Thursday, July 11, 2013

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ်(အပိုင်း၁၆-)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ် (အပိုင်း၁၆-) (စာပြင်နိုင်သမျှ ပြီးသမျှတင်ပေးမယ်တွေးပါတယ်-မျိုးမြင့်ချို) ရောင်ပြန်ဟပ်ချက်များ (က)။ 'ဖြစ်တည်မှုဝါဒအကြောင်း' ဘာမျှမယ်မယ်ရရနားမလည်သော်လည်း ထိုဝါဒကို ယန်းပေါဆာ့တ်အမည်နှင့်ယှဉ်တွဲ၍ သိကြပေသည်။ ဆာ့တ်သည် ခေတ်သစ် ပြင်သစ်အသိပညာ၏  ကိုယ်စားပြုဖော်ဆောင်ချက်ဖြစ်သည်။ သူ့ကိုဆည်းကပ်ကိုးကွယ်သူများသကဲ့သို့ ပြစ်တင်ရှူတ်ချကြသူများလည်း မရှားပေ။ အင်္ဂလိပ် တက္ကသိုလ်ဒဿနပညာရှင်တို့က သူ့ကို ဒဿနပညာရှင်အဖြစ် မသတ်မှတ်ကြ။ စာပေရေးရာပညာသည် အနေဖြင့်သာ နေရာပေးကြသည်။ သို့သော်ပြင်သစ်တွင်မူ သူသည် နိုင်ငံ့ဂုဏ်ဆောင် ဒဿနပညာရှင်ဖြစ်ပေသည်။ ဆာ့တ်ကို ဝေဖန်၍ရနိုင်ပါသည်။ သို့သော် မသိကျိုးကျွန်ပြု လျစ်လျှူရှူ၍မူ မရနိုင်ပါ။ ယန်းပေါဆာ့တ်ကိုနားလည်ခြင်းသည် မျက်မှောက်ခေတ်၏အရေးပါသောအကြောင်းခြင်းရာ ကိစ္စအထွေထွေကိုနားလည်ခြင်း မည်ပေသည်။ ဒဿနပညာရှင်အဖြစ်၊ နိုင်ငံရေးသမားအဖြစ်၊ စာရေးဆရာအဖြစ် ဆာ့တ်သည် မျက်မှောက်ခေတ်ကို စစ်စစ်မှန်မှန်ကိုယ်စားပြုသူဖြစ်၏။ သူ့တွင် ခေတ်၏ဟန် ရှိနေပေသည်။ ဖရိုဒ်၏ ဘဝနှင့်လုပ်ဆောင်ချက်တခုလုံးတွင် အဓိကအခြင်းအရာမှာ မသိစိတ်ဖြစ်၏။ အိုင်းစတိုင်းတွင် ရီလေတီဗီတီသီအိုရီဖြစ်၏။ လီနင်တွင် ဆိုရှယ်လစ်တော်လှန်ရေးဖြစ်၏။ ယန်းပေါဆာ့တ်၏ဘဝတခုလုံးနှင့် လုပ်ဆောင်ချက်တရပ်လုံးသည် လူသား၏လွတ်လပ်မှုအပေါ်တွင် ပစ်မှတ်ထား၍စုစည်းခဲ့ပေသည်။

(ခ)။ ၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့သည်။ ထိုစဉ်က အသက် ၉ နှစ်သားမျှသာရှိသေးသော ယန်းပေါဆာ့တ်သည် စစ်၏အနိဌာရုံကို သေသေချာချာဂဃနဏ သဘောမပေါက်ခဲ့။ သို့သော် ဒုတိယကမ္ဘာစစ် (၁၉၃၉­-၄၅)ဖြစ်လာသောအခါ စစ်အကြောင်းကို ဘဝနှင့်ရင်း၍ ကိုယ်တိုင်ကြုံတွေ့ သဘောပေါက်နားလည်ခဲ့လေသည်။ ဆာတ့်ကိုယ်တိုင် ဂျာမန်စစ်သုံ့ပန်းဖြစ်လာခဲ့ပြီး စစ်၏သားကောင်ဖြစ်ရလေသည်။
