Wednesday, December 19, 2012

ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှုသမိုင်း-အပိုင်း ၁၁ (မောင်လှဝင်း-မြင်းခြံ)

0 comments

ဖေဖော်ဝါရီတော်လှန်ရေးတွင် အလုပ်သမားတို့သည် ဓနရှင်လူတန်းစား၏ထောက်ခံ မှုနှင့် အောင်ပွဲဆင်နွှဲနိုင်ခဲ့သည်။ ပစ္စည်းမဲ့လူတန်းစားသည် သူတို့ကိုယ်သူတို့ ဖေဖော် ဝါရီတော်လှန်ရေး၏အောင်ပွဲခံသူ၊ အနိုင်ရလိုက်သူဟူ၍ ခပ်ရိုးရိုးသဘောထားခဲ့ သည်။ ကြေညာခဲ့သည်။ သို့ရာတွင် သူတို့သည် လမ်းမပေါ်ကတိုက်ပွဲများမှာ ဆက်လက်အနိုင်ယူဖို့လိုပေလိမ့်ဦးမည်။ သူတို့သည် ဓနရှင်လူတန်းစားကိုဆန့်ကျင်ရုံ သာဆန့်ကျင်ပြီး တိုက်ပွဲများနှင့်တိုက်ခိုက်ခြင်းမပြုပါက သူတို့၏အခြေအနေ မည်သို့မျှကောင်းလာနိုင်မည်မဟုတ်ဟူသော အချက်အပေါ် လေးနက်ရပေလိမ့် ဦးမည်။ ပစ္စည်းမဲ့လူတန်းစားအတွက် ဆုံးဖြတ်ချက်အမြန်ချဖို့လိုလာသည်။
ဘလန်ကွီးအပါအဝင် ခေါင်းဆောင်တစုဦးဆောင်ပြီး ဆန္ဒပြပွဲလုပ်သည်။ အစိုးရအဖွဲ့ထဲမှာ အလုပ်သမားကိုယ်စားလှယ်ပါဝင်စေရေး၊ အလုပ်ဆိုင်ရာဌာနတခု ဖွဲ့စည်းပေးရေးတို့ကို တောင်းဆိုခဲ့သည်။ ဘလန်ကွီးဦးဆောင်သည့် (၆)ဦးကော်မတီတော်လှန်ရေးအဖွဲ့ ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာသည်။
ဤသည်က မေလ ၁၅ ရက်နေ့မှာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။သူတို့သည် အမျိုးသားလွှတ်တော်ထဲသို့သွားပြီး ပစ္စည်းမဲ့လူတန်းစား ၏ တော်လှန်ရေးသြဇာပြန်လည်တက်လာစေရေးအတွက် အချည်းနှီးကြိုးစားကြည့်သည်။ တောင်းဆိုကြည့်သည်။ ရလဒ်ကမူ ခေါင်းဆောင်လုပ်သူတွေကို ဓနရှင်တို့၏ထောင်သားများအဖြစ် ကိုယ်ထိလက်ရောက်အပ်နှံလိုက်ရခြင်းသာဖြစ် ခဲ့လေသည်။ အဲလ်ဘတ်ရက်စပီးလ်၊ Barbe နှင့် Sobrier တို့အဖမ်းခံလိုက်ရပြီး Vincennes အကျဉ်းထောင်မှာ အကျဉ်းချ ထားခြင်းခံလိုက်ရသည်။ ရက်အနည်းငယ်အကြာတွင် ဘလန်ကွီးကိုယ်တိုင်အဖမ်းခံလိုက်ရပြန်သည်။ “ဒါမျိုးတွေ အဆုံး သတ်ပစ်ရမယ်”တဲ့။ ဒီလိုတောင်းဆိုလာတာတွေကို ခွင့်မပြုနိုင်ဆိုသည့်သဘော။ ဤသည်က လွှတ်တော်ထဲမှ အာဏာပိုင်များ၏တုံ့ပြန်ချက်ပါ။ ဤအချက်က ပစ္စည်းမဲ့တို့အား ပြတ်သားသည့်တိုက်ပွဲကိုဆင်နွှဲစေဖို့ တွန်းဆော်ပေးလိုက်သည်။ အမျိုးသားလွှတ်တော်အာဏာပိုင်အဖွဲ့သည် ပစ္စည်းမဲ့တို့ဒေါသထွက်စေမည့်အမိန့်တွေကို တသီတတန်းကြီးထုတ်ပြန်ခဲ့ သည်။ ပြည်သူလူထု လွတ်လပ်စွာစုရုံးခွင့်ကိုတားမြစ်သောအမိန့်နှင့် အလားတူအမိန့်မျိုးတွေဖြစ်သည်။ အလုပ်သမားထုက အမျိုးသားလွှတ်တော်အပေါ် နာကြည်းရသည်။ ဒေါသထွက်ကြရသည်။ သို့ရာတွင် တကယ်တမ်းတိုက်ပွဲဖြစ်လာရခြင်း အကြောင်းရင်းသည် အမျိုးသားအလုပ်စခန်းတပ်ဖွဲ့ပြဿနာက စခဲ့ခြင်းဖြစ်သည်။ အာဏာပိုင်အဖွဲ့သည် အမျိုးသားအလုပ်စခန်း တပ်ဖွဲ့အတွင်းဝင်ခွင့်ပြုရေးတွင် အခက်အခဲအတားအဆီးများ ပိုမို၍လုပ်လာကြသည်။ (ဓနရှင်တွေက ဘုံရန်သူအဖြစ် သဘောထားခဲ့ကြသည့်တပ်ဖွဲ့မဟုတ်ပါလား) တနေ့ချင်းလုပ်ခပေးမည့်အစား လုပ်ခကိုအရစ်ကျပေးခြင်းဖြင့် အစားထိုးလာ သည်။ ပဲရစ်မှာမွေးဖွားသူမဟုတ်သောအလုပ်သမားတွေကို မြေလုပ်ငန်းအလုပ်ခိုင်းရန်အတွက် Sologna သို့ ပြောင်းရွှေ့ပစ်လိုက်သည်။ ဒါဟာ နယ်နှင်ဒဏ်ပေးလိုက်ခြင်းသာဖြစ်၏။ ပြန်လည်ထွက်ပြေးလာသည့်အလုပ်သမားတွေက ဒီအကြောင်းတွေကို ဘဝတူတခြားရဲဘော်များအား ပြန်ပြောပြသည်။ အာဏာပိုင်တို့အကြောင်းဖွင့်ချလိုက်သည်။ နောက်ဆုံး၌ ဂျွန်လ (၂၅)ရက်နေ့တွင် လက်မထပ်ရသေးသူများဖြစ်ပါက အမျိုးသားအလုပ်စခန်းကနေထုတ်ပစ်ဖို့၊ တပ်ထဲတွင်လက်မခံဖို့ အမိန့်ထုတ်လာသည်။ အလုပ်သမားများအတွက် ရွေးလမ်းမရှိတော့။ ငတ်သေ မလား။ ဒါမှမဟုတ် တိုက်ရင်းပျံသန်းမလား။ (တိုက်ရင်း သေမလား။) ဤမေးခွန်းကို အလုပ်သမားများက ဂျွန်လ (၂၅)ရက်နေ့မှာ အကြီးမားဆုံးသောလူထုအုံကြွမှုကြီးနှင့် အဖြေပေးလိုက်သည်။ ဒီတိုက်ပွဲသည် ခေတ်သစ်လူ့အဖွဲ့အစည်းအတွင်း ကွဲပြားခြားနားနေသောလူတန်းစား (၂)ရပ်တို့အကြား ပထမဆုံးအကြိမ်  ကြီးမားသည့်တိုက်ပွဲတပွဲပင်ဖြစ်သည်။ ဓနရှင်စနစ်ကိုဆက်လက်ထိန်းသိမ်းကာကွယ်ရေးနှင့် ဖြိုချဖျက်ဆီးရေး တို့အကြားကတိုက်ပွဲလည်းဖြစ်သည်။ သမ္မတနိုင်ငံဆိုတာ၏ အတွင်းသရုပ်ကိုဖုံးကွယ်ပေးထားသည့် မျက်နှာဖုံးဇာပုဝါပါးသည် လည်း အပိုင်းပိုင်းစုတ်ပြတ်ကုန်သည်။
အလုပ်သမားတို့၏ ဤတိုက်ပွဲသည်ကျော်ကြားခဲ့ပါသည်။
သူတို့မှာ တူညီသောဘုံစီမံကိန်းဆိုသည်လည်း မရှိ။ နည်းလမ်းနည်းနာများလည်း မရှိ။ အလုပ်သမားအများစုမှာ လက်နက်မရှိ။ ကာကွယ်ရေး လှုပ်ရှားတပ်၊ ပဲရစ်အမျိုးသားကာကွယ်ရေးတပ်နှင့် ပြည်လုံးဆိုင်ရာအမျိုးသားကာကွယ်ရေးတပ်တို့သည် ပြည်နယ်များမှနေ၍ တဖွဲဖွဲရောက်ရှိ လာကာစုစည်းပြီး ငါးရက်တိုင်တိုင်အလုပ်သမားထုကိုရင်ဆိုင်စောင့်ကြပ်ထားကြသည်။ ဤကြားထဲမှနေ၍ အလုပ်သမားတို့သည် ယခင်က စံနမူနာမရှိခဲ့ဖူးသေးသည့် သူရသတ္တိနှင့်ပါးနပ်လိမ္မာမှုတို့ကိုပြသခဲ့ကြသည်။ သည့်အပြင် ဤတိုက်ပွဲတွင်ကျော်ကြားမှုနောက်တခုလည်း ရှိသေးသည်။ ဓနရှင်လူတန်းစားသည် သူတို့၏သေလုမတတ်နာကြည်းခံပြင်းမှု အတွက်လက်စားချေသည့်အနေနှင့် တခါမျှမကြုံဖူး၊ မကြားဖူးသေးသောရက်စက်ကြမ်းကြုတ်မှုကိုလုပ်ခဲ့သည်။ အစုလိုက်အပြုံလိုက် ဖမ်းဆီးထားသော