Monday, July 18, 2016

ရီပါတ်ဘလီကင်န်ပါတီကွန်ဗင်န်းရှင်န်း

0 comments
Grand Old Party (GOP)လို့လည်းသိကြတဲ့ ရီပါတ်ဘလီကင်န်ပါတီရဲ့
ကွန်ဗင်န်းရှင်းကို ကျနော်တို့နေတဲ့ အင်ဒီယားနားပြည်နယ်နဲ့ကပ်လျှက် အိုဟိုင်းယိုးပြည်နယ် ကလိဗ်လင်န်းဒ်မှာ ဒီနေ့လုပ်မှာပါ။

ကွန်ဗင်န်းရှင်းလုပ်နေတဲ့အခန်းကြီးထဲ စကားတွေများကြ ငြင်းကြခုန်ကြ လက်သီးလက်မောင်းတန်းကြ အော်ကြီးဟစ်ကျယ်ဖြစ်ကြ မေးကြောကြီးတွေထောင်တဲ့အထိ အသံတွေပြာတဲ့အထိ အော်ကြဟစ်ကြ သူ့လူကိုယ့်လူ ထိန်းကြ ဆွဲကြလွဲကြတွေဖြစ်တာမျိုးကတော့ သိတ်အဆန်းတကြယ်ကိစ္စမဟုတ်ပါ။ စကားလုပ်ပြောနေရမယ့်ဟာတောင်မဟုတ်ပါ။ ပြီးတော့လည်း ပြီးသွားကြတာမျိုးပါပဲ။ သူတို့နိုင်ငံရေးသမားအချင်းချင်း ပါတီတွင်း နေရာလုတာကိုလည်း လူကြီးလူကောင်းဆန်ဆန်ဖြေရှင်းနည်းနဲ့ အာဏာရသွားတဲ့အခါ ရာထူးနေရာတွေ ဂွင်တွေချပေးလိုက်လည်း ပြတ်သွားတာပါပဲ။ ဒီသက်တမ်း မနိုင်လည်း နောင်သက်တမ်းအတွက် ထပ်ပြင်ကြဆင်ကြ ပြိုင်ဘက်ပါတီ(အာဏာရပါတီ)ရဲ့ မူဝါတွေကို ထောက်ဖို့ ဝေဘန်ဖို့ အချက်အလက်တွေရှာကြ လူပုဂ္ဂိုလ်အားနည်းချက်တွေကို လက်ကုန်နှိုက်ရှာကြဖွေကြနဲ့ ခမျာများလည်းအားရတယ်လို့ကိုမရှိရှာကြပါဘူး။

ဒီနေ့လုပ်မယ့် ရီပါတ်ဘလီကင်န်ပါတီကွန်ဗင်န်းရှင်း လုံခြုံရေးကိစ္စတွေအတွက် ဗဟိုအစိုးရက ဒေါ်လာ ၁၅ သန်းလောက် အကုန်အကျခံတယ်လို့ဆိုတယ်။ အစည်းအဝေးလုပ်မယ့် အဆောက်အဦးအပြင်မှာတော့ ဆန္ဒပြမယ့်လူတွေလည်း အဆင်သင့်ရောက်နေကြ နေရာယူနေကြသလို ထပ်လည်း တဖွဲဖွဲလာနေကြတာ တီဗီမှာပြနေတယ်။

အလားတူပဲ ရိုးရိုးရဲတွေ၊ အဓိကရုဏ်းဖြိုခွဲရေးတပ်ဖွဲ့တွေ၊ တမဟုတ်ခြင်းစီးနင်းတိုက်ခိုက်ရေးတပ်ဖွဲ့တွေ၊ ကုတ်အင်္ကျီနက် မျက်မှန်နက်နဲ့လူတွေအပြင် သတင်းသမားတွေလည်း ကင်မရာကြီးငယ်တွေထမ်းလို့ မိုက်ကရိုဖုန်းတွေကိုင်လို့ မြင်နေရတယ်။

မြို့သူမြို့သားတွေအပြင် တိုင်းပြည်တဝှမ်းကလူတွေကတော့
အဓိကရုဏ်းတွေများဖြစ်မလား ပြသနာတွေများ ထဖြစ်ကြဦးမလား ပစ်ကြခတ်ကြ သေကြကြေကြတွေများ ဖြစ်ဦးမလားဆိုပြီး တွေးနေမိကြတာပါပဲ။ သိတ်
ပူပူပန်ပန်ကြီးတော့လည်း ဘယ်သူမှ မရှိကြပါဘူး။ တနေ့ကပဲ ဘေတန် ရုဂ်မှာ ရဲ ၃ ယောက် ထပ် ပစ်အသတ်ခံရသေးတာမဟုတ်လား။ ၈ ယောက်လောက်ကတော့ ဒဏ်ရာတွေရပြီး အတွင်းလူနာဖြစ်သူလည်း ဖြစ်ကြတာပဲ။

