Thursday, December 6, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၃၁ (မျိုးမြင့်ချို)

0 comments

သောတရှင်များခင်ဗျား..စစ်အစိုးရနဲ့ (၁၃)ဖွဲ့မြောက်အပစ်ရပ်ခဲ့တာကတော့ ရလလဖအဖြစ် လူသိများတဲ့ ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့ဖြစ်ပါတယ်။ ဦးဆောင်သူ က စောတာကလယ်ဖြစ်ပြီး အပစ်ရပ်ခဲ့တာက (၁၉၉၄)ခုနှစ် (၉)လပိုင်းထဲမှာဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့ နောက်ခံအကျဉ်းချုပ်ကိုတင်ပြရရင် (၁၉၆၈)ခုနှစ်ထဲမှာ (PLF)လို့ဆိုတဲ့ ပအို့ဝ်လွတ်မြောက်ရေးတပ်ဦးကနေ အခြားလူမျိုးစုလက်နက်ကိုင်အင်အားစုတွေကိုစုစည်းပြီး (SNPLO)လို့အမည်ရတဲ့ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့(ရလလဖ)ကို ဖွဲ့စည်းခဲ့ပါတယ်။ (၁၉၇၃)ခုနှစ်ထဲ ရောက်တော့ အဖွဲ့တွင်းနိုင်ငံရေးအယူအဆရေး ကွဲပြားမှုတွေစဖြစ်လာပါတယ်။ အခြေခံပြဿနာလို့ဆိုနိုင်တာက ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပေါင်းမယ်/မပေါင်းဘူးဆိုတာပဲဖြစ်ပါတယ်။ အဲ့သလို အယူအဆရေးမတူညီမှုကနေ နှစ်ဖွဲ့ကွဲထွက်သွားခဲ့ပါတယ်။ တဖွဲ့က မူလအမည်ဖြစ်တဲ့ (ရလလဖ) ကိုဆက်ခံယူပြီး ပအို့ဝ်နီအဖြစ်နဲ့လူသိများပါတယ်။ သူတို့က ဗကပနဲ့ပူးပေါင်းရုံတင်မကပဲ နိုင်ငံရေးသဘောတရားရေး ဦးဆောင်မှုကိုပါခံယူခဲ့တာဖြစ်ပါတယ်။ ဗကပနဲ့မပေါင်းတဲ့အပြင် ဆန့်ကျင်ခဲ့တဲ့အစုအဖွဲ့ကိုတော့ PNO လို့ခေါ်ပြီး ပအို့ဝ်ဖြူအဖြစ် လူတွေသိကြပါတယ်။ ခေါင်းဆောင်က ဦးအောင်ခမ်းတီပါ။ ပအို့ဝ်ဖြူအဖွဲ့လည်း အပစ်အခတ်ရပ်စဲရေးလုပ်ရာကနေ  ပြည်သူ့စစ်အဖြစ်အသွင်ပြောင်းသွားခဲ့ပါတယ်။ (ရလလဖ)ခေါ် ပအို့ဝ်နီကိုတော့ကိုတော့ ဗိုလ်မှူးတာကလယ်က ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

