Monday, July 18, 2016

ကျွန်းဆွယ်အရေးအခင်းမှ အမှတ်တရများ။ (လှကျော်ဇော)

0 comments
ကျွန်းဆွယ်အရေးအခင်းမှ အမှတ်တရများ။ (လှကျော်ဇော)
အခုတလော ရှေးခေတ်ဟောင်း အောက်မေ့ဖွယ်တွေ- များလိုက်တာ။ ကျွန်မတို့တတွေမှာလည်း ရှေ့မီ နောက်မီသူများ ဖြစ်မှန်းမသိဖြစ်လာနေကြလေတော့ ကိုယ်ကြုံခဲ့ဆုံခဲ့ရတာလေးတွေ မှတ်မိတုန်း ရေးရပါဦးမယ်။
ကျွန်းဆွယ်အရေးအခင်းကာလက ကျွန်မတို့မိသားစုဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံလေးပါ။

ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးကောင်စီ အစိုးရခေတ်- ၁၉၆၉ခုနှစ်မှာ ရန်ကုန် အောင်ဆန်းကွင်းမှာ အရှေ့တောင်အာရှ ကျွန်းဆွယ်နိုင်ငံများရဲ့အားကစားပွဲကြီး(S.E.A.P.Games)ကို ကျင်းပခဲ့ပါတယ်။ ဒီဇင်ဘာ-၆-ရက်မှာ ဖွင့်ပွဲအခမ်းအနား အကြီးအကျယ် ကျင်းပပါတယ်။ ပြီးတော့ အားကစားပွဲစဉ်များကို နေရာတွေခွဲ ကျင်းပကြပါတယ်။ ၉ ရက်နေ့ သမိုင်းကောလိပ်မှာကျင်းပတဲ့ လက်ဝှေ့ပွဲ ကျောင်းသားအများအပြား လက်မှတ်ဝယ်မရတဲ့အမှုကစပြီး (လက်မှတ် မှောင်ခိုထုတ်ရောင်းတယ်-ဆိုတဲ့ သတင်းကလည်း ပြန့်နေတာဖြစ်လို့) ပြဿနာတွေတက်ပါတော့တယ်။ တခါ ဘွဲ့နှင်းသဘင်ခန်းမမှာကျင်းပတဲ့ ဂျူဒိုပွဲမှာလည်း ကျောင်းသားတွေ မကျေမနပ်ဆန္ဒပြကြပြီး မြို့ထဲ ချီတက်ဖို့ကြိုးစားကြပါသေးတယ်။

အောင်ဆန်းအားကစားကွင်းမှာပြုလုပ်တဲ့ ဘောလုံးပွဲစဉ်တခုမှာလည်း လက်မှတ်ဝယ်မရကြတဲ့ ကျောင်းသားလူငယ်တချို့ ဒေါသပေါက်ကွဲပြီး လူစုလူဝေးနဲ့ ရန်ကုန်မြို့လယ်ခေါင်ဆင်းချလာပြီး လမ်းတလျှောက် တွေ့သမျှ ကားတွေ၊ အဆောက် အဦးတွေ (ရုပ်ရှင်ရုံတွေ) စတာတွေကို မီးတင်ရှို့ဖျက်ဆီး လုပ်ကြပါတယ်။ ဒီအထဲမှာ ဒေါ်ခင်မေသန်း (ဗိုလ်ချုပ်နေဝင်းဇနီး) ပိုင်တယ်လို့ သတင်းကြီးနေတဲ့ အင်းဝစာအုပ်တိုက်လည်း ပါသွားပါတယ်။ အဲဒီကာလက ကွမ်းယာဆိုင်ကအစ ပြည်သူပိုင်သိမ်းတဲ့လုပ်ငန်းတွေအပေါ် လူထုကမကျေမနပ်ဖြစ်နေတဲ့အရှိန်နဲ့လည်း ဆက်နေဟန်ရှိပါတယ်။ လူထုမကျေနပ်တာလည်း မပြောနဲ့လေ။ သူတို့လုပ်ပုံတွေကလည်း ကြည့်ဦး။ ကားတွေ-တိုက်တွေ အကုန်သိမ်းပစ်ပြီးတဲ့နောက်နေ့ အဲဒီကားတွေ-အိမ်တွေပေါ် စစ်ဗိုလ်တွေ အခန့်သားတက်မောင်း-တက်နေကြနဲ့။ ပြောဆိုဆက်ဆံတာတွေကလည်း မောက်မာသလားမပြောနဲ့။ တချို့ လုပ်ငန်းပိုင်ရှင်ကြီးတွေ ရုတ်တရက်ကြုံလိုက်ရတဲ့ လောကဓံတရား မခံနိုင်ဖြစ်ပြီး ဦးနှောက်သွေးကြောတွေပြတ်ကုန်-ပိတ်ကုန်နဲ့ ကျွန်မတို့ရန်ကုန်ဆေးရုံကြီးက အရေးပေါ်ဌာန လက်မလည်အောင်အလုပ်များခဲ့ဖူးပါတယ်။

