Thursday, July 14, 2016

အိမ်သာလိမ္မာ (မျိုးမြင့်ချို)

0 comments
(အိမ်သာလိမ္မာ)
ဟိုးတလောက အိမ်ဆောက်ပစ္စည်း အိမ်သုံးပစ္စည်းတွေချည်းရောင်းတဲ့ ဧရာမစတိုးဆိုင်ကြီးတဆိုင်ကိုရောက်တယ်။ ရေချိုးခန်းနဲ့
အိမ်သာပစ္စည်းတွေထားတဲ့အကန့်နားက တနေရာမှာ လူတွေ အုံခဲနေတာနဲ့ ဘာများပါလိမ့်ဆိုပြီး အနားသွားကြည့်တော့ ဗမာလိုဆို ဘိုထိုင်လို့ခေါ်တဲ့ ကြွေဖင်ထိုင်အိမ်သာကြီးတခု ရှေ့ချပြီး လူတယောက်က ဝိုင်းနေသူတွေကိုရှင်းပြနေတာ။

အဲ့ဒါကြီးကို အင်္ဂလိပ်လို Smart Toilet ဆိုလားမသိဘူး ခေါ်တယ်။ ကျနော်ကတော့ လွယ်လွယ်ပဲ အိမ်သာလိမ္မာလို့ ကိုယ့်ဘာသာပြန်လိုက်တယ်။ စမတ်ဗုံးကို ဗုံးလိမ္မာလို့ပြန်ကြသလိုမျိုးပေါ့လေ။ ကျနော်လည်း သူများတွေနဲ့အတူ ဟိုလူရှင်းပြနေတဲ့ သူ့ အိမ်သာလိမ္မာအကြောင်း နားထောင်တာပေါ့လေ။

သူ့ အိမ်သာခွက်ကြီးက ကြီးတာမှအကြီးကြီးရယ်။ လူတောင် အိမ်သာခွက်ထဲဆင်းပြီး ရေစိမ်လို့ရလောက်တယ်ထင်တာပဲ။
အဲ့ဒါကြီးက ကွန်ပြူတာရိုက်ဇ်လုပ်ထားတာတဲ့။

အီးမပါခင်မှာ ဘယ်ခလုပ်လေးကို အရင်နှိပ်၊ ပြီးရင် ဘာမီးလေးပွင့်လာ ဘာအရောင်လေးပြောင်းသွားတာနဲ့ ဘယ်ဟာလေးကို ပွတ်ရှ်လုပ်လိုက်၊ အားလုံး ၂ စက္ကန့်ပဲကြာမယ်။ ပြီးတာနဲ့ အိမ်သာခွက်ပေါ် တက်ထိုင်လိုက်ရုံပဲတဲ့။

အိမ်သာလိမ္မာက အီးတက်ပါတဲ့သူရဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို သူ့အလိုလိုတိုင်းပြီးချိန်ပြီး ဖင်ထိုင်ခွက်ကို အနိမ့်အမြင့်ချိန်ပေးတာတဲ့။ အီးမထွက်ခင်မှာ အီးညှစ်အားကောင်းအောင် ဘာလှိုင်းတွေနဲ့ဆိုလား စအိုအတွင်းအပြင်ကြွက်သားတွေကို တုန်ခါအောင်လုပ်ပေးပြီး လူက အားသိတ်မစိုက်လိုက်ရပဲ အီးတွေထွက်လာအောင်လုပ်ပေးတာတဲ့။

အီးပါနေတုန်းမှာလည်း နောက်လှိုင်းတမျိုးပြောင်းသွားပြီး အဲ့ဒီလှိုင်းက ဝမ်းထဲမှာ အီးလက်ကျန် မကျန်အောင် အီအီးတွေအကုန်ထွက်ကျလာအောင် အူတွေရှင်းသွားအောင် အတွင်းအူနဲ့ကြွက်သားတွေကို လှုံ့ဆော်ပေးတာတဲ့။ လှုံ့ဆော်ပေးနေတယ်သာဆိုပေမယ့် လူက သိတောင်မသိလိုက်ရဘူးတဲ့။

အီအီးပါနေတုန်းမှာလည်း ကိုယ့်အီအီးနံ့ ကိုယ်ပြန်မရှူမိအောင် အဲ့ဒါကြီးက အီးတုံး ဖင်ကအထွက်နဲ့ အောက်ကရေထဲမကျခင်ကြားထဲလေးမှာ အနံ့တွေအကုန်စုပ်သိမ်းပလိုက်သတဲ့။

အီအီးပါပြီးသွားပြီဆိုတာနဲ့ ဘာခလုပ်ကို ထပ်နှိပ်လိုက်တဲ့။ ဒါဆို နွေးတယ်ဆိုရုံ ပိုးသတ်ဆေးထည့်ပြီးသား ရေနွေးနွေးလေးတွေက ဖင်အောက် ရှေ့နောက်ကနေ ညင်ညင်သာသာလေး ပန်းပေးပက်ပေးမတဲ့။ ပထမအကြိမ် ၅ စက္ကန့်လောက် အဲ့ရေပန်းပေးပြီးရင် ဆပ်ပြာလိုမျိုး ခတ်ချွဲချွဲ ဖင်သန့်ဆေးရည်ဆွတ်ထားတဲ့ ဂွမ်းလုံးလို ရေမြှုတ်လုံးလေးတွေက စအိုနဲ့ဖင်နှစ်လုံးကြားမှာ လူးလာခေါက်တုန့် ၁ဝ ကြိမ်လောက် သုတ်ပေး သန့်ပေးရှင်းပေးမတဲ့။ အဲ့ဒါပြီးတော့မှ ခုန ပိုးသတ်ဆေးရည် တကြော့ပြန်လာပြီး ပြောင်ရှင်းသွားတဲ့အထိ ဆေးပေးမတဲ့။ ဒါပေမယ့် ဒီတကြိမ်မှာတော့ ရေပန်းအားက နည်းနည်းပိုပြင်းမတဲ့။

