ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ်
(အပိုင်း၁၁-) (စာပြင်နိုင်သမျှ ပြီးသမျှတင်ပေးမယ်တွေးပါတယ်-မျိုးမြင့်ချို)
လွတ်လပ်မှု၏ဖွားဖက်တော်များ။
(ခ)စွန့်ပစ်ခံလိုက်ရခြင်း ဆာ့တ်အလိုအားဖြင့် လူကို မည်သည့်အရာကမျှ မပြဌာန်းမဆုံးဖြတ်နိုင်ပေ။ လူကို ထာဝရဘုရားကလည်း ဖန်ဆင်းသည်မဟုတ်ပေ။ လူ့ဘဝဖြစ်တည်မှုကိုရရှိလာသောအခါ၌လည်း မည်သူ့ကိုမျှအားမကိုးနိုင်ဘဲ မိမိဘဝကိုမိမိဘာသာ ဖန်တီးတည်ဆောက်ယူရ၏။ ကိုးကွယ်အားထားရာ ထာဝရဘုရားမရှိတော့လေပြီဟု ခံယူလာသည်နှင့် လိုက်နာကျင့်သုံးရမည့် ကိုယ်ကျင့်တရားတန်ဖိုးများ၊ နှုန်းစံများလည်း ပျောက်ကွယ်သွားလေတောသ့ည်။ ကောင်းခြင်း၊ ဆိုးခြင်းအတွက် မည်သည့်သတ်မှတ်ချက်မျှ မရှိတော့။ ထို့ကြောင့် လူသည် မည်သည့်အပြုအမူကိုမဆို ပြုလုပ်နိုင်သောလွတ်လပ်ခွင့်ရလာ၏။ မိမိအပြုအမူကို ကောင်းသည်၊ ဆိုးသည်၊ မှန်သည်၊ မှားသည်ဟု မည်သူကမျှ ဝေဖန်၍မရပေ။ မိမိကလည်း တခြားသူတစ်ဦးတယောက်၏အပြုအမူကို အကောင်း/အဆိုးဆုံးဖြတ်မပေးနိုင်ပေ။ သို့ဖြင့် ပုဂ္ဂလလူသားသည် မိမိဘာသာ လွတ်လွတ်လပ်လပ် ပြုမူနေထိုင်နိုင်သောသတ္တဝါဖြစ်လာ၏။ ထို လွတ်လပ်မှုကြောင့် လူသည် မိမိဘဝသည် အထီးတည်းရပ်တည်နေရသောဘဝဖြစ်ပါတကားဟု သိရှိလာ၏။ ယင်းခံစားမှုနှင့်အတူ မိမိသည်လူ့လောကအတွင်း စွန့်ပစ်ခံရသူဖြစ်နေကြောင်း ခါးသီးပြင်းပြစွာဝေဒနာ ခံစားလာရပေသည်။ ထို့ကြောင့် လူသည် လွတ်လပ်မှုနှင့်အတူ စွန့်ပယ်ခံနေရသူဖြစ်သဖြင့် လူတို့သည် လူ့ဘဝအတွင်း ခိုကိုးရာမဲ့ဖြစ်နေရသည်ဟု ဆာ့တ်ကသတ်မှတ်ခဲ့ပေသည်။
(ဂ) မျှော်လင့်ချက်ကင်းစိတ်ပျက်ရခြင်း။ လူသည် မိမိအသက်ရှင်နေထိုင်ရစဉ် မိမိကောင်းမည်ထင်သောအလုပ်များကို လွတ်လပ်စွာ ရွေးချယ်ပြုမူဆောင်ရွက်၏။ သို့ရာတွင် မိမိ၏ဆောင်ရွက်ချက်များကို အခြားသူများက ဝိုင်းဝန်းကူညီကြလိမ့်မည်ဟု မျှော်လင့်ကိုးစား၍ မရနိုင်။ အဘယ်ကြောင့်ဆိုသော် အခြားသူများသည်လည်း သူတို့ဘာသာသူတို့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင်၊့ ပြုမူနေထိုင်ခွင့်ရှိနေကြသောကြောင့် ဖြစ်ပေသည်။
လူတို့သည် မိမိတို့၏လွတ်လပ်မှုကို
