Saturday, July 20, 2013

“ကျနော်ကြီးရင် ဘာ မဖြစ်ချင်နှင့်ပတ်သက်သည်များ”မျိုးမြင့်ချို

0 comments
“ကျနော်ကြီးရင် ဘာ မဖြစ်ချင်နှင့်ပတ်သက်သည်များ”မျိုးမြင့်ချို (စာအဟောင်းပါ။ နည်းနည်းပြင်ပြီးပြန်တင်တာပါ) ကျနော် ငယ်ငယ်က ဖြစ်ချင်တာတွေအလွန်များသည်။ ရေခဲချောင်းသည်၊ ကားဒရိုင်ဘာ၊ မျက်လှည့်ဆရာ၊ ဗေဒင်ဆရာ၊ ရုပ်ရှင်မင်းသား၊ ခြင်္သေ့ထိန်း၊ မီးသတ်သမား၊ ကောင်းဘွိုင်နှင့် အခြားထွေလီကာလီများ။ ထိုဖြစ်ချင်တာတွေထဲကတချို့ကို  ငယ်ဘဝမှာ ခဏတဖြုတ် ဖြစ်ခဲ့ဖူးတာလည်းရှိသည်။ လုံးလုံးမဖြစ်ခဲ့တာတွေလည်းရှိသည်။ သို့သော် ဘယ်နေရာမှာမှတော့ ပေါက်ပေါက်မြောက်မြောက်မဟုတ်။
ကျနော်မှတ်မိသလောက်ပြောရလျှင် “သားသားကြီးရင် ဘာလုပ်မယ်”ဟု ဘယ်သူ့မှ ကျနော့်ကို မမေးဖူးသလို၊ ကျနော်ကလည်း မဖြေဖူးဘူးဟုထင်ပါသည်။ မေးလာခဲ့လျှင်လည်း ကျနော် ဘာပြန်ဖြေရမှန်း သိမည်မဟုတ်ပါ။ ဘာ့ကြောင့်ဆိုတော့ ကျနော့်တွင် ငယ်ဘဝဖြစ်ချင်သည်များသာရှိပြီး ကြီးလျှင်ဖြစ်ချင်သည်များကို မသိသောကြောင့်(သို့မဟုတ်)မရှိသောကြောင့်ဟု ထင်ပါသည်။ သူငယ်ချင်းတချို့က သူတို့ကြီးရင် စစ်ဗိုလ်၊ ဆရာဝန်၊ အင်္ဂျင်နီယာ၊ ကျောင်းဆရာဖြစ်ချင်သည်ဟုပြော သည်ကို ကြားဖူးပါသည်။ “ဘာကြောင့်ဖြစ်ချင်ရတာလဲ”ဟု ဆက်မေးသူနည်းသလို မေးလို့ဖြေပြန်လျှင်လည်း သင်ထားသည့်အတိုင်းတွေပဲဖြစ်သည်။ ဖြေသူတွေကိုယ်တိုင်က “ဘာ့ကြောင့်ဖြစ်ချင်သည်”ကို မသိလို့နေမှာဟု ကျနော်က ထင်သည်။ စစ်ဗိုလ်ဖြစ်ချင်တယ်ဟုဖြေသည့်သူငယ်ချင်း မူးယစ်ဆေးဝါးအလွန်အကျွံသုံးပြီး ကိစ္စချောသွားပါသည်။ အင်္ဂျင်နီယာဖြစ်ချင်သည့်သူငယ်ချင်းမှာ လက်ဘက်ရည်ဆိုင် ဖွင့်နေပါသည်။ ဆရာဝန်ဖြစ်ချင်သည့်သူငယ်ချင်းကား စစ်ဗိုလ်ဖြစ်ပြီး တိုက်ပွဲကျသွားပါသည်။ ကျောင်းဆရာဖြစ်ချင်သည့်သူငယ်ချင်းက ကျောင်းဆရာဖြစ်ပြီး ရိုးရိုးအေးအေး၊ ဆေးလိပ်ကအစ၊ အသောက်အစား၊ လောင်းကစား၊ မိန်းမမှု ဘာတစ်ခုမှလည်း မပွေရပါပဲ ငယ်ငယ်ရွယ်ရွယ်မှာ လေဖြတ်ပြီးအနိစ္စရောက်သွားပါသည်။ တခြားသူငယ်ချင်းများ သူတို့ဖြစ်ချင်တာတွေဖြစ်ကြသလား မဖြစ်ကြသလားတော့ ကျနော်အသေအချာမသိပါ။ “ကြီးရင်ဘာလုပ်မယ်”ကို “ဘာမှ မလုပ်ဖူး”ဟု ပြန်ဖြေခဲ့သည့် ထူးထူးခြားခြားသူငယ်ချင်းတယောက်မှာမူ နံမည်မကျော့်တကျော် အနုပညာသမားဖြစ်နေ၏။ ဦးသုခ၏ “ဘဝသံသရာ” သီချင်းကို တခါတခါသတိရပါသည်။
