Sunday, December 2, 2012

မြို့တော်ခန်းမထက်ကအလံတော် အပိုင်း၆ (မောင်လှဝင်း-မြင်းခြံ)

0 comments
အင်္ဂလိပ်တို့နှင့်တိုက်ရာမှာ ပထမတွင် ပြင်သစ်တို့ကအသာရခဲ့သော်လည်း နောက်ပိုင်း ကျတော့ ကိုလိုနီနယ်ပယ်များပါ ဆုံးရှုံးကုန်သည်။ (၁၇၆၃)ခုနှစ်၊ ဖေဖော်ဝါရီလတွင် ချုပ်ဆိုခဲ့သော ပဲရစ်ငြိမ်းချမ်းရေးစာချုပ်အရ အိန္ဒိယတွင်ရှိသောပြင်သစ်ပိုင် ကိုလိုနီနယ်များကိုလည်း အင်္ဂလိပ်တို့ထံလွှဲပေးလိုက်ရသည်။ ဤသို့ဖြင့် ပြင်သစ်တို့၏ နယ်ချဲ့ရန်ကြိုးပမ်းမှုသည် (၁၈)ရာစုတွင် အရှုံးနှင့်ရပ်တန့်သွားခဲ့ရသည်။ (၁၉)ရာစုရောက်တော့မှ သူ၏ ကိုလိုနီနယ်ပယ်ချဲ့ထွင်ရေးကို ပြန်လည်စတင်ခဲ့ ရတော့သည်။

အမေရိကန်တော်လှန်ရေးတွင် ပြင်သစ်တို့ကို အမေရိကန်တို့ကစစ်ကူတောင်းသဖြင့် ဝင်တိုက်ပေးခဲ့ရသည်။ စပိန်တို့ ဟော်လန်တို့ကလည်း ပြင်သစ်ဘက်မှဝင်တိုက်ပေးခဲ့ရပါသည်။ အင်္ဂလိပ်တို့လက်နက်ချသွားရသည်။ (၁၇၈၃)စက်တင်ဘာလ (၃)ရက်နေ့တွင် ပဲရစ်မြို့၌ အင်္ဂလိပ်နှင့်အမေရိကန်တို့ စာချုပ် ချုပ်ဆိုခဲ့သည်။ အင်္ဂလိပ်တို့က အမေရိကန်လွတ်လပ်ရေးကို အသိအမှတ်ပြုပေးရသည်။ အင်္ဂလိပ်နှင့်စပိန်၊ ပြင်သစ်တို့လည်း စစ်ရပ်စဲရေးစာချုပ်တွေ ချုပ်ဆိုခဲ့ကြသည်။ ဤစစ်ပွဲများကြောင့် ပြင်သစ်အုပ်စိုးသူဘုရင်များအနေဖြင့်  ကိုလိုနီနယ်ပယ်များဆုံးရှုံးကုန်သည့်အပြင် စီးပွားရေးဘက်မှာလည်းဆုတ်ယုတ်လာကာ စစ်ကြွေးတွေတင်လာခဲ့ခြင်းဖြစ်သည်။ အခြားတဖက်တွင် လူဝီ(၁၆) ဘုရင်နှင့် မိဘုရားများ၊ မှူးမတ်များအသုံးအဖြုန်းကြီးစည်းစိမ်ခံခဲ့ကြသည့်အတွက်လည်း ပြင်သစ်ပြည်၏ဘဏ္ဍာရေး ပိုမိုခန်းခြောက်လာခဲ့ရခြင်းဖြစ်သည်။
ဤသို့ဆိုးဝါးသောဘဏ္ဍာရေးအခြေအနေကိုပြုပြင်ပြောင်းလဲရန် လိုအပ်လာသည်။ ထို့ကြောင့် တာဂိုး (Turgot) နက်ကာ (Necker) နှင့် ကလွန်း (Calonne) တို့ကို ဘဏ္ဍာရေးဝန်ကြီးများအဖြစ် ခန့်အပ်ဖြေရှင်းစေခဲ့သည်။ Calonne က အခွန်တော်ကိုအသစ်ကောက်ခံဖို့ ဥပဒေမူကြမ်းတခုရေးဆွဲတင်ပြခဲ့သည်။ Calonne က ဓနရှင်လူတန်းစား၏ အထက်လွှာပိုင်းက ဖြစ်သည်။ (ဓနရှင်များထဲတွင် Calonne ၏အထက်လွှာ ဂိုဏ်းနှင့် ဂျက်ကိုဘင်၏အောက်လွှာဂိုဏ်းဟူ၍ ကွဲခဲ့ကြသည်။ နောက်ပိုင်းတွင်လည်း ဤဂိုဏ်းတို့၏တိုက်ပွဲများဆက်လက်တည်ရှိခဲ့သည်)
အခွန်အတုတ်တို့သည် လူထုအပေါ်အတော့်ကိုဝန်ထုပ်ဝန်ပိုးပိနေခဲ့ပါပြီ။ (၁၇၇၄)ခုနှစ်မှသည် (၁၇၈၉)ခုနှစ်အတွင်း အခွန်တော် (၃)ဆတိုးမြင့်လာခဲ့သည်။ လူထုမကျေမနပ်ဖြစ်နေရုံသာမက ပဒေသရာဇ်များကလည်း မကျေမနပ်ဖြစ်လာကြသည်။ (လူဝီ-၁၆ လက်ထက်တွင် ပဒေသရာဇ်အသစ်နှင့်အဟောင်းတို့လက်တွဲပြီး ဆုံးရှုံးးသွားခဲ့ရသောပဒေသရာဇ်အာဏာများ ကို ပြန်လည်ရယူဖို့အတွက် ဘုရင်ကိုဆန့်ကျင်ရန်လှုပ်ရှားကြိုးပမ်းခဲ့ကြသေးသည်။ ထို့ကြောင့် လူဝီ(၁၆) က အစည်းအဝေးတက်ရောက်ဖို့ မင်းမျိုးမင်းနွယ်များနှင့်ပဒေသရာဇ်များကို ဆင့်ခေါ်သည့်အခါ ပဒေသရာဇ်များသည် အစည်းအဝေးသို့တက်ရောက်ခြင်းပင်မပြုခဲ့ပေ။)
