ရွှေဥဒေါင်းက ၄၉ ခု မန္တလေးနှင့်ပတ်သက်၍
ရွှေမန်းဖြစ်ထွေဟု မရှေးမနှောင်းပင် ရှုမဝတွင်ရေးရာ မန္တလေးမြို့တွင်း ပြေးလွှားပုန်းရှောင်ခဲ့ရပုံ၊
မိတ်ဆွေများက လက်မခံရဲပုံပါရှိသည်။ လူထုတိုက်ဗုံးခွဲသည့်ကိစ္စတွင်
လက်နက်ကိုင်တစုဟုသာ သုံးနှုန်းသည်ဟုမှတ်မိသည်။ နောက်အခြေအနေတည်ငြိမ်ပီး ၁၉၆၁
တွင်မှ “ဗုံးခွဲပီးနောက် ဝင်းလိုက်ရုံထဲပုန်းနေသောဦးလှကို ခေါ်ခိုင်းပုံ၊
မအမာနှင့် ညီမများက သူတို့မိဘကိုထည့်ဘို့သတိမရပဲ သူ့ကိုနန်းတွင်းထဲလိုက်သွားခိုင်းပုံ (အမှန်တော့ ခြေလွန်လက်လွန်ဖြစ်မည်စိုး၍
စာရေးဆရာဝါကြီး လူကြီးသူမအနေနှင့်အားကိုးခြင်းဖြစ်သည်)၊
ခင်ဗျားတို့ရေးတာလွန်တယ်ဟု စစ်ဗိုလ်လေးတယောက်က ကြိမ်းပုံ၊
ဗိုလ်မှူးကြင်နှင့်တွေ့ပုံ”တို့ တသက်တာမှတ်တမ်းတွင် ထည့်ရေးသည်။ ဇေယျကျော်ထင်
ဗိုလ်မှူးကြင်မှာ အင်္ဂလိပ်တပ်ကပါလာသူဖြစ်ပီး ဆိုရှယ်လစ်ပါတီဝင်စစ်ဗိုလ်မဟုတ်ပါ။
ကရင်ဝင်စဉ်က လူထုမိသားစုလည်း
အခြားမန္တလေးမြို့ခံများနှင့်အတူ အာရမ်တံတိုင်းထုထည်ကောင်းသော စိန်ပန်းမစိုးရိမ်တိုက်၌ခိုလှုံကြသည်။ မြို့ကို တပ်ကပြန်သိမ်းပီးနောက်
သတင်းစာပြန်ထုတ်နေစဉ် ကျောက်သွေးတန်း လူထုတိုက်ပေါ်မှ စစ်တပ်ကိုသေနတ်နှင့်
လှမ်းပစ်သည်ဆိုပီးဝင်လာသော စစ်သားသေနတ်ကိုလက်ကကိုင်၍ “မဟုတ်ထာမပြောနဲ့၊
အပေါ်တက်ကြည့် ဘယ်သူမှမရှိဘူး” ဆိုကာ ခေါ်ပြသည်ဟု ဒေါ်အမာက ပြန်ပြောင်းပြောဘူးသည်။
“ငါက သိပ်သတ္တိကောင်းလို့တော့မဟုတ်ဘူး၊ မဟုတ်ပဲစွပ်စွဲတာ စိတ်ဆိုးလို့”။ ထို့နောက်
လူထုမိသားစုနှင့် တောခိုစစ်ဗိုလ် ဗိုလ်ကြီးလှဖေမိသားစု၊ အိမ်ဖော်မအံ့ (ဦးလှ၏
ကျွန်တော်စတီးပွဲစားမှ ဝါစက်အလုပ်သမ) စသူတို့ကို သေနတ်နှင့်ပစ်သတ်ရန်ပြင်စဉ်
ဘုန်းကြီးကဝင်ကယ်သည်။ အငယ်ဆုံး ကလေးများမှာ ၂ နှစ်ခန့်ရှိမည်။
သတင်းစာဗုံးခွဲခံရပီးနောက်တနှစ်ကျော်မှ ပြန်ထုတ်နိုင်သည်။
ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူကို
(ဖဆပလဗဟိုဦးစီးအဖွဲ့ဝင်ဟောင်း သတင်းစာဆရာတဦးနှင့် မေမြို့စစ်ကျောင်းနည်းပြဟောင်းတဦး၏ မိသားစုများ) ပစ်ခတ်ရန်ကြံမှု၊ သတင်းစာပုံနှိပ်စက်များဖောက်ခွဲမှုကို အထက်ကမည်သူအမိန့်ပေးသည် သေချာမသိရ။ ထိုအချိန်က စစ်သေနာပတိ
လက်ဖတင်နင်ဗိုလ်ချုပ်နေဝင်း၊ နန်းရင်းဝန်သခင်နုနှင့် အစိုးရမှနှုတ်ထွက်ထားသော်လည်း
စစ်တပ်ကိုသြဇာလွှမ်းသည့် ဆိုရှယ်လစ်ပါတီခေါင်းဆောင်များ၊ တာဝန်ကျတပ်မင်းများ
လူ့ပြည်တွင်မရှိတော့သည်ကများသော်လည်း တချိန်တွင် ထွက်လာပေမည်။
ကွယ်လွန်သူတင်သန်းဦး၏ဝါဒဖြန့်ကားတကားတွင် လူထုသတင်းစာက
တောတွင်းကွန်မြူနစ်များအတွက်ပုံနှိပ်ပေးနေ၍ဖြိုခွဲသည်ဟု တုံ့ပြန်ထားသည်ကိုလည်း
ကြားလိုက်ရသည်။ တိုက်ပွဲအတွင်း သတင်းစာထုတ်နေစဉ် ဦးလှက အယ်ဒီတာချစ်ညိုကို
ဗီယက်နမ်လွတ်လပ်ရေးတိုက်ပွဲအတွင်း ဟနွိုင်က ညံဇံသတင်းစာကြီး တရက်မှမပိတ်ပဲ သတင်းမှန်များ
လူထုဆီအရောက်ပို့ပေးခဲ့၍ ပြည်သူတွေ သတင်းမှန်ရပီး အားတက်ခဲ့ရသည်ဟု ဥပမာပြအားပေးသည်ဆိုသည်။
သခင်အုန်းမြင့်ပြောဘူးသော ကိုလှ မအမာတို့က သည်းခံမြိုသိပ်တတ်လို့
လူမသိတာပါဆိုသည့်စကားကိုလည်း ကြားနေမိဆဲ။
*****
ကျနော် တခါတခါ ကိုယ့်ငယ်ငယ်တုန်းက
အဖြစ်အပျက်တွေကို ပြန်စဉ်းစားကြည့်တဲ့အခါ၊ အထူးသဖြင့် အဖမ်းခံနေရတဲ့ ကာလအတွင်း၊
တိုက်ထဲမှာတယောက်တည်းနေရတုန်းမှာ ကိုယ့်အကြောင်းတွေကိုယ် ပြန်စဉ်းစားကြည့်တဲ့အခါ
ငါ့ဘ၀ရဲ့ အစောဆုံးဘယ်အပိုင်းကို မှတ်မိသလဲလို့ ပြန်စဉ်းစားကြည့်တဲ့အခါမှာ
ကျနော့်ခေါင်းထဲမှာ မှတ်မှတ်ရရပေါ်လာတာတခုက မန္တလေးမြို့ကို သူပုန်တွေကသိမ်းတဲ့အချိန်၊ ကျနော်တို့ မိသားစုကို သတ်ဖို့စီစဉ်ကြတဲ့ကိစ္စ၊ ကျနော်တို့အိမ်က
ပုံနှိပ်တိုက်ကြီးကို မိုင်းဗုံးနဲ့ခွဲတဲ့ကိစ္စ၊ အဲဒါ ကျနော်အစောဆုံးမှတ်မိတာပဲ။
ကျနော်တို့ မိသားစုကိုသတ်ဖို့ပြင်တယ်ဆိုတဲ့ကိစ္စဟာ အခုအခါမှာ ကြားဖူးသူအတော်ရှားမယ်ထင်တယ်။ သိတဲ့သူလည်း နည်းမယ်ထင်တယ်။ စာတွေဘာတွေထဲမှာ သိပ်ပြီးမပါဖူးဘူး။
အဲဒီတုန်းက သတ်မယ်လုပ်သူဟာ အဲဒီတုန်းက
မန္တလေးမြို့ထဲကိုဝင်ကြတဲ့ သူပုန်တွေမဟုတ်ပါဘူး။ မန္တလေးမြို့ကိုဝင်တဲ့
