Thursday, April 13, 2017

ဆု(မျိုးမြင့်ချို)

0 comments
အရာရာသည် သူ့ဇယားကျအတိုင်း သွားရပါသည်။ ကမ္ဘာလည်း သူ့ကို ဘယ်သူ့မှ သွားမလှည့်ပဲ ခုထိ လည်နေမြဲပါသည်။ ဤနေရာတွင် သိတ်မသေချာသည်မှာ ကမ္ဘာလည်တာလား ကျနော်တို့ အလှည့်ခံထားရတာဆိုတာပင်ဖြစ်ပါသည်။ ထားပါတော့ ကမ္ဘာလည်လည် ကျနော်တို့လည်လည် ပြဿနာတော့သိတ်မရှိပါ။ လည်တော့ လည်နေမှဖြစ်ပါမည်။ အလည်ရပ်နေလျှင် သို့မဟုတ် အလည်ရပ်သွားလျှင် ရှုပ်ထွေးမှုတွေများကာ ကိစ္စတွေရှိလာပါလိမ့်မည်။ ထိုအခါ လူ့ဆရာတွေက ငါတို့ အစောကြီးထဲကမပြောဘူးလား ကမ္ဘာပျက်မယ်ဆိုတာကိုဟုဆိုက လက်ခမောင်းတွေခတ်ကြပါလိမ့်မည်။ ထိုလူတွေ နားမထွင်းဖြစ်နေသည်မှာ ကမ္ဘာပျက်လျှင် သူတို့လည်း ခေါင်းနှင့်ကိုယ် အိုးစားကွဲမည့်အရေး မတွေးမိကြတာဖြစ်ပါသည်။ လူတကာသေလျှင် ငတေလည်းခေါင်းမာလို့မရပါ။ ထို့ကြောင့်ကျနော်သည် ကမ္ဘာဖျက်ရန် ယောင်လို့ပင်စိတ်မကူးမိပါ။ ကမ္ဘာဖျက်လက်နက်များ ကိုင်ထားသည့်နိုင်ငံတွင်နေရသည့်တိုင် ကမ္ဘာဖျက်မည့်အကြံဆိုး ဉာဏ်ဆိုး ကျနော့်တွင် မရှိပါ။ ဘယ်သူ ကမ္ဘာဖျက်ဖျက် ကမ္ဘာပျက်လျှင် အကုန်ပျက်ပါမည်။ ကမ္ဘာကို လူတို့ အကြိမ်ကြိမ်ဖျက်ခဲ့ကြပါသည်။ ကမ္ဘာစစ်ကြီးတွေဖြစ်ပြီးကို ဖျက်ကြပါသည်။ ကမ္ဘာပျက်မသွားပဲ သူတို့သာ ကိုယ်ကျိုးတွေနည်းကြပါသည်။ ကိုယ်ကျိုးစီးပွားတွေလည်း ဖြစ်ကြပါသည်။ ခုလည်း မြောက်ကိုးရီယားကို ရန်သွားထောင်နေပါသည်။ မြောက်ကိုးရီးယားမှာလည်း ကမ္ဘာဖျက်လက်နက်တွေရှိပါသည်။ အစ္စရေးလ်ကို မြှောက်ပေးပြီး ဂျုးနှင့် အာရဗ်တွေကို မီးမွှေးပေးနေပါသည်။ ဂျပန်ကို ထောင်ပေးပြီး တရုတ်ကိုရန်စောင်ခိုင်းနေပါသည်။ တရုတ်တွင်လည်း ကမ္ဘာဖျက်လက်နက်တွေရှိပါသည်။ အန်ကယ်လ်ဆမ်သည် သူ့မြေပေါ် ကျည်တတောင့်မှအကျမခံပဲ ကမ္ဘာပတ်စစ်တိုက်စားနေသူဖြစ်ပါသည်။ သူ့နိုင်ငံသားသူ့စစ်သားတွေ နိုင်ငံ့ပြင်ပတွင် မည်မျှသေသေ သူ အလေးမထားပါ။ အခေါင်းတွေ အလံအုပ်ပြီး လေယဉ်ပျံနှင့်ပြန်သယ်ကာ စစ်သဂျိုင်းတွင် သေနတ်အောက်စိုက်အလေးပြုကာ ဘလန့်ခ်ကျည်တွေမိုးပေါ်ထောင်ပစ်ပေးကြကာ အမြောက်တွေဖေါက်ကြလုပ်ကာ စစ်သားမယားနှင့် ကျန်ရစ်သူများအား နှစ်သိမ့်ပေးပါမည်။ ပြီးလျှင် ကျနော်တို့အိပ်ထဲကငွေနှင့် ကျန်ရစ်သူများကို မသေမချင်း မစို့မပို့ထောက်ပံ့ပါမည်။ သမ္မတဆုတို့ဘာတို့လည်း ရင်ဘတ်ထိုးပေး လည်ပင်းချိတ်ပေးလုပ်ကြပါမည်။ ထိုသတ္ထုပြားကြီးမှာ အခန်းထောင့်ကစားပွဲတင်ထားသည့် ဆုတံဆိပ်တွေအဖြစ် ကြာလျှင်ဖုန်တက်ကုန်ပါသည်။ သို့သော် ထိုဆုတံဆိပ်တွေကို လူတွေမက်မောကြပါသည်။ သန်းရွှေအပါအဝင် ဗမာပြည်ကစစ်ဗိုလ်တွေ နေ့ကြီးရက်ကြီးဆိုလျှင် စစ်ယူနီဖောင်းနှင့် ထိုတံဆိပ်တွေ ရင်ဘတ်အပြည့်ချိတ်ပြီး တက်လာကြပါသည်။ ကျနော့် ခွေးလေး ၂ ကောင်တွင်လည်း လည်ပတ်နှင့် ဆုပြားလေးတွေကိုယ်စီ လည်တွင် ဆွဲထားကြပါသည်။ စစ်သားမယားကား ဆုအပြားကြီးရပါသည်။

