Monday, December 31, 2012

မဆုံးမရမည့်သူနှင့် ဆုံးမ မရမည့်အကျိုးစီးပွား (မျိုးမြင့်ချို)

0 comments
ကနေဒါနိုင်ငံ၊ တိုရွန်တိုးမြို့က ကိုသာအေးထွန်းအိမ်တွင်ရှိနေခိုက် ဆုံခဲ့သည့်မိတ်ဆွေသစ်များအနက် ဒေါက်တာတိုးတိုးလွင်နှင့် ဒေါက်တာမိုးဝင်းသာတို့ ဆရာဝန်ဇနီးမောင်နှံလည်းပါ၏။ တဦးနှင့်တဦးမိတ်ဆက်ကြ ပဋိသန္ဓာရစကား ဆိုကြပြီးနောက် စကားဦးက (၁၃၅ဝ) ပြည့်အရေးတော်ပုံကြီးဆီတည်မိ၏။ ထိုစဉ်က သူတို့နှစ်ဦးလုံး ရန်ကုန်ဆင်ခြေဖုံးရှိဆေးရုံတခုတွင် အလုပ်သင်ဆရာဝန်များ။ ထိုကာလ သူတို့ကြုံခဲ့ရသည့်ထိတ်စရာကြားက ရယ်စရာအဖြစ်တွေကို ပြန်ပြောပြရင်းရယ်ရယ်မောမော။ ခုတော့…ပေါ့ပေါ့ပါးပါး။
ထို့နောက် စကားအရွေ့က ဒီမိုကရေစီရေးဘက်လှည့်လာ၏။ ဒေါက်တာ တိုးတိုးလွင်က ဒီဘက်ဒီမိုကရေစီနိုင်ငံတချို့ကစံတချို့အား ခေါင်းခေါက်ရွေး ဥပမာလေးတွေနှင့်ချပြဆွေးနွေး၏။ ဒီမိုကရေစီဆန်မှု၊ သဘောထားကြီးခြင်းနှင့်လူကြီး လူကောင်းအပြုအမူတို့အကြောင်းရောက်တော့ သူက  (အိုဘားမားပထမသက်တမ်းအတွက် ပါတီတွင်းသမ္မတလောင်းပြိုင်ချိန်၊ ဟီလာရီနှင့်ဆိုင်မိပြီး ကက်ကက်မလန့်တလန် အပြန်အလှန်ခတ်ကြပုံများ၊ သည့်နောက် ဟီလာရီကဆုတ်ပေးလိုက်မှ အိုဘားမားသမ္မတဖြစ်လာပြီး နိုင်ငံခြားရေးဝန်အဖြစ် ကြည်ဖြူစွာပေးသည်တွင် ကျေကျေနပ်နပ်ယူကာ ကျေကျေပွန်ပွန် ထမ်းဆောင်ခဲ့ပုံ၊ ဒါကို “ဒီမိုကရက်ချင်းမို့ ဤသို့ရင်းကြတာပါ”ဟုဆိုလျှင် ခု အိုဘားမား ဒုတိယသက်တမ်းကပိုလှသည့် ဥပမာလိုဖြစ်ပုံ၊ မဲဆွယ်ပွဲတွေမှာ မစ်ရွမ်းနီနှင့်အိုဘားမား အကြီးအကျယ်ချဲခဲ့ကြသလို စကားစစ်ထိုးပွဲတွေမှာလည်း လက်သီးလက်မောင်းတန်းခဲ့ကြကြောင်း၊ စကားစစ်ထိုးပွဲတွေအပြီးမှာတော့ မစ်ရွမ်းနီတမိသားစုလုံး စင်မြင့်ပေါ်တက်လာပြီး တန်းခဲ့သည့်ထိုလက်များနှင့်ပင် ဖက်လှဲတကင်းရင်းရင်းနှီးနှီး၊ ပြုံးပြုံးရွှင်ရွှင် “ရီပတ်ဘလီကင်န်မရှိ၊ ဒီမိုကရက်မရှိ”) ဆိုကာ ရှည်ရှည်လျားလျားဆွေးနွေးလာ၏။ ဤသည်ပင် ဒီမိုကရေစီဆန်မှုဟု သူဆိုချင်သလားတော့ ကျနော်မပြောတတ်။

နောက်တော့ ဆွေးနွေးညှိနှိုင်းအဖြေရှာတတ်မှု။ ညှိနှိုင်းမှုအတတ်(သို့မဟုတ်)ဆွေးနွေးပွဲယဉ်ကျေးမှုအကြောင်းဟု ဆိုရမည်ထင်၏။ သူက (ကျနော်တို့သည်-သူ့အဆိုအရဒီမိုကရေစီ-နိုင်ငံကြီးတွေမှာရောက်ရှိ နေထိုင်သူများဖြစ်သည့်အလျှောက် ဒီမိုကရေစီနိုင်ငံကြီးသားတို့၏ ပြဿနာဖြေရှင်းပုံများအားလေ့လာရင်း ကျင့်သုံးမှဖြစ်မည်ဖြစ်ကြောင်း၊ ဗမာပြည်သားတွေအကြား ကိစ္စကြီးငယ်ရှိတိုင်း တယောက်နှင့်တယောက် ဆွေးနွေးငြင်းခုန်၊ သဘောထားကြီး၊ စိတ်ရှည်သီးခံအဖြေရှာပြီး အများစုသဘောအကောင်အထည်ဖော်ကြသည့် အလေ့အကျင့်မျိုးရှိပြီး၊ အလေ့အထဖြစ်သည်အထိ ပျိုးထောင်ယူနိုင်ကကောင်းမည်)ဟု သူမြင်ကြောင်းဆို၏။ ဤသည်ကို ဒီမိုကရေစီယဉ်ကျေးမှုဟု သူ ဆိုချင်ပုံပေါ်၏။ တိတိကျကျတော့မပြောခဲ့။ ချုပ်၍ဆိုသော် “ဒီမိုကရေစီဆန်မှုနှင့်ဒီမိုကရေစီယဉ်ကျေးမှု”ဟု ဆိုရမည်ထင်၏။  ထို(၂)ခုလုံး ကျနော်တို့လိုချင်သည့်အရာများဖြစ်သလို ထိုအရာတွေအတွက်လည်း ခုထက်တိုင် တိုးနေတိုက်နေရဆဲ။ ထို့ကြောင့် ဝေဘန်ချေဖျက်စရာ အကြောင်းဘာမျှမရှိသော်လည်း တွေးစရာနှင့်ပြောစရာတချို့ကား ပေါ်လာ၏။ သို့နှင့် ပြောဖြစ်ကြ၏။

ကျနော်တို့ဆီတွင်နှင့် ကျနော်တို့ဆီကဲ့သိုလူ့အဖွဲ့အစည်းများ တိုင်းပြည်များတွင်မူ အထက်ကဆိုခဲ့သည့် (ဆန်မှုနှင့်ယဉ်ကျေးမှု)များ မရှိသလောက်နည်းသည်ဟုဆိုသည်ကို ငြင်းစရာမရှိ။ ဘာ့ကြောင့် ဤသည်များ မထွန်းကားနိုင်ရသနည်းဆိုသည်ကို စောကြောကြည့်ရာတွင် တဦးနှင့်တဦးကွဲလွဲချင်ကွဲလွဲလိမ့်မည်ဖြစ်သော်လည်း အကျိုးများမည်ထင်၏။  ကျနော့်အနေနှင့် ထိုသို့စောကြောရလျှင် အမေရိကန်ကိုပဲ စံ ထားချင်၏။ “ဘာ့ကြောင့်”ဆို ကမ္ဘာ့နိုင်ငံအချို့နှင့်အမေရိကန်ကိုယ်က သူ့ကိုယ်သူ ဒီမိုကရေစီခေါင်းကိုင်ဖခင် As the God Father of Liberal Democracy သဖွယ်စံပြုမှုရှိခြင်းကြောင့်ဖြစ်၏။ ထို့ကြောင့် အမေရိကန်ပေတံဖြင့်တိုင်းရပါမည်။ ထိုပေတံနှင့်တိုင်းမည်ဆိုက အမေရိကန်၏နှုန်းစံတန်ဖိုးကိုသိမှတ်စရာ လိုပါလိမ့်မည်။ လူ့အဖွဲ့အစည်းတခု၏နှုန်းစံတန်ဖိုးဆိုသည်မှာ အမျိုးသားအကျိုးစီးပွားဖြစ်၏။ ထိုတန်ဖိုးကို ထိပါးခြင်းသည် အမျိုးသားအကျိုးစီးပွားကိုထိပါးခြင်းမည်၏။ ထိုကိစ္စသည် အကဲဆတ်သလောက် အရေးလည်းကြီး၏။ နိုင်ငံနှင့်ချီ၊ ကမ္ဘာနှင့်ချီ ဖြစ်ကြသည့်ပဋိပက္ခတိုင်းသည် ထိုနေရာမှပေါက်ထွက်လာခြင်းဖြစ်၏။ ဤသို့ဖြစ်လျှင် အမေရိကန်၏နှုန်းစံတန်ဖိုး(ဝါ)အကျိုးစီးပွားကို စေ့ငု ကြည့်ပါမည်။ အမေရိကန်၏နှုန်းစံတန်ဖိုးက  အရင်းရှင်(သို့)ဈေးကွက်စီးပွားရေးစနစ်၊ လစ်ဘရယ်လ်ဒီမိုကရေစီနှင့် တသီးပုဂ္ဂလဆန်မှုတို့ဖြစ်သည်ဟု အကြမ်းဖျဉ်းဆိုနိုင်မည်ဖြစ်၏။ ဤသည်တို့ကိုပင် အမေရိကန်အကျိုးစီးပွားဟု ယေဘုယျသဘောပိုက်ပြီး ဆက်တွေးကြည့်ပါမည်။

မှန်၏။ ယခုအမေရိကန်တို့ ယခုအမေရိကန်နိုင်ငံရေးသမားတို့ အထက်ကဆိုခဲ့သည့် (ဆန်မှုနှင့်ယဉ်ကျေးမှု)တို့ကို ပါတီတွင်းနှင့် ပါတီချင်း၊ ပြည်တွင်းနှင့်ပြည်ပတို့တွင် အကန့်အသတ်ဖြင့်တိုးချဲ့ယူ၍ ကျင့်သုံးနေနိုင်သည်မှာ အထင်အရှားဖြစ်၏။ ဘာ့ကြောင့်ဤသို့နေနိုင်ရသနည်း၊ နေနိုင်ကြသနည်းဆိုရသော် အကျိုးစီးပွားကြောင့်ဟုသာ အဖြေထွက်မည်ထင်၏။ အကျိုးစီးပွားဆိုရာ၌လည်း တူခြင်း/မတူခြင်းအပြင်၊ တူသည့်တိုင်အောင် ကြီးခြင်း/သေးခြင်းလည်း ထပ်မံရှိရဦးမည်။ ထိုအကျိုးစီးပွားတို့တူခြင်း/မတူခြင်း၊ ကြီးခြင်း/သေးခြင်းအပေါ်လိုက်ကာ (ဆန်မှုနှင့်ယဉ်ကျေးမှု) တို့၏ ရေချိန်အတက်အကျနှင့်အနိမ့်အမြင့်ဖြစ်ရ၏။ အကျိုးစီးပွားကြောင့်ထွက်လာသည့်အဖြေ နှစ်ခုသာရှိ၏။ ထို့အတူ အကျိုးစီးပွားတွင် ရွေးလမ်းလည်း (၂)လမ်းသာရှိ၏။ တခုက စစ်ပွဲ(ဝါ)ပဋိပက္ခ။ နောက်တခုက လက်တွဲပြီးနန်းသိမ်းခြင်း။ အကျိုးစီးပွားကြီးလည်းကြီး၊ တူလည်းတူလျှင် (ဆန်မှုနှင့်ယဉ်ကျေးမှု)ပိုကိုပိုရပေမည်။ မပိုလို့မရ။ မပိုလျှင် ထိပ်တိုက်တိုးမိပြီး လုယက်မှုတွေဖြစ်ကာ ထချကြလိမ့်မည်။ ယခု အမေရိကန်တို့ အမျိုးသားအကျိုးစီးပွားတူကြ၏။ ကြီးလည်းအလွန်ကြီး၏။ အချင်းချင်းပြန်ချလို့မဖြစ်။ ထိပ်တိုက်ပြန်တိုးလို့မရ။ ဥသျှစ်သီး (၂)လုံး ကိုင်ရိုက်လျှင် ဘာဖြစ်တတ်သည်ကို သူတို့ ကောင်းစွာနားလည်၏။ အချင်းချင်းရန်ဖြစ်လို့ရ၏။ ရန်သူဖြစ်လို့မရဆိုသည်ကို သဘောပေါက်၏။ နိုင်ငံ့သမ္မတဘယ်သူဖြစ်ဖြစ်၊ ကွန်ဂရက်စ်တွင် ဘယ်သူအများစုနေရာရရ တူသောအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမည်သာဖြစ်၏။ ဤတွင် ဒီမိုကရေစီဆန်လာရ၊ ဒီမိုကရေစီယဉ်ကျေးမှုဖြစ်လာရ၏။ သို့နှင့်တိုင် အစဉ် ဆန်နေယဉ်ကျေးနေသည်ဟုဆိုလို့မရ။ တချက်တချက် အကျိုးစီးပွားခတ်သေးသေးတွေ ထိပ်တိုက်တိုးမိပြီး မဆန်နိုင် မယဉ်မကျေးနိုင်ဖြစ်ခဲ့သည်များရှိ၏။အမေရိကန်ပြည်တွင်းစစ်ကြီး၊ အေဗရာဟင်မ်လင်ကွန်းနှင့်ကနေဒီတို့ကြုံခဲ့သည့်နိုင်ငံရေးလုပ်ကြံမှုများက ထို တချက်တချက်တို့အတွက် သက်သေဖြစ်၏။

ကမ္ဘာကြီးကို ပြန်ကြည့်လျှင်လည်း အကျိုးစီးပွားကြောင့်ဖြစ်ခဲ့သည့်စစ်ကြီး (၂) ခု အထင်အရှားရှိခဲ့၏။ တိုက်ရာပါတွေဝေစုခွဲရာက အဝေမတည့်လုယက်ရင်း ထိပ်တိုက်တိုးကာ(ဆန်မှုယဉ်ကျေးမှု)မျက်နှာဖုံးကျွတ်ကြခြင်းပင်။

နောက်တမျိုးက တူတော့တူ၏ သို့သော်သေး၏။ ဆိုရလျှင် ထိုအသေးစားတို့ကြောင့် ဒေသတွင်း၊ အုပ်စုချင်း၊ နိုင်ငံခြင်းပဋိပက္ခတို့ ဖြစ်ထွန်းရ၏။ နှစ်ပြည်ထောင်မင်းတို့၏ ဒေသတွင်းအကန့်အသတ်စစ်ပွဲများကို သာဓကပြုနိုင်မည်ထင်၏။ ထိုသို့ ဒေသတွင်းအကန့်အသတ်စစ်ပွဲတို့ကား ထုတ်ပြစရာမလိုအောင်ပင်များလှ၏။ ထားတော့။

နောက်ဆုံးတခုက တူလည်းတူ၏။ သေးလည်းသေး၏။ သို့သော် ကမ္ဘာချီ၊ ဒေသချီပြဿနာထိရောက်မလာပဲ ပြည်တွင်းသာ ထိပ်တိုက်တိုးမိမှု။ ထိုအမျိုးအစားက “အတန်းအစားအုပ်စုလိုက်အကျိုးစီးပွား”ဟု ဆိုရမည်ထင်၏။ တိုင်းပြည်တခုခြင်းစီအတွင်း အဓိကအခြေတည်၏။ နိုင်ငံရေးအာဏာကိုကိုင်ထားနိုင်ပြီး ထိုအာဏာအားကိုးဖြင့် သူ့အုပ်စုအကျိုးစီးပွားကိုတည်ဆောက်ကာကွယ်သူနှင့် ထို အဆောက်အဦအားဖြိုချတွန်းလှန်သည့်အင်အားစုကြားက ပဋိပက္ခဖြစ်၏။ အပေါ်ယံရှပ်ကြည့်လျှင်(သို့)ကမ္ဘာနှင့်ချီကြည့်လျှင် စာမဖွဲ့လောက်ဟုဆိုရသော်လည်း တိုင်းပြည်တခုအတွက်၊ လူ့အဖွဲ့အစည်းတခုအတွက်တော့ အလွန်ကြီး၏။ သည်းသန်ပြင်းထန်၏။ အာဏာကိုင်ထားသူကလည်း အာဏာလက်လွတ်လျှင် အကျိုးစီးပွားအကုန်လက်လွှတ်ရမည်မို့ ကျားကုပ်ကျားခဲကာကွယ်၏။ လူဘယ်လောက် သတ်ရသတ်ရ သတ်မည်။ လူဘယ်လောက်ဖမ်းရဖမ်းရ ဖမ်းမည်။ တွန်းလှန်ဖြိုချသူကလည်း ထိုအာဏာကိုဖြိုချနိုင်မှ နောက်အာဏာတခုကို တည်ဆောက်နိုင်မည်မို့ ဘယ်လောက်စွန့်ရစွန့်ရ စွန့်မည်။ ဘာမှမကျန်သည်အထိပင် စွန့်လိမ့်မည်။ ဤတွင် အာဏာပြဿနာ၊ အကျိုးစီးပွားပြဿနာနှင့်ပဋိပက္ခတွေ ဖြစ်လာ၏။ ဤတွင် ဒီမိုကရေစီမဆန်နိုင်တော့။ ဤတွင် ဒီမိုကရေစီယဉ်ကျေးမှု မထွန်းကားတော့။ ဤတွင် စေ့စပ်ညှိနှိုင်းသည့်အလေ့အထ နောက်တန်းရောက်ရတော့၏။ ကျနော်တို့ဆီတွင်ဖြစ်နေသည့်ပြဿနာက ထို ပြဿနာ။ ထို ကိစ္စ။

