Monday, July 25, 2016

ဘယ်မှာနေသလဲ(မျိုးမြင့်ချို)

0 comments
အပစ်ရပ်နဲ့ငြိမ်းချမ်းရေးကိစ္စတွေမှာ စစ်တပ်သဘောထားက
လက်ရှိအစိုးရနဲ့အတူတူပဲ ကွဲလွဲမှုမရှိဘူးဆိုတော့ လက်ရှိအစိုးရကရော
စစ်တပ်နဲ့သဘောထားအတူတူပဲလို့ ယူဆလို့ရတယ်။ ကာချုပ်မူ(၆)ချက်နဲ့
အပစ်ရပ်ဖို့ တနည်းပြောရရင် လက်နက်ချပြီးမှ
နိုင်ငံရေးစကားပြောမယ်ဆိုတဲ့အပေါ်မှာ
လက်ရှိအစိုးရအနေနဲ့ ဖားလား ငါးလားကွဲပြားအောင် သဘောထားတခု
အတိအလင်းထုတ်ပြန်မှဖြစ်လိမ့်မယ်။ နို့မို့ဆို ရှုပ်ထွေးမှုတွေပိုများပြီး
လူမျိုးစုံပြည်သူလူထုကြားမှာ သံသယတွေ မယုံသင်္ကာမှုတွေ
စိတ်ဝမ်းကွဲပြားမှုတွေ ပိုကြီးထွားလာစရာရှိတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး
(ရင်ကြားစေ့ရေး)ဆိုတာ စစ်တပ်နဲ့ အင်န်အယ်လ်ဒီ အလိုတူလို့
အာဏာကိစ္စအယားပြေနသားပါယားလုပ်ကြတာ နိုင်ငံရေးပလူးကြတာလို့
အဓိပ္ဗါယ်မထွက်ဘူး။

လူမျိုးစုတွေကြားမှာ အချင်းချင်း အပြန်အလှန်ထိုးနှက်နေတာ ဖိနှိပ်နေတာ စစ်ရေးအရတိုက်ခိုက်နေတာ မရှိဘူး။ မသင့်မမြတ်ဖြစ်နေတာ မရှိဘူး။ ရင်ဘတ်ဟပြဲလည်းဖြစ်မနေဘူး။

နောက်တချက် စကားလုံးအရ တွေးရမှာက
“ရင်ကြားစေ့တယ်“ဆို ကြားလူက ဝင်လုပ်ပေးရတာရှိသလို သက်ဆိုင်သူတွေချည်း မျက်နှာချင်းဆိုင်ထိုင်ပြီး ပြေလည်ရာပြေလည်ကြောင်း လုပ်ရတာလည်းရှိတယ်။
အင်န်အယ်လ်ဒီ(ဒေါ်အောင်ဆန်းစုကြည်)အနေအထားကဘာလဲ မေးခွန်းထုတ်ရမှာတွေရှိလာပြီ။ ကြားလူလား။ ခုံသမာဓိလား၊
စစ်အုပ်စုအလိုကျအသွင်းခံမယ့်“အပင်း”လား။
“သက်ဆိုင်သူ“တွေထဲရောပါလား။ ပွဲခရော ပွဲညွန့်ရောရဖို့ မျှော်မှန်းတာလား။

ဗမာပြည်မှာ အစဉ်အဆက် မသင့်မမြတ်ဖြစ်နေတာ ရင်ကြားစေ့မရတာက
ဗမာအပါအဝင် လူမျိုးစုံပြည်သူတွေအချင်းချင်းကြားမှာဖြစ်နေတာမဟုတ်ဘူး။
တိုင်းပြည်အပေါ် နိုင်ငံရေး စီးပွားရေး အုပ်ချုပ်ရေး အဖက်ဖက်ကလက်ဝါးကြီးအုပ်
ချယ်လှယ်သွေးစုပ်ဖိနှိပ်နေတဲ့စစ်အုပ်စုကတဘက် (လက်နက်ကိုင်
လက်နက်မကိုင်) အဖိနှိပ်ခံ လူမျိုးစုံပြည်သူလူထုကြီးကတဘက်
ဖြစ်နေတာ။

အဖိနှိပ်ခံတွေအားလုံးက ဘက်တဘက်တည်းမှာ ရှင်းရှင်းလင်းလင်း
ရပ်တည်နေကြတယ်။ စစ်အုပ်စုလည်း သူ့ဘက်မှာသူ အခိုင်အမာ
ရပ်တည်နေတယ်။ ၂ ဘက်လုံးမှာ ကိုယ့်မူနဲ့ကိုယ် ခိုင်ခိုင်ကျည်ကျည်ရှိတယ်။
၂ ဘက်လုံး ကိုယ်စီကိုင်စွဲတဲ့မူတွေအပေါ် ထိန်းညှိချိန်ဆပြုပြင်ကြပြီး သွားမှ
ခရီးကပေါက်မှာပဲ။ အဓိက ကတော့ စစ်အုပ်စုပေါ်မူတည်တာပဲ။
စစ်တပ်အကြီးဆုံးကိုင်ထားတဲ့ကောင်က အင်အားနဲ့ဗိုလ်ကျတာကို ဆက်မကိုင်စွဲဖို့ပဲ။
အမျိုးသားရင်ကြားစေ့ရေး အသံကောင်းဟစ်နေသူတွေကလည်း
စစ်အုပ်စုဘက်က မ “ပင်း“ဖို့ပဲ။ သူ့လူကိုယ့်ဘက်သား ကိုယ့်လူသူ့ဘက်သား
မဖြစ်ဖို့ပဲ။

လက်ရှိအစိုးရအနေနဲ့
သင့်မြတ်ရေး ရင်ကြားစေ့ရေးက ဘယ်သူနဲ့ ဘယ်သူကြားမှာလုပ်ရမှာလဲကို
နိုင်ငံရေးအရ တရားအရ လက်တွေ့အရ ရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်သလို
မိမိနေရာ မိမိရပ်ခံချက်နဲ့ မိမိသဘောထားကိုလည်း တိတိလင်းလင်း ချပြမှဖြစ်မယ်။
မျိုးမြင့်ချို(ဇူလိုင် ၂၂။ ၂ဝ၁၆)

မလုံခြုံတော့တဲ့အခါ(မျိုးမြင့်ချို)

0 comments
ခင်ဗျားတို့ကလည်းဗျာ သေနတ်ခါးကြားထိုးပြီး စစ်တပ်ကြီးတတပ်လုံး ကိုင်ထားတဲ့ကောင်တွေတောင် အိမ်ရှေ့အိမ်နောက် အိမ့်ပတ်ဝန်းကျင်တဝိုက် လုံခြုံရေးတွေအထပ်ထပ်ချထား၊ အိမ်ထဲကအိမ်ပြင်ထွက်ရင် အနီးကပ်ရော အဝေးခွာရော လုံခြုံရေး ၂ ရက် ၃ ရက်ကြိုတင်ချထားတဲ့အပြင် ရပ်ကွက်ထဲ လမ်းထဲ ဈေးထဲ အရပ်ဝတ် ထောက်လှမ်းရေးတွေ ခြေချင်းလိမ်အောင်ပို့ထားပြီးမှ ထွက်ရဲ ထွက်ဝံ့တာ လက်တွေ့ မျက်မြင်ရှိနေရဲ့သားနဲ့ စစ်တပ်ကို ရဲကို ဘယ်လက်နက်ကိုင်ကိုမှ အမိန့်ပေးနိုင်စွမ်းမရှိတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး၊ သမ္မတရုံးဝန်ကြီး၊ ကာလုံအဖွဲ့ဝင်၊ အစိုးရအဖွဲ့ဝင် ဒေါ်အောင်ဆန်းစုကြည်အနားမှာ လက်နက်ကိုင်လေး တယောက်စ နှစ်ယောက်စ ချထားပေးတာကို မထိတထိမပြောကြပါနဲ့ဗျာ။ ပြောရင် ထိထိမိမိသာပြောလို့ ပြောတာ မဟုတ်ဘူးနော်။

စစ်တပ်ကြီးကိုင်ထားတဲ့ကောင်တွေတောင် ကိုယ့်ကိုယ်ကို မလုံခြုံဘူးလို့ ခံစားနေတာလေ။ ဒေါ်အောင်ဆန်းစုကြည်က အခု အစိုးမရတရရဲ့အဖွဲ့ဝင်လေ။ အာဏာတပိုင်းတစရထားပြီလေ။ လုံခြုံရေးတွေရှိရဲ့သားနဲ့ ရှေ့ကနေကာဆီးကာဆီးနဲ့ လူထူပြီးလေပိတ်လို့ လေတိုးပေါက် ဖွင့်ပေးတာလိုလို၊ ယင်မောင်းခြင်မောင်းတာလိုလို၊ ငှက်ပျောခွံတက်နင်းမိမှာစိုးလို့လိုလို လက်ကားယားခြေကားယား လိုက်လုပ်နေတာတွေတော့ ကျနော်လည်း အတော်လေး မျက်စေ့နောက်တယ်။

၁၉၈၈ ကတည်းကနေစပြီး လူထုခေါင်းဆောင်ဘဝတုန်းက ဒီမိုကရေစီခေါင်းဆောင် ဘဝတုန်းက၊ ဘာအာဏာမှမရှိသေးခင်ဘဝတုန်းက သူ့အနားမှာ အပ်တိုတောင်ကိုင်မထားပဲ အသက်နဲ့ဘဝနဲ့ရင်းပြီး သူ့လုံခြုံရေးလိုက်လုပ်ပေးခဲ့တဲ့လူတွေ ခု ဘယ်ဆီဘယ်ဝယ် ရောက်ကုန်ကြတယ်မသိ။ ဘယ်ချောင် ကပ်ကုန်ကြမှန်းမသိ။ ဒါပေမယ့် သူတို့တွေ သူ့အတွက် ရှိခဲ့ဖူးတယ်။ သူ့အတွက် ဘဝတွေ အသက်တွေရင်းခဲ့ကြတယ်။ သူလည်း လူထုခေါင်းဆောင်ဘဝမို့ လူထုမေတ္တာနဲ့ လူထုအကာအကွယ်ရခဲ့တယ်။ သူ့ဘဝဟာ လုံခြုံခဲ့တယ်။ သူ့မှာ ရန်သူဆိုလို့ စစ်အုပ်ပဲရှိခဲ့တယ်။ ဘယ်နေရာသွားသွား သိန်းသောင်းချီတဲ့လူထုတွေက အေးအေးချမ်းချမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ အော်သံတွေဟာ တိုင်သူမပါပဲ လှုံ့ဆော်သူမပါပဲ ဘဝဂ်ညံအောင် သောင်းသောင်းဖျဖျ ရှိခဲ့တယ်။ ဗမာ့နိုင်ငံရေးမှာ ဘယ်ခေါင်းဆောင်မှ သူ့လောက် ပြည့်မေတ္တာမရခဲ့ဖူးဘူး။

ဒါကို စစ်အုပ်စုက မကြေနိုင်နိုင်မချမ်းနိုင် ကြိတ်မနိုင်ခဲမရဖြစ်တော့ နည်းမျိုးစုံနဲ့တိုက်ခိုက် အပုတ်ချပေမယ့် သဲထဲရေသွန်ဖြစ်တော့ ဒီပဲယင်းလို လုပ်ကြံမှုနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့အထိပါ လုပ်ခဲ့တာပဲ။ ဒါပေမယ့် လူထုရှိနေတော့၊ ဘာလက်နက်မှမပါတဲ့ သူ့လုံခြုံရေးတွေ အသက်ပေးကာကွယ်ခဲ့တော့ သူ ခလုပ်မထိ ဆူးမညိဖြစ်ခဲ့တာပဲမဟုတ်လား။ လူထုခြုံရင် လုံတယ်မဟုတ်လား။

ခု သူ နိုင်ငံရေးသမားဖြစ်သွားပြီ။ နိုင်ငံရေးသမားမှာမှ လူထုထောက်ခံမှုအပြည့်ရထားတဲ့ ပရော်ဖက်ရှင်နယ်လ် နိုင်ငံရေးသမားစစ်စစ်ကြီး။ အာဏာအဝန်းအဝိုင်းထဲလည်း ခြေချမိသွားပြီ။ လူထုခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင်ဘဝတုန်းကလိုနေလို့ မရတော့ဘူး။ နေလို့မဖြစ်တော့ဘူး။ သူ့မှာ အခု ရန်သူတွေရှိလာပြီ။ မိတ်ဆွေဖြစ်နေတဲ့ ရန်သူဟောင်းတွေ၊ ရန်သူဖြစ်သွားတဲ့မိတ်ဆွေဟောင်းတွေ၊ အတိုက်အခံတွေ၊ လုပ်ကြံမယ့်သူတွေ၊ အာဏာလုမယ့်သူတွေရှိလာပြီ။ မကြိုက်တော့တဲ့လူတွေ၊ အကြိုက်နည်းသွားတဲ့လူတွေ၊ ကြည်ညိုစွဲလျော့တဲ့သူ လျော့လာပြီ။ ဒါ ဘာမှ မဆန်းဘူး။ နိုင်ငံရေးသမားဖြစ်သွားရင် ရင်ဆိုင်တွေ့ကြုံရမယ့်အရာတွေပဲ။ နိုင်ငံရေးလောကဓံပဲ။

ဗိုလ်ချုပ်အောင်ဆန်းကိုကြည့် ကိုအောင်ဆန်းဘဝ၊ သခင်အောင်ဆန်းဘဝ၊ ဗိုလ်ချုပ်အောင်ဆန်းဘဝ၊ ဖဆပလဥက္ကဌဦးအောင်ဆန်းဘဝနဲ့ အစိုးမရတရ အစိုးရခေါင်းဆောင်ဘဝတွေ ယှဉ်ကြည့်ပေါ့။ ဘယ်ဘဝမှာ သူ လုံခြုံခဲ့လဲ။ ဘယ်ဘဝရောက်တော့ သူ မလုံခြုံတော့ဘူးလဲ။ အစိုးရဘဝရောက်တော့ လက်တွဲခဲ့တဲ့ သေဖော်သေဘက်တွေ တော်လှန်ဖော်တော်လှန်ဘက်တွေ၊ မိတ်ဆွေတွေကို ရန်ပြန်လုပ်ရတာပဲ။ ရန်သူတွေကို မိတ်ဖွဲ့တန်ဖွဲ့ခဲ့တာပဲ။ မတရားသင်းကြေညာတန် ကြေညာရတာပဲ။ တိုက်ခိုက်တန် တိုက်ခိုက်ရတာပဲ။ အာဏာကိုင်နိုင်တဲ့လူ လုပ်ရမှာမှန်သမျှ သူလုပ်ခဲ့တာပဲ။ မလုပ်လို့မှမဖြစ်တာကိုး ကလေးကစားတာမှ မဟုတ်တာကိုး၊ ဧည့်သည်ထမင်းဖိတ်ကျွေးတာမှမဟုတ်တာကိုး၊ အာဏာကိစ္စကြီးကိုး။ အာဏာပြသနာ ရှင်းကြတာကိုး။ နောက်ဆုံး သူကိုယ်တိုင် နိုင်ငံရေးအရအလုပ်ကြံခံရပြီး သေပွဲဝင်ခဲ့ရတာ မဟုတ်လား။

တကယ်တော့ အာဏာနိုင်ငံရေးမှာ ဒါတွေဟာ ဘာမှမဆန်းဘူး။ အာဏာရနိုင်ငံရေးသမားနဲ့ လူထုခေါင်းဆောင်ဘဝဟာ မိုးနဲ့မြေလိုကွာတယ်။ အာဏာအဝန်းအဝိုင်းထဲရောက်သွားရင် လူထုခေါင်းဆောင်ဟောင်းမှမဟုတ်ဘူး ဘယ်သူမှ မလုံခြုံတော့ဘူး။ ရန်သူတွေ ပတ်လည်ဝိုင်းလာပြီ။ နိုင်ငံရေးသမားချင်း အာဏာလုကြ အာဏာဝေစုမတည့်ကြလို့ တယောက်နဲ့တယောက် အပျောက်ရှင်းကြတာကို လူထုကဝင်ပြီး ကာကွယ်ပေးလို့ မရတော့ဘူး။ လူထုက အနားတောင်မကပ်နိုင်တော့ဘူး။

