၂ဝ၁ဝ
နှစ်ဆန်းပိုင်းက ဖြစ်မည်ထင်၏။ ဂျာမဏီမှမိတ်ဆွေတစ်ဦးက “ခင်ဗျား. .ဖေ့စ်ဘွတ်ခ် ဘာလို့မသုံးတာလဲ”ဟုမေး၏။ ပြီးနောက် ဖေ့စ်ဘွတ်ခ်အကြောင်း၊ ယင်း၏အစွမ်းနှင့်အကျိုးအပြစ်တို့အကြောင်း တဆက်တည်းရှင်းပြ၏။
အမှန်ပြောရလျှင် ထိုမတိုင်မီက ဖေ့စ်ဘွတ်ခ်အကြောင်း ကြားဖူးနားဝမျှ။ စိတ်လည်းသိတ်မဝင်စား။
ကလေးတွေလုပ်တဲ့အလုပ်။ အပျော်တမ်းလူမှုကွန်ယက် တစ်ခုလောက်ဟုသာ ထင်မှတ်ထားချိန်။ သူပြောတော့
နည်းနည်းစိတ်ဝင်စားစပြု၏။ သို့ဖြင့် တစေ့တစောင်းကြည့်ဖြစ်၏။ သို့သော် စေ့စေ့ငုငုကားမဟုတ်ခဲ့။
ဒါက ပထမအကြိမ် ဖေ့စ်ဘွတ်ခ်ကို ဖျတ်ကနဲမျက်နှာမူမိခြင်း။ ပြီးတော့လည်း ဘာသိဘာသာ။
ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်မှ
နောက်ဆုံးအကြိမ် လွတ်မလာသေးမီကာလများ။ ရှေ့နေကြီးဦးဉာဏ်ဝင်း ခြံအမှတ် ၅၄ သို့ အဝင်အထွက်များ
ခတ်စိတ်စိတ်။ သူပြန်လာလျှင် ဒေါ်စုပါးလိုက်သည့်
မက်ဆေ့ဂ်ျလေးများကြားရတတ်၏။ ထို အထဲတွင်တစ်ကြိမ်မှာ “ဒေါ်အောင်ဆန်းစုကြည်က သူအပြင်ပြန်ရောက်ရင်
တွတ်တာသုံးချင်တယ်”ဟု ဆိုကြောင်းလည်းပါ၏။ မိမိစိတ်ထဲ “ဒေါ်စုကလည်း ကလေးမဟုတ်သူငယ်မဟုတ်”ဟု
သရော်စိတ်ဖြင့်မဲ့မိ၏။ လူငယ်တယောက်က (အမေစု..တွတ်တာမသုံးနဲ့ဖေ့စ်ဘွတ်ခ်သုံးပါ။ မြန်မာပြည်ကလူငယ်တွေ ဖေ့စ်ဘွတ်ခ်ပဲသုံးကြတာ)ဟု တိုက်တွန်းစကားဆို၏။ ဤတွင် ဖေ့စ်ဘွတ်ခ်ကို ဒုတိယကြိမ်စောင်းငဲ့ကြည့်မိပြန်၏။ သို့သော်လည်း သမန်ကာရှံကာမျှ။ ထို့ထက်မပိုသေး။
နောက်တော့
သိတ်မကြာလိုက် ဒေါ်စုလည်းလွတ်လာ၏။ (ဒေါ်စု ခုချိန်ထိတော့ မတွတ်တာနိုင်သေးဟုထင်၏) ကွန်ယက်ဖေါင်းပွမှုလည်း
အတောမသတ်ဖြစ်လာ၏။ ခေါင်းစဉ်တွေကလည်း အမယ်စုံစုံ။ ရည်ရွယ်ချက်တွေကလည်း ထွေထွေပြားပြား။
“ရေတက်ဦးငါးဇင်ရိုင်းတွေ”ဟု အသိတယောက်ပြောဖူးတာလည်း ခုတိုင်မှတ်မိနေသေး၏။
နေရာတိုင်း ကွန်ယက်။ ရှောင်မလွတ်။ လူတချို့က ကျနော့်လည်း သူတို့နှင့်အတူ ဝင်ယက်ရန်ဖိတ်၏။
အချိန်ကလည်း ကျနော့်စိတ် ဖေ့စ်ဘွတ်ခ်ဘက်လည်ချိန်။ မျက်စေ့ကျနေချိန်။ ဤတွင် မစွမ်းယင်းနှင့်ကန်စွန်းခင်းငြိတော့၏။
သို့သော် သူ့ကို ဘယ်အနေနှင့်သုံးမလဲဆိုသည်ကိုချိန်ဆရင်း၊ အဲ့ဒီမှာ ဘယ်သူတွေရှိနေသလဲ..