လူ (၃,ဝဝဝ)ကို အကုန်သတ်ပစ်လိုက်သော လူသတ်ပွဲကြီးပင်ဖြစ်သည်။ ဂျွန်လ ရှုံးနိမ့်မှုကိုစာရင်းချုပ်ကြည့်လိုက်သည့်အခါ အလုပ်သမားနှင့်တော်လှန်သောလူထုအတွင်းမှ အသတ်ခံရသူ (၁၁,ဝဝဝ)။ အဖမ်းခံရသူ (၂၅,ဝဝဝ)။ နယ်နှင်ခံရသူ (၃၅ ,ဝဝဝ)ကျော်ရှိခဲ့သည်။ ပြင်သစ်ဒီမိုကရေစီ၏ တရားဝင်ကိုယ်စားလှယ်တို့သည် သမ္မတနိုင်ငံအပေါ်စူးစူးနစ်နစ်ယုံကြည်ချက်ပြင်းထန်ခဲ့ကြသည်။ မည်မျှယုံကြည်လိုက်သနည်းဆိုလျှင် ဤအရေးအခင်းဖြစ်ပွားပြီး သီတင်းပတ်တချို့ကြာလာသည့်အချိန်မျိုးရောက်မှသာ ဂျွန်လတိုက်ခိုက်မှု၏အရေးပါသည့်လကဏာကို သူတို့ စတင်မှန်းဆ လာနိုင်ခဲ့ကြသည်။ သေနတ်ယမ်းမီးခိုးငွေ့တွေအကြား သူတို့ကိုးစားယုံကြည်ခဲ့သည့်သမ္မတနိုင်ငံဆိုတာကြီး အရည်ပျော်ပျောက်ကွယ်သွားသောကြောင့်သူတို့မှင်တက်မေ့မောကုန်ကြသည်။ ဖေဖော်ဝါရီတော်လှန်ရေးတုန်းကအခြေအနေကို တချက်လောက် ပြန်ပြောင်းကြည့်ကြဦးစို့။ ထိုစဉ်က “ညီနောင်သဖွယ်ချစ်ကြည်ရေး”ဆိုသည်ကိုကြွေးကြော်ခဲ့ကြသည်။ ပဲရစ်မြို့၏မျက်ခုံးပေါ်မှာတောင်မှ စာလုံးကြီးတွေနှင့်ရေးထိုးထားခဲ့သည်။ အကျဉ်းထောင်အသီးသီးမှာရော စစ်တန်းလျားတွေမှာပါ ဒီကြွေးကြော်သံပါပဲ။ ချစ်ကြည်ရေးတဲ့။ ရန်ဘက်လူတန်းစား (၂)ရပ်ရဲ့ချစ်ကြည်ရေးပါ။ လူတန်းစားတရပ်က အခြားလူတန်းစား တရပ်ကိုသွေးစုပ်နေတဲ့ချစ်ကြည်ရေးပါ။ ယခုအချိန်ရောက်တော့ ဒီကြွေးကြော်သံ၏ အရောအနှောမပါဘဲ တကယ့် အစစ် အမှန်ဖော်ပြချက်ကတော့ “ပြည်တွင်းစစ်”သာလျှင်ဖြစ်ပေသည်။ ကြောက်စရာ အကောင်းဆုံးပုံသဏ္ဌာန်နှင့်ပြည်တွင်းစစ်….။ အလုပ်နှင့်အရင်းအကြားက စစ်ပွဲ။ ဂျွန်လ (၂၅)ရက်နေ့ညနေပိုင်းတွင် ချစ်ကြည်ရေးဆိုသည်ကို ဝါးမြိုပစ်လိုက်သော မီးတောက်မီးလျှံတို့သည် ပဲရစ်မြို့ကပြတင်းပေါက်တွေအားလုံး၏ရှေ့မှောက်တွင် လောင်ကျွမ်းပြာကျခဲ့ပါပကော။ ဂျွန်လ ရှုံးနိမ့်မှုအတွင်း ဥရောပအာဏာရအုပ်စိုးသူများက လျှို့ဝှက်ချက်တခုကိုဖွင့်လှစ်ဖော်ပြလိုက်သည်။ ၎င်းမှာ ပြင်သစ်ပြည်တွင်း ပြည်တွင်းစစ်ဆိုသည်ကို ဆင်နွှဲနိုင်ဖို့အတွက် ဥရောပအာဏာရအုပ်စိုးသူအချင်းချင်း ပြည်ပမှာ ဘယ်လိုတန်ဘိုးပဲပေးရပေးရ သူတို့အကြားကငြိမ်းချမ်းရေးကို ထိန်းသိမ်းထားဖို့ နားလည်မှုယူလိုက်ကြခြင်းပင်ဖြစ်သည်။ ဤနည်းဖြင့် သူတို့၏အမျိုးသားလွတ်မြောက်ရေးအတွက်တိုက်ပွဲကို စတင်ဆင်နွှဲနေကြသူပြည်သူများသည် ရုရှား၊ သြစတီးရီးယားနှင့်ပရပ်ရှားဆိုသောအင်အားကြီးနိုင်ငံတို့၏ ဝိုင်းပယ်စွန့်ပစ်ထားခြင်းကိုခံလိုက်ကြရသည်။ တချိန်တည်းတွင် အမျိုးသားတော်လှန်ရေးတိုက်ပွဲများသည် ပစ္စည်းမဲ့တော်လှန်ရေးကံကြမ္မာနှင့်တသီးတခြားဖြစ်ပြီးကင်းကွာနေလျှင် ၎င်းတို့ အားလုံးတို့၏အချုပ်အခြာအာဏာပိုင်မှု၊ ဆိုရှယ်လစ်တော်လှန်ရေးကြီး၏လွတ်လပ်အမှီခိုကင်းမှုစသည်တို့အားလုံး လုယူတိုက်ဖျက်ခြင်းခံရမည်မှာမုချဖြစ်ကြောင်း ပိုမိုထင်ရှားပေါ်လွင်လာသည်။ အလုပ်သမားများ ကျွန်အဖြစ်မှာရှိနေသေးသမျှ ဟန်ဂေရီလည်း မလွတ်မြောက်နိုင်၊ ပိုလန်နှင့်အီတလီတို့သည်လည်း မလွတ်လပ်နိုင်သေး။
ချုပ်လိုက်လျှင် ဥရောပတိုက်သည် ဓနရှင်လူတန်းစား၏သူတော်စင်မဟာမိတ်ဖွဲ့မှုနှင့်အတူ ပုံသဏ္ဌာန်အနေအထားတရပ်ကို ရယူလိုက်ပြီဖြစ်သည့်အတွက် ပြင်သစ်ပြည်ပစ္စည်းမဲ့တို့၏အုံကြွတော်လှန်မှုတိုင်းတို့သည် ကမ္ဘာ့စစ်ပွဲတခုနှင့် တိုက်ရိုက်အချိန်ကိုက်အောင် ညှိဖို့လိုအပ်လာသည်။ ပြင်သစ်ပြည်က အသစ်ဖြစ်ပေါ်လာမည့်တော်လှန်ရေးသည် သူ၏အမျိုးသားနယ်မြေဆိုသည်ကိုစွန့်ပစ်ထားခဲ့ပြီး ဥရောပတိုက်၏ ကျယ်ပြန့်သည့်နယ်မြေတလွှားကိုအောင်နိုင်ဖို့လိုလာသည်။ ဤအခြေအနေပေါ်ကသာ (၁၉)ရာစုနှစ်၏ တော်လှန်ရေးတရပအောင်ပွဲဆင်နိုင်မှာဖြစ်သည်။ (သူတော်စင်မဟာမိတ်ဖွဲ့ မှုဆိုသည်မှာ ၁၈၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် ရုရှား၊ အင်္ဂလိပ်၊ ဂျာမဏီနှင့်သြစတီးရီးယား စသည့်အင်အားကြီးနိုင်ငံတို့က သူတို့အချင်းချင်း သူတော်စင်မဟာမိတ်အဖွဲ့ သို့မဟုတ် မွန်မြတ်သောမဟာမိတ်အဖွဲ့ ဖွဲ့လိုက်ကြခြင်းကိုဆိုလိုသည်။ အနှစ် ၂ဝ စာချုပ်တရပ်လည်း ချုပ်ဆိုခဲ့ကြသည်။ အဓိကအနှစ်သာရမှာ သူတို့အချင်းချင်းရိုင်းပင်းကူညီရေးပင်ဖြစ်သည်) ပြင်သစ်ပြည်က ဥရောပတော် လှန်ရေးကိုစတင်သူဖြစ်လာနိုင်စေသည့်အခြေအနေအားလုံးကို ဤနည်းဖြင့် ဇွန်လတော်လှန်ရေးကဖန်တီးပေး ခဲ့ခြင်းဖြစ်သည်။ ဇွန်လတော်လှန်ရေး၏သွေးအိုင်ထဲမှ တူးဖော်ထုတ်ယူလိုက်ပြီးမှသာလျှင် သုံးရောင်ခြယ်အလံသည် ဥရောပတိုက်၏အလံတလက်အဖြစ် ရောက်လာခဲ့ခြင်းဖြစ်သည်။(ဤအလံသည် နပိုလီယံသုံးခဲ့သောအလံဖြစ် သည်။ နောက်ပိုင်းတွင် ဓနရှင်သမ္မတဂိုဏ်းသားတွေကလည်းအသုံးပြုခဲ့သည်။) ပစ္စည်းမဲ့တို့ကကြွေးကြော်လိုက်သည်။ ကြေညာလိုက်သည်။
“တော်လှန်ရေး သေဆုံးသွားခဲ့လေပြီ။ တော်လှန်ရေး အဓွန့်ရှည်ပါစေ”
•                           •                           •                           •                           •
