Thursday, July 25, 2013

တောက်တိုမယ်ရကျေးဇူး (မျိုးမြင့်ချို)

0 comments
တောက်တိုမယ်ရ ကျေးဇူး (မျိုးမြင့်ချို) မနေ့က (မ)ခက်မာ ဘာစိတ်ကူးပေါက်သလဲ သို့မဟုတ် ဘာရေးစရာရှိ၍လဲ မပြောတတ် ”ကိုမျိုးမြင့် ကျေးဇူးဆပ်တယ်ဆိုတာကို အင်္ဂလိပ်လို ဘယ်လိုပြောသလဲ”ဟု လှမ်းမေး၏။ မသိဘူးဗျဆိုတော့ ”အမျိုးသမီးအနားရှိရင် မေးကြည့်ပါလား။ သူသိရင်သိမှာပဲ”ဟု ဆို၏။ ဇနီးသည်ကလည်း အနားမရှိ။ ဒီတော့ မေးမရ။ သူပြောမှ ကျနော်လည်း အင်္ဂလိပ်လိုဘယ့်နှယ်ပြောပါလိမ့်ဟု တွေးမိ၏။ အရင် တခါမှ မတွေးမိခဲ့။ စဉ်းစားမရ။ သို့ဖြင့် ”ကျနော်လည်း မသိဘူးဗျ။ ခနလေး ကျနော်ရှာကြည့်ဦးမယ်”ဆိုကာ ရှာ၏။ မတွေ့။ ”ကျေးဇူးကန်း”တာကျပါပြီး ”ကျေးဇူးဆပ်”တော့ မတွေ့။ ဒါနဲ့ ”ကျနော်ထင်တာ အင်္ဂလိပ်တွေ ကျေးဇူးမဆပ်ဘူးနဲ့ တူတယ်။ သူတို့စကားမှာ ကျေးဇူးဆပ်တာကို မတွေ့ရဘူး”ဟု အရွှမ်းဖေါက်မိ၏။ ဤတွင် (မ)ခက်မာက(ခက်မာ)ဟားဟား ..ဖြစ်နိုင်တယ်။ သူတို့က စိတ်ရှင်းတာကိုး။ (ကျနော်)ကျေးဇူးက ဆပ်မရဘူးလို့တွေးတာလည်း ဖြစ်ချင်ဖြစ် မယ်ဗျ။ (ခက်မာ)လုပ်နိုင်တာလုပ်ပေးတယ်။ ကျေးဇူးဆပ်ဖို့မလိုလို့ တွေးတာနေမှာပေါ့။ ကျေးဇူးပါကိုမျိုးမြင့်။ ကျမ အဆင်ပြေရာစကားလုံးတစ်ခု သုံးလိုက်ပါ့မယ်" ကျနော်တို့စကားက ဤတွင်ဆုံး၏။ မဆုံးတာက ကျနော်။ ဆက်တွေးနေမိ၏။ အဖြေကမရ။ ဒီမနက်ထိ ထိုအတွေးစတန်းလန်းနှင့် အိပ်ယာကနိုး၏။ ကျနော်တို့ကပဲ အလေ့လာနည်းသလား၊ အင်္ဂလိပ်စကားမှာကိုက ကျေးဇူးဆပ်ဆိုတာမရှိတာများလား မပြောတတ်။ တွေးနေမိသည်က ”ကျေးဇူးတရား”သည် ပိုက်ဆံလို သို့မဟုတ် ပစ္စည်းတခုခုလိုချေးငှား၍ ရသလော။ ချေးငှားကြသလော။ ချေးသူငှားသူရှိသလို ချေးယူငှားယူသူရော ရှိသလော။ တချိန်ချိန်ကျ အတိုးရောအရင်းပါပြန်ဆပ်ရန် ငွေအကြွေးချသလို၊ မြေအငှားချသလို ချ၍ရသည့်အရာလော။ ချရော ချကြသလော။ ချကြသည်ဆိုပါက တချိန်ချိန်ကျ အတိုးနှင့်အရင်းပေါင်း ပြန်ဆပ်ရသည့်အရာလော။ မဆပ်လျှင်ရော။ ငွေမဆပ်လျှင် ငွေကျွန်၊ မြေမဆပ်လျှင်မြေကျွန်ဖြစ်သလိုဖြစ်ရောလား။ မဆပ်သူတွေရော ရှိသလား။ ဆပ်သူရော ဘယ်လောက်များသလဲ။ မဆပ်လို့ရော ကျေးဇူးရှင်က ဘာလုပ်သနည်း။ ကျေးဇူးဆိုသည်မှာ အနှောင်အဖွဲ့တခုလော။ နှောင်တည်း၍ ရသည့်အရာလော။ နှောင်ရော နှောင်တည်းကြသလော။ တည်းခြင်း/မတည်းခြင်းအတွက် ဘာဖြစ်ကြသနည်း။ 