သူပုန်တွေကမျိုးစုံပါ။ ကျနော် သိသလောက်ဆိုရင် ကွန်မြူနစ်ပါတီလည်း ၀င်တယ်။
ကရင်လည်းဝင်တယ်။ ရဲဘော်ဖြူလည်း ၀င်တယ် (ရဲဘော်ဖြူဆိုတာက ပြည်သူ့ရဲဘော်ကို ပြောတာပါ)
ဒါပေမဲ့ သူတို့ကသတ်ဖို့လုပ်တာ မဟုတ်ပါဘူး။ ကျနော်တို့ မိသားစုကိုသတ်ဖို့လုပ်တာက
အစိုးရတပ်ပါ။
ကျနော့်မျက်စေ့ထဲကမထွက်နိုင်တဲ့
အဲဒီတုန်းကအဖြစ်အပျက်တွေကို ကျနော် ပြန်ပြောပြပါ့မယ်။ အဲဒီတုန်းက ကျနော်တို့နေကြတာဟာ အခု ၈၄လမ်း နဲ့ ၃၃ လမ်းထောင့်ကလူထုတိုက်နေရာ မဟုတ်ပါဘူး။ လက်ရှိနေရာမှာက
အဲဒီတုန်းက ဒုတိယကမ္ဘာစစ်တုန်းကဗုံးကျထားတဲ့ တိုက်ပျက်အုတ်ခဲပုံကြီး။ အဲလို
အုတ်ခဲပုံကြီးပေါ်မှာတဲလေးတလုံးထိုးပြီး ဘလောက်လုပ်ငန်းလုပ်နေတဲ့ မြသီတာဘလောက်တိုက်ဆိုတာပဲ ငုတ်တုပ်ရှိပါတယ်။ ကျနော်တို့က အခု ၀င်းလိုက်ရုပ်ရှင်ရုံရဲ့တောင်ဘက်က တအိမ်ခြား၊ နောင်မှာ ဦးချမ်းစားသောက်ဆိုင်ဆိုတာဖြစ်လာတဲ့ ရွှေကုန်သည်ဦးသိန်းမောင်တို့ရဲ့တိုက်ကို အောက်ထပ်မှာငှားပြီး နေကြတာပါ။ သူတို့အိမ်ရှင်များက
အပေါ်ထပ်မှာနေကြပါတယ်။ ကျနော်တို့တိုက်မျက်နှာစာမှာတော့ အမေတို့အဖေတို့က
စာအုပ်ဆိုင်လေးလို လုပ်ထားပါတယ်။ ကိုယ့်တိုက်ကထုတ်တဲ့စာအုပ်တွေရော
အခြားစာအုပ်တွေပါရောင်းပါတယ်။ ပုံနှိပ်စက်က ကျနော်တို့နောက်ဖေးက
ကျနော့်အဖိုးအဖွားများရဲ့ ဂုန္တန်းဝင်းထဲမှာပါ။ ၀ါးကပ်တဲအရှည်ကြီးတခုထဲမှာ
ဖြစ်ပါတယ်။
၁၉၄၉ ခုနှစ်တုန်းကပါ၊ ကျနော်ထင်တယ် (၄၉)
ခုနှစ် အစောပိုင်းဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီအချိန်မှာ
နွေခေါင်ခေါင်ကြီးမဟုတ်သေးပါဘူး။ နွေဦးပေါက်စ ဆိုတာမျိုးဖြစ်ပါလိမ့်မယ်။
ကျနော်အသက် သုံးနှစ်ကျော်ပေါ့၊ ဒါပေမဲ့ မန္တလေးဆိုတော့ ရာသီဥတုက နေ့လယ်မှာပူပါတယ်။
အဲဒီရက်က ကျနော့်မိဘတွေက ဘယ်ကနေ ဘာသတင်းရထားတယ် ကျနော် မသိပါဘူး။ ကျနော်က သိပ်ငယ်ပါတယ်။
ကျနော်တို့ မိသားစုတစုလုံး တထိတ်ထိတ် တလန့်လန့်နဲ့နေကြတာကိုပဲ
ကျနော်မှတ်မိနေတယ်။ အဲဒီနေ့မှာကျတော့၊ ကျနော်တို့အိမ်ထဲကို အစိုးရစစ်သားတွေ ခဏခဏ