စစ်ဟူသည် နှစ်ပေါင်းများစွာ လူသားတို့တည်ဆောက်ထူထောင်ခဲ့ရသော လူ့ယဉ်ကျးမှုတရပ်လုံးကို တခဏအတွင်း ဖျက်ဆီးပစ်နိုင်ပါလား၊ အစဉ်အလာဂတိဂဝတ်များ၊ တန်ဖိုးများ၊ မြင့်မြတ်မှုဆိုသည်များသည် စစ်နှင့်အတူရေစုန်မျောသွားကြသည်။ လူတွေ သေလိုက်ကြသည်မှာလည်း နေ့မြင်ညပျောက် သောက်သောက်လဲဖြစ်ခဲ့သည်။ လူ့ဘဝ၏သစ္စာတရား လူ့ဘဝ၏အဓိပ္ပါယ်ဘယ်မှာလဲ၊ ဘာမှ မရှိကြပါလား။ ဂျာမန်နာဇီတို့၏ ဖက်ဆစ်ခြေဖနောင့်အောက်တွင် ပြင်သစ်ပြည်သူတို့ သက်ဆင်းကျရောက်ခဲ့ရ၏။ ဟစ်တလာ၏ကျူးကျော်စစ်သည် တတိယပြင်သစ်သမ္မတနိုင်ငံတော်၏တန်ဖိုးမှန်သမျှကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။ ပြင်သစ်တို့၏လူ့ဘဝအခြေအနေအားလုံးတို့သည် အစွန်းသို့ရောက်ခဲ့၏။ ဂျာမန်ဖက်ဆစ်တို့၏ ရုပ်ပိုင်းဆိုင်ရာညှဉ်းပမ်းနှိပ်စက်မှုနှင့် စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုတို့သည် ပြင်သစ်တမျိုးသားလုံးအတွက် ကြီးမားလှသောသေရေးရှင်ရေး အကြပ်အတည်းဖြစ်ပေသည်။ ယင်းအကြပ်အတည်းများအောက်တွင် ပြင်သစ်တို့သည် မိမိတို့၏ စစ်မှန်သောလူ့ဘဝကို မနစ်မွန်းစေနှင့်၊ လူပီသသောပြင်သစ်မှန်သမျှ ဆိုးရွားသောအဖြစ်အပျက် အခြေအနေအားလုံးကို No ဟု ငြင်းဆန်ကြလော့ဟု ဆာ့တ်ကနှိုးဆော်လိုက်သည်။ လူ့ဘဝဖြစ်တည်မှုနှင့် တန်ဖိုးများကို ပြန်လည်သတ်မှတ်ရန်ကြိုးပမ်းသည့်အနေဖြင့် ပြဇာတ်၊ ဝတ္ထု၊ စာတမ်းများရေးသားခဲ့ပေသည်။ သို့ဖြစ်၍ ဖြစ်တည်မှုဝါဒသည် ပြင်သစ်တို့ဆင်နွှဲခဲ့သော ဖက်ဆစ်ဆန့်ကျင်ရေးတိုက်ပွဲ၏ စာပေနှင့်ဒဿနဖြစ်သည်ဟု ယူဆနိုင်ပေသည်။