သောတရှင်များခင်ဗျား ဒီနေရာမှာအလျဉ်းသင့်လို့ အရောင်နဲ့တွဲခေါ်တဲ့ဗမာ့နိုင်ငံရေးနယ်ပယ်က အဖွဲ့အစည်းတွေအကြောင်း နည်းနည်းတင်ပြပါရစေ။ ဖက်ဆစ်ဂျပန်တွေ ဗမာ့မြေပေါ်ကထွက်သွားပြီးတဲ့နောက် ပြန်ဝင်လာတဲ့နယ်ချဲ့အင်္ဂလိပ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ပြည်ချစ်ခေါင်းဆောင်တွေ လွတ်လပ်ရေးအတွက်ညှိနှိုင်းကြတဲ့အထဲမှာ တပ်ကိစ္စလည်းထိပ်ဆုံးက ပါပါတယ်။ တပ်ဗိုလ်တပ်သားဘယ်ရွေ့ဘယ်မျှထားမယ်ဆိုတဲ့သဘောတူညီချက်ကြောင့် အတော်အများများ တပ်ကနေထွက်ကြရပါတယ်။ လွတ်လပ်ရေးတိုက်ပွဲမပြီးသေးတာတကြောင်း၊ လိုအပ်ရင် တပ်နဲ့ပြန်တိုက်ရမယ့်သဘော ရှိနေတာကတကြောင်း၊ တိုင်းပြည်အတွက်လုပ်ခဲ့ကြတဲ့ တပ်မှူးတပ်သားတွေကို ထောက်ပံ့စောင့်ရှောက်ပြီး ပြန့်ကျဲမသွားအောင်ရည်ရွယ်ချက်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းက ပြည်သူ့ရဲဘော်အဖွဲ့ဆိုပြီး ဗမာ့တပ်မတော်ရဲ့အရံအင်အားသဘော စုစည်းထားခဲ့တာဖြစ်ပါတယ်။ ပြည်သူ့ရဲဘော်အဖွဲ့ရဲ့ခေါင်းဆောင်ပိုင်းမှာလည်း နိုင်ငံရေးထဲကနေလာတဲ့သူတွေဖြစ်ကြတဲ့အလျှောက် မိမိတို့ယုံကြည်ရာ ဝါဒသဘောတရားတွေနဲ့ နိုင်ငံရေးနောက်ခံတွေလည်း ကိုယ်စီရှိကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရှိနေတုန်းက ပြည်သူ့ရဲဘော်တွေဟာ ဖဆပလအဖွဲ့ချုပ်ကြီးနဲ့ဗိုလ်ချုပ်အောင်ဆန်းနောက်ကနေ မားမားမတ်မတ်ရပ်ခဲ့ပြီး နယ်တွေမှာအုပ်ချုပ်ရေးနဲ့လုံခြုံရေးကိစ္စတွေမှာဝင်ကူရင်း လူထုအားကိုးပြီး လူချစ်လူခင်ပေါတယ်လို့ဆိုနိုင်ပါတယ်။ နိုင်ငံရေးအရလည်း တစုံတရာအင်အားတောင့်တင်းတယ်လို့ ပြောလို့ရပါတယ်။ ဗိုလ်ချုပ်ရဲ့ပုဂ္ဂိုလ်ရေးသြဇာနဲ့အရှိန်အဝါက အဖွဲ့ကြီးအပေါ်အလွန်ညောင်းခဲ့တာလည်း ပါပါတယ်။ ဗိုလ်ချုပ်ရှိနေစဉ်က တော်ရုံတန်ရုံနိုင်ငံရေးသမားမပြောနဲ့ အာဏာရှိနေတယ်ဆိုတဲ့ နယ်ချဲ့အင်္ဂလိပ်ကတောင် သိတ်မထိပါးဝံ့ပါဘူး။

ဗိုလ်ချုပ်မရှိတော့တဲ့နောက် ဖဆပလအဖွဲ့ကြီးထဲမှာ နိုင်ငံရေးအရအယူအဆရေးအရ အုပ်စုသဘောတွေ ထိန်းမရအောင်ဖြစ်လာခဲ့ပါတယ်။ အုပ်စုချင်းကြားကတိုက်ပွဲတွေနဲ့အတူ အစိုးရအဖွဲ့တွင်းနဲ့ဖဆပလအဖွဲ့တွင်းမှာပါ အာဏာလွန်ဆွဲပွဲတွေလည်း သည်းသန်ပြင်းထန်ခဲ့ပါတယ်။ ဗိုလ်ချုပ်ရှိစဉ်က နိုင်ငံရေးသမားတွေမျက်စောင်းတောင်မထိုးဝံ့တဲ့ပြည်သူ့ရဲဘော်အဖွဲ့ဟာ နောက်ပိုင်းမှာ အထိပါးခံလာရတာတွေတောင်ရှိခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက် ဗမာပြည်ကွန်မြူနစ်ပါတီအပါအဝင်အဖွဲ့အစည်းတွေ၊ လူမျိုးစုတွေ ဆက်တိုက်ဆိုသလိုလက်နက်ကိုင်အုံကြွလာကြပါတယ်။ အဲဒီ (၁၉၄၈)ခုထဲမှာပဲ ပြည်သူ့ရဲဘော်အဖွဲ့လည်း တောခိုခဲ့တာဖြစ်ပါတယ်။ တောခိုသွားတဲ့ ပြည်သူ့ရဲဘော်အခြမ်းကို သတင်းစာတွေက ရဲဘော်ဖြူလို့ကင်ပွန်းတပ်ပြီး မြေပေါ်ကျန်နေခဲ့သူတွေကိုတော့ ရဲဘော်ဝါလို့အမည်ပေးခဲ့ကြပါတယ်။ အလားတူပဲ ဗမာပြည်ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲခဲ့စဉ်ကလည်း သခင်စိုးဦးဆောင်တဲ့အခြမ်းကို နစ်နီ၊ သခင်သန်းထွန်းတို့ဦးဆောင်တဲ့အခြမ်းကို နစ်ဖြူဆိုပြီး ကင်ပွန်းတပ်ခဲ့ကြပါတယ် ဒါ့အပြင် တရုတ်ပြည်တော်လှန်ရေးအပြီးအာဏာရသွားတဲ့ မော်စီတုန်းခေါင်းဆောင်တဲ့တရုတ်တွေကိုတော့ တရုတ်နီတွေလို့ခေါ်ပြီး စစ်ရှူံးလို့ထွက်ပြေးရတဲ့ချန်ကေရှိတ်ဦးဆောင်တဲ့ တရုတ်အမျိုးသားတွေကိုတော့ တရုတ်ဖြူလို့ခေါ်ကြပါတယ်။ ဒါ့ကြောင့် ဗမာပြည်ထဲကိုရောက်လာတဲ့ ချန်ကေရှိတ်တပ်တွေကို တရုတ်ဖြူတပ်တွေလို့လူထုကြားမှာတွင်ခဲ့တာဖြစ်ပါတယ်။