အလဲအလှယ်လုပ်ရန် အမြဲတမ်းကြိုးပမ်းကြ၏။ မိမိ၏ပုဂ္ဂလဘဝ စစ်မှန်စွာဖြစ်တည်မှု၊ လွတ်လပ်မှုကြောင့်ရင်ဆိုင်လာရမည့် တာဝန်ယူရခြင်း၊ စိုးရိမ်ပူပန်သောကရောက်ရခြင်းတို့ကို ရှောင်ချင်ကြ၏။
ဘာမျှ ပူပန်သောကမရောက်ရသော၊ ဘာမျှ တာဝန်လည်းမရှိသော ရုပ်ဝတ္ထုပစ္စည်းတခုသဖွယ် နေထိုင်လိုကြ၏။
ရုပ်ဝတ္ထုပစ္စည်းကဲ့သို့ မပြောင်းမလဲ၊ ပုံသေအဖြစ်မျိုးသို့ရောက်ချင်ကြ၏။ ဘဝတခု၊ အဖြစ်တခုတွင်သတ်မှတ်ပြဌာန်း ခံပြီး အပူအပန်မရှိ သက်တောင့်သက်သာကလေး နေထိုင်ချင်ကြ၏။ စိုးရိမ်ပူပန်သောကများနှင့်ပြည့်နေသည့်လွတ်လပ်သောဘဝကို
မလိုချင်ကြပေ။ ထို့ကြောင့် လူသားပီပီသသစစ်မှန်စွာဖြစ်တည်နေသော ဘဝနှင့်ပုံသေပြဌာန်းသတ်မှတ်ထားသောရုပ်ဝတ္ထု ပစ္စည်းကို
အလဲအလှယ်လုပ်ချင်ကြ၏။ အခွင့်ရသမျှ လုပ်လည်းလုပ်ကြ၏။ ဤသို့ဖြင့် လူသားတို့သည် လူစင်စစ်ဘဝမှ
ရုပ်ဝတ္ထုပစ္စည်းဘဝသို့ကူးပြောင်းသွားကြရင်း လူ့ဘဝဆုံးပါးသွားလေတော့သည်။ ရှင်လျှက်နှင့် သေဆုံးသွားကြသည်ဟု ဆာ့တ်နှင့်ဖရွမ်းတို့က ဆိုခဲ့ကြပေသည်။
လူ့သမိုင်းတလျှောက်လုံးတွင်
လူသားတို့သည်လွတ်လပ်မှုကိုရှာဖွေခဲ့ကြ၏။ သို့ရာတွင် လွတ်လပ်မှုကိုရှာတွေ့ကြသော အခါ နောက်တွန့်
သွားကြ၏။ လွတ်လပ်မှုဒဏ်ကို ကြောက်ရွံ့ထိတ်လန့်သွားကြကာ စွန့်ခွာထွက်ပြေးသွားကြ၏။ ဤသဘောကို
ရုရှစာရေးဆရာကြီး ဒေါစ့်တိုယက်စကီးကသူ၏“ကရာမာဇော့ညီနောင်များ(Brothers Karamazov)”
ဝတ္ထုတွင် သရုပ်ဖော်ပြခဲ့၏။
ထိုဝတ္ထုထဲတွင် ဇာတ်ဆောင်တဦးဖြစ်သော
သက်ဦးဆံပိုင်တဦးက သူ့တိုင်းသူပြည်သားတို့သည် လွတ်လပ်မှုလမ်းကြောင်းထက် မိမိဘဝလုံခြုံမှုလမ်းကြောင်းကို
အမြဲတမ်းဦးစားပေးရွေးချယ်လေ့ရှိကြကြောင်းဟု မှတ်ချက်ချ၏။
“နောက်ဆုံးမှာတော့ကွာ
ဒီလူတွေက သူတို့ရဲ့လွတ်လပ်မှုကို ငါတို့ခြေဖဝါးအောက်ထိုးသွင်းလာကြရမှာပါ။ ပြီးတော့
“ကျွန်တော်မျိုးတို့ကို အစားအသောက်ပေးသနားပြီး ကျွန်ပြုတော်မူပါ”လို့လည်း တောင်းပန်တိုးလျှိုးကြရဦးမှာပါ”
ဟုဒေါ့စ်တိုယက်စကီး၏ဇာတ်ဆောင်က ကြွေးကြော်ခဲ့၏။
ဤသို့လျှင် မိမိလွတ်လပ်မှုကို
အလဲအလှယ်လုပ်သူများ၊ လွတ်လပ်မှုကိုရင်မဆိုင်ဝံ့သူများ(ဝါ) လွတ်လပ်မှုထွက်ပြေးသွားသူများသည်
လူမပီသသူများဖြစ်ကြ၏။ စစ်မှန်သော ဘဝဖြစ်တည်မှုမရှိကြသူများဖြစ်၏ဟု ဆိုပေသည်။ ထိုနည်းတူ