ကျနော်ငယ်ငယ်က ရပ်ကွက်ထဲ ဂလိုင်လှုပ်ပြီးဝင်လာသည့် ရေခဲချောင်းသည်အသံကြားလျှင် အလွန်ပျော်ပါသည်။ ရေခဲချောင်းသည်သည် ကလေးများအတွက် ပျော်ရွှင်မှုကိုဆောင်ကြဉ်းလာသူဟု တွက်ပြီး ရေခဲချောင်းသည်ဖြစ်ချင်ခဲ့ပါသည်။ ခရီးသည်တွေကိုတင်ပြီး ကွမ်းယာတမြုံ့မြုံ့နှင့် လည်ပင်းတွင် တဘက်သေးလေးပတ်ကာကားမောင်းနေသည့်ဒရိုင်ဗာကြီးသည် အလွန်စတိုင်ကျသည်ဟုထင်ပြီး ဒရိုင်ဗာလည်းဖြစ်ချင်ခဲ့ပါသည်။ လူတွေကိုငေါက်လားငမ်းလားလုပ်သည့်ကားစပယ်ရာကို ဒရိုင်ဘာကြီးကပြန်ဟောက်လို့ရတာကို အလွန်သဘောကျပါသည်။ ပိုက်ဆံယူပြီး လူတွေစိတ်ချမ်းသာအောင် ဗေဒင်ဆရာနှင့်မျက်လှည့်ဆရာများသာ လုပ်နိုင်သည်ဟုထင်ကာ ဗေဒင်နှင့်မျက်လှည့်ဆရာလည်း ဖြစ်ချင်ခဲ့သည်။ ကျောင်းစာမတတ်လည်း ဆရာအခေါ်ခံရသည်ကို သဘောကျမိတာလည်းပါသည်။ ဘယ်နေရာသွားသွား လူတွေကဝိုင်းဝိုင်းကြည့်ပြီး ကိုယ့်အမည်အခေါ်ခံရတာကောင်းသည်မှတ်ပြီး ရုပ်ရှင်မင်းသားလည်း ဖြစ်ချင်ခဲ့သည်။ လူတိုင်းကြောက်ရသည့်ခြင်္သေ့ကြီးတွေ ကျားကြီးတွေကို ကြာပွတ်တရွှမ်းရွှမ်းဖြင့်ခိုင်းသည့် ဆပ်ကပ်ထဲကခြင်္သေ့ထိန်းကြီးလည်း ဖြစ်ချင်ခဲ့သည်။ ရေတွေတဝေါဝေါပန်းထွက်နေသည့် မီးသတ်ပိုက်ကြီးနှင့် တဝုန်းဝုန်းလောင်နေသည့်မီးတောက်ကြီးများကိုငြှိမ်းရသည်မှာအရသာဟုထင်ပြီး မီးသတ်သမားလည်းဖြစ်ချင်ခဲ့သည်။ သေနတ်ခါးမှာ တို့လို့တွဲလောင်းချိတ်၊ ဆေးပြင်းလိပ်ကြီးခဲ၊ ဦးထုတ်တစောင်း ဆောင်း၊ ထီမထင်ဟန်မျက်နှာပေးဖြင့် မြင်းကြီးစီးကာ လူဆိုးတွေနှင့်တဒိုင်းဒိုင်းသေနတ် ပစ်ရလျှင် လူတွေအားကျလိမ့်မည်ထင်ပြီး ကောင်းဘွိုင်လည်း ဖြစ်ချင်သည်။ တခြားထွေလီကာလီ ဖြစ်ချင်တာတွေလည်း ရှိပါသေးသည်။ ထိုအရာများအားလုံးသည် “ငယ်ဘဝမှာသာ ဖြစ်ချင်သည်”များဖြစ်ပါသည်။ ကြီးလာလျှင် ထိုအရာတွေ ဖြစ်ချင်/မဖြစ်ချင်ကိုမူ ငယ်ငယ်ကမသိခဲ့ပါ။