ကြက်ဆင်ဒုက္ခ(မျိုးမြင့်ချို)

0 comments
ဒီမနက် အလုပ်သွားတော့ ကားကို အတော်သတိထားမောင်းရပါသည်။ ခုရာသီသည် ကြက်ဆင်များ အုပ်လိုက်အုပ်လိုက် ထွက်တတ်သလို ငန်းညိုရိုင်းကြီးများလည်း မိတ်လိုက်ရန် သားပေါက်ရန်ပြန်လာသည့်ကာလဖြစ်ပါသည်။ သမင်တွေလည်း အထွက်များပါသည်။ ရက်ခွန်းဆိုသည့် ရှည့်အကြီးလိုလို ဝက်ဝံပေါက်စငယ်လိုလို မျက်ကွင်းညိုကြီးများနှင့်အကောင်လေးတွေလည်း လမ်းပေါ်အလွန်ထွက်သည့် သမယဖြစ်ပါသည်။ ဒေါင်းတွေလည်း တွန်ကြတောက်ကြပါပြီ။ ရာသီလေးနွေးစပြုလာသဖြင့် အကောင်ဗလောင်စုံ တောလည်ကြ မျိုးဆက်ရင်သွေးတွေမွေးမြူ ပေါက်ဖွားရင်း လောကကိုသစ်ဖို့ အသက်ဆက်ကြဖို့ ပြင်ဆင်ကြချိန်ဖြစ်ပါသည်။ အချစ်၊ လိင်စိတ်နှင့် မိသားစုဘဝများဆောက်ကြမည်ဖြစ်ပါသည်။ အင်ဒီယားနား ၈ Indiana 8 လမ်းပေါ်ရောက်တော့ ထင်သည့်အတိုင်း ကြက်ဆင်တအုပ်က လမ်းကို စိမ်ပြေနပြေ ဖြတ်နေတာနှင့် တည့်တည့်သွားတိုးပါသည်။ ခန့်မှန်းခြေ အကောင် ခြောက်ဆယ်ခန့် ရှိမည်ထင်ပါသည်။ တောလည်း နည်းနည်းနက်သည့်နေရာဖြစ်ပါသည်။ လူနေအိမ်ခြေပြတ်သည့်နေရာလည်းဖြစ်ပါသည်။ ဒါနှင့် ကားရပ်ပြီး သူတို့ဖြတ်တာ မပြီးမချင်းစောင့်ရပါသည်။ တော်တော်နှင့်မပြီးနိုင်ပါ သူတို့အမေ့လင်ပိုင်သည့်စင်ပေါ် ထင်သလိုကြဲမည်ဆိုသည့် အထာမျိုးတွေနှင့်ဖြစ်နေပါသည်။ ကျနော့်နောက်မှာလည်း ကားက ဆယ်စီးလောက်တန်းမိနေပါပြီ။ တချို့ကားတွေက ဘာမှန်းမသိသဖြင့် ဟွမ်းတဗွမ်ဗွမ်လုပ်နေပါပြီ။ မျက်နှာချင်းဆိုင်တဘက်လမ်းကြောမှာလည်း ကားက ဆယ့်လေးငါးစီးဖြစ်နေပါပြီ။ ကြက်ဆင်တွေကတော့ ဘာမှအရေးလုပ်စရာမလိုဆိုသည့်အထာနှင့် ကိုယ်ဟန်ပြမယ်တွေလို ဖက်ရှင်မယ်တွေလို အေးအေးလူလူ လမ်းပေါ်ဖြတ်နေကြပါသည်။ ကျနော် နောက်ထပ် မိနစ် ၂ဝ နီးပါးမောင်းရပါဦးမည်။ အလုပ်ကလည်း ၇ နာရီတွင် စရပါမည်။ ခု နာရီကြည့်လိုက်တော့ ၆ နာရီ ၄၃ မိနစ်ဖြစ်နေပါပြီ။ သူတို့ကိုစောင့်ရသည်မှာ ၅ မိနစ်ကျော်ပါပြီ။ ဒါနှင့် ကားကို ခတ်ဖြည်းဖြည်းလေးလှိမ့်ကာ သူတို့အနားထိသွားပြီး ဟွန်းကို ဗွမ်းကနဲတချက် နှိပ်လိုက်တော့မှ သူတို့တွေ လမ်းဖြတ်သည့်အကောင်ကဖြတ် နောက်ပြန်ဆုတ်သည့်အကောင်ကဆုတ်ပြီး ရှဲပေးကြပါသည်။ ကျနော်လည်း ဆက်မောင်းသွားလို့ရပါသည်။ ထိုကိစ္စသည် အမေရိကန်ကျေးလက်က လမ်းများတွင် နေ့စဉ်ဖြစ်နေသည့် သာမန်ကိစ္စ နိစ္စဓူဝဆိုသော်လည်း ပြဿနာအတော်ရှိပါသည်။

ပေါက်စီ ငရုပ်ဆီ(မျိုးမြင့်ချို)