Calonne ၏ အခွန်တော်သစ် ဥပဒေကြမ်းတင်ပြချက်ကို ဘုရင်ကသဘောတူသည်။ ၄င်း ဥပဒေကြမ်းကို ဘုရင်ကရွေးချယ်ထားသည့် ပုဂ္ဂိုလ်များအဖွဲ့ Assembly of Notable သို့ တင်ပြခဲ့သည်။ ၄င်းအဖွဲ့က ဥပဒေမူကြမ်းကိုအတည်ပြုပေးဖို့ငြင်းဆိုလိုက်သည်။ ထိုမျှမက ပြည်သူ့လွှတ်တော် Estate of General ကိုခေါ်ဆိုပေးဖို့တောင်းဆိုလိုက်ကြသည်။
လူဝီ(၁၆) က ပြည်သူ့လွှတ်တော်ကို မခေါ်ဆိုချင်ပါ။ (၁၆၁၄)ခုနှစ်ကတည်းက ပြည်သူ့လွှတ်တော်ကို မခေါ်ဆိုဘဲထားခဲ့ခြင်းဖြစ်သည်။ ပြည်သူ့လွှတ်တော်တွင် အတန်းအစားကြီး(၃)ကို ကိုယ်စားပြုကာအခြေခံထားသော လွှတ်တော်(၃)ရပ် ပါဝင်နေသည်။ ပထမလွှတ်တော်တွင် ဘာသာရေးအလွှာ (၂)လွှာကကိုယ်စားလှယ်များပါဝင်သည်။ ဒုတိ ယလွှတ်တော်တွင် ပဒေသရာဇ်ကိုယ်စားလှယ်များ…. တတိယလွှတ်တော်တွင်မူ သာမန်လူတန်းစားကိုယ်စားလှယ်များပါဝင်ကြသည်။
ပြည်သူ့လွှတ်တော်တွင် ဥပဒေပြုခွင့်အာဏာမရှိပါ။ ဘုရင်ကိုအကြံဉာဏ်ပေးရသောအဖွဲ့အစည်းမျှသာ ဖြစ်ပါသည်။ ထိုမျှမက လွှတ်တော်ကျင်းပသည့်အခါတွင်လည်း လွှတ်တော်(၃)ရပ်စလုံး တပေါင်းတစည်းတည်းကျင်းပရသည် မဟုတ်ပါ။ လွှတ်တော်တခုချင်းခွဲပြီးကျင်းပရသည်။ လွှတ်တော်တခုလျှင် မဲ (၁)မဲ၊ ပေါင်း (၃)မဲမှာ မဲများသောဆုံးဖြတ်ချက်ကအနိုင်ရသည်။ ထို့ကြောင့် ပထမလွှတ်တော်နှင့် ဒုတိယ လွှတ်တော်ပေါင်းစည်းလိုက်လျှင် တတိယလွှတ်တော်ကို နိုင်စမြဲပင်ဖြစ်နေ၏။ ဓနရှင်၊ အလုပ်သမား၊ လယ်သမားများသည် အမြဲတမ်းအရှုံးဘက်ကချည်းဖြစ်နေသည်။
ဤတကြိမ် လွှတ်တော်ခေါ်ဆိုသည့်အခါ ဤကိစ္စကိုတော်လှန်ပစ်ရန် တတိယလူတန်းစားတွေက ပြင်ဆင်ထားကြသည်။

ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှု (အပိုင်း -၅)
၂။ (၁၇၈၇-၈၉) နှစ်များအတွင်း ကုန်သွယ်ရေးနှင့်ဘဏ္ဍာရေးဘက်တွင် အကျပ်အတည်းကပ် ဆိုက်ရောက်လာခဲ့ခြင်း။
ဤသို့ ကုန်သွယ်ရေးနှင့်ဘဏ္ဍာရေးဘက်တွင် အကျပ်အတည်းဆိုက်မှုနှင့်တချိန်တည်း (၁၇၈၈) ခုနှစ်တွင် လယ်ယာသီးထွက်အကြီးအကျယ် ကျဆင်းလာခဲ့သည်။ မိုးသီးများလည်း ကျခဲ့သည်။ လေမုန်တိုင်းဒဏ်ကိုလည်း ခံရသည်။ လူထုမှာ မသေရုံကလေးစားသောက်ရပြီး အငတ်ဘေးဆိုက်ရောက်နေရသည့်အချိန်ပင်ဖြစ်၏။
၃။ လူထုအုံကြွမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်း။
(၁၇၈၉)ခုနှစ်၊ တနှစ်တည်းမှာပင်လျှင် လယ်သမားနှင့်မြို့နေဆင်းရဲသားတို့၏အုံကြွမှု၊ ပုန်ကန်မှုများဖြစ်ပေါ်ခဲ့သည်မှာ အကြိမ်အရေအတွက် (၃ဝဝ) ကျော် ရှိခဲ့သည်။
အလုပ်သမားတို့၏ကြွေးကြော်သံများထဲတွင်…
- ပဒေသရာဇ်များကို ချေမှုန်းကြ။
- မှောင်ခိုသမားများကို ချေမှုန်းကြ။