ပြန်တွေးရန်လိုသည်က ဤသို့ မဆန်ချင်မဆန်သူ မည်သူနည်း။ မည်သူ့ဘက်က စ မဆန်ရ စ မယဉ်ကျေးရ၍ ပြဿနာတို့ဖြစ်လာရသနည်း။ ဆန်ခြင်းဆန် ယဉ်ကျေးခြင်းယဉ်ကျေးလျှင် မည်သူက စ ဆန်ရ စ ယဉ်ကျေးရမည်နည်း။ မည်သူ့ဘက်က စ ရန်လိုသနည်း။ မည်သူ့က အဓိနည်း။ နှစ်ဘက်လုံး မဆန်လို့ မယဉ်ကျေးလို့ဟုဆိုလျှင်ပင်တောင် အတော်လွဲနေပြီဖြစ်၏။ ထို့ထက်ဆိုးသည့်အလွဲကား စ ဆန်ရမည့် စ ယဉ်ကျေးရမည့်အာဏာပိုင်သူအား မသိကျိုးကျင်ပြုကာ၊ ဆန်ခွင့်ယဉ်ကျေးခွင့်မရှိသူတို့အား၊ ဆန်ပါရစေယဉ်ကျေးပါရစေဟုတောင်းခံသူတို့အား “မဆန်ရကောင်းလား မယဉ်ကျေးရကောင်းလား”ဆိုကာ လူမျိုးနှင့်ချီပြီးသိမ်းကြုံးဆုံးမနေသူတို့ကိုယ်တိုင်ပင် ဤဆန်မှု ဤယဉ်ကျေးမှုတို့ ရကြပါပြီလား။ စဉ်းစားစရာကောင်း၏။

ဤသို့ ဒီမိုကရေစီဆန်ခြင်း/မဆန်ခြင်း၊ ဒီမိုကရေစီယဉ်ကျေးမှုရှိခြင်း/မရှိခြင်း၊ ဤအလေ့အထများထွန်းကားခြင်း/မထွန်းကားခြင်း၊ အားကောင်းခြင်း/မကောင်းခြင်းတို့သည် လူမျိုးနှင့်မဆိုင်။ လူနှင့်မဆိုင်။ အကျိုးစီးပွားနှင့်သာဆိုင်၏။
မျိုးမြင့်ချို
ဒီဇင်ဘာ ၃၁၊ ၂ဝ၁၂

Friday, December 28, 2012

ဒေါ်အောင်ဆန်းစုကြည်၏ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေးအခြေခံများမှ ဝေဘန်သုံးသပ်ခြင်း။ အပိုင်း(၂- အကန့် ၂) အောင်ထူး-ရှေ့နေ

0 comments
အစိုးရနှင့်ကေအိုင်အိုအကြား စစ်ပွဲများပြန်လည်ဖြစ်ပွားလာပြီးနောက်တွင် ဖားကန့်ကျောက်စိမ်းမြေအများစုကို ကေအိုင်အိုက ပြန်လည်ထိမ်းချုပ်ထားနိုင်ခဲ့သည်။ ကုမ္ပဏီတခုလျှင် အစောင့်သဘော ငါးဦးမှဆယ်ဦးအကြားတွင်သာ ဆက်လက်နေထိုင်ခွင့်ပေးပြီး ကျန်သူအားလုံးကို ဖားကန့်မှထွက်ခွာခိုင်း၊ တူးဖေါ်ရေးလုပ်ငန်းများအားလုံးကို ရပ်ဆိုင်းခိုင်းထားလိုက်သည်။ ပုဂ္ဂလိကပိုင်ကုမ္ပဏီဟူ၍ အမည်ခံလုပ်ဆောင်နေကြသဖြင့် ၄င်းတို့၏ပစ္စည်းများအား ကေအိုင်အိုက ၀င်ရောက်နှောင့်ယှက်ဖျက်ဆီးခြင်းမပြု။ စင်စစ်အားဖြင့်မူ ကျောက်စိမ်းတူးဖေါ်ခွင့်ရ ထားသည့်ကုမ္ပဏီကြီးများတွင် အစုရှယ်ယာပါသူအတော်များများမှာ စစ်ခေါင်းဆောင်ဟောင်းသစ်များနှင့် ၄င်းတို့၏ ဆွေမျိုးသားချင်းများ၊ ခရိုနီများဖြစ်နေကြောင်းကြားရသည်။ ချုပ်၍တင်ပြရလျှင် ကျောက်စိမ်းတူးကုမ္ပဏီများ၏ဂိုဒေါင်ကြီးများတွင်အောင်းနေသော ကျောက်စိမ်းများအား အမြန်ဆုံးထုတ်ယူကာ နေပြည်တော်တွင် ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်း (မတ်လ ဖြစ်မည်ဟု ခန့်မှန်းရသည်။) တွင် ခင်းကျင်းပြသမည့် ရတနာပြပွဲတွင်ရောင်းချရန်ဖြစ်သည်။ ထို့ကြောင့် ကေအိုင်အိုကို စစ်ရေးအရဖိအားပေးအပစ်ရပ်ခိုင်းပြီး ဖားကန့်ကျောက်စိမ်းဒေသကို ထင်သလိုအမြတ်ထုတ်ရန်မှာ ဦးသိန်းစိန်အစိုးရနှင့် ကာလုံ၏ရည်မှန်းချက်ဖြစ်နေသည်။
ကချင်စစ်ပွဲ၏အနှစ်သာရကို သုံးသပ်ခြင်း။
ကချင်ပြည်နယ်ကိုထိမ်းချုပ်နိုင်ရေးအတွက် စစ်အစိုးရအဆက်ဆက်က တပ်ရင်းပေါင်း ၄၀ ခန့်တပ်စွဲထားရကြောင်း၊ ကေအိုင်အိုနှင့်စစ်ပွဲများပြန်ဖြစ်လာပြီးနောက် မြန်မာနိုင်ငံတ၀ှမ်းမှ နောက်ထပ်တပ်ရင်းပေါင်း ၄၀ ခန့်အားထပ်မံခေါ်ယူကာ ကေအိုင်အိုအားထိုးစစ်ဆင်လျှကရှိကြောင်း စစ်ရေးကျွမ်းကျင်သူများကခန့်မှန်းကြသည်။ တပ်ရင်း (၈၀) ခန့်အတွက် နေ့စဉ်ကုန်ကျစားရိတ်များ မည်မျှများပြားမည်ကို ခန့်မှန်းကြည့်ရုံနှင့်သိနိုင်သည်။ ပြည်ထောင်စုအတွင်းရှိ လူထုကြီးတရပ်လုံး၏ ပညာရေး၊ ကျမ္မာရေး၊ ဖွံ့ဖြိုးရေးတို့အတွက်သုံးရမည့်ငွေများအား စစ်တပ်တခုတည်းက အလဟသဖြုန်းတီးလျှက်ရှိသည်။ ၄င်းတို့ ဘာအတွက်စစ်တိုက်နေကြသနည်း။
ငြိမ်းချမ်းရေးအတွက် လေ့လာရေးခရီးအဖြစ် ကိုမင်းကိုနိုင် ကချင်ပြည်နယ်အတွင်းသို့သွားရောက်ခဲ့သည်ကို တန်ဘိုးထားရပါမည်။ ပြည်တွင်းငြိမ်းချမ်းရေးရစေလိုသော ၄င်း၏စေတနာကိုအသိအမှတ်ပြုရပါမည်။ ဖားကန့်ဒေသတွင် လက်နက်ကြီးနှင့်ပစ်ခတ်မှုများအား ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီးနောက် ကိုမင်းကိုနိုင်က “တဘက်နှင့်တဘက် ကျည်ဆန်တလုံးကို ကျပ်သိန်းသုံးဆယ်လောက်တန်တဲ့ လက်နက်ကြီးတွေနဲ့ပစ်နေကြတယ်ဗျာ။ အဲသည်ငွေတွေကို လူထုပညာရေး၊ ကျမ္မာရေးအတွက်သုံးလိုက်ရင် ဘယ်လောက်ကောင်းမလဲ” ဟု ထုတ်ဖေါ်ပြောဆိုခဲ့ကြောင်းကြားရသည်။
စင်စစ်အားဖြင့်မူ တဘကနှင့်တဘက် လက်နက်ကြီးများနှင့်ပစ်ခတ်နေကြခြင်း မဟုတ်ပါ။ ဖားကန့်ဒေသတွင် အခြေပြုလှုပ်ရှားလျှက်ရှိသောကေအိုင်အေတပ်များတွင် ၁၂၀ မီလီမီတာ၊ ၁၀၅ မီလီမီတာ အစရှိသောလက်နက်ကြီးများ လုံးဝမရှိကြောင်း ဒေသခံလူထုများကပြောကြပါသည်။ ကိုမင်းကိုနိုင်တို့ကချင်ပြည်ခရီးထွက်နေစဉ် လက်နက်ကြီးများနှင့်ပစ်ခတ်သူမှာ ဦးသိန်းစိန်အစိုးရ၏တပ်များဖက်ကသာဖြစ်သည်။ လူထုငွေများ မဖြုန်းတည်းရေးကိစ္စကိုပြောဆိုကန့်ကွက်ရမည်မှာ ဦးသိန်းစိန်အစိုးရကိုဖြစ်သည်။ ကာလုံကိုသာ ဖြစ်သည်။
ပို၍ထင်ရှားသည်မှာ ပြီးခဲသည့်ရက်သတ္တသုံးပတ်အတွင်းက ဖြစ်ပွားခဲ့သောစစ်ပွဲများတွင်ဖြစ်သည်။ ကေအိုင်အိုဌာနချုပ် လိုင်ဇာကို ဒီဇင်္ဘာလ ၁၄ ရက်နေ့ တနေ့တည်း ထိုးစစ်ဆင်ခဲ့သည့်အတွက် ဦးသိန်းစိန်အစိုးရ၏စစ်ပွဲကုန်ကျစားရိတ်မှာ ကျပ်သိန်းပေါင်း သိန်းတသောင်းခန့်ရှိမည်ဟုခန့်မှန်းတွက်ချက်ကြသည်။ ယင်းငွေများအား လူထု၏ပညာရေး၊ ကျမ္မာရေး၊ ဖွံ့ဖြိုးရေးတို့အတွက်သာသုံးစွဲသင့်ကြောင်း ဦးသိန်းစိန်အစိုးရကို ဖြစ်စေ၊ ကာလုံကို ဖြစ်စေ၊ မည်သူကမျှ ထိထိရောက်ရောက်ကန့်ကွက်ပြောဆိုသံမကြားရပါ။  တိုင်းရင်းသားပေါင်းစုံလူထုကြီးတရပ်လုံးသည် မည်သို့လျှင် ဆင်းရဲတွင်းမှထွက်နိုင်ပါအံနည်း။ ဦးသိန်းစိန်အစိုးရ၏ စစ်ရေးအသုံးစားရိတ်သည် ဤမျှနှင့် မရပ်သေးပါ။
ခရစ်စမတ်နေ့များတ၀ိုက်မှာဘဲ စားရိတ်ကြီးလှသောလက်နက်ကြီးများနှင့်ပစ်ခတ်ပြီး ဆက်လက်ကုန်ကျခံကာ ထိုးစစ်ဆင်ရန်တာစူနေပြန်သည်။ အဘယ်ကြောင့်နည်း။ ကေအိုင်အိုဌာနချုပ် လိုင်ဇာကို စစ်ရေးအရတဖက်ကဖိထားပြီး ဖားကန့်ကိုပြန်သိမ်းနိုင်လျှင် ငွေကြေးအရ ယခုကုန်ကျထားသည်ထက်အဆများစွာအကျိုးအမြတ်ရ မည်မှာ သေချာသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ ဦးသိန်းစိန်အစိုးရက ကေအိုင်အိုကိုဆင်နွှဲနေသောစစ်၏အနှစ်သာရမှာ တိုင်းပြည်ငြိမ်းချမ်းမှုတည်ငြိမ်မှုအတွက် မဟုတ်။ စီးပွားရေးအကျိုးအမြတ်ကြောင့်သာဖြစ်ကြောင်း ထင်ရှားသည်။ သို့ဖြစ်၍ လူထုစီးပွားရေးတိုးတက်စေရေးအတွက် လက်ရှိကချင်စစ်ပွဲကိုသာဓကပြုလျှက် ပြည်တွင်းငြိမ်းချမ်းရေးပြသနာအား အဖြေရှာရန် လူတိုင်းတွင်တာဝန်ရှိလာသည်။ ကချင်စစ်ပွဲသည် ကချင်များနှင့်သာသက်ဆိုင်သလိုမျိုးစဉ်းစားနေကြလျှင်မူ ဖျောက်သင့်ပါပြီ။

တိုင်းပြည်အတွင်းရှိ သဘာဝသယံဇာတများအား ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပေါင်းစုံ                   
လူထုကြီးတရပ်လုံးခံစားခွင့်ရရေးအတွက် ဥပဒေရှုဒေါင့်မှဘယ်လိုဆောင်ရွက်သင့်သလဲ။
(က) ဖွဲ့စည်းပုံအခြေခံဥပဒေ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တော့ အလုပ်မဖြစ်နိုင်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံအရ “နိုင်ငံတော်”ဟူသည်ကို ကိုယ်စားပြုကာ ပြည်ထောင်စုအစိုးရအမည်ခံဦးသိန်းစိန်အစိုးရက ပြည်နယ်များ၏မြေယာများအပေါ် ထင်သလိုစီမံခန့်ခွဲခွင့် ရနေသောကြောင့်ဖြစ်သည်။ ပြည်ထောင်စုက ကျောက်မျက်ရတနာများနှင့်စပ်လျှဉ်း၍ လုပ်ပိုင်ခွင့်အားလုံးကိုရယူထားပြီး ကျောက်စိမ်းတကယ်ထွက်ရှိသည့်ကချင်ပြည်နယ်အတွက်မူ ကျောက်ဖြတ်တောက်ခြင်း၊ သွေးခြင်းဆိုင်ရာလုပ်ပိုင်ခွင့်မျှလောက်သာ ပေးထားသောကြောင့်လည်းဖြစ်သည်။ အခြားပြဌာန်းချက်များလည်း မြောက်များလှစွာရှိနေပါသေးသည်။ သို့ဖြစ်၍ တိုင်းရင်းသားများ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့အား နိုင်ငံရေးအရအာမခံချက်ပေးနိုင်မည့်ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ် လိုအပ်နေပါသည်။

(ခ) လက်ဝါးကြီးအုပ်မှုမှကာကွယ်သည့် ဥပဒေ  
ကုမ္ပဏီတခု အဖွဲ့အစည်းတခုက ဈေးကွက်ကိုလက်ဝါးကြီးမအုပ်နိုင်ရန် လက်ဝါးကြီးအုပ်မှုမှကာကွယ်သည့် ဥပဒေ   ( Anti- Trust Law ) တခုကို ပြဌာန်းရပါမည်။ ဂျပန်နိုင်ငံအပါအ၀င် ဈေးကွက်ကိုအဓိကထားပြီး စီးပွားရေးတိုးတက်မှုရအောင်လုပ်ဆောင်နေသည့် ဒီမိုကရေစီ နိုင်ငံကြီးများတွင် အလားတူဥပဒေများ ပြဌာန်းကျင့်သုံးလျှက်ရှိကြသည်။ ဖါးကန့်ကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းတခုတည်းမှာပင် ကုမ္ပဏီပေါင်း ၃၇၀ ကျော်လုပ်ကိုင်နေကြသည့်အနက် ကုမ္ပဏီတချို့ကသာ လက်ဝါးကြီးအုပ်ထားကြောင်းနှင့် ဒေသခံကချင်လူမျိုးပိုင်သည့်ကုမ္ပဏီမှာနှစ်ခုသာရှိကြောင်း လေ့လာရသည်။