ဘာလုပ်ဖို့ရှိနေကြသလဲ ဆိုသည်ကိုစူးစမ်းရင်း၊ ထုံ့ပိုင်းထုံ့ပိုင်းလေး ခရမ်းစပျိုးတော့၏။
နောက်တော့
အာရပ်နွေဦးပေါ်လာ၏။ ယခုတိုင်မဆုံးနိုင်သေးသည့်နွေဦး။ အလွန်ရှည်လျားသည့်နွေဦး။ ထိုနွေဦးတွင်
ဖေ့စ်ဘွတ်ခ်အတော်ပင်မျက်နှာပန်းပွင့်၏။ စန်းထ၏။ ထိုနွေဦးအစပျိုးချိန်၊ ရင့်မှည့်ချိန်နှင့်ပေါက်ကွဲချိန်တို့တွင် ဖေ့စ်ဘွတ်ခ်ကဏ္ဍအဓိကဟု ဆိုသူဆို၏။ ဒီလောက်ကြီးလည်းမဟုတ်ဟု ပြောသူပြော၏။
တချို့ကဆို ဖေ့စ်ဘွတ်ခ်ကြောင့် အာရဗ်ကမ္ဘာက စေတလုံးသရဖူတွေမြေခရသည်ဟုပင် ဖေ့စ်ဘွတ်ခ်ဘုန်းတော်ကို
ဖွဲ့ကြသည်လည်းကြားရ၏။ တချို့လည်း တကယ့်ကိုအားကိုးတကြီး။ တချို့လည်း ဆက်သွယ်ရေးမို့သာသုံး၏။
သိတ်တော့လည်း မျက်နှာသာမပေး။ ရွှေရေးပန်းကန်တက်မှာစိုးတာလည်း ပါမည်ထင်၏။ မည်သို့ပင်ဆိုစေ
ထိုနွေဦးကား ဖေ့စ်ဘွတ်ခ်ကို သိက္ခာထပ်ပေးလိုက်၏။ ဤတွင်အခြားလူမှုကွန်ယက်များထက် ဖေ့စ်ဘွတ်ခ်က
နှာအဖျားပေါင်းများစွာ ဖြတ်တက်သွား၏။ ကြော်ငြာတွေ လက်မလည်တော့။ လူတွေနှုတ်ဖျား၌ဖေ့စ်ဘွတ်ခ်ပွင့်ပြီး။
ဇူကာဘာ့ဂ်လက်ဖျားမှာ ငွေတွေသီးပြန်၏။
ဖိလစ်ပိုင်အာဏာရှင်မားကို့စ်အား
နန်းထက်မှဆွဲချချိန်၌ မိုဘိုင်းလ်ဖုန်းများခေတ်ဆန်းစ။
အဓိကရုဏ်းနှင့်လူထုလှုပ်ရှားမှုများလည်း ဒွေးရောယှက်တင်။ လှုပ်ရှားမှုတွေမီးတောက်နေစဉ်
လူငယ်တဦးနှင့်သတင်းဋ္ဌာနတခု အမှတ်မထင်အင်တာဗျူးလေးတခုလုပ်၏။ ဆန္ဒပြနေသည့်လူအုပ်ထဲကလူငယ်ကို
သတင်းသမားက “မားကို့စ်ကိုဖြုတ်ချနိုင်ဖို့ဘာတွေလိုမလဲ”ဟု မေး၏။ လူငယ်က လက်ထဲကလက်ကိုင်ဖုန်းလေးမြှောက်ပြပြီး “ဒါလေးပဲလိုတာပါ”ဟု ပြန်ဖြေ၏။ အတိုင်အဖေါက်လုပ်ထားသလားပင် ထင်ချင်စရာ။
နောက်တော့သိတ်မကြာလိုက် မားကို့စ် ခလုပ်မထိဆူးမငြိနှင့် ကယ်တင်ရှင်အထံတော်ပါးတွင် နားနားနေနေ။
အီမယ်လ်ဒါလည်း ဖိနပ်တစ်ရံမျှသဲကြိုးမပြတ်ခဲ့။ ထိုအခင်းကြီးပြီးတော့ အရှိန်အစော်ရှိသည့်
နိုင်ငံရေးဂုရုတချို့က နည်းပညာအကြောင်းပြောတာလိုလို နိုင်ငံရေးတရားဟောတာ လိုလိုနှင့်