- ဘာသာရေးထိပ်သီးများကို ချေမှုန်းကြ…ဆိုသောအချက်များပါဝင်ခဲ့သည်။  ပိုစတာများလည်းကပ်ခဲ့ကြသည်။
တတိယအတန်းအစားထဲမှလူတန်းစားများသည် လူတန်းစားအစည်းအဝေးများ ကျင်းပခဲ့ကြသည်။ ကိုယ်စားလှယ်များစေလွှတ်ပြီး တောင်းဆိုချက်များ တင်ပြတောင်းဆိုခဲ့သည်။
ဒေသအသီးသီးတွင် အစည်းအဝေးအများအပြားလုပ်ခဲ့ကြသည်။
အစပိုင်း လူဝီ(၁၆)သည် လွှတ်တော်ခေါ်မပေးဘဲ ငြင်းဆန်ခဲ့သည်။ အထူးခုံရုံးဆိုသည်ကိုသာဆင့်ခေါ်ပြီး အခွန်တော်ဥပဒေသစ်ကို အတည်ပြုလိုက်သည်။
သို့ရာတွင် လူထု၏မကျေနပ်မှုများ၊ အတိုက်အခံတို့၏တောင်းဆိုမှုတွေက အလွန်တရာပြင်းထန်လာသည်။ ထို့ကြောင့် လွှတ်တော်မခေါ်ဘဲ နေ၍မရတော့ပါ။ လူဝီ(၁၆)သည် (၁၇၈၉)ခုနှစ်၊ မေလ (၁)ရက်နေ့တွင် လွှတ်တော်ကိုဆင့်ခေါ် လာရတော့သည်။
•                                          •                                          •                                          •
မေလ (၅)ရက်နေ့တွင် လွှတ်တော်(၃)ရပ်အစည်းအဝေးကို စတင်လိုက်သည်။ လူတန်းစားအသီးသီးတို့သည် လွှတ်တော်အပေါ် ကိုယ်မျှော်လင့်ချက်နှင့်ကိုယ် အသီးသီးရှိနေခဲ့ကြသည်။
ပဒေသရာဇ်တွေက လွှတ်တော်(၃)ရပ်အစည်းအဝေးများကို အစည်းအလာအတိုင်းတခုစီခွဲ၍ကျင်းပရန်၊ သို့ဖြင့် ပထမလွှတ်တော်နှင့် ဒုတိယလွှတ်တော်မှ မဲ (၂)မဲပေါင်းကာ တတိယလွှတ်တော်ကို သူတို့ အလွယ်တကူအနိုင်ရရှိစေဖို့ စိတ်ကူးထားသည်။ (အခွန်တော်သစ်ကောက်ခံရေးတွင် သူတို့က အခွန်မပေးရသည့်လူတန်းစားဖြစ်နေကြသည့်အတွက် ဤသို့ စိတ်ကူးကြခြင်းပင်) တတိယလူတန်းစားကမူ လွှတ်တော်(၃)ရပ်အစည်းအဝေးများကို တပေါင်းတစည်းတည်းကျင်းပပေးဖို့၊ ကိုယ်စားလှယ်အလိုက် တဦးချင်းစီကမဲပေးခွင့်ရရှိအောင် သတ်မှတ်ပေးဖို့၊ ပထမလွှတ်တော်နှင့်ဒုတိယလွှတ်တော်တို့၏ကိုယ်စားလှယ်အရေအတွက်နှင့် တတိယလွှတ်တော်၏ကိုယ်စားလှယ်အရေအတွက်ကို တန်းတူညီစေဖို့( အမှန်တွင် တတိယအတန်းအစားထဲတွင်ပါဝင်သူများက စုစုပေါင်းလူဦးရေ၏ (၈ဝ)ရာခိုင်နှုန်းကျော်ဖြစ်သည့်အတွက် သူတို့၏ကိုယ်စားလှယ်အရေအတွက်ကပိုများသင့်သည်) တောင်းဆိုခဲ့ကြသည်။ သည်အခါ ဘုရင်က တတိယလွှတ်တော်၏ ကိုယ်စားလှယ်အရေအတွက်ကိစ္စတွင်အလျှော့ပေးလိုက်လျောမှုပြုခဲ့သည်။ ကိုယ်စားလှယ်ဦးရေကို (၆ဝဝ)အထိ တိုမြှင့်ပေးလိုက်သည်။ သို့ရာတွင် လွှတ် တော်(၃)ရပ်တပေါင်းတစည်းတည်းကျင်းပရေးတောင်းဆိုချက်နှင့်စပ်လျဉ်း၍မူ အချိန်ရွှေ့ဆိုင်းသည့်နည်းပရိယာယ်ကိုကျင့်သုံးလာသည်။ ပဒေသရာဇ်လူတန်းစားအသစ်သူကောင်းမျိုးတွေလွှမ်းမိုးထားသောပဲရစ်ပါလီမန်က လွှတ်တော်(၃)ရပ်ကို အစဉ်အလာအတိုင်း တသီးတခြားစီခွဲပြီးကျင်းပဖို့၊ လွှတ်တော်အလိုက်သီးခြားမဲဆန္ဒပေးကြဖို့ ဆက်လက်ရပ်ခံလိုက်သည်။ ပဒေသရာဇ်ကိုယ်စားလှယ်များက