့ လုပ်မရတာပါဘာဘညာလေးလည်း ထည့်ထဲ့လိုက်ပေါ့။ ခုတော့ မဟုတ်ဘူး။ 
ကျမတို့အစိုးရက မခိုးဘူး၊ မဝှက်ဘူးတို့။ ပြည်သူကို မနှိပ်စက်ဘူးတို့။ လဘ်မစားဘူးတို့ ဘာတို့ညာတို့တွေလျှောက်ပြောတော့ မယားငယ်ယူသွားတဲ့လင်အကြောင်း တခြားတယောက်က မကောင်းလာပြောတော့ ဟဲ့ ငါ့လင်က 
မယားငယ်သာယူသွားတာဟဲ့၊ အရက်မသောက်ဘူး၊ ဖဲမရိုက်ဘူး၊ ဆေးလိပ်တောင်မသောက်တတ်ဘူးဟဲ့လို့ ရန်ပြန်ထောင်တဲ့ ရပ်ကွက်ထဲကမိန်းမကြီးလိုဖြစ်နေတယ်ထင်တာပဲ။

နိုဝင်ဘာ ၇၊ ၂ဝ၁၆

(၈၈ ငြိမ်းပွင့်ကြီးများသို့) မျိုးမြင့်ချို

0 comments
(၈၈ ငြိမ်းပွင့်ကြီးများသို့) မျိုးမြင့်ချို
နိုင်ငံရေးပါတီထောင်တယ်ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်တာ။ ဝင်ကစွပ်နိုင်ငံရေးသမားလုပ်ဖို့ကြတော့လည်း ဖြိုးမင်းသိမ်းတို့လို မျက်နှာပြောင် အတော်ကြီး
တိုက်နိုင်လွန်းပါမှ။ ငတေမာစိတ်နဲ့ ရှစ်စပ်ကဂျင်ခြေလည်လုပ်ရပ်နဲ့
သူများမျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်ဝံ့တဲ့အတွေးမျိုးနဲ့ စတာတွေရှိပါမှရတာ။
၈၈ ငြိမ်းပွင့်တချို့လည်း ဒါတွေကို ကိုယ်တွေထက် ပိုသိပုံပေါ်ပါတယ်။ အင်န်အယ်လ်ဒီဝင်ကစွပ်လုပ်ပြီး အမတ်လုပ်မယ့်အကြံအစည်ပျက်သွားကတည်းက
ပါတီထောင်မယ် တကဲကဲနဲ့ မောင်းတင်နေတာ ခုထိမထောင်ဖြစ်သေးဘူး။ 
ကျနော့်သဘောကတော့ သူတို့ကို ပါတီမထောင်စေချင်ဘူး။ တဦးချင်းစီရဲ့
ကိုယ်ရည်ကိုယ်သွေး၊ အစဉ်အလာနဲ့ အစွမ်းအစကို ပြစေ့ချင်ပါတယ်။
တဘက်ကလည်း အဲ့သလို နိုင်ငံရေးလူလုံးထွက်ပြရင်း အခြားတဘက်ကနေ
၈၈ မျိုးဆက် နိုင်ငံရေးအင်အားစုကြီးတခု စုဖွဲ့မှုဖြစ်လာအောင်ပဲ လုပ်စေ့ချင်တယ်။
ဒေါ်အောင်ဆန်းစုကြည်မရှိတော့မယ့် ဗမာ့နိုင်ငံရေးအခင်းအကျင်းမှာ
အင်န်အယ်လ်ဒီဆိုတာ ဖဆပလလမ်း လိုက်သွားဖို့ပဲများပါတယ်။
သူ့ထက်ပိုမဆိုးသွားဘူးလည်း မပြောနိုင်ဘူး။ ၈၈ မျိုးဆက်စုဖွဲ့မှုအင်အားစုကြီးဟာ
ဒေါ်စုနောက် အခွံဖြစ်သွားမယ့် ဒီမိုကရေစီဟာကွက်ကြီးကို ဖြည့်ရမှာပါ။
ဒါ့ကြောင့် ၈၈ ငြိမ်းပွင့်တွေကို အကြံပြုပါတယ်။ ပါတီလည်း မထောင်ပါနဲ့။
ဝင်ကစွပ်လည်း မလုပ်ပါနဲ့။ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲကစပြီး တသီးပုဂ္ဂလအမတ်တွေအဖြစ် ဝင်အရွေးခံကြပါ။ ဝင်ပြိုင်ကြပါ။ အမတ်တွေထဲမှာ ခိုးဝင်အင်န်အယ်လ်ဒီတွေ အမတ်ဖြစ်လို့ ဘာနိုင်ငံရေးမှမရှိ မသိ နားမလည်တဲ့အကြောင်း
ဗိုလ်ဝင်းထိန်ကိုယ်တိုင် ဝန်ခံစကားပြောနေပြီ။
နောက်တချက်က အဲ့သလို တသီးပုဂ္ဂလအဖြစ် ဝင်ပြိုင်လို့မနိုင်လည်း(အင်န်အယ်လ်ဒီအမတ်လောင်းနဲ့ ပြိုင် ဖိုက်ရတာဆိုရင်တော့ ဒေါ်စုမျက်နှာနဲ့
ရှူံးမှာသေချာတယ်) နိုင်ငံရေးမရှူံးဘူး။ ကိုယ့်ကိုယ်ကိုယ် ကိုရော