ရေးသည့်စာတချို့ကဖုန်းကြော်ငြာဆန်ဆန်။ Information Technology and Mass Movement ရောသမမွှေများ
ပလူပျံလာ၏။ ခုန အင်တာဗျူးလေးကိုလည်း မကြာမကြာညွှန်းကြ၏။ ဤတွင် ဖုန်းကုမ္ပဏီတွေက တတိယနိုင်ငံတွေဆီဦးတည်ကြ၏။
ဈေးကွက်သစ်တွေလည်း မှိုလိုပေါက်လာ၏။ ဖုန်းတွေလည်း ထုတ်မလောက်။ ရောင်းမလောက်။ ဖုန်းကုမ္ပဏီတွေ
ဖုတ်သွင်းရထားဆိုက်သလို။ အာဏာရှင်နိုင်ငံတွေမှာလည်း အရောင်တော်လှန်ရေးတွေ အစီအရီအလုအယက်။
ဓါးထက်ထက်နှင့်လူစွမ်းကောင်းများလည်း အပြိုင်းအရိုင်း။
ဤတွင်တွေးစရာပေါ်လာ၏။
ဤ မချမ်းသာသည့်နိုင်ငံများတွင် ဤမျှများသောဖုန်းတွေကို မည်သူတွေကဝယ်၍ မည်သူတွေကသုံးကြသနည်း။
ဤမျှများသော ဖုန်းတွေရောင်းရရုံ၊ ကုမ္ပဏီတွေကြီးပွားသွားရုံဖြင့် အာဏာရှင်ဘယ်နှဦး အစိုးရဘယ်နှခု
ပြုတ်ကြသွားခဲ့သနည်း။ ဖြုတ်ချနိုင်ခဲ့ကြသနည်း။ မည်မျှသော အဖိနှိပ်ခံပြည်သူတွေတွေ လွတ်မြောက်လာကြသနည်း။
ပြုတ်ကျသော၊ အဖြုတ်ချခံရသော အာဏာရှင်တွေဘာဖြစ်ကြသနည်း။ တက်လာသည့်အစိုးရသစ်တွေ ဘယ်လိုဆက်စခန်းသွားခဲ့ကြနည်း။
အမြောက်တောင်မချိန်လိုက်ရပဲ ပွင့်သွားသည့်တံခါးပေါက် များမှမည်သူတွေဝင်ပြီး မည်သူတွေထွက်လာကြသနည်း။
အသေအချာစစ်တမ်းပြုကြည့်နိုင်လျှင်ကောင်းလေစွဟု စိတ်တွင်ဖြစ်မိ၏။ ထားတော့။
နောက်တချက်က
ဤဖြစ်ခဲ့လေသမျှ လူထုလှုပ်ရှားမှုတို့တွင် ဤ ဖုန်းတွေ ဤနည်းနာတွေ ဤကွန်ပြူတာအင်တာနက်တွေ
ဤဖေ့စ်ဘွတ်ခ်တွေကို လူထုကချည်းသုံးနေတာမဟုတ်။ အစိုးရတွေ၊ အာဏာရှင်တွေကလည်းသုံးနေသည်ဆိုခြင်းအား
လူအချို့မျက်စေ့လျှမ်းကြသည်ထင်၏။ ကိုယ့်ဘက်ကသုံးပြီး အခွင့်သာအောင်လုပ်မည်ဟုသာ တေးထားတွေးထားနေချိန်တွင်
တဘက်မှ နိုင်ငံပိုင်မီဒီယာတွေအပါအဝင် အားလုံးကိုစီးမိပြီးသားဖြစ်နေတာကို ဂရုပြုမှုနည်းနေသလားဟုတွေးမိ၏။
“လူထု”ဆိုသည်က တဦးချင်းစုဖွဲ့ပြီးမှဖြစ်လာရသည့် လူအစုအဝေးကြီးဖြစ်ပြီး ဦးတည်ရည်မှန်းချက်တခုကိုဆုံးသည်ထိ