(ဂ)။ ပြီးခဲ့သည့်ကမ္ဘာစစ်ကြီးတွင် ပြင်သစ်သည်စစ်ရှူံး၍ ဂျာမန်တို့လက်အောက်ရောက်ခဲ့ရသည်။ ပြင်သစ်မျိုးချစ်များသည် ဂျာမန်တို့လက်အောက်မှ သူတို့နိုင်ငံလွတ်မြောက်ရန် မြေအောက်တော်လှန်ရေးလှုပ်ရှားမှုများဖွဲ့စည်း၍ တက်ကြွစွာကြိုးပမ်းဆောင်ရွက်ကြသည်။ ဤသို့ခက်ခဲသောလှုပ်ရှားမှု အောင်မြင်ထမြောက်စေရန် လုပ်ငန်းလမ်းညွှန်ဒဿနတရပ် လိုအပ်ပေသည်။ ယင်းဒဿနသည် အတွေးအခေါ်ခံယူချက်တရပ်ဖြစ်ရုံမျှ သာမကဘဲ သူတို့ရင်ဆိုင်နေရသော ထူးခြားသည့်အခြေအနေနှင့် အံဝင်ခွင်ကျဖြစ်ရန်လည်း လိုအပ်ပေသည်။ ယင်းလိုအပ်ချက်ကို ဖြစ်တည်မှုဝါဒက ကောင်းစွာဖြည့်ဆည်းပေးခဲ့သည်။ ယန်းပေါဆာ့တ်၏အမြင်အရ အစစ်အမှန်တရားဟူသည် လုံးဝ ပုဂ္ဂလဓိဌာန်သဘောဆောင်ပေသည်။ ပူပန်သောကရောက်ရခြင်း၊ အဓိပ္ပါယ်ကင်းမဲ့ခြင်း၊ ရွံရှာစက်ဆုပ်ခြင်း၊ (ဂျာမန်လက်အောက်မှ ပြင်သစ်တို့၏ ခံစားမှုအတွေ့အကြုံ) ခံစားချက်တို့သည် ယင်းပုဂ္ဂလအစစ်အမှန်တရား၏ ဖော်ဆောင်ချက်ဖြစ်၏။ ထို့ပြင် အစစ်အမှန်တရားသည် မိမိ၏ကိုယ်ပိုင်ရွေးချယ်ဆုံးဖြတ်နိုင်ခြင်းနှင့်လည်း ယှဉ်တွဲနေပေသည်။ ယင်းဆုံးဖြတ်နိုင်ခြင်းကြောင့် လူသားတိုင်းတွင် ဖြစ်ပေါ်လာသမျှအားလုံးအတွက် တာဝန်ရှိသည်။ တာဝန်ယူရမည်။ (ဂျာမန်တို့၏အောက်ရောက်ရခြင်း၊ ယင်းမှ လွတ်မြောက်အောင်ကြိုးပမ်းခြင်း တို့သည် ပြင်သစ်လူမျိုးတိုင်း ရယူရမည့်တာဝန်ဖြစ်သည်)
ထိုစဉ်က ပြင်သစ်တို့သည် စစ်ရှူံးသွားသဖြင့် စိတ်ဓာတ်ပျက်ပြား ကစဥ့်ကလျားဖြစ်ခဲ့ကြသည်။ တော်လှန်ရေးသမားအချင်းချင်းမှာလည်း စိတ်ဓာတ်ရေးရာစုစည်းမှုလျော့နည်းခဲ့သည်။ မိမိတို့နိုင်ငံ စစ်ရှူံးသွားသော်လည်း မိမိတို့နှင့်မဆိုင်သလို နေနိုင်ကြသူများ၊ နာရကောင်းမှန်းမသိကြသူများရှိခဲ့ပေသည်။ ဖြစ်ပေါ်သမျှအားလုံးအတွက် မိမိတို့အားလုံး တဦးစီ၊တယောက်စီအပေါ်တွင် တာဝန်ရှိကြောင်း သတိမမူခဲ့ကြ။ ဤသို့သောအခြေအနေများနှင့် ဖြစ်တည်မှုဝါဒသည် အံဝင်ခွင်ကျဖြစ်ခဲ့ပေသည်။