လူထုနဲ့တိုင်းပြည်ကိုရော ကိုယ့်နိုင်ငံရေး လက်မောင်းလှဲ အားစမ်းကြည့်ခွင့်ရတာမို့ အမြတ်ပဲ။
တသီးပုဂ္ဂအမတ်ဆိုတော့ လွတ်လပ်တယ်။ မကြိုက် ကြိုက်ကြိုက် ပါတီ့မူ
လိုက်အကောင်အထည်ဖော်ရတဲ့ဘဝက လွတ်တယ်။ ပါတီ့အကျိုးစီးပွား
ကြ့ည်နေစရာ မလိုဘူး။ မိမိကိုယ်ကျိုးစီးပွားကိုဘေးဖယ်ပြီး လူထုနဲ့
တိုင်းပြည်အကျိုးစီးပွားပဲ မျက်မှောက်ပြုစရာလိုမယ်။ ယုံကြည်တာကို
တိုင်းပြည့်မျက်နှာကလွဲလို့ ဘယ်သူ့မျက်နှာမှမထောက်ပဲ ရဲရဲဝံ့ဝံ့
ပြောလို့လုပ်လို့ရမယ်။ ပြည်သူကလွဲလို့
ဘယ်သူ့မှ နာခံနေစရာမလိုဘူး။ ပါလီမန်ဒီမိုကရေစီပြောပြော
ပါတီစုံဒီမိုကရေစီဆိုဆို အဲ့ဒီပုံစံနိုင်ငံရေးအခင်းအကျင်းကို အဲ့ဒီပုံစံအတွေးအခေါ် အဲ့ဒီပုံစံအပြုအမူ အဲ့ဒီပုံစံလုပ်ရပ်တွေနဲ့သာ ချဉ်းကပ်ကြည့်ရမှာပါပဲ။
ကျနော်ကတော့ ၈၈ ငြိမ်းပွင့်တွေကို နိုင်ငံရေးလုပ်စေ့ချင်တာ အမှန်ပါပဲ။
လုပ်မယ်ဆို အားပေးမှာပါပဲ။ ခုလို ဇာတ်လိုလို နတ်လိုလို လုပ်နေတာတော့
မမြင်ချင်တာအမှန်ပါ။
နိုဝင်ဘာ ၉၊ ၂ဝ၁၆

ဒီအခြေအနေတွေနဲ့ သမိုင်းသစ် ဖြစ်လာမလား (အေးငြိမ်း)

0 comments
ဒီအခြေအနေတွေနဲ့ သမိုင်းသစ် ဖြစ်လာမလား
(ဖောင်ပိတ်)
အေးငြိမ်း
(အရေးတော်ပုံဂျာနယ်၊ အတွဲ ၂- အမှတ် ၇)

ဒီကာလအတွင်း လှုပ်လှုပ်ခတ်ခတ်နဲ့ ပွဲဆူတဲ့ကိစ္စတွေ များလှတယ်။ ရခိုင်အရေး၊ အောင်စိုးမိုးကျော်ကိစ္စ။ ဆိုင်ရှင်ရုပ်သိမ်းခြင်း နောက်ဆက်၊ UWSA နဲ့ မိုင်းလားကြားမှာ ပေါ်ပေါက်လာတဲ့ ပြဿနာ၊ NCA လက်မှတ်ထိုးမထိုးနဲ့ NLD အတွင်း စည်းရုံးရေး အခြေအနေ စသဖြင့်နိုင်ငံရေးပုံရိပ်ကို အကျည်းတန်စေတဲ့ အဖြစ်အပျက်တွေပေါ်ခဲ့တယ်။ 
(၁)
ရခိုင်ပြည်နယ်တွင်းက ဘင်္ဂါလီ၊ ရိုဟင်ဂျာ၊ အကြမ်းဖက်မှု
ရခိုင်ပြည်နယ်အတွင်းမှာ AA ရခိုင်တပ်မတော်နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ကြလို့ အရှိန်ရစ ပြုနေချိန် ဒီသတင်းကို ဖုံးလွှမ်းသွားတဲ့ အဖြစ်အပျက် တခု ပေါ်လာခဲ့တယ်။ အဲဒါကတော့ မောင်းတောဘက်က ရဲကင်းစခန်း ဝင်စီးခံရတဲ့ ကိစ္စ ဖြစ်တယ်။ ရဲ ၉ ဦးသေဆုံးသွားပြီး သေနတ် ( နောက်ဆုံးစာရင်းအရ ၆၄ ) လက်နဲ့ ခဲယမ်းမီးကျောက် အချို့ ယူဆောင်သွားခဲ့တယ်။ ခုတော့ ဒီပြဿနာက နိုင်ငံတကာ ပြဿနာ ဖြစ်သွားပါပြီ။ ဒီဆောင်းပါးမှာ စစ်တပ်၊ အစိုးရ၊ ကုလသမဂ္ဂနဲ့ ပါဝင်ပတ်သက်မှုရှိတဲ့ နိုင်ငံတွေရဲ့ ထုတ်ပြန်ချက်တွေကို ခွဲခြမ်းစိတ်ဖြာပြနေမှာ မဟုတ်ဘူး။ အကြမ်းဖက်မှု မြစ်ဖျားခံရာ သမိုင်းကို ခြေရာကောက်ပြချင်တာပါ။ မမေ့သင့်တာ ပြောပါမယ်။
၁။ အကြမ်းဖက် ထိပ်ခေါင် အိုစမာဘင်လာဒင်တို့ တာလီဘန်တို့ ဆိုတာ အမေရိကန် CIA ကမွေးဖွားပေးလိုက်တဲ့ သူတွေ ဖြစ်တယ်။ အလားတူ အဖွဲ့တွေ အများကြီး ရှိပါသေးတယ်။ ဘက်ကန်သွားသူတွေလည်း တပုံတခေါင်းကြီး ....
