ဘယ်သူကိုယ်စားပြုတဲ့
အစွန်းရောက်အမျိုးသားရေးလဲ (မျိုးမြင့်ချို)
ခုတလော
လူမျိုးရေးဝါဒီ Racists တို့၏အကြမ်းဖက်မှုနှင့် Nationalism အမျိုးသားရေးဝါဒကိုလုံးရိုက်သူ
များလာသလို မသိသားဆိုးရွား သံယောင်လိုက်သူများလည်း မနည်းလှ။ ဦးဆုံးပြောချင်သည်က Racism
ဆိုသည့် လူမျိုးအစွန်းရောက်ဝါဒအကြောင်း။ ထို Racism ကို တကျောင်းတဂါထာ တရွာတပုဒ်ဆန်းအနက်
မည်မျှဖွင့်စေကာမူ အနှစ်ချုပ်သံခိပ်ပြုရာ၌မူ တူ၏။ ယင်းမှာ လူမျိုးတမျိုးသည်
အခြားလူမျိုးတို့ထက် သာလွန်/ထူးခြား/ကောင်းမြတ်သော အရည်အသွေးရှိ၏ဟုဆိုခြင်းပင်။ ထိုပေါ်အထိုင်ချ၍ အထက်တက်သော် ဗျာဓိတ်ခံလူမျိုးတွေ၊ သာကီတွေ/ဇာနည်တွေဖြစ်လာ၏။
ယင်းတို့မှတပါး အခြားအမျိုးများမှာ မမြတ်ဖြစ်လာ၏။ ထို မမြတ်သူတို့နှင့် သွေးနှောမျိုးစပ်မရသို့
ရောက်လာ၏။ ထိုကတဆင့် လူမြတ်မျိုးတို့ကသာ မြေကမ္ဘာနှင့်တပါးသူတို့အား စိုးမိုးအုပ်ချုပ်ထိုက်၏အထိ
ရောက်တော့ မျိုးတုန်းသုတ်သင်မှုတွေနှင့် သွေးချောင်းစီးတော့၏။ ထိုလူမျိုးအစွန်းရောက်အယူနှင့်
ဘာသာကိုးကွယ်ယုံကြည်မှုကား ချဉ်သီးနှင့်ဆား။ ထိုနှစ်ခုတွဲပြီး တို့လျှင် လူဉာဏ်မွဲတို့ခံနိုင်ခဲ၏။
ဆွေ့ဆွေ့ခုန်၏။ ဆတ်ဆတ်ခါ၏။ လူနပ်တို့ကလည်း
ပါး၏။ တို့ရန်လိုတိုင်း ထုတ်ထုတ်တို့၏။ တို့တိုင်းလည်း အောင်သည်ချည်း။ သဘောက လူမျိုးကိုဘာသာနှင့် တွဲပေးလိုက်ခြင်းပင်။
လူသည် မိမိကိုးကွယ်ရာသာ အမှန်ဟုယူသည်မဟုတ်လား။ အယူမှန်ဟု ဆိုသည်မဟုတ်လား။ ကျန်အယူမှန်သမျှ
မိစ္ဆာဒိဌိ လိုက်ရသည်မဟုတ်လား။ ဆိုတော့ ကိုယ့်ဖါသာသမ္မာဒိဌိထားသောကိစ္စကို အခြားသူကဝေဘန်လာလျှင်
သို့မဟုတ် ထိပါးလာသည်ဟုခံစားလာရလျှင် ငယ်ထိပ်မြွေပေါက်သည်ထက်ဆိုး၏။ သွေးရူးသွေးတမ်း
ဂမူးရှူးထိုးနှင့် တုတ်ဆွဲဓါးဆွဲ ဆွဲတော့၏။
ဆိုဗီယက်ယူနီယံနှင့်အတူ
ရုရှားဆိုလစ်စနစ်အပြိုတွင် လူမျိုး/ဘာသာအခြေခံပဋိပက္ခ ထိပ်တက်လာသလိုရှိ၏။ တနည်းဆိုရလျှင်
