Monday, July 15, 2013

နေပြည်တော်မှာ နေသာတယ်ဆိုရင် တံလျှပ်ကို ရေမထင်မိဖို့ အရေးကြီးပါတယ်(တူမောင်ညို)

0 comments

နေပြည်တော်မှာ နေသာတယ်ဆိုရင် တံလျှပ်ကိုရေမထင်မိဖို့ အရေးကြီးပါတယ်(တူမောင်ညို)
(၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်)“ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီပြင်ဆင်ဖွဲ့စည်းခြင်း ”ဆိုတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်မလာတာနဲ့ပတ်သက်ပြီး ကျားဖြူပါတီမှလွှတ်တော်အမတ်တစ်ဦးက အားမလိုအားမရဖြစ်ရတဲ့သဘောရေးထားတာ ဖတ်ရပါတယ်။
ဒါ့အပြင် အဲဒီအမတ်မင်းက သမ္မတဦးဆောင်တဲ့ “ဗဟိုကော်မတီ”မှာ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး (ဗိုလ်ရွှေမန်းနှင့်ဗိုလ်ခင်အောင် မြင့်)နဲ့ အခြားပါသင့်ပါထိုက်သူများပါဝင်လို့ ပြဿနာဖြေရှင်းနိုင်ရန် မှန်ကန်သောခြေလှမ်းဖြစ်တယ်လို့ သူကမှတ်ချက်ချလိုက်ပါသေးတယ်။
ဗဟိုကော်မတီပြင်ဆင်ဖွဲ့စည်းတယ်လို့ဆိုပေမယ့် တကယ်တော့အဲဒီဗဟိုကော်မတီထဲမှာ လစ်လပ်သွားတဲ့အဖွဲ့ဝင်များဖြစ်တဲ့ ဒုတိယသမ္မတ ဗိုလ်(ဦး)တင်အောင်မြင့်ဦး၊ ကာကွယ်ရေးဝန်ကြီးဗိုလ်လှမင်း၊ နယ်စပ်ရေးရာဝန်ကြီးဗိုလ်သိန်းဌေးတို့နေရာတွေကို ဒုတိယသမ္မတဗိုလ်(ဦး)ဉာဏ်ထွန်း၊ ဗိုလ်ဝေလွင်၊ ဗိုလ်သက်နိုင်ဝင်းတို့နဲ့အစားထိုးလိုက်သာဖြစ်ပါတယ်။
ဒါ့အပြင်သမ္မတရုံးညွန်ချုပ်ဖြစ်တဲ့ဦးမင်းဇော်ကို ဦးလှထွန်းနဲ့အစားထိုးလိုက်တာတွေပဲဖြစ်ပါတယ်။ အသစ်အဆန်းဘာမှမပါဘူး။
လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးဖြစ်တဲ့ (ဗိုလ်)ဦးရွှေမန်းနဲ့ (ဗိုလ်)ဦးခင်အောင်မြင့်တို့ဟာ ဗဟိုကော်မတီစတင်ဖွဲ့စည်းစဉ်ကတည်းက ပါရှိပါတယ်။ အခုမှ ထပ်မံထည့်သွင်းခဲ့တာမဟုတ်ပါဘူး။
အရေအတွက်ဘက်ကပြောမယ်ဆိုရင် ယခင်ကလည်း ဗဟိုကော်မတီ ၁၁ ဦး၊ ယခုပြင်ဆင်ဖွဲ့စည်းရာမှာလည်း ၁၁ ဦးပဲဖြစ်လို့ အရေအတွက်အရလည်းတိုးမလာသလို၊ လျှော့လည်းမသွားပါဘူး။
ဗဟိုကော်မတီ ၁၁ ထဲမှာ(ယခင်ကရော/ ယခုပြင်ဆင်ဖွဲ့စည်းပြီးတဲ့အခါမှာပါ) အမှတ်စဉ် (၁ မှ ၉ ထိ)ပါဝင်သူများဟာ (ကာလုံ) အဖွဲ့ဝင်များသာဖြစ်ပါတယ်။
