Thursday, December 20, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း ၃၃ (မျိုးမြင့်ချို)

0 comments
ဒီဇင်ဘာ ၂၀ ရက် ၂ဝ၁၂ နေ့က အာရ်အက်ဖ်အေမှထုတ်လွှင့်ပြီး
သောတရှင်များခင်ဗျား.. (၁၉၈၉)ကနေ (၉၁)ခုအတွင်း စစ်အစိုးရနဲ့အပစ်အခတ်ရပ်ခဲ့တဲ့(၈)ဖွဲ့လုံးကို စစ်အစိုးက မတရားသင်းကနေပယ်ဖျက် ပေးခဲ့တဲ့အကြောင်းနဲ့ ဘာ့ကြောင့်အဲ့သလိုလုပ်ပေးခဲ့တယ်ဆိုတဲ့ကျနော့်အမြင်ကိုလည်း အရင်သီတင်းပတ်တွေမှာ တင်ပြခဲ့ပါတယ်။ ဒီ့နောက် (၁၉၉၂) ကနေ (၉၅)အတွင်း အပစ်ရပ်(၇)ဖွဲ့ကိုတော့ မတရားသင်းကနေဖျက်မပေးတဲ့အပြင် လက်နက်ချခိုင်း၊ ပြည်သူ့စစ်လုပ်ခိုင်း၊ နယ်ခြားစောင့်တပ်ပြောင်းခိုင်းတဲ့ကိစ္စတွေကို ဆက်ပြီးတင်ပြခဲ့ပါတယ်။  အဲ့ဒီအချိန်မှာ အဲသလိုလုပ်ရတာဟာ အနာဂတ်စစ်အာဏာအထိုင်ချဖို့ ရည်ရွယ်တာလို့ ကျနော်မြင်ကြောင်းလည်း ဆွေးနွေးတင်ပြခဲ့ပါတယ်။