(ဃ)။ ဖြစ်တည်မှုဝါဒီတို့သည်အခြား ခေတ်ပြိုင်နာမ်ဝါဒီဆရာများကဲသို့ပင် ရုပ်ဝါဒနှင့်နာမ်ဝါဒ အငြင်းပွားမှုပြဿနာကိုရှောင်ကွင်းရန် ကြိုးပမ်းအားထုတ်ကြသည်။ သူတို့က စိတ်နှင့်ရုပ် သို့မဟုတ် ပြုသူကတ္တားပိုင်းနှင့် အပြုခံကမ္မပိုင်းတို့သည် ”ဖြစ်တည်မှု”တွင် ပေါင်းစည်းနေကြသည်ဟု ဆိုကြသည်။ ယင်းဖြစ်တည်မှုကို ဆင်ခြင်မှုဖြင့်သာလျှင် ထိုးထွင်းသိမြင်နိုင်ပေသည်။ ဖြစ်တည်မှုဝါဒသည် လွတ်လပ်မှုပြဿနာကို အထူးဂရုထားကာတင်ပြကြသည်။ ဤသို့တင်ပြရာတွင် ဆင်ခြင်ခြင်းကိုဘေးချိတ်ထားကာ ဓမ္မဓိဌာန်ကျသောလောကနိယာမတရားကို လုံးဝ ဥပေက္ခာပြုထားကြသည်။ လွတ်လပ်မှုကို ပုဂ္ဂလစိတ်အလိုအတိုင်းသာ နားလည်ကြသည်။ ဓမ္မဓိဌာန်ကျသောလိုအပ်ချက်တရားနှင့် လုံးဝကင်းလွတ်သောသဘောအဖြစ် မှတ်ယူကြသည်။ ပုဂ္ဂလလူသားတိုင်းသည် လူမှုအဖွဲ့အစည်းအပေါ် တည်မှီနေမည်ဟူသောအယူအဆကို လုံးဝ ငြင်းဆိုကြသည်။ ပုဂ္ဂလလူသားသည် လူ့အဖွဲ့အစည်းနှင့် လုံးဝမပတ်သက်ဘဲ မိမိဘဝကို မိမိဘာသာမိမိ လွတ်လပ်စွာတည်ဆောက်ဖော်နိုင်စွမ်းရှိသည်ဟု မှတ်ယူကြသည်။ လူတန်းစားတိုက်ပွဲရှိနေသောလူ့အဖွဲ့အစည်းတွင် ထိုယူဆချက်သည် မည်သို့မျှမဖြစ်နိုင်ပေ။
စင်စစ်မူ ဖြစ်တည်မှုဝါဒသည် အရင်းရှင်လူ့အဖွဲ့အစည်းတွင်းရှိ လူသားတို့၏မျှော်လင့်ချက်မဲ့အနေအထားနှင့် အဆိုးမြင်အယူအဆတို့၏ရောင်ပြန်ဟပ်ချက်မျှသာ ဖြစ်ပေသည်။ ယင်းဝါဒသည် မျက်မှောက်ခေတ် လူမှုရေးဘဝအကြပ်အတည်းပြဿနာများကို သိပ္ပံနည်းကျဖြေရှင်းပေးနိုင်သည် မဟုတ်ပေ။ ထို့ပြင် ဘူဇွာလူ့အဖွဲ့အစည်း၏ပဋိပက္ခအကြပ်အတည်းများကိုပင် ဖြေရှင်းပေးနိုင်ခြင်း မရှိပေ။ အချုပ်ဆိုရလျှင် ဖြစ်တည်မှုဝါဒသည် သိပ္ပံည်းမကျပေ။ ဒိုင်ယာလက်တစ်နည်းကျ ရုပ်ဝါဒဒဿနနှင့်လုံးဝဆန့်ကျင်ဘက်ဖြစ်ပေသည်။