ပြန်ချုပ်ရရင် ဘယ်သူဖြစ်ဖြစ် အာဏာရသွားရင် အာဏာရှိသူလို ကျင်သုံး လိုက်နာ နေထိုင် ကျင့်ကြံရတာပဲ။ ဘယ်သူမှ ဒါကို လွန်ဆန်လို့မရဘူး။ တခါတလေ လူတွေနဲ့ ရထားစီး ကားစီ လယ်ကွင်းထဲဆင်း လမ်းဘေးဆိုင်မှာ စားသောက်ပြတွေကတော့ အမေရိကန်သမ္မတတောင် လုပ်ပါတယ်။ ဒါပေမယ့် သူ ဗမာပြည်လာတုန်းက ဘယ်လိုလုံခြုံရေးနဲ့လာတာ ခင်ဗျားတို့ မြင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘဝဟာ ခုဆို အရင်လို မလုံခြုံတော့ဘူး။
သူကိုယ်တိုင်လည်း လုံခြုံတယ်လို့ ခံစားချင်မှ ခံစားရတော့မှာပဲ။ လူထုကလည်း သူ့ကို
အရင်လို လုံခြုံပေးချင်ဦးတောင် ခြုံပေးခွင့်မရတော့ဘူး။ မရှိတော့ဘူး။ အဲ့ဒီတော့ သူ့အနေနဲ့ အစိုးရအစီအစဉ်နဲ့ လက်နက်ကိုင်လုံခြုံရေးလေးတော့ ယူရတော့မှာပဲ။ ထားရတော့မှာပဲ။

သူမှ မလုံခြုံတော့တာကိုး။ သူမှ ပြည်သူကို မခြုံတော့တာကိုး။
မလုံခြုံရင် လုံခြုံရေးတော့ ယူရမှာပါပဲ။
မျိုးမြင့်ချို ဇူလိုင် ၂၃၊ ၂ဝ၁၆

Monday, July 18, 2016

(အမဲသားချစ်သူများ) မျိုးမြင့်ချို

0 comments
(အမဲသားချစ်သူများ) မျိုးမြင့်ချို။ ဇူလိုင် ၁၆။ ၂ဝ၁၆
ဇူလိုင်အကုန် သြဂုတ်အဆန်းလောက်ဆို ရွှေပြည်ကြီးမှာ နွားချစ်သူတွေ တရုံးရုံး၊ နွားချစ်ပွဲတွေ တဝုန်းဝုန်းနေတော့မယ်။

နွားနှာခေါင်းအရိုးနုကို
ငယ်သံပါအောင်အော်နေတဲ့ကြားက ဝါးချွန်ဆူးနဲ့
အစိမ်းလိုက် ထုတ်ချင်းထိုးဖေါက် နားဖါးကြိုးတပ်၊ နွားစဉ်မမီအောင် သေမတတ်နာကျင်စေမယ့်နည်းနဲ့ ဂွေးသင်းပစ်၊ မအိုမချင်း ခွန်အားတွေမကုန်မချင်း နွားလိုကျွဲလိုခိုင်း၊ မညှာမတာရိုက်နှက်၊ လှည်းတပ်စီး၊ ခိုင်းမရလို့
လက်ပျဉ်းတွေကျချိန်ကျ ငယ်ထိပ်ကို ပုဆိန်နဲ့ထုသတ်ပြီး အသားကို မြိန်ရည်ရှက်ရည်စားရုံတင်မက၊
သားရေကိုဖိနပ်လုပ်စီး၊ သားရေနွယ်အခင်းလုပ်ထိုင်တဲ့သူတွေလောက် နွားချစ်တာ ဘယ်သူမှမရှိဘူး။ အဲ့ဒီလူတွေလောက် နွားကို ကျေးဇူးရှင်နေရာပို့တာ
ဘယ်သူမှမရှိဘူး။ နွားကိုမှမဟုတ်ဘူး အခြားသတ္တဝါတွေကိုလည်း မိမိနဲ့ယှဉ်ပြီး
ညှာတာ သနား ကိုယ်ချင်းစာနာစိတ်ထားရမယ်။ လူသားအချင်းချင်းပေါ်မှာတောင် ကြင်နာစိတ် ညှာတာစိမထားနိုင်သတွေ့နှုတ်က ဝေနေယျသတ္တဝါတွေအပေါ် မေတ္တာထားတယ်တို့ မေတ္တာပို့တယ်ဆိုတာ ဟာသအမြောက်ဆုံး
သရော်ချက်နဲ့ အကောင်းဆုံးပြက်လုံးပဲ။

ရုပ်ဘဝအခြေအနေမှာ ဗမာ့လူ့အဖွဲ့အစည်းဟာ စက်မှုလယ်ယာဆီ
မရောက်သေးဘူး၊ စက်မှုမဖွံ့ဖြိုးသေးဘူး၊ သိပ္ဗံနဲ့နည်းပညာတွေ
လိုသလောက် မထွန်းကားသေးဘူး။ သူများထွင်ပြီးသား
လိုက်သုံးရတဲ့အဆင့်အနေမှာပဲရှိသေးတယ်။
ကုန်လုပ်ဆက်ဆံရေးက မြေရှင်စနစ်ကလွတ်မြောက်ကာစ
သာသာလေး။ ယုံကြည်မှုအခြေခံကြတော့လည်း အိန္ဒိယတိုက်ငယ်က
ဆက်ခံပြန့်ပွားလာတဲ့ ယုံကြည်မှုအရောအနှောတွေ၊
ဗမာပြုထားတဲ့ ဗြုတ်စဗျင်းတောင်း အလှေးအမွှားတွေနဲ့ မှိုတက်လို့။
တက်လာသမျှအစိုးရတိုင်းကလည်း ဘာသာရေးမှိုင်း လူမျိုးရေးမှိုင်းနဲ့
ပဒေသရာဇ်အညှော် တောက်လျှောက်တိုက်လာတာဆိုတော့
စာမတတ်ပေမတတ်ရှာတဲ့ တောသူတောင်သားတွေမပြောနဲ့
ပညာတတ်ကြီးတွေ နိုင်ငံရေးသမားကြီးတွေ စစ်ဗိုလ်ချုပ်ကြီးတွေတောင်
နတ်ရော ဘိုးတော်ရော အထက်လမ်း အောက်လမ်းရော ဗေဒင်ရော ယတြာရော တစ္ဆေသူရဲရော အကုန်ယုံ အကုန်လုပ်တော့တာကလား။

ဒီလိုလူ့အသင်းအပင်းမှာ ခေါင်းတုံးတုံးပြီး သင်္ကန်းပတ်ထားရင် ဦးထိုင်ချဖို့
လက်အုပ်ချီဖို့ အငုံ့စိတ်သိမ်ငယ်စိတ်နဲ့ကို အသင့်ဖြစ်နေကြသူတွေများတာ
ဘာဆန်းမလဲ။ ကမ္ဘာကြည့် ကြည့်မြင်တတ်ဖို့ဝေးစွ သိပ္ဗံနည်းကျ တွေးခေါ်တတ်ဖို့ဝေးစွ အတွေးအခေါ်အရ ပဒေသရာဇ်အတွေးအခေါ်ထဲမှာ
တဝဲလည်လည် လည်နေသူတွေက လူ့အဖွဲ့အစည်းကို နိုင်ငံရေးအရ ဘာသာရေးအရ လူမှုရေးအရ စီးပွားရေးအရ ပညာရေးအရ အုပ်ချုပ်ရေးအရ
ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံကနေ ဂုတ်ခွစီး ကိုယ်ကျိုးရှာအမြတ်ထုတ်တဲ့ဒဏ်
ဒီလောက်ခံနေရမှတော့ ဒီလူ့အဖွဲ့အစည်း ဒီ့ထက် အောက်တန်းနောက်တန်း
ကျစရာ ဘာကျန်လိမ့်မတုန်း။

စက်မှုထွန်းကားတဲ့နိုင်ငံတွေမှာ နွားဟာ လယ်ထွန်စရာမဟုတ်တော့ဘူး။ နွားဟာ လှည်းတပ်စီးစရာသတ္တဝါ မဟုတ်တော့ဘူး။ နွားဟာ ကျေးဇူးရှင်နေရာ
မရတော့ဘူး။ နွားကို နာဖါးကြိုးထိုးဖို့မပြောနဲ့ ရိုက်မိရင်တောင်
တိရိစ္ဆာန်ညှဉ်းဆဲမှုနဲ့ အရေးယူခံရမယ်။ နွားသတ်ရုံတွေမှာ သတ်တော့
နာကျင်မှုအချိန် အတိုဆုံးခံရမယ့်နည်းနဲ့ သတ်ကြတာမျိုးပဲ။ သူ့ရှေ့ကတကောင်
အသတ်ခံရတာကို နောက်ကအကောင် မသိစေ မမြင်စေ မကြားစေရအောင်
စီစဉ်ထားတာမျိုးပဲ။

ဆိုတော့ ဝေနေယျအားလုံးအပေါ် စင်္ကြဝဠာတခုလုံးအပေါ် မေတ္တာမထားတတ်ကြတဲ့ မေတ္တာမပို့တတ်ကြတဲ့ နွားကို ကျေးဇူးရှင်နေရာမပို့တဲ့
စက်မှုထွန်းကားတဲ့ သိပ္ဗံနည်းကျတွေးခေါ်မြော်မြင်တတ်တဲ့လူ့အသိုင်းအဝိုင်းကလူတွေဟာ နွားအပေါ် ပိုစာနာသနား ကြင်နာတတ်သလိုဖြစ်နေပါရောလား။

ရွှေပြည်ကြီးမှာ ပဒေသရာဇ်ညှော်တွေကင်းပါစေ၊ အစွန်းရောက်
ဘာသာရေးမှိုင်းတွေစင်ပါစေ၊ တဇောက်ကန်း လူမျိုးရေးအတွေးအခေါ်တွေ ပြယ်ပါစေ။ အဲ့ဒါတွေအားလုံးကို ကိုယ်စားပြုတဲ့ စစ်အာဏာရှင်စနစ်ပျက်သုဉ်းပါစေ။

နွားကို လူ့ကျေးဇူးရှင်နေရာပို့တဲ့ နွားထက်နွားကျတဲ့လူတွေ အတွေးအခေါ်တွေ
ကျဆုံးပါစေ။

ကျွန်းဆွယ်အရေးအခင်းမှ အမှတ်တရများ။ (လှကျော်ဇော)

0 comments
ကျွန်းဆွယ်အရေးအခင်းမှ အမှတ်တရများ။ (လှကျော်ဇော)
အခုတလော ရှေးခေတ်ဟောင်း အောက်မေ့ဖွယ်တွေ- များလိုက်တာ။ ကျွန်မတို့တတွေမှာလည်း ရှေ့မီ နောက်မီသူများ ဖြစ်မှန်းမသိဖြစ်လာနေကြလေတော့ ကိုယ်ကြုံခဲ့ဆုံခဲ့ရတာလေးတွေ မှတ်မိတုန်း ရေးရပါဦးမယ်။
ကျွန်းဆွယ်အရေးအခင်းကာလက ကျွန်မတို့မိသားစုဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံလေးပါ။

ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးကောင်စီ အစိုးရခေတ်- ၁၉၆၉ခုနှစ်မှာ ရန်ကုန် အောင်ဆန်းကွင်းမှာ အရှေ့တောင်အာရှ ကျွန်းဆွယ်နိုင်ငံများရဲ့အားကစားပွဲကြီး(S.E.A.P.Games)ကို ကျင်းပခဲ့ပါတယ်။ ဒီဇင်ဘာ-၆-ရက်မှာ ဖွင့်ပွဲအခမ်းအနား အကြီးအကျယ် ကျင်းပပါတယ်။ ပြီးတော့ အားကစားပွဲစဉ်များကို နေရာတွေခွဲ ကျင်းပကြပါတယ်။ ၉ ရက်နေ့ သမိုင်းကောလိပ်မှာကျင်းပတဲ့ လက်ဝှေ့ပွဲ ကျောင်းသားအများအပြား လက်မှတ်ဝယ်မရတဲ့အမှုကစပြီး (လက်မှတ် မှောင်ခိုထုတ်ရောင်းတယ်-ဆိုတဲ့ သတင်းကလည်း ပြန့်နေတာဖြစ်လို့) ပြဿနာတွေတက်ပါတော့တယ်။ တခါ ဘွဲ့နှင်းသဘင်ခန်းမမှာကျင်းပတဲ့ ဂျူဒိုပွဲမှာလည်း ကျောင်းသားတွေ မကျေမနပ်ဆန္ဒပြကြပြီး မြို့ထဲ ချီတက်ဖို့ကြိုးစားကြပါသေးတယ်။

အောင်ဆန်းအားကစားကွင်းမှာပြုလုပ်တဲ့ ဘောလုံးပွဲစဉ်တခုမှာလည်း လက်မှတ်ဝယ်မရကြတဲ့ ကျောင်းသားလူငယ်တချို့ ဒေါသပေါက်ကွဲပြီး လူစုလူဝေးနဲ့ ရန်ကုန်မြို့လယ်ခေါင်ဆင်းချလာပြီး လမ်းတလျှောက် တွေ့သမျှ ကားတွေ၊ အဆောက် အဦးတွေ (ရုပ်ရှင်ရုံတွေ) စတာတွေကို မီးတင်ရှို့ဖျက်ဆီး လုပ်ကြပါတယ်။ ဒီအထဲမှာ ဒေါ်ခင်မေသန်း (ဗိုလ်ချုပ်နေဝင်းဇနီး) ပိုင်တယ်လို့ သတင်းကြီးနေတဲ့ အင်းဝစာအုပ်တိုက်လည်း ပါသွားပါတယ်။ အဲဒီကာလက ကွမ်းယာဆိုင်ကအစ ပြည်သူပိုင်သိမ်းတဲ့လုပ်ငန်းတွေအပေါ် လူထုကမကျေမနပ်ဖြစ်နေတဲ့အရှိန်နဲ့လည်း ဆက်နေဟန်ရှိပါတယ်။ လူထုမကျေနပ်တာလည်း မပြောနဲ့လေ။ သူတို့လုပ်ပုံတွေကလည်း ကြည့်ဦး။ ကားတွေ-တိုက်တွေ အကုန်သိမ်းပစ်ပြီးတဲ့နောက်နေ့ အဲဒီကားတွေ-အိမ်တွေပေါ် စစ်ဗိုလ်တွေ အခန့်သားတက်မောင်း-တက်နေကြနဲ့။ ပြောဆိုဆက်ဆံတာတွေကလည်း မောက်မာသလားမပြောနဲ့။ တချို့ လုပ်ငန်းပိုင်ရှင်ကြီးတွေ ရုတ်တရက်ကြုံလိုက်ရတဲ့ လောကဓံတရား မခံနိုင်ဖြစ်ပြီး ဦးနှောက်သွေးကြောတွေပြတ်ကုန်-ပိတ်ကုန်နဲ့ ကျွန်မတို့ရန်ကုန်ဆေးရုံကြီးက အရေးပေါ်ဌာန လက်မလည်အောင်အလုပ်များခဲ့ဖူးပါတယ်။

ဒါတွေကြောင့်လည်း ပါဟန်တူပါရဲ့။ အဲဒီလူအုပ်ကြီးက တဖက်ကလည်း မီးရှို့ဖျက်ဆီးမှုတွေလုပ်-တဖက်ကလည်း အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများ(ပုဂွိုလ်ရေးတွေလည်း ပါတယ်။ ဗိုလ်နေဝင်းကို နံမည်နဲ့ဖော်-ဆဲတာတွေလည်းပါသတဲ့) အော်ကြဟစ်ကြပါတယ်။ အစိုးရအနေနဲ့ကလည်း အခုလို နိုင်ငံတကာပွဲကျင်းပပြီး မိမိရဲ့တရားဝင်မှု(legitimacy)ကို ပြသဖို့လုပ်ဆောင်ရာမှာ-အရှက်တကွဲ အကျိုးနည်းဖြစ်ရလေတော့ အတော်စိတ်ဆိုးသွားဟန်ရှိပါတယ်။ အဲဒီ ရန်ကုန်မြို့လည်ခေါင် တခွင်တပြင်ကြီးကိုပိတ်လိုက်ပြီး တွေ့သမျှလူတွေကို သိမ်းကျုံးဖမ်းပါတော့တယ်။ ပြီးတော့ ထရပ်ကားတွေပေါ်တင်ပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါတော့တယ်။