၂။ ပူပူနွေးနွေး တူရကီ အာဏာသိမ်းပွဲရဲ့ လက်သည်ဟာ CIA ကမွေးထားပြီး အမေရိကန်မှာ အခြေစိုက်နေထိုင်တဲ့ မူဆလင်ဘာသာရေး ခေါင်း ဆောင် ဂူလင်ဖြစ်တယ်။
၃။ ခု အစိုးရ၊ စစ်တပ်ဘက်က လက်ညှိုးထိုးပြနေတဲ့ RSO, ARIF အဖွဲ့ဆိုတာတွေကကော ဘယ်သူမွေးထားတာလဲ၊ သူတို့တတွေ အင်အား သေးသွားပြီး နယ်စပ်မှာ လျှိုနေရချိန် - တရုတ်အစိုးရနဲ့ ဗမာစစ်အစိုးရ အပေးအယူမျှကာ ကျောက်ဖြူ-ကူမင်း ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ဖြစ်တည်လာတော့မှ အမေရိကန်ဘက်က ခြေလှမ်းပြင်လာတာပါ၊ ဒါကြောင့် ရခိုင်ပြည်နယ် မတည်ငြိမ်ရေးအတွက် ကုလတို့ NGO တို့စတဲ့ ဆိုင်းဘုတ်တွေ ချိတ်ပြီး လှုပ်ရှားလာရာက ပေါ်လာတဲ့ အရေးအခင်းအဖြစ် သုံးသပ်လို့ရပါတယ်။ မူလ သူ့ မြားဦးက တရုတ်နဲ့ စစ်အစိုး ရကို ချိန်ထား တာဖြစ်တယ်။
ဒါပေမဲ့ အစိုးရ အပြောင်းအလဲဖြစ်လာတော့ အချိုးတမျိုး ပြင်ရပါတယ်။ မောင်းတော အရေးအခင်းပေါ်လာတော့ စစ်တပ်က အမျိုး၊ ဘာသာ။ နိုင်ငံ ကာကွယ်သူကြီး ဂိုက်ဖမ်းပြီး စစ်တပ်တွေ လွှတ်ပါတယ်။ ထုံးစံအတိုင်း စစ်တပ်ဝင်ပြီဆိုတာနဲ့ နေဝင်မီးငြှိမ်းလုပ်မယ်၊ ရွာတွေ မီးရှို့ခံရမယ်၊ လူဖမ်းတဲ့ သတ်တဲ့အမှုတွေ ပေါ်မယ်။ တခြားမဟုတ်တရုတ် မှုခင်းတွေလည်း ပေါ်တော့တာပါပဲ။
ဒီနေရာမှာ အမေရိကန်အဖို့ အခက်အခဲတရပ်ဖြစ်သွားတာ တွေ့ရတယ်။ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ အော်ဟစ် ထားတာကိုလည်း ရပ်လို့မရ၊ OIC မျက်နှာလည်းကြည့်ရ၊ ဗမာအစိုးရနဲ့ စစ်တပ်ကိုလည်း လက်လွှတ်မခံနိုင် ဖြစ်နေတယ်။ သံအမတ်ကြီး စကော့မာစီရယ်ဟာ ‘စစ်ပွဲတွေ ရပ်စဲရေး’ ပါးစပ်ကအော်ပြီး ပြည်တွင်းနေရာအနှံ့ အလှုပ်ရှားဆုံး သံအမတ်ဖြစ်နေတယ်။
၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးကတည်းကစလို့ အာဏာရလာတဲ့အစိုးရအဆက်ဆက်ဟာ ဒီနယ်စပ်ကိုကိုယ်ကျိုးအတွက်၊ ကိုယ့် ထောက်ခံသူ မွေးရေး အမျိုးမျိုးလုပ်ကိုင်ခဲ့ကြတာ ကနေ့အထိပါပဲ။
(၂)
အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှု
တနေ့မဟုတ်တနေ့၊ တနေရာမဟုတ် တနေရာ ဖြစ်ကိုဖြစ်ရမယ့်ကိစ္စပါ။ အင်မတန်ကို ဆုံးရှုံးမှုကြီးတဲ့ ဖြစ်ရပ်ကြီးတခုပဲ။ ခုဖြစ်သွားပြီ၊ ဖြစ်ပြီးခဲ့ တာတွေလည်း များလှပြီ၊ ပြုပြင်ပြောင်းလဲချိန် မရောက်သေးလို့ မပြုပြင်ရင် နောင်လည်း ကြုံကြရလိမ့်ဦးမယ်။
ခုဖြစ်ရပ်မှာ နှစ် ၆၀ စစ်အုပ်စု စိုးမိုးအုပ်ချုပ်ခဲ့တဲ့ ကာလအတွင်း စားရသမျှစား၊ ဝါးရသမျှ ဝါးခဲ့ကြလို့ အခွံချည်းကျန်တဲ့ ဝန်ကြီးဌာန၊ အကြွေးများသာ ထားခဲ့တဲ့ ဝန်ကြီးဌာနစသဖြင့် ရှိခဲ့ကြရာမှာ သယ်ယူပို့ဆောင်ရေး(-နဲ့ ဆက်သွယ်ရေး) ဝန်ကြီးဌာနလည်း အပါအဝင်ဖြစ်တယ်။
စုတ်ပြတ်သတ်နေတဲ့ ရေယာဉ်အနည်းအကျဉ်းသာ ရှိတော့တဲ့ ဒီဌာနဟာ တိုးပွားလာနေတဲ့ ခရီးသည်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းမပေး နိုင်တာ ကြာပါပြီ။