အတူသွားကြသူများသာဖြစ်၏။ ခရီးဆုံးလျှင် ကိုယ့်လမ်းကိုယ်လျှောက်ကြရ၏။ ထိုခရီးသွားနေစဉ်မှာပင်
မိမိတို့ကိုယ်စီဘဝတွေအတွက် ရုန်းရကန်ရသေး၏။ စားဝတ်နေမှုရှိသေး၏။ ထို့ကြောင့် တချို့ဆို
ဘုံခရီးကိုဆုံးသည်ထိပင် လိုက်ပါနိုင်စွမ်းမရှိတတ်။ ဤခရီးကြီးထဲသွားနေခြင်းအတူမှာပင်
ဤနည်းပညာတွေ ဖုန်းတွေကွန်ပြူတာတွေကိုသုံးနိုင်သူကရော မည်မျှရှိမည်နည်း။ ဒါလည်းတွေးစရာဖြစ်၏။
“အစိုးရ”ဆိုသည်ကတော့ လူထုလိုမဟုတ်။ သူ့မှာက အာဏာရှိပြီးတိုင်းပြည်ဘဏ္ဍာကို သုံးခွင့်ရှိ၏။
အစိုးရဝန်ထမ်း၊ စစ်တပ်၊ ရဲစသည့် အမှုထမ်းတွေကိုလည်း သုံးနိုင်သေး၏။ သုံးသေး၏။ သုံး၏။
ထို့ကြောင့် ဤနည်းပညာ ဤပစ္စည်းကိရိယာတို့အား သုံးကြတာချင်းတူလျှင်တောင် အစိုးရကပို၍သုံးနိုင်သည့်အခွင့်အလမ်းရှိ၏။
သုံးလည်းသုံးနေသည်မှာ မျက်မြင်။ ဒါလည်း ထည့်တွက်ရမည်ထင်၏။
ဤတွင်
အစိုးရကဲ့သို့ ကိုယ်ပိုင်မီဒီယာမရှိသည့် လူတို့(တိုင်းသူပြည်သားတို့)အနေနှင့် ဆက်သွယ်ဖို့ဝါဒဖြန့်ဖို့
မီဒီယာလိုလာ၏။ ထိုတွင် ကွန်ပြူတာအင်တာနက်နှင့်ချိတ်ဆက်သုံးစွဲရသည့်ကိရိယာများနှင့်အတူ
“လူမှုကွန်ယက်”တွေကို “လူထုမီဒီယာ”အဖြစ်တွေ့သည်ထင်၏။ အချိန်နှင့်တပြေးညီသုံးရင်း ကိုယ်မပိုင်သည့်မီဒီယာတွေကို
ကိုယ်ပိုင်ဖြစ်ရေးလုပ်ရတော့၏။ သည်တော့ “လူမှုကွန်ယက်”သည် “လူထုမီဒီယာ” ဖြစ်လာ၏။ သို့သော်
ကိုယ်ပိုင်မီဒီယာမဟုတ်သဖြင့် ကိုယ့်လက်ကိုယ့်ခြေတော့လုပ်လို့မရ။ သူ့အကန့်အသတ်အတွင်းကနေ
ကိုယ်လုပ်လို့ရသလောက်လုပ်ရေးသာ ဇောင်းပေးဇန်းတင်တွေးရင်း ဇက်ကုန်ဖွင့်ကာဒုန်းစိုင်းရတော့၏။
ထို မီဒီယာတို့တွင် အယ်ဒီတာမရှိ၊ စာပေစိစစ်ရေးမရှိ၊ ကြီးကြပ်သူဟုမရှိ၊ ပရိသတ်သဘောမရှိ၊
ရေးသူဖတ်သူ သတ်သတ်စီဖြစ်မနေ၊ အထက်အောက်သဘော၊ ထောင်လိုက်သဘော၊ အလျားလိုက်သဘော၊ ပိရမစ်သဘောတွေ
ဘာသဘောမျှမရှိတော့။ လွတ်လပ်၏။ သူ့ဥပဒေသကိုမကြိုက်လျှင် သူ့အသင်းအပင်းထဲ မဝင်ရုံသာ။