0 comments
ကက်သားပေါက်စီ ၂ လုံးရှိပါသည်။ အမှန်က ခြောက်လုံးပါ လေးလုံးက စားလို့ကုန်သဖြင့် ၂ လုံးကြွင်းတာဖြစ်ပါသည်။ ပေါက်စီသည် ငြုပ်ဆီနှင့်စားမှ အရသာပြည့်ပါသည်။ ဒီက ငြုတ်ဆီတွေသည် အက်ဖ်ဒီအေခေါ် အစားအစာဆေးဝါးဌာနက မီးစိမ်းပြမှထုတ်ရဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည်ပြောရပါမည်။ ဗမာပြည်က ငြုတ်ဆီသည် သူ့ဟာသူ ကျန်းမာရေးနှင့် ညီညွတ်ညွတ်မညွတ်ညွတ် စားလို့အတော် ခံတွင်းလိုက်ပါသည်။ ဒန်ပန်းကန်ပြားလေးနှင့် မဟုတ်ဘဲ ထုတ်ထိုးကို တုတ်နှင့်ဘဲထိုးစားရတာကြိုက်သည့် ဝက်သားတုတ်ထိုးစွဲသူတချို့ဆိုလျှင် ခြင်းတောင်းဘေးက အချဉ်ရည်ပုလင်းလေးထဲ ထုတ်မှာထိုးထားသည့် ဝက်သားဖတ်ကလေးကို ထိုးထည့်လိုက် တပြွပ်ပြွပ်စုပ်လိုက် နောက်ပြန်ထိုးထည့်လိုက်နှင့် ဗမာ့ငြုတ်ဆီအစပ်အဟပ်၏အရသာကို တင်းပြည့်ကြပ်ပြည့်ခံစားနေကြတာ ကျနော် မြေနီကုန်းနှင့် လှည်းတန်းတဝိုက်တွင် မျက်ဝါးထင်ထင်မြင်ဖူးပါသည်။ ရွှေရေးထင်ထင်ကိုတော့ ခုထိ လူအကောင်လိုက်ကြီး မမြင်ဖူးပါ။ သူလည်း ဝက်သားတုတ်ထိုးလို နံမည်အလွန်ကျော်ပါသည်။ ငြုပ်ဆီပုလင်းထဲ တုတ်ထိုးထိုးစားရတာကိုရွံလျင် အိမ်မှာဘဲ ကိုယ့်ဟာကိုလုပ်စားကြပါ။ သို့သော် ထိုအရသာသည် လမ်းလေးတုတ်ထိုးသည်ငြုပ်ဆီအရသာကို မည်သို့ မမီနိုင်ဟုထင်ပါသည်။

နံနံပင်နိုင်ငံရေး(မျိုးမြင့်ချို)

0 comments
ကျနော်တို့ နိုင်ငံရေးအကြောင်းပြောကြသည့်အခါ နိုင်ငံရေးဆိုတာ နိုင်ငံရေးဆိုတာတွေနှင့်စကြပါသည်။ အမှန်က ကျနော်တို့ နိုင်ငံရေးဆိုတာကို နံနံပင်အကြောင်းလောက်ပင် မသိ၍ဖြစ်နိုင်ပါသည်။ နိုင်ငံရေးဘာမှန်းသိသည့်လူများ အာဏာရပြီး ကျနော်တို့အပေါ် အစိုးတရလုပ်တော့လည်း ကျနော်တို့ခံရပါသည်။ သို့သော် ကျနော်တို့သည် အောက်ကလည်းနေသေး ဟာဒီးတော့မလျှော့ဆိုသည့်အထာနှင့် နိုင်ငံရေးဆိုတာ နိုင်ငံရေးဆိုတာတွေ လုပ်နေကြရပါသည်။ ကံကောင်းလျှင် လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းအရင်းခေါက်ခေါက်ကြီး၏ မျက်စေ့အောက်ရောက် သွားနိုင်သေးသည်။ မျက်စေ့အောက်ရောက်သည်ဆိုသည်မှာ ထောင်ထဲ ဆွဲသွင်းခြင်းဖြစ်ပါသည်။ ထို့ထက်ပို ကံကောင်းလျှင် တောထဲ မောင်းအပို့ခံရပါမည်။ ထို့ကြောင့် ကျနော်တို့ နိုင်ငံရေးကို နားမလည်သေးမှန်း သိသာပါသည်။

ဆေးလိပ်အပြတ်(မျိုးမြင့်ချို)