(င)။ ဖြစ်တည်မှုဝါဒသည် ကျွန်ုပ်တို့ခေတ်၏လွှမ်းမိုးသြဇာအပြုနိုင်ဆုံးသော နာမ်ဝါဒဒဿနတရပ်ဖြစ်သည်။ အခြားသောခေတ်ပြိုင်နာမ်ဝါဒ ဒဿနများကဲ့သို့ပင် ယင်းဝါဒသည် အရင်းရှင်စနစ်၏အထွေထွေ အကြပ်အတည်းမှ ထွက်ပေါ်လာသောရလဒ်ဖြစ်၏။ သို့သော် အခြားဘူဇွာဒဿနများနှင့်မတူဘဲ ဘူဇွာလူ့အဖွဲ့အစည်းသည် ဆိုးဆိုးရွားရွားကြီးကိုဖျားနာနေပြီဖြစ်ကြောင်း ဖြစ်တည်မှုဝါဒက အသိအမှတ်ပြု ခံယူလေသည်။ ထို့နောက် အရင်းရှင်မဟုတ်သော ကြွယ်ဝသည့်လူ့အဖွဲ့အစည်းတရပ်သို့ အသွင်ပြောင်းရန် နှိုးဆော်ခြင်းပြုပေသည်။ ဤသည်ကြောင့်လည်း အရင်းရှင်စနစ်နှင့် ယင်းစနစ်၏အနာဂတ်ယုံကြည်မှုအပေါ် အယုံကြည်ကင်းမဲ့လာသူတို့အား ဖြစ်တည်မှုဝါဒကဆွဲဆောင်နိုင်ခြင်းဖြစ်ပေသည်။ သို့ရာတွင်ဖြစ်တည်မှုဝါဒသည် ဘူဇွာလူ့အဖွဲ့အစည်း၏အကြပ်အတည်းမှ ထွက်ပေါက်ကိုမညွှန်ပြနိုင်ပေ။ အနည်းဆုံးလူမှုပြောင်းလဲရေးကိုမျှပင် မပေးနိုင်ပေ။ ဖြစ်တည်မှုဝါဒကတောင်းဆိုသည်မှာ လူ့အရှိတရား၏ အဓိပ္ပါယ်နှင့် အနှစ်သာရဖြစ်သည်ဟုဆိုသောမိမိ၏ပုဂ္ဂလသဘောကို ပြုစုပျိုးထာင်ကြရန်ဖြစ်ပေသည်။
ဖြစ်တည်မှုဝါဒသည် အရင်းရှင်စနစ်၏အကြပ်အတည်းကို လူသားမျိုးနွယ်အားလုံး လူ့အဖွဲ့အစည်းတရပ်လုံး၏အကြပ်အတည်းအဖြစ် မှတ်ယူသည်။ ဤဝါဒအရ အရင်းရှင်စနစ်၏ဝိရောဓိအကြပ်အတည်းများသည် သမိုင်းစဉ်ပြဌာန်းမှုအရ ဖြစ်ပေါ်ခြင်းမဟုတ်ပေ။ လူသား၏မနုဿဗေဒဆိုင်ရာအနှစ်သာရသဘောလက္ခဏာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ လူ့ဘဝဖြစ်တည်မှုတွင်ရှိနေသော မဆီမလျှော်မညီညွတ်ချက်များ၏ ထုတ်ဖော်ချက်တရပ်ဖြစ်ပေသည်။
ပုဂ္ဂလလူသားတို့သည် လူမှုဖွဲ့အစည်းအတွင်းနေထိုင်ကြသော်လည်း လူ့အဖွဲ့အစည်းနှင့်မဆိုင်ဘဲ လုံးဝလွတ်လပ်နေသည်ဟူသော ဖြစ်တည်မှုဝါဒခံယူချက်မှာ စိတ်ကူးယဉ်ဆန်လှပေသည်။ လူမှုရေးဆက်နွယ်မှုများ၊ အဖွဲ့အစည်းအသင်းအပင်းသဘောတို့ကို လုံးဝ မျက်ကွယ်ပြုရာလည်းရောက်ပေသည်။ ပုဂ္ဂလဓိဌာန်ဝါဒကို တဘက်စောင်းနင်း အသားပေးလွန်းသောဝါဒဖြစ်သည်ဟု ဆိုနိုင်ပေသည်။ 'လူသားတဦးချင်းစီသည် ပုဂ္ဂလဓိဌာန်သဘောဖြစ်သည်ဟူသောအယူမှတဆင့် လူသား၏လွတ်လပ်မှုသည် ပြဌာန်းမှုလုံးဝကင်းမဲ့သော