ဒီတော့ ပြည်သူတွေက ပုဂ္ဂလိကပိုင် အမြန်ယာဉ်တွေကိုပဲ အားကိုးရပါတော့တယ်။ ခုလည်း သီတင်းကျွတ်ကျောင်းပိတ်ရက်ကလေး အမီ ပြန်ရမှာမို့ အလုအယက် ပြုံတိုးစီးရာက ဖြစ်ပွားသွားတဲ့ ဖြစ်ရပ်တခုပါပဲ။ နိုင်ငံ့အညွန့်အဖူး ကျောင်းသူကျောင်းသားတွေ၊ အနန္တော အနန္တ ဂိုဏ်းဝင် ဆရာဆရာမတွေနဲ့ အပြစ်မဲ့ပြည်သူတွေ (စာရင်းတွေ့ ၇၀ ကျော်) သေဆုံးကြရပါတယ်။ ကျန်ရစ်သူ မိသားစုတွေနဲ့ ဆွေမျိုးသားချင်းတွေ ရင်ကွဲကြရပါပြီ။ ခု ဗမာပြည်မြောက်ပိုင်းမှာ (အချင်းချင်းတိုက်နေတဲ့) တိုက်ပွဲကြီးတခုရဲ့ အသေအပျောက်နဲ့ ချိန်ထိုးကြည့်သင့်တယ်။ ပြော ချင်တာက တပြည်လုံးမှာ (မသေသင့်ဘဲ) သေနေကြရတယ်ဆိုတာပဲ။ ၂ နေရာစလုံး မသေထိုက်ဘူး။
ခုဒီကိစ္စ ပြောဆိုနေကြတာတွေမှာ ယာဉ်ပိုင်ရှင် ယာဉ်မောင်းနဲ့ ရေယာဉ်သမားများကိုပဲ တရားခံအဖြစ် ‘ဇောင်း’ပေး ဖော်ပြနေကြ တာက များတယ်။ သူတို့လည်း တာဝန်ရှိတာ အမှန်ပါ။ တချို့က သမ္မတကြီး မေးမြန်းဖော်မရလို့ အပြစ်ဆိုကြတယ်။သမ္မတကြီး မေးတော့ မေးတယ်။ နောက်ကျတာ ရှိတယ်။ ဒါပေမဲ့ ဗိုလ်သန်းရွှေ နာဂစ်တုန်းက လျှိုနေခဲ့တာနဲ့တော့ မတူဘူးထင်ပါတယ်။
တော်လှန်ရေးကောင်စီခေတ်က ‘ဝန်ကြီး’တာဝန်ပေးထားတဲ့သူတွေကို ‘တာဝန်ခံ’လို့ သုံးတယ်။ အခုလည်း တာဝန်ရှိတဲ့သူတွေ တာဝန်ခံသင့်ပါတယ်။ ရခိုင်ကိစ္စမှာ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေ တာဝန်ယူရမယ်။ အောင်စိုးမိုးကျော်ကိစ္စမှာ ပို့ဆောင်/ ဆက်သွယ် ရေးဝန်ကြီး တာဝန်ယူရမှာပါ။
နိုင်ငံတကာ စံနှုန်းနဲ့ဆိုရင် ကိုယ့်သိက္ခာကိုယ် တန်ဖိုးထားပြီး အလျှိုလျှို နုတ်ထွက်ကုန်ကြပြီပေါ့။ ဒါပေမဲ့ တာဝန်ယူထဲ့ အစဉ် အလာဟာ ဗိုလ် နေဝင်းကတည်းက မရှိတာပါ။ တာဝန်ယူကြေးဆိုရင် ၆၂ ဇူလိုင် အရေးအခင်းကစပြီး နောက်အရေးအခင်းတွေအထိ စက်တိုင်တက်ရမယ့်သူတွေ လျက်ချိုးရေလို့ မကုန်နိုင်ဘူး။ သူများကို လွှဲချတဲ့ အစဉ်အလာသာ ထွန်းကားခဲ့တာကလား။
(၃)
ဆိုင်ရှင်ရုပ်သိမ်းခြင်းနဲ့ ခရိုနီပြဿနာ
ဒီနေ့ ခရိုနီတွေရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန် ဒေါ်လာ ၆၇ ဘီယီယံကျော် ရှိတဲ့ ဗမာပြည်ရဲ့ GDP ကို ကျော်နိုင်တယ်လို့ တွက်သူက တွက်တယ်။ ဦးသိန်းစိန်လက်ထက် ဗမာပြည်မှာ ဒေါ်လာ ၁ ဘီလီယံအထက် ချမ်းသာသူ လုပ်ငန်းရှင်၂၀ မပြည့်ဘူး။ အခုအချိန်တော့ ၂၀ နဲ့ ၅၀ ကြားအထိ တိုးများလာတယ်။ ဒီလိုဖြစ်သူတွေဟာ လွှတ်တော်အတွင်း လုပ်ပိုင်ခွင့်ရှိသူတဦးနှင့် NLD ထိပ်ပိုင်း ခေါင်းဆောင်တချို့နဲ့ နီးစပ်သူတွေ ဖြစ်နေကြတာ တွေ့ရကြောင်း ဖော်ထုတ်သူက ဖော်ထုတ်တယ်။
ဒေါ်အောင်ဆန်းစုကြည်က ခရိုနီတွေရဲ့ ချမ်းသာကြွယ်ဝမှုတွေကို တိုင်းပြည်အတွက် အသုံးချချင်နေတယ်။ ကောင်းသော ခရိုနီနဲ့ မကောင်းသော ခရိုနီလို့ သရုပ်ခွဲခဲ့တယ်။ အခုပြောတာက “မိမိတို့အတွက် လုပ်ခဲ့ပြီးပြီ။ တိုင်းပြည်အတွက် မိမိတို့နဲ့ ပူးပေါင်းပြီး လုပ်ဆောင်ကြပါ” လို့ ဖိတ်ခေါ်ခဲ့တယ်။ တိုင်းပြည်စီးပွားရေးအခြေအနေ မကောင်းတာက ‘ရက် ၁၀၀ အတွင်း စီးပွားရေး ကောင်းလာ စေရမယ်’လို့ အာမခံတဲ့ ဝန်ကြီးတပါးရဲ့ စကားကို ဖုံးလွှမ်းသွားခဲ့ပါပြီ။ ခု ၆ လ ကျော်လာခဲ့တော့ သမ္မတရော ဒေါ်အောင်ဆန်းစုကြည်ကပါ ဝန်ခံတောင်းပန်ခဲ့ရတယ်။