စစ်အစိုးရဟာ အဲ့ဒီကာလအပိုင်းအခြားမှာ မြေပေါ်နိုင်ငံရေးအင်အားစုတွေနဲ့အပစ်ရပ်ပြီးအဖွဲ့တွေကို အမျိုးသားညီလာခံထဲဆွဲသွင်းထားနိုင် ရေးလုပ်နေချိန်ဖြစ်ပါတယ်။ ရည်ရွယ်ချက်က သူတို့စိတ်ကြိုက်ဖွဲ့စည်းပုံအခြေခံဥပဒေတခု ပေါ်ထွက်လာရေးဖြစ်ပါတယ်။ အပစ်ရပ်အဖွဲ့တွေ ကိုတော့ အမျိုးသားညီလာခံထဲဝင်ပြီး ပြည်နယ်အရေး၊ လူမျိုးစုအရေးတွေပြောကြဆိုကြပါလို့ တဘက်လှည့်နဲ့အချိုသတ်ထားပြီး အခြားတဘက်မှာလည်း နိုင်ငံတကာက အတုအယောင်လို့ဆိုနေတဲ့ညီလာခံကို အစစ်အမှန်အဖြစ်လက်ခံအသိအမှတ်ပြုလာရေး ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ စစ်အစိုးရနဲ့ပလဲနံပသင့်တဲ့ လူမျိုးစုကိုယ်စားလှယ်တချို့အပြင် အပစ်ရပ်အဖွဲ့တွေပါ ညီလာခံထဲ ဝင်ထိုင်နေတော့ နိုင်ငံတကာအမြင်မှာ သို့လော သို့လောတွေဖြစ်ခဲ့တာလည်းအမှန်ပါပဲ။ ပြည်တွင်း/ပြည်ပက စစ်အစိုးရနဲ့အတိုက်အခံ ဖြစ်နေတဲ့ နိုင်ငံရေးအင်အားစုတွေကြားမှာလည်း ဆွေးနွေးငြင်းခုန်စရာတွေဖြစ်ခဲ့ရပါတယ်။ ဒါတင်မက ထောင်ထဲကနိုင်ငံရေး အကျဉ်းသားတွေကြားမှာလည်း ကြိတ်ဝိုင်းလေးတွေလုပ်၊ လူစု၊ အပြန်အလှန်အမြင်ဖလှယ်ပြီးရလာတဲ့ သဘောထားတွေကို အပြင်ကိုလျှို့ဝှက်ထုတ်ပေးတာတွေလည်းရှိခဲ့ပါတယ်။ အချင်းချင်းကြားမှာ သဘောထားအမြင်တွေလည်း အကွဲကွဲအပြားပြားရှိခဲ့ကြပါတယ်။ (၁၉၈၈)ကနေ (၂ဝ၁ဝ) ရွေးကောက်ပွဲမတိုင်မီအထိ ဗမာ့နိုင်ငံရေးအခင်းအကျင်းမှာ လူပြောသူပြောအများဆုံးနဲ့ အခြေအတင်အဖြစ်ရဆုံး နိုင်ငံရေးဖြစ်စဉ်တခုလို့တောင် သတ်မှတ်ရလောက်မယ်ထင်ပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ အဲ့ဒီညီလာခံဟာ (၉ဝ)ရွေးကောက်ပွဲရလဒ်နဲ့ တိုက်ရိုက်အဆက်အစပ်ဖြစ်နေလို့ပါပဲ။ ထောင်ထဲနဲ့တောထဲမရောက်ပဲ ကျန်ခဲ့တဲ့ရွေးချယ်ခံလွှတ်တော်ကိုယ်စားတွေဟာ ပြည်သူ့လွှတ်တော်ခေါ်ယူပြီး အစိုးရဖွဲ့ရမယ့်အစား အဲ့ဒီညီလာခံထဲဝင်သွားခဲ့ရပါတယ်။  အနိုင်ရကိုယ်စားလှယ်တွေဟာ တိုင်းပြုပြည်ပြုလွှတ်တော်အဆင့်ကိုတောင်မလှမ်းလိုက်ရရှာပဲ အနာဂတ်စစ်အာဏာနဲ့စစ်အုပ်စုအကျိုးစီးပွား ကို ဥပဒေနဲ့အတိအလင်းအကာအကွယ်ပေးမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံကိုရေးဆွဲပေးရသူတွေအဖြစ်ကို ဆိုက်သွားခဲ့ရလို့ပါပဲ။ အဲ့ဒီညီလာခံကို အများစုအနိုင်ရပါတီကလက်ခံလိုက်ခြင်းအားဖြင့် (၉ဝ)ရွေးကောက်ပွဲရလဒ်ကို ကိုယ့်ဘာသာကိုယ်နင်းချေလိုက်တာဖြစ်တယ်လို့ နိုင်ငံရေးသမားအချို့ကဆိုကြပြီး၊ တချို့ကတော့ (၂ဝ၁ဝ) ရွေးကောက်ပွဲပြီးမှ (၉ဝ)ရွေးကောက်ပွဲရလဒ် ပျက်ပြယ်တာလို့ပြောကြပါတယ်။ လက်တွေ့မှာတော့ အဲ့ဒီညီလာခံကိုလက်ခံလိုက်ကြရတဲ့အတွက် တဘက်သတ်အသာစီးရပြီး နိုင်ငံရေးအမြတ်ထွက်သွားတာက စစ်အစိုးရပဲလို့ပြောချင်ပါတယ်။ သူ့အတွက် ဧရာမနိုင်ငံရေးအကျပ်အတည်းကနေ အကြီးအကျယ်အသက်ရှူချောင်သွားခဲ့ရပါတယ်။ နိုင်ငံတကာကိုလည်း ညီလာခံကိုလက်ညှိုးထိုးပြပြီး လက်မထောင်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်မို့ အဲဒီကာလအတွင်း စစ်အစိုးရရဲ့ အပစ်ရပ်အဖွဲ့တွေအပေါ်လုပ်ဟန်ဟာ မတရားသင်းအဖြစ်ဆက်လက်ထားပြီး လိုအပ်ရင်အချိန်မရွေးပြန်ဖမ်း၊ တောထဲပြန်မောင်းပို့လုပ်လို့ ရအောင်  ညီလာခံနဲ့မျှားပြီးအရှင်သဘောမျှောထားတာလို့ ယူဆချင်ပါတယ်။

သောတရှင်များခင်ဗျား…အခုဆက်ပြီး(၉၅)ကနေ (၉၇)အတွင်း စစ်အစိုးရနဲ့အပစ်အခတ်ရပ်ခဲ့တဲ့အဖွဲ့တွေအကြောင်း တင်ပြပေးပါရစေ။ အဲ့ဒီကာလမှာ အပစ်ရပ်ခဲ့တာက (၂)ဖွဲ့ဖြစ်ပါတယ်။ တဖွဲ့က(ရှမ်းပြည်တပ်မတော်)လို့ခေါ်ပြီး ခွန်ဆာအဖွဲ့ဆိုမှလူသိများတဲ့ အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ရဲ့တပ်ကိုလည်း အင်္ဂလိပ်လို Shan Land Army ၊ ဗမာလို ရှမ်းပြည်တပ်မတော်လို့ပြောရင် သိသူအလွန်နည်းတာတွေ့ရပါတယ်။ ဟိုးတုန်း ကတော့ မောဝ်ထိုင်းအာမီ (MTA) ဆိုတဲ့အမည်နဲ့ နိုင်ငံခြားနဲ့ပြည်တွင်းသတင်းတွေမှာ မကြာခနတွေ့ရတတ်ပါတယ်။ သူ့ကိုကို MTA အနေနဲ့သိကြတယ်ဆိုရာမှာလည်း နိုင်ငံရေးတော်လှန်ရေးလုပ်နေတဲ့အဖွဲ့လို့ သိမှတ်လက်ခံကြတာမျိုးထက် လက်နက်ကိုင်တပ်ကြီး ထူထောင်ပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်တဲ့ နိုင်ငံတကာအဆင့်မူးယစ်ဂိုဏ်းကြီးသဖွယ် နံမည်ပျက်နဲ့သိကြတာမျိုးဖြစ်ပါတယ်။ ခေါင်းဆောင်ဖြစ်တဲ့ခွန်ဆာ(ခေါ်)ချန်ရှီဖူးကိုလည်း နံမည်ကြားလိုက်တာနဲ့ မူးယစ်ရာဇာကြီးလို့တန်းပြောကြသူတွေကများပါတယ်။