အဲဒီကာလက ကျွန်မတို့မောင်နှမတတွေထဲမှာ အငယ်ဆုံးမောင်လေးကလွဲလို့ ကျန်အကြီး-၄-ယောက်စလုံး တက္ကသိုလ်ရောက်နေကြ ပါပြီ။ အကြီးဆုံးကျွန်မက ဆေး-နောက်ဆုံးနှစ်(ခ)။ စန်းက စီးပွားရေးတက္ကသိုလ်နောက်ဆုံးနှစ်၊ ကိုအောင်နဲ့ကိုကျော် တို့ ၂ယောက်က ဝိဇွာ-သိပ္ပံမှာ။ အဲဒီနေ့ ကိုကျော်(ကျော်ဇောဦး)က ဗိုလ်အောင်ကျော်လမ်းက ကျူရှင်ကိုသွားတက်ပါတယ်။ သူ့တို့သူငယ်ချင်းတွေ စုတက်တဲ့အထဲ ပင်စီရွှေ(တော်လှန်ရေးကောင်စီဝန်ကြီး-ဗိုလ်မှုးကြီးမောင်ရွှေသမီး)လည်း ပါပါတယ်။ အဲဒီခေတ်က တော်လှန်ရေး ကောင်စီဝင်တွေက မာစီးဒီးဘက်န်စ်တွေ စီးကြပါတယ်။ ပင်စီတို့ကားကြီးက ကျူရှင်ကျောင်းရှေ့ရပ်ထားပြီး ကျောင်းအဆင်းကို စောင့်နေတတ်ပါတယ်။ အောင်ဆန်းကွင်းထဲ ပြဿနာတက်ပြီး လူအုပ်ကြီးက ထိမ်းမနိုင်သိမ်းမရ လမ်းတွေ့သမျှကားတွေမီးရှို့နေပြီ-ဆိုတဲ့သတင်းထွက်လာတော့-ကျူရှင်ဆရာက ကျောင်းပိတ်လိုက်ပြီး ကျောင်းသားတွေကို အိမ်ပြန်ခိုင်းပါတယ်။ သူ့ကျောင်းရှေ့က ကားကြီးကြောင့် သူကျောင်း တုတ်ဆက်မှာ စိုးဟန်တူပါတယ်။
ပင်စီက ကိုကျော့်ကို သူ့ကားနဲ့လိုက်ဖို့ ခေါ်ပါတယ်။ သူတို့က ဝင်ဒါမီယာကို ပြန်တာဖြစ်တော့ မြေနီကုန်းမှာချပေးမယ်လို့ ပြောပါတယ်။ ကိုကျော်က မလိုက်ရဲပါဘူးဗျာ။ ကိုယ့်ဟာကိုယ်သာ သတိထားပြန်ပါ။ နင် အိမ်ပြန်ရောက်ရင် မေမေ့ကိုသာ ဖုန်းဆက်ပြီး ငါ ပြန်လာနေပြီ-ဆိုတာသာပြောပေးပါလို့မှာလိုက်ပါတယ်။ ကိုကျော်က ရုတ်ရုတ်ရက်ရက်တွေဖြစ်ရင် လိုင်းကားတွေလည်း ပိတ်တတ်တာကြောင့် လမ်းလျှောက်ပြန်ရကောင်း ပြန်ရနိုင်တာကြောင့် မေမေစိတ်ပူနေမှာစိုးလို့ မှာလိုက်တာပါ။

သူထင်တဲ့အတိုင်းပဲ ဘာလိုင်းကားမှ မရှိတော့ဘူး။ ဒီတော့ လမ်းဆက်လျှောက်နေတုန်းမှာပဲ လမ်းထိပ်တွေကို ထရပ်ကားတွေနဲ့ ပိတ်ရပ်ပြီး အဲဒီကားတွေပေါ်က ရဲတွေဆင်းလာပြီး တွေ့သမျှလူကိုဆွဲ ကားတွေပေါ်တင်တော့တာပဲ။ ဒီတော့ သူလည်း တွေ့တဲ့လမ်းထဲ ထိုးဝင်ပြီး တိုက်လှေကားထစ်တွေမှာ ဝင်ထိုင်နေလိုက်တယ်တဲ့။ တိုက်ခန်းတခန်းကို တံခါးခေါက်ပြီး သူ အထဲဝင်နေပါရစေလို့ တောင်းပန်ပေမယ့် တိုက်ခန်းရှင်က တံခါးဖွင့်မပေးဘူးတဲ့။ ဒီလိုနဲ့ လမ်းမကြီးပေါ်ကလူတွေအကုန်ဖမ်းပြီးတော့ ဘေးလမ်းတွေကို တလမ်းစီ ဝင်ရှင်းပါတယ်။ တိုက်တတိုက်ပြီးတတိုက် လှေကားတွေကိုတက်ရှင်းတာမှာ ကိုကျော်လိုပဲ လှေကားထစ် တွေမှာ ဝင်ထိုင် ပုန်းနေကြသူတွေအားလုံးကိုလည်း ဖမ်းပြီး ထရပ်ကားတွေပေါ်တင် အင်းစိန်ခေါ်သွားပါတော့တယ်။
ပင်စီက သူ့အိမ်ပြန်ရောက်တော့ မေမေကို ဖုန်းနဲ့လှမ်းပြောပါတယ်။ “အန်တီ-ကျော်ဇောဦးက မှာလိုက်တယ်။ သူ အိမ်ပြန်လာနေပြီ။ စိတ်မပူပါနဲ့” တဲ့။ ဒီတော့ ကျွန်မတို့လည်း အေးအေးပဲပေါ့။

ဒါပေမဲ့ တော်တော်နဲ့ ပြန်ရောက်မလာတော့ အိမ်မှာ ဘယ်သူမှ မထိုင်နိုင်တော့ ပါဘူး။ ည ၈ နာရီ- မြန်မာ့အသံသတင်းမှာတော့ ဆူပူသောင်းကျန်းမှုတွေအကြောင်းနဲ့ အဲဒီဆူပူသူတွေအားလုံးကို ဖမ်းဆီးထိန်းသိမ်း လိုက်ပြီးဖြစ်ကြောင်း သတင်းတွေ ပါလာပါတယ်။ အစောပိုင်းကတည်းက ထရပ်ကားကြီးတွေနဲ့လူတွေဖမ်းတင်ပြီး အင်းစိန်ဘက် မောင်းသွားတယ်ဆိုတဲ့သတင်းလည်း ကြားထားပြီးပါပြီ။ ဒါနဲ့ မေမေလည်းပင်စီကို ထပ်ဖုန်းဆက်ပြီး ကိုကျော် ပြန်မရောက်သေးကြောင်း၊ အဲဒီဖမ်းသွားသူတွေထဲ ပါသွားမသွား စုံစမ်းပေးပါလို့ပြောတော့ ပင်စီက သူ့အဖေ အခုထိ အိမ်ပြန်မလာသေးဘူး။ အိမ်ပြန်လာလာချင်း မေးပေးပါ့မယ်လို့ပြောပါတယ်။ အတော်မိုးချုပ်မှ ပင်စီက ဖုန်းပြန်ဆက်လာပြီး သူ့အဖေ ပြန်ရောက်လာလို့ သူ အကျိုးအကြောင်း မေးကြည့်တာ အားလုံးကိုသိမ်းကျုံးဖမ်းထားပေမယ့် စစ်ဆေးပြီးရင်-ဆူပူမီးရှို့မှုတွေထဲမပါဝင်ရင် ပြန်လွှတ်မှာဖြစ်ကြောင်း ဘာမှ စိတ်မပူဖို့ ပြောပါတယ်။ မေမေက ဖမ်းသွားတဲ့ထဲ ပါမပါသေချာအောင် စုံစမ်းပေးပါ။ ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းမသိလို့ပါလို့သာ ထပ်ပြောလိုက်ပါတယ်။

ပြောလို့သာပြောရတာ။ ဖေဖေ့နံမည်ပါလာရင် ဘယ်သူမှ သိပ်မကူညီရဲပါဘူး။ ဗိုလ်နေဝင်း ဘုန်းမီးနေလတောက်လေ ကျွန်မတို့မိသားစု အနေကျပ်လေ ဖြစ်နေတဲ့ကာလပါ။ တကယ်တော့ အဲဒီကာလက ရန်ကုန်တိုင်း တိုင်းမှူးက ဗိုလ်ချုပ်ကျော်ထင်ပါ။ ဂျပန်တော်လှန်ရေး အတွင်းတုန်းက ဖေဖေ့တိုင်း(၄)ကပါ။ ဒုတိုင်းမှူး ဗိုလ်မှူးကြီးမျိုးညွန့်(ကွယ်လွန်)က ကျွန်မတို့နဲ့ ဦးလေး တော်ပါတယ်။ မေမေ့ မောင်ဝမ်းကွဲပါ။ ဦးလေးက သူဆယ်တန်းကျတော့ စိတ်ဓာတ်ကျပြီး စစ်တပ်ထဲဝင်ပါရစေဆိုပြီး မေမေ့ အမေ(ဦးလေးအဖေနဲ့ မောင်နှမ တော်ပါတယ်။) ကို လာပြောတော့ အဘွားက မေမေတို့ဆီလာအပ်ပါတယ်။ ဖေဖေက ဆယ်တန်းတော့ အောင်အောင်သင်ပါကွာ။ ငါတို့ ကျောင်းထားပေးပါ့မယ်ဆိုပြီး ကျောင်းထားပေးပါတယ်။ အဲဒီနှစ်မှာပဲ ဦးလေး ဆယ်တန်းအောင်ပြီး ဖေဖေက တပ်ထဲသွင်းပေးပြီး ဗိုလ်သင်တန်းဝင်သွားတာပါ။ (ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ O.T.S.ကျောင်းတပတ်ထဲပါ။) ဦးလေးက သူ စစ်ဗိုလ်ဖြစ်ကတည်းက သူညီ သူညီမတွေ တယောက်ပြီးတယောက် မြို့ခေါ် စာသင်ပေးခဲ့ပါတယ်။ ဦးလေးက နယ်မှာ တာဝန်ကျတာများလို့ အဲဒီဦးလေးညီရောညီမရော ကျွန်မတို့စမ်းချောင်းအိမ်လေးမှာပဲနေခဲ့ကြရပြီး ဒီိကပဲ ကျောင်းတက်ကြ၊ ဘွဲ့ရတဲ့သူ ရကြ၊ အလုပ်ဝင်ကြနဲ့ အိမ်ထောင်တွေကျမှပဲ ကျွန်မတို့အိမ်က ခွဲသွားကြတာပါ။ ဒါကြောင့် ဦးလေးကရော ကျွန်မတို့အဘွားအပါ ဖေဖေနဲ့မေမေကို သူတို့မိသားစုရဲ့ကျေးဇူးရှင်လို့ သဘောထားပါတယ်။ ဒါတွေကို သူက ဗိုလ်ချုပ်ကျော်ထင်ကို အကြောင်းစုံပြောပြ ထားပါတယ်။ သူ့အနေနဲ့ ဖေဖေကို တနှစ်ကို(၂)ကြိမ်လောက်တော့ သွားကန်တော့ပါရစေလို့လည်း ခွင့်တောင်းထားပါတယ်။ အဲဒီတုန်းက ကျွန်မတို့အဘွားကလည်း ကျွန်မတို့နဲ့ နေနေပါတယ်။ ဦးလေးက သီတင်းကျွတ်တို့ သင်္ကြန်တို့မှာ လာကန်တော့တတ်ပါတယ်။ (တခါတရံ)အဘွားနေမကောင်းတာကြားရင်လည်း လာတတ်ပါတယ်။ လာခွင့်တောင်းပြီးမှ လာရတာတောင် ဦးလေးက ညအတော် မိုးချုပ်မှလာရဲပြီး ကားကိုလည်း ကျွန်မတို့အိမ်ရှေ့ထိ မောင်းမလာရဲပါဘူး။ မြေနီကုန်းမှာဖြစ်ဖြစ်၊ ရှမ်းလမ်းထိပ်မှာဖြစ်ဖြစ် ရပ်ထားခဲ့ပြီးမှ အိမ်ကို လမ်းလျှောက်လာရတာပါ။ ကျွန်မတို့အိမ်ရှေ့ ရပ်တဲ့ကားတိုင်း နောက်နေ့ ထောက်လှမ်းရေးက ခေါ်စစ်တတ်ပါတယ်။ ဖေဖေရော မေမေရော ဦးလေးလာတိုင်း နောင် မလာပါနဲ့ကွာ။ တို့နားလည်ပါတယ်။ မင်းတို့ အနေရအထိုင်ရကျပ်ပါ့မယ်လို့ ပြောလေ့ရှိပါတယ်။ ဦးလေးကလည်း ကန်တော့ရင်း တခါတရံ မျက်ရည်ကျတတ်ပါတယ်။

အဲဒီကာလက ကျွန်မတို့ရဲ့ ဆီဆုံလမ်းအိမ်လေးဟာ ပတ်ပတ်လည် ထောက်လှမ်းရေးတွေနဲ့ဝိုင်းနေတာပါ။ အိမ်လာလည်တဲ့လူတိုင်း နောက်ကိုလည်း လိုက်လေ့ရှိပါတယ်။ တမင် ခြိမ်းခြောက်တာပါ။ ဒါကြောင့် တော်ရုံလူဘယ်သူမှ မလာရဲပါဘူး။ စစ်အာဏာရှင် လက်အောက် အလွန်သတိကြီးစွာ၊ စိတ်ကျဉ်းကျပ်စွာနေလာရတာဖြစ်လို့ အဲလိုဘဝမျိုးဖြတ်သန်းရသူတွေကို ကျွန်မတို့က စာနာတတ်-လေးစားတတ်နေတာပါ။

ဖေဖေကလည်း ကိုယ့်ကြောင့် သူများဒုက္ခရောက်မှာ သိပ်စိုးရိမ်ပါတယ်။ ဒါပေမဲ့ အခု ကိုကျော့်ကိစ္စ ပေါ်လာတော့ မတတ်နိုင်တော့ပါဘူး။ အဓိက က အဲဒီဖမ်းသွားတဲ့သူတွေထဲ သူပါသွားလားသိချင်တာပါ။ ဒါ့အပြင် ဆောင်းတွင်း (ဒီဇင်ဘာလ)ကြီးဖြစ်တာကြောင့် မေမေက သူ့သား တိုက်ပုံလေးပဲဝတ်သွားတာဖြစ်လို့ အနွေးထည်ပို့ချင်လာပါတယ်။ ဒီတော့ ဦးလေးကိုပဲ လှမ်းဆက်သွယ်ရပါတော့တယ်။ ဦးလေးရဲ့ညီဖြစ်တဲ့ ဆရာဦးဘဌေးကိုလွှတ်ပြီး စုံစမ်းမေးမြန်းရပါတယ်။ ဒီတင် ကိုကျော် အင်းစိန်ထောင်ထဲ ရောက်နေတာသိရပြီး အဝတ်အစားလည်း ပို့လို့ရသွားပါတယ်။ ဦးလေးက ဘာမှမပူကြဖို့ အားလုံးစစ်ဆေးပြီးရင် ပြန်လွတ်လာမှာပါလို့ အကြောင်းကြား လာပါတယ်။ ဗိုလ်မှူးကြီးမောင်ရွှေကလည်း သူ့သမီးနဲ့ ကျူရှင်တကျောင်းတည်း အတူတက် နေတာဖြစ်ကြောင်း၊ အဲဒီကျောင်းအလွှတ်မှာ ရောပါသွားတာဖြစ်ကြောင်း အင်းစိန်ထောင်တာဝန်ခံတွေကို လှမ်းပြောကြောင်းလည်း ကြားရပါတယ်။