တိုင်းပြည်မှာ စီးပွားရေးကွာဟမှုက ကြီးသထက် ကြီးလာနေတယ်။ ဝင်ငွေ တရက် ၂၀၀၀ ကျပ်မကျော်တဲ့ သူက ၁၅ သန်းကျော် ရှိလာပါပြီ။ ဒီလို ကွာဟမှု ဖြစ်သွားတာမှာ သူတို့လက်ချက် မကင်းလို့ သူတို့ကို မဏ္ဍိုင်ထား တည်ဆောက်မှာကိုတော့ ပြည်သူတွေက ဘဝင်ကျ လှမယ် မထင်ဘူး။ ကောင်းသောခရိုနီလို့ အရုပ်ရေးကြည့်ရင် ပါးဖောင်း ဗိုက်ပူကြီးတွေပဲ တွေ့ရလိမ့်မယ်။
ဇေကမ္ဘာကြီးက ကြိုပြောထားတာ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို (တိုင်းပြည်အတွက်) အသုံးချရမယ်....တဲ့။
ခုတော့ အသုံးကျလာပြီပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးမှာ ဒေါ်လာ ၈ ဘီလီယံခန့် (၇ ဒဿမ ၇၃ ဘီလီယံ) အကူအညီ ရလာခဲ့တယ်။ ဂျပန်-မြန်မာ စီးပွားရေး ဖိုရမ်တက်ကြဖို့ စီးပွားရေးလုပ်ငန်းရှင်ကြီး ၃၀ ကျော် အဆင်သင့်ဖြစ်ကြပါပြီ။ တိုင်းပြည်ကိုကောင်းအောင် ဘယ်လို လုပ်ကြမလဲ။ စောင့်ကြည့်ပါမယ်။ ဂျပန်ကတော့ အမယ်များလှတဲ့ စီးပွားရေးလုပ်ငန်းတွေ နိုင်ငံအနှံ့ ထူထောင်ထား နိုင်ခဲ့ကြပြီ။
ဆိုင်ရှင်တွေ ရုပ်သိမ်းပြီးတဲ့နောက် ခရိုနီတွေ ခြေလှမ်းစိပ်လာခဲ့တယ်။ မူဆယ်လေယာဉ်ပျံကွင်း ဆောက်လုပ်ခွင့်ရရေးအတွက် ဦးနေဝင်း မြေး ၂ ယောက်ရယ်၊ (ထူး) တေဇနဲ့ ဦးစိုင်းအိုက်ပေါင်းတို့ အပြိုင်ကြဲကြတာ တွေ့လိုက်ရတယ်။ ရန်ကုန်မြို့သစ်စီမံကိန်း ပြန်လုပ်တော့မယ်။ လူကြားကောင်း ပိတ်လိုက်တဲ့ တခြားဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ဝေဝေစည်စည် ဖြစ်လာတယ်။
ဖဆပလခေတ် ဝန်ကြီးချုပ်ဦးနုက အစိုးရဌာနတချို့ ခြစားမှုတွေများလာလို့ (အဲဒီလူတွေကြား) ထင်ရူးသေတ္တာတလုံး ချပေးလိုက်ရင် တခဏနဲ့ သေတ္တာကြီး ပျောက်သွားလိမ့်မယ်လို့ ပြောခဲ့တယ်။ အခုလည်း စားချင်စရာ အကွက် (ထင်းရှုးသေတ္တာ) တွေ တကွက်ပြီးတကွက် ပေါ်လာနေပါတယ်။ခရိုနီဦးရေလည်း တိုးသထက် တိုးလာတယ်။ ခြကောင်ရေလည်း ပွားသထက်ပွားလာမှာကတော့ အသေအချာပါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ် အချို့မှာတော့ ဝန်ကြီးချုပ်တွေ နုတ်ထွက်ပေး ဖို့ ဆန္ဒပြ တောင်းဆိုမှုတွေ ကြားလာရပြီ။
(၄)
တရုတ်၊ အမေရိကန်၊ ဂျပန်၊ အိန္ဒိယနဲ့ မြန်မာ့ နိုင်ငံရေး
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ နိုင်ငံတကာ ခရီးထွက်နေကြတာ သိပ်များပါတယ်။ ပြည်တွင်းမီးတွေဘက် မလှည့်နိုင်သေး၊ တခြားနိုင်ငံတွေကတော့ ပြည်တွင်းမီးပေါ်တာနဲ့ ခရီးစဉ်တွေ ဖျက်လေ့ရှိကြတယ်။ ဒါကို ကြည့်ခြင်းဖြင့် နိုင်ငံတကာ ရင်းနှီးမြှုပ် နှံမှု၊ ဘဏ္ဍာငွေကြေးနဲ့ ကူးသန်းရောင်းဝယ်မှုတွေအပေါ် အခြေစိုက်ထားပြီး ဒီမိုကရေစီရေးအတွက် သူတို့ရဲ့ ထောက်ခံမှု၊ ဖိအားပေးမှုတွေကို အတော် မျှော်ကိုးထားပုံရပါတယ်။
တရုတ်အနေနဲ့ ဘက်စုံက အခြေချထားပြီးပြီ၊ ဂျပန်ကလည်း ထဲထဲဝင်ဝင် လုပ်ထား/ လုပ်နေပါတယ်၊ အိန္ဒိယက တိုးဝင် နေဆဲဖြစ်တယ်။ ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာ အမေရိကန်က အချိန်ယူရပါဦးမယ်။
