Wednesday, December 26, 2012

ဒေါ်အောင်ဆန်းစုကြည်၏ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေးအခြေခံများမှ ဝေဘန်သုံးသပ်ခြင်း။ အပိုင်း (၁) (အောင်ထူး-ရှေ့နေ)

0 comments
စာရေးသူသည် ဒေါ်အောင်ဆန်းစုကြည်နှင့်ပုဂ္ဂိုလ်အရ မဆက်ဆံခဲ့ဘူးသော်လည်း ယုံကြည်ချက်အတွက်သူမ၏စွန့်လွှတ် အနစ်နာခံခဲ့မှုများအား လေးစားအသိအမှတ်ပြု သူဖြစ်သည်။ ကမ္ဘာသိခေါင်းဆောင်တဦးပေါ်လာပြီဟူ၍ သူမအတွက် ဂုဏ်ယူသူများ အနက်တွင်လည်းတဦးအဖြစ်ပါဝင်သည်။ မိမိအနေဖြင့် မီဒီယာများတွင် အကြောင်းအမျိုး မျိုးဖြင့် အကြိမ်ပေါင်းများစွာပြောဆို၊ ရေးသားခဲ့ဘူးသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် စပ်လျှဉ်း၍ တကြိမ်မျှမဝေဘန်ခဲ့ဘူးပါ။ ဘီဘီစီသို့ ယခု ဒီဇင်္ဘာ၂၄ ရက်နေ့နံက်တွင် ပေး ခဲ့သောအင်တာဗျူးတွင်မူ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ချင်သည်ဟူသောပြောဆို ချက်နှင့်စပ်လျှဉ်း၍ အနည်းငယ်စတင် ထောက်ပြခဲ့သည်။ အင်တာဗျူးကို ဤတွင်နားဆင်ပါ။ https://docs.google.com/open?id=0BzC8VZhwp11AVG5tZDY1MWdjb2s
(အင်တာဗျူးသည်လည်းကောင်း၊ ဤဆောင်းပါးသည်လည်းကောင်း မိမိတဦးတည်း၏ အမြင်သာဖြစ်သည်။ မည်သည့်အဖွဲ့အစည်းကိုမျှ ကိုယ်စားမပြုပါ။) ယခုမူ သူမကိုယ်တိုင်သာမက လူထုပါစဉ်းစားနိုင်အောင် တစုံတရာထုတ်ဖေါ်ဝေဘန်သင့်သောအချိန်ရောက်ပြီဟုယူဆသဖြင့် ဤ ဆောင်းပါးတွဲတစုံကိုရေးသားလိုက်ခြင်း ဖြစ်သည်။ အမှားအမှန်တိုင်းတာရန်မလွယ်ကူလှသည့်နိုင်ငံရေးအမြင်၊ မြှော်မှန်းချက်၊ ရပ်တည်ချက်များအပေါ်အခြေခံ၍ ဝေဘန်မည်မဟုတ်ပါ။ အခိုင်အမာပြောနိုင်သည့် “ဥပဒေစိုးမိုးရေး” [i]  ရှူဒေါင့်မှ အပြုသဘောဖြင့်သာ တင်ပြပါမည်။
“တိုင်းပြည်”[ii]  အတွက်ဟူသော စကားလုံးကို မသျြုံခင်ပါ။ ယင်းကိုသုံး၍ စစ်အစိုးရအဆက်ဆက်က လူထုအပေါ် အမျိုးမျိုးဖိနှိပ်ခဲ့၊ ဖိနှိပ်ဆဲ ဖြစ်၍ပင်။ တိုင်းရင်းသားပေါင်းစုံလူထုအကျိုးအတွက် ရိုးသားစွာဝေဘန်ခြင်းဖြစ်ပါမည်။ 
မိမိ၏ ဤဝေဘန်ရေးဆောင်းပါးထွက်သွားပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်ဘာလုပ်လုပ်ထောက်ခံမည့်လူထုများအနက် အချို့ထံမှ တိုက်ခိုက်မှုများပေါ်လာလိမ့်မည်ဟု မျှော်လင့်ထားပြီးဖြစ်သည်။ ယင်းသို့ပေါ်လာလျှင်လည်း မိမိအနေနှင့် မည်သို့မျှပြန်လည်တုန့်ပြန်မည် မဟုတ်ပါ။ သူ့အမြင်ကိုယ့်အမြင်တင်ပြခြင်းဟုသာ သဘောထားပါမည်။ အရာကိစ္စများကို တချိန်တွင် သမိုင်းကအဆုံးအဖြတ်ပေးပါမည်။ စာရေးသူ၏အမြင်ကို ပွင့်ပွင့်လင်းလင်းတင်ပြပါမည်။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဤပုံစံအတိုင်းဆက်လက်ဦးဆောင်လျှောက်လှမ်းပါက မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးရေးရရန်ဝေး၍ တရားမျှတမှုပင်ဖေါ်ဆောင်နိုင်မည်မဟုတ် ဟူသည်ပင်။