(ဂ) သတင်းဆိုင်ရာ ဥပဒေ
စီးပွားရေးလုပ်ငန်းကြီးများအပါအ၀င် တိုင်းပြည်မှာဖြစ်ပျက်နေသည့်အခြေအနေအရပ်ရပ်ကို လူထုများသိခွင့်[ix] ရှိစေရန် သတင်းဆိုင်ရာဥပဒေ [x] တခုကို ပြဌာန်းရပါမည်။ အိမ်နီးခြင်းနိုင်ငံများဖြစ်သော အိန္ဒိယနှင့်ထိုင်းနိုင်ငံမှာပင် ယင်း ဥပဒေကိုပြဌာန်းကျင့်သုံးလျှက်ရှိကြောင်း လေ့လာနိုင်သည်။ သတင်းဆိုင်ရာဥပဒေ၏သဘောမှာ တိုင်းပြည်၏ထိပ်တန်းလျှို့ဝှက်ချက်အဖြစ်သတ်မှတ်ထားသောကိစ္စရပ်တချို့မှလွဲ၍ အစိုးရ၏လုပ်ငန်းဆောင်ရွက်မှုအ၀၀အားလုံးအား လူထုတွင် မေးမြန်းခွင့်ရှိကြောင်းနှင့်သက်ဆိုင်ရာအာဏာပိုင်များက ဖြေကြားရမည်ဖြစ်ကြောင်း ပြဌာန်းထားရသည်။
သာဓကအားဖြင့် ကချင်ပြည်နယ်မှထွက်ရှိသည့် သဘာဝသယံဇာတကျောက်စိမ်းမှ နှစ်စဉ်ငွေကြေးမည်မျှ တိုင်းပြည်က ရရှိနေသနည်း။ မည်သူမျှ အတိအကျမသိရပါ။ ယင်းငွေကြေးများအနက် ပြည်ထောင်စုအတွင်းရှိ အခြားပြည်နယ်များအတွက်သုံးလိုက်သည်ဆိုလျှင် မည်သည့်ပြည်နယ်၊ မည်သည့်လုပ်ငန်းအတွက် မည်မျှသုံးလိုက်ကြောင်း မသရပါ။ မူရင်းခံစားခွင့်ရှိသည့်ကချင်ပြည်နယ်အတွက် မသုံးတာတော့ သေချာသည်။ ဝေးဝေးမကြည့်ပါနှင့်။ ကချင်ပြည်နယ် ပြည်ထောင်စုအဖွဲ့ဝင်ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာခဲ့ပြီဖြစ်သော်လည်း မြစ်ကြီးနားမှဖားကန့်သို့
သွားသည့်ကားလမ်းမှာ မြေလမ်းသာသာအဆင့်သာရှိသေးသည်။ အစိုးရနှင့်ကေအိုင်အိုအကြားလွန်ခဲ့သောတနှစ်ခွဲက စစ်ပွဲပြန်ဖြစ်ပြီးနောက် ကေအိုင်အိုကချိုးလိုက်သည့်တံတားများအနက်အများစုကြီးမှာ ကေအိုင်အိုကပင်ဆောက်ပေး ထားခဲ့သောတံတားများဖြစ်ကြောင်း လူထုကပြောကြသည်။ ကချင်ပြည်နယ်ကထွက်သည့်သဘာဝသယံဇာတများကိုအသုံးပြု၍ ကချင်လူထုဘ၀တိုးတက်ဖွံ့ဖြိုးရေးအတွက် နှစ်ပေါင်းငါးဆယ်ကျော် စစ်အစိုးရများအဆက်ဆက် ဘာတွေလုပ်ခဲ့ပါသနည်း။ တခုမျှ ရှာမတေ့ပါ။ ဖားကန့်ကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းတွင် ကုမ္ပဏီပေါင်း ၃၇၀ ကျော်အား ဦးသိန်းစိန်အစိုးရက လိုင်စင်များချပေးသည်ဆိုရာတွင် ယင်းကုမ္ပဏီများ၌ အစုရှယ်ယာဝင်များမှာ မည်သူတွေနည်း။ တဦးလျှင် မည်မျှအထိ အစုရှယ်ယာထည့်ဝင်ထားကြသနည်း။ ၄င်းတို့ ထည့်ဝင်ထားကြသည့်အစုရှယ်ယာများအတွက် တိုင်းပြည်ကို တရားဝင်အခွန်ဆောင်ထားပြီးပြီလား။ ကျောက်စိမ်းတူးဖေါ်ခွင့်ရရန် မည်သည့်ကုမ္ပဏီက မည်မျှအခွန်ဆောင်ထားသနည်း။ အခွန်ငွေစုစုပေါင်းမှာ တနှစ်လျှင်မည်မျှရှိသနည်း။ ပြည်သူလူထုတွင် သိခွင့်ရှိပါသည်။ သတင်းဆိုင်ရာဥပဒေပေါ်ထွက်လာလျှင် လူထုသိနိုင်မည့်လမ်းကြောင်းပွင့်သွားနိုင်ပါသည်။ လူထုအကျိုးစီးပွားအတွက် သဘာဝသယံဇာတများကိုအသုံးချရန် အကြံပေးခွင့်၊ ကြီးကြပ်လုပ်ဆောင်ခွင့်များရလာနိုင်သည်။
ဘယ်ဟာက မတရားတဲ့ကျူးကျော်စစ်လဲ။ ဘယ်ဟာက တရားတဲ့ခုခံစစ်လဲ
တိုင်းရင်းသားပြည်နယ်များမှထွက်ရှိသည့်သဘာဝသယံဇာတများမှဝင်ငွေများကိုအသုံးပြု၍ စစ်အစိုးရအဆက်ဆက်၏ ထိပ်သီးဗိုလ်ချုပ်ကြီးများ၊ ၄င်းတို့၏ဆွေမျိုးသားချင်းများ၊ ခရိုနီများသာကြီးပွားချမ်းသာနေကြသည်။ စစ်အာဏာရှင်စနစ်၏ ဗဟိုချက်မအနေဖြင့် နေပြည်တော်ကြီးကို ရွှေပြည်တော်ကြီးဖြစ်အောင် တည်ဆောက်နေကြသည်။ တိုင်းရင်းသားပေါင်းစုံလူထုကြီးမှာ ဆင်းရဲတွင်းနက်သည်ထက် နက်လာသည်။ စစ်အာဏာရှင်များ အာဏာတည်မြဲရေးအတွက် အသက်ပေးတိုက်ပွဲဝင်နေကြရသော အောက်ခြေတပ်မှုးများနှင့်ရဲဘော်များမှာ ကချင်ပြည်နယ်အတွင်းတွင် မတရားသောကျူးကျော်စစ်ကိုဆင်နွှဲနေကြရသည်။ ဤသည်ကို ရပ်တန်းကရပ်သင့်ပြီ။ ရဲဘော်ထု၏အသက်များ မဆုံးရှုံးစေသင့်တော့။ ပင်လုံစာချုပ်အရ ကချင်ပြည်နယ်ရသင့်ရထိုက်သည့် နယ်တွင်းကိုယ်ပိုင်အုပ်ချုပ်ရေးကို အသိအမှတ်ပြုပါက စစ်အစိုးရ၏တပ်များ ကချင်ပြည်နယ်မှ ထွက်ခွာသွားရုံသာရှိသည်။ အပစ်ရပ်သွားပါမည်။ ကေအိုင်အိုအနေဖြင့် အပစ်ရပ်စာချုပ်လက်မှတ်ထိုးရန်ပင် မလိုပါ။ အဘယ်ကြောင့်ဆိုသော် ကေအိုင်အိုသည် မြေပြန့်ဒေသကိုဆင်းလာပြီး ထိုးစစ်ဆင်မည်မဟုတ်၊ နေပြည်တော်ကိုလည်း စစ်ရေးအရခြိမ်းခြောက်မည် မဟုတ်သောကြောင့်ဖြစ်သည်။ ကေအိုင်အိုသည် ကချင်လူထုကိုဖိနှိပ်ဆန့်ကျင်သည့် အဖွဲ့အစည်းဖြစ်လျှင် စစ်ပြေးဒုက္ခသည်ငါးသောင်းကျော်သည် အဘယ်ကြောင့် ကေအိုင်အိုထိမ်းချုပ်ထားရာနယ်မြေမှာ သွားရောက်ခိုလှုံနေကြသနည်း။ အပစ်အခတ်ရပ်စဲရေးပျက်ပြီး ကေအိုင်အိုက စစ်အစိုးရအားပြန်လည်တိုက်ပွဲဆင်ခဲ့သည့် လွန်ခဲ့သောတနှစ်ခွဲကစပြီး ကေအိုင်အိုအပေါ် ကချင်လူထု ၉၀% ကျော်က ထောက်ခံလျှက်ရှိနေကြောင်း လေ့လာရသည်။
နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ ပြည်တွင်းစစ်သမိုင်းကိုပြန်ကြည့်ပါ။ စစ်အစိုးရအဆက်ဆက်သာပြောင်းသွားသည်။ မိုးဦးကျတွင်ပေါက်သည့်မှိုများကဲ့သို့ ဗိုလ်ချုပ်ဦးရေ အရေအတွက်အမြောက်အများပေါ်လာသည်။ မည်သည့်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းကြီးတခုတလေကိုမျှ စစ်ရေးနည်းလမ်းသက်သက်အရ အမြစ်ပြုတ်တိုက်နိုင်ခဲ့သည် မရှိပါ။ ယခုလည်း ငွေကြေးမြောက်များစွာ၊ လူအင်အားမြောက်များစွာသုံးနိုင်လျှင် ကေအိုင်အိုဌာနချုပ်လိုင်ဇာကိုသိမ်း၍ ရချင်ရမည်။ သည်မှာသိမ်းလျှင် ဟိုမှာနောက်တခုပေါ်လာ ပါဦးမည်။ စစ်ရေးသက်သက်တခုတည်းနှင့် မည်သည့်အခါတွင်မျှ ကေအိုင်အိုကို အမြစ်ပြတ်ချေမှုန်းနိုင်မည်မဟုတ်ကြောင်း စာရေးသူ ရာနုံးပြည့်အာမခံပြောနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်သို့မျှော်မှန်းချက် 
ပြည်တွင်းငြိမ်းချမ်းရေးနှင့်ဥပဒေစိုးမိုးရေးအတွက် ဒေါ်အောင်ဆန်းစုကြည်များစွာစွမ်းဆောင်နိုင်လိမ့်ဦးမည်ဟု မျှော်လင့်သည်။ စွမ်းဆောင်စေလိုသည့်သဘောနှင့်လည်းတင်ပြနေခြင်းဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်တွင် နိုင်ငံတကာ၏အသိအမှတ်ပြုမှု၊ ပြည်တွင်းလူထုအများစု၏ထောက်ခံမှု ရှိနေဆဲဖြစ်သဖြင့် ယင်းကို ပြည်တွင်းငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေးတို့အတွက် ထိထိရောက်ရောက် အသုံးချစေချင်ပါသည်။
ကချင်စစ်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ဥပက္ခာပြုမထားသင့်တော့ပါ။ တပြည်လုံး ပြည်တွင်းငြိမ်းချမ်းရေးအတွက် စတင်လှုပ်ရှားရန် အခွင့်အလမ်းအနေဖြင့်မှတ်ယူပြီး အမြန်ဆုံးအရေးယူဆောင်ရွက်သင့်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌတာဝန်ယူထားသောဥပဒေစိုးမိုးရေးကော်မတီကိုအသုံးချဆောင်ရွက်ရန် ကြိုးပမ်းနိုင်လျှင်သင့်လျော်ပါမည်။ ဘယ်အလုပ်ကိုလုပ်ပါဟု သမတဦးသိန်းစိန်ကတာဝန်ပေးမှ  ဥပဒေစိုးမိုးရေးကော်မတီအနေဖြင့် အလုပ်လုပ်၍ရနိုင်မည်ဟူလျှင်မူ ဥက္ကဌနေရာမှ အမြန်ဆုံးထွက်သင့်ပါသည်။ လူထုကအားကိုးသော ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ကြီးသည် အစိုးရ၏ခိုင်းဖတ်မဖြစ်သင့်ပါ။ မိမိကိုယ်တိုင်၏လွတ်လပ်သောဦးဆောင်မှုဖြင့် ကမကထပြုဖေါ်ဆောင်ခြင်းသည်သာ အသင့်မြတ်ဆုံးဖြစ်ပါမည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် သမတဖြစ်နိုင်ပါမည်ဟူ၍ မက်လုံးချပေးထားသည်ကို ဟုတ်ယောင်နိုးနှင့် စစ်ခေါင်းဆောင်များမနှစ်သက်မှာစိုးရိမ်သဖြင့် တိုင်းပြည်နှင့် လူထုအတွက် လက်တွေ့နှင့်အမြန်ဆုံးလိုအပ်နေသော ငြိမ်းချမ်းရေးကိစ္စများအားလက်ရှောင်တာမျိုးဖြစ်လျှင် မသင့်တော်ပါ။
ပြည်တွင်းငြိမ်းချမ်းရေးအတွက်လေ့လာစုံစမ်းရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သွားရောက်မည်ဆိုလျှင် ကေအိုင်အိုဌာနချုပ်လိုင်ဇာမှ ကချင်ခေါင်းဆောင်များသည်လည်းကောင်း၊ ကေအိုင်အိုထိမ်းချုပ်ထားရာနယ်မြေအတွင်းရှိ ကချင်ဒုက္ခသည်ပေါင်း ငါးသောင်းကျော်သည်လည်းကောင်း၊ ၀မ်းမြောက်ဝမ်းသာကြိုဆိုကြလိမ့်မည်ဟု စာရေးသူ ယုံကြည်သည်။

စာဖတ်သူများသို့
ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအားဝေဘန်လျှင် ပြန်လည်တိုက်ခိုက်မှုများကျရောက်လာလိမ့်မည်ဟု  မူလကထဲက မျှော်မှန်းခဲ့ပြီးဖြစ်သည်။ အရေအတွက်အရမများလှသော်လည်း ထင်သည့်အတိုင်းပင်ဖြစ်ပါသည်။ ထိုသူတချို့မှာ စာရေးသူတင်ပြသည့်အကြောင်းအရာအပေါ်တွင် မသုံးသပ်။ ပုဂ္ဂိုလ်ရေးအရထိုးနှက်မှုများ လုပ်လာပါသည်။ ကမ္ဘာပေါ်တွင် ဝေဘန်မခံရသည့်နိုင်ငံရေးခေါင်းဆောင်ဟူ၍မရှိပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဝေဘန်ရေးကိုကြိုဆိုမည့်
ခေါင်းဆောင်မျိုးဖြစ်မည်ဟု စာရေးသူမျှော်လင့်သည်။
ဝေဘန်ရုံမျှနှင့် “ ဒေါ်အောင်ဆန်းစုကြည်ကိုဝေဘန်ရအောင် ခင်ဗျားကိုယ်တိုင်ကရော ဘာလုပ်ခဲ့လို့လဲ” ဟု ပုဂ္ဂိုလ်ရေးတိုက်ခိုက်လာသူများကိုမူ ရိုးသားစွာပြန်ကြားပါမည်။ မှန်ပါသည်။ စာရေးသူလည်းများများမလုပ်နိုင်ပါ။ အနည်းအကျဉ်းမျှသာလုပ်နိုင်ပါသည်။ သို့ရာတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလူထုတိုက်ပွဲသမိုင်း၌ မိမိလုပ်ဆောင်နိုင်ခဲ့သမျှအနည်းအကျဉ်းကလေးသည်ပင် “ခင်ဗျားကရော ဘာလုပ်ခဲ့လို့လဲ” ဟု မိမိကိုစိမ်ခေါ်သည့်ပုဂ္ဂိုလ်အောက်၊ နိမ့်ကျလျော့နည်းမည်မဟုတ်ဟူသည်ကိုမူ ပြောလိုပါသည်။ မည်သို့မျှ သဘောထားမည်တော့ မဟုတ်ပါ။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်းမဟုတ်ဘဲ စာရေးသူတင်ပြသည့်အကြောင်းအရာအပေါ်တွင် မတူသည့်အမြင်ဖြင့် တုန့်ပြန်ကြသူများ၊ မိမိ၏တင်ပြချက်ကိုလက်ခံ၍ တဆင့်ဖြန့်ဝေကြသူများ၊ မိမိကိုကျေးဇူးတင်ကြောင်း စာရေးသားကြသူများအားလုံးကို အသိအမှတ်ပြုကြောင်း၊ ကျေးဇူးတင်ကြောင်း ပြန်လည်ပြောလိုပါသည်။
အပိုင်း (၃) ကို ဆက်လက်ဖတ်ရှုပါရန်                                                                                          
အောင်ထူး (ရှေ့နေ)
ဒီဇင်္ဘာလ (၂၇) ရက် ၂၀၁၂ ခုနှစ်

 ရည်ညွှန်းချက်များ

[1] Legal problems
[1] Society
[1] Intimate relationship
[1] Sociology
[1] Law
[1] Socio-political aspects
[1] Conscious and unconscious phenomena of society
[1] Constituent unit
[1] The right to know

[1] Information Act

ဒေါ်အောင်ဆန်းစုကြည်၏ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေးအခြေခံများမှ ဝေဘန်သုံးသပ်ခြင်း။ အပိုင်း(၂- အကန့် ၁) အောင်ထူး-ရှေ့နေ