”ကြီးရင်ဘာဖြစ်ချင်”ကိုသာ အသေအချာမသိသော်လည်း ”ကြီးရင်ဘာမဖြစ်ချင်”တွေကတော့ ကျနော့်တွင် အသေအချာရှိပါသည်။ သိလည်း သိပါသည်။ “ကြီးရင် ဘာမဖြစ်ချင်ဘူးလဲ”ဟုမေးခဲ့လျှင် ပြန်ဖြေရန် အသင့်ရှိပါလျှက် ဘယ်သူကမှ ဤသို့ တခုတ်တရ မမေးဖူးကြောင်း အတိအကျမှတ်မိပါသည်။ ဘယ်သူမှ မမေးဖူးဘူးတာ လုံးဝသေချာပါသည်။ လူကြီးများသည် ကလေးများအား ထိုသို့မေးရကောင်းမှန်း မသိလို့ပဲဖြစ်မည် ထင်ပါသည်။ ကျနော် မဖြစ်ချင်တာက များများစားစား မဟုတ်ပါ။ ၂ ခုတည်းဖြစ်ပါသည်။ ကျနော်ကြီးလျှင် ရဲ(ပုလိပ်) မဖြစ်ချင်ပါ၊ ဆရာဝန် မဖြစ်ချင်ပါ။

မူလတန်းဖတ်စာအုပ်ထဲက “ရဲသားကြီးကကိုလှရွှေ လူဆိုးဖမ်းဖို့စောင့်ရှောက်ပေ”ဆိုသည့်အပိုဒ်ကို သရုပ်ဖော်ရာတွင် မျက်နှာအောက်ချပြီး အားရွံ့သိမ်ငယ်နေဟန် ကလေးလေးတယောက်အား ရဲ(ပုလိပ်)ကြီးတယောက်က အင်္ကျီဂုတ်ပိုးမှဆုပ်ကိုင်ပြီး လက်ထိပ်တန်းလန်းဖြင့် ဖမ်းဆီးသွားသည့်ပုံကိုတွေ့ကတည်းက ကျနော် ရဲ(ပုလိပ်) မဖြစ်ချင်ပါ။ ပုံထဲက ရဲသည် ကလေးတွေကို ဖမ်းသည်။ ထို့ကြောင့် ရဲသည်မကောင်း။ မကောင်းသဖြင့် ရဲမဖြစ်ချင်။ ငယ်ငယ်က သင်္ကြန်ရေကစားရင်း ခြေထောက်တွင်ပုလင်းကွဲရှသည်။ ဟက်တက်ကြီး ကွဲထွက်သွားသည်။ ဆေးခန်းရောက်တော့ ဆရာဝန်က ထုံဆေးမပေးပဲ ဒီအတိုင်း အစိမ်းချုပ်သည်။ နာလိုက်သည့်ဖြစ်ခြင်း။ ပုလင်းကွဲရှတာထက် ပိုနာသည်။ အနာပျောက်အောင်လုပ်ရမည့်ဆရာဝန်သည် ကျနော့်ကို ပိုနာအောင်လုပ်သည်။ ထို့ကြောင့် ဆရာဝန်သည် မကောင်း။ မကောင်းသဖြင့် ဆရာဝန်မဖြစ်ချင်။ ထိုအရာ ၂ ခုသည် ကျနော် “ငယ်ဘဝမှာလည်းမဖြစ်ချင်” “ကြီးလာလျှင်လည်း မဖြစ်ချင်”သည်များဖြစ်ပါသည်။ ယခု ကြီးပါပြီ။ ဤ ၂ ခုလုံးမဖြစ်ပါ။ မဖြစ်သည့်အတွက် ကိုယ့်ကိုယ်ကိုကြိတ်ပြီး ကျေးဇူးတင်ရပါသေးသည်။