ပဒေသရာဇ်အကျိုးအတွက် ဗြောင်ရပ်တည်ကြောင်းဖော်ပြလိုက်သည့်ဆုံးဖြတ်ချက်ဖြစ်သည်။ တတိယလွှတ်တော်ကလည်း လွှတ်တော်(၃)ရပ်တပေါင်းတည်းကျင်းပရေးမူအပေါ်တွင် အလျှော့မပေးဘဲ ကြံ့ကြံ့ခိုင်ခိုင်ဆက်လက်ရပ်တည်မြဲ ရပ်တည်နေသည်။ ဤအနေအထားမှာပင် ဗာဆိုင်းနန်းတော်တွင် လွှတ်တော်(၃)ရပ် သီးခြားခွဲ၍ကျင်းပနေသည်။ တတိယလွှတ်တော်ကတော့ လွှတ်တော်(၃)ရပ်တပေါင်းတည်းကျင်းပပေးရေးကို ဤ အနေအထားမှာပင် ဆက်လက်တောင်းဆိုနေသည်။ ဤတောင်းဆိုချက်မရရှိပါက သူတို့၏လွှတ်တော်ဆိုသည်မှာ ဘာအဓိပ္ပာယ်မျှရှိမည် မဟုတ်ပါ။
ယင်းသို့ဖြင့် လွှတ်တော်(၃)ရပ်သည် ဤကိစ္စငြင်းခုံပွဲကြီးလုပ်ရင်း အချိန်တလကျော်ကြာလာသည်။ ဘာမှ ပြီးပြတ်ခြင်း မရှိပါ။ ပြီးပြတ်ခြင်းမရှိသည့်အခြေအနေမှာ တတိယလူတန်းစားတို့၏တောင်းဆိုချက် မရရှိသည့်အဓိပ္ပာယ်ဖြစ်နေပါသည်။ ဤတွင် တတိယအတန်းအစားဖြစ်သောပြည်သူများသည် ရှေ့တဆင့်တက်ဖို့ခြေလှမ်းသစ်ကို ပြင်ဆင်လာရပါတော့သည်။ ဇွန်လ(၇)ရက်နေ့တွင် ဆန္ဒမဲနှင့်ဆုံးဖြတ်ပြီး တတိယလွှတ်တော်ကို အမျိုးသားလွှတ်တော် (National Assembly)အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်သည်။ ကြေညာချက်ပါထုတ်ပြန်လိုက်သည်။ ဤလုပ်ဆောင်ချက်သည် (၁၇၈၉)တော်လှန်ရေး၏ ပဏာမခြေလှမ်းပင်ဖြစ်တော့သည်။ ဤတွင် ဘုရင့်ဘက်မှလည်း မဆိုင်းမတွတုံ့ပြန်ခြင်း ပြုလာသည်။ ဗာဆိုင်းနန်းတော်တွင် အမျိုးသားလွှတ်တော်မကျင်းပနိုင်အောင် အစည်းအဝေးခန်းမများကိုပိတ်ပစ်လိုက်သည်။ တော်လှန်သော လူထုဘက်မှာကလည်း နည်းနာအမြောက်အမြားရှိ၏။ နည်းနာကြွယ်ဝကြပါသည်။
လူထုသည် ဗာဆိုင်းနန်းတော်အနီးရှိတင်းနစ်ကစားကွင်းနေရာတွင် အမျိုးသားလွှတ်တော်အစည်းအဝေးများကို ဆက်လက်ကျင်းပကြပါသည်။ “ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်ရေးဆွဲမပြီးမချင်း အမျိုးသားလွှတ်တော်ကိုရုပ်သိမ်းခြင်းမပြု”ဟူသောဆုံးဖြတ်ချက်ကို ကိုယ်စားလှယ်များကမဲဆန္ဒပေးကာ ပြတ်ပြတ်သားသားဆုံးဖြတ်ချက် ချလိုက်ကြသည်။ ထိုမျှသာမက ရန်သူ့အင်အားကိုဖြိုခွဲပြီး မိမိအင်အားကိုတိုးချဲ့သည့် နည်းပရိယာယ်အဖြစ် အခြားလွှတ်တော် (၂)ရပ်မှအင်အားစုများ အမျိုးသားလွှတ်တော်နှင့်လာရောက်ပူးပေါင်းရန်ဖိတ်ခေါ်လိုက်သည်။ အမျိုးသားလွှတ်တော်၏တံခါးကို အမြဲဖွင့်ပေးထားခဲ့သည်။ ဤနည်းပရိယာယ်သည် အကျိုးသက်ရောက်မှုရှိလာခဲ့သည်။ တပတ်အကြာတွင် ပထမလွှတ်တော်ထဲမှ အောက်တန်းလွှာသာသနာ့ဝန်ထမ်းများသည် တင်းနစ်ကစားကွင်းအတွင်းရှိ အမျိုးသားလွှတ်တော်နှင့် လာရောက်ပူးပေါင်းကြတော့သည်။ (စင်စစ်တွင်မူ သူတို့သည်လည်း အခွန်တော်ပေးဆောင်ရသည့်ဆင်းရဲနွမ်းပါးသူများသာပင်)
ဤပဋိပက္ခသည် ကြာလေကြီးလေ ဖြစ်လာသည်။
အုပ်စိုးသူများအတွင်းမှာလည်း သူ့ပဋိပက္ခနှင့်သူရှိနေသည်။