ဂျာမန်ဖြစ်တည်မှုဝါဒီ ဟိုင်ဒေဂါကလည်း ဤသို့စစ်မှန်သောဘဝဖြစ်တည်မှုမရှိသူများသည် လူ့လောကတွင်
ရေလိုက်ငါးလိုက်အသက်ရှင်နေကြသူများသာဖြစ်၏။ အများမိုးခါးရေသောက်၍ လိုက်သောက်ကြသူများဖြစ်၏။
လူပုံပျက်နေသော(ဝါ)လူမျက်နှာပျောက်နေသောလူ (Faceless man)ဖြစ်၏ဟု သတ်မှတ်ခဲ့လေသည်။
လွတ်လပ်မှု၏ဖွားဖက်တော်များ။
ယန်းပေါဆာ့တ်က စစ်မှန်စွာဖြစ်တည်နေသောလူသားဟူသည်
မည်သည့်အရာ၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်သဘောတရား၊ မည်သည့်သြဝါဒတို့၏ လမ်းညွှန်ပြဌာန်းမှုကို
ခံယူသူမဟုတ်။ မိမိဘဝကို မိမိဘာသာ ရဲရဲဝံ့ဝံ့ရွေးချယ်ဆုံးဖြတ်ပြီး တည်ဆောက်ယူသူဖြစ်သည်။
မိမိဘဝတွင် ရွေးစရာရှိသည်များကို မိမိဘာသာမိမိ လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်သူဖြစ်သည်။
အမှန်စင်စစ် လွတ်လပ်မှုသည် လူသား၏ပြုမူဆောင်ရွက်ချက်အားလုံးအတွက် မရှိမဖြစ်လိုအပ်သည့်
အခြေခံအုတ်မြစ်ဖြစ်ပေသည်။ လူ့ဘဝဟူသည်မှာလည်း အပြုအမူဆောင်ရွက်ချက်တို့၏အစုအဝေးမျှသာဖြစ်သည်။
ထို့ကြောင့် လူ့ဘဝကို လူသား၏လွတ်လပ်မှုဖြင့် တည်ဆောက်ထားသည်ဟုပင် ဆိုနိုင်ပေသည်။
ဆာ့တ်အလိုအရ ပုဂ္ဂလလူသားသည်
လွတ်လပ်သောသတ္တဝါဖြစ်သည်။ ထို့ကြောင့် သူသည် မိမိဘဝအတွက်ရွေးချယ်စရာများကို လွတ်လပ်စွာ
ကောက်နှုတ်ရွေးချယ်ဆုံးဖြတ်ကာ ပြုမူဆောင်ရွက်ခြင်းတို့ကို ကိုယ်တိုင်ဆောင်ရွက်သဖြင့်
ကိုယ်ဘ့ဝအတွက် ကိုယ်ကိုယ်တိုင် တာဝန်ယူရမည်သာဖြစ်၏။ တနည်းအားဖြင့် လူသားသည် မိမိဘဝ၏အနှစ်သာရဂုဏ်ရည်တို့ကို
မိမိကိုယ်တိုင် လွတ်လပ်စွာပြုမူတည်ဆောက်ဖန်တီးရ၏။ ထို့ကြောင့် မိမိဘဝအတွက် မိမိတွင် လုံးဝတာဝန်ရှိပေသည်။
တဖန် လူသည် မိမိအတွက်သာတာဝန်ရှိသည်မဟုတ်ဘဲ အခြားသောလူများအတွက်ပါ တာဝန်ယူနေရပေသည်။
အဘယ့်ကြောင့်ဆိုသော် မိမိ၏လွတ်လပ်စွာရွေးချယ်ပြုမူချက်သည် မိမိတဦးတည်းနှင့်သာသက်ဆိုင်သည်မဟုတ်ဘဲ
အခြားလူသားနှင့်ပါ တနွယ်ငင်တစင်ပါဆိုသလို သက်ဆိုင်နေသောကြောင့် ဖြစ်ပေသည်။
ဤသို့လွတ်လပ်မှုဖြင့်
ဘဝဖြစ်တည်လာသောလူသားသည် ကိုယ့်တာဝန်ကိုယ်ယူနေရသည့်အပြင် အခြားသများအတွက်ပါ တာဝန်ရှိသောကြောင့်