ကျနော့်ကို တချို့က “လူစုံ”ဟုပြောသည်။ ကျနော် “ဘဝနည်းနည်းစုံသူသာ”ဖြစ်သည်။ကျောင်းပြေး၊ အိမ်ပြေး၊ ပြည်ပြေး ဖြစ်ဖူးသည်။ စစ်ပြေးတော့မဖြစ်ခဲ့။ စစ်သား၊ နိုင်ငံရေးအကျဉ်းသားဖြစ်ဖူးသည်။ ရာဇဝတ်သားတော့မဖြစ်ခဲ့။ အိုးမဲ့အိမ်မဲ၊ တိုင်းမဲ့ပြည်မဲ့ ဖြစ်ဖူးသည်။ ယုံကြည်ချက်မဲ့၊ အဘိဓမ္မာမဲ့တော့ မဖြစ်ခဲ့။ ဖြစ်ဖူးတာတွေအထိုက်အလျှောက်ရှိလာတော့မှ “ကဲ ခုရော ပြောပါဦးမဖြစ်ချင်တာတွေ”ဆိုကာ ကိုယ့်ကိုယ်ကို ပြန်မေးမိသည်။ သည်တော့မှ မဖြစ်ချင်တာ(၂) ခု ထပ်တိုးလာတာ တွေ့ရပါသည်။ တခုက “နိုင်ငံရေးသမား”နောက်တခုက “မီဒီယာသမား”။

အာဏာနိုင်ငံရေးသဘောတွင် နိုင်ငံရေးအာဏာလိုအပ်၍သာ လုပ်ရခြင်းဖြစ်သည်။ မလိုအပ်လျှင် လုပ်နေစရာ ဘာအကြောင်းမှ မရှိ။ မိမိလိုချင်သည့်စနစ်ကိုထူထောင်ဖို့ လုပ်ပိုင်ခွင့်ရှိမှရမည်။ လုပ်ပိုင်ခွင့်ဆိုသည်မှာ အာဏာဖြစ်သည်။ နိုင်ငံရေးဆိုသည်မှာ အာဏာကိစ္စဖြစ်သည်။ အာဏာကိစ္စမှန်လျှင် တနည်းမဟုတ်တနည်းဖြင့် ရှင်းကြရသည်။ ရှင်းရာတွင် အနုနည်းနှင့် အကြမ်းနည်းသာကွာသည်။ “အာဏာလိုချင်လို့ နိုင်ငံရေးလုပ်တာမဟုတ်” ဟု ပြောသူများရှိ၏။ အာဏာရယူရေးသဘောထား မရှိသူသည် အာဏာမရ။ အာဏာမရလျှင် ဘာမှလည်း လုပ်မရ။ ဆိုတော့ အာဏာကိစ္စသည် လက်တွေ့ကျ၏။ လက်တွေ့ကျကျလည်း ရှင်းမှရ၏။ ထိုသို့ ရှင်းရပြီဆိုလျှင် သူငယ်ချင်း/မိတ်ဆွေ/လုပ်ဖော်ကိုင်ဘက်မရှိတော့။ ကာလပေါ်စကားနှင့်ဆိုသော် အထာထားလို့မရ။ ဆိုတော့ ရန်သူတွေ မိတ်ဆွေဖြစ်/မဖြစ် တပ်အပ်မပြောနိုင်သော်လည်း မိတ်ဆွေတွေ ရန်သူဖြစ်ကုန်ကြတာ ဒက်ထိဖြစ်သည်။  မိတ်ဆွေတချို့ကို မျက်စေ့အောက်ထားတန်ထား(ထောင်ထဲထည့်)။ တောထဲမောင်းပို့တန်ပို့ (တိုက်ထုတ်)။ မျက်နှာလွှဲတန်လွှဲ(ကြိုးစင်တင်)တွေ လုပ်ရတော့မည်။ အနည်းဆုံး အပုတ်တော့ ချရတော့မည်။ ကျနော်က ထိုကိစ္စတွေ မလုပ်ချင်။ ထို့ကြောင့် နိုင်ငံရေးသမားမဖြစ်ချင်။ ဖြစ်လည်း မဖြစ်ခဲ့။