ဗမာစကားတွင် ကျေးဇူးနှင့်စပ်သည့်ဝေါဟာရပေါင်းလည်းများ၏။ စကားပြောရာနှင့်စာရေးရာတွင် သူ့နေရာနှင့်သူ ကွက်တိသုံးတတ်က အလွန်ထိရောက် ထိမိလှ၏။ ထို့အတူ မြန်မာမှုတွင် ကျေးဇူးတရားနှင့် ပတ်သက်၍ဖော်ပြချက်များလှ၏။ ၃၈ ဖြာမင်္ဂလာဟု ဘုရားဟောဆိုသည့် အထဲတွင်ပင် ကျေးဇူးတင်ထိုက်သူကိုတင်ခြင်း ကျေးဇူးဆပ်ခြင်းစသည်တို့မှာ မင်္ဂလာတရားတစ်ပါးအနေဖြင့် အတိအလင်းမြွက်ဆိုထား၏။ ဗုဒ္ဓဝင်ဆိုသည်များတွင်လည်း
ကျေးဇူးနှင့်စပ်သည့်ဇာတကများ ပုံဝတ္ထုများမနည်းလှ။ မြန်မာ့လူမှုအဝန်းအဝိုင်းတွင် ”ကျေးဇူးကန်း”ဆိုလျှင် လူတကာ့အော့နှလုံးဖြစ်ပြီး ”ကျေးဇူးသိတတ်သူ” ဆိုလျှင် ”လူတော်”ဆိုသည့်သဘော ချီးမွမ်းထောပနာထိုက်သူစာရင်းဝင်၏။ ကျေးဇူးခံကျေးဇူးစားကို အကောင်းသဘောရော အဆိုးအပြောမှာပါသုံး၏။ မြန်မာ့ရာဇဝံသတွင် တစ်လုပ်စားဖူးသူ့ကျေးဇူးခေါင်းစဉ်ဖြင့် အလုပ်လုပ်ကျွေးဖူးသူအားသစ္စာမဲ့ခြင်းအတွက် သူကောင်းပြုခံရသူတွေလည်း မနည်း။ ကျေးဇူးကြွေးပိကာ တစ်ဘဝလုံးထိုးအပ်ခံလိုက်ရသော သမီးပျိုလေးတွေအကြောင်းလည်း နားမဆန့်အောင်ကြားဖူး၏။ ကျေးဇူးရှင်တွေ ခြေတော်အတင်ခံလိုက်ရသည့်ပန်းကောင်းတို့ အညွန့်ကျိုးရပေါင်းလည်းများလှ၏။ သားသမီးကိုအကြွေးချသလို ကျေးဇူးတရားနှင့်ချည်နှောင်ကာမွေးမြူသော အမိအဖများမရှိဟု မည်သူဆိုဝံ့မည်နည်း။ ”သားသမီးရှိထားတော့ ကိုယ်အသက်ကြီးလာတဲ့အခါ....” ဆိုသည့် ကြားနေကျစကားကို မည်သို့ အနက်ကောက်မည်နည်း။ လူ့အဖွဲ့အစည်းတွင် မမှန်တာကိုမမှန်၊ မတရားတာကို မတရားဟုပြန်ပြောခြင်း သို့မဟုတ် ငုံ့မခံမိခြင်းနှင့် ပြန်ပုန်ကန်မိခြင်းအတွက် ကျေးစွပ်သည်၊ ကျေးဇူးကန်းသည်ဆိုသည့်စကားဖြင့် 
မင်း(အစိုးရ)တို့ ကိုယ့်ကိုယ်ကိုထမင်းရှင်လုပ်ကာ၊ ဘဝရှင်မင်းတြားကြီးလုပ်ကာ ကြိမ်းမောင်းပေါင်း ကွပ်မျက်ပေါင်းလည်းများလှ၏။ သူလိုငါလို လောကီတွင်းနေကာ လောကဥတ္တကိစ္စတွေမှာ အာစရိယလုပ်သူတချို့ကိုလည်း ဘဝသခင်ကျေးဇူးတော်ရှင်ဟု ကင်ပွန်းတပ်ကြရသေး၏။ ပြောလျှင် များလိမ့်မည်။ နောင်အလျဉ်းသင့်ပါကရေးမည်ဟု တေးထားလိုက်၏။”ကျေးဇူးတရားဆိုတာ သိတတ်ရတယ်”ဟူသည်မှာလည်း ”သိတတ်ခြင်း”ကို မည်သို့နားလည်ကြသနည်းဆိုသည့်အပေါ်တည်ကာ မူကွဲအနက်တွေရှိနိုင်သေး၏။ ထောင်စကား ”စားပြီးနားမလည်”သည် ယခုအခါ ခေတ်သုံး အရပ်သုံး ဘန်းစကားဖြစ်ကာ တွင်ကျယ်၍ပင်နေချေပြီ။ ထို တစ်ခွန်းဖြင့် မျက်မှောက်မြန်မာ့နိုင်ငံရေးနှင့်စီးပွားရေး (တနည်း) အာဏာနှင့်အဿပြာ(တနည်း) အာဏာရှိသူနှင့်စီးပွားရေးသမားတို့ကြားက အဆက်အစပ်ကို ရေးတေးတေးလှမ်းမြင်နိုင်ကြည့်နိုင်သေး၏။ ထို ”စားပြီး”သည် ”ကျေးဇူး”၏ အကောင်းဘက်ခြမ်းတွင်ပါသည့်တရားတွင် ပါ/မပါ လူတိုင်းသိသော်လည်း ”နားလည်” ပါမူ ”သိတတ်သူအဖြစ်” ထောပနာထိုက်သည်ဟု ခေတ်လူအချို့ဆိုကြ၏။ မင်း(အစိုးရ)တို့ကလည်း ထမင်းရှင်နေရာဝင်ထိုင်ကာ တစ်လုပ်စားဖူးသူ့ကျေးဇူးငခင်ညိုတွေကိုလည်းကောင်း ဦးဆွေ့ဆံမြည့်အုတ်လှငယ်တို့ကိုလည်းကောင်း အစဉ်သဖြင့်သာတမ်းတလျှက်။ မျိုးမြင့်ချို ဇူလိုင် ၂၀။ ၂၀၁၃


"လူ"လူမျိုး၊ လူ့ဗာလနှင့်ကံယုံ၍ဆူးပုံမနင်းသူများ(မျိုးမြင့်ချို)

0 comments
"လူ"လူမျိုး၊ လူ့ဗာလနှင့်ကံယုံ၍ဆူးပုံမနင်းသူများ(မျိုးမြင့်ချို) ဇူလိုင် ၂၁၊  တိရိစ္ဆာန်တွေနဲ့ဂုဏ်တုဂုဏ်ပြိုင် လုပ်စရာလား။ ဂုဏ်ရောယူစရာလား။ လူမျိုးတမျိုးမျိုးဖြစ်ရတဲ့အတွက် အခြားလူသားတွေထက် ဘာများပို ထူးမြတ်တာရှိသလဲ။ ဘာများ မောက်မာပလွှားစရာရှိလဲ။ ဘယ်ဘာသာ ကိုးကွယ်တဲ့အတွက်၊ ဘယ်ဘာသာကိုးကွယ်တဲ့ ဘာမိဘကမွေးဖွားလာ လို့ ဘာများထူးခြားနေသလဲ။ ဘာသာတရားဆိုတာက ရွေးချယ်ခွင့်မရှိပဲ လက်ခံလိုက်ခဲ့ရတဲ့အရာမှန်ပေမယ့် လူမှန်းသိတဲ့အခါ ရွေးချယ် တတ်လောက်အောင်အသိရေချိန်မြင့်မားလာတဲ့အခါ ကိုယ်မှန်တယ်ထင်တာကို ပြောင်းယုံကြည်လို့ရသလို ဘာ ဘာသာကိုမှ မယုံကြည်တော့လို့လည်းရတာပါပဲ။ ထူးဆန်းတဲ့ကိစ္စမဟုတ်။ လူမျိုးဆိုတာဟာလည်း ရွေးချယ်ခွင့်မရှိပဲ လက်ခံလိုက်ခဲ့ရတာမှန်ပေမယ့် ကိုယ့်နောက်ကမျိုးဆက် ဘာလူမျိုးဖြစ်စေချင်ရင် ကိုယ့်မှာရွေးချယ်ခွင့်ရှိသလို ရွေးလည်းရွေးချယ်နိုင်တာပါပဲ။ ဒါလည်း ထူးဆန်းတဲ့ကိစ္စလား။ ဘာ ဘာသာမှမကိုးကွယ်တဲ့ယုံကြည်မှုနဲ့ လောကအကျိုးသယ်ပိုးနေသူတွေ၊ ဘာလူမျိုးလို့ပြောမဖြစ်နိုင်လောက်အောင် သွေးစုံဇာတိစုံဗီဇစုံနှောနေတဲ့ ”လူ”လူမျိုးတွေ ကမ္ဘာမြေမှာနေပြီး လူသားတွေကောင်းရာကောင်းကျိုး ဆောင်ကျဉ်းနေကြတာမှ အနမတဂ္ဂ။ ဘာလူမျိုး ဘာသာသာဖြစ်ဖြစ်၊ ဘာလူမျိုးမှမဟုတ် ဘာ ဘာသာမှမယုံလည်း လူမှန်သမျှ သူ့ဒုက္ခနဲ့သူချည်းသာပဲ။ 