“ဥပဒေစိုးမိုးရေး” နှင့် “တရားမျှတမှု” [iii]  တို့ကို ဘယ်လို နိုင်းယှဉ်လေ့လာမလဲ။
ဥပဒေစိုးမိုးရေး၏အခြေခံမှာ ပြစ်မှုကျူးလွန်သူကို အဓိကထားသည်။ တရားမျှတမှု၏အခြေခံမှာ ပြစ်မှုကျူးလွန်ခံရသူအား အဓိကထားသည်။ ဥပဒေစိုးမိုးရေးကို တကယ်တန်းလိုက်နာကျင့်သုံးလျှင် ပြစ်မှုကျူးလွန်သူအား အပြစ်ပေးကို ပေးရပါမည်။ ရှောင်လွှဲ၍မရပါ။ ပြစ်မှုကျူးလွန်သူအားအပြစ်ပေးရေးမူကိုကျင့်သုံးခြင်းမှာ ထိုသူအား အာဃာတထားလို၍မဟုတ်။ အပြစ်ပေးခြင်းအားဖြင့် ပြစ်မှုကျူးလွန်သူကိုယ်တိုင် နောင်တရသွားစေခြင်သည့်အပြင် အခြားသူများကလည်းသင်ခန်းစာယူ၍ နောင်ကို အလားတူပြစ်မှုများ ထပ်မံမကျူးလွန်စေရန် ဟန့်တားလို၍ဖြစ်သည်။  ထို့အပြင် ပြစ်မှုကျူးလွန်သူအား အပြစ်ပေး၍မရလောက်အောင် ဟန့်တားထားသည့် ဥပဒေအခြေခံများ၊ တည်ဆဲမတရားဖိနှိပ်သည့်ဥပဒေများကို ပြင်ဆင်၊ ဖျက်သိမ်းရပါမည်။

အခြေအနေအကြောင်းကြောင်းကြောင့် ပြစ်မှုကျူးလွန်သူကို အပြစ်ပေးနိုင်ခြင်းမရှိပါက “တရားမျှတမှု” ကို ရှာဖွေရပါသည်။ ဤတွင်အနည်းဆုံးအားဖြင့် ပြစ်မှုကြီးများဖြစ်ပွားခဲ့ပုံများနှင့်စပ်လျှဉ်း၍ အမှန်တရားကိုဖေါ်ထုတ်ရသည်။ နောင် အလားတူပြစ်မှုများဆက်လက် ဖြစ်ပွားလာလျှင် ထိရောက်စွာအရေးယူနိုင်စေရန် တိုင်းပြည်အုပ်ချုပ်ရေးယန္တယားအဆောက်အအုံများကို ပြင်ဆင်ဖွဲ့စည်းရသည်။ ပြစ်မှု ကျူးလွန်ခံခဲ့ရသူများ၏ဘ၀နစ်နာမှုများအား အသိအမှတ်ပြု၊ ပြုပြင်ကုစား၊ လျော့ပါးသက်သာအောင် လုပ်ပေးရပါသည်။

ဥပဒေစိုးမိုးရေး ရှုဒေါင့်။
ဝမ်းနည်းဘွယ်ကောင်းသည်မှာ လူထုထောက်ခံမှုကိုသာမက နိုင်ငံတကာ၏အသိအမှတ်ပြုမှုကိုပါ အကြီးအကျယ်ရနေသော ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေစိုးမိုးရေးစကားလုံးကို ထပ်ခါတလဲလဲသုံးနေသော်လည်း ယင်းကို ရည်ညွန်း၍ ပြစ်မှုကျူးလွန်သူအား အပြစ်ပေးရေးကို မည်သည့်အခါတွင်မျှ ဇောင်းမပေးခဲ့။ တည်ဆဲမတရားဖိနှိပ်သည့်ဥပဒေများဖျက်သိမ်းရေးကို ထိထိရောက်ရောက် မတောင်းဆိုခဲ့။ လူထု၏အခွင့်အရေးကိုအကာအကွယ်မပေးဘဲ အစိုးရအာဏာပိုင်များ၏လုပ်ပိုင်ခွင့်ကို တိုးမြှင့်၊ စစ်အာဏာရှင်များနှင့် စီးပွားဘက်ခရိုနီကြီးများ ဆက်လက်ကြီးပွားတိုးတက်စေမည့်ဥပဒေများအား လွှတ်တော်မှ ဟောတခု၊ ဟောတခု ပြဌာန်းနေသည်ကို ထိုင်၍ အတည်ပြုပေးလျှက်ရှိနေသည်။ ဤပုံအတိုင်းဆက်သွားပါက “ဥပဒေစိုးမိုးရေး”ဟူသည်မှာ အသံသာရှိပြီး အဆံမရှိသည့်အမြှောက်ထက် ပိုနိုင်ဘွယ်မမြင်။ စစ်အာဏာရှင်များ ကြံ့ခိုင်ကြီးထွားလာသော်လည်း လူထုအင်အားချည့်နဲ့သည်ထက် ချည့်နဲ့လာရုံကလွဲ၍ ဘာမှဖြစ်လာမည် မဟုတ်။