ဒါတွေကြောင့်လည်း ပါဟန်တူပါရဲ့။ အဲဒီလူအုပ်ကြီးက တဖက်ကလည်း မီးရှို့ဖျက်ဆီးမှုတွေလုပ်-တဖက်ကလည်း အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများ(ပုဂွိုလ်ရေးတွေလည်း ပါတယ်။ ဗိုလ်နေဝင်းကို နံမည်နဲ့ဖော်-ဆဲတာတွေလည်းပါသတဲ့) အော်ကြဟစ်ကြပါတယ်။ အစိုးရအနေနဲ့ကလည်း အခုလို နိုင်ငံတကာပွဲကျင်းပပြီး မိမိရဲ့တရားဝင်မှု(legitimacy)ကို ပြသဖို့လုပ်ဆောင်ရာမှာ-အရှက်တကွဲ အကျိုးနည်းဖြစ်ရလေတော့ အတော်စိတ်ဆိုးသွားဟန်ရှိပါတယ်။ အဲဒီ ရန်ကုန်မြို့လည်ခေါင် တခွင်တပြင်ကြီးကိုပိတ်လိုက်ပြီး တွေ့သမျှလူတွေကို သိမ်းကျုံးဖမ်းပါတော့တယ်။ ပြီးတော့ ထရပ်ကားတွေပေါ်တင်ပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါတော့တယ်။

အဲဒီကာလက ကျွန်မတို့မောင်နှမတတွေထဲမှာ အငယ်ဆုံးမောင်လေးကလွဲလို့ ကျန်အကြီး-၄-ယောက်စလုံး တက္ကသိုလ်ရောက်နေကြ ပါပြီ။ အကြီးဆုံးကျွန်မက ဆေး-နောက်ဆုံးနှစ်(ခ)။ စန်းက စီးပွားရေးတက္ကသိုလ်နောက်ဆုံးနှစ်၊ ကိုအောင်နဲ့ကိုကျော် တို့ ၂ယောက်က ဝိဇွာ-သိပ္ပံမှာ။ အဲဒီနေ့ ကိုကျော်(ကျော်ဇောဦး)က ဗိုလ်အောင်ကျော်လမ်းက ကျူရှင်ကိုသွားတက်ပါတယ်။ သူ့တို့သူငယ်ချင်းတွေ စုတက်တဲ့အထဲ ပင်စီရွှေ(တော်လှန်ရေးကောင်စီဝန်ကြီး-ဗိုလ်မှုးကြီးမောင်ရွှေသမီး)လည်း ပါပါတယ်။ အဲဒီခေတ်က တော်လှန်ရေး ကောင်စီဝင်တွေက မာစီးဒီးဘက်န်စ်တွေ စီးကြပါတယ်။ ပင်စီတို့ကားကြီးက ကျူရှင်ကျောင်းရှေ့ရပ်ထားပြီး ကျောင်းအဆင်းကို စောင့်နေတတ်ပါတယ်။ အောင်ဆန်းကွင်းထဲ ပြဿနာတက်ပြီး လူအုပ်ကြီးက ထိမ်းမနိုင်သိမ်းမရ လမ်းတွေ့သမျှကားတွေမီးရှို့နေပြီ-ဆိုတဲ့သတင်းထွက်လာတော့-ကျူရှင်ဆရာက ကျောင်းပိတ်လိုက်ပြီး ကျောင်းသားတွေကို အိမ်ပြန်ခိုင်းပါတယ်။ သူ့ကျောင်းရှေ့က ကားကြီးကြောင့် သူကျောင်း တုတ်ဆက်မှာ စိုးဟန်တူပါတယ်။
ပင်စီက ကိုကျော့်ကို သူ့ကားနဲ့လိုက်ဖို့ ခေါ်ပါတယ်။ သူတို့က ဝင်ဒါမီယာကို ပြန်တာဖြစ်တော့ မြေနီကုန်းမှာချပေးမယ်လို့ ပြောပါတယ်။ ကိုကျော်က မလိုက်ရဲပါဘူးဗျာ။ ကိုယ့်ဟာကိုယ်သာ သတိထားပြန်ပါ။ နင် အိမ်ပြန်ရောက်ရင် မေမေ့ကိုသာ ဖုန်းဆက်ပြီး ငါ ပြန်လာနေပြီ-ဆိုတာသာပြောပေးပါလို့မှာလိုက်ပါတယ်။ ကိုကျော်က ရုတ်ရုတ်ရက်ရက်တွေဖြစ်ရင် လိုင်းကားတွေလည်း ပိတ်တတ်တာကြောင့် လမ်းလျှောက်ပြန်ရကောင်း ပြန်ရနိုင်တာကြောင့် မေမေစိတ်ပူနေမှာစိုးလို့ မှာလိုက်တာပါ။