0 comments
ကျနော် ဆေးလိပ်ဖြတ်သည့်အကြောင်းများတွင် ကရိကထများလွန်းသည့်ဒဏ် မခံနိုင်တာပါပါသည်။ ကျနော်လုပ်သည့်အလုပ်တွေမှာ ရုံးခန်းတွေနှင့်အဆက်အစပ်ဖြစ်ပါသည်။ မည်သည့်ရုံးခန်းထဲတွင်မှ ဆေးလိပ်သောက်ခွင့်မရှိပါ။ သောက်ချင်လျှင် အပြင်ထွက် အဆောက်အဦးနှင့် ပေ ၂ဝ အကွာမှာ သောက်ရပါသည်။ ကား ဂရပ်ခ်ျများတွင်လည်း သောက်မရပါ။ ကိုယ့်အိမ်ဆိုပြီးလည်း အိမ်ထဲလည်းသောက်မဖြစ်ပါ။ ဒီကအိမ်တွေသည် အလုံပိတ်တွေဖြစ်ပါသည်။ ဆေးလိပ်နံ့စွဲသွားလျှင် ပျောက်ဖို့အတော်ခက်ပါသည်။ အိမ်လာလည်သည့် ဧည့်သည်များတွင် ဆေးလိပ်မသောက်သူလူကြီးများ၊ ကလေးငယ်များပါလာလျှင် အတော်မျက်နှာပူစရာဖြစ်ပါသည်။ ကားဆိုလည်း ငါ့ကားဘဲ ငါ့ဟာငါသောက်ဖို့သည်မှာ မလွယ်ပါ။ ကားထဲအနံ့စွဲသွားလျှင်တော်တော်လေး မကောင်းပါ။ ဆောင်းတွင်း နှင်းတွေက ဒူးလောက်ပေါင်လောက်ကျနေချိန် ဆေးလိပ်သောက်ဖို့ အပြင်ထွက်ရသည့်ဒုက္ခမှာ အလွန်ကြီးပါသည်။ သို့သော် ထိုဒဏ်တွေကို ကြံဖန်ခံလို့ရပါသေးသည်။ အဓိက အကြောင်းရင်းမှာ ဗမာပြည်ကလို လမ်းဘေး ဟင်းလင်းပွင့်လဘက်ရည်ဆိုင်လေးများမရှိခြင်းနှင့် ဒီကရှိသည့် ကော်ဖီဆိုင်တွေမှာ ဆေးလိပ်သောက်မရတာဖြစ်ပါသည်။ ဒါနှင့် စိတ်တိုတိုဖြင့် ဆေးလိပ်ဖြတ်ပလိုက်ပါသည်။ ၆ နှစ်နီးပါးရှိပါပြီ။
မျိုးမြင့်ချို(ဧပြီ၊ ၁၃၊ ၂ဝ၁၇)

နွေဦးပေါက်(မျိုးမြင့်ချို)

0 comments
ကျနော် ချစ်ခင်ရင်းနှီးရသည် မိတ်ဆွေတိုင်းကို ခုလို နွေဦးလေးပေါက်ပလားဆို အိမ်လာလည်စေချင်ပါသည်။ ထင်းမီးဖြင့် ဖုတ်သောကင်သော အသားငါးအသီးအရွက်များနှင့် ဧည့်ခံချင်ပါသည်။ ဟို့ ခြံအနောက်က တောစပ်ထဲက ကေဘင်န်လေးထဲလည်း ရေနံဆီမီးအိမ်လေးတွေနှင့် လူကြီးတွေစာဖတ် ကလေးတွေ အထပ်ခိုးလေးတက်လိုက်ဆင်းလိုက် နေနေကြတာကို ပျော်ပါသည်။ ငါးတွေလည်း အစာကြွေးကြပါမည်။ ကြက်ဥတွေလည်း အတူကောက်ကြပါမည်။ ခွေးလေးတွေနှင့်လည်း ပြေးလွှားကစားကြပါသည်။ မှိုတွေလည်း ပွင့်တော့ပါမည်။ ကညွှတ်တွေတော့ အစို့ထွက်လာနေပါပြီ။ ကြက်သွန်ဖြူတွေလည်း လက် ခြောက်သစ်ခန့်အမြိတ်တွေရှည်နေပါပြီ။ စထရော်ဘယ်ရီတွေလည်း လန်းလာကြပါပြီ။ စပျစ်တွေတွေ ပုရစ်ဖူးပါပြီ။ ပန်းတွေလည်း ပွင့်ကြပါပြီ။ ဘေ့စ်စ်မင်န့်ထဲတွင် ဒရမ်ဆက်အပြည့်အစုံရော ပီယာနိုရော အသံဆိုင်ရာလျှပ်စစ်ပစ္စည်းတွေပါ အပြည့်ရှိသည့်အပြင် နံရံတွင်ကြိုက်သလောက်ရေး ဆေးဖျက်ရသည့်ဆေးများလည်း သုတ်ထားပါသည်။ ကလေးတွေ မြေဖြူရောင်စုံတွေနှင့် ကြိုက်သလောက် ခြစ်ရေးသွားလည်း ဖျက်လို့ဖျက်သည့်ဆေးသုတ်ထားပါသည်။ ကလေးတွေခေါ်ပြီး ကျနော့် တောကအိမ်လေးထဲ လာလည်ကြစေချင်ပါသည်။
မျိုးမြင့်ချို(ဧပြီ ၁၄၊ ၂ဝ၁၈)