အမျိုးသားရေးအမည်ခံ ဘာသာ/လူမျိုးစွဲအစွန်းတရားများ၊ အကောက်အယူများ၊ အယူသီးလူများ၊ ခေတ်စားသလိုဖြစ်လာ၏။
ထိုသဏ္ဍန်အမျိုးသားရေးလက္ခဏာနှင့်လှုပ်ရှားမှုကို လက်သစ်အမျိုးသားရေးဝါဒဟု အချို့ကသမုတ်၏။
ဤနေရာ၌ ထူးဆန်းသည်မှာ ထိုတဇောက်ကန်းအစွန်းရောက်တို့က ခေတ်ပညာတတ်များဖြစ်နေခြင်းပင်။
ကိုလိုနီထမ်းပိုးအောက်ကရုန်းထွက်ခြင်းနှင့် ကွန်မြူနစ်ဝါဒကိုဆန့်ကျင်ခြင်းတွင် အမျိုးသားရေးဝါဒမှာ
ဇော်ဂျီတောင်ဝှေးနှယ် တို့သမျှဆေးဖြစ်၏။ အစွမ်းလည်းထက်၏။ စစ်အေးတခေတ်လုံး ပိုးမွေးသလိုမွေးကာ
ကွန်မြူနစ်တစ္ဆေကို တောကူလှန့်ပေးခဲ့သည့် လူမျိုး/ဘာသာရေးအုပ်စုများသည် ကွန်မြူနစ်တို့ချိနည့်သွားသည့်အခါ
အစွယ်ပြူးပြူးနှင့် ဘီလူးကြိမ်း ကြိမ်းနိုင်သည့်အနေအထားထိ ရောက်လာ၏။ ဤတွင် “ယဉ်ကျေးမှုများတိုးတိုက်မိ”တို့
“အကြမ်းဖက်မှုအပေါ်ဆင်သည့်စစ်ပွဲ” တို့ ဖြစ်လာ၏။ အမျိုးသားရေးသည် ထိုးစစ်ရောခံစစ်တွင်ပါ
အသုံးတည့်၏။ မိမိထိုးရမည့် သို့မဟုတ် ခံတိုက်ရမည့်သူသည် တိုင်းတပါးသား၊ အယူမတူ၊ ဘာသာ
မတူ၊ လူမျိုးမတူ၊ ရုပ်ရည်ကအစ အစစမတူဆိုလျှင် ပိုသဲကွဲပြီး လက်ညှိုးထိုးရ ပို၍လွယ်ကူသည်မဟုတ်လား။
တိရိစ္ဆန်တို့နှယ် အမျိုးမတူဇာတိမတူဆိုလျှင် ကိုက်ချင်ဖဲ့ချင် တိုက်ချင်ခိုက်ချင်စိတ်သည်
လူ့စိတ်တမျိုးပင် မဟုတ်လား။ ထိုဗီဇစိတ်ကိုလိုရာပန်းတိုင်ရောက်ရန် ကျကျနနဆွပေးနိုင်လျှင်
သိဒ္ဓိမြောက်ကာ လိုရာပေါက်၏။
လွန်လေပြီးသော
နှစ် (၁ဝဝ)က ဗမာပြည်တွင် စထွန်းခဲ့သောအမျိုးသားရေးဝါဒသည် သူ့ပုံစံနှင့်သူ့အထိုင်နှင့်သူ
ဖြစ်၏။ နှစ်(၁ဝဝ) ဟု ဆိုခြင်းမှာ ဗမာ့အမျိုးသားရေးဝါဒ ပီပီမည်မည်ဖြစ်လာသည့်ပထမကျောင်းသားသပိတ်
(၁၉၂ဝ)မှစရေတွက်ခြင်းပင်။ သူ့အထိုင်နှင့် သူ့ပုံစံနှင့်သူဟုဆိုခြင်းမှာ ထိုကာလအမျိုးသားရေးဝါဒလက္ခဏာတွင်