သူထင်တဲ့အတိုင်းပဲ ဘာလိုင်းကားမှ မရှိတော့ဘူး။ ဒီတော့ လမ်းဆက်လျှောက်နေတုန်းမှာပဲ လမ်းထိပ်တွေကို ထရပ်ကားတွေနဲ့ ပိတ်ရပ်ပြီး အဲဒီကားတွေပေါ်က ရဲတွေဆင်းလာပြီး တွေ့သမျှလူကိုဆွဲ ကားတွေပေါ်တင်တော့တာပဲ။ ဒီတော့ သူလည်း တွေ့တဲ့လမ်းထဲ ထိုးဝင်ပြီး တိုက်လှေကားထစ်တွေမှာ ဝင်ထိုင်နေလိုက်တယ်တဲ့။ တိုက်ခန်းတခန်းကို တံခါးခေါက်ပြီး သူ အထဲဝင်နေပါရစေလို့ တောင်းပန်ပေမယ့် တိုက်ခန်းရှင်က တံခါးဖွင့်မပေးဘူးတဲ့။ ဒီလိုနဲ့ လမ်းမကြီးပေါ်ကလူတွေအကုန်ဖမ်းပြီးတော့ ဘေးလမ်းတွေကို တလမ်းစီ ဝင်ရှင်းပါတယ်။ တိုက်တတိုက်ပြီးတတိုက် လှေကားတွေကိုတက်ရှင်းတာမှာ ကိုကျော်လိုပဲ လှေကားထစ် တွေမှာ ဝင်ထိုင် ပုန်းနေကြသူတွေအားလုံးကိုလည်း ဖမ်းပြီး ထရပ်ကားတွေပေါ်တင် အင်းစိန်ခေါ်သွားပါတော့တယ်။
ပင်စီက သူ့အိမ်ပြန်ရောက်တော့ မေမေကို ဖုန်းနဲ့လှမ်းပြောပါတယ်။ “အန်တီ-ကျော်ဇောဦးက မှာလိုက်တယ်။ သူ အိမ်ပြန်လာနေပြီ။ စိတ်မပူပါနဲ့” တဲ့။ ဒီတော့ ကျွန်မတို့လည်း အေးအေးပဲပေါ့။