ဒီလိုနဲ့ နောက်(၂)ပတ်လောက်ကြာပြီး တနေ့မှာ ရန်ကုန်ုမြို့တော်ခန်းမကနေ ဖုန်းဝင်လာပါတယ်။ (အဲဒီကာလက ရန်ကုန်မှာ အရေးပေါ် အမိန့််ထုတ်ထားလို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က မြို့တော်ခန်းမမှာ ရုံးထိုင်နေပါတယ်။) ရန်ကုန်တိုင်းမှူးရဲ့ကိုယ်ရေးအရာရှိ(ပီအေ) က ဖေဖေနဲ့စကားပြောပါရစေလို့ဆိုပါတယ်။ ဖေဖေ ဖုန်းကိုင်လိုက်တော့ ဗိုလ်ချုပ် ကျွန်တော်တို့ ကျော်ဇောဦးကို မြို့တော်ခန်းမကို ခေါ်လာ ပါပြီ။ သူ့ကို လာခေါ်လို့ရပါပြီလို့ပြောပါတယ်။ ဒီတော့ ဖေဖေက မင်းတို့ လွှတ်မှာဆိုရင် လွှတ်လိုက်ပေါ့။ ဘာလာခေါ်စရာလိုသလဲလို့ ပြောတော့ အဲဒီစစ်ဗိုလ်က ဗိုလ်ချုပ်ကိုယ်တိုင် လာစရာမလိုပါဘူး။ အစ်မကြီးကိုလွှတ်လည်း ရပါတယ်။ ကျွန်တော်တို့က လူကြီးမိဘတွေ လက် ပြန်အပ်တယ်ဆိုတဲ့သဘောပါ။ အုပ်ထိန်းသူတယောက်ယောက်က လက်မှတ်ထိုး လက်ခံဖို့လိုပါတယ်လို့ ထပ်ပြောပါတယ်။ ဖေဖေက စိတ်တိုသွားပြီး ဟေ့ငါလည်း မလာနိုင်ဘူး။ သူ့ အမေလည်း မလွှတ်နိုင်ဘူး။ နေပါဦး။ မင်းတို့က ငါ့သားကို လမ်းပေါ်က ဖမ်းသွားတာ။ လမ်းပေါ်ဘဲပြန်လွှတ်လိုက်။ ဒီကောင် အိမ်ပြန်လာတတ်တယ်လို့ဆိုပြီး ဖုန်းချလိုက်ပါတယ်။ အဲဒီအချိန် ဖေဖေ ဖုန်းပြောနေတာကို နောက်က ရပ်နားထောင်နေတဲ့ မေမေရဲ့သောကရိပ်တွေနဲ့ညိုနေတဲ့ မျက်နှာလေး ရုတ်တရက်ညှိုးကျသွားတာကို ကျွန်မ အခု စာရေးနေရင်း ပြန်မြင်ယောင်လာပြီး စိတ်ထဲမကောင်းလိုက်တာလေ။ မေမေကိုလည်း သနားလိုက်တာ။

နောက်တနာရီလောက်ကြာတော့ မြေနီကုန်းရဲဌာနက ဌာနမှူးဆိုသူဆီက ဖုန်းလာပါတော့တယ်။ ဒီနေရာမှာ တခုတော့ ပြောရဦးမယ်။ ကျွန်မက ရဲဌာနလို့မှတ်မိနေပါတယ်။ ကိုအောင်(အောင်ကျော်ဇော)ကတော့ လဝကရုံးလို့ဆိုပါတယ်။ ထားပါတော့။ အဲဒီလူက ကျော်ဇောဦး သူတို့ဆီရောက်နေပြီ။ အိမ်ကလူကြီးတယောက်ယောက် လာကြိုပါတဲ့။ ဒီတော့ ဖေဖေက ဦးလေး ကိုဘဌေးနဲ့ကိုအောင်ကို- သွားကြိုကြဆိုပြီး လွှတ်လိုက်ပါတယ်။ အဲဒီရောက်တော့ ကိုကျော်ကို လက်ခံရပါတယ်ဆိုတာကို ဦးလေးက လက်မှတ်ထိုးပေးခဲ့ရ ပါတယ်။ ဒါပေမဲ့ ဦးလေး ကိုဘဌေးက ဒီကိစ္စ ဖေဖေကို ပြန်မပြောပြရဲဘဲ မေမေကိုပဲ တိုးတိုးကြိတ်ကြိတ် ပြောပြထားပါတယ်။ ဖေဖေ တောက်လျှောက် သိမသွားပါဘူး။

နောင်မှသိရတဲ့ ဇာတ်လမ်းစုံကတော့ ဖေဖေက ငါတို့ ဘယ်သူမှလာမခေါ်နိုင်ဘူးဆိုတော့ သူတို့ ရန်ကုန်တိုင်းကလူကြီးတွေ ခေါင်းချင်းရိုက်ပြီး ဘယ်လိုဆက်လုပ်ကြမလဲလို့ တိုင်ပင်ကြသတဲ့။ ကျွန်မတို့ဦးလေးဒုတိုင်းမှူးက ကဲဒီလိုဆိုရင် ကျွန်တော်ရုံးကအပြန် ခေါ်သွားပြီး အိမ်ပြန်ပို့လိုက်ပါ့မယ်လို့ဆိုတော့ ဗိုလ်ချုပ်ကျော်ထင်က ပျာပျာသလဲနဲ့(အထက်ကအမိန့်ရ ထားဟန်တူတယ်တဲ့)ဟာ အိမ်တိုင်ရာရောက် ပြန်ပို့တယ်ဆိုတာတော့ မဖြစ်ဘူး။ ပြီးတော့ လက်မှတ်ကလည်းထိုးခိုင်းရဦးမှာလို့ ဆိုပြန်သတဲ့။ လွှတ်တာကတော့ ဒီနေ့ ဖြစ်အောင်ကိုလွှတ်ရမှာလို့လည်း ဆက်ပြောသတဲ့။ ဒီတော့ ဦးလေးက ကဲပါ ဗိုလ်ချုပ်ရယ်။ ကျွန်တော်ပဲခေါ်သွားပြီး ရဲဌာနကို အပ်လိုက်ပါ့မယ်။ ပြီးတော့မှ အိမ်ကလူတယောက်ယောက်ကို လာခေါ်ခိုင်းလိုက်ပါ့မယ်ပြောပြီး ကိုကျော် ကို သူ့ကားနဲ့တင်ခေါ်လာတာပဲ။
ဇာတ်လမ်းက ဒီတင် မဆုံးသေးပါဘူး။ နောက်ဆက်တွဲဖြစ်ရပ်ကလေး ရှိပါသေးတယ်။ အဲဒါပါ ထည့်ပြောမှ ပြည့်စုံမှာပါ။

အဲဒီကာလတုန်းက ကျွန်မနဲ့ဖေဖေက တခါတရံ(ဥပမာ-စနေ-တနင်္ဂနွေလိုနေ့မျိုး) မနက်အစောထ လမ်းလျှောက်တတ်ပါတယ်။ တော်လှန်ရေးပန်းခြံထဲလျှောက်ဖြတ်ပြီး ရွှေတိဂုံဘုရားတက် အလယ်ပစ္စယံတပတ်ပတ်ပြီး တခါတရံ အနောက်မုဒ် တခါတရံ မြောက်ဘက်မုဒ်က ဆင်းပြန်တတ်ပါတယ်။
အဲဒါ တနေ့ တော်လှန်ရေးပန်းခြံထဲ လမ်းလျှောက်နေတုန်း ရှေ့မှလည်း ဘောင်းဘီတိုနဲ့လူတယောက် မျက်နှာချင်းဆိုင်က ပြေးလာနေတာ တွေ့ရပါတယ်။ မနက်အစောလည်းဖြစ် ဆောင်းတွင်းလည်းဖြစ်တော့ မြူတွေနဲ့ဆိုင်းနေပြီး လူလုံးမကွဲလှပါဘူး။ ကျွန်မတို့သားအဖရှေ့ ရောက်လာတော့ အဲဒီပြေးနေတဲ့သူ ဖျတ်ခနဲရပ်သွားပြီး၊ ဟာ ဗိုလ်ချုပ်ဆိုတဲ့။ အာမေဍိတ်သံနဲ့အတူ သတိဆွဲပြီး အလေးပြုလိုက်တာ တွေ့လိုက်ရပါတယ်။ ဖေဖေလည်းအံ့သြသွားဟန်ရှိပြီး သြော်မင်းကိုးတဲ့။ ဖေဖေက သူ့လက်အောက် အလုပ်လုပ်ဖူးသူတွေကို မာဖီ (အရပ်ဝတ်)နဲ့ တွေ့လည်း မှတ်မိတတ်တယ်လို့ မေမေပြောဖူးတာ သတိရလိုက်မိပါတယ်။ တန်တော့။ ဖေဖေတော့ အဲဒီလူကို မှတ်မိသွားပြီလို့ စိတ်ထဲထင်လိုက်မိရုံရှိသေး ဖေဖေကဆက်ပြီး ဒါနဲ့ မင်း အင်းစိန်ထောင် ထောင်ပိုင်ဖြစ်နေတယ်ဆိုလို့ မေးလိုက်ပါတယ်။ ဟုတ် ဟုတ်ကဲ့လို့ အဲဒီလူ အထစ်ထစ်အငေါ့ငေါ့နဲ့ ဖြေလည်းဖြေလိုက်ရော။ ဖေဖေက နေစမ်းပါဦးကွာ။ မင်းတို့လုပ်ပုံက။ ခွေးကို ရိုက်တောင် ခွေးရှင်မျက်နှာကြည့်ရသေးတယ်။ အခုတော့ ငါ့သားကို သူဟာသူ ကျောင်းသွားတက်တာ။ သောရောဖမ်းသွားပြီး ရိုက်လွှတ်လိုက်တာ။ အိမ်ပြန်ရောက်တော့ ချောင်းဆိုးတိုင်းသွေးပါနေလို့ ဓာတ်မှန်ပြေးရိုက်လိုက်ရသေးတယ်။ မင်းးတို့တတွေ ဆူပူသူတွေဘာတွေကိုဖမ်းတာ ဖမ်းပေါ့ကွာ။ ဖမ်းရမှာပေါ့။ ဖမ်းပီးရင်တော့ လူလိုသူလိုဆက်ဆံမှပေါ့။ သားချင်းသမီးချင်း စာနာမှပေါ့။ မင်းတို့သားရွယ် သမီးရွယ်တွေပဲ။ မင်းတို့က ဒီလိုလုပ်လိုက်ရင် မင်းတို့ကိုကြောက်သွားလိမ့်မယ်လို့ ထင်တယ်။ ဟုတ်လား။ မုန်းသွားတာကွ။ မုန်းသွားကြတာ။ အခု မင်းတို့ကို လူတွေ ဘယ်လောက် မုန်းနေတယ်ဆိုတာသိကြရဲ့လားလို့ ဆက်တိုက်ကြီး ပြောလိုက်ပြီးမှ၊ ကဲပါကွာ။ မင်းလည်းချွေးတွေသံတွေနဲ့။ သွားတော့ သွားတော့။ ငါလည်း ဆက်လမ်းလျှောက်လိုက်ပါဦးမယ်ဆိုပြီး ကျွန်မတို့သားအဖ ထွက်လာခဲ့ပါတယ်။ တော်တော်လျှောက်လာပြီးမှ ကျွန်မလှည့်ကြည့်လိုက်တော့ အခုနလူ ကျွန်မတို့ ထားခဲ့တဲ့နေရာမှာဘဲ ငူငူကြီး ဆက်ရပ်နေတာတွေ့လိုက်ရပါတယ်။

ဖေဖေကတော့ သူပြောချင်တာတွေ ပြောလိုက်ရလို့ထင်ပါရဲ့။ စိတ်လွတ်လက်လွတ် ခပ်သွက်သွက်ဆက်လျှောက်နေလို့ ကျွန်မမှာ အမောတကောအမီလိုက်-လိုက်ရတာ။
အဲဒီကာလ(လွန်ခဲ့တဲ့-၄၇-နှစ်က)-ကျွန်မမှတ်မိသလောက် အဖြစ်အပျက်ကလေးပါပဲ။
လှကျော်ဇော။
၁၃-၆-၂ဝ၁၆။

ရီပါတ်ဘလီကင်န်ပါတီကွန်ဗင်န်းရှင်န်း

0 comments
Grand Old Party (GOP)လို့လည်းသိကြတဲ့ ရီပါတ်ဘလီကင်န်ပါတီရဲ့
ကွန်ဗင်န်းရှင်းကို ကျနော်တို့နေတဲ့ အင်ဒီယားနားပြည်နယ်နဲ့ကပ်လျှက် အိုဟိုင်းယိုးပြည်နယ် ကလိဗ်လင်န်းဒ်မှာ ဒီနေ့လုပ်မှာပါ။

ကွန်ဗင်န်းရှင်းလုပ်နေတဲ့အခန်းကြီးထဲ စကားတွေများကြ ငြင်းကြခုန်ကြ လက်သီးလက်မောင်းတန်းကြ အော်ကြီးဟစ်ကျယ်ဖြစ်ကြ မေးကြောကြီးတွေထောင်တဲ့အထိ အသံတွေပြာတဲ့အထိ အော်ကြဟစ်ကြ သူ့လူကိုယ့်လူ ထိန်းကြ ဆွဲကြလွဲကြတွေဖြစ်တာမျိုးကတော့ သိတ်အဆန်းတကြယ်ကိစ္စမဟုတ်ပါ။ စကားလုပ်ပြောနေရမယ့်ဟာတောင်မဟုတ်ပါ။ ပြီးတော့လည်း ပြီးသွားကြတာမျိုးပါပဲ။ သူတို့နိုင်ငံရေးသမားအချင်းချင်း ပါတီတွင်း နေရာလုတာကိုလည်း လူကြီးလူကောင်းဆန်ဆန်ဖြေရှင်းနည်းနဲ့ အာဏာရသွားတဲ့အခါ ရာထူးနေရာတွေ ဂွင်တွေချပေးလိုက်လည်း ပြတ်သွားတာပါပဲ။ ဒီသက်တမ်း မနိုင်လည်း နောင်သက်တမ်းအတွက် ထပ်ပြင်ကြဆင်ကြ ပြိုင်ဘက်ပါတီ(အာဏာရပါတီ)ရဲ့ မူဝါတွေကို ထောက်ဖို့ ဝေဘန်ဖို့ အချက်အလက်တွေရှာကြ လူပုဂ္ဂိုလ်အားနည်းချက်တွေကို လက်ကုန်နှိုက်ရှာကြဖွေကြနဲ့ ခမျာများလည်းအားရတယ်လို့ကိုမရှိရှာကြပါဘူး။

ဒီနေ့လုပ်မယ့် ရီပါတ်ဘလီကင်န်ပါတီကွန်ဗင်န်းရှင်း လုံခြုံရေးကိစ္စတွေအတွက် ဗဟိုအစိုးရက ဒေါ်လာ ၁၅ သန်းလောက် အကုန်အကျခံတယ်လို့ဆိုတယ်။ အစည်းအဝေးလုပ်မယ့် အဆောက်အဦးအပြင်မှာတော့ ဆန္ဒပြမယ့်လူတွေလည်း အဆင်သင့်ရောက်နေကြ နေရာယူနေကြသလို ထပ်လည်း တဖွဲဖွဲလာနေကြတာ တီဗီမှာပြနေတယ်။

အလားတူပဲ ရိုးရိုးရဲတွေ၊ အဓိကရုဏ်းဖြိုခွဲရေးတပ်ဖွဲ့တွေ၊ တမဟုတ်ခြင်းစီးနင်းတိုက်ခိုက်ရေးတပ်ဖွဲ့တွေ၊ ကုတ်အင်္ကျီနက် မျက်မှန်နက်နဲ့လူတွေအပြင် သတင်းသမားတွေလည်း ကင်မရာကြီးငယ်တွေထမ်းလို့ မိုက်ကရိုဖုန်းတွေကိုင်လို့ မြင်နေရတယ်။

မြို့သူမြို့သားတွေအပြင် တိုင်းပြည်တဝှမ်းကလူတွေကတော့
အဓိကရုဏ်းတွေများဖြစ်မလား ပြသနာတွေများ ထဖြစ်ကြဦးမလား ပစ်ကြခတ်ကြ သေကြကြေကြတွေများ ဖြစ်ဦးမလားဆိုပြီး တွေးနေမိကြတာပါပဲ။ သိတ်
ပူပူပန်ပန်ကြီးတော့လည်း ဘယ်သူမှ မရှိကြပါဘူး။ တနေ့ကပဲ ဘေတန် ရုဂ်မှာ ရဲ ၃ ယောက် ထပ် ပစ်အသတ်ခံရသေးတာမဟုတ်လား။ ၈ ယောက်လောက်ကတော့ ဒဏ်ရာတွေရပြီး အတွင်းလူနာဖြစ်သူလည်း ဖြစ်ကြတာပဲ။