ဝင်-၀င်လာတာလည်း ကျနော်မှတ်မိနေတယ်။ နောက်တခါ ကျနော်တို့တတွေ အဖေနဲ့အမေအိပ်တဲ့မင်္ဂလာဆောင်ခန်းဝင် ကုတင်ကြီးရဲ့နောက်မှာ အားလုံးထိုင်ပြီးပုန်းနေကြတယ်။
အဖေနဲ့အမေတို့က မင်္ဂလာဆောင်တာ မန္တလေးမှာဆောင်တာ၊ ဒါပေမယ့် အဖေက ခန်းဝင်ပစ္စည်းတွေကို
ရန်ကုန် ဘုံဘေဘားမားကုမ္ပဏီကနေ ၀ယ်လာတာ။ ခုနကပြောတဲ့ကုတင်ကြီးက
ဧရာမကျွန်းကုတင်ကြီး။ ခေါင်းရင်းပိုင်းကအကာဟာ ငါးပေလောက်မြင့်မယ်ထင်တယ်။ အဲဒီအကာကြီးနဲ့
အုတ်နံရံအကြားမှာ ကျနော်တို့မိသားစုခြောက်ယောက်။ အဲဒီတုန်းက ကျနော်ညီအငယ်ဆုံး
မမွေးသေးပါဘူး။
ကျနော်တို့အားလုံးထိုင်ပြီးပုန်းနေကြတာ။
အတော်ကြာပါတယ်။ ဘယ်နှနာရီရှိမလဲတော့ မမှတ်မိတော့ဘူး။ ဒီလိုနဲ့ အစိုးရစစ်သားတွေ
အိမ်ထဲကိုဝင်လာတာ ထပ်ကြားတယ်။ ကျနော်တို့တတွေမျက်ရိပ်ပြပြီး တိတ်တိတ်ကလေး
ထိုင်နေကြတယ်။ ကျနော်တို့အခန်းက ခပ်မှောင်မှောင်ရယ်၊ ဒါပေမဲ့
အခန်းသုံးခန်းထဲသာရှိတဲ့အဲဒီနေရာမှာ ကျနော်တို့ကို အဲဒီစစ်သားတွေက ခဏနဲ့ပဲ
ရှာတွေ့သွားတယ်။ သူတို့လက်ထဲမှာ သေနတ်တွေနဲ့ စစ်မြေပြင်ဆင်းတဲ့ပုံစံအပြည့်ပဲ။
ဗိုလ်လုပ်တဲ့သူက ကျနော်တို့ အားလုံးထွက်ခဲ့ပေါ့။ သူတို့နဲ့လိုက်ခဲ့ဖို့ပြောတယ်။
အဲ့တော့ ပုန်းနေတဲ့ကုတင်နဲ့နံရံကြားကကျဉ်းကျဉ်းလေးမို့ အဖေတို့အမေတို့
တယောက်ချင်းထွက်ကြရတယ်။ ဒီအခါမှာ ကျနော်နဲ့ကျနော့်အကိုဟာ တူတူပုန်းတဲ့အခါကစားလေ့ရှိတဲ့အတိုင်း တယောက်ကိုတယောက်လှမ်းကြည့်ပြီး အဲဒီကုတင်ကြီးရဲ့အောက်ထဲကို
အသာလှည့်ဝင်ပြီးပုန်းနေလိုက်ကြတယ်။ အခန်းက ခပ်မှောင်မှောင်ဆိုတော့ စစ်သားတွေလည်းသတိမထားမိလိုက်ကြဘူး။ အဖေနဲ့အမေနဲ့၊ အမနဲ့နှမပေါ့လေ သူတို့ကိုပဲခေါ်သွားပြီးတော့ ကျနော်တို့နှစ်ယောက်တည်းကျန်နေခဲ့ကြတယ်။ ကျနော်တို့နှစ်ယောက် ကုတင်အောက်မှာ တယောက်မျက်နှာတယောက်ကြည့်ပြီး ပြုံးနခဲ့ကြတယ်။ ဘာရယ်မဟုတ်ဘူး၊ ကလေးပြုံးပြုံးကြတာပဲ။
နောင်မှာ ကျနော်တို့ကြီးလာကြတော့လည်း