သောတရှင်များခင်ဗျား..
(ရလလဖ)နဲ့စစ်အစိုးရအပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တာဟာ ဖုတ်ပူမီးတိုက်လုပ်ခဲ့တာတော့လည်း မဟုတ်ပါဘူး။ (၁၉၉၄)ခုနှစ်ဇန်နဝါရီလက စပြီး စစ်အစိုးရနဲ့အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးနေခဲ့တာဖြစ်တဲ့အပြင် သူ့ဒေသခံလူထုတွေဆီကနေလည်း အပစ်ရပ်ရေးနဲ့ပတ်သက်လို့ ဆန္ဒကောက်ခံပြီးမှလုပ်ခဲ့တာဖြစ်ပါတယ်။ တကယ်တမ်းအပစ်ရပ်ခဲ့တာကတော့ (၉၄)ခု (၁ဝ)လပိုင်းထဲကျမှဖြစ်ပါတယ်။ ဒီလောက်အချိန်ယူ ညှိနှိုင်းပြီး ဒေသခံလူထုရဲ့သဘောထားနဲ့လုပ်ခဲ့တာတောင် နှစ်ဘက်သဘောတူညီချက်ဟာ နှုတ်ကတိမျှပဲဖြစ်နေတာတွေ့ရပါတယ်။ စာချုပ်စာတမ်းနဲ့၊ အချက်အလက်အတိအကျနဲ့မလုပ်ခဲ့နိုင်တာဟာ ဘာ့ကြောင့်များလည်းလို့လည်း တွေးစရာတွေရှိပါတယ်။ အဲ့ဒီအဖွဲ့ကိုလည်း မတရားသင်းအဖြစ်ကနေပယ်ဖျက်ပေးတာ မတွေ့ခဲ့ရပါဘူး။ အပစ်ရပ်ပြီးစက စစ်အစိုးရနဲ့အထိုက်အလျှောက်ပြေလည်မှုရှိခဲ့ပါတယ်။ ရှမ်းပြည်နယ် နောင်ထောင်ဒေသမှာ ဋ္ဌာနချုပ်ကိုအခြေစိုက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းကာလတွေမှာ စစ်အစိုးဘက်က တဘက်အဖွဲ့အစည်းများလိုက်နာရန်ဆိုတဲ့ တဘက်သတ်ဆန်လှတဲ့တောင်းဆိုမှုတွေကြောင့် မကြေမလည်တွေစဖြစ်လာပါတယ်။ ရလလဖရဲ့ နယ်မြေ၊ တပ်နဲ့အရပ်သူအရပ်သားတွေသွားလာခွင့်တွေအပြင် စီးပွားရေးကိစ္စတွေကိုပါ စစ်အစိုးရဘက်က စွက်ဖက်တင်းကျပ်လာပါတယ်။ ဒါကိုအကြောင်းပြုပြီး ပြဿနာဟာတစတစ ကြီးထွားလာပါတယ်။ ဒီလိုနဲ့ ကြိုကြားကြိုကြားတိုက်ပွဲအသေးစားလေးတွေဖြစ်ရာကနေ နောက်ဆုံး သြဂုတ်လ (၃)ရက် (၂ဝဝ၇)ခုနှစ်မှာ ရပခ ဒုတိုင်းမှူးကိုယ်တိုင်ဦးစီးပြီး (ရလလဖ)ရဲ့ဋ္ဌာနချုပ်ဖြစ်တဲ့နောင်ထောင်ကို အပြီးဝင်တိုက်သိမ်းယူလိုက်ပါတယ်။
ခေါင်းဆောင်အများစု လက်နက်ချဘဝကိုရောက်သွားခဲ့ရပြီး ဗိုလ်မှူးကြီးခွန်တီးစောင် ဦးဆောင်တဲ့လူတချို့လောက်ပဲ လက်နက်မချပဲဆက်လက်တိုက်ပွဲဝင်နေခဲ့တာဖြစ်ပါတယ်။

သောတရှင်များခင်ဗျား…နောက်အပတ်တွေမှာတော့ တင်ပြဖို့ကျန်နေသေးတဲ့အဖွဲ့တွေအကြောင်းနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီ ချက်တွေ ဖြစ်ခဲ့တာနဲ့ပျက်ခဲ့တာတွေကိုဆက်လက်တင်ပြပါ့မယ်။

ကျနော်မျိုးမြင့်ပါခင်ဗျား။

0 comments:

Post a Comment