အင်ဒီယားနားပြည်နယ်အုပ်ချုပ်ရေးမှူး မိုက်ခ်ပန့်စ်ကို ဒုသမ္မတလောင်းအဖြစ် ဒေါ်နယ်လ်ထရမ့်က မြှောက်စားလိုက်တာကို နုတ်ဂင်းဂရစ်ခ်ျ(အောက်လွှတ်တော်
ဥက္ကဌဟောင်း)အပါအဝင် ပါတီတွင်းမှာ အစာမကြေတာတွေလည်း သိသိသာသာသာကြီးကို အပြင်ကိုထွက်လာတယ်။

ဒီကြားထဲ မနေ့က ပြည်နယ် ၃၇ ပြည်မှာ ဒေါ်နယ်လ်ထရမ့်အပေါ်သဘောထား
စစ်တမ်းတခုလုပ်ကြည့်တာ လူ ၆ဝ ရာခိုင်နှုန်းက သိတ်မနှစ်မြို့တဲ့သဘောပေးလာတယ်။ တွေးစရာက ဒီမိုကရက်ကလည်း အိုဘားမားသက်တမ်း ၂ ကြိမ် သမ္မတလုပ်ပြီးတာရယ်၊ သူ့ပါတီ သမ္မတလောင်း ဟီလာရီမှာလည်း ကိုယ့်အီးမေးလ်ကို အလုပ်ကိစ္စမှာသုံးတာရယ်နဲ့ လူတွေကြားထဲ သိတ်ဘဝင်မကျတာတွေလည်း
ရှိတယ်။

တခါ အမေရိကန်တချို့ရဲ့ စိတ်တိမ်းညွှတ်မှုကလည်း ပြောရခက်ပါတယ်။ အိုဘားမားတုန်းကလည်း (မူတွေဘာတွေကြိုက်တာမကြိုက်တာ စကားပြောကောင်းတာမကောင်းတာတွေထက်) ပထမဆုံး လူမည်းသမ္မတမို့ရွေးကြတာ၊ အသားအရောင် လူမျိုးခွဲခြားမှုမရှိတာကိုပြချင်တာ စတဲ့စိတ်တွေက ခတ်ကဲကဲဖြစ်တာလည်း သတိထားမိတယ်။ ခုလည်း ဟီလာရီအပေါ် ပထမဆုံး အမျိုးသမီးသမ္မတဆိုပြီး
ပုံအောချင်လည်း အောလိုက်နိုင်တာပဲ။

တိုင်းပြည်က အထည်ကြီးပျက်လိုဖြစ်လာတော့ လူတချို့စိတ်ထဲမှာ ရွှေထီးဆောင်းခဲ့ဖူးတဲ့ အမေရိကန်ဘဝင်စိတ်ကလေး ပြန်ကြွနေတာလည်းရှိတယ်။ စီးပွားပျက်ရခြင်းရဲ့ တရားခံကိုလည်း တိုင်းပြည်အပြင်ထွက် ရှာချင်နေတာရှိတယ်။ တချို့ဆို လက်သည်ဟာ တရုတ်ဖြစ်လိုက်၊ ရုရှားဖြစ်လိုက်၊ အရှေ့အလယ်ပိုင်းဖြစ်လိုက်၊ အာရဗ်ကမ္ဘာကြီးဖြစ်လိုက်၊ အာဖဂန်နစ္စတန်ဖြစ်လိုက်၊ အစ္စလာမ်းမစ်အကြမ်းဖက်ဝါဒဖြစ်လိုက်နဲ့ မဲမဲမြင်ရာ လက်ညှိုးထိုးနေတာတောင်ရှိတယ်။ ဆိုတော့ ဘောလုံးပွဲလို မြင်းပွဲလို ချဲတွက်သလို တွက်ဖို့ခက်တယ်။ ဗမာပြည်မှာလို ဒီမှာ အမေရိကန်စံဇာဏီဘိုတို့ဘာတို့ရှိရင်လည်း ကောင်းသား။
မျိုးမြင့်ချို ဇူလိုင် ၁၈၊ ၂ဝ၁၆

0 comments:

Post a Comment