လက်ပံ(မျိုးမြင့်ချို)

0 comments
ကျနော် ကျောက်ဆည်နေတုန်းက ကျနော်တို့တပ်ကနေ မြင်းလှည်းဖြင့် တနာရီမရှိတတ်ရှိတတ်မောင်းရသည့်နေရာတွင် လက်ပံဟုခေါ်သော ရွာကြီးရှိပါသည်။ ထိုရွာကြီးတွင် အားလုံးလိုလိုမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြပါသည်။ ကျောက်ဆည်နှင့်အနီးမြို့များ၏ အမဲသားလိုအပ်ချက်ကို သူတို့ ဖြည့်ဆည်းပေးနေတာဖြစ်ပါသည်။ ရွာထဲဝင်လိုက်လျှင်ပင် ဖုန့်နံ့ ဆိတ်ချေးနံ့ နွာချေးနံ့များနှင့်သင်းနေပါသည်။ လတ်လတ်ဆတ်ဆတ်ပေါ်ထားသည့် အမဲသားဝမ်းတွင်းသားကို တောအရက်နှင့် အဆီမခဲခင် ပူပူနွေးနွေးချက်မြည်းကြရင်း ပျော်ခဲ့ရပါသည်။ တခါတလေ ကျနော်တို့က အာမီရမ်လေးဘာလေးများ သယ်သွားလျှင် သူတို့အလွန်ဝမ်းမြောက်ကြပြီး သင်းပြီးနောက် သိမ်းထားထားသည့် နွားဂွေးဥ ဆိတ်ဂွေးဥများပါ ပြုတ်ကျော်လုပ်၍ကျွေးပါသည်။ ဦးနှောက်တွေလည်း ကြော်ကျွေးကြပါသည်။ မုန်လာချဉ်ဖတ် ပဲတီချဉ်ဖတ် နှမ်းဖတ်ချဉ်များ ပဲဖတ်ချဉ်များလည်း သုတ်သုတ်ကျွေးကြပါသည်။ အဲ့လူတွေ ချစ်ဖို့ကောင်းပါသည်။

ကွေ့တယိုသူဌေးမ(မျိုးမြင့်ချို)