 “တရားမျှတမှု” ရှူဒေါင့်။
ဒေါ်အောင်ဆန်းစုကြည်သည် တရားစီရင်ရေးယန္တယားမှစ၍ တိုင်းပြည်လုံခြုံရေးတပ်ဖွဲ့များဖြစ်သည့် တပ်မတော်၊ ရဲ၊ ထောက်လှမ်းရေး၊ လုံခြုံမှု ထိမ်းသိမ်းရေးတပ်ရင်း စသည့် တိုင်းပြည်အုပ်ချုပ်ရေးယန္တယားအဆောက်အအုံဟောင်းများအား ပြင်ဆင်ဖွဲ့စည်းရန် တိတိကျကျ လှုံ့ဆော်သည်ကို တကြိမ်တခါမျှမကြားမိ။ ဖိနှိပ်ရေးယန္တယားဟောင်းများသည် အုံနှင့်၊ ကျင်းနှင့်င့်၊ ထုနှင့်၊ ထည်နှင့်ဆက်လက် တည်ရှိဆဲဖြစ်သည်။ တိုင်းပြည်အုပ်ချုပ်ရေးယန္တယားများကိုသုံး၍ အတင်းအကြပ်ပြုနိုင်ခွင့်အာဏာ[iv] သည် ဥပဒေစိုးမိုးရေးအတွက် ဖြစ်ရပါမည်။ စစ်အာဏာရှင်များအတွက် မဖြစ်စေရပါ။ ယခုမူ ပြောင်းပြန်ဖြစ်နေဆဲပင်။

သာဓကအားဖြင့် သံဃာတော်များအား မီးလောင်တိုက်သွင်းရာ၌ မြေပြင်တွင်ဦးဆောင်အကောင်အထည်ဖေါ်ခဲ့သော စစ်ကိုင်းတိုင်းရဲမှုးကြီး ဦးစန်းယုသည် ဒုတိယဗိုလ်မှုးကြီးဟောင်းတဦးဖြစ်သည်ဟု ကြားရသည်။ ဤသတင်းမှန်လျှင် ရဲတပ်ဖွဲ့၏သမာသမတ်ဖြစ်မှု[v] မှာ များစွာသံသယဖြစ်ဘွယ်ရှိပါသည်။ စစ်ခေါင်းဆောင်များကြီးစိုးထားသော အမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ (ကာလုံ) က ဦးစန်းယုအား တိုက်ရိုက်အမိန့်ပေးဖြိုခွဲခိုင်းခဲ့သည်ဟု မှတ်ယူနိုင်သည်။

သို့ဖြစ်ပါက တိုင်းပြည်အုပ်ချုပ်ရေးယန္တယားများအနက် အရေးကြီးသော ရဲတပ်ဖွဲ့အား လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်သည့် အဆောက်အအုံတခုဖြစ်လာအောင် တည်ဆောက်နိုင်ရေးအတွက်နည်းလမ်းမျိုးစုံရှာဖွေရာ၌ လက်ပံတောင်းတောင်မှုခင်းမှ မည်သည့် သင်္ခန်းစာယူမည်နည်း။ စစ်ခေါင်းဆောင်ဟောင်းများအား တပြည်လုံးရှိ ရဲတပ်ဖွဲ့၏အချက်အခြာကျသောနေရာများအားလုံးမှ ဖယ်ရှားလိုက်ရန်ပင်။ ယင်းမှာ “တရားမျှတမှု” ကိုရှာဖွေရာ၌ အခြေခံအားဖြင့်ဆောင်ရွက်ရမည့် “တိုင်းပြည်အုပ်ချုပ်ရေးယန္တယားများ ပြုပြင်ပြောင်းလဲရေး” [vi] လုပ်ငန်း၏ အရေးကြီးသောခြေလှမ်းတရပ်လည်း ဖြစ်ပါမည်။