စုံစုံညီညီဖြစ်လာချိန် ဗမာပြည်ရဲ့ လူမှုဘဝကို မှန်းမျှော်ကြည့်မိတယ်။ (၁) ခရိုနီတွေ ပိုချမ်းသာလာမယ် (၂) ပြည်သူတွေအနေနဲ့ ဆလံပေးရမယ့်သူများလာမယ်၊ ပြည်တွင်းပြည်ပ သူ့တပည့် ကိုယ်တပည့် ခံယူကြပြီး အမျိုးသားစည်းလုံးညီညွတ်မှု ပြိုကွဲနိုင်တယ် (၃) တိုင်းပြည်အတွင်း တည်ရှိခဲ့/ တည်ရှိတိုးပွားလာနေဆဲ လူဆိုးလူမိုက် (မာဖီးယား) ဂိုဏ်းတွေ အင်အားကောင်းလာမယ်၊ လက်ရဲဇက်ရဲ ပိုလုပ်လာလိမ့်မယ်။ (ခုတောင် ရာဇဝတ်မှုခင်းတွေများလွန်းလို့ တထိတ်ထိတ် တလန့်လန့် ဖြစ်နေကြရပြီ မဟုတ်လား)။
(က) ပြည်နယ်/ နယ်စပ် ပါတီနိုင်ငံရေး - လက်နက်ခဲယမ်းဆိုတာ အလကား ထားလို့ မရ(နိုင်ငံရေးအကျိုး စီးပွားအတွက်) အသုံးချနေ ရမယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ပေါ်လစီကြောင့် တိုက်ပွဲတွေ အဆက်မပြတ်ပေါ်နေတယ်။ တိုင်းရင်းသားပါတီတွေရဲ့ အဓိက လုပ်ငန်းက ကိုယ့်အမျိုး သားတွေကို ကယ်ဆယ်ရေး၊ ပြုစုစောင့်ရှောက်ရေးနဲ့ စစ်ပွဲတွေ မဖြစ်ရေး မေတ္တာရပ်ခံတဲ့ ကိစ္စတွေပဲ တဝဲလည်လည် ဖြစ်နေတယ်။ စစ်ဖြစ် နေလေတော့ လူထု တိုးတက်ရာ တိုးတက်ကြောင်း စီမံကိန်းချပြီး မလုပ်နိုင်ကြပါဘူး။
(ခ) ပြည်မပါတီ နိုင်ငံရေး - ပါတီကြီးတွေက ၂၀၁၇ ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြတာ ရှိတယ်။ ဒီအထဲက စိတ်ဝင် စားစရာပါတီကြီးအချို့ရဲ့ အခြေအနေကို တင်ပြချင်ပါတယ်။
ဒီချုပ်။ ။ အာဏာ (တစိတ်တပိုင်း) ရတာ ၆လ ကျော် ၇လ နီးပါး ရှိပြီ။ ရွေးကောက်ပွဲနိုင်တာ တနှစ် ရှိတော့မယ်။ ကတိစကားတွေနဲ့ ထုတ်ပြန် ချက်တွေပဲ ရလိုက်တယ်။ ဆင်းရဲမွဲတေမှုတွေပဲ ရလိုက်တယ်၊ ဒီချုပ်တက်လာပြီးနောက်မှာ ဒီမိုကရေစီကို မျှော်လင့်ထားတဲ့ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားနဲ့ ဒီချုပ်က ကိုမျိုးရန်နောင်သိန်းပင် ဖမ်းဆီးခံရတာ၊ ထောင်ကျခံရတာ စတဲ့ ဒီမိုကရေစီ ပိတ်ပင်ခံရမှုတွေပဲ ရလိုက်တယ်။ အနာဂတ် မျှော်မှန်းချက်တွေ ဘယ်ရောက်ကုန်ပြီလဲ။
ဒီချုပ်အနေနဲ့ အစိုးရပိုင်းနဲ့ ပါတီအပိုင်းရယ်လို့ ၂ ပိုင်းရှိရာမှာ အစိုးရအပိုင်းက တာဝန် မကျေတာ ဝန်ခံသွားကြပြီ။ ပါတီအပိုင်းမှာ ကြည့်တော့ ညီညွတ်မှု ပြိုကွဲနေတာ အထင်အရှားတွေ့နေရတယ်။ လူသိထင်ရှား ရှမ်းပြည်နယ်ဒီချုပ်တွေ ထုတ်လိုက်ရတာ-ဒီချုပ်အမှုဆောင် တွေထဲက တယောက် တပေါက်ကိစ္စ၊ အစိုးရနဲ့ ပါတီထဲမှာ အောက်ခြေလွတ် ဘဝင်မြင့်နေတဲ့သူတွေကြောင့် လူထုရဲ့ ဒဏ်ခတ်ခံရလိမ့်မယ်လို့ ပါတီခေါင်းဆောင်တွေက ပြောနေရတာတွေဟာ စစ်တပ်အကြိုက်၊ ကြံ့ဖွံ့အကြိုက်ဖြစ်နေတယ်။ ပိုထင်ရှားတဲ့ စာရင်းဇယားတခုက “ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ၄၅ ဦး ရှိတဲ့အနက် ၃၀ ကျော်လောက်က မသင့်မတင့် ဖြစ်နေတယ်”လို့ ထုတ်ပြန်လာ ပါတယ်။(ကိုယ့်ပါတီကိုတောင် ရင်ကြားမစေ့နိုင်ပါလား။) ဒါပေမဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကတော့ နေရာစေ့ဝင်ပြိုင်မယ်၊ နေရာတိုင်းမှ နိုင်ရမယ်လို့ ပြောထားခဲ့တယ်။