ဘာသာလူမျိုးအစွဲကြီးသူတွေမှာ ခုနပြောတဲ့”လူ”တွေထက် ပိုတဲ့ဒုက္ခကြီးတစ်ခုကတော့ လူမျိုးဘာသာအစွဲအလမ်းကြောင့်ဖြစ်ရတဲ့ပဋိပက္ခတွေနဲ့ ထွေးလုံးရစ်ပတ်နေရတာပဲ။ မျိုးမြင့်ချို ဇူလိုင် ၂၁။ ၂ဝ၁၃

လူ့ဗာလတွေများလေလေ (မျိုးမြင့်ချို) ဇူလိုင် ၂၃၊ ၂ဝ၁၃
လူတဦးကို ရိုင်းတယ်ရမ်းတယ်မြင်ကြတဲ့အခါမျိုးမှာ ”ရိုင်းလှချည်လား ဗမာလူမျိုးဗုဒ္ဓဘာသာမှ ဟုတ်ရဲ့လား” လို့ ပြောလေ့ရှိကြတာ သတိပြုမိကြမယ်ထင်ပါတယ်။ အခြားလူ့အဖွဲ့အစည်းတွေမှာ အဲ့သလို လူမျိုးနဲ့ဘာသာကိုထပ်တူပြုပြီး ”ဒီလူမျိုး ဒီဘာသာဆို မရိုင်းဘူး”ဆိုတဲ့သဘောနဲ့ပြောတဲ့ အစွဲအလမ်းကြီးမှု ရှိ/မရှိမပြောတတ်ပါ။ ဒီအကောက်အယူဟာ Discrimination ဆိုတဲ့ လူမျိုးရေး ခွဲခြားစိတ်အခံ ကနေပေါက်ဖွားတာဖြစ်ပြီး ကျဉ်းမြောင်းတဲ့လူမျိုး/ဘာသာစွဲနဲ့တွဲကာ ဘဝင်စိတ်နဲ့အငုံ့စိတ် ၂ မျိုးလုံးရဲ့ ဖော်ပြချက်လည်းဖြစ်တယ်ထင်ပါတယ်။ ကျဉ်းမြောင်းတဲ့လူမျိုး/ဘာသာစွဲ စိတ်ပဲဖြစ်ဖြစ် အစွန်းရောက်မဟာလူမျိုးကြီး/ဘာသာကြီးစိတ်ပဲဖြစ်ဖြစ် ဘဝင်စိတ်နဲ့အငုံ့စိတ်တွဲမိပြီဆိုရင် အခြားလူမျိုး/ဘာသာဝင်တွေဟာ ဒို့လောက်မယဉ်ကျေးဘူးတို့ ဒို့လောက်မသိမ်မွေ့ဘူးတို့ ဒို့လောက် ဟီရိသြတ္တပ္ဗတရားမရှိဘူးတို့ စသည်ဖြင့် အလွဲတွေတွေးတော့တာပါပဲ။ ကိုယ်နဲ့ လူမျိုးတူတွေ/ဘာသာတူတွေ များတာ/နည်းတာမှာ ဝမ်းသာဝမ်းနည်းဖြစ်ပြီဆိုရင် အဲ့ဒီလူမျိုးဟာ လူသားအမျိုးအနွယ်ကြီးတခုလုံးရဲ့အရေး ကမ္ဘာမြေရဲ့အရေးတွေအပေါ် လေးနက်မြတ်နိုး ချစ်ခင်စောင့်ရှောက်တတ်ဖို့မပြောနဲ့ လူသားဆန်ဆန်တွေးခေါ်မြော်မြင်နိုင်သူလို့ခေါ်ဖို့တောင် ခက်သွားပြီလို့မြင်တယ်။ အဲ့သလိုလူတွေရဲ့နှလုံးသားမှာ စာနာထောက်ထားမှုနဲ့ အကြင်နာတရားဆိုတာတွေ မရှိသလို ဦးနှောက်ရဲ့ဆင်ခြင်နိုင်စွမ်းမှာလည်း လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးဆိုတာတွေကို ကိုယ်တိုင်လည်းနားမလည် တပါးသူအတွက်လည်း မပေးတတ်မမြင်တတ်နဲ့ လူ့အန္ဓ လူ့ဗာလသာဖြစ်တော့ တယ်။ ကျော်စွာ (၁ဝဝ) မှာ နံပတ်(၁)ဖြစ်လို့ ဝမ်းသာအဲလဲဖြစ်ပြီဆိုရင် ကိုးကွယ်သူနည်းလို့ ဝမ်းနည်းပက်လက်ဖြစ်ပြီဆိုရင် အဲ့လူမျိုးကို ကြပ်ကြပ်သာသတိထားစေချင်။ (မျိုးမြင့်ချို)