သမ္မတဗိုလ် (ဦး)သိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယသမ္မတဗိုလ်(ဦး)ဉာဏ်ထွန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ (ဗိုလ်)ဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ (ဗိုလ်)ဦးခင်အောင်မြင့်တို့ဟာ ကြံ့ဖွံ့ပါတီထိပ်သီးများဖြစ်ပါတယ်။ ဒေါက်တာစိုင်းမောက်ခမ်းမှအပ ကျန်သူအားလုံးဟာ စစ်ဗိုလ်ဟောင်းများဖြစ်ပါတယ်။
ကာချုပ်ဗိုလ်မင်းအောင်လှိုင်၊ ပြည်ထဲရေးဝန်ကြီးဗိုလ်ကိုကို၊ ကာကွယ်ရေးဝန်ကြီးဗိုလ်ဝေလွင်၊ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်သက်နိုင်ဝင်းတို့ဟာ စစ်တပ်မှတာဝန်ထမ်းဆောင်ဆဲ စစ်ဗိုလ်များဖြစ်ပါတယ်။
အထက်ပါကြံ့ဖွံပါတီမှ ထိပ်သီး ၅ ဦးနှင့်စစ်တပ်မှထိပ်သီး ၄ ဦးတို့ဟာ လက်ရှိ (ကာလုံ)အဖွဲ့ဝင်များဖြစ်ပါတယ်။ ဒါကြောင့် ဒီဗဟိုကော်မတီမှာပါဝင်ဖွဲ့စည်းထားတဲ့သူတွေကိုကြည့်လိုက်တာနဲ့ ဘယ်လိုသဘောထားနဲ့ဖွဲ့စည်းထားတယ်ဆိုတာ သိမြင်နိုင်ပါတယ်။
ဒါ့အပြင် ဒီဗဟိုကော်မတီဟာ မူဝါဒချမှတ်ခြင်း၊ ကြီးကြပ်ခြင်း၊ နိုင်ငံခြားအဖွဲ့အစည်းများနှင့်ဆက်ဆံခြင်း၊ ရန်ပုံငွေထူထောင်ခြင်းသုံးစွဲခြင်း စတဲ့သော့ချက်ကျတဲ့ကိစ္စတွေကို ချုပ်ကိုင်ထားတာဖြစ်တယ်။
(ဗိုလ်)ဦးအောင်မင်း ဒုတိယဥက္ကဋ္ဌတစ်ဦးအဖြစ်ပါဝင်နေတဲ့ “လုပ်ငန်းကော်မတီ”ဟာ အထက်မှာတင်ပြခဲ့တဲ့ “ဗဟိုကော်မတီ”ကိုတာဝန်ခံရတဲ့ အချိန်နဲ့တစ်ပြေးညီအစီရင်ခံနေရတဲ့ အဖွဲ့အစည်းသာဖြစ်ပါတယ်။ (ဗိုလ်) ဦးအောင်မင်း ဟာ သူ့သဘောနဲ့သူပြောချင်တာ၊ သူလုပ်ချင်ရာလုပ်ခွင့်မရှိပါဘူး။ ဗဟိုကော်မတီနဲ့ ဆန့်ကျင်ကွဲလွဲပြီးလုပ်ငန်းကော်မတီအနေနဲ့ ပြောခွင့်လုပ်ခွင့်မရှိပါဘူး။ ဒါကြောင့် “ကားပါမစ်တွေ” ပေးနေတယ်ဆိုတာ (ဗိုလ်)အောင်မင်းတို့၊ ဦးလှမောင်ရွှေတို့ကို အထက်ကခွင့်ပြုထားလို့ပေးတာပါ။
ဒါကြောင့် ဒီလို ကြံ့ဖွံ့ထိပ်သီးတွေ၊ စစ်တပ်ထိပ်သီးတွေချည်းပါဝင်ဖွဲ့စည်းထားတဲ့ “ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ” ထဲမှာ ဒီချုပ်ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းဖွဲ့စည်းခြင်းမရှိတာ မဆန်းပါဘူး။ မထည့်ချင်လို့ကို မထည့်တာဖြစ်တယ်။ အကယ်၍ထည့်မယ်ဆိုလည်း ထည့်လို့ရတာပဲ။