ဒါပေမဲ့ တော်တော်နဲ့ ပြန်ရောက်မလာတော့ အိမ်မှာ ဘယ်သူမှ မထိုင်နိုင်တော့ ပါဘူး။ ည ၈ နာရီ- မြန်မာ့အသံသတင်းမှာတော့ ဆူပူသောင်းကျန်းမှုတွေအကြောင်းနဲ့ အဲဒီဆူပူသူတွေအားလုံးကို ဖမ်းဆီးထိန်းသိမ်း လိုက်ပြီးဖြစ်ကြောင်း သတင်းတွေ ပါလာပါတယ်။ အစောပိုင်းကတည်းက ထရပ်ကားကြီးတွေနဲ့လူတွေဖမ်းတင်ပြီး အင်းစိန်ဘက် မောင်းသွားတယ်ဆိုတဲ့သတင်းလည်း ကြားထားပြီးပါပြီ။ ဒါနဲ့ မေမေလည်းပင်စီကို ထပ်ဖုန်းဆက်ပြီး ကိုကျော် ပြန်မရောက်သေးကြောင်း၊ အဲဒီဖမ်းသွားသူတွေထဲ ပါသွားမသွား စုံစမ်းပေးပါလို့ပြောတော့ ပင်စီက သူ့အဖေ အခုထိ အိမ်ပြန်မလာသေးဘူး။ အိမ်ပြန်လာလာချင်း မေးပေးပါ့မယ်လို့ပြောပါတယ်။ အတော်မိုးချုပ်မှ ပင်စီက ဖုန်းပြန်ဆက်လာပြီး သူ့အဖေ ပြန်ရောက်လာလို့ သူ အကျိုးအကြောင်း မေးကြည့်တာ အားလုံးကိုသိမ်းကျုံးဖမ်းထားပေမယ့် စစ်ဆေးပြီးရင်-ဆူပူမီးရှို့မှုတွေထဲမပါဝင်ရင် ပြန်လွှတ်မှာဖြစ်ကြောင်း ဘာမှ စိတ်မပူဖို့ ပြောပါတယ်။ မေမေက ဖမ်းသွားတဲ့ထဲ ပါမပါသေချာအောင် စုံစမ်းပေးပါ။ ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းမသိလို့ပါလို့သာ ထပ်ပြောလိုက်ပါတယ်။

ပြောလို့သာပြောရတာ။ ဖေဖေ့နံမည်ပါလာရင် ဘယ်သူမှ သိပ်မကူညီရဲပါဘူး။ ဗိုလ်နေဝင်း ဘုန်းမီးနေလတောက်လေ ကျွန်မတို့မိသားစု အနေကျပ်လေ ဖြစ်နေတဲ့ကာလပါ။ တကယ်တော့ အဲဒီကာလက ရန်ကုန်တိုင်း တိုင်းမှူးက ဗိုလ်ချုပ်ကျော်ထင်ပါ။ ဂျပန်တော်လှန်ရေး အတွင်းတုန်းက ဖေဖေ့တိုင်း(၄)ကပါ။ ဒုတိုင်းမှူး ဗိုလ်မှူးကြီးမျိုးညွန့်(ကွယ်လွန်)က ကျွန်မတို့နဲ့ ဦးလေး တော်ပါတယ်။ မေမေ့ မောင်ဝမ်းကွဲပါ။ ဦးလေးက သူဆယ်တန်းကျတော့ စိတ်ဓာတ်ကျပြီး စစ်တပ်ထဲဝင်ပါရစေဆိုပြီး မေမေ့ အမေ(ဦးလေးအဖေနဲ့ မောင်နှမ တော်ပါတယ်။) ကို လာပြောတော့ အဘွားက မေမေတို့ဆီလာအပ်ပါတယ်။ ဖေဖေက ဆယ်တန်းတော့ အောင်အောင်သင်ပါကွာ။ ငါတို့ ကျောင်းထားပေးပါ့မယ်ဆိုပြီး ကျောင်းထားပေးပါတယ်။ အဲဒီနှစ်မှာပဲ ဦးလေး ဆယ်တန်းအောင်ပြီး ဖေဖေက တပ်ထဲသွင်းပေးပြီး ဗိုလ်သင်တန်းဝင်သွားတာပါ။ (ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ O.T.S.ကျောင်းတပတ်ထဲပါ။) ဦးလေးက သူ စစ်ဗိုလ်ဖြစ်ကတည်းက သူညီ သူညီမတွေ တယောက်ပြီးတယောက် မြို့ခေါ် စာသင်ပေးခဲ့ပါတယ်။ ဦးလေးက နယ်မှာ တာဝန်ကျတာများလို့ အဲဒီဦးလေးညီရောညီမရော ကျွန်မတို့စမ်းချောင်းအိမ်လေးမှာပဲနေခဲ့ကြရပြီး ဒီိကပဲ ကျောင်းတက်ကြ၊ ဘွဲ့ရတဲ့သူ ရကြ၊ အလုပ်ဝင်ကြနဲ့ အိမ်ထောင်တွေကျမှပဲ ကျွန်မတို့အိမ်က ခွဲသွားကြတာပါ။ ဒါကြောင့် ဦးလေးကရော ကျွန်မတို့အဘွားအပါ ဖေဖေနဲ့မေမေကို သူတို့မိသားစုရဲ့ကျေးဇူးရှင်လို့ သဘောထားပါတယ်။ ဒါတွေကို သူက ဗိုလ်ချုပ်ကျော်ထင်ကို အကြောင်းစုံပြောပြ ထားပါတယ်။ သူ့အနေနဲ့ ဖေဖေကို တနှစ်ကို(၂)ကြိမ်လောက်တော့ သွားကန်တော့ပါရစေလို့လည်း ခွင့်တောင်းထားပါတယ်။ အဲဒီတုန်းက ကျွန်မတို့အဘွားကလည်း ကျွန်မတို့နဲ့ နေနေပါတယ်။ ဦးလေးက သီတင်းကျွတ်တို့ သင်္ကြန်တို့မှာ လာကန်တော့တတ်ပါတယ်။ (တခါတရံ)အဘွားနေမကောင်းတာကြားရင်လည်း လာတတ်ပါတယ်။ လာခွင့်တောင်းပြီးမှ လာရတာတောင် ဦးလေးက ညအတော် မိုးချုပ်မှလာရဲပြီး ကားကိုလည်း ကျွန်မတို့အိမ်ရှေ့ထိ မောင်းမလာရဲပါဘူး။ မြေနီကုန်းမှာဖြစ်ဖြစ်၊ ရှမ်းလမ်းထိပ်မှာဖြစ်ဖြစ် ရပ်ထားခဲ့ပြီးမှ အိမ်ကို လမ်းလျှောက်လာရတာပါ။ ကျွန်မတို့အိမ်ရှေ့ ရပ်တဲ့ကားတိုင်း နောက်နေ့ ထောက်လှမ်းရေးက ခေါ်စစ်တတ်ပါတယ်။ ဖေဖေရော မေမေရော ဦးလေးလာတိုင်း နောင် မလာပါနဲ့ကွာ။ တို့နားလည်ပါတယ်။ မင်းတို့ အနေရအထိုင်ရကျပ်ပါ့မယ်လို့ ပြောလေ့ရှိပါတယ်။ ဦးလေးကလည်း ကန်တော့ရင်း တခါတရံ မျက်ရည်ကျတတ်ပါတယ်။