ပြီးလည်းပြီးရော လေနွေးမှုတ်စက်နဲ့ ဖင်အခြောက်ခံပေးမှတဲ့။ ဖင်လည်းခြောက်ရော အဲ့ဒါကြီးက အညစ်အကြေးတွေအကုန် အောက်ကို ဆွဲချစုပ်ချသွားပြီး ခင်ဗျား အီးပါချိန် ဘယ်လောက်ကြာသွားမှန်း၊ အီးမပါခင် ကိုယ်အလေးချိန်ကဘယ်လောက် အီးပါပြီးနောက် ကိုယ်အလေးချိန်ကဘယ်လောက်ဆိုပြီး ပြမှာတဲ့။ ဒီတင်ကိစ္စက ပြီးပြီဆိုပါတော့။ သြော် မေ့တော့မလို့။ ရှေ့ဘက်သန့်ရှင်းကတော့ ယောက်ျားဆို တမျိုး မိန်းမဆိုတမျိုး စီစဉ်ထားသတဲ့။

သူ့ပေါ်တက်ပြီး အီးထိုင်ပါရမှာ အူတော့ အူယားစရာကြီး။
သူရှင်းပြတာနားထောင်ရင်း တချို့လည်း ရှက်တက်တက် ပြုံးစိစိနဲ့၊ တချို့လည်း အရွှမ်းတွေဖေါက်ရင်း တဟားဟားနဲ့။ ကဲ ကဲ မေးစရာရှိတာမေးပါဆိုတော့ တယောက်က ဈေးမေးတယ်၊ ကိုးထောင့်ကိုးရာကိုးဆယ့်ကိုဒေါ်လာ ကိုးဆယ့်ကိုးဆင့်ဆိုလားပဲ။ တယောက်က ဝရမ်တီတွေ ဂရမ်တီတွေအကြောင်းမေးတယ်။ နောက်လူတွေကလည်း မေးကြပါတယ် အတော်များများပဲ။

ကျနော်ကတော့ စိတ်ထဲ အဲ့ဒါကြီးပေါ် ခနလောက် ထက်ထိုင်ကြည့်ချင်စိတ် ပေါက်လာတယ်။ ဒါနဲ့ ငါ အဲ့ဒါကြီးပေါ် ခန အစမ်းသဘောတက်ထိုင်ပြီး ခလုပ်တွေနှိပ်ကြည့်လို့ရမလားဆိုတော့ မရဘူးတဲ့။ ဘာလို့လဲလို့မေးတော့ ဒါက အခု မိလ္လာရေပိုက်နဲ့ချိတ်ဆက်ထားတာ မဟုတ်ဘူးတဲ့။ ဒါဆို မင်းဟာကြီး မင်းပြောတဲ့အတိုင်း တကယ်အလုပ် လုပ်မလုပ်ကို ဝယ်သူက မဝယ်ခင်မှာ ဘယ်လိုလုပ် သိနိုင်ပါ့မလဲဆိုတော့၊ ဒီမှာ လူတယောက် တကယ်အီးတက်ပါနေတာကို ဗီဒီယိုရိုက်ထားတဲ့ ဒီဗီဘီအချပ်တွေရှိပါတယ်။ တချပ်ယူသွားပါ။ အိမ်ကြ စက်ထဲထိုးကြည့်ပါ။ ဒီမှာတော့ ပြဖို့မသင့်တော်ဘူးမဟုတ်လား။ နောက်ပြီး မင်းတကယ်ဝယ်ပြီဆို အိမ်အထိ အခမဲ့လိုက်ဆင်ပေးပါတယ်။ ဆင်ပေးပြီးတာနဲ့ မင် စမ်းပြီးတောင် အီးပါကြည့်နေစရာမလိုဘူး တခါတည်းတန်းပါလိုက်ရုံပဲ။ အဲ့ဒီတော့ မင်းသိသွားမှာပါ။ စိတ်ချပါ ငါပြောတဲ့အတိုင်း အလုပ် လုပ်တာကို အာမခံပါတယ်လို့ပြန်ဖြေတယ်။

ကျနော့်စိတ်ထဲမှာက အဲ့ဒါကြီးအပေါ် တက်ထိုင်ကြည့်ချင်တာ။ ဒါနဲ့ အေးပါ ကောင်းပါပြီ၊ ငါ မင်းပြောတာ ယုံပါတယ်။ ဒါပေမယ့် ငါ တခါလောက်တော့ ထိုင်ဖူးတယ်ရှိအောင် ထိုင်ကြည့်ချင်တာပါ။ ခလုပ်တွေမနှိပ်နဲ့ဆို မနှိပ်ပါဘူးလို့ ထပ်ပြောတော့ မရဘူးတဲ့။
ငါ့ကုမ္ပဏီက ပြဖို့ရှင်းဖို့ပဲ တာဝန်ပေးလိုက်တာ၊ လူတွေကို အစမ်းတက်ထိုင်ကြည့်ခွင့် မပေးလိုက်ဘူးတဲ့။ အေးကွာဒါဆိုလည်း ပြီးတာပါပဲလို့ပြောပြီး ပြန်လှည့်ထွက်ခဲ့ရတယ်။

နာလိုက်တာ အိမ်သာလိမ္မာပေါ် အစမ်းလေးတောင် ထိုင်ခွင့်မရခဲ့ဘူး။

0 comments:

Post a Comment