အင်ဒီယားနားပြည်နယ်အုပ်ချုပ်ရေးမှူး မိုက်ခ်ပန့်စ်ကို ဒုသမ္မတလောင်းအဖြစ် ဒေါ်နယ်လ်ထရမ့်က မြှောက်စားလိုက်တာကို နုတ်ဂင်းဂရစ်ခ်ျ(အောက်လွှတ်တော်
ဥက္ကဌဟောင်း)အပါအဝင် ပါတီတွင်းမှာ အစာမကြေတာတွေလည်း သိသိသာသာသာကြီးကို အပြင်ကိုထွက်လာတယ်။

ဒီကြားထဲ မနေ့က ပြည်နယ် ၃၇ ပြည်မှာ ဒေါ်နယ်လ်ထရမ့်အပေါ်သဘောထား
စစ်တမ်းတခုလုပ်ကြည့်တာ လူ ၆ဝ ရာခိုင်နှုန်းက သိတ်မနှစ်မြို့တဲ့သဘောပေးလာတယ်။ တွေးစရာက ဒီမိုကရက်ကလည်း အိုဘားမားသက်တမ်း ၂ ကြိမ် သမ္မတလုပ်ပြီးတာရယ်၊ သူ့ပါတီ သမ္မတလောင်း ဟီလာရီမှာလည်း ကိုယ့်အီးမေးလ်ကို အလုပ်ကိစ္စမှာသုံးတာရယ်နဲ့ လူတွေကြားထဲ သိတ်ဘဝင်မကျတာတွေလည်း
ရှိတယ်။

တခါ အမေရိကန်တချို့ရဲ့ စိတ်တိမ်းညွှတ်မှုကလည်း ပြောရခက်ပါတယ်။ အိုဘားမားတုန်းကလည်း (မူတွေဘာတွေကြိုက်တာမကြိုက်တာ စကားပြောကောင်းတာမကောင်းတာတွေထက်) ပထမဆုံး လူမည်းသမ္မတမို့ရွေးကြတာ၊ အသားအရောင် လူမျိုးခွဲခြားမှုမရှိတာကိုပြချင်တာ စတဲ့စိတ်တွေက ခတ်ကဲကဲဖြစ်တာလည်း သတိထားမိတယ်။ ခုလည်း ဟီလာရီအပေါ် ပထမဆုံး အမျိုးသမီးသမ္မတဆိုပြီး
ပုံအောချင်လည်း အောလိုက်နိုင်တာပဲ။

တိုင်းပြည်က အထည်ကြီးပျက်လိုဖြစ်လာတော့ လူတချို့စိတ်ထဲမှာ ရွှေထီးဆောင်းခဲ့ဖူးတဲ့ အမေရိကန်ဘဝင်စိတ်ကလေး ပြန်ကြွနေတာလည်းရှိတယ်။ စီးပွားပျက်ရခြင်းရဲ့ တရားခံကိုလည်း တိုင်းပြည်အပြင်ထွက် ရှာချင်နေတာရှိတယ်။ တချို့ဆို လက်သည်ဟာ တရုတ်ဖြစ်လိုက်၊ ရုရှားဖြစ်လိုက်၊ အရှေ့အလယ်ပိုင်းဖြစ်လိုက်၊ အာရဗ်ကမ္ဘာကြီးဖြစ်လိုက်၊ အာဖဂန်နစ္စတန်ဖြစ်လိုက်၊ အစ္စလာမ်းမစ်အကြမ်းဖက်ဝါဒဖြစ်လိုက်နဲ့ မဲမဲမြင်ရာ လက်ညှိုးထိုးနေတာတောင်ရှိတယ်။ ဆိုတော့ ဘောလုံးပွဲလို မြင်းပွဲလို ချဲတွက်သလို တွက်ဖို့ခက်တယ်။ ဗမာပြည်မှာလို ဒီမှာ အမေရိကန်စံဇာဏီဘိုတို့ဘာတို့ရှိရင်လည်း ကောင်းသား။
မျိုးမြင့်ချို ဇူလိုင် ၁၈၊ ၂ဝ၁၆

Sunday, July 17, 2016

အရေးပေါ်စီမံခန့်ခွဲရေးဗဟိုကော်မတီဆိုသည်နှင့်ပတ်သက်သော မိမိတို့သဘောထား

0 comments
အရေးပေါ်စီမံခန့်ခွဲရေးဗဟိုကော်မတီဆိုသည်နှင့်ပတ်သက်သော
မိမိတို့သဘောထား
(ထုတ်ပြန်ချက် အမှတ် ၁/၂၀၁၆)
(၁၇ – ၇ – ၂၀၁၆)

အစိုးရအပြောင်းအလဲလုပ်ပြီး၍ ရက်တရာအလွန်မှာပင်“အဓိကရုဏ်းဖြစ်ပွားခဲ့လျှင် လျင်လျင်မြန်မြန် ကိုင်တွယ်ထိန်းသိမ်းနိုင်ရန်(Rapid Response) စီမံပေးရန်အတွက်ဆိုပြီး ဗဟိုကော်မတီတခု ထွက်ပေါ်လာခဲ့သည်။

ထို့ကြောင့် အစိုးရသစ်တက်လာပြီးနောက် တိုင်းပြည်တစုံတရာအေးချမ်းသွားလိမ့်မည်ဟု
ထင်နေသူတွေမှာ မျက်လုံးမျက်ဆံပြူး ဖြစ်ကုန်ကြတော့သည်။
ငြိမ်းချမ်းရေးစကားတွေ၊ ရင်ကြားစေ့စကားတွေ သောင်းသောင်းညံအောင်
ကြားနေရသည့်အကြားမှ ပေါ်ထွက်လာသော အက်ဥပဒေဖြစ်သမို့
ပိုပြီးအံ့အားသင့်ကြရခြင်း ဖြစ်သည်။ ဤဥပဒေကို ပြဋ္ဌာန်းခြင်းနှင့် ၂၁ ရာစု
ပင်လုံညီလာခံကျင်းပရန် ပြောဆိုစိုင်းပြင်းနေချိန်နှင့် တိုက်ဆိုင်နေသည်မှာ
မည်သို့သောအဆက်အစပ်ပါလိမ့်ဟု တွေးသူကတွေးစရာ ဖြစ်လာသည်။

သေချာတာကတော့ စစ်တပ်နဲ့ဒီချုပ် အပေးအယူကောင်းလာပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်သည်ဟု ယူဆစရာတွေ ရှိနေသည်။ သူတို့အကောင်အထည်ဖော်မည့် ငြိမ်းချမ်းရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးအစရှိသည့်စီမံကိန်းများကြောင့်ပေါ်လာနိုင်သည့် ပြည်သူ့တောင်းဆိုမှုကို ချေမှုန်းနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ထားခြင်းဟူ၍လည်း ယူဆစရာ ရှိသည်။

ဘီဘီစီအသံလွှင့်ချက်အရတော့ ဤအဖွဲ့ကို ဖွဲ့ပေးရန် ပြည်ထဲရေးဌာနကတောင်းဆိုထားသည်မှာ နှစ်လကျော်ကြာပြီဖြစ်ပြီး အခုမှ သမ္မတက
လက်မှတ်ထိုးခြင်းဖြစ်သည်ဟု ပြည်ထဲရေးဒုညွှန်ချုပ်ကပြောကြောင်း သိရသည်။
ဒီတော့မှ သို့လော-သို့လောတွေ ပိုများလာတော့သည်။ ဒီအစိုးရနှင့် ပြည်ထဲရေးဌာနမှာ ချိန်ရွယ်ပြီးသားပစ်မှတ်များ ရှိနေပြီလား။ ပြည်ထဲရေးဝန်ကြီးဌာနဆိုတာ စစ်တပ်ကကိုင်ထားသည့်ဝန်ကြီးဌာနတခု မဟုတ်ပါလား။

ဤ ၁၁ ဦးပါ ဗဟိုကော်မတီစာရင်းမှာ နာမည်များ မတွေ့ရသော်လည်း ဖော်ပြထားသည့်ရာထူးဌာနန္တရတွေကို သတိထားကြည့်လိုက်တော့ အရပ်သားက တမတ်သားမှ ပါပါ့မလားဆိုတာလည်း စဉ်းစားစရာဖြစ်နေပါသည်။

လက်ရှိအစိုးရ၏ ဤကြေညာချက်ထဲမှ နောက်ထူးခြားတာတခုမှာ
ဆန္ဒပြမှုဆိုသည်ကို ဆူပူအကြမ်းဖက်မှုဆိုသည်နှင့် တတန်းတည်းသတ်မှတ်
သုံးနှုန်းထားခြင်းဖြစ်သည်။ ဗိုလ်နေဝင်း-ဗိုလ်သန်းရွှေခေတ်ကို ပြန်ရောက်သွားသလို ခံစားရသည်။ ထို့ပြင်“နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှု”၊
“မီဒီယာကို မီဒီယာနဲ့တုံ့ပြန်ရေး”၊ “ဆူပူအကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍
ကြိုတင်ကာကွယ်နိုင်ရန်သတင်းရရှိရေး” စသည်တို့ကိုတွေ့ရတော့
ဗိုလ်ခင်ညွန့်လက်ရာများကို အောက်မေ့သတိရမိစေသည်။

အပိုဒ် ၂ (စ) တွင် ပါသည့် “လူမှုရေးအဖွဲ့အစည်းများ၏အကူအညီကိုရယူပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်”ဆိုခြင်းမှာ လူထု-လူထုချင်း ရန်တိုက်ပေးရန်၊ ကြံ့ဖွတ်မွေးထားသည့်စွမ်းအားရှင်တွေကို တရားဝင်အာဏာပေးဖို့၊
ဖဆပလ ဖွဲ့ခဲ့သည့် ပြူစောထီးတပ်ဖွဲ့လိုဟာမျိုးတွေ ပြန်ပေါ်ပေါက်စေဖို့
စီမံကိန်းဖြစ်နေသည်။

၂ဝ၁၅ ခုနှစ်၊ မတ်လတုန်းက ရန်ကုန်မြို့တော်ခန်းမရှေ့မှာ
ဆန္ဒပြကျောင်းသူကျောင်းသားတွေကို စွမ်းအားရှင်နာမည်ခံ ကလေကချေတွေက
ပုလိပ်နောက်ခံနှင့် ဝင်ရမ်းကားခဲ့သည်မျိုး၊ ဒီပဲယင်းအစ လက်ပံတောင်းနှင့်
လက်ပံတန်းအလယ်၊ စစ်ကိုင်းအလုပ်သမားသပိတ်အဆုံး တရားလက်လွတ်
ဖြိုခွဲခဲ့သလိုမျိုး တရားဝင်တိုးလုပ်ဖို့သာ ဖြစ်လာလိမ့်မည်။

သွားလေသူ ဗိုလ်/ဦးအောင်သောင်းရဲ့လက်သုံးနည်းကို ဆေးပြောင်းသုတ်ပြီး
ထုတ်လာခြင်းဟု ပြောနိုင်သည်။ နောင် လမ်းတွေပေါ်မှာ ဆန္ဒပြလူအုပ်ကြီးတွေ
နှစ်ဖက်ရိုက်ကြနှက်ကြဖြစ်လျှင် ဤသည်မှာ ဤအက်ဥပဒေ၏အဆက်ဟူ၍သာ ပြောရမှာဖြစ်သည်။

ဤ အက်ဥပဒေမှာပါသော“မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ
ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များ ဖွဲ့စည်းဆက်စပ်ဆောင်ရွက်ပေးသွားရန်”
ဆိုသည်မှာ စွမ်းအားရှင်လိုလူရမ်းကားတွေကို ကြောင်အတောင်ပံတပ် ဖြစ်စေမည်သာ ဖြစ်သည်။ မြစ် မချမ်းသာမည့်ကိန်း ဖြစ်သည်။

နောက်ပြီး မေးစရာရှိသည်က ထိုသို့ ဖွဲ့စည်းလိုက်သော ရပ်ကွက်ကင်ပေတိုင်များကို ဘယ်သူက ကိုင်မည်နည်း။ ပြည်ထဲရေးဆိုသောအရာကြီးလား၊ စစ်တပ်ဆိုသော ကုလားကြီးလား။

ယနေ့ကဲ့သို့သော“ရင်ကြားစေ့”ကာလကြီးတွင်
ဖိနှိပ်ရေးယန္တရားများကို ယခုကဲ့သို့တိုးချဲ့နေခြင်းမှာ တိုင်းသူပြည်သားတွေအဖို့
ရတက်မအေးစရာ ဖြစ်နေသည်။

အပိုဒ် ၂ (ဋ) တွင် ပါသော “ညှိနှိုင်းအစည်းအဝေးများပြုလုပ်ရာတွင်
လိုအပ်ပါက အခြားပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့်
အရပ်ဖက်အဖွဲ့အစည်းများမှပုဂ္ဂိုလ်များအား ခေါ်ယူညှိနိုင်းဆောင်ရွက်ရန်”ဟု
ဆိုသည့်စာသားများ၏အဓိပ္ပာယ်အရဆိုလျှင် ဆန္ဒပြမှုများကိုဖြိုခွဲရာတွင်
စစ်တပ်နှင့်လက်တွဲလုပ်ရေးဆိုသည်ကို အနည်းဆုံး ရွေးချယ်စရာလမ်းအဖြစ်
ထားကြောင်း ပေါ်လွင်နေသည်။

ယနေ့ ဗမာပြည်နိုင်ငံရေးမှာ လွတ်လပ်စွာဆန္ဒပြခွင့်ရှိသည်ဆိုခြင်းကို လူထုတွေ သဘောပေါက်နားလည်အောင်လုပ်ရေးက အဓိကလား၊
လူတွေမလှုပ်ရဲအောင်လုပ်ရေးကအဓိကလား မေးစရာဖြစ်နေသည်။ ဤမေးခွန်းကို ယခင်ခေတ်များကမေးစရာမလိုသဖြင့် မည်သူမျှမမေးခဲ့။ သို့သော်
ယခုတော့ မေးရတော့မည်။

တကယ်က ဆန္ဒပြခြင်းဆိုသည်မှာ ကျောင်းသားလေးတွေကပြ-ပြ၊
အလုပ်သမားတွေကပြ-ပြ၊ သံဃာတော်တွေက ပြ-ပြ၊ အနည်းနှင့်အများ
နိုင်ငံရေးလက္ခဏာ ဆောင်သည်ချည့်ဖြစ်သည်။ ထမင်းမဝလို့ ဆန္ဒပြသည်ကို
“နိုင်ငံရေးသွေးထိုးလှုံ့ဆော်မှုများဖြင့်”ဆိုသည့် ဝါးလုံးရှည်နဲ့သိမ်းရမ်းပြီး ဖြိုခွဲခြင်း၊
ဖိနှိပ်ခြင်းများလုပ်လျှင် လူရယ်စရာဒီမိုကရေစီ ဖြစ်နေပေလိမ့်မည်။

ယနေ့ ဗမာပြည်တွင် ဆက်တိုက်လိုတွေ့နေရသော လူမျိုးရေး၊
ဘာသာရေးပြဿနာများ၏ နောက်ကွယ်တွင် မည်သူတွေရှိသည်ဆိုခြင်းကို
လူတိုင်းသိသည်။ သို့သော် ယခုအထိ ထိုနောက်ကွယ်မှလူများကို မေးတောင်ငေါ့မပြနိုင်ဘဲ ရှိသည်မဟုတ်လား။

ဤနိုင်ငံတွင် ယခုအဓိကလုပ်ရမည်မှာ ရာစုနှစ်တဝက်ကျော်
ထင်သလိုရမ်းကားခဲ့သော ငရဲခွေးကြီးကို ပြင်ပမောင်းထုတ်ရေး ဖြစ်သည်။
အတွင်းသို့ ဆွဲသွင်းရေးမဟုတ်ပေ။
ဗဟိုစည်းရုံးရေးကော်မတီ
ဗမာပြည်ကွန်မြူနစ်ပါတီ
(၁၇ – ၇ – ၂၀၁၆)
ဗမာပြည်ကွန်မြူနစ်ပါတီ-၀က်ဘ်ဆိုက်မှ