အဲဒီကာလက ကျွန်မတို့ရဲ့ ဆီဆုံလမ်းအိမ်လေးဟာ ပတ်ပတ်လည် ထောက်လှမ်းရေးတွေနဲ့ဝိုင်းနေတာပါ။ အိမ်လာလည်တဲ့လူတိုင်း နောက်ကိုလည်း လိုက်လေ့ရှိပါတယ်။ တမင် ခြိမ်းခြောက်တာပါ။ ဒါကြောင့် တော်ရုံလူဘယ်သူမှ မလာရဲပါဘူး။ စစ်အာဏာရှင် လက်အောက် အလွန်သတိကြီးစွာ၊ စိတ်ကျဉ်းကျပ်စွာနေလာရတာဖြစ်လို့ အဲလိုဘဝမျိုးဖြတ်သန်းရသူတွေကို ကျွန်မတို့က စာနာတတ်-လေးစားတတ်နေတာပါ။

ဖေဖေကလည်း ကိုယ့်ကြောင့် သူများဒုက္ခရောက်မှာ သိပ်စိုးရိမ်ပါတယ်။ ဒါပေမဲ့ အခု ကိုကျော့်ကိစ္စ ပေါ်လာတော့ မတတ်နိုင်တော့ပါဘူး။ အဓိက က အဲဒီဖမ်းသွားတဲ့သူတွေထဲ သူပါသွားလားသိချင်တာပါ။ ဒါ့အပြင် ဆောင်းတွင်း (ဒီဇင်ဘာလ)ကြီးဖြစ်တာကြောင့် မေမေက သူ့သား တိုက်ပုံလေးပဲဝတ်သွားတာဖြစ်လို့ အနွေးထည်ပို့ချင်လာပါတယ်။ ဒီတော့ ဦးလေးကိုပဲ လှမ်းဆက်သွယ်ရပါတော့တယ်။ ဦးလေးရဲ့ညီဖြစ်တဲ့ ဆရာဦးဘဌေးကိုလွှတ်ပြီး စုံစမ်းမေးမြန်းရပါတယ်။ ဒီတင် ကိုကျော် အင်းစိန်ထောင်ထဲ ရောက်နေတာသိရပြီး အဝတ်အစားလည်း ပို့လို့ရသွားပါတယ်။ ဦးလေးက ဘာမှမပူကြဖို့ အားလုံးစစ်ဆေးပြီးရင် ပြန်လွတ်လာမှာပါလို့ အကြောင်းကြား လာပါတယ်။ ဗိုလ်မှူးကြီးမောင်ရွှေကလည်း သူ့သမီးနဲ့ ကျူရှင်တကျောင်းတည်း အတူတက် နေတာဖြစ်ကြောင်း၊ အဲဒီကျောင်းအလွှတ်မှာ ရောပါသွားတာဖြစ်ကြောင်း အင်းစိန်ထောင်တာဝန်ခံတွေကို လှမ်းပြောကြောင်းလည်း ကြားရပါတယ်။