စက်မှုအရှင်းရှင်များကမ္ဘာပတ်လာခြင်းအား ဆန့်ကျင်ခြင်းမှာ အဓိကအချက်ဖြစ်နေခြင်းကြောင့်ပင်။
(ထိုမတိုင်မီ အမျိုးသားရေးမှာ ထီးကျိုးစည်ပေါက်ကို နာကျည်း၊ ကိုယ့်မင်းကိုယ့်ချင်းကို
တမ်းတ၊ မင်းလောင်မျှော်ရင်း “သေသော် မှတည့် သြော်..ကောင်း၏”ထက်မပိုသေး) သခင်သစ်ကလည်း
ပဒေသရာဇ်အဆောင်အယောင်နှင့် သက်ဦးဆံပိုင်နေရာတွင် ဆိုင်ကြီးကနားနှင့်အလုပ်ရုံကြီးများ
အစားထိုးလာ၏။ ခေတ်အဟောင်းက ပြောင်းကြွတမလွန်ဖြစ်နေချိန်မဟုတ်လား။ ဗမာပြည်က “ပြည်တွင်းဖြစ်ကိုအားပေးပါ”
နှင့် “အိန္ဒိယကလက်လှည့်ဗိုင်းငင်စက်ကလေး”မှာ ထင်ရှားသည့်သင်္ကေတ။ မိန်းကလေးတွေ လှချင်ပချင်၍ဇာအင်္ကျီပါး
ဇာဘော်လီဝတ်သည်ကို အမြင်မတော်ဆို၍အရှက်ခွဲကြခြင်းမှာ အမျိုးသားရေးဝါဒခေါင်းစဉ်အောက်က
အမျိုးသမီးထုအား တဘက်သတ်အနိုင်ကျင့်ဖိနှိပ်ခြင်းဖြစ်သလို စက်မှုအရင်းရှင်စနစ်ကို သွယ်ဝိုက်ဆန့်ကျင်ခြင်းလည်းဖြစ်၏။
ဘိုကေကိုမုန်း၍ ကတုံးဆံထောက်နှင့်နေသူ ပန့်ခ်ရှူးကိုအမြင်ကပ်၍ ခုံဖိနပ်စီးသူ၊ ဘလေဇာကုပ်ကိုကြည့်မရ၍
ပင်နီဝတ်သူ ဒါတွေလည်း အမျိုးသားရေးလက္ခဏာတွေပဲမဟုတ်လား။ ထိုစဉ်ကလည်း ဗမာ့အမျိုးသားရေးဝါဒီတို့မှာ
ပညာတတ်များပင်ဖြစ်၏။ ထိုစဉ်က ယူနီဗာစတီကျောင်းသားအချို့မှာတွင် “အားရင် ကုလားထွက်ရိုက်ကြတာပေါ့”
ဆိုသည်အထိ တဇောက်ကန်းတွေရှိခဲ့ဖူး၏။ ဒို့ဗမာအစည်းအရုံးသည်ပင်လျှင် ထိုပညာတတ်တဇောက်ကန်းတို့ ပျိုးလိုက်သည်မှန်သော်လည်း
လူမျိုးစုံနိုင်ငံတကာဝါဒီတို့ အချိန်မီအုပ်စီးနိုင်၍သာ လမ်းကြောင်းမှန်ပေါ်တက်သွားခြင်းဖြစ်၏။
ယခု
ရွှေပြည်ကြီးက အမျိုး ဘာသာ သာသနာခေါင်းစဉ်ဖြင့်ခေတ်စားနေသည့် အစွန်းရောက်အမျိုးသားရေးမှာ
ခုမှ ကောက်ကာငင်ကာ ထိုးထွက်လာခြင်းမဟုတ်။ အနှစ်နှစ်အလအလသန္ဓေတည်ပြီး အကြိမ်ကြိမ်ပြန်
ရှင်သန်ဖွားမြောက်နေခြင်းပင်ဖြစ်၏။ လိုသည့်အချိန် ထုတ်သုံးရန် တမင်ချန်ထားသည့် "အစ" ဖြစ်၏။