ဆူးပုံမနင်းတဲ့ ကံယုံသူတွေ(မျိုးမြင့်ချို) ဇူလိုင် ၂၁။ ၂၀၁၃
ထောင်ထဲမှာ နက္ခဗေဒင်-လက္ခဏာဆရာတွေနဲ့ ကာလတခုအတူနေဖူးသလို လေးလေးနက်နက် ထဲထဲဝင်ဝင် လေ့လာလိုက်စားသူတွေနဲ့လည်း ဆုံခဲ့ဖူးပါတယ်။ ကျနော့်လက်ဖဝါးပေါ်က အမှတ်ကလေး တခုကို(၄)ဦးဟောတာ (၄)မျိုးဖြစ်နေတာနဲ့ ”ဘာလို့ အဲ့သလိုဖြစ်ရသလဲ”လို့ (၄)ဦးလုံးကို မေးကြည့်မိတယ်။ ဆည်းပူးခဲ့ရတဲ့ဆရာ၊ ပညာနဲ့ကျမ်းစာအုပ်တွေမှာ ကွဲလွဲလို့ဖြစ်နိုင်တယ်လို့ (၄)ဦးလုံးကဖြေတယ်။ ဒါနဲ့ နည်းနည်းထပ်ကွန့်ပြီး ”ဒါဆို ခင်ဗျားဟောတာမှန်ပြီး အခြား(၃)ဦးမှားတယ်လို့ပြောရင် ရမလား”လို့ (၄)ဦးလုံးကို မေးပြန်တယ်။ ”အဲ့သလိုပြောလို့တော့ မရဘူးနဲ့တူတယ်ဗျ”လို့ (၄)ဦးလုံးအဖြေ တူတာ တွေ့တယ်။ ထပ်ပြီး ”ဗေဒင်လက္ခဏာစတာတွေဟာ သိပ္ဗံနည်းကျစမ်းသပ်လို့ရတဲ့ ခိုင်ခံ့တဲ့ပညာတရပ်လို့ ပြောလို့ရမလားဗျ”ဆိုတော့ သိပ္ပံပညာမှမဟုတ်တာဗျာ။ သိပ္ပံနည်းကျစရာ မလိုပါဘူး။ နှစ်ထောင်ချီပြီး လူအဆက်ဆက် လက်ဆင့်ကမ်းလာလို့ ခိုင်မြဲနေတဲ့ပညာရပ်တစ်ခု ဆိုတာတော့ငြင်းမရဘူးဗျ”လို့ (၄)ဦးလုံးဆိုပါတယ်။ ဒါနဲ့ ”လူတစ်ယောက်ရဲ့ လက်ဖဝါးပေါ်ကအရေးအကြောင်းတွေကိုကြည့်ပြီး အဲ့လူရဲ့ ရှေ့ဖြစ်နောက်ဖြစ်တွေကိုပြောလို့ ရတယ်ဆိုရင် မျောက်တစ်ကောင်ရဲ့လက်ဖဝါးပေါ်ကအရေးအကြောင်းတွေကိုကြည့်ပြီး အဲ့မျောက်ရဲ့ ရှေ့ဖြစ်နောက်ဖြစ်တွေဘာတွေကိုရော ဟောလို့ရမလားဗျ” ဆိုတော့ (၄)ဦးလုံးက ”မျောက်က လူစကားနားလည်ရင် ဒါမှမဟုတ် လူက မျောက်စကားနားလည်ရင် ဟောလို့ရမယ်နဲ့တူတယ်ဗျ” လို့ပြန်ဖြေပြီး ကျနော်တို့ ပေါ့ပေါ့ပါးပါးရီမောခဲ့ကြတာ အမှတ်ရမိတယ်။ အဲ့ဒီဆရာ(၄)ဦးနဲ့ ထောင်(၃)ထောင်မှာ (၄)နေရာခွဲပြီး သတ်သတ်စီတွေ့ကြတာဖြစ်သလို မေးတာဖြေတာတွေကလည်း သတ်သတ်ဆီဖြစ်ပါတယ်။ ဖြေရာမှာတစ်ဦးနဲ့တစ်ဦး စကားလုံးတွေ တသဝေမတိမ်း ထပ်တူထပ်မျှဖြစ်တယ်လို့တော့မဆိုလိုပါဘူး။ သဘောသွားနဲ့အနှစ်သာရက တူနေတာပါ။ ဆရာတွေလို့ ကျနော်ပြောတာကလည်း ကျနော်မတတ်တဲ့ပညာရပ်တစ်ခုကို တတ်မြောက်သူတွေဖြစ်လို့ပါ။ သူတို့ ဗေဒင်လက္ခဏာဆရာတွေပါ။ သူတို့ ကံကို ယုံကြပါတယ်။ အဆောင်လက်ဖွဲ့ စတာတွေလည်းယုံပါတယ်။ လူကို ကံကောင်းအောင်လုပ်လို့ရတယ်၊ ကံအဆိုးတွေကနေပယ်အောင် ယတြာချေလို့ရတယ်လို့လည်း ယုံကြတယ်။ သူတို့ဟာ မတရားမှုကို လူထုနဲ့အတူ ဆန့်ကျင်ခဲ့ကြတယ်။ လူထုကို ကိုယ့်နေရာကနေ ကိုယ့်နည်းနဲ့ကိုယ် ဦးဆောင်ခဲ့ကြတယ်။ သူတို့ တိုင်းပြည်နဲ့လူထုရဲ့ကြမ္မာကိုပြောင်းဖို့ ကြိုးပမ်းအားထုတ်သူတွေဖြစ်တယ်။ ဒါပေမယ့် ဗေဒင်နဲ့မဟုတ်။ ယတြာနည်းနဲ့မဟုတ်။ ဆန်အကုန်ခံခဲ့ကြတာမဟုတ်။ ဆူးပုံနင်းခဲ့ကြတာမဟုတ်။ သားရဲတွင်းထဲကို သိစိတ်ရှိရှိနဲ့ ရဲရဲကြီးခုန်ဆင်းခဲ့ကြသူတွေပဲ။ တစ်ဦးတော့ ဆုံးရှာပြီ။


Wednesday, July 24, 2013

”ဗိုလ်ချုပ်” (နှင့်) ဝင်စားသူ မျိုးမြင့်ချို။

0 comments
”ဗိုလ်ချုပ်” (နှင့်) ဝင်စားသူ မျိုးမြင့်ချို။
ဖြစ်ခဲ့တာက ၁၉၈၅ တုန်းကပါ။ နေရာက ခု စာဖတ်နေသူကြီးရဲ့ဇာတိ ကျောက်ဆည်မှာ။ ကျောက်ဆည်ကနေ မန္တလေးဘက်အထွက် လမ်းညာဘက်မှာ တောင်နောက်ဆိုတဲ့ရွာ ရှိတယ်။ (တောင်လွှဲရွာလည်းဖြစ်ချင်ဖြစ်မယ်။ ကျနော် အမှတ်သိတ်မကောင်းတော့ပါ) အဲ့အချိန်က ကျောက်ဆည်မှာနေတဲ့ကျနော့်ဆီ ရန်ကုန်ကမိတ်ဆွေတချို့က ”မင်းတို့မြို့မှာ ဗိုလ်ချုပ်အောင်ဆန်း လူဝင်စားတယောက် ပေါ်နေတယ် ကြားတယ်၊ အဲ့ဒါ ငါတို့လာကြည့်မလို့၊ နည်းနည်း စုံစမ်းထားပေးစမ်းပါ” ဆိုပြီး လှမ်းပြောတော့မှ ဟိုမေးဒီမေး မေးရတာပါ။ သတင်းအချက်တွေကို အဓိကဒိုင်ခံဖြန့်နေတာက မြင်းလှည်းနဲ့ဆိုက်ကားဆရာတွေဆိုတော့ မြင်းလှည်းဂိတ် ဆိုက်ကားဂိတ်တွေဘက် ပြေးမေးတော့မှ ဆရာသမားတွေအဖြေက ရွှမ်းရွှမ်းကို ဝေရော။ ကောင်လေးက ဗိုလ်ချုပ်နဲ့ချွပ်စွပ်တူတဲ့အကြောင်း၊ အင်္ဂလိပ်လိုတွေ၊ ဂျပန်လိုတွေလည်း ပြောပြောတဲ့အကြောင်း၊ ကလေးသံပေမယ့် လေယူလေသိမ်းနဲ့အဖြတ်အတောက်က ဗိုလ်ချုပ်အတိုင်းဖြစ်နေကြောင်း၊ စကားပြောရင်”ဟတ်လား...ဟတ်လား”ပါ ပါကြောင်း၊ မနက်စာကို ရွာက ဒီ့ပြင်ကလေးတွေလို ထမင်းကြမ်းမစားပဲ ပဲပြုတ်နဲ့နံပြားစားကြောင်း၊ ဂျပန်တော်လှန်ရေးတုန်းက ဌာနချုပ်တည်ခဲ့တဲ့နေရာပြောပြီး ဂျပန်ဓါးရှည်ကြီးကို ဘယ်လိုကိုင် ဘယ်လိုခုတ်ရတယ်ဆိုပြီး လူတွေကိုပြကြောင်း စသည်ဖြင့် အကြောင်းပေါင်းသောင်းခြောက်ထောင်တွေ ကြားရတော့တာပါပဲ။