ဘဏ္ဍာရေးဝန်ကြီး ‘နက်ကာ’က နန်းတွင်းအသုံးစရိတ်နှင့်စစ်စရိတ်လျှော့ပေါ့ရေးကိုတင်ပြတောင်းဆိုလိုက်သည်။ ဤတင်ပြချက်သည် လူထုဆီကအခွန်တိုးကောက်ပြီး ဘဏ္ဍာရေးပြဿနာဖြေရှင်းသည့်နည်းလမ်းကိုဆန့်ကျင်လိုက်ခြင်းပင် ဖြစ်သည်။ ဘုရင်က ဝန်ကြီး ‘နက်ကာ’ကို ရာထူးမှ ချက်ချင်းဖြုတ်ပစ်လိုက်သည်။ သည့်နောက်တွင် ဘုရင်က တပ်များကိုစုစည်းပြင်ဆင်ခြင်း ပြုလုပ်လာသည်။ လက်နက်ရှိသည့်အုပ်စိုးသူက အကြမ်းဖက်နည်းလမ်းကို စတင်ရွေးချယ်ခဲ့ခြင်းပင်။ ဘုရင်နှင့်ပဒေသရာဇ်တွေက အမျိုးသားလွှတ်တော်ကို အကြမ်းဖက်နှိမ်နင်းဖို့စီမံစိုင်းပြင်းကြတော့သည်။ တပ်များဖြင့် အမျိုးသားလွှတ်တော်ကို ရင်ဆိုင်ထားသည်။ အမျိုးသားလွှတ်တော်က ဘုရင့်တပ်များကို ပြန်လည်ရုပ်သိမ်းရန်တောင်းဆိုသည်။ ဘုရင်က ငြင်းဆန်သဖြင့် လူထုက တော်လှန်ရေးကိုစတင်ဆင်နွှဲလိုက်ပါတော့သည်။
(၁၇၈၉)ဇူလိုင် (၁၂)ရက်နေ့။ ပဲရစ်မြို့ လူထုချီတက်ပွဲ။
(၁၇၈၉)ခုနှစ် ဇူလိုင် (၁၃)ရက်နေ့။ ပဲရစ် လူထုပုန်ကန်မှု၊ လူထုက အကြမ်းဖက်မှုကို လက်နက်ကိုင်စွဲပြီးတော်လှန် ပုန်ကန်လိုက်ခြင်းပင်ဖြစ်သည်။
ဇူလိုင် (၁၄)ရက်နေ့တွင် ဘာစတီး (Basstile) အကျဉ်းထောင်မှအပ ပဲရစ်တမြို့လုံး လူထုလက်တွင်းရောက်ခဲ့ပြီ။ ဘာစတီးထောင်သာကျန်တော့သည်။
ဘာစတီးထောင်သည် (၁၄)ရာစုကတည်းက ဆောက်လုပ်ခဲ့သည်ဖြစ်၏။ တံတိုင်း (၈)ဆင့်နှင့် အခိုင်အခန့်တည်ဆောက် ထားခြင်းဖြစ်သည်။ ကျုံးရေပြင်က (၂၅)မီတာခန့်ရှိသည်။ ဘာစတီးထောင်ထဲတွင် လူထုခေါင်းဆောင်နိုင်ငံရေးအကျဉ်းသားများ ရှိနေကြသည်။ အခိုင်အခန့်ကာကွယ်ထားသောဘာစတီးအကျဉ်းထောင်ကို လူထုကသိမ်းပိုက်နိုင်လိမ့်မည်မဟုတ်ဟု အုပ်စိုးသူများဘက်မှတွက်ဆထားပုံရသည်။ ထောင်ကို တပ်များဖြင့်စောင့်ကြပ်ထားသည်။
လူထုကော်မတီထဲမှာပါသောဓနရှင်များက ထောင်စောင့်ဗိုလ်ချုပ်နှင့် စေ့စပ်ကမ်းလှမ်းရေးလုပ်ဖို့ကြိုးစားသည်။ ဤနည်းလမ်းကို လူထုကြီးက လက်မခံခဲ့ပါ။ လူထုသည် ကျုံးကို ရေကူးပြီးဖြတ်ကြသည်။ ဘာစတီးထောင်ကို တိုက်ခိုက်ခြင်းနည်းနာဖြင့်သာ သိမ်းပိုက်သည်။ လူထုကြီးက ထောင်စောင့်ဗိုလ်ချုပ်ကိုလည်း သေဒဏ်ပေးလိုက်ကြသည်။
ဘာစတီးထောင်ကျဆုံးခြင်းသည် ဘုရင်၏အကြွင်းမဲ့အာဏာနှင့်ပဒေသရာဇ်တို့၏အခွင့်အရေးများ ကျဆုံးခြင်းပင်ဖြစ်သည်။ (ဤ “ဇူလိုင်လ ၁၄ ရက်”နေ့ကို ပြင်သစ်နိုင်ငံ၏အမျိုးသားနေ့အဖြစ်သတ်မှတ်ပြီး ယခုထက်တိုင် အထိမ်းအမှတ်နေ့များ ဆင်နွှဲနေကြဆဲဖြစ်သည်) လူထုကြီးသည် ဤအောင်ပွဲ၏အခြေခံပေါ်မှနေ၍ ရှေ့ခြေလှမ်းများဆက်လှမ်းသည်။ “ပဲရစ်မြို့အုပ်ချုပ်ရေးအဖွဲ့”ကို ဖွဲ့စည်းလိုက်သည်။ ထိုမျှမက အမျိုးသားကာကွယ်ရေးတပ် (National Guard)ကိုပါဖွဲ့စည်း လိုက်ပြန်သည်။ ထပ်ဆင့်အောင်ပွဲရသည်ဟုဆိုနိုင်သည်မှာ ဒုတိယလွှတ်တော်က အမျိုးသားလွှတ်တော်နှင့် လာရောက်ပူးပေါင်းခြင်းဖြစ်သည်။ ဤသို့ဖြင့် ဇူလိုင်လ (၁၇)ရက်နေ့တွင် ဘုရင်က “အမျိုးသားလွှတ်တော်”၊ “အမျိုး သားကာကွယ်ရေးတပ်”နှင့် “ပဲရစ်မြို့အမြဲတမ်းကော်မတီ”(တတိယအတန်းအစား၏ကိုယ်စားလှယ်များ)တို့ကို အသိအမှတ်ပြုလက်ခံလိုက်ရတော့သည်။ သို့သော်လည်းဘုရင်သည် တဖက်တွင်သူ့အာဏာကို ပြန်လည်ထိန်းသိမ်းဖို့ပြင်ဆင်မှုတွေ ကြိတ်ပြီးကြံစည်နေသည်။ ပဲရစ်မြို့မှာသာမက တပြည်လုံးတွင်လည်း လယ်သမားပုန်ကန်မှုများဆက်လက်ဖြစ်ပေါ် ပျံ့နှံ့နေလေသည်။ လယ်သမားတို့သည် ပဒေသရာဇ်ရဲတိုက်များ၊ သာသနာကျောင်းတိုက်များကို ဖျက်ဆီးပစ်ကြသည်။ လယ်သမားများ (၂)လအတွင်း အောင်ပွဲများဆက်တိုက်ရရှိနေသဖြင့် ပဒေသရာဇ်အများအပြား ပြည်ပသို့ထွက်ပြေးကုန်ကြသည်။ အရင်းရှင်ကြီးများသည်လည်း လူထုအုံကြွမှုတို့ကိုကြောက်ရွံ့ကာ ယိမ်းယိုင်တုန်လှုပ်လာကြသည်။
ဘုရင့်အစိုးရသည် တိုင်းပြည်၏အခြေအနေကိုထိန်းသိမ်းနိုင်စွမ်းမရှိတော့သောကြောင့် အမျိုးသားလွှတ်တော်က ငြိမ်ဝပ်ပိပြားရေးကို တာဝန်လွှဲပြောင်းယူလိုက်သည်။ အမျိုးသားလွှတ်တော်၏ခေတ်ကာလကို စတင်လိုက်ပါပြီ။
•                                          •                                          •                                          •
အမျိုးသားလွှတ်တော်က (၁၇၈၉)သြဂုတ်လအတွင်း နိုင်ငံသားအခွင့်အရေးနှင့်လူ့အခွင့်အရေးကြေညာစာတမ်း (Declaration of Rights of Man and Citizen) ကိုထုတ်ပြန်ကြေညာလိုက်သည်။ (၁၇၈၉)သြဂုတ်လ (၁၁)ရက်နေ့တွင် မြေရှင်ပဒေသရာဇ်နှင့် ပဒေသရာအခွင့်အရေးများအားလုံး ဖျက်သိမ်းလိုက်ကြောင်းကြေညာသည်လည်းရှိသည်။ ဘုရင်က ဤကြေညာချက် (၂)ခုစလုံးကို အသိအမှတ်မပြုပါ။ တကယ် တမ်းတွင် ဤကြေညာချက်များသည် နံမည်မျှသာရှိပါသည်။ လက်တွေ့အရ လယ်ကျွန်စနစ်နှင့်ဘာသာရေးအခွန်တွေလောက်သာ ဖျက်သိမ်းပစ်နိုင်ခဲ့သည်။ မင်းညီမင်းသားတို့၏မြေယာများကိုသိမ်းယူ၍ ခွဲဝေပေးရေး၊ လယ်ရိုင်းများအခမဲ့ခုတ်ထွင်စိုက်ပျိုးရေးတို့ကို လူထုကတောင်းဆိုခဲ့သော်လည်း ခေါင်းဆောင်မှုက ဤသည်ကိုနည်းနည်းမျှ ဂရုမစိုက်ခဲ့ကြပါ။ ဘာသာရေးမြေများကိုဆိုလျှင် အကွက်ကြီးလိုက်ရောင်းချရေးကိုသာ ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ လယ်သမားများအနေဖြင့် ထိုမြေကွက်ကြီးများအားဝယ်ယူရန် မည်သို့ဖြစ်နိုင်ပါမည်နည်း။ ထိုနည်းတူစွာ အလုပ်သမားများသည်လည်း ဘာအကျိုးကျေးဇူးကိုမျှ မရခဲ့ကြ။ (၁၇၈၉)ခုနှစ်၊ သြဂုတ်လထဲတွင် အလုပ်သမားသပိတ်များ စတင်ပေါ်ပေါက်ခဲ့သည်။ ထို့နောက် (၁၇၉ဝ)တွင် အလုပ်သမားအပြန်အလှန်ကူညီရေးအဖွဲ့များ တည်ထောင်လာကြသည်။ (၁၇၉၁)ခုနှစ်ကျတော့ အလုပ်သမားအဖွဲ့အ စည်းများဖွဲ့စည်းခွင့်နှင့်သပိတ်မှောက်ခွင့်တို့ကိုတားဆီးသောဥပဒေများ ထုတ်လာကြသည်။