ဒီလိုနဲ့ နောက်(၂)ပတ်လောက်ကြာပြီး တနေ့မှာ ရန်ကုန်ုမြို့တော်ခန်းမကနေ ဖုန်းဝင်လာပါတယ်။ (အဲဒီကာလက ရန်ကုန်မှာ အရေးပေါ် အမိန့််ထုတ်ထားလို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က မြို့တော်ခန်းမမှာ ရုံးထိုင်နေပါတယ်။) ရန်ကုန်တိုင်းမှူးရဲ့ကိုယ်ရေးအရာရှိ(ပီအေ) က ဖေဖေနဲ့စကားပြောပါရစေလို့ဆိုပါတယ်။ ဖေဖေ ဖုန်းကိုင်လိုက်တော့ ဗိုလ်ချုပ် ကျွန်တော်တို့ ကျော်ဇောဦးကို မြို့တော်ခန်းမကို ခေါ်လာ ပါပြီ။ သူ့ကို လာခေါ်လို့ရပါပြီလို့ပြောပါတယ်။ ဒီတော့ ဖေဖေက မင်းတို့ လွှတ်မှာဆိုရင် လွှတ်လိုက်ပေါ့။ ဘာလာခေါ်စရာလိုသလဲလို့ ပြောတော့ အဲဒီစစ်ဗိုလ်က ဗိုလ်ချုပ်ကိုယ်တိုင် လာစရာမလိုပါဘူး။ အစ်မကြီးကိုလွှတ်လည်း ရပါတယ်။ ကျွန်တော်တို့က လူကြီးမိဘတွေ လက် ပြန်အပ်တယ်ဆိုတဲ့သဘောပါ။ အုပ်ထိန်းသူတယောက်ယောက်က လက်မှတ်ထိုး လက်ခံဖို့လိုပါတယ်လို့ ထပ်ပြောပါတယ်။ ဖေဖေက စိတ်တိုသွားပြီး ဟေ့ငါလည်း မလာနိုင်ဘူး။ သူ့ အမေလည်း မလွှတ်နိုင်ဘူး။ နေပါဦး။ မင်းတို့က ငါ့သားကို လမ်းပေါ်က ဖမ်းသွားတာ။ လမ်းပေါ်ဘဲပြန်လွှတ်လိုက်။ ဒီကောင် အိမ်ပြန်လာတတ်တယ်လို့ဆိုပြီး ဖုန်းချလိုက်ပါတယ်။ အဲဒီအချိန် ဖေဖေ ဖုန်းပြောနေတာကို နောက်က ရပ်နားထောင်နေတဲ့ မေမေရဲ့သောကရိပ်တွေနဲ့ညိုနေတဲ့ မျက်နှာလေး ရုတ်တရက်ညှိုးကျသွားတာကို ကျွန်မ အခု စာရေးနေရင်း ပြန်မြင်ယောင်လာပြီး စိတ်ထဲမကောင်းလိုက်တာလေ။ မေမေကိုလည်း သနားလိုက်တာ။

နောက်တနာရီလောက်ကြာတော့ မြေနီကုန်းရဲဌာနက ဌာနမှူးဆိုသူဆီက ဖုန်းလာပါတော့တယ်။ ဒီနေရာမှာ တခုတော့ ပြောရဦးမယ်။ ကျွန်မက ရဲဌာနလို့မှတ်မိနေပါတယ်။ ကိုအောင်(အောင်ကျော်ဇော)ကတော့ လဝကရုံးလို့ဆိုပါတယ်။ ထားပါတော့။ အဲဒီလူက ကျော်ဇောဦး သူတို့ဆီရောက်နေပြီ။ အိမ်ကလူကြီးတယောက်ယောက် လာကြိုပါတဲ့။ ဒီတော့ ဖေဖေက ဦးလေး ကိုဘဌေးနဲ့ကိုအောင်ကို- သွားကြိုကြဆိုပြီး လွှတ်လိုက်ပါတယ်။ အဲဒီရောက်တော့ ကိုကျော်ကို လက်ခံရပါတယ်ဆိုတာကို ဦးလေးက လက်မှတ်ထိုးပေးခဲ့ရ ပါတယ်။ ဒါပေမဲ့ ဦးလေး ကိုဘဌေးက ဒီကိစ္စ ဖေဖေကို ပြန်မပြောပြရဲဘဲ မေမေကိုပဲ တိုးတိုးကြိတ်ကြိတ် ပြောပြထားပါတယ်။ ဖေဖေ တောက်လျှောက် သိမသွားပါဘူး။