ဒါပေမယ့် ဒီ ဗဟိုကော်မတီက အဓိကကိုင်တွယ်နေရတဲ့ကိစ္စက ပြည်တွင်းစစ်ကိစ္စဖြစ်တယ်။ တိုင်းရင်းသားလူမျိုးများအရေးဖြစ်တယ်။ ဒီလိုလုပ်ငန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းဖွဲ့စည်းလိုက်ရင် ကျားကို အတောင်ပံတပ်ပေးသလိုဖြစ်မယ်ဆိုတာ သူတို့ ကောင်းကောင်းတွက်မိတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က “ဖိတ်ခေါ်ရင်ပါဖို့အသင့်ပဲလို့” ပြောနေတာကို သူတို့သိပါတယ် ဒါပေမယ့် မသိချင်ယောင်၊ မကြားချင်ယောင် တမင်ဆောင်နေကြတာပါ။ ဒီတော့ စတင်ဖွဲ့စည်းစဉ်(၂ဝ၁၂ ခုနှစ်၊ မေလ ၃ ရက်)က မထည့်သွင်းခဲ့သလို ပြင်ဆင်ဖွဲ့စည်းတဲ့ (၂ဝ၁၃ ခုနှစ်၊ မေလ ၅ ရက်)အခါမှာလည်း မထည့်သွင်းခဲ့တာဟာ သာမန်တိုက်ဆိုင်မှုမဟုတ်ဘူး။ သူတို့အသေချာ စဉ်းစားပြီးဆုံးဖြတ်ခဲ့တာဖြစ်တယ်။ ဒါက (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရကဦးဆောင်ပြီးဖွဲ့လို့မထည့်တာပါ။ (ဗိုလ်)ဦးရွှေမန်း၊ (ဗိုလ်)ဦးခင်အောင်မြင့်တို့ လွှတ်တော်ဘက်က ဖွဲ့တာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုထည့်မှာပါလို့ပြောချင်သလား။
ကြံ့ဖွံ့ပါတီဟာဘယ်လိုကော်မတီအမျိုးအစားတွေမှာသာ ဒေါ်အောင်ဆန်းစုကြည်ကိုပါဝင်စေလိုသလဲဆိုတာကို ပြည်သူ့လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ကော်မတီများ ကော်မရှင်များကို လေ့လာကြည့်ရအောင်ပါ။ လောလောဆယ်အချိန်ထိ
ပြည်သူ့လွှတ်တော်ကဖွဲ့စည်းထားတဲ့ အမြဲတန်းကော်မတီ (၄) ခု၊ အခြားကော်မတီ (၂ဝ) နဲ့ ကော်မရှင် (၁)ရှိပါတယ်။ အဲဒီကော်မတီ/ကော်မရှင်တွေအနက် ကော်မတီတစ်ခုဖြစ်တဲ့  တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ”မှာ သာ ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် (အခြားကော်မတီ)တစ်ခုဖြစ်တဲ့ “တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ”လို မျိုးမှာတော့ ကြံ့ဖွံ့ပါတီထိပ်သီး၊ (ဗိုလ်)ဦးသိန်းဇော်ကိုသာဥက္ကဋ္ဌအဖြစ်ထားပြီး ဖွဲ့စည်းပါတယ်။ ဒါအချက်ကလည်း ကြံ့ဖွံ့ပါတီသဘောထား ထင်ရှားပေါ်လွင်နေတဲ့သာဓကတစ်ခုဖြစ်ပါတယ်။
အထင်ရှားဆုံးသာဓကတစ်ခုကတော့ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရကဖွဲ့စည်းပေးတဲ့ “လက်ပံတောင်းကြေးနီစီမံကိန်းစုံစမ်းစစ်ဆေးရေး ကော်မရှင်”ဖွဲ့စည်းတဲ့ကိစ္စဖြစ်ပါတယ်။ ကြောင်လက်နဲ့ပြာပူယက်ခိုင်းလိုက်တာပါပဲ။ ဦးပိုင်အကျိုးစီးပွားကိုလည်း ကာကွယ်ပြီးသားဖြစ်စေ၊ လက်ပံတောင်းဒေသခံပြည်သူများနဲ့ ဒေါ်အောင်ဆန်းစုကြည်လည်းထိပ်တိုက်တွေ့စေဆိုတဲ့စေတနာဗလပွနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးလိုက်ပါတယ်။