ဥပဒေစိုးမိုးရေးအရ ပြစ်ကျူးလွန်သူကိုလည်း အပြစ်မပေးနိုင်၊ “တရားမျှတမှု” အခြေခံတွင် “တိုင်းပြည်အုပ်ချုပ်ရေးယန္တယားများ ပြုပြင်ပြောင်းလဲရေး” ကိုမျှ မလုပ်နိုင်ပါက နောင်ကို အလားတူပြစ်မှုမျိုး ထပ်မံမဖြစ်ပွားအောင် မည်သို့ကာကွယ်မည်နည်း။ သို့ဖြစ်လျှင် သံဃာတော်များသည် ယခုမီးလောင်ဗုံးနှင့်အပစ်ခံရပြီး၊ နောင်ကို ဒုံးကျည်နှင့်ပါ အပစ်ခံရဖို့ရှိသည်။

စစ်အာဏာရှင်စနစ်အောက်၌ တနိုင်ငံလုံးတွင် သန်းတချို့မျှရှိမည့်လူထုကြီးသည် အတိဒုက္ခရောက်ခဲ့သည်။ အထူးသဖြင့် မြန်မာ မဟုတ်သည့် တိုင်းရင်းသား အမျိုးသားအမျိုးသမီးမြောက်များလှစွာ ပြစ်မှုကြီးများကျူးလွန်ခံခဲ့ကြရသည်။ ပေါ်တာဆွဲ၊ မုဒိန်းကျင့်၊ လူမဆန်စွာ နှိပ်စက်ညှဉ်းပမ်း၊ လူသတ်၊ စားရေရိက္ခာများဖျက်ဆီး၊ ကျေးရွာပေါင်း သုံးထောင်ကျော်မီးရှိုခံခဲ့ရသည်ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကြီးက စနစ်တကျ သတင်းအချက်အလက်စုဆောင်းအစီရင်ခံစာ တင်သွင်းထားခဲ့ပြီးဖြစ်သည်။ [vii] ယင်းအစီရင်ခံစာမှာ ၂၀၀၈ ခုနှစ်အထိသာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သဖြင့် ၂၀၀၉ မှ ၂၀၁၂ ခုနှစ်အတွင်းထပ်မံကျူးလွန်ခဲ့သည့် ပြစ်မှုကြီးများ မပါသေးပါ။

ဒေါ်အောင်ဆန်းစုကြည်သည် အထူးသဖြင့် တိုင်းရင်းသားလူထုများ ခံစားခဲ့ရသည့်ပြစ်မှုကြီးများနှင့်စပ်လျှဉ်း၍ “ဥပဒေစိုးမိုးရေး” ရှုဒေါင့်မှ မချည်းကပ်နိုင်သည့်တိုင် “တရားမျှတမှု” ရှုဒေါင့်မှ ချည်းကပ်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ သို့ရာတွင် ယင်းမှာလည်း ယခုအချိန်အထိ ဖြစ်မလာသေးပါ။

စစ်အစိုးရအဆက်ဆက်ကကျူးလွန်ဖြစ်ပွားခဲ့သော ပြစ်မှုကြီးများနှင့်စပ်လျှဉ်း၍ အမှန်တရားပေါ်ထွက်လာအောင်သော်လည်းကောင်း၊ ဘ၀ဆုံးရှုံးခဲ့ကြသော တိုင်းရင်းသားလူထု၏များအား တိုင်းပြည်က နည်းလမ်းတကျအသိအမှတ်ပြု၊ ပြုပြင်ကုစား၊ ထိုက်သင့်သည့် လျော်ကြေးများပေး၊ အခြားနည်းများဖြင့်ပါ ၄င်းတို့၏နစ်နာမှုများ လျော့ပါးသက်သာအောင် လုပ်ဆောင်ရန်ကိုသော်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်သည် ယခုအချိန်အထိ တိတိကျကျ ဦးဆောင်လှုပ်ရှားမှု မပြုခဲ့ပါ။ ဘယ်တော့ဦးဆောင်မည်ကိုလဲ မမျှော်လင့်နိုင်။ လေသံမျှပင်မဟသေး၍ဖြစ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ဥပဒေစိုးမိုးရေး
၁၉၈၈ ခုနှစ်တွင် စစ်တပ်က ထပ်မံအာဏာသိမ်းပြီးနောက်ပိုင်းတွင် တိုင်းရင်းသားပေါင်းစုံလူထုအပေါ်  ပြစ်မှုကြီးပေါင်းများစွာကို ဆက်တိုက် ကျူးလွန်နေခဲ့ချိန်မှာပင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်၍ နိုင်ငံရေးပါတီအဖွဲ့အစည်း အတော်များများကလည်း “အမျိုးသား ပြန်လည် သင့်မြတ်ရေး” [viii]ဟူသည်ကို လွှင့်တင်လာခဲ့ကြသည်။ သို့ရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း စာနှင့်ရေးသားကာ တိတိကျကျအဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်ကို မတွေ့ရ။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဥပဒေစိုးမိုးရေးနှင့်ဆက်စပ်၍ ရှင်းလင်းထားသည်ကို မမြင်ရ။

အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသည်ကို ဥပဒေစိုးမိုးရေးအခြေခံမှ တည်ဆောက်မည်လား။ တရားမျှတမှုရှာဖွေရေးအခြေခံမှ တည်ဆောက်မည်လား။ စစ်အစိုးရအာဏာပိုင်များ၏ လုပ်ဆောင်ခဲ့မှုများနှင့်စပ်လျှဉ်း၍ ပြစ်မှုကြီးများကျူးလွန်ခဲ့မှုများအပါအ၀င် အတိတ်က ဖြစ်ပျက်ပြီးခဲ့သမျှ ကိစ္စရပ်များအားလုံးကို ပြည်ဖုံးကားချလိုက်ပြီး ဘာတခုမျှ အရေးယူဆောင်ရွက်မှုမပြုတော့ဘူးလား။ သို့မဟုတ် တစုံတရာ အရေးယူဆောင်ရွက်သွားမည်လား။

အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဦးတည်၍ သင်ပုန်းချေသွားမည်ဆိုလျှင်လည်း လူသားဖြစ်မှုကိုဆန့်ကျင်ကျူးလွန်သည့်ပြစ်မှု၊[ix] လူမျိုးတုံးသတ်ဖြတ်မှု၊[x] စစ်ရာဇ၀တ်မှုများ[xi] ဟူသည့် နိုင်ငံတကာရာဇ၀တ်မှုကြီးများကိုပါ အရေးမယူတော့ဘူးလား။ အဆိုပါ ပြစ်မှုကြီးသုံးမျိုးမှာ နိုင်ငံတကာဥပဒေအရ ပြစ်မှုကျူးလွန်သူအား လွတ်ငြိမ်းခွင့်ပေး၍ရသောပြစ်မှုမျိုးမဟုတ်သဖြင့် ယင်းတို့အား အမျိုးသားပြန်လည်သင့်မြတ်ရေးရှုဒေါင့်မှ မည်သို့ကိုင်တွယ်မည်နည်း။ သို့မဟုတ်လျှင် နိုင်ငံတကာရာဇ၀တ်မှုကြီးများမပါဘဲ ပြည်တွင်းပြစ်မှုများကိုသာ ရည်ညွှန်းမှာလား။

ပြစ်မှုကျူးလွန်သူများကို အကြောင်းကြောင်းကြောင့် အရေးမယူနိုင်ဟုယူဆလျှင် အမျိုးသာ ပြန်လည်သင့်မြတ်ရေးကို အထောက်အပံ့ဖြစ်စေရေးအတွက် တခုခုစီစဉ်ဆောင်ရွက်မည်လား။ စစ်အစိုးရခေတ်အဆက်ဆက်တွင်  ပြစ်မှုကြီးများကျူးလွန်ခံခဲ့ရသူ လူထုများအားအသိအမှတ်ပြုသည့်အနေဖြင့် ၄င်းတို့၏စာရင်းကို မှတ်တမ်းကောက်ယူမှာလား။ သို့မဟုတ် ဘာတခုမှလုပ်ဆောင်ခြင်း မပြုတော့ဘဲ သည်အတိုင်း မေ့ထား၊ ပြည်ဖုံးကားချထားခဲ့တော့မည်လား။

လုံးဝပြည်ဖုံးကားချထားခဲ့လျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသည်မှာ စစ်ခေါင်းဆောင် ဟောင်းသစ်တစုနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးခေါင်းဆောင်တစုအတွင်းတွင်သာ ပြန်လည်သင့်မြတ်ရေးသဘောဆောင်နေမည်ဖြစ်သောကြောင့် တနိုင်ငံလုံး အတိုင်းအတာ လူထုအသွင်လက္ခဏာဆောင်အောင် (အထူးသဖြင့် အခံခဲ့ရဆုံးဖြစ်သောတိုင်းရင်းသားလူထုများ ကြေနပ်အောင်) မည်သည့် နည်းနာများဖြင့်ဖေါ်ဆောင်မည်နည်း။