ဒီကိစ္စဘာမှ ပြန်မမေးဖြစ်ဘူး။ တယောက်နဲ့တယောက် ဒီအကြောင်း စကားမစပ်ကြတော့ဘူး။
ကျနော်တို့မိဘတွေနဲ့တောင် ပြန်မပြောမိကြတော့ဘူး။ ပြန်မစဉ်းစားချင်တော့တဲ့
ကိစ္စတခုလိုဖြစ်သွားတယ်။ ဒီလိုနဲ့ အတော်လေးနေတော့မှ “နှစ်ယောက်လိုသေးတယ်၊ နှစ်ယောက်လိုသေးတယ်” ဆိုပြီး စစ်သားတွေပြန်ဝင်လာတယ်။ အဲဒီကျတော့ ကျနော်တို့ပုန်းလို့မရတော့ဘူး။ တွေ့သွားတော့ ကျနော်တို့နှစ်ယောက်ကို ကုတင့်အောက်က
ထွက်လာခိုင်းတယ်။ နောက် အပြင်ကိုထုတ်လာတော့ အပြင်မှာ ကျနော့်အဖေ၊ ကျနော့်အမေ၊
ကျနော့်အမနဲ့ ကျနော့်နှမတို့ကိုတွေ့ရတယ်။ ၀င်းလိုက်ရုပ်ရှင်ရုံနဲ့မျက်နှာချင်းဆိုင် ကျနော့်အဖိုးနဲ့အဖွားပိုင်တဲ့ အောင်မြန်မာစက္ကူဆိုင် ဆိုတာရှိတယ်။
တထပ်တိုက်တန်းကြီးတခုပါ။ အဲဒီ တထပ်တိုက်တန်းဟာ အုတ်ခုံအမြင့်ခံပြီးဆောက်ထားတာပါ။
အဲဒီအရှေ့မှာပဲ အားလုံးကိုတန်းစီပြီး ရပ်ခိုင်းထားတာတွေ့ရတယ်။ ကျနော်တို့ညီအစ်ကိုလည်း ကျန်တဲ့မိသားစုတွေနဲ့ဝင်ပြီး ၀င်ပြီးတန်းစီရတာပေါ့။ ကလေးဆိုတော့
ကျနော်တို့ကိုပစ်သတ်ဖို့ပြင်နေတယ်ဆိုတာ သိပ်ပြီးရှင်းရှင်းလင်းလင်း
သိတာမဟုတ်ဘူး။ သဲသဲကွဲကွဲ သိတာမဟုတ်ဘူး။ သဘောတော့ပေါက်တဲ့ပုံရှိတယ်။ ဒါပေမဲ့
ကြောက်ရမှန်းမသိတာ အမှန်ပဲ။
အစိုးရစစ်သားတွေက သေနတ်ကိုကျည်ထိုးပြီး
ပစ်မိန့်ကိုစောင့်နေကြပြီ။ အဲဒီတုန်းက ကျနော်တို့ပတ်ဝန်းကျင်မှာ ဒီအဖြစ်တွေကို
ဝိုင်းပြီးကြည့်နေကြတဲ့လူ(၃၀-၄၀) လောက်ရှိမယ်ထင်တယ်။ ခဏနေတော့ အဲဒီဘေးကကြည့်နေတဲ့သူတွေ၊ အထူးသဖြင့် သံဃာတွေက စစ်သားတွေကို ဒီလိုမလုပ်ဖို့ ၀ိုင်းပြီးမေတ္တာရပ်ခံကြတယ်။ သူတို့အချိန်အတော်လေးပြောရတယ်။ ဘယ်လောက်ကြာလဲတော့ အတိအကျမမှတ်မိတော့ဘူး။ အဓိက ဖြောင်းဖြတဲ့အထဲမှာက ဘုရားကြီးအနောက်ဖက်
(တောင်ထီးလင်းတိုက်) ပေပင်ကျောင်းကဆရာတော်ဦးကောဝိဒပါတယ်၊ အဲဒီတုန်းကတော့
ဦးဇင်းပေါ့။ နောက်ဆုံးကျတော့ အဲဒီစစ်ဗိုလ်ကလက်ခံသွားပြီး ကျနော်တို့ကို
ပြန်လွှတ်လိုက်တယ်။ ကျနော်တို့မိသားစုဟာ အဲဒီဆရာတော်ကို တသက်လုံး ကျေးဇူးရှင်လိုသဘောထားပြီး ကျနော်တို့အိမ်က သူ့ဆီကိုအပတ်တိုင်းဆွမ်းပို့ပေးပါတယ်။ စစ်သားက