0 comments
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် လှုပ်ရှားဆောင်ရွက်နိုင်သူအဖြစ်အသိအမှတ်ပြုကာ နိုဗယ်ဆုရထားခြင်းဖြစ်သည်။ ဥပဒေစိုးမိုးရေးကော်မတီဥက္ကဌလည်း ဖြစ်သည်။ ဥပဒေစိုးမိုးရေးမရှိလျှင် မည်သည့်အခါတွင်မျှ ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်ကြောင်း သူမအသိဆုံးပင်။ သို့ပါလျှက်သိန်းနှင့်ချီသည့်ကချင်လူထုများ စစ်ပြေးဒုက္ခသည်ဖြစ်နေသည်အထိ မီးဟုန်းဟုန်းတောက်နေသည့်ကချင်ပြည်တွင်းစစ်ကို ဥပဒေစိုးမိုးရေးရှုဒေါင့်မှနေ၍ ချဉ်းကပ်ဆောင်ရွက်ခြင်းမရှိသေးသည်မှာ ၀မ်းနည်းဘွယ်ဖြစ်သည်။ လက်ရှိ ကချင်ပြည်တွင်းစစ်ကိုအရေးယူဆောင်ရွက်ရင်း တပြည်လုံးငြိမ်းချမ်းရေးအတွက်ဖေါ်ဆောင်နိုင်မည့် အခွင့်အလမ်းရှိနေပါလျှက် ငြိမ်းချမ်းရေျးွှနိုဗယ်ဆုရှင်လူထုခေါင်းဆောင်သည် အဘယ်ကြောင့် လုံးဝပင်ငြိမ်သက်တိတ်ဆိတ်နေသည်ကို နားမလည်ပါ။ ပြည်တွင်းငြိမ်းချမ်းရေးပြသနာအား ဥပဒေစိုးမိုးရေးနှင့်ဆက်စပ်ဆွေးနွေးပါမည်။ ဥပဒေ၏သဘောအခြေခံမှစတင် တင်ပြပါမည်။
လူ့အဖွဲ့အစည်း၊ လူမှုဗေဒနှင့်ဥပဒေ
ဥပဒေသည် လူ့အဖွဲ့အစည်းအတွင်းရှိအရာကိစ္စတိုင်းကို မလွှမ်းခြုံပါ။ နေရာတကာတွင် ဥပဒေနှင့်ဖြေရှင်း၍မရ၊ ဖြေလည်း မဖြေရှင်းသင့်ပါ။ သို့ရာတွင် ဥပဒေအားလူ့အဖွဲ့အစည်းက မွေးထုတ်ပေးလိုက်သဖြင့် ဥပဒေပြသနာများ[i] အား စဉ်းစားသုံးသပ်ရာတွင် လူ့အဖွဲ့အစည်း[ii]နှင့် ကင်းကွာ၍မရပါ။ ဥပဒေသည် လူ့အဖွဲ့အစည်း၏အစိပ်အပိုင်းတရပ်မျှသာ ဖြစ်သည်။
လူ့အဖွဲ့အစည်းက ဥပဒေကိုလွှမ်းမိုးသည်။ တချိန်တည်းမှာပင် လူ့အဖွဲ့အစည်းက ဥပဒေအပေါ်မှီလည်း မှီခိုရသည်။ သို့ဖြစ်၍ လူ့အဖွဲ့အစည်းနှင့်ဥပဒေသည် နီးကပ်သည့်ဆက်ဆံရေး[iii] ရှိသည်။ လူ့အဖွဲ့အစည်းအကြောင်းကိုလေ့လာသည့် လူမှုဗေဒပညာ[iv] နှင့် ဥပဒေ[v] သည် ဆက်စပ်လျှက်ရှိသည်။ တချိန်တည်းမှာပင် ယင်းနှစ်ခုသည် သီးခြားစီလည်းဖြစ်သည်။ လူမှုဗေဒပညာကကျယ်ပြန့်၍ ယျေဘုယျဆန်သည်။ လူ့အဖွဲ့အစည်းတခုလုံးကို  လေ့လာသည်။ ဥပဒေက ကျဉ်းမြောင်း၍တိကျသည်။ လူ့အဖွဲ့အစည်း၏လူမှုနိုင်ငံရေးရှုဒေါင့်များ[vi] မှသာ လေ့လာသည်။ ဥပဒေက အခိုင်အမာအချက်အလက်ရှိသေဖြစ်ရပ်များကိုသာ စူးစိုက်သည်။ အခိုင်အမာအချက်အလက်မရှိသည့်ဖြစ်ရပ်များကို မစူးစိုက်။ လူမှုဗေဒပညာက နှစ်ခုလုံး[vii]ကို စူးစိုက်သည်။

မြန်မာနိုင်ငံ၏တိုင်းရင်းသားအရေးကို လူမှုဗေဒနှင့် ဥပဒေအခြေခံများမှ မည်သို့ချည်းကပ်မည်နည်း။
ပြည်ထောင်စုတည်ဆောက်ခြင်း၊ ပြည်ထောင်စုတည်ဆောက်ရာမှာ ပါဝင်ခြင်း၊ ညီညွတ်ခြင်း၊ ပြိုကွဲခြင်း၊ ပေါင်းစည်းလိုစိတ်ရှိခြင်း၊ ခွဲထွက်လိုစိတ်ရှိခြင်း စသည်တို့အား လူ့အဖွဲ့အစည်းတခုလုံးတည်ရှိနေသည့်အနေအထားများအပေါ်တွင် အခြေပြု၍ လူမှုဗေဒပညာကလေ့လာသည်။ အင်္ဂလိပ်နယ်ချဲ့လက်အောက်မှလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေစဉ် ဗိုလ်ချုပ်အောင်ဆန်း၏ဦးဆောင်စည်းရုံးမှုအရ လူများစုဖြစ်သည့်မြန်မာများနှင့်အတူတကွ လွတ်လပ်ရေးအရယူရန် ရှမ်း၊ ကချင်၊ ချင်းစသည့်တိုင်းရင်းသားများက ဆုံးဖြတ်ခဲ့ကြသည်။ ဤအခြေအနေကြီးတရပ်လုံးမှာ လူမှုဗေဒနှင့်ဆိုင်သည်။ ဥပဒေနှင့် အကြုံးမ၀င်သေးပါ။ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို စုပေါင်းလက်မှတ်ရေးထိုးလိုက်ကြသောအခါ ယင်းစာချုပ်သည် လူမှုဗေဒအရ လူ့အဖွဲ့အစည်း၏အဆင့်အမြင့်ဆုံးသဘောတူညီချက် ဖြစ်သွားခဲ့သည်။ ဤအဆင့်အထိလည်း ဥပဒေ၏အခန်းကဏ္ဍ မပါသေးပါ။
ပင်လုံစာချုပ်ကို လက်တွေ့အရမည်သို့အကောင်အထည်ဖေါ်မည်နည်းဟူရာတွင်မူ ဥပဒေကိစ္စဖြစ်လာသည်။ လူ့အဖွဲ့အစည်း၏ အဆင့်အမြင့်ဆုံးသဘောတူညီချက်ကို စနစ်တကျဖေါ်ဆောင်ရေးအတွက် ဥပဒေ၏အခန်းကဏ္ဍလိုအပ်လာသည်။ ပင်လုံစာချုပ်ကိုဖေါ်ဆောင်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်နှင့် အခြားလိုအပ်သောဥပဒေတစုံလုံးကို အတည်ပြုကျင့်သုံးရပါမည်။ ယင်းသို့ အတည်ပြုပြီးသောဥပဒေများကို ပြန်လည်မှီခိုကာ လူ့အဖွဲ့အစည်းတရပ်လုံးလည်ပတ်စေရ ပါမည်။ ဤသည်မှာ မြန်မာနိုင်ငံလက်တွေ့အရ လူ့အဖွဲ့အစည်းနှင့်ဥပဒေဆက်စပ်လည်ပတ်မှုဖြစ်သည်။ လူမှုဗေဒသဘောအရ ပြည်ထောင်စုတခုလုံးတည်ဆောက်မှု၏အခြေခံသည် ပင်လုံစာချုပ်ဖြစ်သည်။ ပြည်ထောင်စုတည်ဆောက်ရေးအတွက် လက်တွေ့အကောင်အထည်ဖေါ်ရမည့်ဥပဒေများသည် ယင်းစာချုပ်၏အခြေခံကိုဆန့်ကျင်၍ မရပါ။ ပင်လုံစာချုပ်ကို ဘက်နှစ်ဘက်မှ ရှုမြင်ဖို့လိုသည်။ တဘက်တွင် ပြည်ထောင်စုအဖွဲ့ဝင်အဖြစ်ပါဝင်သည့်ပြည်နယ်များ၏ တာဝန်ဖြစ်သည်။ ပြည်ထောင်စုအဖွဲ့ဝင်အဖြစ်ပါဝင်ရန်သဘောတူလိုက်သည့်အချိန်တွင် လွတ်လပ်သည့်သီးခြားနိုင်ငံတည်ထောင်ခွင့်ကိုလက်လွှတ်လိုက်ရသည်။ အခြားတဘက်တွင် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏အခွင့်အရေးဖြစ်သည်။ စာချုပ်အရ ပြည်နယ်တခုစီအတွင်းတွင် ဒီမိုကရေစီအခွင့်အရေးနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေးနှစ်ရပ် ပေးရသည်။ ဤနှစ်ခုလုံးကိုတပြိုင်နက်ထိမ်းသိမ်းနိုင်မှသာ ပင်လုံစာချုပ်ကို ဖေါ်ဆောင်ခြင်းဖြစ်ပါမည်။
လက်ရှိအချိန်တွင် မည်သည့်တိုင်းရင်းသားအင်အားစုမျှ လွတ်လပ်သည့်သီးခြာနိုင်ငံတည်ထောင်ရန် တိုက်ပွဲဝင်နေခြင်းမရှိပါ။ တိုင်းရင်းသားများသည် ပင်လုံစာချုပ်၏ဘက်တဘက်ကို လိုက်နာနေပြီးဖြစ်သည်။ ပြသနာမှာ တန်းတူရေးအပေါ်အခြေခံသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် နိုင်ငံရေးအခွင့်အရေးများအား တိုင်းရင်းသားများ မရရှိသေးခြင်းဖြစ်သည်။ တိုင်းရင်းသားများအနေဖြင့် ယင်းအခွင့်အရေးများမရမခြင်း ပြည်တွင်းစစ်မီးကို ငြိမ်းနိုင်မည်မဟုတ်ပါ။

တိုင်းရင်းသားများအတွက် နိုင်ငံရေးအခွင့်အရေးရရှိရေးနှင့် အပစ်ရပ်ရေး ဘယ်ဟာ အရေးကြီးသလဲ။      
အပစ်ရပ်လိုက်ရုံမျှနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရမည်လား။
လူထုအများစု၏နားလည်မှုမှာ အပစ်ရပ်လျှင် ပြည်တွင်းငြိမ်းချမ်းရေးရမည်ကဲ့သို့ဖြစ်နေသည်။ “အပစ်အခတ် ချက်ခြင်းရပ်” ဟူသည့် ဆန္ဒပြတောင်းဆိုမှုအချို့ကို တွေ့ရသည်။ တိုက်ပွဲများမဖြစ်စေလိုသည့်အတွက် စေတနာကောင်းနှင့်တောင်းဆိုသူ လူထုများ၏ဆန္ဒကိုလေးစားရပါမည်။ သို့ရာတွင် တိုင်းရင်းသားများတောင်းဆိုနေသော နိုင်ငံရေးအခွင့်အရေးကို ပထမဦးစွာပေးအပ်ဖို့လိုသည်။ အပစ်ရပ်ရေးမှာ ဒုတိယဦးစားပေးသာဖြစ်သင့်သည်။
ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို) သည် ၁၇ နှစ်တာ အပစ်ရပ်ခဲ့သည်။ သို့ရာတွင် မည်သည့်နိုင်ငံရေးအခွင့်အရေးမျှ မရခဲ့ပါ။ ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများပြန်ဖြစ်လာခဲ့ပြီးနောက် ကေအိုင်အိုအနေဖြင့် ပင်လုံစာချုပ်ကိုကိုးကားလျှက် ကချင်အမျိုးသားများအပါအ၀င် တိုင်းရင်းသားများရသင့်သည့် နိုင်ငံရေးအခွင့်အရေးများရရှိရေးအတွက်အဓိကဆွေးနွေးရန် တောင်းဆိုလာခဲ့သည်။ စာရေးသူသည် ကချင်လူမျိုးမဟုတ်၊ မြန်မာတဦးသာ ဖြစ်သည်။ စာရေးသူအနေဖြင့်မူ ကေအိုင်အို၏တောင်းဆိုချက် လမ်းမှန်သည်ဟုယူဆသည်။ တနှစ်ခွဲကြာသွားခဲ့ပြီဖြစ်သော်လည်း ဦးသိန်းစိန်ဦးဆောင်သည့်အစိုးရသည် ကေအိုင်အိုကတောင်းဆိုသည့်နိုင်ငံရေးဆွေးနွေးမှုကို တိတိကျကျ မလုပ်၊ တရားဝင် မလုပ်။ ဟိုလိုလိုသည်လိုလိုနှင့် အချိန်ဆွဲလာခဲ့သည်။
အခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့်ဆွေးနွေးမှုများမှာလည်း အလားတူပင်ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း က အလွတ်သဘောတွေ့ဆုံမှုများဖြင့်သာ ချွေးသိပ်ထားခဲ့သည်။ မည်သည့်အဖွဲ့၏တောင်းဆိုချက်ကိုလက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းကာ ဥပဒေပါအခွင့်အရေးအဖြစ်ပြဌာန်းပေးလိုက်သည်ဟူ၍ တကြိမ်တခါမျှ မရှိ။ ၂၀၀၈ ဖွဲ့စည်းပုံကိုမထိမခိုက်ထားရှိပြီး ယင်းအောက်ကိုသာ တနည်းမဟုတ်တနည်းနှင့်ဆွဲသွင်းရန် အစိုးရက တဘက်ကကြိုးစားလာခဲ့သည်။ အခြားတဘက်က အပစ်အခတ်ရပ်စဲရေးကိုသာဖိအားပေးခဲ့သည်။ ကေအိုင်အိုကိုတိုက်နေသောစစ်တွင် ဦးသိန်းစိန်အစိုးရ၏နည်းဗျူဟာရည်မှန်းချက်မှာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးရေးအတွက် စစ်ရေးအရဖိအားပေးရန်ဖြစ်သည်။ မဟာဗျူဟာရည်မှန်းချက်မှာ ကချင်ပြည်နယ်အတွင်းရှိမြေယာကို ထင်သလိုစီမံခန့်ခွဲခွင့်ရရန်၊ အဓိကအားဖြင့် ဖားကန့်ကျောက်စိမ်းမြေကို ပြန်လည်ထိမ်းချုပ်အမြတ်ထုတ်ရန်ဖြစ်သည်။

ကချင်စစ်ပွဲ
ဒီဇင်္ဘာလ (၁၄) ရက်နေ့ကပင် ၁၂၀ နှင့် ၁၀၅ မီလီမီတာလက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များကိုသုံးကာ အစိုးရစစ်တပ်က လိုင်ဇာကို ထိုးစစ်ဆင်ခဲ့သည်။ ခရစ်စမတ်ကာလအတွင်းမှာပင် အမြှောက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေကြောင်းသိရသည်။ အင်အားကြီးသူက အင်အားငယ်သူကိုအနိုင်ကျင့်ခြင်း၊ မတရားမှုပြုနေခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးအတွက်နိုဗယ်ဆုရထားသောလူထုခေါင်းဆောင်သည် ဤစစ်ပွဲမှာ သူမနှင့်မည်သို့မျှပတ်သက်ခြင်းမရှိဟုများ သဘောထားနေလေရော့သလားဟု မပြောရက်ပါ။ သို့သော် ဤသို့ပြောရမလိုဖြစ်နေသည်။ ငြိမ်သက်လွန်းလှသည်။
ကချင်စစ်ပွဲသည် “အင်အားကြီးသူက အင်အားငယ်သူကိုအနိုင်ကျင့်ခြင်း၊ မတရားမှုပြုခြင်း” ထက် ပိုသောအဓိပ္ပါယ်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ဦးဆောင်ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်အပေါ်အခြေပြု၍ ကချင်ပြည်နယ်သည် ပြည်ထောင်စုအတွင်းသို့ပါဝင်လာခဲ့သည်။ ပင်လုံစာချုပ်၏ တရားဝင်ခိုင်ကျည်မှုကို ယနေ့အထိ မည်သူမျှမငြင်းနိုင်။ ပင်လုံစာချုပ်အရ ကချင်တို့သည် မိမိတို့ပြည်နယ်ကို မိမိတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည်။ မိမိတို့ပြည်နယ်အစိုးရကို မိမိတို့ရွေးချယ်တင်မြှောက်ခွင့်ရှိသည်။ မိမိတို့မြေယာကို မိမိတို့စီမံခန့်ခွဲခွင့်ရှိသည်။ ပြည်ထောင်စုအစိုးရအနေဖြင့် ကချင်ပြည်နယ်အတွင်းမှ မြေပေါ်မြေအောက်သယံဇာတများကို တူးဖေါ်ထုတ်လုပ်ရောင်းချလိုသည်ဆိုလျှင် ကချင်လူထုထံမှသဘောတူညီချက်ယူရမည်။ ကချင်ခေါင်းဆောင်များနှင့် ညှိရမည်။
ကချင်ပြည်နယ်အပါအ၀င်တိုင်းရင်းသားပြည်နယ်များ ပြည်ထောင်စုအဖွဲ့ဝင်ဖြစ်လာခြင်းမှာ မိမိတို့ပြည်နယ်အတွင်းရှိမြေယာများအား ပြည်ထောင်စုအစိုးရကထင်သလိုစီမံခန့်ခွဲပါဟု ၀ကွက်အပ်နှံလိုက်ခြင်း မဟုတ်။ မိမိတို့ပြည်နယ်အား မိမိတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်အခြေခံများကိုမပျက်စေဘဲ ပြည်ထောင်စုအတွင်းသို့ဝင်ရောက်လာခြင်းဖြစ်သည်။ ဤသဘောတရားသည် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအားလုံးကို လွှမ်းခြုံသည်။ မည်သည့်ပြည်ထောင်စုအစိုးရတွင်မျှ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအတွင်းရှိမြေယာအပေါ် ထင်သလိုစီမံခန့်ခွဲခွင့်မရှိပါ။ ယခုလက်ရှိဦးသိန်းစိန်ဦးဆောင်သည့် စစ်အစိုးရသစ်တွင် ပို၍ပင်မရှိပါ။ အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စုအစိုးရစစ်စစ် မဟုတ်သောကြောင့်ဖြစ်သည်။