ပြင်းထန်လှသော စိတ်ဝေဒနာများကိုခံစားလာရ၏။ ၎င်းတို့အမှာ (က)ပူပန်သောကရောက်ရခြင်း
(Anguish)၊ (ခ)စွန့်ပစ်ခံလိုက်ရခြင်း(Abandonment)၊ (ဂ)မျှော်လင့်ချက်ကင်း စိတ်ပျက်ရခြင်း(Despair)
တို့ဖြစ်ကြ၏။
(က)ပူပန်သောက။ ဆာ့တ်သည် လူကိုအဓိပ္ပါယ်ဖွင့်ဆိုရာတွင်
လူမှုရေးသတ္တဝါဖြစ်သည်ဟုမဆိုခဲ့ပေ။ အကြောင်းမှာ လူဟူသည် လူမှုရေးသတ္တဝါဖြစ်သည်ဟုဆိုလိုက်ပါက
“လူမှုရေးသတ္တဝါဖြစ်ခြင်းဟူသော” အနှစ်သာရသဘောက လူ၏ဖြစ်တည်မှုထက် ပို၍အခြေခံကျသည့်သဘော သက်ရောက်သွားမည်ဖြစ်ပေသည်။ သူ့အလိုအားဖြင့် လူသည် အပြုအမူတို့၏ပေါင်းဆုံရာဖြစ်၏။ သို့ရာတွင် လူတဦးသည်
အပြုအမူတရပ်ကိုပြုမူဆောင်ရွက်ရာ၌ မည်သည့်အာမခံချက်မျှမရှိပေ။ မိမိအပြုအမူ ကောင်းမကောင်း၊
မှန်မမှန်ကို မည်သို့မျှမသိရပေ။ မိမိကသာ ကောင်းသည်မှန်သည်ဟုထင်မြင်ယူဆပြီး လုပ်နေသောအမှုဖြစ်ပေသည်။ ဤသို့ပြုလုပ်ရာ၌ မိမိတဦးတည်းအတွက်သာလုပ်ဆောင်နေခြင်းမဟုတ်ဘဲ အခြားလူသားများအတွက်ပါ
တာဝန်ယူဆောင်ရွက်နေရသော အလုပ်တခုဖြစ်နေပြန်၏။ ထို့ကြောင့် လူသားသည် မိမိအပြုအမူအတွက်
ပူပန်သောကဝေဒနာကို ခံစားလာရမည်သာဖြစ်၏။ တိုက်ပွဲတခုကိုဦးဆောင်ဆင်နွှဲတိုက်ပွဲဝင်နေသော
စစ်ဗိုလ်တယောက်ပမာ ဖြစ်၏။ စစ်ဗိုလ်သည် မိမိရင်ဆိုင်ရသောတိုက်ပွဲအတွက် အရေးကြီးသောဆုံးဖြတ်ချက်များကို ချရ၏။
မိမိရဲဘော်များအား တိုက်ပွဲဝင်ရန်အမိန့်ပေးရ၏။ ထိုဆုံးဖြတ်ချက်၊ အမိန့်များမှသက်ရောက်မည့်ရလဒ်အားလုံးအတွက်
မိမိမှာတာဝန်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုအမိန့်သည် မိမိကိုယ်တိုင် လွတ်လပ်စွာရွေးချယ်၍ပေးလိုက်သောအမိန့်ဖြစ်၏။
အထက်အမိန့်အရပြုမူသည်ဟု ဆင်ခြေတက်၍မရပေ။ အထက်အမိန့်ကို မိမိကသာဆက်လက်ခံယူပြီး အဓိပ္ပါယ်ဖွင့်ဆိုကာ
ဆက်လက်အမိန့်ပေးရန် မိမိဘာသာ လွတ်လွတ်လပ်လပ်ရွေးချယ်ခြင်းသာဖြစ်၏။ ထို့ကြောင့် မိမိ၌သာ
လုံးဝတာဝန်ရှိသည်။ ထို့ပြင် မိမိဆုံးဖြတ်ချက်အမိန့်သည် မိမိတဦးတည်းနှင့်သာဆိုင်သည်မဟုတ်ပေ။
မိမိ၏ရဲဘော်အတွက်ပါ အကျုံးဝင်နေပြန်၏။ သို့ရာတွင် မိမိဆုံးဖြတ်ချက်၊ အမိန့်ပေးချက်သည်
မှန်မမှန်ကို မည်သို့မျှကြိုတင်မသိနိုင်ပေ။ မိမိတိုက်ပွဲအောင်မြင်မည်/ဆုံးရှူံးမည်ကို