(လူဖမ်းပွဲတွေ စတော့မလား) မျိုးမြင့်ချို

0 comments
(လူဖမ်းပွဲတွေ စတော့မလား) မျိုးမြင့်ချို ဇူလိုင် ၁၇။ ၂ဝ၁၆
၆၃ မှာ ဗိုလ်နေဝင်းရဲ့ ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တယ်။ မလုပ်ခင်နဲ့
လုပ်နေတုန်းမှာ ၆ ခရိုင်ဆန္ဒပြပွဲကြီးဖြစ်လာတယ်။ လူထုက ပြည်တွင်းစစ်ကို
မလိုလားကြောင်း အတိအလင်းထုတ်ဖော်ပြသတာဖြစ်တယ်။
နိုင်ငံရေးအရဆိုရင် ငြိမ်းချမ်းရေးစစ်စစ်မှန်မှန်ရအောင် အဖြေရှာကြဖို့
ဆွေးနွေးဘက်တွေအားလုံးကို လူထုနည်းနဲ့ဖိအားပေးခြင်းဖြစ်တယ်။
ဒါကို “နိုင်ငံရေးအရသွေးထိုးလှုံ့ဆော်တာ“ လို့ စစ်အုပ်စုက သမုတ်တယ်။
ဒါကို “လူထုနည်းနဲ့ သူတို့ကိုအကြပ်ကိုင်တာ“လို့ ယူဆတယ်။
ဒီတော့ တေးထားလိုက်တယ်။

ဆွေးနွေးပွဲအကြိုကာလမှာ ဆွေးနွေးနေစဉ် နှစ်ဖက်တပ်များ နေရာချထားရေးကိစ္စ၊ ခွဲဆွေးနွေးရေး တွဲဆွေးနွေးရေးတွေကိစ္စတွေပဲရှိသးတယ် ငြိမ်းချမ်းရေးဆီ
စကားဦးတောင်မသန်းရသေးဘူး ဗိုလ်နေဝင်းတို့ဘက်က တဘက်သတ်
ဖျက်သိမ်းလိုက်တယ်။

ပွဲဖျက်ပြီး တောထဲကလူတွေ တောထဲပြန်မရောက်ခင်မှာတင် မြို့ပေါ်မှာ
လူဖမ်းပွဲကြီးလုပ်တယ်။ အရေးပေါ်စီမံချက်ဥပဒေ ပုဒ်မ ၅(ည)နဲ့ ဆွဲသွင်းပစ်တာ ထောင်ပြည့်ထောင်လျှံဖြစ်သွားတယ်။ တသက်တကျွန်းပို့တယ်။

ခုလည်း ၂၁ ရာစုပင်လုံညီလာခံတို့ အပစ်အခတ်ရပ်စဲရေးတို့
ငြိမ်းချမ်းရေးဆွေးနွေးပွဲတို့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ သံစုံမြည်လာပြန်ပြီ။ မင်းအောင်လှိုင်နဲ့ဒေါ်စု ဗိုလ်နေဝင်း ဗိုလ်အောင်ဆန်းဓာတ်ပုံကြီးတွေနောက်ခံနဲ့
တွဲရက်သားထွက်လာတယ်။ စစ်သမိုင်းပြတိုက်သွားတယ်။ တိုင်းရင်းသားတွေ ဒီတချီမှာမှ(ဒေါ်စုမကွယ်လွန်ခင်) ငြိမ်းချမ်းရေး အရမယူနိုင်ရင် ဘယ်တော့မှရဖို့လမ်းမမြင်ဘူးတို့၊ ဆွေးနွေးပွဲမတက်တာ သေသွားချင်လို့လားတို့ဆိုတဲ့အသံတွေ သိသိသာသာထုတ်လာတယ်။ ကောက်ကာငင်ကာ ပုဒ်မ ၅ (ည)ကိုဖျက်လိုက်ပြီး
အရေးပေါ်စီမံခန့်ခွဲမှုကော်မတီဆိုပြီးဖွဲ့တယ်။ ဆန္ဒပြတာနဲ့ ဆူပူအကြမ်းဖက်တာကို တတန်းတည်းထားပြီး ဖြိုခွဲချေမှုန်းမယ်လို့ကြုံးဝါးလာတယ်။

“နိုင်ငံရေးသွေးထိုးလှုံ့ဆော်မှု“လို့ အတိအလင်းသုံးထားတာတွေ့တယ်။
ဗမာ့နိုင်ငံရေးဝေါဟာရမှာ ဘယ်တုန်းကမှမရှိတဲ့ “အထွေထွေဆန္ဒပြမှု“ဆိုတာကို
ထွင်ပြီးသုံးထားတာ သတိပြုမိတယ်။ အထွေထွေသပိတ်၊ ပုလိပ်သပိတ်၊
ဝန်ထမ်းပေါင်းစုံသပိတ်၊ မီးရထားသပိတ် စသည်ဖြင့် သပိတ်မှောက်တာကို
သပိတ်လို့ပဲသုံးတယ်။ သပိတ်ကို သပိတ်လို့တောင်မသုံးပဲ အထွေထွေဆန္ဒပြမှုလို့ သုံးတာမှာ ရည်ရွယ်ချက်ပါတယ်။ သပိတ်အဆင့်အထိမရောက်ခင် ဆန္ဒပြတယ်ဆိုကတည်းက ဖြိုခွဲပစ်မယ်လို့သဘောပါနေတယ်။

လူထုမှာ ဘက်ပေါင်းစုံက(စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး)ကြပ်တည်းလာရင် ဘယ်သူကမှ ဘာနိုင်ငံရေးမှ သွေးထိုးလှုံ့ဆော်စရာမလိုပဲ “အထွေထွေသပိတ်“
တိုက်ပွဲတွေဖြစ်တာပဲ။ လူတွေ လမ်းပေါ်တက်လာတာပဲ။ ဘယ်သူကမှ တားမရဘူး။ ပစ်နေတဲ့သေနတ်တွေကြား ရင်ကော့ပြီးတိုးဝင်သွားတာပဲ။ သေနတ်မှန်လို့ သေကာနီးမှာ “လွတ်လပ်မှ အမျှဝေပါ“လို့ပြောခဲ့တာပဲ။

ခုက ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီလို စစ်ဗိုလ်က သေနတ်ခါးထိုးပြီး
အာဏာကိုဗြောင်ကိုင် ခြိမ်းခြောက်နေတာမဟုတ်ဘူး။ အပြကောင်းတဲ့ အမြင်လှတဲ့ ရင်ခွင်ပိုက် ၂ဝဝ၈ ဖွဲ့စည်းပုံသစ္စာမြဲ အစေစားခံအစိုးရရှေ့တင်ပြီး ကိုင်ကစားနေတာ။

၂၁ ရာစု ပင်လုံညီလာခံအကြိုကာလ ညီလာခံကာလနဲ့ (ဖြစ်ခဲ့ရင်)ညီလာခံ
နောက်ပိုင်းကာလတွေ ဘာဖြစ်မလဲ မှန်းဆဖို့ခက်နေသေးတာမှန်ပေမယ့်
တပြည်လုံးက လူမျိုးစုံပြည်သူလူထုဟာ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး ဖက်ဒရယ်လ်ပြည်ထောင်စုတည်ဆောက်ရေး စစ်စစ်မှန်မှန်ဒီမိုကရေစီထွန်းကားရေး လူ့အခွင့်အရေး လွတ်လပ်မှု မျှတတဲ့တရားဥပဒေစိုးမိုးရေး စားဝတ်နေရေးပြေလည်ရေး လူမျိုးရေးဘာသာရေးပြသနာတွေကင်းစင်ရေး စတာတွေကို ရေငတ်သလိုငတ်နေကြတယ်။ ထမင်းဆာသလို ဆာလောင်နေကြတယ်။

ဒါတွေဖြစ်လာဖို့အတွက် “အစိုးရကိုအဓိကဦးတည်ပြီး အခြားဘက်အသီးသီးကို
မေတ္တာရပ်ခံလာမယ်။ တောင်းဆိုလာလိမ့်မယ်။ တိုက်ပွဲဝင်လာနိုင်မယ်။ လမ်းမတွေပေါ်ထွက်လာတော့မယ်“လို့တွက်ပြီး ဒီ “အရေးပေါ်စီမံခန့်ခွဲမှုကော်မတီ“ကိုဖွဲ့တာ
မဟုတ်ပါစေနဲ့လိှု့ဆန္ဒဖြစ်မိသလို “ဆွေးနွေးပွဲအဖျက်ခံရရင်“လည်း လူဖမ်းပွဲကြီးတွေမဖြစ်ပါစေနဲ့လို့ စိုးရိမ်စိတ်ကင်းကင်းနဲ့ နေချင်လှတယ်။

Friday, July 15, 2016

ခွေးလေးတွေလို အိပ်ချင်တာ(မျိုးမြင့်ချို)

0 comments
ကမ္ဘာပေါ်မှာ အကြမ်းဖက် ခြိမ်းခြောက်သတ်ဖြတ်မှုတွေဟာ စစ်ပွဲတွေလိုပဲ သဏ္ဍန်စုံ နည်းနာစုံနဲ့ပေါ်လာနေပြီဆိုရမယ်ထင်တယ်။ ကားဗုံးခွဲ၊ လူနဲ့အသေခံဗုံးခွဲ၊ လေယျဉ်ပျံနဲ့ဝင်တိုက်၊ ချောင်းမြောင်း ပစ်ခတ်၊ လူစုလူဝေးထဲ စက်သေနတ်နဲ့မွှေ စတာတွေကနေ ခုဆို ထရပ်ကားကြီးနဲ့ လူအုပ်ကြီးကိုင်ဝင်တိုက်သတ် ကြိတ်သတ်ဆိုတဲ့အထိ ဖြစ်လာပြီ။ နောက်ထပ် ဘယ်ပုံစံတွေ တွေ့ရဦးမလဲ မပြောတတ်ဘူး။ သွေးပျက်စရာ ခြောက်ခြားစရာ တုန်လှုပ်စရာ ရူးသွားချင်စရာတွေချည်းပဲ။ အဲ့ဒါတွေမြင်တိုင်းကြားတိုင်း နဂိုကမှ ကိုယ့်ရုပ်ပိုင်းမှာရခဲ့ဒဏ်ရာတွေကြောင့်၊ စစ်ကြောရေးစခန်း ညှဉ်းပမ်းနှိပ်စက်ခံနဲ့ ၁၅ နှစ်တာ အကျဉ်းစံဘဝတွေကြောင့် ရလာခဲ့တဲ့စိတ်ဝေဒနာ၊ ခြောက်အိပ်မက်တွေနဲ့ ပင်ပမ်းကြီးစွာဖြတ်သန်းနေရတဲ့ ညတွေဟာ ပိုပြီး ကြောက်စရာကောင်းလာတယ်။ ပိုပြီးမှောင်လာတယ်။ ပိုပြီးတိတ်ဆိတ်လာတယ်။ ပိုပြီးကျယ်လောင်လာတယ်။ ဆည်းဆာချိန်ကို မကြည့်ချင်ဘူး။ နေဝင်သွားမှာကို မမြင်လိုဘူး။ ညရောက်မှာ ကြောက်နေတယ်။ အိပ်ယာဝင်ရမှာ လန့်နေတယ်။ အိပ်ပျော်သွားမှာ စိုးနေတယ်။ မအိပ်မိအောင် စိတ်တင်းပြီးနေတော့လည်း အပမ်းကြီးလှတယ်။ မိုးလင်းပေါက် မအိပ်ဖြစ်တဲ့ညတွေ ခုတလော များသထက်များများလာတာ ကိုယ့်ဘာသာသိနေတယ်။

စစ်နဲ့ အကြမ်းဖက်ခြိမ်းခြောက်သတ်ဖြတ်မှုတွေ ဘာမတူသလဲ တူသလဲ လည်း တွေးမိနေတယ်။
စစ်ပွဲတွေမှာ စစ်တိုက်နည်းအသစ်သာ ထပ်မပေါ်သေးပေမယ့် စစ်လက်နက်အသစ်အဆန်းတွေ နည်းပညာအသစ်အဆန်းတွေ မောင်းသူမဲ့လေယဉ်တွေ ပဲ့ထိန်းဒုံးတွေ တိုက်ချင်းပစ်ဒုံးတွေ ဒုံးခွင်းဒုံးတွေ စတာတွေကတော့ နေ့စဉ်နဲ့အမျှပေါ်နေတာပဲမဟုတ်လား။ ထုတ်နေတာပဲ မဟုတ်လား။ အဲ့ဒါတွေနဲ့ တိုက်နေကြတာပဲ မဟုတ်လား။

နိုင်ငံကြီးတွေက အဲ့ဒါတွေနဲ့ အင်အားတွေအဆမတန်သုံးပြီး ကိုယ့်နိုင်ငံပေါ် ကျည်တတောင့်မှ မကျစေရပဲ ကြားနိုင်ငံတွေမှာ(အကြောင်းမျိုးစုံပြ ရမယ်မျိုးစုံရှာပြီး) စစ်လက်နက်ပစ္စည်းအရောင်းပြပွဲနဲ့ လက်နက်သစ် စမ်းသပ်ပစ်ပြ ကြော်ငြာတာတွေ အရောင်းမြှင့်တင်တာတွေ လုပ်နေကြတာမဟုတ်လား။ စစ်ပွဲစားနဲ့ စစ်ကုန်သည်တွေ ကုဋေကြွယ်ကြီးတွေဖြစ်ကြတာမဟုတ်လား။ ဒါကိုပဲ စစ်ပွဲလို့ ကင်ပွန်းတပ်ကြတာ မဟုတ်လား။

လူ့သမိုင်းမှာ တချိန်တခါကရှိခဲ့ဖြစ်ခဲ့ဖူးပေမယ့် ဒီဘက်ခေတ်သမိုင်းမှာ စစ်ပွဲကြီးတွေဟာ ဘာသာရေး လူမျိုးရေးကြောင့်ဖြစ်တာ မရှိတော့ဘူး။ ကိုယ်ကျိုးစီးပွားအခြေပြုနိုင်ငံရေး၊ စစ်ရေးအရ ဒေသစိုးမိုးရေး၊ သယံဇာတ၊ လောင်စာ၊ ဈေးကွက် စတဲ့များမြောင်တဲ့ အကျိုးစီးပွားအခြေခံ အခြင်းအရာတွေကြောင့် ဖြစ်ကြတာပဲ။ နောက်တချက်က ဟိုဘက်ခေတ်စစ်ပွဲတွေဆိုတာ နိုင်ငံသိမ်း ပြည်သိမ်း ဒေသသိမ်းပိုက် စိုးမိုးဗိုလ်လုပ်ဖို့ပဲ။ ဒီဘက်ခေတ်ကြတော့ သူ့လူထဲက ကိုယ့်ဘက်သားကို ပလ္လင်ပေါ်တင်ပေးပြီး ကိုယ့်စိတ်ကြိုက် ကိုင်ကစားဖို့ပဲ။

စစ်ပွဲလည်းလူသတ်တာပဲ၊ အကြမ်းဖက်ခြိမ်းခြောက်သတ်ဖြတ်တာလည်း လူသတ်တာပဲမဟုတ်လား။ အတူတူပဲလို့ ထင်စရာရှိပေမယ့် မတူဘူး။ စစ်ပွဲမှာ အရပ်သူအရပ်သားတွေ ကလေးတွေ မိန်းမတွေ သက်ကြီးရွယ်အိုတွေ အချောင် အသတ်အဖြတ်ခံရ သေကြေရ မြို့လုံးကျွတ် ရွာလုံးကျွတ်အသတ်ခံရ အနုမြူဗုံးစာမိကြတာတွေမှန်ပေမယ့် တကယ့်စစ်မြေပြင်မှာတော့ လက်နက်ကိုယ်စီကိုင်ထားတဲ့ စစ်သား စစ်သားခြင်း သတ်ကြဖြတ်ကြတာမျိုးပါ။ လက်နက်မဲ့သူတွေကို သတ်တာဖြတ်တာ အနိုင်ကျင့်တာ လုယက်တာ စတာတွေကို ပြစ်တင်ရှုတ်ချဆန့်ကျင်ရမှာမှန်ပေမယ့် စစ်တကယ်ဖြစ်ပဟေ့ဆို အဲ့ဒါတွေက ရှောင်လွှဲလို့ရတဲ့ကိစ္စတွေ မဟုတ်တော့ဘူး။ စစ်ကြောင့် မဖြစ်မနေ ဖြစ်ကုန်ကြတဲ့ကိစ္စတွေဖြစ်ကုန်တယ်။ အနုမြူဗုံးကြဲမယ် မကြဲဘူးကတော့ ရှောင်လွှဲမယ်ဆို လွှဲလို့ရတဲ့ကိစ္စလို့ မြင်လို့ရနိုင်မှာပါပဲ။