မြေယာအပေါ်စီမံခန့်ခွဲခွင့်ကို လက်ပံတောင်းတောင်နှင့် ဖားကန့်နိုင်းယှဉ်ခြင်း
လက်ပံတောင်းတောင်သည် စစ်ကိုင်းတိုင်းတွင် ရှိသည်။ ဖားကန့်သည် ကချင်ပြည်နယ်တွင် ရှိသည်။ ၄င်းဒေသနှစ်ခု၏ တူညီချက်နှင့်ကွာခြားချက်တို့ကိုနှိုင်းယှဉ်ကြည့်ကြရအောင်ပါ။ လက်ပံတောင်းတောင်ရှိလယ်သမားများတွင် လယ်မြေကို တဦးချင်းပိုင်ဆိုင်ခွင့် (လယ်လုပ်သူလယ်ပိုင်ခွင့်) နှင့် ၄င်းတို့အခြေစိုက်နေထိုင်လျှက်ရှိသော ကျေးရွာဝန်းကျင်ရှိမြေယာများအား စုပေါင်းအသုံးချခွင့်ရှိသည်။ ဆိုလိုသည်မှာ လက်ပံတောင်းဒေသခံလူထုတွင် တဦးချင်းအခွင့်အရေးနှင့်စုပေါင်းအခွင့်အရေးများ ဟူ၍ အခွင့်အရေးနှစ်ရပ်ရှိသည်။ ထိုနည်းတူစွာပင် ဖားကန့်ဒေသခံ ကချင်လူထုတွင်လည်း အလားတူအခွင့်အရေးနှစ်ရပ်ရှိသည်။ ကွာခြားချက်သည် အဘယ်နည်း။
စစ်ကိုင်းတိုင်းသည် ပြည်နယ်မဟုတ်ပါ။ စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်သည် အဆင့်အတန်းခြင်း မတူပါ။ ကချင်ပြည်နယ်သည် ပင်လုံစာချုပ်အခြေခံတွင် ပြည်ထောင်စုဖွဲ့စည်းရာမှာပါဝင်လာသောအဖွဲ့ဝင်ယူနစ်ကြီး[viii] တခု ဖြစ်သည်။ စစ်ကိုင်းတိုင်းသည် ယင်းသို့မဟုတ်ပါ။ စစ်ကိုင်းတိုင်းသည် စာရေးသူကဲ့သို့သောမြန်မာလူမျိုးအများစုနေထိုင်ရာဒေသကြီး တနည်းအားဖြင့် (ပြည်ထောင်စုအဖွဲ့ဝင်ယူနစ်ကြီး) ၏အစိပ်အပိုင်းတရပ်သာ ဖြစ်သည်။ စစ်ကိုင်းတိုင်းတခုတည်းက ပြည်ထောင်စုဖွဲ့စည်းရာမှာပါဝင်သည့်အဖွဲ့ဝင်ယူနစ်ကြီးတခု မဟုတ်ပါ။ သို့ဖြစ်၍ ပြည်နယ်ဟုမခေါ်ဘဲ တိုင်းဟုသာခေါ်ထားခြင်းဖြစ်သည်။
ပြည်နယ်အတွင်းနေထိုင်သောလူထုက တိုင်းအတွင်းနေထိုင်သောလူထုထက်သာလွန်သည့် အခွင့်အရေးတရပ်ရှိသည်။ ယင်းမှာ မြေယာအပေါ် ပြည်နယ်များအလိုက်စီမံခန့်ခွဲခွင့်ဖြစ်သည်။ တိုင်းများသည်လည်း ယင်းအခွင့်အရေးကိုလိုချင်လျှင် တိုင်းများအားလုံးကိုစုပေါင်း၍ ပြည်နယ်တခုအဖြစ်ပြန်လည်ဖွဲ့စည်းရပါမည်။ ပြည်ထောင်စုအဖွဲ့ဝင်ယူနစ်တခုအဖြစ် အသွင်ပြောင်းရပါမည်။
မြေယာအပေါ်စီမံခန့်ခွဲခွင့်သည် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ကိုယ်ပိုင်အုပ်ချုပ်ရေးအပေါ်အခြေခံသည့် လုပ်ပိုင်ခွင့်အာဏာအတွင်းတွင်ပါဝင်သည်။ ဤသည်ကို “နိုင်ငံတော်”ဟူသော စကား၏အဓိပ္ပါယ်နှင့်ဆက်စပ်လျှက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉ တွင် အောက်ပါရှင်းလင်းဖွင့်ဆိုချက်တွင် လေ့လာနိုင်သည်။
“နိုင်ငံတော်”ဟူသောစကားမှာ ပြည်ထောင်စုနိုင်ငံ၏ သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်၏အုပ်ချုပ်မှုအခွင့်အာဏာကို သော်လည်းကောင်း၊ ဥပဒေပြုမှုအခွင့်အာဏာကိုသော်လည်းကောင်းဆိုလိုသည်။
၎င်းအရ “နိုင်ငံတော်” ဟူသောစကားလုံးကို ပြည်ထောင်စုတခုတည်းက ကိုယ်စားပြုသုံးစွဲခွင့်ရှိသည်မဟုတ်။ ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များလည်းကျင့်သုံးခွင့်ရှိသည်။ လက်တွေ့အရ မြေယာအပေါ်စီမံခန့်ခွဲခွင့်ကို ပြည်ထောင်စုနှင့်ပြည်နယ် ပူးတွဲ၍ကျင့်သုံးခွင့်ရှိသည်ဟု မှတ်ယူရပါမည်။ ယင်းမှာ ပြည်ထောင်စု၏ပူးပေါင်းစုစည်းမှုသဘောကိုလည်းပြ၊ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်တခုခြင်းစီ၏ စီမံခန့်ခွဲခွင့်ကိုလည်း အသိအမှတ်ပြုရာရောက်သည်။ အဖွဲ့ဝင်ပြည်နယ်တခု၏ဓနချမ်းသာအားလိုအပ်ပါက ပြည်ထောင်စုအဖွဲ့ဝင်အခြားပြည်နယ်များ၏ အကျိုးစီးပွားအတွက်မျှဝေခံစားခွင့်ရကြစေရန် ဦးတည်သည်။ ဤသည်မှာ ပင်လုံစာချုပ်၏အခြေခံနှင့်ကိုက်ညီကြောင်းတွေ့ရပါမည်။
ပြည်ထောင်စုတခုလုံး၌ လက်ရှိဖြစ်ပေါ်နေသောပြသနာမှာ ၂၀၀၈ ဖွဲ့စည်းပုံကိုကိုးကားလျှက် “နိုင်ငံတော်” ဟူသည်ကို ဦးသိန်းစိန်အစိုးရတခုတည်းကကိုယ်စားပြုသုံးစွဲကာ ကချင်ပြည်နယ်အပါအ၀င် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအတွင်းရှိ မြေယာများအပေါ် အစိုးရအနေဖြင့်ထင်သလိုစီမံခန့်ခွဲနေခြင်းဖြစ်သည်။ တိုင်းရင်းသားပြည်နယ်တိုင်းနီးပါး၌ ဒေသခံပြည်နယ်လူထု၏ စီမံခန့်ခွဲခွင့်နှင့်အကျိုးစီးပွားမှာ ပျောက်ဆုံးလျှက်ရှိနေသည်။

ဖားကန့်ကျောက်စိမ်းမြေကို စီမံခန့်ခွဲမှုပြဿနာ
ဦးသိန်းစိန်အစိုးရသည် ပြည်ထောင်စုအဖွဲ့ဝင်ကချင်ပြည်နယ်အတွင်းရှိ ကချင်လူထုရသင့်သည့်နိုင်ငံရေးအခွင့်အရေးမပေးဘဲ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးရန်သာ ကေအိုင်အိုအားဖိအားပေးကာ ထိုးစစ်များဆင်နွှဲလျှက်နေသည်။  “သမတဦးသိန်းစိန်က အပစ်ရပ်ဖို့ သူ့တပ်ကိုအမိန့်ပေးထားတယ်လို့ တဘက်ကပြောနေပေမယ့် အခြားတဘက်ကတော့ လက်နက်ကြီးတွေ စစ်ရဟတ်ယဉ်တွေပါသုံးပြီး ကေအိုင်အိုကို ထိုးစစ်ဆင်နေတယ်” ဟု ထောက်ပြသူများရှိလာသည်။ လက်တွေ့အရ ယင်းထောက်ပြချက်များမှန်ကန်ကြောင်း မည်သူမျှမငြင်းနိုင်ပါ။
“စစ်တပ်က သမတအမိန့်ကိုမနာခံလို့ဘဲ” ဟု ဝေဘန်သူများရှိလာသည်။ ယင်းဝေဘန်ချက်နှင့်စပ်လျှဉ်း၍မူ လက်ခံသည့်အပိုင်းရှိသလို ဖြည့်စွက်ချင်သည့်အပိုင်းလည်းရှိသည်။ လက်ခံရခြင်းမှာ သမတအနေဖြင့် စစ်ခေါင်းဆောင်သစ်များကြီးစိုးထားသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာလုံ)ကို အမိန့်မပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ ကာလုံကပေးလိုက်သည့်ညွှန်ကြားချက်ကိုသာ ဦးသိန်းစိန်က လိုက်နာနေရခြင်းကြောင့်ဖြစ်သည်။ စစ်ခေါင်းဆောင်ဟောင်းဖြစ်သောဦးသိန်းစိန်သည် စစ်ခေါင်းဆောင်သစ်များဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယကာကွယ်ရေးဦးစီးချုပ်တို့ကို အမိန့်ပေးနိုင်သူမဟုတ်၍ဖြစ်သည်။
ဤသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ၏လက်တွေ့ဖြစ်သည့်အပြင် ဤဖွဲ့စည်းပုံတည်ရှိနေသမျှ လူထုတရပ်လုံးရင်ဆိုင်ရမည့်ပြသနာကြီးလည်းဖြစ်သည်။ ဖြည့်စွက်ချင်သည့်အပိုင်းမှာ ကေအိုင်အိုကို ထိုးစစ်များပြန်လည်ဆင်နွှဲနေခြင်းမှာ သမတနှင့်စစ်ခေါင်းဆောင်များအကြားတွင် သဘောထားကွဲလွဲ၍ မဟုတ်ပါ။ သဘောထားကွဲချင်ယောင်ပြု၍ ထိုးစစ်ဆင်နေခြင်းသာဖြစ်သည်။ အဘယ်ကြောင့်နည်း။ စီးပွားရေး အကျိုးအမြတ်ကြောင့် ဖြစ်သည်။ ဖားကန့်ကျောက်စိမ်းဒေသကို ပြန်လည်လွှမ်းမိုးအမြတ်ထုတ်လိုခြင်းနှင့် ကေအိုင်အိုက လိုင်ဇာမှတဆင့်ထိမ်းချုပ်ထားသည့် တရုတ်နှင့်ကုန်သွယ်ရေးလမ်းကြောင်းကို စိုးမိုးလိုခြင်းတို့ကြောင့်ဖြစ်သည်။
ဖားကန့်ဒေသ၏အခြေအနေကို အကြမ်းဖျင်းလေ့လာကြည့်ရအောင်ပါ။ ဖားကန့်ဒေသမှထွက်သောကျောက်စိမ်းများအား ကမ္ဘာ့ဈေးကွက်သို့တင်ပို့ရောင်းချပြီး နှစ်စဉ်ပင် စစ်အစိုးရအဆက်ဆက်က အမေရိကန်ဒေါ်လာသန်းပေါင်းမြောက်များစွာရနေကြောင်း အားလုံးအသိဖြစ်သည်။ ဦးသိန်းစိန်အစိုးရတွင် ဘဏ္ဍာရေးအရအကြပ်အတည်းနှင့် လက်ရှိရင်ဆိုင်ရလျှက်ရှိသည်။ ကေအိုင်အိုနှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပြီးနောက်တွင် ဦးသိန်းစိန်အစိုးရက ကျောက်စိမ်းတူးဖေါ်ခွင့်လိုင်စင်ချပေးထားသည့်ကုမ္ပဏီကြီးငယ်ပေါင်း ၃၇၀ ကျော်မှာ လုပ်ငန်းများရပ်ဆိုင်း ထားရသည်။ ၄င်းတို့ရှာဖွေထားသည့် ကျောက်စိမ်းအမြောက်အများမှာ ဖားကန့်ဒေသမှအပြင်သို့မထုတ်နိုင်သေးဘဲ ဂိုဒေါင်များအတွင်း ယခုတိုင်အောင်းလျှက်ရှိနေသည်။

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၃၄ (မျိုးမြင့်ချို)

0 comments
ဒီဇင်ဘာ ၂၇ ရက် ၂ဝ၁၂ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
သောတရှင်များခင်ဗျား… စစ်အစိုးရပြောပြောနေတဲ့ ငြိမ်းချမ်းရေးအဖွဲ့ (၁၇)ဖွဲ့လို့ဆိုတဲ့အထဲက နောက်ဆုံးအဖွဲ့ကတော့ (၉၇)ခုနှစ် ဖေဖော်ဝါရီလ(၂၇)ရက်နေ့မှာ စစ်အစိုးရဆီ အကြွင်းမဲ့လက်နက်ချခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ(ရခိုင်အဖွဲ့)ပဲဖြစ်ပါတယ်။ အရင်တုန်းကတော့ ဗမာပြည်ကွန်မြူနစ်ပါတီရခိုင်ပြည်နယ်ပါတီခွဲအဖြစ်နဲ့လည်း သိကြပါတယ်။ လက်နက်ချတဲ့အချိန်မှာ အဖွဲ့ခေါင်းဆောင်က ဦးစောထွန်းဖြစ်ပါ တယ်။ ခုချိန်ထိ ကျနော်တင်ပြလာခဲ့တဲ့ ဒီ(၁၇)ဖွဲ့ဟာ (၁၉၈၉)ကနေ(၉၇)အထိအပစ်ရပ်ခဲ့တဲ့အဖွဲ့တွေပါ။ (၉၇)အထိ စစ်အစိုးရနဲ့ အပစ်မရပ်ကြသေးဘဲ ဆက်တိုက်နေခဲ့ပေမဲ့ နောက်ပိုင်းကျမှ အပြောင်းအလဲဖြစ်ခဲ့တဲ့အဖွဲ့တွေလည်းရှိပါတယ်။ ဥပမာပြရရင် ကရင်အမျိုးသားအစည်းအရုံး(ကေအင်န်ယူ)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအင်န်ပီပီ)၊ ရှမ်းပြည်တော်လှန်ရေးတပ်ပေါင်းစု တပ်မတော်(အက်စ်ယူအာရ်အေ)၊ ချင်းအမျိုးသားတပ်ဦး(စီအင်န်အက်ဖ်)နဲ့ ရခိုင်လွတ်မြောက်ရေးပါတီ(အေအယ်လ်ပီ)တို့လို အဖွဲ့အစည်းကြီးတွေဖြစ်ပါတယ်။

သောတရှင်များခင်ဗျား..ခု ကျနော့်တင်ပြချက်တွေဟာ (၁၉၉၇)အထိသာဆစ်ပိုင်းနေတာဖြစ်လို့ အဲ့ဒီနောက်ပိုင်းအပစ်ရပ်ကြ၊ ပြန်ကျိုးပေါက် ကြ၊ တောထဲပြန်ဝင်သွားကြ၊ လက်နက်ချကြ၊ ပြည်သူ့စစ်ဖြစ်ကြ၊ နယ်ခြားစောင့်ဖြစ်ကြ စတဲ့ဖြစ်ထွန်းမှုတွေကိုတော့ ခု ယာယီသဘောချန်ထားခဲ့ ပါတယ်။ တစ်ခါ အပစ်မရပ်ရသေးတဲ့ မိခင်အဖွဲ့ကြီးဆီကနေ အင်အားတချို့ခွဲထွက်လာပြီး အစိုးရနဲ့အပစ်ရပ်လိုက်တာ၊ လက်နက်ချလိုက်တာမျိုးလည်းရှိပါတယ်။ နောက်တစ်ခါ မိခင်အဖွဲ့ကြီးနဲ့အတူအပစ်ရပ်ပြီးကာမှ ပြန်ပဲ့ထွက်ပြီး တောထဲပြန်သွားတာတွေလည်း ရှိပါသေးတယ်။ (၉၇)ခု နောက်ပိုင်း အပစ်အခတ်ရပ်စဲရေးအကြောင်းတွေတင်ပြတဲ့အခါ အဲ့ဒါတွေကိုခြုံငုံမိအောင် ဆွေးနွေးလိုပါတယ်။ ခုတော့ အပစ်အခတ်ရပ်စဲရေးကို ဘယ်ပုံလုပ်ခဲ့တယ်ဆိုတာ လက်လှမ်းမီသလောက် စုစည်းတင်ပြပါ့ပေးမယ်။