လွတ်လပ်မှုဖြစ်သည်။ လုံးဝဥဿုံလွတ်လပ်မှုဖြစ်သည်'ဟူသောခံယူချက်သို့ရောက်ရှိပေသည်။ ယင်း ခံယူချက်သည် ပြဌာန်းခံဝါဒကို စိတ်လိုက်မာန်ပါငြင်းဆန်လိုက်ခြင်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ လူသားအပြုအမူ၏ ဓမ္မဓိဌာန်အခြေအနေကို အစွန်းရောက်အောင် ငြင်းပယ်လိုက်ခြင်းဖြစ်ပေသည်။

အမှန်စင်စစ်ဖြစ်တည်မှုဝါဒသည် လူသား၏အနာဂတ်မျှော်လင့်ချက်များကို တစစီဖဲ့ခြွေပစ်လိုက်သောဝါဒဖြစ်၏။ ဆင်ခြင်တုံတရားဖြင့်ဖွဲ့စည်းထားသည့်လူမှုရေးဘဝကို ပြက်ရယ်ပြု နှိမ့်ချသောဝါဒဖြစ်သည်။ လူ့ဘဝ၏အဓိပ္ပါယ်ကိုလူ့သမိုင်းတွင်အခြေခံ၍မရှာဘဲ သေခြင်းတရားတွင် သွားရောက်စောင့်ရှောက်ရှာဖွေသည့်ဝါဒ ဖြစ်ပေသည်။နိုင်ငံရေးအရဆိုပါလျှင် ဖြစ်တည်မှုဝါဒီတို့ကို
ဖောက်ပြန်ရေးသမားများ၊ ကွန်မြူနစ်ဆန့်ကျင်ရေးသမားများသည် တိုးတက်သောလူမှုရေး အင်အားစုများအထိအသွင်အမျိုးမျိုးဖြင့်တွေ့ရှိပေသည်။ မည်သို့ဆိုစေ ဆင်ခြင်မှုဆန့်ကျင်ဝါဒ၊ အဆိုးမြင်ဝါဒ၊ ပုဂ္ဂလအခြေပြုဝါဒဖြစ်သောဖြစ်တည်မှုဒဿနသည် လူမှုဆက်နွယ်ပြောင်းလဲမျှုားတွင်အခြေခံကျကျအ သုံးပြုရမည့်တော်လှန်ရေးဒဿနတရပ် မဖြစ်နိုင်ပါချေ။

(စ)။ ၁၉ရာစုတွင် မိမိကိုယ်မိမိရိုမန်တစ်(ဘဝအလွမ်းသမား)ဟုခေါ်ကြသော ကဗျာဆရာများသည် ဤကမ္ဘာလောကအားငြင်းပယ်သော သဘောထားကို ခံယူလာကြသည်။ ဤလောက ဤကမ္ဘာသည် ပျင်းရိငြီးငွေ့ဖွယ်ရာလောကဖြစ်သည်။ ကြေကွဲဝမ်းနည်းစရာများဖြင့် ပြည့်လွှမ်းနေသောလောကဖြစ်သည်ဟု သူတို့ကယုံကြည်ကြသည်၊ ကဗျာဆရာသည် ဤလောကကြီးအတွက် ဘယ်တော့မှ မရည်ရွယ်ဟုလည်း ခံယူကြပေသည်။ ကမ္တာလောကအထက်တွင်ရစ်ဝဲနေသော ကမ္ဘာလောကကြီး၏ငြီးငွေ့ဖွယ်ရာများနှင့်လည်း လုံးဝကင်းပြတ်သော ထာဝရတည်တံ့သည့် ငြိမ့်ညောင်းသောခံစားမှုများကိုခံစားရသည့် တခဏတာကာလကို ကဗျာဆရာသည် ရရှိခံစားဖွဲ့ဆိုသည်ဟု ဆိုကြသည်။ ဤခံစားမှုသည် တကယ့်အစစ်အမှန်လော၊ လှည့်စားမှုလော၊ အိမ်မက်လော၊ ဘိန်းမူးယစ်ဝေသီခြင်းလော၊ ရိုမန်တစ်ကဗျာဆရာများကမူ ကမ္ဘာလောကနှင့်လုံးဝမဆိုင်သော ယင်းသို့ခံစားမှုမျိုးကို တမ်းတကြသည်။နှစ်ဆယ်ရာစုတွင် ရိုမန်တစ်ဝါဒသည် အမည်တမျိုးဖြင့် ရှင်သန်လာသည်။ ဖြစ်တည်မှုဝါဒဟူသောနာမည်နှင့်ဖြစ်၏။ အခြေခံပြဿနာကမူ တမျိုးတည်းသာ။ လောကနှစ်မျိုးမှာ ဘယ်လောကကစစ်မှန်သလဲ၊ မြင့်မြတ်ထူးခြားသော တန်ခိုးတော်ရှင်တို့၏ကမ္ဘာလောကလော၊ သို့တည်းမဟုတ် ကျွန်ုပ်တို့ လူသားများအနေဖြင့် သားကောင်များအဖြစ်၊ အကူအညီမဲ့သူများအဖြစ်အစိုးမရသည့်သဘောဖြင့် ခံစားနေရသောကမ္ဘာလောကလော။ မည်သည့်အဖြစ်က အမှန်တရားလဲ။ လူသား၏ကိုယ်ပိုင်လွတ်လပ်မှုအတွေ့အကြုံလော၊ သို့တည်းမဟုတ် မိမိခန္ဓာကိုယ်နှင့် ပတ်ဝန်းကျင်လောက၏ အကျဉ်းသားဖြစ်ရသောအတွေ့အကြုံလော။
မည်သို့ဆိုစေ ဖြစ်တည်မှုဝါဒသည် ရိုမန်တစ်ဝါဒကဲ့သို့ အဆိုးမြင်ဝါဒ သိပ်မလွန်ကဲပေ။အဆိုးအကောင်းကို လျစ်လျှူရှူတတ်သည့် ဥပေက္ခာသဘောက ပိုများပေသည်။ ယင်းဖြစ်တည်မှုဝါဒခံယူချက်ကို'လူပုဂ္ဂိုလ်တဦးကို ဖျက်ဆီး၍ရနိုင်သည်။ သို့သော် သူ့ကို အောင်မြင်ဖို့မဖြစ်နိုင်'ဟူသောဟဲမင်းဝေး၏စကားနှင့် အနှစ်ချုပ်နိုင်ပါသည်။
အနောက်တိုင်းယဉ်ကျေးမှုတွင် ဘဝ၏ရည်ရွယ်ချက် အဇ္ဈတလားရာ မှေးမှိန်ကွယ်ပျောက်လာခဲ့သည်မှာ နှစ်ပေါင်းတစ်ရာနီးပါးမျှ ရှိပေပြီ။ ဤသို့သောဘဝ၏ အဓိပ္ပါယ်ကင်းမဲ့ခြင်းပြဿနာကို ဒဿနတရပ်အဖြစ်တင်ပြလိုက်သောအခါ ဖြစ်တည်မှုဝါဒဟုတွင်လာပေသည်။ သို့သော် ယင်း ဖြစ်တည်မှုဝါဒသည် ဖျားနာနေသောအနောက်တိုင်းယဉ်ကျေးမှု၏ရောဂါလက္ခဏာကိုသာ သတ်မှတ်ဖော်ပြပေးနိုင်ပေသည်။ ရောဂါ သက်သာရာသက်သာကြောင်း ဆေးချက်ကိုမူမပေးနိုင်ပေ။ လူ့အဖွဲ့အစည်းသည် အဓိပ္ပါယ်ကင်းမဲ့မှုတည်းဟူသောနိဒါန်းအပေါ်အခြေခံ၍ ရပ်တည်လှုပ်ရှားနိုင်မည်မဟုတ်။ တိကျသောစံနှုန်းများ၊ တန်ဖိုးသတ်မှတ်ချက်များရှိရန်လိုပေသည်။

 

0 comments:

Post a Comment