အကြမ်းဖက်ခြိမ်းခြောက်သတ်ဖြတ်မှုကြတော့ ဘာကိုမှ သိမ်းပိုက်ဖို့လည်းမဟုတ်ဘူး။ ဘယ်သူ့ကိုမှလည်း နန်းတင်ဖို့မဟုတ်ဘူး။ ပစ်မှတ်ကလည်း စစ်နဲ့ဆိုင်တဲ့ဟာတွေကိုချည်း ရွေးတိုက်တာမဟုတ်ဘူး။ အရပ်ဘက်ပစ်မှတ်တွေရော အရပ်သူအရပ်သားတွေရော လူစည်တဲ့နေရာမှန်သမျှရော အကုန်ဖြစ်နိုင်တယ်။ အကြမ်းဖက်သတ်ဖြတ်သူကလည်း စစ်သားဟုတ်ချင်လည်းဟုတ်မယ် မဟုတ်ချင်လည်းမဟုတ်ဘူး။ သူ သတ်ဖြတ်မယ့်သူတွေဟာ လက်နက်မဲ့တွေ သူ့ကို ခုခံနိုင်စွမ်းမရှိသူတွေမှန်း သူသိသိနဲ့ ရက်ရက်စက်စက် သွေးအေးအေးနဲ့လုပ်ပစ်တာမျိုးပဲ။ အလွန်အံ့သြထိတ်လန့် သွေးပျက်စရာကောင်းတဲ့ စိတ်နှလုံးသားမျိုးရှိသူပဲ။ သူ့ရည်ရွယ်က သူ တိုက်ခိုက်သတ်ဖြတ်ရမယ့် လူ့အစုအစည်းထဲကလူတွေကြားမှာ အကြောက်တရား စိုးရွံ့ထိတ်လန့်မှုနဲ့ ဘဝမလုံခြုံမှု စိတ်မလုံခြုံမှုတွေဖြစ်နေအောင်လို့ပဲ။

တခါတလေမှာ ဒီအကြမ်းဖက်ခြိမ်းခြောက်သတ်ဖြတ်မှုဟာ လူတယောက်တည်း သူ့အသက်သူရင်းပြီးလုပ်တာမျိုးဖြစ်နိုင်သလို ဗမာပြည်မှာလို လူများစုက လူအုပ်ကြီးတွေစုပြီး လက်နက်ကိုယ်စီနဲ့ လူနည်းစုတွေ ဥပဒေအရအကာအကွယ် အပေးမခံရသူတွေအပေါ် ကျူးလွန်တာမျိုးလည်းဖြစ်နိုင်တယ်။ အသတ်ဖြတ်ခံ အနိုင်ငျင့်ခံရသူ လူနည်းစုတွေစိတ်ထဲ ဘဝထဲ ဘာလုံခြုံမှမရှိအောင်လုပ်ထားဖို့က လူများစုအကြမ်းဖက်သမားတွေရဲ့ ရည်ရွယ်ချက်မဟုတ်လား။ လူနည်းစုတွေကို သတ်ဖြတ်ရုံတင်မက သူတို့ပိုင်ဆိုင်တဲ့ဓနဥစ္စာတွေကိုလုယက်ဖျက်ဆီး သူတို့စီးပွားရေးလုပ်ငန်းတွေကို သိမ်းပိုက်၊ သူတို့အသက်မွေးမှုလေးတွေပါမကျန်ပိတ်ပင်ရင်း ဒုက္ခရောက်သထက်ရောက် ဆင်းရဲသထက်ဆင်းရဲ ကြပ်တည်းသထက်ကြပ်တည်း အလုပ် လုပ်စားစရာမရှိလို့ အမျိုးသမီးတွေဖာဖြစ်၊ အမျိုးသားတွေခိုးဆိုးလုယက် ရာဇဝတ်မှုကျူးလွန်သူတွေ မဖြစ်ဖြစ်အောင်ဖန်တီး၊ မခံချင်စိတ် တန်ပြန်ဂလဲ့စားချေလိုစိတ်တွေ မပေါ်ပေါ်အောင် အကွက်ချပြီး ရည်ရွယ်ချက်ရှိရှိလုပ်နေတာ မဟုတ်လား။

ထားပါတော့လေ ပြောလိုရင်းကို ပြန်ကောက်ပါ့မယ်။ ကိုယ်တိုင် အောက်ခြေစစ်သားဖြစ်ခဲ့ဖူးတယ်။ စစ်မြေပြင်တွေ ရောက်ခဲ့ဖူးတယ်။ ပြည်တွင်းစစ် မရှိစေချင်ဘူး။ တိုင်းပြည် ငြိမ်းငြိမ်းချမ်းချမ်းရှိစေချင်တယ်။ ဒါ့ကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး စစ်ဝါဒီဆန့်ကျင်ရေးလုပ်တယ်။ အဖမ်းခံရတယ်။ စစ်သားဖြစ်ရက်သားနဲ့ စစ်တပ်ကိုပြန်ဆန့်ကျင်တဲ့ သစ္စာဖောက်ကောင်ဆိုပြီး မတန်တဆ အနှိပ်စက်ခံရတယ်။ ထောင်ကျတယ်။ နိုင်ငံရေးအကျဉ်းသား ၁၅ နှစ်ဖြစ်ခဲ့တယ်။ ငြိမ်းချမ်းရေးကို အရင်ကထက်ပို တောင့်တ ငတ်မွတ်လာတယ်။ စစ်ပွဲတွေ ဘာ့ကြောင့်ဖြစ်ရမှန်း ဆဝါးမိလာပေမယ့် စစ်နဲ့ အကြမ်းဖက်ခြိမ်းခြောက် သတ်ဖြတ်မှုတွေကို အရင်ကထက်ပို စက်ဆုပ်ရွံရှာလာတယ်။
ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်ကျင့်၊ ဘယ်သူက ဘယ်သူ့ကို ဘာအကြောင်းပြချက်နဲ့ဖြစ်ဖြစ် ဘယ်ပုံစဲနဲ့ဖြစ်ဖြစ် အကြမ်းဖက်ခြိမ်းခြောက် သတ်ဖြတ်တာမှန်သမျှ ပြတ်ပြတ်သားသားဆန့်ကျင်တယ်။
မသေခင် တညလောက်ဖြစ်ဖြစ် ကျနော့်ခွေးလေး ၂ ကောင်လို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်တာပါပဲ။
ဇူလိုင် ၁၅၊ ၂ဝ၁၆

သတင်းနဲ့မှတ်ချက် (အရေးတော်ပုံဂျာနယ်မှ ကူးယူဖော်ပြတာဖြစ်ပါတယ်)

0 comments
(က) စစ်တပ်နဲ့ပတ်သက်တဲ့ မှတ်ချက်များ (အရေးတော်ပုံဂျာနယ်မှ ကူးယူဖော်ပြတာဖြစ်ပါတယ်)
၁။ ကာချုပ်ကို ကာလုံကပဲ ခန့်နိုင် ဖြုတ်နိုင်တယ်။ ကာလုံ ၁၁ ဦးမှာ ကာချုပ်ကခန့်ထားတဲ့ မဲ ၆ မဲ ရှိ တယ်။ အဓိပ္ပာယ်က ကာချုပ်ကို ကာချုပ်ကပဲ ဖြုတ်နိုင်ခန့်နိုင်တယ်ဆိုတဲ့ သဘောပဲ။
(ဒီတော့ ကိုယ့်သျှောင်ကိုယ်ဆွဲပြီး နန်းထဲကထွက်သွားမယ့်အလားအလာ မရှိပါ။)
၂။ “လက်နက်စွဲကိုင်ပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်၍မရတာကြောင့် ဒီမိုကရေစီစနစ်ကိုလက်ခံပါသည်ဆိုလျှင် လက်နက်စွန့်ရမည်” လို့ ကာချုပ်က ပြောပါတယ်။
(ဒီတော့ သူ့ကိုလည်းပဲ ပြန်တောင်းဆိုစရာ ဖြစ်လာတယ်။ ဒီမိုကရေစီစနစ်ကို လက်ခံပါသည်ဆိုလျှင် တပ်ထဲရှိ အသက်ပြည့်သူများက အငြိမ်းစားယူကြပြီးကျန်လူများ စစ်တန်းလျားပြန်ကာ အရပ်သားအစိုးရကို နာခံကြပါ။)
၃။ ကာချုပ် ထိုင်းခရီး- တဘရိတ်တည်း အချိန်အကြာဆုံးအာဏာယူထားနိုင်တဲ့ဗမာစစ်တပ်နဲ့ အာဏာသိမ်းအကြိမ်အရေအတွက် ထိပ်မှာရောက်နေတဲ့ထိုင်းစစ်တပ်တို့ “အာဏာကို ဘယ်လိုဆက်ကိုင်လို့ရမလဲ”ခေါင်းစီးအောက်မှာ “အပြန်အလှန် အထောက်အကူ ဘယ်လိုပေးကြမလဲ”ဆွေနွေးကြဖို့ များပါတယ်။
(နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ထိုင်းခရီးစဉ်ဟာ ကာချုပ်နဲ့အတူ စစ်အာဏာသိမ်း ပရာရွတ်ကို သူ ကောင်း ပြုလိုက်ရာ ရောက်နေတယ်ထင်။)
၎။ ထိုင်းစစ်အစိုးရ၊ ဗမာအစိုးရ၊ ဗမာစစ်တပ်ဆက်ဆံမှု- ထွက်လာတဲ့သတင်းတွေကိုစုလိုက်တော့ ထိုင်းစစ်ခေါင်းဆောင်တွေက ဗမာပြည်ရဲ့ပြောင်းလဲမှုများကို စောင့်ကြည့်နေကြောင်း၊ ဗမာနိုင်ငံ၏ ရင်ကြားစေ့ရေးလုပ်ငန်းစဉ်မှာ ထိုင်းက ကူညီလိုကြောင်း၊ ဗမာ ကာချုပ်က ထိုင်းနယ်စပ်ရှိ တောင်ပိုင်းဝတပ်တွေကို ထိန်းချုပ်ပေးဖို့တောင်းဆိုကြောင်း၊ ဗမာအစိုးရသစ်ကို ထောက်ခံကူညီဖို့ပါတယ်။ ထိုင်းမှာတော့ ငြိမ်းချမ်းရေးနဲ့ဥပဒေစိုးမိုးရေးကောင်စီ ဖွဲ့စည်းမယ်၊ ဒီအထဲမှာ စစ်တပ်ကခန့်အပ်တဲ့ အမတ် ၂၅ဝ က အထက်လွှတ်တော် ဆီးနိတ်မှာ ပါဝင်မယ်။ ဆီးနိတ်က ၅ နှစ် အကြာ အရေးပါတဲ့အာဏာတွေကိုင်ထားမယ်။ ဝန်ကြီးချုပ်လုပ်မယ့်သူဟာ ရွေးကောက်ခံ ဖြစ်ရန်မလို၊ ဒီတော့ စစ်တပ်ကခန့်အပ်မယ့်လူပဲ ဖြစ်နိုင်တယ်။ ဗမာစစ်တပ် လွှတ်တော်ကိုယ်စားလှယ်က ၂၅ ရာခိုင်နှုန်း(တမတ်သား)၊ သူတို့က ၅ဝ ရာခိုင်နှုန်း (၅ မူးသား) ယူမယ်ဆိုတဲ့သတင်းလည်း ရှိတယ်။ ဗမာစစ်တပ်အတွက် သွားရည်ယိုစရာတွေပါပဲ။
(ဒါတွေ ဒေါ်အောင်ဆန်းစုကြည် ထိုင်းမလာခင် လက်ဝါးရိုက်ထားတဲ့အချက်တွေလို့ ယူဆစရာရှိတယ်။ ဝ ဘက်ကတော့ ဒီသတင်းအပေါ် စောင့်ကြည့်နေပြီးပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားမယ်လို့ဆိုတယ်။ အရေးကြီးလာနိုင်ပါတယ်။)
၅။ ကာချုပ်ကပြောတယ်၊ ‘တို့တာဝန် အရေးသုံးပါးကိုထိခိုက်လာနိုင်မယ့် လုပ်ဆောင်ချက်မှန်သမျှ၊ အဖွဲ့အစည်းမှန်သမျှကို ပြတ်ပြတ် သားသား ချေဖျက်သွား မယ်’တဲ့။
(စစ်အုပ်စု၊ စစ်အစိုးရ ကိုင်စွဲလေ့ရှိတာက ‘တို့တာဝန်အရေးသုံးပါးနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကာကွယ်ရေး’ဖြစ်တယ်။ အာဏာသိမ်းချင်ရင်လည်း ဒါကိုကိုင် သိမ်းမှာပဲ။)
၆။ ပြည်တွင်းစစ်-မဖြစ်ချင်တဲ့သူတွေချည်းပဲလို့ ပြောလေ့ရှိကြတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်ကြောင့် ချမ်းသာကြွယ်ဝလာသူ၊ သြဇာအာဏာ ရှိလာသူတွေကတော့ ဆက်ဖြစ်နေချင်ကြတယ်။ အဲဒီအထဲမှာ စစ်အုပ်စုနဲ့ခရိုနီတွေ ထိပ်ဆုံးကပါတယ်။ အသေခံနေကြရတဲ့ အောက်ခြေ တပ်မှူးတပ်သားတွေ မပါဘူး။
အခု ရှမ်းပြည်မှာ ရှေ့တန်းရောက်နေတဲ့တပ်တွေကို “ရှမ်းတပ်တွေက မတိုက်တော့ဘဲ ပြန်ဆုတ်သွားပြီး အစိုးရတပ်တွေကို ဘာလို့ ပြန်မဆုတ်သေးတာလဲမေးတော့ ‘အထက်က အမိန့်ကိုစောင့်နေတာ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြီးရင်တော့ ပြန်ရမယ်ထင်ပါတယ်’ လို့ အောက်ခြေတပ်မှူးတပ်သားတွေကလည်း ဖြေနေတဲ့အသံကိုတောင် ကြားနေရပါတယ်။
(အောက်ခြေ တပ်မှူးတပ်သားတွေရဲ့ အသက်နဲ့ဘဝတွေကိုရင်းပြီး ကိုယ်ခံစားရဖို့အတွက် လောင်းကြေးမထပ်လိုက်ကြပါနဲ့။)
၇။ ကာလုံ အစည်းအဝေး-အစိုးရသစ်တက်လာပြီးမှ တကြိမ်မှ မခေါ်သေး၊ ဒါနဲ့ပတ်သက်ပြီး သူလည်း ဘာမှ မတတ်နိုင်ကြောင်း၊ သူတင်မက သမ္မတရော၊ ဒေါ်အောင်ဆန်းစုကြည်ပါ မတတ်နိုင်ကြောင်း၊ ခေါ်ရမယ့်သူက ခေါ်မှ တက်ရတဲ့ကိစ္စဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။
(ဟုတ်တော့ ဟုတ်ပါတယ်။ ဆွမ်းစားပင့်မယ့်သူ မရှိဘဲ၊ ကိုယ်က သင်္ကန်းတရုံရုံလုပ်နေလို့ကတော့ လူရယ်စရာပဲ ဖြစ်လိမ့်မယ်။)
၈။ ကာချုပ်က ဂျပန်ကာကွယ်ရေးဝန်ကြီးကို ဒီလို ပြောပါတယ်။ “တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် အာမခံချက်ရတဲ့အထိ ကြိုးပမ်းဆောင်ရွက်သွားမယ်”-ဒါ့အပြင် (စစ်တပ်အနေနဲ့) ကာကွယ်ရေးတာဝန်ပဲရှိတယ်လို့ မယူဆကြောင်းလည်း ပြောပါတယ်။
(အာမခံချက်ရတဲ့အထိဆိုရာမှာ ‘အချိန်အကန့်အသတ်မရှိ’ဆိုတဲ့ အဓိပ္ပာယ်ပေါက်နေတယ်၊ ကာကွယ်ရေးတာဝန်အပြင်-အုပ်ချုပ်ရေး တာဝန်တွေလည်း ယူထားမယ်လို့ ပြောလိုက်တာပဲ။)
(ခ) စစ်အစိုးရနဲ့ပတ်သက်တဲ့ မှတ်ချက်များ
၉။ ကျောက်မျက်က ပျောက်သွားတဲ့ ယူရိုငွေ ၈၆ သန်း- ဂယက်ဟာ အင်မတန်ကြီးတဲ့သတင်းဖြစ်တယ်၊ ပြည်သူတွေ မျက်လုံးပြူး-မျက်ဆံပြူးဖြစ်ကြတဲ့သတင်းလည်း ဖြစ်တယ်။ ချက်ကြီးနဲ့ရွှေမန်းတို့ မဏ္ဍိုင် ၃ ရပ် နယ်ပယ်ထဲ (လွှတ်တော်၊ တရားရုံး အုပ်ချုပ်ရေး) မှာ ကိုယ်ကျိုးစီးပွားအခြေခံပေါ်က နိုင်ငံရေးကစားခဲ့ကြတယ်။ ပါးကိုက်နားကိုက် လုပ်ခဲ့ကြတယ်။ သူက အထက်ရောက်လိုက်၊ ကိုယ်က အထက်ရောက်လိုက်ဖြစ်နေခဲ့ကြတာ သိကြတဲ့အတိုင်းပဲ။ ခုတော့ သမ္မတဟောင်းကြီးတယောက် ‘ဘယ်ပြေးမလဲ မိချိုသဲ’လို့ အမေးခံနေရပြီ။
(သူတို့ အပြန်အလှန် ‘အုပ်’ထည့်နေကြတာ ပြည်သူအတွက်မဟုတ်တာတော့ သေချာတယ်။ ဒါပေမဲ့ အကျိုးရှိတယ်။ အရင်က မပြောရဲလို့ မပြောနိုင်လို့ မဖော်ထုတ်ခဲ့ကြတာပါ။ ခုတော့ အုပ်စား-ထေစားထားကြတဲ့အမှုတွေ မကွေးတိုင်းမှာပေါ်သလို ရခိုင်ဘက်မှာလည်း ပေါ်လာခဲ့ပြီ။ လာပါလိမ့်ဦးမယ်။)
၁ဝ။ အင်န်အယ်လ်ဒီဒေါ်ခင်စန်းလှိုင်ရဲ့ အရေးတကြီးအဆို-ရွေးကောက်ပွဲ ရှူံးပြီဆိုတာသိတာနဲ့ ဦးသိန်းစိန်အစိုးရဝန်ကြီးတွေက တက်သုတ်နှင်ပြီး နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ရောင်းတန်တာ ရောင်း၊ ငှားတန်တာ ငှား၊ လွှဲတန်တာလွှဲ ၊ ပုဂ္ဂလိကပိုင် လုပ်တန်တာလုပ်နေလို့ ဟန့်တားပေးဖို့ လွှတ်တော်မှာတင်ခဲ့တာ ဖြစ်တယ်။
ဒီအဆိုတင်ခဲ့တဲ့ (ဖေ-၂၆) ဆိုတာ အာဏာလွှဲဖို့ တလကျော်လိုသေးတယ်။ စစ်အုပ်စု၊ စစ်အစိုးရ၊ လွှတ်တော်ထဲ က ၂၅ ရာခိုင်နှုန်း စစ်တပ်ကိုယ်စားလှယ်အမတ်ဆိုတာ အကျိုးစီးပွားအားဖြင့် အမြီးချင်း လိမ်ထားကြတာကလား။ မဲအများစုနဲ့ပယ်ချလိုက်ကြတာပေါ့။
အင်န်အယ်လ်ဒီက လွှတ်တော်ကိုစီးမိချိန်-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ခန့်ထားရေး အဆိုတင်တာ အောင်မြင်သွားတော့ တမတ်သား လွှတ်တော်ကိုယ်စားလှယ်တဦးက “လူများစုနဲ့ ဒီမိုကရေစီကိုအနိုင်ကျင့်တာပဲ” လို့ ပြောလိုက်သံကြားရတယ်။ သံဝေဂ ရစရာပဲ။)
၁၁။ Twilight over Burma (မှုန်ရီဆိုင်းဆိုင်း မြန်တိုင်းဌာနီ) ဇာတ်ကား ပိတ်လိုက်တဲ့ကိစ္စအပေါ် အသံတွေကျယ်လောင်လာတယ်။ သီပေါစော်ဘွား စဝ်ကြာဆိုင်ကို လက်စတုံးဖျောက်ပစ်တဲ့ကိစ္စက ဇာတ်လမ်းရဲ့ ကျောရိုးပဲ။ အကြောင်းပြတာက ဒီဇာတ်ကားမှာ ရှမ်းအမျိုးသမီးတွေကို စစ်တပ်ကအဓမ္မပြုကျင့်တာတွေ ပါလို့တဲ့။ ရင်ကြားစေ့ရေးကာလ၊ ၂၁ ရာစုပင်လုံအတွက် မရေမရာတွေပေါ်နေချိန်မှာ အထစ်အငေါ့တွေဖြစ်လာမှာ စိုးရိမ်ကြပုံရတယ်။ လူ့အခွင့်အရေးသမားတွေ ပိုမယုံသင်္ကာဖြစ်လာကြတာက ပြန်ကြားရေးဝန်ကြီး လက်အောက်ရှိ ဆင်ဆာဘုတ်အဖွဲ့မှာ ငွေမင်သုတ်တယ် ဆုတ်ဖြဲတယ်ခေတ်ကာလက တန်ခိုးထွားခဲ့တဲ့ စာပေကင်ပေတိုင်မှူးက ဝင်ရှင်းတော့ ရှုပ်ကုန်တယ်။
(ဗိုလ်နေဝင်းလက်ထက်က ဖြစ်ခဲ့တာပဲ၊ ဘာဆိုင်လို့လဲ ပြောလို့မရ၊ စစ်အာဏာရှင်စနစ်က တဆက်တစပ်တည်း ဖြစ်လာတာ၊ လက်သည် မပေါ်တဲ့ ကိစ္စတုံး ကိစ္စတွေကလည်း အဆက်မပြတ်ဖြစ်နေတာ-အဆင်ကွဲ အသွေးတူဇာတ်လမ်းတွေ တိုင်းရင်းသားတွေ ရင်စည်းခံနေရဆဲ- ဒါကို မြင်အောင်ကြည့်ဖို့တော့ လိုတယ်။ စစ်ဘက်ကလုပ်ထားတာမှန်သမျှ မတို့ရဲမထိရဲ မပြောကြေးလုပ်ထားကြလေသလား။)
(ဂ) ဒီချုပ်အစိုးရအတွက် မှတ်ချက်
၁၂။ နိုင်ငံရေးအကျဉ်းသားကိစ္စ-ပြည်ထဲရေးဝန်ကြီး လုပ်သူက“ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အကျဉ်းသားအားလုံး တန်းတူအခွင့်အရေး ရရှိမှာဖြစ်လို့ နိုင်ငံရေးအရ ဖမ်းဆီးထားသူတွေကို သီးခြားအထူးအခွင့်အရေး မပေးနိုင်ဘူး”လို့ လွှတ်တော်ထဲမှာ ပြောသွားတယ်။ သူတို့ အခြေခံစိတ်ဓာတ်က တပ်မတော်သည် အမိ၊ တပ်မတော်သာ အဖဖြစ်လို့ စစ်တပ်ကမဟုတ်ရင် နံနှိမ်ထားရမယ်ဆိုတဲ့ ပေါ်လစီရှိတယ်။ အရေးအခင်းအသီးသီးကြောင့် နိုင်ငံရေးသမားတွေ သိက္ခာတက်လာတယ်။ အဲဒီလူတွေကို အဆက်မပြတ် စိတ်ဓာတ်ချပေးနေရမယ် ခံယူတယ်။ အဲဒီလူတွေဟာ အခွင့်ထူးခံတွေပဲ။ ဒါကြောင့် နှိပ်စက်တယ်။ နှစ်အကြာကြီး ထားကြည့်တယ်။ မရ။ ထောင်တွင်းမှာ ရန်သူ့အလိုကျ နေသူတွေကို လူထုက နှာခေါင်းရှူံ့ပြီး ကြံ့ကြံ့ခံနိုင်သူတွေကို လေးစားကြတယ်။ ထောင်ပြင်ရှိလူငယ်တွေက သူတို့ရဲ့စံပြအဖြစ် အတုယူ ခဲ့ကြတယ်။ နောက်တော့ သူတို့ကိုယ်တိုင်က ထောင်ထဲဝင်ဖို့ဝန်မလေးကြတော့တာ သမိုင်းပဲ။
နိုင်ငံရေးအကျဉ်းသားတွေရဲ့ နေရာမှန်ရရှိရေးကို တောင်းဆိုလာကြတယ်။ ဒီကိစ္စဟာ ပြည်သူတွေ တင်မြှောက်လိုက်တဲ့အစိုးရအနေနဲ့ အမြန်ဆုံး လုပ်ဆောင်ရမယ့်ကိစ္စလို့ ဖော်ပြလာကြတယ်။
(အစိုးရသစ်အနေနဲ့ ဒီကိစ္စ တာဝန်ယူရပါတော့မယ်။ ဖြေရှင်းမပေးရင်တော့ “ပြောင်းလဲချိန် မတန်သေးလို့”လို့ပဲ အောက်မေ့ရတော့မှာပါ။)