နောက်ပြီး ”ဟိုနေ့ကပဲ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၊ အောင်ဆန်းဦးနဲ့ အောင်ဆန်းစုကြည်တို့ လာသွားကြောင်း၊ မန္တလေးတိုင်းကောင်စီ ဥက္ကဌအပြင် ဒေသပါတီကော်မတီက လူကြီးတွေလည်းပါလာကြကြောင်း၊ ရောက်ရောက်ခြင်း ဒေါ်ခင်ကြည် မေးခွန်းသုံးလေးခွန်းမေးပြီး အဖြေပြန်ကြားတော့ ချုံးပွဲချငိုကြောင်း၊ ပြီးတော့ ဘာပစ္စည်းလေးတွေလည်းမသိဘူး ထုတ်ပြပြီး ရွေးခိုင်းတော့ကောင်လေးက အားလုံးကို တခုခြင်းရွေးပြခွဲပြရုံတင်မကပဲ ”ဒါ သူဘယ်တုန်းကသုံးခဲ့တာ ဘယ်တုန်းကဝယ်ခဲ့တာ၊ ဘယ်သူပေးတာ” ဘာညာတွေပါပြောပြီး ”မခင်ကြည် ဒါတွေခုချိန်ထိ သေချာသိမ်းထားသေးတယ်နော်”လို့ လွမ်းလွမ်းဆွေးဆွေးလည်းပြောရော ဒေါ်ခင်ကြည် ချုံးပွဲချငိုတာမှ သနားဖို့တောင် ကောင်းသေးတို့၊ ခနနေတော့ ဒေါ်ခင်ကြည်က နှစ်ယောက်တည်း မေးစရာရှိတယ်ဆိုပြီး အခန်းတခန်းထဲမှာ သီးသန့်တွေ့ကြတဲ့အကြောင်း၊ အခန်းကပြန်လည်းထွက်လာရော သားနဲ့သမီးကိုခေါ်ပြီး ”ဟဲ့ ဒါ နင်တို့အဖေအစစ်ပဲ ကန်တော့ကြကန်တော့ကြဆိုလို့ ကလေး ၂ ယောက် ကလည်း ကန်တော့ရင်း အဖေအဖေဆိုပြီး မျက်ရည်တွေဝဲနေတဲ့အကြောင်း၊ မပြန်ခင်မှာ ပိုက်ဆံတွေ တထပ်ကြီး၊ အစားအသောက် အဝတ်အထည်တွေအပြင် ရန်ကုန်လာရင် တည်းခိုဖို့လိပ်စာ၊ ဖုန်းနံပတ်နဲ့ လူကြီးတွေနံမည်တွေပါ ပေးသွားကြောင်းတွေလည်းပါတယ်။ ထားပါတော့လေ။