0 comments
ကျနော် မဲဆောက်နေတုန်းက တနေ့ဈေးထဲသွားရင်း ဂျင်းဘောင်းဘီနှင့် တီရှပ်လေးနှင့် အသက်သုံးဆယ်ခန့် ကောင်မလေးတယောက်ကို မျက်နှာချင်းဆိုင် ဆုံမိပါသည်။ စိတ်ထဲ ထူးထူးဆန်းဆန်း ဒီကောင်မလေးဟာ တယောက်ယောက်နဲ့ တူလိုက်တာဟုဖြစ်ပြီး လွန်သွားမှ နောက်ကနေ ပြန်လှည့်ခေါ်ပြီး ဦးလေးနံမည် ဘယ်သူဘယ်ဝါဟုမိတ်ဆက်ရင်း နင့်ကို ငါသိတဲ့လူတယောက်ယောက်နဲ့ ရုပ်ခြင်းချွပ်စွပ်တူသလိုထင်မိလို့ပါ။ နင့်အဖေနံမည် ဘယ်သူလဲ၊ ဗမာပြည် ဘယ်နယ်မှာနေကြသလဲဆိုတော့ သူ့အဖေနံမည်ပြောပြပါသည်။ လက်ပံတန်းဘက်ကဖြစ်ပါသည်။
ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေကို သာယာဝတီထောင်တွင် အဆောင်ထားသူထား တိုက်ခန်းတွေထဲထားချင်ထားပြီး လိုသလိုနှိပ်ကွပ်ရန် ခွဲထားပါသည်။ အဓိက က လူမစုမိစေရန်ဖြစ်ပါသည်။ ထိုအချိန်က ကျနော်က ၁ တိုက်တွင်နေရပါသည်။ သာယာဝတီထောင်ရောက်စ ကျနော်တို့ အပြင်ထွက်ချိန်မှာ တနေ့လျှင် ၄၅ မိနစ်ဖြစ်ပါသည်။ ကျန်သည့် ၂၃ နာရီနှင့် ၁၅ မိနစ်ကို ၈ ပေ၊ ၁၂ ပေ အခန်းထဲတွင် လူ သုံးလေးယောက်အတူနေရပါသည်။
ထိုအချိန်က ကျနော်တို့သောက်ရေအိုးတွေဖြည့်ဖို့(သောက်ရေအိုးတွေမှာ အခန်းအပြင်တွင် ထားပါသည်။ သောက်ချင်လျှင် သံတိုင်ကြားလက်ထုတ်ပြီး ခပ်သောက်ရပါသည်) ကျနော်တို့စားဖို့ ထမင်း၊ တာလဘောစသည်များ ဖိုကြီးမှသွားယူပြီး ဝေပေးဖို့၊ ကျနော်တို့ စွန့်ပစ်စုပုံထည့်ထားသည် စည်ပိုင်းပြတ်ကြီးတွေထဲက ချေးသေးများအား မိလ္လာကြီးဆိုသည့်နေရာအထိ ထမ်းယူသွားပြီး မြေမြှုတ် စသည့်အလုပ်များ လုပ်ရန် ရာဇဝတ်မှုဖြင့်ကျလာသည့် ထောင်သားတွေကို ကျနော်တို့တိုက်တန်းတွေအစွန်က တိုက်ခန်းတခန်းတည်း ထည့်ထားပါသည်။ သူတို့သည် ထောင်ဖွင့်ချိန်မှ ထောင်ပိတ်ချိန်အထိ အပြင်တွင်နေရပြီး ထိုအလုပ်များလုပ်ရပါသည်။ သူတို့ကို အမြဲဆင်းဟုခေါ်ပါသည်။
ထိုအမြဲဆင်းများတွင်တယောက်က ခုနကောင်မလေး၏ဖခင်ဖြစ်ပါသည်။ သူထောင်ကျလာသည်မှာ သူတို့မိသားစုကိုဆင်းရဲသဖြင့် နှိမ်သည်ဆိုသည့် ရွာထဲက ပိုက်ဆံနည်းနည်းရှိသည့် ငနဲတယောက်ကို ခေါင်းရိုက်ခွဲမှုဖြစ်ပါသည်။ ကျုပ်သမီး အပျိုဖြန်းလေးကို အိမ်ပေါ်အထိ တက်ကြံတဲ့ကောင်ဗျ သူပြောပါသည်။