ပြင်သစ်ပြည် (၁၈၄၈)ဖေဖော်ဝါရီတော်လှန်ရေးနှင့် ဇွန်လရှုံးနိမ့်မှုအရေးအခင်းတို့အပေါ် အိန်ဂယ်၏ ကြည့်မြင်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။ မာ့က်စ်ရေးသားဖော်ပြခဲ့သည့်အတိုင်း ၁၈၄၈ ‘ဆိုရှယ်’တော်လှန်ရေးမှ ခွဲထွက်လာသော ဓနရှင်သမ္မတနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် ဓနရှင်ကြီးလူတန်းစား၏လက်တွင်း တကယ့်အာဏာစုစည်းမိနေခြင်းပင်ဖြစ်သည်။ အခြားတဖက်တွင်မူ လူမှုလူတန်းစားအသီးသီးတို့သည် စုဖွဲ့လာမိကြသည်။ ပစ္စည်းမဲ့လူတန်းစား၏ပတ်လည်တွင် ဓနရှင်လူတန်းစားတို့စုစည်းမိသကဲ့သို့ လယ်သမားလူတန်းစားလည်း စုဖွဲ့မိလာသည်။ သည့်အတွက် စုပေါင်းအောင်ပွဲရရှိချိန်နှင့်ရပြီးကာစအချိန်တို့တွင်အဆုံးအဖြတ်ဖြစ်လာသောအင်အားစုသည် အတွေ့အကြုံပေါ်မှာ အသိဉာဏ်ရင့်ကျက်လာသောပစ္စည်းမဲ့လူတန်းစားသာဖြစ်ခြင်းကြောင့် အလားအလာအားလုံးတို့သည် လူနည်းစုတို့၏တော်လှန်ရေးဘက်သို့မဟုတ်ဘဲ လူများစုတို့၏တော်လှန်ရေးဘက်ဆီသို့လှည့်ပြောင်းလာပြီလော။ ကျွန်တော်တို့နှင့်အလားတူ ယင်းသို့ထင်မြင်ယူဆသူများအားလုံးမှားယွင်းကြောင်း သမိုင်းကသက်သေပြခဲ့သည်။ ထိုအချိန်က ဥရောပတိုက်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေသည် အရင်းရှင်စနစ်ထုတ်လ်ုရေးမှလွတ်မြောက်ရန် ရင့်မှည့်မှုမရှိသေးပါ။ (၁၈၄၈)ခုနှစ်က စပြီး စီးပွားရေးဆိုင်ရာတော်လှန်ရေးသည် ဥရောပတတိုက်လုံးကိုလွှမ်းခြုံခဲ့သည်။ ထို့ကြောင့် စက်မှုလက်မှုလုပ်ငန်းကြီးများသည် ပြင်သစ်၊ သြစတီးရီးယား၊ ဟန်ဂေရီ၊ ပိုလန်နှင့်များမကြာမီကာလက ရုရှားပြည်မှာပင်လျှင် အစစ်အမှန်အမြစ်တွယ်လာခဲ့သည်။ ယင်းအချိန်မှာပင် ၎င်းသို့သောအခြေအနေက ဂျာမဏီပြည်ကို ပထမတန်းစားစက်မှုနိုင်ငံ အဖြစ်သို့ရောက်ရှိစေခဲ့သည်။ (၁၈၄၈)ခုနှစ်ကာလတွင် ဂျာမဏီပြည်၌လုပ်ငန်းအားလုံးတို့သည် အရင်းရှင်စနစ်အခြေခံပေါ်မှာ တည်ရှိနေကြသည်ဖြစ်ရာ နယ်မြေချဲ့ထွင်ဖို့ကြီးမားသောစွမ်းဆောင်ရည်ရှိနေဆဲပင် ဖြစ်၏။ စက်မှုတော်လှန်ရေးက နေရာတကာမှာ လူတန်းစားဆက်သွယ်မှုများကို ထုတ်လုပ်ပေးခဲ့သည်။ အရှေ့ဥရောပတိုက်မှာဆိုလျှင် လက်မှုလုပ်ငန်းကသည်ပင်လျှင် ဓနရှင်လူတန်းစားစစ်စစ်တရပ်နှင့်အရေအတွက် ကြီးမားသောပစ္စည်းမဲ့လူတန်းစားစစ်စစ် တရပ်ကိုဖန်တီးမွေးထုတ်လိုက်ပြီး လူမှုဆက်ဆံရေးတိုးတက်မှုအတွက် ရှေ့ပြေးအဖြစ်တွန်းပို့လိုက်ပါသည်။ ဤသို့သော ကြီးမားသည့် လူတန်းစား(၂)ရပ်အကြားက (အင်္ဂလန်မှလွဲ၍ ၁၈၄၈ ခုနှစ်တွင်ပဲရစ်နှင့် စက်မှုအချက်အချာနေရာများမှာသာ ရှိခဲ့သည့်) ဒီတိုက်ပွဲသည် ဥရောပတတိုက်လုံးသို့ပျံ့နှံ့သွားခဲ့သည်။ ယင်းအချိန်က ဒေသနှင့်အမျိုးသားအရ မတူကွဲပြားခြား နားနေကြသည့်လူထုများသည် တူညီသောဒုက္ခခံစားမှုများအပေါ်မှာ ဆက်စပ်မှုရှိနေကြသည်။ ယနေ့အခါတွင် နိုင်ငံတကာဆိုရှယ်လစ်များ၏ကြီးမားသော တပ်မတော်ကြီးသည် နေ့စဉ်နှင့်အမျှတိုးများလာနေသည့် အရေအတွက်၊ စည်းရုံးစုဖွဲ့မှု၊ စည်းကမ်း၊ သိနားလည်နိုင်စွမ်းရှိမှုနှင့်အောင်ပွဲအပေါ် အာမခံချက်ရှိမှုတို့နှင့် အတူ ရှေ့သို့ချီတက်လျက်ရှိသည်။ ဤပစ္စည်းမဲ့တပ်မတော်ကြီးသည် သူ၏ပန်းတိုင်သို့မရောက်သေးဘူးဆိုလျှင်….