သို့သော် ထို အစ ထိုအယူအား ရေလောင်းပေါင်းသင်သူမှာ
၁၉၆၂ ခုကစလိုက်သည့် စစ်အုပ်စုဖြစ်၏။ ထိုအချိန်မှစ၍ လူမတူသူတို့အား လူလူသူသူမဆက်ဆံတော့၊
သဘောမထားတော့၊ အယူမတူသူတို့ကို ဗြောင်တမျိုးသွယ်ဝိုက်တဖုံ နှိပ်ကွပ်လာ၏။ ထို့နောက်တဆင့်တက်ကာ
အယူတူသူတို့ကြားမှာပင် ငါ့ဟာမှမူရင်း ငါ့ဟာမှအယူမှန်ဆိုကာ တက်ထောင်မောင်းနင်း လုပ်လာ၏။
မဟာယနနှင့်ဟိနာယနကြားကစည်းကို ထပ်ထူပေးလိုက်သေး၏။ ထေရဝါဒအယူမှတပါး ကျန်အယူအကုန် အမှားဇာတ်သွင်း၏။
အယူတူသည့်တိုင် အကောက်ကလေးလွဲတာနှင့် လုံးဝသည်းမခံ။ အယူတိမ်းသူတံဆိပ်နှင့် ကြီးစွာသောပြစ်ဒဏ်နှင့်
မြိုင်ရပ်နှင်၏။ လူထွက်ခိုင်း၏။ အရှက်ခွဲ၏။ အမှန်က ထိုအချိန်ကစကာ မိမိတို့ယုံကြည်ရာ၌ပင်
လွတ်လပ်ခွင့်မရှိတော့ကြောင်း၊ မိမိတို့ကိုပင် နှိပ်ကွပ်နေပြီဖြစ်ကြောင်း ရိပ်မိသူမရှိသလောက်။
တပ်ကိုင်ပြီး တိုင်းပြည်ကိုဖိနှိပ်မည်ဆိုလျှင် တပ်ကို အရင် နာနာနှိပ်ကွပ်ပစ်မှရမည်ဆိုသည့်သဘောတရားကို
လူမျိုး/ဘာသာရေးနယ်တွင်ချသုံးခြင်းပင်။ အာဏာစက်သည်ဓမ္မစက်ကို ဇက်ခွံ့လိုက်နိုင်ချိန်၌ ဓမ္မစက်ခေါင်းကိုင်တို့နှင့် ဆရာဒကာညီညွတ်ရေးလိုင်း အပီအပြင်ကျတော့၏။
စစ်အာဏာကို ထောက်မပေးရမည့်ဒေါက်တချောင်း ပိုခိုင်မာတော့၏။ စစ်အကျိုးစီးပွားကာကွယ်ရေးအတွက်
ဘာသာရေးအခြေခံအမျိုးသားရေးဘုံဝါဒကိုတီထွင်၊ သတ်ကွင်းထဲတွင်လက်တွေ့ချသုံးစမ်းသပ်ရင်း
လူဉာဏ်မွဲတို့အား ဖမ်းစားထားလိုက်၏။ ထိုအပြုစားခံမျိုးဆက်သည် တဆက်ပြီးတဆက် စည်ပင်လာ၏။
တဆက်ပြီးတဆက် အစွဲကြီးလာ၏။ ထိုအစွဲကို တဆက်ပြီးတဆက် လက်ဆင့်ကမ်းပေး၏။ ထို ဘာသာရေးအခြေခံအမျိုးသားရေးဘုံဝါဒသည်
မျိုးဆက်တချို့၏ သိစိတ်တွင်ရော မသိစိတ်တွင်ပါ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေ၏။
ခုဖြစ်နေသည့်