သောတရှင်များခင်ဗျား..လက်နက်ကိုင်တိုက်နေကြတဲ့သူတွေ အပစ်ခတ်ရပ်စဲကြတယ်ဆိုတာဟာ ကိစ္စကောင်းတခုလို့ ယေဘုယျသဘောဆိုကြရပေမဲ့၊ အပစ်ရပ်ကြတဲ့ရည်ရွယ်ချက်နဲ့ အပစ်ရပ်ပြီးနောက်လုပ်ဆောင်ချက်တွေပါကောင်းမှ တစုံလုံးကောင်းပါလိမ့်မယ်။ အပစ်အခတ်ရပ်တာဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အစပျိုးခြေလှမ်းဟုတ် မဟုတ်ဆိုတာနဲ့ချိန်ထိုးကြည့်ပြီး၊ ဟုတ်တယ်ဆိုရင် ကောင်းတယ်လို့ဆိုရမှာပါ။ အဲ့သလိုမဟုတ်ခဲ့တဲ့အတွက် ခု ကျနော်တိုင်းပြည်မှာ ပြောစရာတွေဖြစ်နေတာလို့မြင်ပါတယ်။ ဗမာ့နိုင်ငံရေးမှာ ပြည်တွင်းစစ်ပြဿနာကိုကောက်ကိုင်လိုက်တာနဲ့ လူမျိုးစုအရေးနဲ့တန်းတိုးမိကြမှာ သေချာပါတယ်။ ဒါ့ကြောင့်မို့လို့ (လူမျိုးစုပြဿနာကိုနားမလည်ရင် ဗမာ့နိုင်ငံရေးနားလည်သူလို့ပြောဖို့ခက်တယ်)လို့ ဆိုကြတာနေမှာပါပဲ။ အဲ့ဒီအရေးဟာ ရှုပ်ထွေးမှုရှိတန်သလောက်ရှိတာမှန်ပေမယ့် ရှင်းမရအောင်ခက်တဲ့ကိစ္စကြီးတော့လည်းမဟုတ်ပါဘူး။ ပါဝင်ဖြေရှင်းကြသူတွေရဲ့အမြော်အမြင်၊ စိတ်ရှည်သီးခံမှုနဲ့စေတနာအပေါ်မှာပဲတည်ပါတယ်။ ဆွေးနွေးတယ်ဆိုတာဟာ အပြန်အလှန်အပေးအယူလုပ်ကြရတာပါ။ ဒီအခါမယ် စကားလုံးဝေါဟာရနဲ့ အနက်အဓိပ္ပါယ်တွေဟာအရေးပါလာတာမို့၊ အပစ်အခတ်ရပ်စဲခြင်းနဲ့လက်နက်ချခြင်းဆိုတဲ့ ဖြစ်စဉ် (၂) ခုကြားကခြားနားမှုကို အကျဉ်းသဘောတင်ပြပါရစေ။ ဘာလို့လည်းဆိုတော့ စစ်အစိုးရအဆက်ဆက်ဟာ အပစ်ရပ်အဖွဲ့တွေကိုရော လက်နက်ချအဖွဲ့တွေကိုပါ ငြိမ်းချမ်းရေးအဖွဲ့တွေဆိုပြီးရောထွေးသုံးစွဲနေတော့ လူထုနဲ့တပ်ထဲမှာပါ အမြင်ရှုပ်ထွေးမှုတွေဖြစ်လာနေလို့ပါပဲ။။ အမှန်ကတော့ လက်နက်ချချခြင်းနဲ့အပစ်အခတ်ရပ်စဲရေးလုပ်ခြင်း (၂)ခုစလုံးဟာ ငြိမ်းချမ်းရေးလုပ်ခြင်းနဲ့တခြားစီပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအချက်တွေအပေါ်မကွဲပြားသူတချို့ဆီက  ငြိမ်းချမ်းရေးဆိုပြီး ဘာလို့လက်နက်ကိုင်ထားကြတာလဲ၊ ဘာလို့နိုင်ငံရေးအခွင့်အရေးတွေ မရကြတာလဲ စတဲ့အမေးတွေထွက်လာတတ်တာဖြစ်ပါတယ်။

သောတရှင်များခင်ဗျား…လက်နက်ချကိစ္စပြောမယ်ဆိုရင်တောင် ပြောစရာတွေရှိပါလိမ့်ဦးမယ်။ အစုအဖွဲ့သဘောအရ ရှိသမျှသေနတ်အကုန် အပ်၊ တပ်ဖျက်တဲ့အပြင်၊ အဖွဲ့အစည်းပါဖျက်ပြီးအရှူံးပေးသွားတာမျိုးကို အကြွင်းမဲ့လက်နက်ချလို့ဆိုပြီး အဲ့ဒီသူတွေဟာ ခုရော နောင်ပါ နိုင်ငံရေးအခွင့်အရေးတွေ မရတတ်တော့ပါဘူး။ ဒါပေမယ်လို့ အဖွဲ့ခေါင်းဆောင်တွေရဲ့ပိုင်ဆိုင်မှုနဲ့ငွေကြေးတွေကိုတော့ လူသိမခံတဲ့သဘောတူညီမှုနဲ့ ထားတတ်ကြပါတယ်။ နောက်တစ်မျိုးက သေနတ်အကုန်အပ်၊ တပ်လည်းဖျက်၊ အဖွဲ့အစည်းကိုတော့မဖျက်ဘဲ ပါတီထောင်၊ မြေပေါ်နိုင်ငံရေးလုပ်ခွင့်ရှိနေတာမျိုးကို ဆိုလိုပါတယ်။ အဲ့ဒါမျိုးကိုတော့ အကြွင်းမဲ့လက်နက်ချလို့ ဆိုလေ့မရှိပါဘူး။ ဒီ့ (၂) ခုပြင် တခြားအသွင်သဏ္ဍန်တွေလည်း ရှိနေနိုင်ပါသေးတယ်။ တဦးချင်းလက်နက်ချလို့ဆိုရာမှာလည်း အလားတူအကန့်အသတ်နဲ့ခြွင်းချက်တွေ ရှိနေပါတယ်။ ဒီနေရာမှာပြောစရာရှိတာက အရင့်အရင်ခေတ်တွေတုန်းကဆိုရင်တော့ သာမန်ပြည်သူတွေရဲ့အမြင်မှာ လက်နှစ်ဘက်မိုးပေါ်မြှောက် သေနတ်ကြီးရှေ့ချ ခေါင်းငိုက်စိုက်နဲ့ဓါတ်ပုံအရိုက်ခံနေတာတွေတွေ့မှ လက်နက်ချသရုပ် ပေါ်ကောင်းပေါ်နိုင်ပေမဲ့ ဒီဘက်ခေတ်ကျတော့ လက်နက်ချသရုပ်သကန်က တမျိုးဖြစ်သွားပါတယ်။ လက်နက်ချပွဲတွေမှာ လက်နက်ချတွေနဲ့အစိုးရဘက်သားတွေ တရုန်းရုန်းနဲ့ပခုံးဖက်ခါးဖက်နဲ့ဓာတ်ပုံတွေအရိုက်ခံကြ၊ အရက်ခွက်တွေကိုယ်စီမြှောက်ပြီး သောက်ကြစားကြနဲ့မို့ လက်နက်ချရတာကိုပဲ ပျော်စရာကြီးလို့ ထင်သူကထင်သွားနိုင်ပါတယ်။ ဒီဘက်ခေတ် လက်နက်ချလာသူတွေထဲမှာ ခွန်ဆာလိုခေါင်းဆောင်တချို့ဟာ ဘိန်းနဲ့ရလာတဲ့ ငွေမည်းတွေ ငွေဖြူသွားရုံတင်မကပဲ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ ကုမ္ပဏီပိုင်ရှင်တွေ စက်ရုံပိုင်ရှင်ကြီးတွေဖြစ်ပြီး  အလုပ်သမားတွေရဲ့ ကျေးဇူးရှင်နေရာကတောင် တက်ထိုင်နေကြတာတွေ့ရမှာပါ။

သောတရှင်များခင်ဗျား..လူတဦးချင်းဆိုင်ရာလက်နက်ချကိစ္စကိုပြန်ကောက်ရရင် လူမှာ အခြေအနေအရလက်နက်ချနဲ့ အတွေးအခေါ်အရ လက်နက်ချဆိုပြီး ခွဲခြမ်းစိတ်ဖြာထားတာ တွေ့ရမှာဖြစ်ပါတယ်။ တိုက်ပွဲမှာ ဒါမှမဟုတ် အခြားအခြေအနေတခုခုမှာ ဆန့်ကျင်ဘက်လူတွေ လက်ထဲရောက်သွားလို့၊ ခုခံနိုင်တဲ့အနေအထားမရှိတော့လို့အရှူံးပေးလိုက်ရသူကို အခြေအနေအရလက်နက်ချသူလို့ဆိုကြပါတယ်။ သူက အခြေအနေအရသာ အရှူံးပေးလိုက်ရပေမယ့် သူ့ယုံကြည်တဲ့အတွေးအခေါ်နဲ့နိုင်ငံရေးအယူအဆကိုဆက်လက်စွဲမြဲနေသူလို့ ပြောရမယ်ထင် ပါတယ်။ ဒါနဲ့ပြောင်းပြန် မိမိယုံကြည်တဲ့အယူအဆအတွေးအခေါ်နဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို လုံးလုံးစွန့်လွှတ်သွားပြီး မိမိဆန့်ကျင်ခဲ့ဖူး တာမှာ ပြောင်းလဲစွဲမြဲသွားသူကိုတော့ အတွေးအခေါ်အရလက်နက်ချလို့ဆိုကြတာကို မှတ်သားမိဖူးပါတယ်။

သောတရှင်များခင်ဗျား..အပစ်အခတ်ရပ်စဲတာနဲ့ ငြိမ်းချမ်းရေးတည်ဆောက်တာကြားကခြားနားချက်တွေကို နောက်တပတ်မှာ ဆက်လက်တင်ပြပါရစေ။
ကျနော် မျိုးမြင့်ပါခင်ဗျား။

Wednesday, December 26, 2012

ဦးပိုင်လူများ မမြင်ချင် (ငြိမ်းချမ်းအေး)

0 comments
လက်ပန်းတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်းဆန့်ကျင်ဆန္ဒပြနေတဲ့ဒေသ ခံတွေရဲ့သပိတ်စခန်းတွေကို ဗိုလ်သိန်းစိန်ရဲ့စစ်တပိုင်း အစိုးရကအကြမ်းဖက်ဖြိုခွဲ တဲ့သတင်း ဒီနေ့ပဲ ဖတ်ရတယ်။ ဒီအချိန်ဟာ နိုင်ငံရေးကျွမ်းကျင်သူပညာရှင်တွေ၊ ဗမာ့နိုင်ငံရေးစစ်တမ်းထုတ် ကောင်းကောင်းဝေဖန်ထောက်ပြသင့်တဲ့အချိန်ဖြစ်တယ်။ ဒီမိုကရေစီတိုက်ပွဲလမ်းကြောင်းမှား လုံးလုံးလွန်မသွားခင် လမ်းကြောင်းမှန်အပေါ်ပြန် တက်လာအောင် ဆွေးနွေးအဖြေရှာရမယ့်ကာလဖြစ်တယ်။ ဒီစာစုမှာတော့ ပညာရှင်၊ ကျွမ်းကျင်သူတယောက်ရဲ့အမြင်မဟုတ်ဘဲ သာမန်ပြည်သူလူထုထဲက တိုင်းပြည် အရေးစိတ်ဝင်စားတဲ့သူတယောက်အနေနဲ့ စာရေးသူရဲ့ လက်ရှိနိုင်ငံရေးအပေါ်သုံး သပ်ချက်အမြင်အကျဉ်းကို တင်ပြချင်တယ်။ 
ကြင်စဦးမောင်နှံရဲ့ပျားရည်ဆမ်းခရီးရပ်သင့်ပြီ
နိုင်ငံတကာမှာ အစိုးရသစ်တွေတက်လာရင် သူတို့ရဲ့ခြေလှမ်း၊ မူဝါဒနဲ့ရွေးကောက်ပွဲကတိ (ဝါ) ပြည်သူအပေါ်ပေးထားခဲ့တဲ့ ကတိတွေကို အကောင်အထည်ဖော်နိုင်မှုစတဲ့ အစိုးရသစ်ရဲ့လုပ်ဆောင်ပုံတွေကို စောင့်ကြည့်လေ့လာအကဲဖြတ်ကြတဲ့ ကနဦးပျားရည်ဆမ်းကာလ (Honeymoon Period) ဆိုတာရှိလေ့ရှိတယ်။ ဒီကာလတိုလေးအတွင်းမှာ အစိုးရ၊ အတိုက်အခံ၊ ပြည်သူစတဲ့တိုင်းပြည်ရဲ့နိုင်ငံရေးမှာအရေးပါတဲ့အုပ်စုအချင်းချင်း အများအားဖြင့်ဆက်ဆံရေးကောင်းမွန်လေ့ ရှိကြတယ်။ ဒီကာလနောက်ပိုင်းမှာတော့ အစိုးရသစ်ရဲ့အမှား၊ အားနည်းချက်၊ ပျော့ကွက်တွေကို နိုင်ငံရေးအုပ်စု အသီးသီးနဲ့လေ့လာသူပညာရှင်တွေက ဝိုင်းဝန်းထောက်ပြကြတယ်။ အစိုးရသစ်ကိုယ်တိုင်လည်း မိမိရဲ့မူဝါဒ၊ လမ်းစဉ်တွေ တိုင်းပြည်အပေါ်အကျိုးသက်ရောက်မှုကို ပြန်လည်ဝေဖန်ဆန်းစစ်ကြရတယ်။

၂၀၀၈ စစ်ဖွဲ့စည်းပုံနဲ့ သံမဏိကြိုးခတ်တုန့်နှောင်ပြီး စစ်အာဏာရှင်၏အသွင်ပြောင်း၊ အရေခွံလဲ၊ စစ်အုပ်စုအကျိုးစီးပွား၊ လုံခြုံမှုအတွက်သက်သက် စိတ်ကြိုက်ခြယ်လှယ်ထင်တိုင်းကြဲလုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲအပါအဝင်လက်ရှိဖြစ်ပေါ်နေ တဲ့ နိုင်ငံရေးတိုးတက်မှုလို့ဆိုကြတဲ့ ဗမာ့နိုင်ငံရေးအပြောင်းအလဲမှာ အစကတည်းက ပျားရည်ဆမ်းကာလဆိုတာမရှိသင့်ဘူး။ အခု ဗိုလ်သိန်းစိန်အစိုးရကို ပြည်တွင်း/ပြည်ပကထောက်ခံပေးမှုတွေဟာ ထိုက်တန်တာထက်တောင်ပိုနေပါပြီ။ အပြောင်းအလဲဆိုတာ “နေ့ချင်း၊ ညချင်းမဖြစ်ဘူး..၊ အချိန်ယူရတယ်”ဆိုတာမျိုးကို နားလည်သည်းခံစောင့်ကြည့်ပေးရတာက မှန်ကန်တဲ့ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကိုသွားနေတဲ့အခြေအနေမျိုးမှာသာဖြစ်သင့်တယ်။ တိုင်းပြည်ရှေ့လားရာအုတ်မြစ်ဖြစ်တဲ့အခြေခံဥပဒေကကို အခြေမခိုင်မူမမှန်ဘဲ စစ်အုပ်စုအလိုကျသက်သက် တခြားနိုင်ငံရေးအုပ်စုအသီးသီးနဲ့ပြည်သူက အလိုတော်ဖြည့်၊ အသုံးချခံသက်သက်ဖြစ်နေရတဲ့အခြေအနေမျိုးကို ခုအချိန်မှာ ရပ်တန်းကရပ်ဖို့နည်းလမ်းသစ်ရှာသင့်ပြီ။ ထောက်ခြောက်တွေအပြည့်နဲ့ဆူးခင်းလမ်းကို ပန်းမွေ့ယာ၊ ရွှေကော်ဇော်ခင်းအလား အရာရာအကောင်းမြင်စိတ်ကူးယဉ် လေထဲတိုက်အိမ်ဆောက်၊ မစားရဝခမန်းပြောနေ၊ တွေးနေလုပ်နေရတဲ့ ဓားမိုးကာ ရေစီးကြမ်းတဲ့ ဒီမိုကရေစီအတုအိမ်မက်ကနေ နိုးထဖို့သင့်ပြီ။ ကြင်စဦးမောင်နှံရဲ့ချစ်ကြည်မဝ၊ အပြစ်မမြင်၊ နှစ်ကိုယ်တူချစ်သမျှဇာတ်လမ်းခင်း၊ ပျားရည်ဆမ်းခရီးထွက်နေတာကို ခုအချိန်မှာရပ်ပြီး ပြည်သူ့သွေး၊ ချွေး၊ မျက်ရည်တွေပြည့်နှက်နေတဲ့ ညှီစို့စို့၊ ခါးသက်သက်အမှန်တရားကိုမျက်မှောက်ပြု၊ တိုင်းပြည်ရဲ့ပကတိဖြစ်ရပ်မှန်အပေါ် အခြေတည်တဲ့ ဒီမိုကရေစီလမ်းကြောင်းမှန်ကို ရှေးရှုသင့်ပါပြီ။