ကျနော်တို့ကို ပြန်လွှတ်ပေးတဲ့နောက်မှာ သံဃာတော်တွေကိုကန်တော့ကြ၊
ဝိုင်းပြောပေးကြတဲ့ ရပ်ကွက်ထဲကလူတွေကို ကျေးဇူးတင်စကားပြောကြ၊ အဲဒါတွေတော့
ကျနော်မှတ်မိနေတယ်။ အဲဒီတုန်းက ကျနော်တို့က ဘာမှပြောတတ်တာ၊ သိတတ်တာမဟုတ်တဲ့အခါကျတော့ အမေအဖေတို့ရဲ့လှုပ်ရှားမှုမှန်သမျှကို မျက်စိအ၀ိုင်းသားနဲ့ ကြည့်နေကြတာ။
ကျနော်တို့အိမ်မှာ ကျနော်တို့တွေရဲ့ဓာတ်ပုံတွေကိုထည့်ထားတဲ့ ဓာတ်ပုံအယ်လ်ဘမ်အညိုရောင်လေး တအုပ်ရှိတယ်။ အတော့်ကိုဟောင်းနေပြီ။ အထဲက ဓာတ်ပုံတွေကလည်း ၀ါတာဝါနေပြီ။ ကျနော်တို့နည်းနည်းကြီးလာတဲ့အခါကျတော့ အဲဒီ အယ်လဘမ်လေးကို မကြာခဏလှန်ကြည့်တတ်ကြတယ်။ ဒါဘယ်သူပဲ ဒါဘယ်သူပဲဆိုပြီး ကိုယ့်ပုံကိုယ်လည်းကြည့် အင်မတန် စိတ်ချမ်းသာကြတာပေါ့။ အဲဒီ လူရုပ်ပုံအမျိုးစုံပါတဲ့ အဲ့ဒီအယ်လ်ဘမ်ထဲမှာ လက်ရေးမူစာတစောင်ကိုလည်း ဓာတ်ပုံရိုက်ပြီးတော့
ညှပ်ထားတာ ထူးထူးခြားခြားတွေ့ရပါတယ်။ ကျနော်မှတ်မိသလောက်ဆိုရင် အဲဒီစာပါအကြောင်းအရာက ဦးလှနဲ့ဒေါ်အမာတို့ကို ဒုက္ခမပေးဖို့ တပ်တွေကိုညွှန်ကြားထားတဲ့ဟာပါ။
လက်မှတ်ထိုးထားတာက အဲဒီတုန်းက မန္တလေးမြို့သိမ်းတပ်မှူး ဗိုလ်မှူးကြင်ပါ။
ဗိုလ်မှူးကြင်ဆိုတာက ဆိုရှယ်လစ်ပါတီနဲ့ဘာမှမပတ်သက်ဘူး။ လူရိုးလူကောင်းဆိုပြီး
တပ်ထဲမှာနာမည်ကြီးတဲ့ပုဂ္ဂိုလ်။ နောက်ကျတော့ ပြည်တွင်းစစ်မှာပဲ သူကျဆုံးသွားတယ်။
ဗိုလ်မှူးကြင်လက်မှတ်နဲ့ အဲဒီစာလေးရှိပါတယ်။ ဒီစာကို ကျနော်တို့အိမ်ထဲ
အစောပိုင်းဝင်သွားတဲ့ စစ်သားတွေကပေးသွားတာပါ။ ဒီစာရှိလျက်နဲ့ နောင်မှာဘာဖြစ်လို့
ထုတ်သတ်ဖို့ ဖစ်လာလဲဆိုတာတော့ ကျနော်လည်း ကျနော့်အဖေ အမေကိုမမေးမိလို့
မသိတော့ဘူး။
အဲဒီနောက်မှာတော့ ကျနော်တို့
လူထုသတင်းစာတိုက်ရဲ့စာပုံနှိပ်စက်ကို မိုင်းဗုံးနဲ့ခွဲတဲ့ကိစ္စဖြစ်တာပဲ။
ကျနော်ထင်တာတော့ အထက်ကအဖြစ်အပျက်တွေပြီး နောက်တနေ့လောက်လို့ထင်တယ်။ ဆက်တိုက်ပဲ။