ဒါနဲ့ရန်ကုန်က မိတ်ဆွေတွေရောက်လာကြတယ်။ သူတို့ကို လိုက်ပို့ဖို့မြင်းလှည်းဂိတ်ရောက်တော့ ခါတိုင်းနဲ့မတူ ဂိတ်မှာ လူအတော် စည်နေတယ်။ မြင်းလှည်းသမားတွေတနေ့ မြင်း ၂ ကောင် ၃ ကောင်ပြန်လဲပြီးကို ခေါက်တုန့်ခေါက်ပြန် ဆွဲနေကြရတာကလား။ ဆိုက်ကားဆရာတွေလည်း ဘာထူးလဲ၊ အုံနာခ နေ့ကြေးညကြေးပေးပြီးတော့ကို နင်းနေကြရတာ။ စီးတဲ့လူတွေကြည့်တော့လည်း မြို့ခံတွေမဟုတ်ပဲ ဝန်စည်စလှယ်နည်းနည်းပါးပါးနဲ့ တရပ်တကျေးက လာကြသူတွေများတယ်။ တဂိတ်လုံးလည်း”ဗိုလ်ချုပ် ဗိုလ်ချုပ်) ဆိုတာတွေချည်းပဲ။ လူခေါ်တာတောင်မှ ”ဗိုလ်ချုပ်ရွာ ဗိုလ်ချုပ်ရွာ”ဆိုပဲ။ စီးခက  ၂ ဆခွဲ လောက်ဖြစ်သွားတာတောင် ဘယ်သူမှဈေးမဆစ်ပဲ အလုအယက်ဖြစ်နေလိုက်ကြတာ မြင်မကောင်းဘူး။ မြင်းလှည်း/ဆိုက်ကားဆရာတွေပါးစပ်ကလည်း ”ဗိုလ်ချုပ်ကဗိုလ်ချုပ်က”ဆိုတာ မချဘူး။ ဒီလိုနဲ့ ကျနော်တို့လည်း ”ဗိုလ်ချုပ်ရွာ”ရောက်သွားတယ်။ ဗိုလ်ချုပ်က ခုတော့ ရွာထဲက အိမ်ကြီးကြီးတစ်လုံးမှာရောက်နေပြီ။ ရွာခံလူတချို့က ရွှေ့ပေးထားတာလို့ ဆိုတယ်။ သူ့အိမ်မှာဆို မတင့်တယ်လို့တဲ့။ သူ့နဂိုအိမ်က ရွာ့အစွန်မကျတကျမှာ။ အိမ်သာဆိုတယ် အညာက ထန်းတဲသာသာ၊ လေးတိုင်စိုက်တဲကလေးဆိုပါတော့။ ခုတော့ ရွာလည်က အိမ်ကြီးရခိုင်မှာ”ဗိုလ်ချုပ်”က ခန့်ခန့်ထည်ထည်ဖြစ်လို့။ လာတဲ့သူတွေကလည်း သူ့ကိုကြည့်ပြီး ရိုရိုသေသေအမူအယာနဲ့ ”ဗိုလ်ချုပ် နေထိုင်ကောင်းရဲ့လား”တွေ ဘာတွေလုပ်၊ ပါလာတဲ့မုန့်ပဲသွားရည်စာနဲ့ အဝတ်အစားလေးတွေ ပေးကြ၊ မေးကြမြန်းကြနဲ့ပါ။ လူအတော့်ကို စည်ပါတယ်။ ထနောင်းပင်အောက်က သစ်သားကွပ်ပျစ်လေးပေါ်ထိုင်နေတဲ့ကောင်လေး ကြည့်ရတာတော့ မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့၊အသက်ကတော့ ၉  နှစ် ၁ဝ နှစ်သားလောက် ထင်ရတယ်။ ခေါင်းကတော့ ထိပ်ချွန်တွန်တွန်နဲ့။ ငှက်ဖျားကြောင့် ဆံပင်ကျွတ်နေတဲ့ရုပ်မျိုးနဲ့။ တောင်ကြည့်မြောက်ကြည့်နဲ့၊ ပေးတဲ့မုန့်တွေပဲစားရမှာလိုလို၊ ထပဲပြေးရမှာလိုလို အူကြောင်ကြောင်မျက်နှာနဲ့။ ဘာမေးလည်း အင်းအင်း အဲအဲနဲ့။ လက်ထဲမလည်း ဗိုလ်ချုပ်ပုံပါတဲ့ငွေစက္ကူတွေက တစ်ထပ်ကြီးဆုပ်လို့။ ပိုက်ဆံပေါ်က ဗိုလ်ချုပ်ပုံတွေကို လူတွေက ထိုးထိုးပြပြီး ”ဒါ ဘယ်သူလဲ ဒါဘယ်သူလဲ” နဲ့မေးတော့ ”ငါ”တဲ့။ ဒါပဲအဖြေက။ ဒီ့ထက် ဘာမှ မပိုဘူး။ ဘေးနားမှာလည်း ပစ္စည်းတွေမုန့်တွေအပြင် ဘာမှန်းမသိတဲ့ အထုတ်လေးတွေလည်း တစ်ပုံကြီး။ ခနနေတော့ အမျိုးသမီးတယောက်ကလာပြီး အဲ့ဒါတွေ အိမ်အပေါ်ထပ်ယူသွားတာတွေ့တယ်။ ကျနော်လည်း ကောင်လေးကြည့်လိုက် လူတွေကြည့်လိုက်နဲ့ ရီချင်ပေမယ့် မရီရဲဘူး။ ဘာလို့လည်းဆိုတော့ ကောင်လေးက သူ့ဘေးနားက လူတွေလည်းဘက်လည်း တချက်တချက် လှမ်းလှမ်းကြည့်တာကိုး။ အဲ့လူတွေကြည့်တော့ တချို့လည်း လက်ထဲမှာ ဓါးလွတ်ဓါးရှည်တွေနဲ့၊ လောက်လေးခွနဲ့ ဂျင်ဂလိလိုဟာနဲ့။ ရုပ်တွေကြည့်တော့လည်း စားတော့ဝါးတော့မတတ် ရုပ်တွေ။ လာကြသူတွေကို ပြောသေးတယ် ”ကျနော်တို့က ဗိုလ်ချုပ်သက်တော်စောင့်တွေပါ။ ပြောလို့မရဘူးလေ ရန်တွေဘာတွေပြုလာခဲ့ရင်ဆိုပြီး အဆင်သင့်နေပေးရတာ။ သူဆို အပါးတော်မြဲသဘော အိပ်ဖန်စောင့်ပါလုပ်ပေးရတာ။ ဗိုလ်ချုပ်က တခြားသူတွေကိုမယုံလို့နဲ့တူတယ်။ ကိုယ့်ဗိုလ်ချုပ်မို့ ကြည်ညိုလို့သာ လုပ်နေရတာဗျာ မချောင်ပါဘူး၊ လူလည်းအမုန်းခံရသေး အအိပ်ပျက်အစားပျက် အလုပ်ပျက်အကိုင်ပျက်ဗျာ၊ ဘာတစ်ပြားမှလည်းရတာ မဟုတ်ဘူး“ ဘာညာတွေပြောတာတွေလည်း မှတ်မိနေတယ်။ တယောက်က ”ဒို့ ဗိုလ်ချုပ်တော့ လာမထိနဲ့။ အသက်ချင်းလဲပစ်မယ်။ မဟုတ်တမ်းတရားတွေ ကောလဟလတွေလည်း လာမပြောနဲ့။ ဗိုလ်ချုပ်ထိလို့ကတော့ တစ်ရွာလုံးမခံဘူး” ဆိုပြီး ပြောသံကြားတော့ လမ်းမှာ မြင်းလှည်းဆရာပြောတာ ပြန်အမှတ်ရတယ် ”သွားတော့ကြည့် ဆရာတို့ရေ၊ မေးချင်တာရှိလည်းမေးလို့ရတယ်၊ စော်ကားမော်ကားတော့ သွားမပြောလိုက်နဲ့ ဒုက္ခများလိမ့်မယ်”ဆိုပဲ။ ထားပါတော့ဗျာ။

အပြန်တော့ လမ်းမှာ ကျနော်တို့ထဲက လူဝင်စားတို့ဘာတို့ နောက်ဘဝတို့ ရှေးဘဝတို့ ၃၁ ဘုံစတဲ့ကိစ္စတွေမှာ အယုံလွယ်တဲ့ သူငယ်ချင်းကလွဲလို့ ကျန်သူတွေအဖို့ ရီစရာလိုဖြစ်နေကြတယ်။ သူနဲ့ မြင်းလှည်းဆရာ အပြန်အလှန် အတိုင်အဖေါက်ညီနေကြတာတွေ့တော့ ကျနော်တို့လည်း ရီချင်ပေမယ့် ပြုံးတောင်မပြုံးရက်ကြဘူး။

နောက်တော့ သိတ်မကြာဘူး ကောင်လေးကို မြို့နယ်ကျန်းမာဦးစီးကလာခေါ်ပြီး တိုင်းကျန်းမာရေးစိတ်ရောဂါကုဌာနကို ပို့လိုက်သလိုလို ဘာလိုလိုနဲ့ သတင်းအစအနပျောက်သွားတယ်။ ဘာဆက်ဖြစ်တယ် မကြားရတော့ပါ။ နောက်ပိုင်း တော်တော်လေးကြာတဲ့အထိ အဲ့ရွာကို ဗိုလ်ချုပ်ရွာဘာညာနဲ့ လူတွေ နှုတ်နည်းနည်းကျိုးလိုက်ကြသေးတယ်။ နောက်တော့လည်း နဂိုနံမည်ပြန်ခေါ်ကြတော့တာပါ။ ကြာတော့လည်း မေ့မေ့ပျောက်ပျောက်ပါပဲ။

နောက်မှ သေချာတွေးကြည့်တော့ ခေတ်နောက်ခံနဲ့ ဘဝအမွန်းအကျပ်တွေကြားမှာလူတွေ ဘယ့်လောက်များ ခေါင်းဆောင်ငတ်နေသလဲ ဆိုတာရဲ့ပြယုဂ်ပါလားလို့ မြင်တတ်လာတယ်။ နောက်တချက်ကလူတွေရဲ့ Superstition လို့ဆိုတဲ့ တလွဲအယုံလွယ်မှုနဲ့ အဲ့ဒီ Superstition ကိုသုံးပြီး လုပ်စားကိုင်စားတတ်သူတွေအကြောင်းလည်း တွေးမိတယ်။ နောက်တော့ သိတ်မကြာဘူး ပိုက်ဆံတွေတရားမဝင်ကြေညာ၊ ကျောင်းသားတွေထဆူ၊ ကျောင်းတွေပိတ် စတာတွေကနေစလိုက်တာ ရှစ်လေးလုံးအုံကြွမှုကြီးဖြစ် မဆလပြုတ်ကျစတာတွေက အားလုံးသိပြီးသားမို့ မပြောတော့ပါ။