ထိုမီဒီယာအမျိုးအစားကို စည်းကမ်းမပြည့်ဝသည့်မီဒီယာဟု ကင်ပွန်းတပ်ချင်သူများလည်းရှိ၏။
“စည်းကမ်းပြည့်ဝသော”တွေ ခေတ်စားသည့်ကာလမို့ ဖြစ်မည်ထင်၏။
သို့ဖြင့်ကျနော်လည်း
ဖေ့စ်ဘွတ်ခ်ထဲဝင်၏။ လှိုင်လှိုင်သုံး၏။ တွင်တွင်သုံး၏။ စည်းကမ်းမပြည့်ဝသောလူထုမီဒီယာစစ်ကို
နှစ်သက်နေ၏။
ဖေ့စ်ဘွတ်ခ်ဘာလို့မသုံးတာလဲဟုမေးခဲ့ဖူးသည့်
ဂျာမဏီမှမိတ်ဆွေနှင့် တနေ့ကအွန်လိုင်းမှာဆုံတော့
“ခင်ဗျား ဖေ့စ်ဘွတ်အတော်သုံးတာပဲနော် ပို့စ်တွေလည်း အမြဲလိုလိုတင်တင်နေတာ သတိထားမိတယ်”ဟုပြော၏။
ဤတွင် ကျနော် ဘာ့ကြောင့်ဖေ့စ်ဘွတ်ခ်သုံးခြင်းအား ချပြရန်လိုလာပြီထင်ပြီး “အေးဗျ ဟုတ်တယ်။
ကျနော်ရေးသမျှစာရော၊ ကျနော်ကြိုက်သမျှအကြောင်းအရာတွေရောတင်ပါတယ်။ ဒါလည်း ဝါဒဖြန့်တာပေါ့ဗျာ။
ဝါဒဖြန့်တယ်ပြောတော့ တချို့ကနှာခေါင်းရှူံကြတယ်ဗျ။ ဒါပေမယ့် လက်တွေ့ကျတော့ လူတိုင်းဒါလုပ်နေကြတာပဲမဟုတ်လား။ ဝါဒဖြန့်မယ်ဆို မီဒီယာလိုတယ်ဗျ။ ကျနော့်မှာ ကိုယ်ပိုင်မီဒီယာမရှိဘူးလေ။
ဖေ့စ်ဘွတ်ခ်ကို လူအမျိုးမျိုးကရည်ရွယ်ချက်အမျိုးမျိုးနဲ့ သုံးကြတာပဲမဟုတ်လား ကျနော်လည်း
ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ်ပေါ့ဗျာ”ဟုတနံတလျားပြန်ပြောမိ၏။ ဤတွင်မိတ်ဆွေက “ဒါဆို ခင်ဗျားက
အဲဒါကို လူမှုကွန်ယက်အဖြစ်သုံးတာမှမဟုတ်တာ။ လိပ်ပြာရောသန့်ရဲ့လား”ဟုဆက်ပြော၏။ ကျနော်လည်း
ရှင်းရှင်းလင်းဖြစ်မှကောင်းမည်ထင်၍ “ကျနော် ဖေ့စ်ဘွတ်ခ်ကို စသုံးကတည်းကနေ ခုချိန်ထိ
ကျနော့်ပေ့ဂ်ျကို “ကျနော်ပိုင်လူထုမီဒီယာ”အဖြစ်နဲ့လိပ်ပြာသန့်သန့်သုံးလာခဲ့တာပါ”
ဆိုတော့ ထိုမိတ်ဆွေက “သြော်”တစ်လုံးဆိုကာ နှုတ်ဆိတ်သွား၏။ ဘာမှမဆက်ဖြစ်တော့။
ခုတော့
ကျနော်လည်း ဖေ့စ်ဘွတ်ခ်လှိုင်းစီးရင်း လူထုမီဒီယာဆိုသည့်သဘော Citizen Journalist ဆိုသည့်သဘောတို့အား
ရေးရေးထင်ရာမှ ပြက်ပြက်မြင်လာသည်ဟု ဆိုရမည်ထင်၏။
မျိုးမြင့်ချို
0 comments:
Post a Comment