ပြစ်မှုကြီးများကျူးလွန်ခံရ၍ ဘ၀နစ်နာပျက်စီးဆုံးရှုံးခဲ့ကြရသူများကို မည်သည့်မှတ်တမ်းမျှမကောက်ယူတော့ဘဲ သည်အတိုင်းထားခဲ့၍ မရနိုင်ဘူးလား။ တိုင်းပြည်အနေဖြင့် မှတ်တမ်းတင် စနစ်တကျအသိအမှတ်ပြုခြင်းအားဖြင့် ပြစ်မှုကျူးလွန်ခံခဲ့ရသူများ၏ ကျန်ရစ်သူမိသားစု များ စိတ်ဖြေသိမ့်နိုင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူဖြစ်နိုင်မည်လား။ မှတ်တမ်းကောက်ကူမည်ဆိုလျှင်လည်း မည်သည့်ခေတ်မှ စတင်၍ ကောက်မည်နည်း။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်းခေတ်မှ စတင်မည်လား။ ၁၉၈၈ ခုနှစ် ဗိုလ်ချုပ်မှုးကြီး စောမောင်ခေတ်မှ စတင်မည်လား။ မှတ်တမ်းရရှိပြီးလျှင် ဘ၀နစ်နာဆုံးရှုံးခဲ့သူများအား မည်မျှလောက်အတိုင်းအတာအထိ ပြန်လည်ကုစား ပေးနိုင်မည်နည်း။ မည်သို့ပြန်လည်ကုစားမည်နည်း။  ကုစားခြင်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အကျိုးရှိမည်လား။ ဘာမျှ မကုစားဘဲသည်အတိုင်းထားလျှင်လဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်မထိခိုက်ဟု ယူဆနိုင်မလား။

အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသည်နှင့်စပ်လျှဉ်း၍ ဘာတခုမျှ ရေရေရာရာမသိသော မေးခွန်းပေါင်း သောင်းခြောက်ထောင်ရှိနေသည်။ အတိတ်က ဖြစ်ပျက်ပြီးခဲ့သမျှကိစ္စရပ်များဟူရာတွင်လည်း ကာလအပိုင်းအခြား အကန့်အသတ်နှင့်စပ်လျှဉ်း၍ မည်သူမျှတိတိကျကျမသိ။ မည်သည့်နှစ်၊ လ၊ နေ့ရက်ကို နောက်ဆုံးထားပြီး ကျူးလွန်ပြီးခဲ့သမျှပြစ်မှုကြီးများအပေါ် အရေးယူဆောင်ရွက်မည် မဟုတ်ကြောင်း၊  လွတ်ငြိမ်းခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ မည်သည့် နှစ်၊ လ၊ ရက်မှ ကျော်လွန်လျှင်မူ အမျိုးသားပြန်လည်သင့်မြတ်ရေးရှုဒေါင့်မှ မစဉ်းစားတော့ဘဲ ဥပဒေစိုးမိုးရေးအခြေခံမှနေ၍ ပြစ်မှုကျူးလွန်သူမှန်သမျှကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း စသဖြင့် သတ်မှတ် ထားခြင်းလည်း မတွေ့ရ။
သို့ဖြစ်၍ စစ်အစိုးရအာဏာပိုင်များအနေဖြင့် မျက်မှောက်အချိန်တွင်လည်းကောင်း၊ အနာဂါတ်တွင်လည်းကောင်း လူထုအပေါ် မည်သို့ပင် ပြစ်မှုကြီးများဆက်လက်ကျူးလွန်နေသော်လည်း ၄င်းတို့အား အရေးယူအပြစ်ပေးရေးကို ရှေ့တန်းမတင်ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေး အမြင်အရ အစဉ်တစိုက်ခွင့်လွှတ်သွားရမည့်သဘောဆောင်လျှက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်လျှက်ရှိသော အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ ရည်ရွယ်ချက်ကောင်းမွန်သော်လည်း တိတိကျကျ ဖေါ်ညွှန်းကျင့်သုံးခြင်းမရှိခဲ့သဖြင့် စကထဲက ဥပဒေစိုးမိုးရေးအခြေခံနှင့်ဆန့်ကျင်လာခဲ့သည်။ သို့ဖြင့် မည်သည့်အရာမှန်းတိတိကျကျ မသိရသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကာလအကန့်အသတ်မရှိ ဆက်၍ဆက်၍ကျင့်သုံးလေလေ ဥပဒေစိုးမိုးရေးကို လှိုက်၍လှိုက်၍ဖျက်ဆီးလာလေ ဖြစ်နေသည်။ ဥပဒေစိုးမိုးရေးကင်းမဲ့သောနိုင်ငံတွင် မည်သို့လျှင် ပြည်တွင်းငြိမ်းချမ်းရေး ရမည်နည်း။ ဥပဒေစိုးမိုးရေးလည်းမရှိ၊ ပြည်တွင်းငြိမ်းချမ်းရေးမရှိလျှင် လူထု၏စီးပွားရေးတိုးတက်မှုကို မည်သို့ မျှော်မှန်းနိုင်အံ့နည်း။