မပြောနိုင်ပေ။ ထို့ကြောင့် ယင်းစစ်ဗိုလ်မှာ ပူပန်သောကဝေဒနာကို ခံစားနေရမည်သာ ဖြစ်သည်။
ထိုနည်းတူ လူသားတို့သည် မိမိတို့၏ ပုဂ္ဂလပြုမူဆောင်ရွက်ချက်များကို နေ့စဉ်ဘဝတွင် ရွေးချယ်ဆုံးဖြတ်ပြုမူဆောင်ရွက်ကြရာ၌ တိုက်ပွဲဝင်စစ်ဗိုလ်ကဲ့သို့ပင် ပူပန်သောကရောက်နေကြရသည်ဟု
ဆာ့တ်ဖွင့်ဆိုခဲ့၏။
(ခ)စွန့်ပစ်ခံလိုက်ရခြင်း ဆာ့တ်အလိုအားဖြင့် လူကို မည်သည့်အရာကမျှ မပြဌာန်းမဆုံးဖြတ်နိုင်ပေ။ လူကို ထာဝရဘုရားကလည်း ဖန်ဆင်းသည်မဟုတ်ပေ။ လူ့ဘဝဖြစ်တည်မှုကိုရရှိလာသောအခါ၌လည်း မည်သူ့ကိုမျှအားမကိုးနိုင်ဘဲ မိမိဘဝကိုမိမိဘာသာ ဖန်တီးတည်ဆောက်ယူရ၏။ ကိုးကွယ်အားထားရာ ထာဝရဘုရားမရှိတော့လေပြီဟု ခံယူလာသည်နှင့် လိုက်နာကျင့်သုံးရမည့် ကိုယ်ကျင့်တရားတန်ဖိုးများ၊ နှုန်းစံများလည်း ပျောက်ကွယ်သွားလေတောသ့ည်။ ကောင်းခြင်း၊ ဆိုးခြင်းအတွက် မည်သည့်သတ်မှတ်ချက်မျှ မရှိတော့။ ထို့ကြောင့် လူသည် မည်သည့်အပြုအမူကိုမဆို ပြုလုပ်နိုင်သောလွတ်လပ်ခွင့်ရလာ၏။ မိမိအပြုအမူကို ကောင်းသည်၊ ဆိုးသည်၊ မှန်သည်၊ မှားသည်ဟု မည်သူကမျှ ဝေဖန်၍မရပေ။ မိမိကလည်း တခြားသူတစ်ဦးတယောက်၏အပြုအမူကို အကောင်း/အဆိုးဆုံးဖြတ်မပေးနိုင်ပေ။ သို့ဖြင့် ပုဂ္ဂလလူသားသည် မိမိဘာသာ လွတ်လွတ်လပ်လပ် ပြုမူနေထိုင်နိုင်သောသတ္တဝါဖြစ်လာ၏။ ထို လွတ်လပ်မှုကြောင့် လူသည် မိမိဘဝသည် အထီးတည်းရပ်တည်နေရသောဘဝဖြစ်ပါတကားဟု သိရှိလာ၏။ ယင်းခံစားမှုနှင့်အတူ မိမိသည်လူ့လောကအတွင်း စွန့်ပစ်ခံရသူဖြစ်နေကြောင်း ခါးသီးပြင်းပြစွာဝေဒနာ ခံစားလာရပေသည်။ ထို့ကြောင့် လူသည် လွတ်လပ်မှုနှင့်အတူ စွန့်ပယ်ခံနေရသူဖြစ်သဖြင့် လူတို့သည် လူ့ဘဝအတွင်း ခိုကိုးရာမဲ့ဖြစ်နေရသည်ဟု ဆာ့တ်ကသတ်မှတ်ခဲ့ပေသည်။
(ဂ) မျှော်လင့်ချက်ကင်းစိတ်ပျက်ရခြင်း။ လူသည် မိမိအသက်ရှင်နေထိုင်ရစဉ် မိမိကောင်းမည်ထင်သောအလုပ်များကို လွတ်လပ်စွာ ရွေးချယ်ပြုမူဆောင်ရွက်၏။ သို့ရာတွင် မိမိ၏ဆောင်ရွက်ချက်များကို အခြားသူများက ဝိုင်းဝန်းကူညီကြလိမ့်မည်ဟု မျှော်လင့်ကိုးစား၍ မရနိုင်။ အဘယ်ကြောင့်ဆိုသော် အခြားသူများသည်လည်း သူတို့ဘာသာသူတို့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင်၊့ ပြုမူနေထိုင်ခွင့်ရှိနေကြသောကြောင့် ဖြစ်ပေသည်။