နောင်မှသိရတဲ့ ဇာတ်လမ်းစုံကတော့ ဖေဖေက ငါတို့ ဘယ်သူမှလာမခေါ်နိုင်ဘူးဆိုတော့ သူတို့ ရန်ကုန်တိုင်းကလူကြီးတွေ ခေါင်းချင်းရိုက်ပြီး ဘယ်လိုဆက်လုပ်ကြမလဲလို့ တိုင်ပင်ကြသတဲ့။ ကျွန်မတို့ဦးလေးဒုတိုင်းမှူးက ကဲဒီလိုဆိုရင် ကျွန်တော်ရုံးကအပြန် ခေါ်သွားပြီး အိမ်ပြန်ပို့လိုက်ပါ့မယ်လို့ဆိုတော့ ဗိုလ်ချုပ်ကျော်ထင်က ပျာပျာသလဲနဲ့(အထက်ကအမိန့်ရ ထားဟန်တူတယ်တဲ့)ဟာ အိမ်တိုင်ရာရောက် ပြန်ပို့တယ်ဆိုတာတော့ မဖြစ်ဘူး။ ပြီးတော့ လက်မှတ်ကလည်းထိုးခိုင်းရဦးမှာလို့ ဆိုပြန်သတဲ့။ လွှတ်တာကတော့ ဒီနေ့ ဖြစ်အောင်ကိုလွှတ်ရမှာလို့လည်း ဆက်ပြောသတဲ့။ ဒီတော့ ဦးလေးက ကဲပါ ဗိုလ်ချုပ်ရယ်။ ကျွန်တော်ပဲခေါ်သွားပြီး ရဲဌာနကို အပ်လိုက်ပါ့မယ်။ ပြီးတော့မှ အိမ်ကလူတယောက်ယောက်ကို လာခေါ်ခိုင်းလိုက်ပါ့မယ်ပြောပြီး ကိုကျော် ကို သူ့ကားနဲ့တင်ခေါ်လာတာပဲ။
ဇာတ်လမ်းက ဒီတင် မဆုံးသေးပါဘူး။ နောက်ဆက်တွဲဖြစ်ရပ်ကလေး ရှိပါသေးတယ်။ အဲဒါပါ ထည့်ပြောမှ ပြည့်စုံမှာပါ။