ဒေါ်အောင်ဆန်းစုကြည်သည် ဖြစ်ပြီးခဲ့သမျှ လူထုဘ၀နစ်နာမှုများအားလုံးကို ပြည်ဖုံးကားချထားခဲ့ပြီလား။
ပြစ်မှုကြီးပေါင်းမြောက်များစွာကျူးလွန်ခံခဲ့ရသည့် တိုင်းရင်းသားလူထုများသည် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူများ မဟုတ်ဘူးလား။ သူမအနေဖြင့် ခရီးရှည် ခရီးတိုများစွာထွက်ခဲ့သည့်အနက် မဲဆွယ်ခရီး၊ စည်းရုံးရေးခရီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ဆောက်ရေး ခရီးများသာ များပြားနေပြီး ပြစ်မှုကြီးများကျူးလွန်ခံခဲ့ရသည့်တိုင်းရင်းသားလူထုများကို သွားရောက်တွေ့ဆုံသည့်ခရီးမျိုးဘာကြောင့် မထွက် သလဲ။ စစ်အာဏာရှင်များငြိုငြင်မည်ကိုစိုးရိမ်သောကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသည့် လှပသောစကားလုံးအောက်တွင် လူထုဘ၀နစ်နာမှုများအားလုံးကို လုံးဝပင် ပြည်ဖုံးကားချထားခဲ့ပြီလား။ 

အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ကူးပြောင်းရာတွင် ဖြစ်ပြီးခဲ့သမျှအားလုံးကို ပြည်ဖုံးကားချ၊ ဘာတခုမျှ အရေးယူဆောင်ရွက်မှု မပြုခြင်းသည် “ဥပဒေစိုးမိုးရေး” နှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ရုံသာမက လူထုအတွက် “တရာမျှတမှု”ပင် မမျှော်မှန်းနိုင်တော့ဟူသည်ကို ဒေါ်အောင်ဆန်းစုကြည် မသိတာလား။ မသိယောင်ဆောင်နေတာလား။ သူမကဲ့သို့ ပညာတတ်ခေါင်းဆောင်သည် မသိတာတော့မဖြစ်နိုင်။ မသိယောင်ဆောင်နေတာဟုလည်း မပြောရက်ပါ။ ယခု ဤသို့ပြောရမည့်အခြေသို့ ရောက်နေပါသည်။ ဘာကြောင့်ပါလဲ။ စစ်အာဏာရှင်သစ်၊ ဟောင်းများနှင့် ထိပ်တိုက်မတွေ့လို၍သာဖြစ်မည်ဟု သုံးသပ်ပါသည်။ ယခု သူမလျှောက်လှမ်းနေသောလမ်းကြောင်းမှာ စစ်အစိုးရနှင့် အဖိနှိပ်ခံလူထုနှစ်ဘက်၏ ကြားမှာနေ၍ စေ့စပ်ဖြန်ဖြေရေး[xii] ဖြစ်နေသည်။ နှစ်ဖက်လုံးမှနေ၍ သူမအပေါ်အမုန်းမပွားစေဘဲ မေတ္တာ ခံယူသွားနိုင်စေမည့်လမ်းကြောင်းမျိုး ဖြစ်သည်။ သူမအတွက်တော့ ကောင်းချင်ကောင်းပါမည်။ လူထုအတွက် လုံးဝ မကောင်းပါ။

စာရေးသူ မျှော်လင့်ခဲ့သည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် လူထုရှေ့၌မားမားမတ်မတ်ရပ်ပြီး ၄င်းတို့ဆုံးရှုံးနေသော အခွင့်အရေးများအတွက် ခိုင်ကျည်စွာရပ်တည်တောင်းဆို တိုက်ပွဲဝင်သွားလိမ့်မည်ဟူ၍ ဖြစ်သည်။ ယခု ယင်းသို့ဖြစ်မလာပါ။ “ဥပဒေစိုးမိုးရေး” ပျက်သည့် အခြေအနေကြီးတခုလုံးကြောင့်ပေါ်ပေါက်သည့် လူထုဘ၀ခံစားမှုများကို ဒေါ်အောင်ဆန်းစုကြည်သည် ကွက်ကွက်ကွင်းကွင်းထောက်ပြ၊  ပြတ်ပြတ်သားသားလှုပ်ရှားဆောင်ရွက်သည်ကို မတွေ့ရပါ။