ထိုအမြဲဆင်းကြီးသည် ထစ်ကနဲဆို ခြေပါလက်ပါ ပါတတ်သည့် လူဖြောင့်စိတ်တိုကြီးဖြစ်ပါသည်။ စကားပြောလျှင် ပါးစပ်နှင့်တလုံးအပြည့်ကြီး ပြောတတ်ပါသည်။ သူ့တွင် ထောင်ဝင်စာလာတွေ့သူမရှိပါ။ ကျနော်တို့ကလည်း အထဲတွင်နေနေရသူတွေမို့ အပြင်က သူ့အညီအများကြီးလိုပါသည်။ စာတွေ ခိုးရေး ခိုးဖတ် ခိုးဖြန့်ကြသည်။ အဲ့တုန်းက ထောင်ထဲတွင် စာဖတ်ခွင့် မရှိသည့်ကာလလည်းဖြစ်ပါသည်။ စာလေး တထွာအညို တလာစီရင်း မိသွားလျှင် သေလုမျောပါးအရိုက်ခံရချိန်လည်း ဖြစ်ပါသည်။ သူပဲ တခန်းနှင့်တခန်း တတိုက်နှင့် ထောင်ဝါဒါတွေမသိအောင် အသွားအပြန် စာတွေ ကဗျာတွေ စာအုပ်တွေကို ခိုးဝှက်ယူပေးပါသည်။ သူသည် နိုင်ငံရေးသာ တလုံးတပါဒမှ မသိသော်လည်း နိုင်ငံရေးသမားတွေကို အတော် ချစ်ခင်လေးစားပါသည်။ သူ့အကိုတယောက် ကွန်မြူနစ်ဖြစ်ပြီး ပဲခိုးရိုးမတနေရာမှာ တိုက်ပွဲကျသွားသည်ဟုပြောပါသည်။ ကျနော်တို့ကလည်း သူပိုကြည်ဖြူစေရန်ရော စေတနာရောထည့်ပြီး ထောင်ဝင်စာလာတိုင်း အကြော်အလှော် အခြောက်အခြမ်းလေးများ ခွဲခွဲပေးပါသည်။ ထိုင်အခါမျိုးတွင် သူကျေးဇူးတင်စကားပြောပုံမှာ ထိုင်ဦးချမတတ်ဖြစ်သဖြင့် ကျနော်တို့က ပြန်အားနာရပါသည်။ နောက်တော့ သူ လွတ်ရက်စေ့၍လွတ်သွားပါသည်
အခုကျနော်နှင့် ဈေးထဲလာတွေ့သည့် ကောင်မလေးမှာ သူ့သမီးလေးဖြစ်ပါသည်။ နင့်အဖေရောရှိသေးလားဆိုတော့ ရှိတော့ ရှိသေးတယ် လေဖြတ်ပြီး အလုပ်မလုပ်နိုင်တော့လို့ အိမ်မှာဘဲ နှီးထိုးရောင်းစားနေတယ်ဟုပြောပါသည်။ ကျနော့် မျက်ရည်ဝဲရပါသည်။ နင်ကရော ဒီမှာ ဘယ်စက်ရုံမှာ လုပ်နေတာလဲဟုမေးတော့ စက်ရုံမဟုတ်ဘူးဦးလေး ကွေ့တယိုဆိုင်မှာလုပ်တာ။ ဒိနေ့တော့ သူဌေးမက နင်ဒီနေ့နား ငါလည်းဆိုင်ပိတ်မယ်ပြောလို့ လိုတာလေးတွေ လာဝယ်တာ။ ဘယ်နားကဆိုင်လဲ နောက်နေ့ ငါတို့လာစားမယ်ဟုပြောတော့ နေရာပြောပြပါသည်။
နောက်နေ့ ကျနော်တို့ သွားစားကြပါသည်။ ဆိုင်မှာ ဗမာပြည် လမ်းဘေးက မုန့်ဟင်းခါးဆိုင်ထက်ပိုမကြီးပါ။ ကျနော်တို့စားနေ စကားပြောနေသည့် နာရီဝက်လောက် အချိန်တွင် လာစားသူမှာ ၆ ယောက်ပဲရှိပါသည်။ သို့သော် ထိုဆိုင်ရှင်သည့် သူ့ အလုပ်ရှင်မ သူဌေးမအခေါ်ခံသည့်နေရာရောက်နေပါသည်။
ကျနော် ထပ်မျက်ရည်ဝဲမိပါသည်။ ထိုင်းမှာအလုပ် လုပ်နေကြသည့် ဗမာပြည်သား မျက်နှာမွဲတွေအတွက် ချောက်ချီးချောက်ချက် ကွေ့တယိုဆိုင်ပိုင်ရှင်လည်း သူဌေးမဖြစ်ရသည့် အဖြစ်ဆိုး ဘဝဆိုးတွေနှင့်ဖြစ်ကြရပါသည်။
ဧပြီ ၁၃၊ ၂ဝ၁၈)