(၁၇၈၉)အောက်တိုဘာလ (၁)ရက်နေ့တွင် ဘုရင်က တပ်မှူးကြီးများအစည်းအဝေးတခုလုပ်ခဲ့သည်။ တော်လှန်ရေးကိုဆန့်ကျင်ဖို့ ကြံစည်ကြိုးပမ်းလိုက်ခြင်းသာဖြစ်၏။ သည့်အတွက် အောက်တိုဘာလ (၅)ရက်နေ့တွင် ပဲရစ်မြိ့လူထုကချီတက်ပွဲလုပ်ပြီး ဗာဆိုင်းနန်းတော်ကို သွားဝိုင်းသည်။
(ထိုစဉ်က အမျိုးသားလွှတ်တော်ကို အဓိကအားဖြင့်ဓနရှင်လူတန်းစားကိုယ်စားလှယ်များနှင့် လစ်ဘရယ်မင်းညီမင်းသားတို့၏ လက်ယာဂိုဏ်းက လွှမ်းမိုးထားသည်။ ထို့ကြောင့် လူတန်းစားတိုက်ပွဲတွင် လူတန်းစားအသီးသီး၏ပါဝင်ကပြမှုအခန်းများကို စိတ်ဝင်စားဖွယ် မြင်တွေ့လာရသည်။ အမျိုးသားလွှတ်တော်ကိုစတင်ဖွဲ့စည်းခဲ့စဉ်က တတိယအတန်းအစားထဲပါဝင်သော လူတန်းစားအားလုံးက ဘုရင်နှင့်ပဒေသရာဇ်လူတန်းစားတို့ကိုဆန့်ကျင်တိုက်ခိုက်ရေးရည်ရွယ်ချက်နှင့် ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ သို့ရာတွင် ယခုအခါ အနေအထားသည်တမျိုးတဖုံပြောင်းလဲလာသည်) လူထုက ဗာဆိုင်းနန်းတော်ကို သွားဝိုင်းသည့်အခါ အမျိုးသားလွှတ်တော်မှဓနရှင်ကြီးဂိုဏ်းသည် ဘုရင်ကိုအကာအကွယ်ပေးကြ သည်။ ဘုရင်ကို ပဲရစ်သို့ရွှေ့ပြောင်းပေးလိုက်သည်မှာလည်း ထိုသူများသာဖြစ်သည်။ ထိုမျှမက အမျိုးသားလွှတ်တော်အစိုးရသည် လူထု၏ ပုန်ကန်မှုများဆက်လက်တည်ရှိနေခြင်းကို ပြင်းထန်စွာနှိမ်နင်းပါတော့သည်။ လူထုကိုပစ်သတ်သည်အထိလုပ်ခဲ့သည်။ တော်လှန်ရေးကိုသစ္စာဖောက်မှုကြီးပါ။
အမျိုးသားလွှတ်တော်သည် နိုင်ငံကိုအုပ်ချုပ်ရးနယ်မြေ(၃)ခုခွဲပြီး အုပ်ချုပ်ရေးအဖွဲ့အစည်းများဖွဲ့စည်းကာ အုပ်ချုပ်သည်။ တရားရုံးဖွဲ့စည်းရာတွင် ဆန္ဒမဲဖြင့်ရွေးကောက်တင်မြှောက်ခြင်းပြုသည်။ အမျိုးသားလွှတ်တော်သည် ဘဏ္ဍာရေးပြဿနာဖြေရှင်းဖို့ ကျောင်းတော်ပိုင်မြေယာများနှင့် ကျောင်းတော်ပိုင်ပစ္စည်းဥစ္စာများကိုသိမ်းပိုက်သည်။ အာမခံထားပြီးငွေစက္ကူများ ထုတ်ဝေသည်။ (၁၇၉ဝ)ခုနှစ်တွင် သာသနာရေး ဥပဒေပြဋ္ဌာန်းပြီး ကျောင်းတော်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို ဖျက်သိမ်းပစ်လိုက်သည်။ သာသနာ့ဝန်ထမ်းများကို မဲဆန္ဒနှင့်ရွေးချယ်ပြီး ပုံသေလစာပေးထားသည်။
(၁၇၉၁)ခုနှစ်တွင် အမျိုးသားလွှတ်တော်ကို တိုင်းပြုပြည်ပြုလွှတ်တော် (Constituent Assembly)ဟု အမည်ပြောင်းလိုက်သည်။ ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေကိုရေးဆွဲစေသည်။ ယင်းဥပဒေအရ ရွေးကောက်ပွဲတွင်မဲပေးခွင့်ရှိသူနှင့် အရွေးခံပိုင်ခွင့်ရှိသူများကို အခွန်ထမ်းဆောင်နိုင်မှုအပေါ်မူတည်ပြီး သတ်မှတ်ထားသည်။ ထိုအချက်များကြောင့် အမျိုးသားလွှတ်တော်သည် အရင်းစစ်လိုက်လျှင် ဓနရှင်လူတန်းစားအကျိုးပြုလွှတ်တော်သာဖြစ်နေကြောင်းတွေ့ရသည်။ ဓနရှင်တို့အကျိုးအတွက် ကူးသန်းရောင်းဝယ်ရေးဘက်မှာအဟန့်အတားဖြစ်နေသော ဥပဒေများနှင့်ရောင်းဝယ်မှုအခွန်အကောက်စနစ်တို့ကို