အဲဒီကာလတုန်းက ကျွန်မနဲ့ဖေဖေက တခါတရံ(ဥပမာ-စနေ-တနင်္ဂနွေလိုနေ့မျိုး) မနက်အစောထ လမ်းလျှောက်တတ်ပါတယ်။ တော်လှန်ရေးပန်းခြံထဲလျှောက်ဖြတ်ပြီး ရွှေတိဂုံဘုရားတက် အလယ်ပစ္စယံတပတ်ပတ်ပြီး တခါတရံ အနောက်မုဒ် တခါတရံ မြောက်ဘက်မုဒ်က ဆင်းပြန်တတ်ပါတယ်။
အဲဒါ တနေ့ တော်လှန်ရေးပန်းခြံထဲ လမ်းလျှောက်နေတုန်း ရှေ့မှလည်း ဘောင်းဘီတိုနဲ့လူတယောက် မျက်နှာချင်းဆိုင်က ပြေးလာနေတာ တွေ့ရပါတယ်။ မနက်အစောလည်းဖြစ် ဆောင်းတွင်းလည်းဖြစ်တော့ မြူတွေနဲ့ဆိုင်းနေပြီး လူလုံးမကွဲလှပါဘူး။ ကျွန်မတို့သားအဖရှေ့ ရောက်လာတော့ အဲဒီပြေးနေတဲ့သူ ဖျတ်ခနဲရပ်သွားပြီး၊ ဟာ ဗိုလ်ချုပ်ဆိုတဲ့။ အာမေဍိတ်သံနဲ့အတူ သတိဆွဲပြီး အလေးပြုလိုက်တာ တွေ့လိုက်ရပါတယ်။ ဖေဖေလည်းအံ့သြသွားဟန်ရှိပြီး သြော်မင်းကိုးတဲ့။ ဖေဖေက သူ့လက်အောက် အလုပ်လုပ်ဖူးသူတွေကို မာဖီ (အရပ်ဝတ်)နဲ့ တွေ့လည်း မှတ်မိတတ်တယ်လို့ မေမေပြောဖူးတာ သတိရလိုက်မိပါတယ်။ တန်တော့။ ဖေဖေတော့ အဲဒီလူကို မှတ်မိသွားပြီလို့ စိတ်ထဲထင်လိုက်မိရုံရှိသေး ဖေဖေကဆက်ပြီး ဒါနဲ့ မင်း အင်းစိန်ထောင် ထောင်ပိုင်ဖြစ်နေတယ်ဆိုလို့ မေးလိုက်ပါတယ်။ ဟုတ် ဟုတ်ကဲ့လို့ အဲဒီလူ အထစ်ထစ်အငေါ့ငေါ့နဲ့ ဖြေလည်းဖြေလိုက်ရော။ ဖေဖေက နေစမ်းပါဦးကွာ။ မင်းတို့လုပ်ပုံက။ ခွေးကို ရိုက်တောင် ခွေးရှင်မျက်နှာကြည့်ရသေးတယ်။ အခုတော့ ငါ့သားကို သူဟာသူ ကျောင်းသွားတက်တာ။ သောရောဖမ်းသွားပြီး ရိုက်လွှတ်လိုက်တာ။ အိမ်ပြန်ရောက်တော့ ချောင်းဆိုးတိုင်းသွေးပါနေလို့ ဓာတ်မှန်ပြေးရိုက်လိုက်ရသေးတယ်။ မင်းးတို့တတွေ ဆူပူသူတွေဘာတွေကိုဖမ်းတာ ဖမ်းပေါ့ကွာ။ ဖမ်းရမှာပေါ့။ ဖမ်းပီးရင်တော့ လူလိုသူလိုဆက်ဆံမှပေါ့။ သားချင်းသမီးချင်း စာနာမှပေါ့။ မင်းတို့သားရွယ် သမီးရွယ်တွေပဲ။ မင်းတို့က ဒီလိုလုပ်လိုက်ရင် မင်းတို့ကိုကြောက်သွားလိမ့်မယ်လို့ ထင်တယ်။ ဟုတ်လား။ မုန်းသွားတာကွ။ မုန်းသွားကြတာ။ အခု မင်းတို့ကို လူတွေ ဘယ်လောက် မုန်းနေတယ်ဆိုတာသိကြရဲ့လားလို့ ဆက်တိုက်ကြီး ပြောလိုက်ပြီးမှ၊ ကဲပါကွာ။ မင်းလည်းချွေးတွေသံတွေနဲ့။ သွားတော့ သွားတော့။ ငါလည်း ဆက်လမ်းလျှောက်လိုက်ပါဦးမယ်ဆိုပြီး ကျွန်မတို့သားအဖ ထွက်လာခဲ့ပါတယ်။ တော်တော်လျှောက်လာပြီးမှ ကျွန်မလှည့်ကြည့်လိုက်တော့ အခုနလူ ကျွန်မတို့ ထားခဲ့တဲ့နေရာမှာဘဲ ငူငူကြီး ဆက်ရပ်နေတာတွေ့လိုက်ရပါတယ်။

ဖေဖေကတော့ သူပြောချင်တာတွေ ပြောလိုက်ရလို့ထင်ပါရဲ့။ စိတ်လွတ်လက်လွတ် ခပ်သွက်သွက်ဆက်လျှောက်နေလို့ ကျွန်မမှာ အမောတကောအမီလိုက်-လိုက်ရတာ။
အဲဒီကာလ(လွန်ခဲ့တဲ့-၄၇-နှစ်က)-ကျွန်မမှတ်မိသလောက် အဖြစ်အပျက်ကလေးပါပဲ။
လှကျော်ဇော။
၁၃-၆-၂ဝ၁၆။

0 comments:

Post a Comment