ထို့ပြင် မိမိလုပ်ဆောင်ချက်များကို
မိမိကွယ်လွန်သွားသောအခါ ကျန်ရစ်သူများက ဆက်လက်အကောင်အထည်ဖော်ကြလိမ့်မည်ဟုလည်း မမျှော်လင့်အပ်ပေ။
ဆက်၍ လုပ်ချင်မှလုပ်ကြလိမ့်မည်။ မိမိ အားကျိုးမာန်တက် ဝိရီယစိုက်ထုတ်လုပ်ကိုင်ထားခဲ့သောလုပ်ငန်းများသည်
ဘာမျှအရာမထင်ဘဲ လူ့လောကမှပျောက်ကွယ် သွားကောင်းသွားပေမည်။ ထို့ကြောင့် နက်နက်နဲနဲတွေးကြည့်ပါလျှင်
လူ့ဘဝသည်စိတ်ပျက်ဖွယ်ရာကြီးဖြစ်၏။ တချိန်တခါက အရိုးကြေကြေ၊ အရေခန်းခန်း၊ ကျားကုတ်ကျားခဲကြိုးပမ်းဆောင်ရွက်ချက်များကို
တချိန်ချိန်တွင် အခြားလူသားတို့က တန်ဖိုးမဲ့ အလကားဟာကြီးပါဟု သဘောထားကာ စွန့်ပစ်ကောင်းစွန့်ပစ်ကြမည်ဖြစ်သည်။ သို့ဖြစ်၍ လူတို့၏ပြုမူ ဆောင်ရွက်ချက် လူတို့၏ဘဝတွင် ဘာမျှမျှော်လင့်မထားအပ်ပေ။
ထို့ကြောင့် မျှော်လင့်ချက်ကင်းစိတ်ပျက်ရခြင်းသည် လူ့ဘဝ၏ဖြစ်ရပ်တခုဖြစ်သည်ဟု ဆာ့တ်က
ဆိုလေသည်။
ထို့ကြောင့် လူသား၏လွတ်လပ်မှုနှင့်အတူ
လူတို့သည် ပူပန်သောကရောက်ကြရ၏။ စွန့်ပစ်ခံလိုက်ရခြင်း အားငယ်မှုဝေဒနာကိုခံစားရ၏။ မျှော်လင့်ချက်ကင်း
စိတ်ပျက်ရခြင်းဖြစ်ရ၏။ ယင်းတို့ကား လွတ်လပ်မှု၏ဖွားဖက်တော်များဖြစ်ကြ၏။
လူ့ဘဝတွင် ဤသို့သောပြင်းပြသည့်ဝေဒနာဆိုးများကို
ခံစားရသော်လည်း လူပီသသည့်လူတဦး(ဝါ)စစ်မှန်စွာဖြစ်တည်မှုရှိနေသည့်လူတဦးအနေဖြင့် လူ့ဘဝတွင်ရွေးချယ်စရာရှိသည်များကို
တိတိပပ ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်လိုက်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို ရဲရဲဝံ့ဝံ့လုပ်ဆောင်ရမည်ဟု
ဆာ့တ်က ဆိုလေသည်။ အဘယ်ကြောင့်ဆိုသော် လူ့ဘဝဟူသည် လူ့အပြုအမူအားလုံး၏အစုအပေါင်းမှ ထွက်ပေါ်လာခြင်းသာဖြစ်၏။
လူပုဂ္ဂိုလ်တဦး၏အောင်မြင်မှု၊ ဆုံးရှူံးမှုဟူသည်မှာ သူ၏အပြုအမူများမှ ပေါ်ထွန်းလာသောရလဒ်ဖြစ်၏။
လူ့ဘဝကိုတည်ဆောက်ကြရာ၌ မိမိတို့ယုံကြည်မျှော်လင့်ချက်များ၊ လိုအင်ဆန္ဒများ၊ စိတ်ကူးယဉ်မှုများနှင့်
ဖော်ဆောင်၍မရ။ မိမိ၏အပြုအမူနှင့်သာ မိမိဘဝသည် ရုပ်လုံးပေါ်ဖြစ်တည်နေခြင်းဖြစ်သည်ဟု ဆာ့တ်က
ခံယူပေသည်။
0 comments:
Post a Comment