တခုခုဆို ကျနော်က ဘက်လိုက်ချင်သည်။ စိတ်တွင်လည်း”လူသည် ဘက်မလိုက်လို့မရ၊ ဘက်လိုက်သည့်သတ္တဝါဖြစ်သည်”ဟု စွဲနေ၏။ လောကသည် ဘက်လိုက်မှရသည့်နေရာ ဖြစ်သည်။ ဘက်မလိုက်ဆိုသူများလည်း မလိုက်သည့်ဘက်တခုခု ထူထောင်ပြီးမှ ထိုဘက်တွင် အတူစုနေကြရသည်။ ဘက်လိုက်သည့်အတွက် လူကို၊ လောကကို အပြစ်ဆိုစရာမရှိ။ လူ့သဘော။ လောကသဘော။ ထိုသဘောတွင်“ဘယ်ဘက်ကို လိုက်မလဲ” ဆိုသည်က လူ၏ရွေးချယ်ခွင့်ဖြစ်သည်။ ကြိုက်သည့်ဘက်ကိုလိုက်ပြီး မကြိုက်သည့်ဘက်ကိုဆန့်ကျင်ခြင်းသည် လူ၏မွေးရာပါလွတ်လပ်ခွင့်။ ထိုသို့ရှိနေနှင့်သည့်ကြားက “မီဒီယာဆိုတာဘက်မလိုက်”ဆိုပြီး ပြောနေသူများရှိ၏။ သူ့တရားနှင့်သူ့စကား မှန်ကောင်းမှန်၊ ခိုင်လုံကောင်း ခိုင်လုံပါလိမ့်မည်။ ကျနော်က “ဘက်မလိုက်ရဘူး”ဟုပြောပြီး “ဘက်လိုက်နေကြရသည့်”အဖြစ်ကို ဘဝင်မခွေ့။ ကျနော်က “လိုက်တယ်ကွာ၊ ဘာဖြစ်လဲ၊ လိုက်ဖို့လိုလို့ လိုက်တာ”ဟု ဗြောင်ပြောပြီး ကဏ္ဍကောစတိုက်တတ်သူ။ ထို့ကြောင့် ဘက်မလိုက်ရဆိုသည့်မီဒီယာသည် ကျနော့်အတွက် မကောင်း၊ မကောင်းသဖြင့် မကြိုက်၊ မကြိုက်သဖြင့် မီဒီယာသမား မဖြစ်ချင်။ ဖြစ်လည်း မဖြစ်ခဲ့။

ခုတော့ ကျနော်လည်းကြီးပြီ။ ဘဝတွင်ဖြစ်ချင်တာထက် မဖြစ်ချင်တာကို ပိုသိလာသလို၊ ပိုလည်းအလေးထားတတ်လာပြီ။ ကျနော့်တွင် ယခု “သမီး..ကြီးရင်ဘာမဖြစ်ချင်ဘူးလဲ” ဟုမေးကြည့်ရမည့်တူမလေးတယောက် ရှိလာပြီ။ ကျနော် သူ့ကို “သမီးကြီးရင် ဘာဖြစ်ချင်လဲ” ကို မေးမည်မဟုတ်ပါ။ ”ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးရမယ်”တို့ ”နှလုံးသားထက် ဦးနှောက်ကို ပိုအလေးပေးရမယ်”တို့ ဘာတို့ညာတို့တွေနှင့် ကျနော့်တူမလေးကို ခေါင်းမစားစေချင်။ သူ့ဘာသာသူ ချင့်ချိန်တတ်သည့်သည့်အခါ ဘာဖြစ်ချင်နှင့်ဘာမဖြစ်ချင်ကိုသိပြီး သူဖြစ်ချင်တာကိုသူလုပ်ပြီး သူမဖြစ်ချင်တာကို မလုပ်ပဲနေလျှင်ပဲတော်လှပြီ။ ခုလောလောဆယ် ကျနော်တွေးနေသည်မှာ ကျနော် အမေးမခံခဲ့ရဖူးသည့်မေးခွန်းကို သူ့အားမေးပြီး သူပြန်ဖြေမည့်အဖြေကိုလည်း သိချင်နေပါသည်။
မျိုးမြင့်ချို (ဒီဇင်ဘာ၊ ၂၁ ရက် ၂ဝ၁၁) 

0 comments:

Post a Comment