ကြံ့ဖွံ့။ ။ သူလည်း နေရာစေ့ ဝင်ပြိုင်မယ့် အဖွဲ့ဖြစ်တယ်။ လစ်လပ်မဲဆန္ဒနယ် ၃၄ နေရာအနက် အခုကျင်းပမယ့် ၁၉ နေရာစလုံး ဝင်ပြိုင်မယ့် ကိုယ်စားလှယ်အားလုံး အနိုင်ရအောင် စီမံထားတယ်လို့ ပြောပါတယ်။ ဒီပါတီအကြောင်း ခုအချိန် ပြောရာမှာ စိတ်ဝင်စားစရာ ၂ ချက် ရှိပါတယ်။ (၁) က ၂၀၁၅ ရွေးကောက်ပွဲမှာ ဖရိုဖရဲဖြစ်သွားပြီးတဲ့နောက် ဥက္ကဋ္ဌ အသစ်တယောက် တက်လာတာ ဖြစ်တယ်။ စစ်ဗိုလ်ဟောင်းပါပဲ။ (၂) နောက်တချက်က သူ့ပါတီရဲ့ ပေါ်လစီ ကြေညာချက်ဖြစ်တယ်။ ဒီအထဲမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးစတာတွေဟာ လက်တွေ့မှာ ကို့ယို့ ကားယားတွေချည်းပဲ။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ပွင့်လင်းမြင်သာမှု ဟူသည့် အသုံးအနှုန်းများသည် လက်တွေ့မကျဘဲ လူ့အခွင့်အရေး ကို အကြောင်းပြပြီး အမျိုး ဘာသာ သာသနာကို ထိခိုက်နိုင်သည်/ မိမိတို့ပါတီ၏ ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းစဉ်သည် အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေး ဖြစ်သည်/ ပြည်သူလူထု၏ စားဝတ်နေရေးနှင့် လုံခြုံရေးသည် ဒုတိယ ဦးစားပေးဖြစ်ပြီး လူ့အခွင့်အရေးထက် အရေးကြီးသည်.... လို့ သူ့အင်တာဗျူးမှာ ပြောခဲ့ တယ်။ ကွယ်လွန်သူဝန်ကြီး ဦးအောင်သောင်းရဲ့ လုပ်ငန်းစဉ်တွေမို့ အသစ်မဟုတ်ပါဘူး၊ စစ်တပ်ရဲ့ မူဝါဒတွေနဲ့ စည်းမကွဲလှပါဘူး။ ဦးအောင်သောင်း လက်ထက်က ပေါ်ပေါက်ခဲ့တဲ့ လူမျိုးရေး ဘာသာရေး ထိပ်တိုက်တွေ့မှုများ အကြမ်းဖက်သတ်ဖြတ်မှုများဆီ ဦးတည်ထားမို့ အန္တရာယ် ကြီးလှပါတယ်။
တစည။ ။ ကလည်း နေရာစေ့ပြိုင်မယ်လို့ ဆိုပါတယ်။ သူတို့လည်း တနိုင်ငံလုံး ပြိုင်ခဲ့ပြီ။ ၁ နေရာသာ ရခဲ့ပေမယ့် ဘဏ္ဍာရေး တောင့်တဲ့ပါတီမို့ ပြိုင်နိုင်ကြပါတယ်၊ အမာခံ ကေဒါကြီးတွေကလည်း အသက်အရွယ် ကြီးကုန်ကြပါပြီ။ ပြန်လည်ဖွဲ့စည်းမှုတွေ လုပ်လိုက်ကြပေမယ့် နုပျိုသစ်လွင် မလာပါဘူး။ ကြံ့ဖွံ့က နောင် ၅ နှစ် နောင် ၁၀ နှစ် ကြွေးကြော်သံတင် စိတ်ကူးယဉ်ထားကြပေမယ့် သူတို့ စိတ်ကူး မယဉ်နိုင်ကြပါဘူး။
ပြည်မထဲက ကျန်တဲ့ပါတီတွေကတော့ အိမ်ဖြည့်အဆင့်ပဲ ရှိပါတယ်။ ပါတီကြီးတွေ အဓိက ပြိုင်ရမှာက တိုင်းရင်းသား ပါတီတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် လက်ရှိဒီချုပ်အနေအထားအရ ပြီးခဲ့တဲ့ ရွေးကောက်ပွဲလောက်တော့ မနိုင်နိုင်ဘူး....လို့ တွက်ပါတယ်။ မနိုင်လည်း သူတို့အဖို့ လွှတ်တော်နဲ့ အစိုးရ အဖွဲ့အနေအထားကို ဒီအတိုင်း ဆက်ထိန်းထားနိုင်မှာပါ။
(၅)
တိုင်းရင်းသားများနဲ့ NCA ကိစ္စ
- တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ထက်ရောက်ခွင့်ရမှသာ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်ကြောင်း၊ ချန်လှပ်ထားတဲ့ ၃ ဖွဲ့ကို ဖိတ်ကြားဖို့ နိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင် အဖွဲ့တွေက ညီလာခံ ပူးတွဲ ကျင်းပရေးကော်မတီစည်းဝေးပွဲမှာ တိုက်တွန်းခဲ့ကြတယ်။