Thursday, July 14, 2016

“အပစ်အခတ်ရပ်စဲရေး တဖြစ်လဲ ၂၁ ရာစု ပင်လုံညီလာခံ”(၁)

0 comments
အရေးတော်ပုံဂျာနယ် စာတည်းအဖွဲ့ရဲ့အမှာ

“အပစ်အခတ်ရပ်စဲရေး တဖြစ်လဲ ၂၁ ရာစု ပင်လုံညီလာခံ”(၁)

ဦးသိန်းစိန်ကြံ့ဖွံ့ စစ်အစိုးရလက်ထက် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဆိုတာ ပေါ်ခဲ့တယ်။ ခု ဒီချုပ်အရပ်သားတပိုင်းအစိုးရတက်လာတော့ ‘၂၁ ရာစုပင်လုံညီလာခံ’ လို့ ဆိုင်းဘုတ်ပြောင်းချိတ်ပါတယ်။

နိုင်ငံတော်(သမ္မတ)အတိုင်ပင်ခံပုဂ္ဂိုလ်က ‘ကိုယ်ဘာလိုချင်သလဲ မပြောနဲ့၊ ကိုယ်ဘာပေးနိုင်တယ်ဆိုတာပဲ ပြောကြပါ’ လို့ လမ်းညွှန်ချက်ပေးတယ်။ သူနဲ့ကာချုပ်တွေ့ခဲ့တာတွေမှာ ဘာတွေပေးပြီး ဘာတွေယူခဲ့ကြတယ်ဆိုတာ ထုတ်မပြော - တခါမှာတော့ ‘တပ်မတော်က လုပ်ကိုင်ခွင့်ပေးသလောက်ပဲလုပ်နိုင်ပါတယ်’ လို့ ပြောခဲ့တာရှိတယ်။

ကာချုပ်လုပ်သူကတော့ ‘၂ဝဝ၈ ခြေဥနဲ့ တပ်မတော်မူ  ၆ ချက်ပေါ်မှာ ရပ်တည်နေပါကြောင်း’ အခါအခွင့်သင့်တိုင်း (အထူးသဖြင့်) နိုင်ငံတကာခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါတိုင်း ပြောတတ်တယ်။ သူတို့အတွက်စိတ်ချရပြီသေချာမှ စစ်တန်းလျားပြန်နိုင်မယ်ဆိုတဲ့သဘော ဖော်ပြတယ်။

တိုင်းရင်းသားတွေကတော့ ၂ဝဝ၈ ခြေဥ (ဘောင်)အောက်မှာ ကိုယ်ဘာပေးနိုင်တယ်၊ ခင်ဗျားက ဘာပေးပါပြောဖို့ခက်တယ်။ ဒါကြီးကို ချောင်ထိုးထားလို့ရရင်တော့ စိတ်ဖြောင့်ဖြောင့်နဲ့ ပြောထွက်လာကြမှာပါ။ သူတို့ဘက်က ပေးထားတာပဲများလှပြီလို့ထင်တဲ့သူက ထင်နေတယ်။ နောက်တခုခက်နေတာက တိုင်းရင်းသားတွေဘက် (ဥပဒေတွင်း၊ ဥပဒေပ)မှာလည်း ရှုပ်ရှုပ်ထွေးထွေးတွေ ရှိနေတယ်။ ခြေလှမ်းမညီကြဘူး။ စစ်ဘက်နဲ့အရပ်ဘက်အုပ်စိုးသူများအပေါ် သဘောထားပုံချင်းလည်း မတူကြဘူး။

(၂)

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ‘ယုံကြည်မှုတည်ဆောက်ရေး’ဆိုတဲ့စကား တွင်ကျယ်လာတယ်။ ရှင်းပါတယ်။ မယုံကြည်ကြလို့ ခုမှ တည်ဆောက် နေရတာပါ။ ဒီအထဲက ထူးခြားချက်တခုပေါ်လာတယ်။

တိုင်းရင်းသားတွေဘက်က စစ်အုပ်စုဘက်ကိုမယုံတာ အဆန်းမဟုတ်ပါ။ ပါးစပ်ကတမျိုးပြော၊ လုပ်တော့တမျိုးလုပ်နေတာ ခံရပေါင်းများလို့ ဖြစ်တယ်။ ခု ဒီချုပ်ကိုလည်းမယုံဘူးဆိုတာ ပြောထွက်လာတာကတော့ အဆန်းပဲ။

ယူအင်န်အေအစည်းအဝေးမှာ ဥက္ကဋ္ဌဦးခွန်ထွန်းဦးက ‘ဒီချုပ်ကို ယုံမှတ်လို့ပုံအပ်ခဲ့တယ်။ ခု ယုံလို့မရတော့ဘူး။ ကိုယ့်ဘာသာ အားကိုး ကြရတော့မယ်’ လို့ ပြောလာခဲ့တယ်။

ရခိုင့်တပ်မတော် (အေအေ) ကပြောတဲ့စကားတခွန်းဟာ အတော်တာသွားတယ်။ ‘ယုံမိတဲ့သူက သားကောင် ဖြစ်သွားတတ်တယ်’ တဲ့။ တိုင်းပြည်အတွေ့အကြုံကို နိဂုံးချုပ်ထားပုံပဲ။

၂၁ ရာစု ပင်လုံညီလာခံ အောင်မြင် မအောင်မြင်အပေါ်မှာတော့ အားလုံးက မယုံမရဲပဲ။  အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်ကတော့ ‘တိုင်းရင်းသားများလိုချင်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုဖြစ်ရန် အလားအလာအင်မတန်နည်းပါးကြောင်း’ နိမိတ်ဖတ်ထားပါတယ်။

(၃)

ဦးသိန်းစိန်အစိုးရဆင်းပေးသွားတော့ ‘တွင်းတူးထားခဲ့တာ အများကြီး’ တဲ့။ အဓိပ္ပာယ်က ထောင်ချောက်တွေ အများကြီးဆင်ထားခဲ့တယ်လို့ ပြောချင်တာပါ။ ထိလွယ်ရှလွယ်ပြဿနာတွေ စီတန်းပြီး ချန်ထားခဲ့တယ်။ အကိုင်မတတ်ရင် ချောက်ထဲကျပြီမှတ် - ပဲ။ အဲဒီပြဿနာတွေကို လက်တွေ့ တကယ် ကိုင်တွယ်ဖြေရှင်းနေသူတွေက ကာချုပ်ခန့်ဝန်ကြီး(၃) ဦးနဲ့ နအဖလက်ကျန် စစ်ထွက်ဗျူရိုကရက်တွေပဲ ဖြစ်နေတယ်။ ကာချုပ်လုပ်သူက သူဖြစ်စေချင်တာကို စန္ဒရားတီးသလို ခလုတ်ထိုင်နှိပ်နေရုံပဲ။

မဆလ ခေတ်မှာ သူတို့ကေဒါတွေ လက်မထောင်ပြီး ပြောတတ်တဲ့စကားတခွန်းရှိတယ်။

“နေလာနှင်းပျောက်”တဲ့။ ဗိုလ်နေဝင်းလည်း တက်လာရော အခုအခံအတားအဆီးတွေ အကုန်ပျောက်ပေးရတယ်ဆိုတဲ့သဘော -

ခု ‘စုနိုင်၊ စုရောက်၊ ပြဿနာပျောက်’ ဖြစ်မလား။

ပေါ်နေတဲ့ ပြဿနာတွေကတော့ မြင်တဲ့အတိုင်းပါပဲ။

စာတည်းအဖွဲ့

(၂၅၊ ၆၊ ၂ဝ၁၆)