ခွန်ဆာဟာ ဘိန်းလုပ်ငန်းကို တရုတ်ဖြူတွေဆီက အမွေဆက်ခံခဲ့တာလို့ပြောရမယ်ထင်ပါတယ်။ မော်စီတုန်းကို စစ်ရှူံးပြီးဗမာပြည်ထဲကနေ ခြေကုပ်ယူပြန်တိုက်ဖို့ဝင်လာတဲ့ ချန်ကေရှိတ်တရုတ်ဖြူတပ်တွေကျူးကျော်မှုနဲ့အတူ ဘိန်းစိုက်ပျိုးရေးနဲ့ဘိန်းလုပ်ငန်းဟာ ရှမ်းပြည်နယ် တလွှားမှာ စအခြေတည်ခဲ့တာဖြစ်ပါတယ်။ ဘိန်းကရတဲ့ဝင်ငွေဟာ တရုတ်ဖြူတပ်တွေကိုထောက်ပံ့ဖို့နဲ့ လက်နက်ဝယ်ယူဖြည့်တင်းရေးမှာ အဓိကဖြစ်လာတဲ့အလျှောက် ဘိန်းလုပ်ငန်းဟာ ရှမ်းပြည်နယ်မှာ တမဟုတ်ချင်းဆိုသလို အဆမတန်ကြီးထွားလာခဲ့ပါတယ်။ တရုတ်ဖြူတွေနဲ့ နောက်ပိုင်း ခွန်ဆာ့တပ်တွေဟာ ဘိန်းစိုက်ပျိုးရေးကိုအားပေးခဲ့တာလည်း အထင်အရှားရှိခဲ့ပါတယ်။ ဘိန်းဟာ အခြားသီးနှံစိုက်တာထက် တွက်ခြေပိုကိုက်လို့လည်း တောင်ယာတွေဟာ ဘိန်းခင်းကြီးတွေဖြစ်သွားသလို တောင်ပေါ်သားတချို့လည်း ဘိန်းစိုက်တောင်သူတွေ ဖြစ်ကုန်ကြပါတယ်။ နောက်ဆက်တွဲအဖြစ် ဘိန်းစိုက်သမားကနေ ဘိန်းစွဲပြီးဘိန်းစားဘဝနဲ့ နိဂုံးချုပ်ကုန်သူတွေလည်း မနည်းလှပါဘူး။ ဘယ်သူဘာဖြစ်ဖြစ် ဘိန်းလုပ်ငန်းကရတဲ့ငွေနဲ့ ခွန်ဆာ့တပ်ဟာအခိုင်အဖြီးဖြစ်နေတာမို့ ရှမ်းပြည်နယ်အတွင်းက အခြားအဖွဲ့ငယ်တချို့ကို ထောက်ပံ့ပေးကမ်းပြီး သိမ်းသွင်းယူနိုင်ခဲ့တာကြောင့် ခွန်ဆာ့ကိုနောက်ပိုင်းမှာ တော်လှန်ရေးသမားလိုလို လွတ်မြောက်ရေးတိုက်ပွဲဝင်သူလိုလို ဖြစ်အောင် ဇန်းတင်ပေးသူက တင်ပေးတာလည်းရှိပါတယ်။ ခွန်ဆာဟာနောက်ဆုံး သူ့ကိုယ်သူ ရှမ်းပြည်နယ်သမ္မတဆိုပြီး ထကြေငြာတဲ့အထိ ဖြစ်ခဲ့ပြီးမှ စစ်အစိုးရဆီအကြွင်းမဲ့လက်နက်ချခဲ့တာဆိုတာတော့ လူတိုင်းသိကြပြီးဖြစ်မှာပါ။

သောတရှင်များခင်ဗျား..ခွန်ဆာ့အဖွဲ့ဟာ စစ်အစိုးရနဲ့အပစ်အခတ်ရပ်တာမဟုတ်ပဲ စစ်အစိုးရထံမှာအကြွင်းမဲ့လက်နက်ချတာဖြစ်ကြောင်း ကိုတော့ ကျနော်တို့ အလေးနက်သတိပြုစရာလို့ မြင်မိပါတယ်။ ဒီအဖွဲ့အကြောင်းကို ရှေ့ပိုင်းတွေမှာ အတော်လေးတင်ပြခဲ့ဖူးတာမို့ နောက်တပတ်မှာ နောက်ဆုံးကျန်သေးတဲ့ တဖွဲ့အကြောင်းနဲ့ အဲ့ဒီကာလနိုင်ငံရေးအဆက်အစပ်ကို ဆက်လက်တင်ပြပါ့မယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား။

0 comments:

Post a Comment