 “ဥပဒေစိုးမိုးရေး”ပျက်ခြင်းနှင့်စပ်လျှဉ်း၍ ဒေါ်အောင်ဆန်းစုကြည်တဦးထဲမှာ တာဝန်ရှိသလား။ အခြားလူထုတွေမှာရော တာဝန်မရှိဘူးလား။
ဤမေးခွန်းကို မေးဘွယ်ရှိသည်။ လူထုများ၏တာဝန်ကိုသိစေချင်၍ အားလုံးလေ့လာခွင့်ရအောင် ဤဆောင်းပါးကို ရေးခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို အဓိကရည်ညွှန်းရခြင်းမှာ သူမတဦးတည်းက လူထုခေါင်းဆောင်နေရာတွင်ရယူထား၍ဖြစ်သည်။ ခေါင်းဆောင်က ဥပဒေစိုးမိုးရေးမျက်နှာစာတွင် ထိရောက်စွာခေါင်းမဆောင်သည့်အခါ လူထုအနေဖြင့် ထိုးဖေါက်ကျော်တက်ပြီး လုပ်၍မရနိုင်သည့် အခြေအနေကိုတွေ့မြင်နေရ၍ဖြစ်သည်။

စာရေးသူ၏ ဆောင်းပါးတခုတွင်တွင် ပုံနိုင်းရာ၌ အစိုးရမှာ ကျားကြီး၊ လူထုက ယုန်လေးဖြစ်နေသဖြင့် အစိုးရ၏အာဏာကို ထိမ်းညှိနိုင်သည့်ညီမျှခြေ လူထုတွင်ရှိလာစေရန် လူထုအား ယုန်ကလေးများဘ၀မှ ဆင်ကြီးဖြစ်လာအောင်အသွင်ပြောင်းဘို့လိုကြောင်း တင်ပြခဲ့သည်။ စင်စစ်အားဖြင့်မူ လူထုယုန်ကလေးများအနက် ခေါင်းဆောင်တင်လိုက်သည့်တကောင်မှာမူ ဆင်ကြီးဘ၀သို့ပြောင်းလဲခဲ့ပြီး ဖြစ်သည်။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပင်။ ယင်း ဆင်ကြီးသည် ရှေ့မှာမားမားရပ်ပြီး နှာမောင်းကြီးကိုမြှောက်၊ ဖွေးဖွေးဖြူကြံ့ခိုင်သော မိမိ၏အစွယ်ကြီးကိုပင့်လျှက် ကျားကြီးကို ရဲရဲတင်းတင်းရင်ဆိုင်ကာ ယုန်ကလေးများကို ကာကွယ်စောင့်ရှောက်လိမ့်မည်ဟုမျှော်လင့်ခဲ့သည်။

သို့ရာတွင် ယင်းသို့ပြုရမည့်အစား ကံမကောင်းစွာပင် ဆင်ကြီးသည် ကျားကြီး၏ကျောကို နှာမောင်းကြီးနှင့်ပွတ်သပ်ကာ အကျွမ်းတ၀င်ပြု လျှက်ရှိသည်။ ကျားကြီး မည်သို့တော်ကြောင်းချီးမွမ်းခန်းတွေ တခုပြီးတခုဖွင့်နေသည်။ နောက်တွင် ကပ်ရက်ပါရှိနေသော ယုန်ကလေးများကို မူ မိမိ၏အမြီးကလေးမျှသာလှုပ်ခါပြပြီး ချော့မြူထားသည်။ နှစ်သိမ့်ထားသည်။ ဆင်ကြီးက လမ်းပိတ်ထားသဖြင့် ယုန်ကလေးများကလည်း ရှေ့ကိုဆက်မတက်နိုင်။ လူထုမှာ ယုန်ကလေးများဘ၀မှာပင် ရှိနေသေးသဖြင့်လည်း ကျားဆွဲမည့်အန္တရယ်ကိုကြောက်နေရဆဲရှိသေးသည်။ ဤသည်မှာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေဟု စာရေးသူရှုမြင်သည်။

အပိုင်း (၂) ကို ဆက်လက်ဖတ်ရှုပါရန်
အောင်ထူး (ရှေ့နေ)
ဒီဇင်္ဘာလ (၂၅) ရက် ၂၀၁၂ ခုနှစ်

ရည်ညွှန်းချက်များ


[i] The Rule of Law

[ii] State

[iii] Justice

[iv] Enforcement power

[v] Neutrality of police

[vi] Institutional reform

[vii] Amnesty International Report: Crimes Against Humanity in Eastern Myanmar; June, 2008.

[viii] National Reconciliation

[ix] Crime against humanity

[x] Genocide

[xi] War crime

[xii] Mediation

0 comments:

Post a Comment