နောက်ပြန်လှည့်မှာ မကြောက်နဲ့
လက်ရှိဗမာ့နိုင်ငံရေးမှာခေတ်အစားဆုံးဖြစ်နေတဲ့ “နောက်ပြန်လှည့်မှာစိုးလို့သတိကြီးစွာထားလုပ်နေရပါတယ်/လုပ်နေရတာပါ” ဆိုတဲ့ ဖောက်ပြန်တဲ့အတွေးအခေါ်ကို ဖုတ်ကြည်းသင်္ဂြီိုဟ်မြေမြှုပ်သင့်ပြီ။ စစ်အုပ်စုသွားရာလမ်းဟာ အစကတည်းက ရှေ့တက်မယ့်ခြေလှမ်း လှမ်း၊ ဒီမိုကရေစီပန်းတိုင်အရောက် ရှေးရှုသွားနေတာမဟုတ်ပါ။ စစ်အာဏာရှင် ဗိုလ်နေဝင်းနည်း ဆိုရှယ်လစ်ဝါဒနှမ်းဖြူး တော်လှန်ရေးကောင်စီကနေ မဆလအမည်ပြောင်း၊ စစ်ဘောင်းဘီချွတ်၊ ခါးကြားကသေနတ်ကို တောင်ရှည်ကြားဖွက်၊ လိုရင်ထုတ်သုံးတဲ့လမ်းစဉ်အတိုင်း တသွေမတိမ်းလျှောက်မယ့် အခု ဗိုလ်သိန်းစိန်အစိုးရရဲ့ဒီမိုကရေစီ သကာရည်ကျဲကျဲလောင်း စစ်အာဏာရှင်အပင်းထိုးကျွေးပြီး ဘောင်းဘီချွတ်-တောင်ရှည်ပြောင်းဝတ်တဲ့ လူထုအော်ကျောလန်ဒီမိုကရေစီလမ်းဟာ အစကတည်းက ရှေ့ကိုသွားနေတာမဟုတ်တဲ့အတွက် ခုလည်း နောက်ပြည်လှည့်သွားမှာကြောက်စရာမလိုပါ။ ဒါကြောင့် စစ်လွှတ်တော်နိုင်ငံရေးဇောင်းပေးနေသူများ စစ်လွှတ်တော်ပြင်ပ လူထူအကျိုးပြုနိုင်ငံရေးလမ်းစဉ်နဲ့အလုပ်တွေကိုလည်း အခုထက်ပိုမိုအလေးပေးဖို့မဖြစ်မနေ လိုအပ်နေပါပြီ။ နှာစေး၊ ချောင်းဆိုး၊ အသံဝင်၊ ကိုယ်ခံအားနည်း၊ ဒူးခေါင်းတွေယိမ်းယိုင်၊ နားအူပြီးဆွံ့အနားမကြား၊ မျက်စိတိမ်သလ္လာဖုံး (၉၆)ပါးရောဂါစုံတဲ့ ခေတ်သစ်နိုင်ငံရေးရောဂါဆိုးကပ်ကြီးသင့်မှု အမြန်ဆုံးကုစားဖို့ စတင်ကြိုးစားသင့်ပါပြီ။

မိအေး အခါခါနာရတဲ့အဖြစ်
ဂျာမန်အတွေးခေါ်ပညာရှင် ဟေဂယ် (၁၇၇၀-၁၈၃၁) က  “ကမ္ဘာ့ရာဇဝင်မှာ သမိုင်းဝင်အဖြစ်အပျက်ကြီးတွေနဲ့ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေဟာ နှစ်ကြိမ်နှစ်ခါ ပေါ်ပေါက်လေ့ရှိတယ်” လို့ပြောဖူးခဲ့တယ်။ ဒါကို သူ့နောက်မှာပေါ်ထွန်းခဲ့တဲ့ အခြား ဂျာမန်အတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်သူ ကား(လ)မာ့က် (၁၈၁၈-၁၈၈၃) က “ပထမအကြိမ်ကတော့ ကြေကွဲစရာပေါ့.. ဒုတိယအကြိမ်အတွက်တော့ လက်သင့်မခံနိုင်၊ မဖြစ်သင့်တဲ့အဓိပ္ပာယ်မဲ့အခြေအနေပဲဖြစ်တယ်” လို့ ထပ်ဖြည့်ပြောခဲ့တယ်။
ဗမာ့နိုင်ငံရေးမှာ စစ်အာဏာရှင်လှည့်ကွက်၊ မျက်လှည့်ပြပွဲ၊ ဗမာ့သမိုင်းဝင်အဖြစ်အပျက်ဆိုးတွေအကြိမ်ကြိမ်ပေါ်ခဲ့ပြီးပါပြီ။ တခါအပြင် နှစ်ခါအတွက် အကြောင်းပြချက်ကောင်းတွေရှာတွေ့နိုင်သေးပေမယ့် အကြိမ်ကြိမ်အခါခါအဖြစ်ခံ၊ အလှည့်စားခံနေရတာကတော့ လှည့်စားသူအာဏာရှင်အပြစ်ရယ်လို့တောင် မဆိုနိုင်တော့ပါဘူး။

ဗိုလ်နေဝင်းက “ဆိုရှယ်လစ်” ဆိုင်းသံလေးတီးပေးတော့ ဗမာ့နိုင်ငံရေးသမားကြီးတွေ “ဂွေး”တက်အောင် ကခဲ့ကြတယ်။ ပြည်သူတွေလည်း နိုင်ငံရေးခေါင်းဆောင်ကြီးတွေကြည့်ပြီး ဟုတ်နိုးနိုးနဲ့ “ဆင်ဟဝါခွေးမျှော်”တဲ့ ဇာတ်လမ်းခင်းခဲ့ကြရတယ်။ ဗိုလ်ချုပ်ကြီးအစိုးရခင်းတဲ့ ဗမာ့ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးကြီးကို “ခွေးကတက်”ကနေပဲလိုက်ရ.. လိုက်ရဆိုတဲ့ သူတောင်းစားနိုင်ငံရေးလမ်းစဉ် ခေတ်ထခဲ့ပြီး အတွေ့ကြုံရင့်၊ သိက္ခာရှိ၊ လွတ်လပ်ရေးသမိုင်းမှာ အရေးပါအရာရောက်ခဲ့တဲ့နိုင်ငံရေးသမားကြီးတချို့ နိုင်ငံရေးသေ၊ ခွေးလုံးလုံး ဖြစ်ခဲ့ကြရတယ်။
ခုလည်း ဗိုလ်သိန်းစိန်က “ဒီမိုကရေစီ” ဗျောသံပေးတော့ နိုင်ငံရေးခေါင်းဆောင်တွေ မနေနိုင်၊ မထိုင်နိုင် ဝင်ကနေကြတယ်။ မဟောသဓ သားတရားစီရင်ခန်းလို မိခင်ရင်းမလို့၊ ဘီလူးမနဲ့ယှဉ် ပြည်သူဆိုတဲ့ “သား”ကို အနာခံပြီးမလုချင်လို့ အခြေအနေအချိန်အခါအလျောက် အလိုက်သင့်ပြုမူဆောင်ရွက်နေရတာတချို့အတွက် နားလည်နိုင်ပေမယ့် “ဂွေး” တက်အောင်အထိတော့လိုက်မကကြဘို့ လူထုခေါင်းဆောင် ဆိုသူများနဲ့ပြည်သူလူထု အလုပ်အကျွေးပြု၊ ပြည်သူ့ဘက်တော်သား ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမားအပေါင်းကို မေတ္တာရပ်ခံချင်တယ်။

အာဏာရှင်ဆိုတာ
ကမ္ဘာ့သမိုင်းမှာ ဘယ်အာဏာရှင်မျိုးမှ အာဏာကိုလွယ်လင့်တကူစွန့်လွှတ်တယ်ဆိုတာ မရှိခဲ့ဖူးဘူး။ မင်းစည်းစိမ်ဆိုတာ လောကီစည်းစိမ်ထဲမှာ အကြီးတကာ့အကြီးဆုံးစည်းစိမ်ဖြစ်တဲ့အတွက် တည်မြဲနိုင်ဖို့အစွမ်းကုန်ကြိုးစား ခဲ့ကြတာချည်းပဲဆိုတာကို ပဒေသရာဇ်နဲ့အာဏာရှင် သမိုင်းအဆက်ဆက်ကသက်သေပြုတယ်။ ဒီလိုအနေအထားမှာ အင်အားကြီးတဲ့စစ်တပ်လို အုပ်စုကြီးတခုလုံးရဲ့အကျိုးစီးပွားကို ကာကွယ်ပေးတဲ့စစ်အာဏာရှင်စနစ်ဟာ သူ့အလိုအလျောက် အမြစ်ပြတ်ပျောက်ကွယ်သွားဖို့အင်မတန်ခက်ခဲလှပါတယ်။ တိုင်းပြည်အကျိုးအတွက် စစ်အုပ်စုဟာ “သိက္ခာရှိရှိနောက် ဆုတ်ပေးနေပါပြီ (Graceful Retreat)” ဆိုတဲ့အယူအဆဟာ စိတ်ကူးယဉ်၊ ရူးသွပ်မှုသက်သက်ထက် မပိုပါ။ ခုအချိန်မှာ ဒီအချက်ကို အလေးအနက်ထားစဉ်းစားသင့်ပါပြီ။

အာဏာရှင်နဲ့တရားဝင်မှု
ခေတ်သစ်အာဏာရှင်တွေဟာ နိုင်ငံတကာအသိုင်းအဝန်းနဲ့ မဖြစ်မနေဆက်ဆံလာရတော့ တရားဝင်ရပ်တည်နိုင်မှု Legitimacy အတွက် မဖြစ်မနေပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြရလေ့ရှိပါတယ်။ Legitimacy လုံးလုံးမရှိဘဲ အာဏာရှင်အစိုးရတွေဟာ ရေရှည်ရပ်တည်ဖို့ခက်ခဲလှတယ်။ ဒီလိုအနေအထားမှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို ဘီလူးဆိုင်းခင်း၊ ကြမ်းကြုပ်ရက်စက်၊ အကြမ်းဖက်နှိမ်နင်းခဲ့တဲ့စစ်အစိုးရရဲ့ (အစကတည်းကလည်းမရှိခဲ့တဲ့) Legitimacy ဟာ သုညအမှတ်အောက်ကို ရောက်သွားခဲ့တယ်။ ဒီလိုနဲ့ စစ်အာဏာရှင်စနစ် ရေရှည်တည်မြဲနိုင်ဖို့နဲ့စစ်အုပ်စုလုံခြုံရေး၊ အကျိုးစီးပွားအတွက် အခုမြင်တွေ့နေရတဲ့ပြုပြင်ပြောင်းလဲမှုတွေလို့ဆိုကြတဲ့ ၂၀၀၈ စစ်ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲ (အတု)၊ အရပ်သား (အမည်ခံတဲ့)အစိုးရသစ်ဆိုတာတွေပေါ်လာခဲ့တယ်။ ဒီလို အတုအယောင်အပြောင်းအလဲတွေနဲ့အသွင်ပြောင်းတဲ့ ဒီမိုကရေစီဖြစ်စဉ်တွေဟာ ကမ္ဘာမှာလည်းဖြစ်ပေါ်လေ့ရှိတယ်။ ဒီလိုနဲ့တရားဝင် (တယ်လို့ဆိုနိုင်တဲ့) အာဏာရှင်အစိုးရတွေ ပေါ်လာလေ့ရှိကြတယ်။

Liberalization နှင့် Democratization မတူ
နိုင်ငံရေးသဘော၊ သီအိုရီတွေမှာ မတရားတဲ့ဥပဒေတွေဖြေလျှော့ပေးတာ၊ ဗဟိုချုပ်ကိုင်မှုကိုလျှော့ချတာ၊ ပြင်းထန်တဲ့ဖိနှိပ်မှုတွေ ဖြေလျော့သွားတာ စတဲ့ ပိုမိုလွတ်လပ်တဲ့အခြေအနေမျိုးဖန်တီးပေးတဲ့ Liberalization ဖြစ်စဉ်နဲ့ဒီမိုကရေစီစနစ်ပြောင်းလဲဖြစ်တည်မှု Democratization ဖြစ်စဉ်တွေဟာ သဘောထား၊ လက္ခဏာနဲ့ရည်မှန်းချက်တွေ လုံးလုံးမတူညီပါဘူး။ လက်ရှိဗမာ့နိုင်ငံရေးထင်ယောင်မှားမှု (Political Illusion) တခုက ဒီ ဖြစ်စဉ်နှစ်ခုကို ရောထွေးမြင်၊ လိုသလိုကောက်ချက်ချ အကောင်းမြင်လွန်နေခြင်းဖြစ်တယ်။ Liberalization ဟာ အာဏာရှင်အစိုးရတွေ အထက်မှာဆိုခဲ့တဲ့ ရေရှည်ရပ်တည်နိုင်မယ့်တရားဝင်အာဏာရှင်ဖြစ်ဖို့အတွက် ဖိနှိပ်မှုတွေလျှော့ချ၊ ပြုပြင်ပြောင်းလဲမှုတချို့လုပ်ခြင်းသက်သက်သာဖြစ်ပြီး အာဏာလုံးလုံးလွှတ်ကာ တိုင်းပြည်မှာ  ဒီမိုကရေစီ အဆောက်အအုံအခြေတည်စေပြီး ပြည်သူ့အာဏာဗဟိုပြု၊ ပြည်သူ့ဆန္ဒသဘောလုံးလုံးဖြစ်တဲ့ ဒီမိုကရေစီစနစ်ကိုသွားနေခြင်း မဟုတ်ပါ။

ဒီမိုကရေစီစနစ်ကို ပြုပြင်ပြောင်းလဲနေမှုဆိုတာကို အခြေခံသဘောအားဖြင့် အာဏာရှင်အစိုးရ လုံးလုံး ပြုတ်ကျမှသာတွေ့နိုင်ပါမယ်။ “A Transition to Democracy = A Chang of Regime” ကသာ တကယ့် ပြည်သူလူထုအများစု အကျိုးရှိမယ့် ဒီမိုကရေစီအပြောင်းအလဲကို ဖြစ်ပေါ်စေတယ်။ ဒီလိုမဟုတ်ဘဲ အာဏာရှင်သက်ဆိုးရှည်ရေးသက်သက် ဟန်ပြ (Window Dressing) ပြုပြင်ပြောင်းလဲမှု၊ တနည်းအားဖြင့် “ငါ့အာဏာ၊ ငါ့အကျိုးစီးပွားကိုတော့ မထိနဲ့၊ အထိုက်အလျောက်လွတ်လပ်ခွင့်နဲ့အခွင့်အရေးကို လူရွေးပြီးတော့ပေးမယ်”ဆိုတဲ့ “ဒီမိုကရေစီကွက်ကြားမိုး” ရွာနေခြင်းဟာ တိုင်းပြည်နဲ့လူထုအများစုကို ပိုပြီးထိခိုက်နစ်နာစေပါတယ်။ ဒီလို အပေါ်ယံအပြောင်းအလဲမျိုးကို အာဏာရှင်တိုင်းပြည်တိုင်းမှာ သြဇာရှိ၊ ပညာတတ်၊ ချမ်းသာတဲ့ ရေပေါ်ဆီ လူ့မလိုင်အသိုင်းအဝန်း အလိ(elite)  တွေက အားတက်သရောထောက်ခံလေ့ရှိကြတယ်။ တိုင်းပြည်ရဲ့အများစု နင်းပြား ပြည်သူလူထုကတော့ ဒုံရင်း.. ဒုံရင်းဆိုတာထက်ပိုဆိုးတဲ့အခြေအနေမျိုးတွေကို ခံစားရတယ်။ ဒီအချက်ကို လူထုခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ ပညာတတ်လူလတ်တန်းစားတွေ သိမြင်ခံစားပေးနိုင်ဖို့ အင်မတန် အရေးကြီးလှပါတယ်။

လူမှုတရားမျှတမှု (Social Justice) မရှိရင် ဒီမိုကရေစီမဟုတ်
ဒီမိုကရေစီစနစ်ရဲ့ အဓိကအကျဆုံးအချက်က တိုင်းပြည်မှာရှိတဲ့ လူထုလူတန်းစားအသီးသီးအတွက် တူညီတဲ့အခွင့်အရး၊ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေဖန်တီးပေးနိုင်ဖို့ဖြစ်တယ်။ တဦး၊ တယောက်၊ တစု၊ တဖွဲ့၊ လူတန်းစားတရပ်အတွက် အခွင့်အရေးတွေ ဖန်တီး၊ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေရင် Liberalization လို့ဆိုကောင်း၊ ဆိုနိုင်ပေမယ့် Democratisation တော့မဟုတ်ပါ။