ပြောချင်တာက အဲ့သလိုအခြေအနေတွေကြားမှာ တိုင်းပြည်နဲ့လူထုက ဒေါ်အောင်ဆန်းစုကြည်ကိုရလိုက်တာပါ။ ဒေါ်စုကိုရလိုက်လို့ လူထုရဲ့ခေါင်းဆောင်အငတ် ပြေပြီလား မပြေသေးလားတော့ ကိုယ့်ဘာသာကိုယ် တွေးယူမြင်ယူစေချင်တာပါ။ ကျနော်ကတော့ ခေါင်းဆောင်အငတ်ပြေ/မပြေဆိုတာထက် ခေါင်းဆောင်ဆိုတဲ့အဓိပ္ပါယ်နဲ့ ခေါင်းဆောင်မှုဆိုတာကို ခုထက်ပိုစောကြောဖို့လိုမယ်လို့ တွေးနေမိတယ်။

ပြီးတော့ ခုတလော ကျနော် ဘာဖြစ်တယ်မပြောတတ်ပါဘူး..”ဗိုလ်ချုပ်ဝင်စား”ဖြစ်စဉ်မှာ အနယ်နယ်အရပ်ရပ်က လာကြသူတွေရယ်၊ မြင်းလှည်းဆရာ၊ ဆိုက်ကားဆရာတွေရယ်၊ ”ဗိုလ်ချုပ်”သက်တော်စောင့် ဓါးလွတ်ကိုင်တွေရယ်၊ အထုတ်တွေ အိမ်ပေါ်သယ်သွားတဲ့ အမျိုးသမီးရယ်၊  အယုံလွယ်တဲ့သူငယ်ချင်းရယ်၊ ငွေစက္ကူတွေလက်ထဲဆုပ်ထားပြီး”ငါ”တစ်ခွန်းသာပြောတဲ့ ”ဗိုလ်ချုပ်”ရယ်၊ နောက်ပြီး ”ဗိုလ်ချုပ်ရွာ”လို့ ခနတွင်ခဲ့တဲ့ရွာကလေးရယ်ကိုပဲ ပြန်သတိရရနေတယ်။
မျိုးမြင့်ချို ဇူလိုင် ၂၄။ ၂၀၁၃


Monday, July 22, 2013

ကပ္ပလီ ဗိုလ်ရွှေမန်း(တူမောင်ညို)