(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရလိုချင်တဲ့အကွက်ထဲ တည့်တည့်မတ်မတ်ဝင်သွားပါတယ်။ ဦးပိုင်အကျိုးစီးပွားကို ပိုင်ပိုင်နိုင်နိုင်ကာကွယ်နိုင်ခဲ့ သလို၊“မီးလောင်ဗုံး”လည်း မီးခိုးဗုံးဖြစ်သွားရပြီး လက်ပံတောင်းဒေသခံပြည်သူများနဲ့ ဒေါ်အောင်ဆန်းစုကြည် တည့်တည့်တန်းတန်း ထိပ်တိုက်တွေ့ခဲ့ရပါတယ်။ လက်ပံတောင်းလက်တွေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒိုင်းအဖြစ် သူတို့ကောင်းကောင်းကြီး အသုံးချသွားနိုင်ခဲ့ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲနဲ့ လွှတ်တော်ထဲဝင်သွားတဲ့အခါမှာလည်း“မရှိသုံးအခြေခံဥပဒေ”ပါလို့အခုအခါမှာ ပြောဆိုနေကြတဲ့ “၂ဝဝ၈ အခြေခံဥပဒေ”ဟာ ဒီချုပ်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ (အရှိကို အရှိတိုင်းလက်ခံလိုက်တဲ့)လက်ခံရတဲ့ “အခြေခံဥပဒေ” ဖြစ်သွားပါတယ်။
အခုလည်း “အခြေခံဥပဒေသုံးသပ်ရေးကော်မတီ/ကော်မရှင်”ဆိုတာဖွဲ့ပါလိမ့်မယ်။ ဒီချုပ်က အမတ် ၇ ဦးစာရင်းပေးထားပါတယ်။ ဖွဲ့သမျှ ကော်မတီ/ကော်မရှင်တွေကို “ညောင်နှစ်ပင်နည်း”နဲ့ချည်းဖွဲ့မှာပါ။ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ်တော့ “အားလုံး”ပါဝင်စေရမယ်။ ဒါပေမယ့် အဲဒီအားလုံးထဲမှာ အဓိကအဆုံးအဖြတ်ပြုနိုင်တဲ့အများစုအင်အားကိုတော့ ကြံ့ဖွံ့ပါတီနဲ့စစ်တပ်က အသေအချာကိုင်ထားမှာပဲဖြစ်ပါတယ်။ စုစုပေါင်း (၁ဝ၅)ဦးမှာ ကြံ့ဖွံ့ပါတီက (၅၂) ဦး၊ စစ်တပ်က (၂၅) ဦးတဲ့။ 
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကြံ့ဖွံ့အစိုးရကဖြစ်စေ၊ လွှတ်တော်ကဖြစ်စေ သဘောထားပုံခြင်းကအတူတူပါပဲ။ “လက်ပံတောင်း ကြေးနီစီမံကိန်း”လိုကိစ္စမျိုးသာ ပေါ်ပါစေသူတို့ဘက်ကအသုံးချဖို့ လက်နှေးနေမှာမဟုတ်ပါဘူး။
လျှာအရိုးမရှိတိုင်းပြောပြောနေတဲ့ သမ္မတကြီးဦးသိန်းစိန်ကိုထားခဲ့ပြီး၊  လွှတ်တော်ဥက္ကဋ္ဌကြီးများဘက် အလေးထားအသားပေးနေပြန်ပါပြီ။  နေပြည်တော်မှာ နေသာနေတယ်ဆိုရင် တံလျှပ်ကိုရေမထင်မိဖို့ အရေးကြီးပါတယ်။

0 comments:

Post a Comment