ဆိုတော့ “လူတစု ကောင်းစားရေး” သာ ကြံစည်၊ လုပ်ဆောင်နေဆဲဖြစ်တဲ့ လက်ရှိဗမာ့နိုင်ငံရေးမှာ “လူအများ ကောင်းစားရေး” အတွက် Democratization စစ်စစ်ဖြစ်ဖို့တိုင်းပြည်ရဲ့အုပ်စုအသီးသီးက မဖြစ်မနေ တွန်းအား (Forces) တွေပေးဖို့လိုနေပါပြီ။

နိုင်ငံရေးသမား နိုင်ငံရေး အလုပ်လုပ်
ဒီလို ဖြစ်လာဖို့အတွက် နိုင်ငံရေးသမားဆိုသူတွေက နိုင်ငံရေးအလုပ်စစ်စစ်ကိုလုပ်ဖို့ လိုတယ်။ တိုင်းပြည်ရဲ့ ပင်မရောဂါ နိုင်ငံရေးပြဿနာကိုမဖြေရှင်းဘဲ အဆွယ်အပွားရောဂါနဲ့ သူရဲ့လက္ခဏာတွေကိုသာဖြေရှင်းဖို့ကြိုးစားနေရင် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်တဲ့အဖြေမှန် ရှာတွေ့နိုင်မှာမဟုတ်ပါ။ တိုင်းပြည်မှာ ဆင်းရဲတာ၊ စာမတတ်တာ၊ ရောဂါဘယထူပြောတာ စတဲ့ လူမှု၊ ကျန်းမာ၊ စီးပွား ပြဿနာအားလုံးဟာ နိုင်ငံရေးဆိုတဲ့ရေသောက်မြစ် ပဿနာကြီး အမြစ်ပြတ်မဖြေရှင်းနိုင်သရွေ့ ဘယ်တော့မှ ပြေပျောက်မှာမဟုတ်ပါ။

ငြိမ်းချမ်းရေးနိုဘယ်ဆုရ စီးပွားရေးပညာရှင် မိုဟာမက်ယူနွတ်စ်ရဲ့ လူမှုစီးပွားရေးလုပ်ငန်း (Social Business) သီအိုရီမှာ “charity dollar has one life; a social business dollar has endless lives!” ဆိုတဲ့ “လူမှုစီးပွားရေးလုပ်ငန်းမှာသုံးတဲ့ ပိုက်ဆံဟာ တခါသုံးမဟုတ်၊ ရာသက်ပန်အကျိုးရှိခံစားရစေတယ်” ဆိုတဲ့သဘောတခု ရှိတယ်။ ဆိုလိုချင်တာက ဆင်းရဲသား တယောက်ကို ပိုက်ဆံတကျပ်ပေးလိုက်ရင် သူတကျပ်ပဲ ရမယ်..၊ အဲ့ပိုက်ဆံတကျပ်ကို လူမှုစီးပွားရေးလုပ်ငန်းမှာအသုံးပြုပြီး ဆင်းရဲသားကို အကျိုးခံစားခွင့်ပေးရင် သူ့အနေနဲ့ ရေရှည်အကျိုးခံစားခွင့်ရသွားစေတဲ့သဘော ဖြစ်တယ်။ ဒီလိုနဲ့  ဘင်္ဂလားဒေ့ရှ်က တောင်းရမ်းစားသောက်နေရတဲ့လူတန်းစားတွေ ကိုယ်ပိုင်အလုပ်အကိုင်နဲ့အမှီအခိုကင်းကင်း ရပ်တည်လာနိုင်ကြတယ်။

“နိုင်ငံရေးလုပ်တယ်” ဆိုတာလည်း ဒီသဘောပဲဖြစ်တယ်။ တိုင်းပြည်ရဲ့ပြဿနာတိုင်းအတွက်၊ တိုင်းပြည်မှာရှိတဲ့ အတိဒုက္ခရောက်နေတဲ့လူအများစုအတွက် တခါသုံးအကူအညီတွေပေး၊ ဖြေရှင်းမှုတွေလုပ်မယ့်အစား လူအများစု ရေရှည် အမြဲတမ်းအကျိုးစီးပွားဖြစ်၊ အမှီအခိုကင်းရပ်တည်နိုင်ဖို့အတွက် တိုင်းပြည်မှာ စနစ်ကောင်း၊ အုပ်ချုပ်မှုကောင်း၊ ဥပဒေကောင်းတွေပေါ်ဖို့ စနစ်အဖွဲ့အစည်းဆိုးကြီးကို တော်လှန်ပြောင်းလဲနိုင်ဖို့“နိုင်ငံရေးဆိုတာ” လုပ်ရခြင်းဖြစ်တယ်။ ဒီသဘောမှာ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ အဓိက၏အလုပ်ဟာ အရေးပေါ်ရင်ကူညီပေးရတာမျိုးဖြစ်တဲ့ လူမှုရေးလုပ်ငန်းမဟုတ်ဘဲ စနစ်ကို တော်လှန် (သို့) ထိန်းကျောင်းပြုပြင်ရတဲ့ နိုင်ငံရေးအလုပ်ဖြစ်တယ်။

ဆိုတော့ကာ နိုင်ငံရေးသမားနဲ့ အဖွဲ့ အစည်းတွေ လူမှု၊ စီးပွား၊ကျန်မားရေး တခဏတာဖြေရှင်းပေးတဲ့ ဆေးမြီးတို လုပ်ဆောင်ချက်တွေနဲ့ချည်းပဲ ရောင့်ရဲတင်းတိမ်မနေဘဲ တိုင်းပြည်ရဲ့ပင်မရေသောက်မြစ်ရောဂါ ဒီမိုကရေစီခေါင်းပါးမှု၊ တနည်းအားဖြင့် စစ်အာဏာရှင်စနစ် ဆက်လက်သက်ဆိုးရှည်နေမှုကို အားစိုက်ဖြေရှင်းနိုင်ဖို့ နိုင်ငံရေးလမ်းစဉ်၊ မူဝါဒ ရှာကြံချမှတ်ပြီး နိုင်ငံရေးအလုပ်တွေ အခုထက်ပိုမိုလုပ်ဖို့အားသွန်ခွန်စိုက်လုပ်ဖို့ အရေးတကြီးလိုအပ်နေပါပြီ။ ခု နိုင်ငံရေးအင်အားစုအများစုလျှောက်လမ်းနေတဲ့ စစ်လွှတ်တော်နိုင်ငံရေးတခုတည်းနဲ့တော့ သိပ်အလုပ်မဖြစ်ဘူးဆိုတာ တိုင်းပြည်ရဲ့မဖြေရှင်းနိုင်သေးတဲ့၊ ဖြေရှင်းနိုင်ဖို့လမ်းစရှာမရဖြစ်နေသေးတဲ့ တိုင်းရင်းသားပြဿနာ၊ အလုပ်သမား၊ လယ်သမား၊ အခြေခံလူတန်းစားတွေရဲ့ပြဿနာတွေက သက်သေပြုနေပါတယ်။

ခေါင်းဆောင် ဆိုတာ ခေါင်းဆောင် ရမယ်
Democratization စစ်စစ်ဖြစ်ဖို့အတွက် လူထုခေါင်းဆောင်ဆိုသူများ၊ လူထုကိုယ်စားပြုအဖွဲ့အစည်းခေါင်းဆောင်များက လူထုရှေ့က မားမားရပ်၊ အပြောနဲ့မဟုတ် လက်တွေ့ဦးဆောင်ပြဖို့လည်း လိုပါတယ်။ အပြောင်းအလဲတချို့ကြောင့် ယုံထင်၊ကြောင်ထင်ဖြစ် အတွေးအခေါ်ဝေဝါးနေတဲ့ပြည်သူလူထုကို မျက်စိဖွင့်၊ တာဝန်ယူ၊ တာဝန်ခံ၊ အမှန်ကို ချပြ၊ ရှေ့ကခေါ်ဆောင်လမ်းပြပြီး ယခုထက်ပို ဦးဆောင်ဖို့လိုပါတယ်။ ပြည်သူတွေ အာဏာရှင်ကနှိပ်စက်လို့ အတိဒုက္ခရောက်မှ ဝင်ရောက်ဖြေရှင်းစေ့စပ်ရတဲ့အလုပ်ဟာ လူထုခေါင်းဆောင်ဆိုသူများနဲ့ လူထုကိုယ်စားပြုအဖွဲ့အစည်းတွေရဲ့အလုပ် မဟုတ်ပါ။ ပြည်သူတွေနဲ့အတူရပ်တည်ပြီး ပြည်သူ့ပြဿနာတွေကို ရှေ့က ထုတ်ဖော်ဟစ်ကြွေး၊ မတရားမှုမှန်သမျှကို တာဝန်ယူမှုရှိရှိ ဦးဆောင်ဆန့်ကျင်ပြမှသာ လူထုခေါင်းဆောင်း၊ လူထုကိုယ်စားပြုအဖွဲ့အစည်း ဖြစ်နိုင်ပါမယ်။

လူထုက လူထု အလုပ် လုပ်
ကမ္ဘာ့သမိုင်းရဲ့ Democratisation ဖြစ်စဉ်တိုင်းမှာ လူထုအလုပ်မပါဘဲ၊ လူထုလှုပ်ရှားမှုမဖြစ်ဘဲ အောင်မြင်ပြီးမြောက် ဆုံးခန်းတိုင်ရောက်သွားတယ်ဆိုတာမရှိပါ။ လူထုဟာ မိမိတို့ဘဝလွတ်မြောက်ရေးအတွက် မိမိတို့ဘာသာပဲ ကြိုးစားလုပ်ကိုင်သွားရတာပါ။ ဗမာ့လူထုအနေနဲ့လည်း ဒီလို လူထုလူပ်ရှားမှုတာဝန်တွေကို စစ်အာဏာရှင်ခေတ် အဆက်ဆက်ဘယ်တုန်းကမှ မပျက်ကွက်ခဲ့ဖူးပါဘူး။ လက်ရှိအခြေအနေမှာလည်း လူထုအတန်းစားအသီးသီးရဲ့ အာဏာရှင်ရဲ့မတရားဖိနှိပ်မှုတွေကို ပြန်လည်တွန်းလှန်တုန့်ပြန်အံတုတဲ့ ဆန္ဒပြပွဲတွေ၊ သပိတ်တွေ၊ လှုပ်ရှားမှုတွေ နိုင်ငံ အနှံ့အပြားမှာ ဖြစ်ပေါ်လျက်ပါပဲ။ ဆိုတော့ အမြဲတမ်းတာဝန်ကျေတဲ့လူထုကတော့ ဇွဲမလျှော့၊ စိတ်မပျက်ဘဲ၊ “ကိုယ့်ဘာသာ ကိုယ်ထူမှသာ ငါတို့ထနိုင်မှာပဲ” ဆိုတဲ့စိတ်ဓာတ်နဲ့ လူထုလုပ်ရမယ့်အလုပ်တွေကို ဆက်လုပ်ဖို့ပါပဲ။

စာနယ်ဇင်း မီဒီယာ ရဲ့ အလုပ်
ဗွီ. အိုင်. လီနင် (၁၈၇၀-၁၉၂၄) က “မော်စကိုအုံကြွမှု၏သင်ခန်းစာများ” စာအုပ်မှာ “တော်လှန်ရေးအောင်မြင်ဖို့ အတွက် ခေတ်နည်းပညာကိုအသုံးချပြီး အလုပ်သမားတပ်ဖွဲ့တွေကို ခေတ်မီလက်နက်၊ ဗုံး၊ သေနတ်တွေ တပ်ဆင်ပေးရမယ်” လို့ဆိုခဲ့တယ်။ အခု (၂၁) ရာစု ခေတ်သစ်အာဏာရှင်ဖိနှိပ်မှု တော်လှန်ရေးတွေမှာလည်း ခေတ်နည်းပညာ၊ ဆက်သွယ်ရေး တိုးတက်ပြောင်းလဲမှုတွေကိုအသုံးချပြီး အလုပ်သမား၊ လယ်သမား၊ အဖိနှိပ်ခံပြည်သူလူထုရဲ့လွတ်မြောက်ရေးတိုက်ပွဲတွေကို အားဖြည့်ပေးရပါမယ်။ ဒီနေရာမှာ စာနယ်ဇင်း မီဒီယာရဲ့ကဏ္ဍ က အင်မတန်အရေးကြီးပါတယ်။ ခေတ်မီလက်နက်အပြည့်အစုံနဲ့ အာဏာရှင်ဒေါက်တိုင် အင်အားကြီးစစ်တပ်နဲ့လုံခြုံရေးအဖွဲ့အစည်းတွေကို လက်နက်နဲ့ပြန်လည်တိုက်လို့ကတော့ ဘယ်လိုမှ အရာမရောက်နိုင်ပါ။ ဒါကြောင့် လူထုကြား လှုပ်ရှားမှုတွေပန့် ပွားအောင်၊ အာဏာရှင်ရဲ့လုပ်ရပ်ဆိုးတွေ တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိအောင် ခေတ်မီဆက်သွယ်ရေးနည်းပညာရပ်တွေကိုအသုံးချပြီး လှုံ့ဆော်၊ ဖြန့်ဝေတင်ပြတဲ့ မီဒီယာဆိုတဲ့လက်နက်နဲ့တိုက်မှသာ အာဏာရှင်တွေ၊ သူတို့ရဲ့လက်ပါးစေ “ဘယ်သူသေသေ ငတေမာ” ရင်ပြီးရော လူတန်းစား စီးပွားသောင်းကျမ်း၊ ရမ်းကားတဲ့လက်တဆုပ်စာခရိုနီတွေ အထိနာမှာဖြစ်တယ်။ လူထုသပိတ်တိုက်ပွဲ သတင်းတွေတင်မကဘဲ အာဏာရှင်တွေနဲ့ အပေါင်းအပါတွေရဲ့အကျင့်ပျက်၊ ခြစား၊ ကိုယ်ကျိုးရှာ ထင်ရာဆိုင်းနေတဲ့အကြောင်းအရာ၊ အဖြစ်အပျက်တွေကို စုံစမ်း၊တူးဖော်၊ရှာဖွေ၊တင်ပြတဲ့ “investigative journalism” စာနယ်ဇင်းအလုပ်တွေလည်း အများအပြား လုပ်နိုင်လာဖို့လိုပါတယ်။

ဦးပိုင်လူ မဖြစ်စေနဲ့ 
အထက်မှာတင်ပြခဲ့တဲ့ တိုင်းပြည်လူထု၊ လူတန်းစားအသီးသီးဖြစ်တဲ့ လူထုခေါင်းဆောင်၊ လူထု အဖွဲ့အစည်း၊ နိုင်ငံရေးခေါင်းဆောင်၊ နိုင်ငံရေးအဖွဲ့အစည်း၊ သာမန်ပြည်သူနဲ့ သတင်းမီဒီယာတွေ ကိုယ့်တာဝန်၊ ကိုယ်ကျေ၊ တက်ညီလက်ညီ ဝိုင်းဝန်းဖိအားပေး (Force) လုပ်နိုင်မှသာ တိုင်းပြည်မှာဆယ်စုနှစ်ပေါင်းများစွာ ရှင်သန်အမြစ်တွယ်ခဲ့တဲ့ တိုင်းပြည်ရဲ့အဓိကပြဿနာ စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းပြီး ဒီမိုကရေစီအသီးအပွင့်တွေ လူအများစုအားလုံးတန်းတူ ခံစားနိုင်မှာဖြစ်တယ်။ လူမှုတရားမျှတမှုအခြေပြု တင်းပြည့်ကျပ်ပြည့်ဒီမိုကရေစီစစ်စစ် တိုင်းပြည်မှာရှင်သန်စေဖို့အတွက် အထက်မှာဆိုခဲ့တဲ့ တိုင်းပြည်ရဲ့အစုအဖွဲ့အသီးသီးမှာ အာဏာရှင်လက်ဝေခံ၊ အာဏာရှင်စစ်အုပ်စုအကျိုးပြု “ဦးပိုင်လူများ” မမြင်ချင်ပါ။ “ဦးပိုင်လူများ” အမြန်ဆုံးကျဆုံးပါစေ။
လက်ပန်းတောင်းတောင် လူထုကို ဦးညွတ်၊ အလေးပြုလျက်
ငြိမ်းချမ်းအေး
၂၉ ၊ နိုဝင်ဘာ ၊ ၂၀၁၂
(လစဉ်ထုတ် ခေတ်မောင်း အွန်လိုင်း စာစောင် ၊ အတွဲ (၁) ၊ အမှတ် (၇) မှ)
(ဘလော့များ၊ ဖိုရမ်များတွင် ပြန်လည် ဖော်ပြလိုပါက "ခေတ်မောင်း စာစောင် ၊ အတွဲ (၁) ၊ အမှတ် (၇) မှ"
(ယူတာက) http://www.facebook.com/nyeinchanaye81