0 comments
ကပ္ပလီ ဗိုလ်ရွှေမန်း(တူမောင်ညို)(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)
အမတ်ချုပ်ကြီးကို “ကပ္ပလီဗိုလ်ရွှေမန်း” ဟု ခေါ်ရတော့မည်။ ဒီချုပ်ဥက္ကဋ္ဌ အနားကပ်ထားပြီး၊ ပလီစိချောက်ချက်တွေပြောနေသဖြင့် ယင်းသို့ခေါ်လိုက်ရခြင်းဖြစ်သည်။ ဇူလိုင်၁၈ ရက်လွှတ်တော်ခမ်းမဆောင်၌ မီဒီယာသမားများနှင့်တွေ့ဆုံပွဲဓါတ်ပုံများ၊  ခြံအမှတ် ၅၄ မှာပြုလုပ်သော အာဇာနည်နေ့ဆွမ်းကျွေးဓါတ်ပုံများသည် ပလူပျံနေတော့သည်။
ဗိုလ်ချုပ်ကိုနောက်ခံထား၍ သမ္မတကြီး(ဗိုလ်)ဦးသိန်းစိန်နှင့်ဒီချုပ်ဥက္ကဋ္ဌ အတူတွဲရိုက်ခဲ့သောဓါတ်ပုံသည်ပင် အတိတ်မှာကျန်ခဲ့ပြီ။ ယခု အမတ်ချုပ်ကြီး (ဗိုလ်) ဦးရွှေမန်းနှင့်ရိုက်ထားသောပုံများက သမ္မတကြီးနှင့်အတူ တွဲရိုက်ခဲ့သောဓါတ်ပုံထက် ပို၍အသက်ဝင်လှသည်။ ပေါ့ပေါ့ပါးပါး ပြုံး၊ ရယ်၊ ဟား။
ယင်းပုံများကိုကြည့်၍ ၂၀၁၅အတွက် နိုင်ငံရေးဗေဒင်တွက်သူကတွက်၍၊ နိုင်ငံရေးဟောစာတမ်း ထုတ်သူကထုတ်ကြသည်။ စိတ်ကူးဖဲရိုက်သူက ရိုက်ကြသည်။ ကိစ္စမရှိ စိတ်ကူးထဲတွင် တိုက်အိမ်မျှမက ရဲတိုက်နန်းတော်ကြီးပင်
ဆောက်လိုက ဆောက်နိုင်သည်။ “စိတ်ကူးယဉ်ပြန် လည်သင့်မြတ်ရေးရွှေနိုင်ငံတော်ကြီး” တည်ဆောက်ဦးမလား ရသည်သာပင်။ စိတ်ကူးယဉ်သည်ကို ပိုက်ဆံပေးရသည်မဟုတ်။ မည်သူ့ထံမှာမှ တင်ပြပြီးခွင့်ပြုချက်တောင်းနေစရာမလို။ သဘောရှိ စိတ်ကူးယဉ်နိုင်သည်။ သို့သော်လည်း စိတ်ကူးသည် စိတ်ကူးပင်ဖြစ်သည်မဟုတ်လား။
အမတ်ချုပ်ကြီး ကပ္ပလီဗိုလ်ရွှေမန်းကလည်း သူ့စိတ်ထဲမှာရှိတာနဲ့ သူတို့တကယ်လက်တွေ့ဆုံးဖြတ်ခဲ့ပုံကို မီဒီယာများထံ ဤသို့ ထုတ်ပြောလေသည်။ “ကာ/လုံခေါ်ပြီး အစည်းအဝေးလုပ်တဲ့အခါမှာ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ဖွဲ့စည်းတဲ့အကြောင်းကတော့ ယခင်ဖွဲ့စည်းထားတဲ့ပုဂ္ဂိုလ်များမရှိတော့တဲ့အတွက် သူတို့နေရာမှာအစားထိုးပြီးဖွဲ့စည်းခဲ့ပါတယ်။ အဲဒီတော့ကာ အန်တီစုကို ဒီနေရာမှာ ဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ပေးဖို့ကိုတော့ အဲဒီအစည်းဝေးမှာမပြောခဲ့ပါဘူး။ သို့ပေမယ့် စိတ်ထဲမှာတော့ရှိပါတယ်” ဒီမှာတင် အမတ်ချုပ်ကြီးရဲ့ တကယ့်သဘောထားပေါ်လွင်သည်။ 
ဗိုလ်အောင်မင်းကပြောလိုက်တော့ ပိုရှင်းသွားပါတယ်။ အခြားသောလွှတ်တော်ကော်မတီများဖြစ်သော “သိန်းဇော်ကော်မတီ” “ဌေးဦးကော်မတီ”တို့ပါဝင်သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့“တရားဥပဒေစိုးရေးနဲ့
တည်ငြိမ်အေးချမ်းရေးကော်မတီ”အနေနဲ့လည်း တပြည်လုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးကြတဲ့အခါမှာ ပါဝင်ဖို့ဖြစ်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။
သို့ဖြင့် ဗိုလ်ရွှေမန်းတို့သည် နိုင်ငံရေးလျှပ်စီးလက်နေတော့သည်။ ခြံအမှတ် ၅၄ ထဲထိ ခြေဆန့်သည်။ ဗိုလ်ခင်အောင်မြင့်က နတ်မောက်သွားပြီး ငွေကျပ် ၁၀ သိန်းအလှူငွေထည့်သည်၊ “ဗိုလ်ချုပ်လက်ရေးစာအုပ်”ဇွတ်ယူလာသည်။ အဖြည့်ခံသမ္မတ စိုင်းမောက်ခမ်းက အာဇာနည်ကုန်းသွား၍ ပန်းခွေချအလေးပြုရသည်။
ဤသို့သောဖြစ်ရပ်များက ဆောင်းပါးအစပိုင်းတွင်ဖေါ်ပြခဲ့သလို စိတ်ကူးယဉ်မှုတွေကို ပေါ်ပေါက်စေခဲ့ပြီး၊ (၆၆) နှစ်မြောက်အာဇာနည်နေ့ကိုဗဟိုပြုပြီး ကြံ့ဖွံ့ပါတီကလွှတ်တင်လိုက်သည့် မှိုင်းဝနေသောမီးပုံးပျံတစ်လုံးသည် မြန်မာ့နိုင်ငံရေးလေထုထဲသို့ ဝေ့ဝဲတက်သွားတော့သည်။
ကြံ့ဖွံ့ပါတီ၏သဘောထားအမှန်ကိုထင်ဟပ်နေသည့် အမတ်ချုပ်ကြီးဗိုလ်ရွှေမန်းစကားတစ်ခွန်းမှာ မှတ်လောက်သားလောက် ရှိပါသည်။“တစ်စိတ်တစ်ပိုင်းသော ပြည်သူလူထုရဲ့ခေါင်းဆောင်လည်းဖြစ်တယ်၊ ဒီပုဂ္ဂိုလ်နဲ့ ကျွန်တော်တို့ဆက်ဆံတဲ့အခါမှာ ရန်သူလိုဆက်ဆံနေမယ်ဆိုရင် မကောင်းတဲ့သမိုင်းကို ပြန်ရောက်သွားလိမ့်မယ်”  
စိတ်ကူးယဉ်နေသူများ သတိပြုသင့်သည့်အချက်ဖြစ်သည်။ ဤအချက်က သူတို့၏စိတ်ကူးယဉ်မှုမိုးပျံပူပေါင်းကို ထိုးခွဲလိုက်မည့်အချက်လည်း ဖြစ်နေသည်။
ကြံ့ဖွံ့ပါတီသည် ဒေါ်အောင်ဆန်းစုကြည်ကို “၂ဝဝ၈အခြေခံဥပဒေ”ပွဲထုတ်ရာ၌အသုံးချခဲ့ကြပြီ၊ လက်ပံတောင်းအရေးအခင်းတွင် အသုံးချခဲ့ကြပြီ၊ သူတို့တွက်ကိန်းတွေ လက်တွေ့ဖြစ်မြောက်လာခဲ့သည်မဟုတ်သလော။
“ဒေါ်အောင်ဆန်းစုကြည်နှင့်ခွဲထားလျှင် ခွာထားလျှင်၊ ရန်သူလိုဆက်ဆံနေရင်” ပြည်တွင်းနှင့် နိုင်ငံတကာတွင် သူတို့ပုံရိပ်မကောင်းနိုင်သည်ကို သဘောပေါက်ကြသည်။ သို့အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ကပ်နိုင်သမျှကပ်ထားရန် ဆုံးဖြတ်ထားကြပြီဖြစ်သည်။ ဤသို့ကပ်ထားသည်မှာ အာဏာခွဲဝေပေးဖို့မဟုတ်ဆိုသည့်အချက်ကိုလည်း (ကာ/လုံ) ၊ စစ်တပ်နှင့်၊ ကြံ့ဖွံ့ပါတီတို့ထဲတွင် ရှင်းလင်းခဲ့ကြပြီးပုံပေါ်ပါသည်။
ယနေ့ ပြည်တွင်းပြည်ပအခြေအနေအရ အာဏာကိုရေရှည်ထိန်းသိမ်းရာတွင် ကြံ့ဖွံ့ပါတီအနေဖြင့် “စစ်တပ်နှင့် ၂ဝဝ၈ အခြေခံဥပဒေ”ကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်ထားနိုင်ပြီဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် ထင်ပေါ်ကျော်ကြားမှုကို ပီပီပြင်ပြင် အသုံးချရမည်ဆိုသည့်အချက်ကို သူတို့ ကောင်းကောင်းနားလည်သဘောပေါက်ကြပါသည်။ သို့ဖြင့် အမေရိကန်ကပြန်လာပြီး အမတ်ချုပ်ကြီးဗိုလ်ရွှေမန်း ခြေလှမ်းတွေ ပိုသွက်ပိုရဲလာတာတွေ့ရသည်။ ဒီချုပ်ဥက္ကဋ္ဌအနားသို့လည်း ပို၍ပို၍ ကပ်လာခဲ့သည်။
မြောက်ကိုးရီးယားလက်နက်အရောင်းအဝယ်ကိစ္စတွင် ဗိုလ်သိန်းဋ္ဌေးတစ်ဦးတည်းကိုသာ အမည်ပျက်စာရင်းသွင်းလိုက်ခြင်းဖြင့် အမေရိကန်နှင့် ဈေးတည့်ခဲ့ကြပုံပေါ်သည်။ စင်စစ် မြောက်ကိုးရီးယားလက်နက်ကိစ္စ အဓိကတာဝန်ရှိသူမှာ  ဗိုလ်ရွှေမန်းသာဖြစ်သည်။ သို့သော်လည်း အမေရိကန်က ဗိုလ်ရွှေမန်းအပါအဝင် ကြံ့ဖွံ့အစိုးရတဖွဲ့လုံးကို ကင်းလွတ်ခွင့်ပေးလိုက်ပုံရသည်။