ကျနော်တို့ စာပုံနှိပ်စက်ကို အစိုးရတပ်က မိုင်းဗုံးနဲ့ခွဲတော့မယ်ဆိုတဲ့အကြောင်း
အိမ်ကိုကြိုတင်အကြောင်းကြားထားတဲ့ သဘောရှိတယ်။ ကျနော်တို့အိမ်က လူတွေအားလုံး
ကြိုသိနေကြတယ်။ ဒီလိုနဲ့ နေ့လယ်ပိုင်းမှာ ကျနော်တို့နားစွင့်နေတုန်းမှာပဲ ‘၀ုန်း’
ဆိုတဲ့အသံကြီးတသံ ကြားလိုက်ရတယ်။ အဖေနဲ့ အမေတို့ မျက်နှာတည်သွားတာကျနော် အခုထိ
မှတ်မိနေတယ်။ ညနေပိုင်းကျတော့ ကျနော် အဲဒီကို သွားကြည့်တယ်။ ပုံနှိပ်စက်က
ကျနော်တို့နောက်ဖေးက ဂုန္တန်ဝင်းထဲမှာ။ အဲဒီတုန်းက ပုံနှိပ်စက်အဆောက်အဦးထဲမှာ
ဝါးကပ်တဲကြီးထဲမှာက သတင်းစာရိုက်တဲ့ အင်္ဂလန်နိုင်ငံလုပ် ‘ပိန်း’ စက်ကြီးရှိတယ်၊
နောက် ‘ချန်ဒလာ’ ဆိုတဲ့ပုံနှိပ်စက်အငယ်လေးတွေရှိတယ်။ နောက် စက္ကူဖြတ်စက်ရှိတယ်။
နောက် စာစီခုံတွေအများကြီးရှိတယ်။ ကျနော်ရောက်သွားတဲ့အခါ ကျတော့ကပ်တဲကြီးလည်း
ပြိုနေပြီ။ သတင်းစာရိုက်တဲ့စက်ကြီးလည်းပျက်လို့။ စာစီခုံတွေနဲ့ခဲစာလုံးတွေကလည်းဖရိုဖရဲနဲ့ အင်မတန်ကို ၀မ်းနည်းကြေကွဲစရာကောင်းတဲ့ ဒေါသဖြစ်စရာကောင်းတဲ့
မြင်ကွင်းပဲ။
ကျနော့်အသက်က ခုနက ပြောခဲ့သလိုပဲ (၃)
နှစ်ကျော်လေးပဲ၊ ငယ်ငယ်လေးပဲ။ ဒါပေမဲ့ ဒီလိုလုပ်တာကို အနိုင်ကျင့်တာပဲလို့တော့
ခံစားမိတယ်။ ၀မ်းလည်းနည်း ဒေါသလည်းအင်မတန်ဖြစ်ခဲ့တယ်။ အခုရေးခဲ့တာဟာ ၃- ၄ နှစ်သား
တဦးက ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်လို့ ဒါ ကျနော် မှတ်မိသလောက်လေးပဲဖြစ်တယ်။ လပ်နေတဲ့
ကွက်လပ်တွေကို ကျန်တဲ့သူတွေ၊ ခုနက ကျနော့်မိသားစုတွေ ဖြည့်နိုင်ပါလိမ့်မယ်။
အဲဒီလပ်နေတာဟာ ကျနော် ပြောတာရဲ့ (၁၀) ဆလောက်ရှိမယ်လို့ ထင်ပါတယ်။
ရဲဘော် ဖိုးသံချောင်း
http://bobolansin.wordpress.com/2011/04/23/%E1%80%97%E1%80%99%E1%80%AC%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%80-%E1%80%85%E1%80%85%E1%80%B9%E1%80%A1%E1%80%AC%E1%80%8F%E1%80%AC%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%99%E1%80%BA%E1%80%AC/
0 comments:
Post a Comment