၊ အားကောင်းကောင်းနှင့်တချက်တည်းထိုးလိုက်ရုံဖြင့်အောင်ပွဲမရနိုင်သေးဘူးဆိုလျှင်….၊ ပြင်းထန်ကြမ်းတမ်းသည့်တိုက်ပွဲများဖြင့် တလှမ်းချင်းတဆင့်ချင်း ရှေ့သို့တက်လှမ်းသွားရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် (၁၈၄၈)တုန်းက သာမန်လျှပ်တပြက်တိုက်ခိုက်မှု ကလေးလုပ်ရုံမျှဖြင့်လူမှုပြုပြင်ပြောင်းလဲရေးလုပ်နိုင်ဖို့ဆိုသည်မှာ ဖြစ်နိုင်ရန်အလွန်ခဲယဉ်းကြောင်းသိသာလှပါသည်။ ခေတ်သစ်တော်လှန်ရေးအားလုံးတို့သည် (၁၇)ရာစု အင်္ဂလိပ်တော်လှန်ရေးကအစပြုပြီး အခြားတော်လှန်ရေးများနှင့်ဆက်စပ်ကာ ပေါ်ပေါက်လာခဲ့ကြတာချည်းဖြစ်သည်။ ဤတော်လှန်ရေးများသည် အဆက်အစပ်နှင့်ဖြစ်ပေါ်လာကြသလို (၁၈၄၈)တော်လှန်ရေးကစပြီး ဘက်အသီးသီးမှနေ၍ လွတ်မြောက်ရေးလမ်းကို ရှာဖွေခဲ့ကြသည်။ ပစ္စည်းမဲ့လူတန်းစားကိုယ်တိုင်ပင်လျှင် ပဲရစ်မှာအောင်ပွဲရပြီးသည့်နောက်မှာတောင်မှ သူတို့လျှောက်လှမ်းရမည့်လမ်းကြောင်းနှင့်စပ်လျဉ်း၍ အမှောင်ထဲမှာစမ်းတဝါးဝါးနှင့် ရှာဖွေနေရဆဲဖြစ်သည်။ (၁၇၈၉)ခုနှစ်က အစပြုခဲ့သည့် ပြင်သစ်ပြည်၏စီးပွားရေးနှင့်နိုင်ငံရေးဖွံ့ဖြိုးမှုများကြောင့် ပဲရစ်သည် ပြီးခဲ့သည့်အနှစ် (၅ဝ)အတွင်း ပစ္စည်းမဲ့လူ တန်းစားလက္ခဏာတရပ်မပါဘဲနှင့် မည်သို့သောတော်လှန်ရေးမျိုးမှမပေါ်ပေါက်နိုင်တော့သည့် အနေအထားသို့ရောက်ရှိလာခဲ့သည်။ ပစ္စည်းမဲ့လူတန်းစားလက္ခဏာတရပ်မပါဘဲနှင့်-ဆိုသည်ကိုရှင်းပြရလျှင် အောင်ပွဲကိုသူ၏သွေးနှင့်ရယူခဲ့ပြီး အောင်ပွဲအပြီးတွင်လည်း သူ၏ ကိုယ်ပိုင်တောင်းဆိုချက်များကိုဆက်တင်ထားနိုင်သည့် ပစ္စည်းမဲ့လူတန်းစားမပါရှိဘဲနှင့်-ဟူ၍ဆိုလိုခြင်းဖြစ်သည်။ သူတို့၏တောင်းဆိုချက်များသည် အခိုင်အမာကာလတခုတွင် ပဲရစ်အလုပ်သမားများကြောင့် ရောက်ရှိလာရသောဖြစ် ထွန်းတိုးတက်မှုအခြေအနေများအလိုက် မရှင်းမလင်း၊ မသဲမကွဲဖြစ်ခဲ့ရသည်များရှိသည်။ ရှုပ်ထွေးမှုတောင် ရှိခဲ့သည်။