ဖျက်သိမ်းပစ်သည်။ တဖက်မှာကျတော့ အလုပ်သမားအဖွဲ့အစည်းများဖွဲ့စည်းခွင့်၊ သပိတ်မှောက်ခွင့်တို့ကိုတားဆီးသောဥပဒေများထုတ်ခဲ့ရုံမျှမက အလုပ်သမားများ၏နစ်နာကြေးတောင်းဆိုချက်များကိုလည်း လက်ခံခွင့်ပြုခြင်းမရှိခဲ့။ အမျိုး သားလွှတ်တော်အစိုးရ၏ဥပဒေများ သည် ပြည်သူလူထုအတွက်မဟုတ်ခဲ့။ ဥပဒေတွင်ပါရှိသောတန်းတူမှုနှင့်လွတ်လပ်မှုတို့ဆိုသည်မှာ လက်တွေ့အရ ဓနရှင်လူတန်းစားတို့သာခံစားခွင့်ရှိသောအခွင့်အရေးများဖြစ်နေသည်။ ၎င်းဥပဒေအရ ကိုယ်စားလှယ်သစ်များရွေးချယ်ပြီး (၁၇၉၁) အောက်တိုဘာ(၁)ရက်နေ့တွင် ဥပဒေပြုလွှတ်တော် (Legislative Assembly) ကို ဖွဲ့စည်းခဲ့ပြန်သည်။ ဤလွှတ်တော်တွင်မူ ပဒေသရာဇ်များမပါရှိတော့ပါ။ ဓနရှင်လက်ယာဂိုဏ်းကကိုယ်စားလှယ် (၂ဝဝ)၊ အလယ်အလတ်ဂိုဏ်းက (၃ဝဝ)နှင့် လက်ဝဲ(ဂျက်ကိုဘင်) ဂိုဏ်းက (၁ဝဝ)တို့ ပါဝင်ကြသည်။ လူဝီ(၁၆)က အခြေခံဥပဒေနှင့်ဥပဒေပြုလွှတ်တော်တို့ကို အသိအမှတ်ပြုလိုက်သည်။
တော်လှန်ရေးကြီးပြီးဆုံးပြီဖြစ်ကြောင်း ဘုရင်ကကြေညာသည်။ တော်လှန်ရေးသမားများကကြေညာခြင်းမဟုတ်ဘဲ တော်လှန်ရေးမှာ အတိုက်ခံရသည့် တော်လှန်ရေး၏ပစ်မှတ်ဖြစ်သူကကြေညာလိုက်သောကြေညာချက်ပင်တည်း။
တော်လှန်ရေးကြီး တကယ်ပဲပြီးဆုံးသွားခဲ့ပါသလား။
•                                          •                                          •                                          •
(၁၇၉၁)အခြေခံဥပဒေတွင် ဆင်းရဲသားများအတွက်အခွင့်အရေးများ မပါရှိပါ။ မြေယာပြဿနာနှင့်ကြွေးမြီပြဿနာတို့ကိုလည်း ဖြေရှင်းမပေး ခဲ့ပါ။ ၎င်းအခြေခံဥပဒေသစ်အရ အမျိုးသားလွှတ်တော်ထဲပါဝင်ခဲ့ဖူးသောကိုယ်စားလှယ်များအနေဖြင့် ဥပဒေပြုလွှတ်တော်သစ်တွင် အရွေးခံ ပိုင်ခွင့်မရှိပါ။ ဥပဒေပြုလွှတ်တော်သစ်ကိုယ်စားလှယ်များထဲတွင်လည်း ထပ်မံ၍ဂိုဏ်းကွဲနေကြပြန်သည်။ အလယ်အလတ်ဂိုဏ်းနှင့် လက်ဝဲ ဂိုဏ်းပါ။ လက်ဝဲဂိုဏ်းမှာ ဂျက်ကိုဘင်အသင်းဝင်များဖြစ်ကြသည်။ ၎င်းအသင်းသည် ပြင်သစ်ပြည်အနှံ့အပြားတွင် အသင်းခွဲများထူထောင်နိုင် ခဲ့ပြီး အထက်မြက်ဆုံးအင်အားစုတခု ဖြစ်လာသည်။ လူထုအုံကြွမှုနှင့်အတူ သူ့အင်အားလည်းကြီးထွားလာခြင်းဖြစ်သည်။ ၎င်းတို့အနက် အထင်ရှားဆုံးခေါင်းဆောင်များမှာ မားရတ် (Marat) ဒန်တွန် (Danton)  ရိုဗက်စပီးယဲ (Rovespire) တို့ ဖြစ်ကြသည်။ မားရတ်(၁၇၄၃-၁၇၉၅)က ဆရာဝန်လည်းဖြစ်သလို ရူပဗေဒပညာရှင်တဦးလည်းဖြစ်သည်။ ဒန်တွန် (၁၇၅၉-၁၇၉၄) မှာ ရှေ့နေတဦးဖြစ်ပြီး အစပိုင်းတုန်းက တော်လှန်ရေးကိုတက်တက်ကြွကြွလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ စီးပွားရေးဘက်လိုက်သွားခဲ့သည်။ ရိုဗက်စပီးယဲကမူ ရူဆိုး၏အတွေး အခေါ်ကို လက်ခံထားသူပါ။

0 comments:

Post a Comment