အကြမ်းဖက်မှုများမှာ အုပ်စိုးသူအဆက်ဆက်၏လက်ချက်ဟုဆိုခြင်းမှာ အတိုင်းအတာတခုထိသာ မှန်သည်ထင်၏။
တစ်စိတ်တစ်ပိုင်းသာမှန်သည့်အမှန်ဟု မြင်၏။ အမျိုးသားရေးနှင့် လူမျိုး(ဘာသာ)ခွဲခြားရေးကို
ဗူးလုံးနားမထွင်းဖြစ်နေသူတို့ကိုယ်တိုင် သိစိတ်ရှိရှိမပါဝင်လျှင် ခုဖြစ်နေသည့်အကြမ်းဖက်မှုများပေါ်လာစရာမရှိ၊
အောင်မြင်စရာမရှိ။ ထိုအကြမ်းဖက်မှုများ ထမြောက်စေရန်ကြိုးကုပ်ကြသူ ၂ မျိုးသာရှိ၏။ တမျိုးမှာ
လောကီပညာမရှိ/မသိ၊ လူမျိုး/ဘာသာစုံ ဘာမှန်းမသိ၊ ဆင်းရဲနွမ်းပါး အဖိနှိပ်ခံရဆုံးအလွှာမှလာ၊
ငါ့အယူသာ သမ္မာဒိဌိလောက်နားလည် စသူတို့တွင် အတွေးအခေါ်ဆင်းရဲခြင်းမှာ ဖြစ်ရမည့်ကိစ္စ ဖြစ်ခြင်းသာဖြစ်၍
မထူးဆန်း။ သူတို့စိတ်တွင် တကယ်လည်းအမှန်ထင်၍ ပြုမူနေကြခြင်းဖြစ်သလို သူတို့ကိုယ်သူတို့လည်း
တကယ့်မျိုးချစ်ကြီးများပမာ၊ တကယ့် အမျိုး/ဘာသာ/သာသနာ ကာကွယ်နေသူများပမာ သိမြင်ခံယူနေကြ၏။
ထိုသူတို့အားဆုံးမ ချေချွတ်၍ရ၏။ အာဏာစက်သုံးတန် သုံးရတတ်၏။
နောက်တမျိုးဖြစ်သည့်
ဒုတိယအမျိုးမှာ ပညာတတ်၊ အလယ်အလတ်နှင့်အထက်လွှာမှလာ၊ နိုင်ငံရေးအခံလည်းရှိ၊ အာဏာသဘောကိုလည်း
သိ၊ အာဏာလက်ကိုင်ထားနိုင်သူလည်းဖြစ်၊ အစွန်းရောက်များအားအသုံးချကာ ကိုယ်ကျိုးစီးပွားရှာရမှန်းလည်းသိ
စသည့်သူများကြတော့ အတွေးအခေါ်ချွတ်ခြုံကျသည်(သို့) မသိသားဆိုးရွားသည်ဟု ဆိုမရတော့။ ကမ္မဝါဖတ်၍မရ၊
ဆုံးမချေချွတ်ရန်မလို။ အာဏာစက်က သူတို့လက်ထဲမှာမို့ ကိုယ်ကယူသုံးလို့မရ။ ဒီတော့ လုပ်စရာက
ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ရန်သာဖြစ်၏။
ချုပ်ရလျှင်
အပေါ်တွင်ဆိုခဲ့သည့် ဒုတိယအမျိုးအစားမှာ လက်ရှိအာဏာရ အရပ်သားအရေခြုံ စစ်အာရှင်စနစ်သာဖြစ်၏။
ဘာသာ/လူမျိုးအခြေခံအမျိုးသားရေးဘုံဝါဒကို
ကိုယ်စားပြုသူမှာလည်း စစ်အာဏာရှင်တို့သာဖြစ်၏။
(မျိုးမြင့်ချို)
ဇူလိုင် ၁၉၊ ၂ဝ၁၃
0 comments:
Post a Comment