သို့ရာတွင် တောင်းဆိုချက်ကိုယ်၌က ဘယ်လောက်မသေချာပဲဖြစ်နေဖြစ်နေ ဤတောင်းဆိုချက်ထဲတွင် လူအဖွဲ့အစည်း၏တည်ရှိနေဆဲစနစ်အစီအစဉ်အား ခြိမ်းခြောက်မှုပြုနိုင်သည့်အချက်တရပ်ပါဝင်နေသည်။ ယင်းတောင်းဆိုချက်ကိုတင်လာသည့် အလုပ်သမားများသည်လည်း လက်နက်ကိုင်ထားသူများဖြစ်နေသည်။ ထို့ကြောင့် နိုင်ငံတော်၏အချုပ်အခြာနေရာမှာရှိနေကြသည့် ဓနရှင်လူတန်းစားအတွက် အလုပ်သမားများအား လက်နက်ဖြုတ်ရေးသည် ပထမဆုံးသောပညတ်တော်ဖြစ်နေပါတော့သည်။ အလုပ်သမားများဆင်နွှဲခဲ့ကြသည့်တော်လှန်ရေးတိုင်း တကြိမ်နိုင်ပြီးဖြစ်စေကာမူ ၎င်းနောက် အသစ်ဆင်နွှဲရသည့်တိုက်ပွဲများကျတော့ အလုပ်သမားများဘက်က အရှုံးနှင့်နိဂုံးချုပ်ရတတ်သည်။
ဤသို့ဖြစ်ခဲ့ရသောပထမဆုံးအကြိမ်သည် (၁၈၄၈)ခုနှစ်တွင် ဖြစ်သည်။ ပါလီမန်တွင်အတိုက်အခံအဖြစ်ရပ်တည်ခဲ့ကြသော လစ်ဘရယ်ဓနရှင်လူတန်းစားသည် မဲပေးခွင့်ပြုပြင်ရေးလုပ်ဖို့စိတ်ချရအောင် ထမင်းစားပွဲများကျင်းပခဲ့ကြသည်။ ဤမဲပေးခွင့်ပြုပြင်ရေးဆိုသည်ကိုလုပ်မှ သူတို့အာဏာရရေး သေချာမှာကိုး။ အစိုးရကိုတိုက်ရာမှာ လူထုထောက်ခံမှုရအောင် တိုးပြီးတိုးပြီးလုပ်ရင်းက သူတို့သည် တစတစနှင့် ဓနရှင်နှင့်ဓနရှင်ပေါက်စလူတန်းစားထဲက ရက်ဒီကယ်(ပြုပြင်ရေးသမား)များနှင့် ရီပတ်ဘလစ်ကင်(သမ္မတဂိုဏ်းသား) များအား ပို၍ပို၍ ဦးစားပေးလာရသည်။ သို့ရာတွင် သူတို့နောက်မှာက တော်လှန်သောအလုပ်သမားများရှိနေကြသည်။ (၁၈၃ဝ)ခုနှစ်ကစပြီး သူတို့သည် ဓနရှင်လူတန်းစားထက် (ထိုမျှမက)ရီပတ်ဘလစ်ကင် (သမ္မတဂိုဏ်းသား)တို့ထက်တောင်မှ နိုင်ငံရေးလွတ်လပ်ခွင့်ပိုရှိသည်ဟု ထင်မှတ်မှားစရာဖြစ်ခဲ့ သည်။ အစိုးရနှင့်အတိုက်အခံတို့အကြား အကျပ်ဆိုက်အခက်ကြုံနေရသည့်ယင်းအခြေအနေအတွင်း မှာပင် အလုပ်သမားတို့က လမ်းပေါ်တိုက်ပွဲများကိုစတင်ခဲ့ကြခြင်းဖြစ်သည်။ လူဝီဖိလစ်ဘုရင်ထွက်ပြေးသွားပြီး သူနှင့်အတူ မဲပေးခွင့်ပြုပြင်ရေးရည်ရွယ် ချက်ကြီးလည်း ပါသွားပါလေရော။ မဲပေးခွင့်ပြုပြင်ရေးဆိုသည်၏နေရာတွင် သမ္မတနိုင်ငံတော်ပေါ်ထွက်လာသည်။ အမှန်ပဲ အောင်ပွဲခံအလုပ်သမားများကိုယ်တိုင်က “ဆိုရှယ်လစ်” သမ္မတနိုင်ငံဟူ၍ အမည်တပ်ပေးခဲ့သည့်သမ္မတနိုင်ငံပါ။ သို့ရာတွင် ၎င်းဆိုရှယ်လစ်သမ္မတနိုင်ငံဟာ ဘာကိုရည်ညွှန်းသလဲဆိုတာ မည်သူမျှ ရှင်းရှင်းလင်းလင်း မသိကြ။ အလုပ်သမားများကိုယ်တိုင်လည်း မသိ။ သို့ရာတွင် ယခုအခါ သူတို့မှာလက်နက်များရှိနေကြပြီ။ ပြီးတော့ နိုင်ငံတော်၏အင်အား တရပ်ဖြစ်နေပြီ။ ထို့ကြောင့် ဓနရှင်သမ္မတဂိုဏ်းသားများအတွက် သူတို့အခြေခိုင်ခိုင်ရပ်နိုင်ပြီဆိုသည်နှင့် သူတို့၏ ပထမဆုံးသော ပစ်မှတ်သည် အလုပ်သမားများအားလက်နက်ဖြုတ်ရေးပင်ဖြစ်သည်။ သဘောတူခဲ့သည်များ၊ သစ္စာခံခဲ့သည်များကို အတိအလင်းချိုးဖျက်ကာ အလုပ်သမားများအား (၁၈၄၈)ဇွန်လပုန်ကန်မှုအတွင်း မောင်းပို့လိုက်ခြင်းဖြင့်လည်းကောင်း၊ အလုပ်လက်မဲ့များကို ဝေးလံလှသောပြည်နယ်သို့နယ်နှင်ဒဏ်ပေးဖို့ကြိုးစားခြင်းဖြင့်လည်းကောင်း အလုပ်သမားများအား ချိုးနှိမ်ရေးကိုဖန်တီးခဲ့ကြသည်။ အစိုးရတရပ်လုံးက အင်အားအသာစီးရရေးကို ဂရုတစိုက်ပြင်ဆင်ခဲ့သည်။ ငါးရက်အကြာ သူရဲကောင်းပီသသည့်တိုက်ပွဲအပြီးတွင် အလုပ်သမားများအရေးနိမ့်သွားသည်။ သည့်နောက်ကျတော့ မခုခံနိုင်တော့သည့် အလုပ်သမားများကို သွေးချောင်းစီးသတ်ဖြတ်ပွဲကြီးလုပ်ခဲ့သည်။ ရောမသမ္မတနိုင်ငံကျဆုံးခဲ့စဉ်က ဤသတ်ဖြတ်မှုမျိုး ပထမဆုံးအကြိမ်ကြုံခဲ့ဖူးသည်။ ၎င်းကလွဲ၍ ပြည်တွင်းစစ်နေ့ရက်များကစပြီး ခုချိန်အထိဤလိုမျိုးလူသတ်ပွဲမျိုး သည့်အရင်ကတခါမှ မမြင်မတွေ့ခဲ့ဖူးပါ။ ပစ္စည်းမဲ့လူတန်းစားက တသီးတခြားလူတန်းစားတရပ်အဖြစ်နှင့် သူ၏ ကိုယ်ပိုင်အကျိုးစီးပွားတောင်းဆိုချက်များအတွက် ဓနရှင်လူတန်းစားကိုဆန့်ကျင်ကာ နေရာယူရဲ-ယူဝံ့လာသည်နှင့်တပြိုင်နက် ဓနရှင်လူတန်းစားဘက်မှ မည်မျှရူးသွပ်ပြီးမည်မျှရက်စက်သောလက်စားချေမှုလုပ်လာလိမ့်မလဲဆိုတာကို ပထမဆုံးအကြိမ် ပြသလိုက်ခြင်းပင်ဖြစ်သည်။ (၁၈၇၁)ခုနှစ်မှာ ထပ်မံဖြစ်ပေါ်လာသည့် ဓနရှင်လူတန်းစား၏ရူးသွပ်မိုက်ရိုင်းမှု (ပဲရစ်ကွန်မြွန်း-တနည်းအားဖြင့် ပဲရစ်ဘုံအဖွဲ့ကာလကို ဆိုလိုသည်)နှင့် နှိုင်းယှဉ်ကြည့်လျှင်မူ ဤ (၁၈၄၈)အဖြစ်အပျက်များ သည် ကလေးကစားတာလောက်မျှသာ ဖြစ်နေပါလိမ့်မည်။ (၁၈၄၈)ဖေဖော်ဝါရီတော်လှန်ရေးသည် အရင်းစစ်လိုက်လျှင် ဓနရှင်လူတန်းစားလုပ်ရမည့်အလုပ်ကို ပစ္စည်းမဲ့လူတန်းစားအားအလုပ်ခိုင်းလိုက်ခြင်း သက်သက်ပင်ဖြစ်နေသည်။ တော်လှန်ရေးအတွင်းနေရာတိုင်းမှာ အလုပ်သမားလူတန်းစား၏အလုပ်သာရှိခဲ့သည်။ လမ်းဆုံလမ်းခွ ခံကတုတ်များဆောက်လုပ်သူနှင့် မိမိ၏အသက်သွေးချွေးတို့ကိုပေးလှူခဲ့သူမှာ အလုပ်သမားလူတန်းစားသာဖြစ်သည်။ ပဲရစ်အလုပ်သမားများသည်သာ အစိုးရကိုဖြိုချရင်းတပါတည်း ဓနရှင်လူတန်းစားကိုပါဖြိုချရန် အလွန်တိကျရှင်းလင်းသောရည်ရွယ်ချက်ရှိခဲ့သည်။ သို့ရာတွင် အလုပ်သမားလူတန်းစားက မိမိ၏လူတန်းစားနှင့်ဓနရှင်လူတန်းစားအကြား မရှောင်မလွှဲနိုင်သည့်ရန်ဘက်ဖြစ်မှုတည်ရှိနေသည်ကိုသိသော်လည်း တိုင်းပြည်၏စီးပွားရေးတိုးတက်မှုအရဖြစ်ဖြစ်၊ ပြင်သစ်အလုပ်သမားထု၏ အသိဉာဏ်ဖြစ်ပေါ်တိုးတက်မှုအရပဲဖြစ်ဖြစ် လူမှုစနစ်ပြန်လည်ပျိုးထောင်ရေးဖြစ်နိုင်စေသည့်အဆင့်အထိ မရောက်ရှိခဲ့သေးပေ။ ထို့ကြောင့် အရင်းစစ်လိုက်လျှင် တော်လှန်ရေး၏အောင်သီးအောင်ပွင့်များကို အရင်းရှင်လူတန်းစားက ဆွတ်ခူးသွားကြောင်း တွေ့ရှိရပေလိမ့်မည်။

0 comments:

Post a Comment