- ဒေါ်အောင်ဆန်းစုကြည်က UNFC ကို လက်မှတ် အရင်ထိုး၊ ကျန်တာတွေ နောက်မှ ဖြေရှင်းဆိုတဲ့သဘောထား
- ကာချုပ်ကတော့ လက်နက်အရင်စွန့်ဖို့ ပြောထားခဲ့တယ်
- ဒီ ၃ ဦးရဲ့ အမြင်အယူအဆတွေ မတူကြတာကတော့ မြင်တဲ့အတိုင်းပဲ။ သိပ်သိသာတယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးဖြစ်စဉ် ၅ နှစ် ကြာဦး မယ်လို့ NCA တာဝန်ခံတဦးက ပြောခဲ့တာဖြစ်မယ်။
ဒီအခြေအနေမှာ စစ်တပ် ဘာလုပ်နေသလဲ။ တိုက်ပွဲတွေ ဆက်တိုက်ဖော်နေတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေအတွင်း သပ်လျှိုတဲ့ လုပ်ငန်းလုပ်တယ်။ ဝနဲ့ မိုင်းလားကိစ္စ၊ RCSS နဲ့ TNLA ထိပ်တိုက်တိုးမှု၊ DKBA အတွင်း ခလောက်ဆန်မှုစတာတွေမှာ သူ့လက်ရာတွေ မကင်းဘူး။ အားနည်းသွားတဲ့အပိုင်းကို ဝင်စားတယ်။ ချုပ်လိုက်ရင် တပြည်လုံး မတည်မငြိမ်ဖြစ်အောင် လုပ်နေတယ်။
ဒီအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စကားတခွန်း ကျွံထွက်သွားတာ ရှိတယ်။ ဂျပန်ပြည်မှာ ပြောခဲ့တာ ဖြစ်တယ်။ “ပြည်တွင်းစစ် မရပ်စဲတာရဲ့ အဓိက အခက်အခဲက စစ်မရပ်ချင်တဲ့ စိတ်ဓာတ်တွေကြောင့် ဖြစ်တယ်”....ဆိုတဲ့စကား၊ မှားသလား ဆိုတော့ မမှား ဘူး။ ပညာရှိ ဆန်ဆန် ပြောလိုက်တာပါ။ ပြဿနာတက်သွားတာက အဲဒီစိတ်ဓာတ်မျိုး ဘယ်သူ့ဆီမှာ ရှိသလဲ ....ဆိုတာ ထည့်ပြောမသွား တာပဲ။ ဒီစိတ် ဓာတ်မျိုးက စစ်နဲ့အကျိုးရှိနေတဲ့ စစ်ကြောင့် အာဏာကိုင်ထားနိုင်တဲ့ စစ်အုပ်စုဆီမှာပဲ ရှိတာဖြစ်တယ်။ တိုင်းရင်းသား တဦးက တော့ “ထိုးစစ် လုပ်နေတဲ့ သူဟာ ငြိမ်းချမ်းရေး မလိုလားလို့ပဲ” .... လို့ ထောက်ပြသွားတယ်။
(၆)
နိဂုံး
ဒေါ်အောင်ဆန်းစုကြည်က “ဗမာပြည်ဟာ သမိုင်းသစ်ကို ရေးထိုးချိန်” လို့ သတ်မှတ် ပြောဆိုထားတယ်။
ကျွန်တော်တို့ စိုးရိမ်နေတာက ခရိုနီကိစ္စ။ လယ်ယာ အခြေခံနိုင်ငံမှာ စိုက်ရသမျှ အကုန်စိုက်၊ စားရသမျှ အကုန်စား၊ လူဦးရေ ၇၀ ရာခိုင်နှုန်းအထိ ရှိတဲ့ လယ်သမားအရေးကို အဓိက အာရုံစိုက် ဖြေရှင်းရမယ့်အစား ခရိုနီတွေက စားရသမျှ အကုန်စား၊ ဝါးရသမျှ အကုန်ဝါးခဲ့ တယ်။ လေယာဉ်ကွင်းလည်း မရှောင်၊ တံတားတွေ၊ လမ်းတွေ၊ ဓာတ်သတ္တုတွေ၊ လက်နက်ခဲယမ်း၊ လေယာဉ်၊ သံချပ်ကာကား၊ အမြောက်၊ တင့်ကား အကုန် ဝါးခဲ့တယ်။ မြေကြီးတွေတောင် အလွတ်မပေး ဧကသိန်းချီ ဝါးခဲ့တယ်။ ခုလည်း ဝါးကြတော့မယ်။ လူတန်းစား ကွာဟချက် ကြီးပြီး မခံမရပ်နိုင်ဖြစ်ကြ မှာ စိုးရိမ်ပါတယ်။
နောက်တခုက NCA ကိစ္စမှာ စစ်တပ်သဘောထားအတိုင်း သတ်မှတ် အကောင်အထည်ဖော်လိုက်မှာကို ဖြစ်တယ်။
ဆင်းရဲတွင်းနက်သထက် နက်လာပြီဖြစ်တဲ့ ပြည်သူတွေအနေနဲ့ ဒီထက်ပိုပြီး ဆင်းရဲဒဏ်ကို ခံနိုင်ကြတော့မယ် မထင်ဘူး၊
‘သမိုင်းသစ်’ဆိုတာ ကောင်းသောသမိုင်း ဖြစ်ဖို့လိုပါတယ်။
သမိုင်းသစ်ကို ၂၀၀၈ အောက်က ရေးထိုးလို့မရကြောင်း ဒီချုပ်ခေါင်းဆောင်များ မြင်သိလာတဲ့အထိ လူထုကစိတ်ရှည်သည်းခံ စောင့်ဆိုင်းနေလိမ့်မယ်လို့ ယူဆနေရင်တော့ သမိုင်းသင်ခန်းစာ မယူတတ်တာပဲ ဖြစ်ပါလိမ့်မယ်၊
(၇၊ ၁၁၊ ၂၀၁၆)