Monday, July 15, 2013

အလင်းမဝင်တဲ့လက်နက်ချ..ချ ၂ ချနဲ့ ချေ ၂ ချေ (မျိုးမြင့်ချို) ဇူလိုင် ၁၄။ ၂၀၁၃)

0 comments
အလင်းမဝင်တဲ့လက်နက်ချ (မျိုးမြင့်ချိုဇူလိုင် ၁၄။ ၂၀၁၃) ဒီနေ့ ဘာဖြစ်တယ် မပြောတတ်။ လက်နက်ချအကြောင်းပဲ ပြောချင်နေတယ်။ တောင်ငူထောင်နေတုန်းက လက်နက်ချနဲ့ပတ်သက်တဲ့အဖြစ်တခု သတိရလို့ပြောချင်တယ်။ ဖြစ်စဉ်မှာ လူ ၂ ယောက်ပါတယ်။ တယောက်က ကွန်လွယ်ရှာပြီ။ တယောက်ကခု အမေရိကန်ပြည်ထောင်စုမှာနေတယ်။ နိုင်/ကျဉ်းဟောင်းပဲ။ ဇာတ်ကောင် (၁) ကွယ်လွန်ရှာသူက ကွန်မြူနစ်ပါတီပဲခူးရိုးမကခေတ် လက်နက်ချ။ သူက ရှင်းတယ် ဘယ်သူ့ဖြစ်ဖြစ် သူလက်နက်ချဖြစ်ကြောင်း ဗြောင်ပြောတယ်။ ရှက်စရာအဖြစ် သူကိုယ်တိုင်က မခံယူဘူးဆိုတဲ့သဘောပဲ။ ထောင်ထဲမှာလည်း ဘယ်သူ(၅/ညတွေကိုဆိုလိုတာ)နဲ့မှ သိတ်ဆက်ဆက်ဆံဆံ မရှိဘူး။ နိုင်ငံရေး ဧကစာကျင့်နေသလား မှတ်ရတယ်။
ဇာတ်ကောင်(၂) ကျောင်းသားနိုင်ငံရေးသမား။ တက်ကြွတယ်။ နိုင်ငံရေးနဲ့ပတ်သက်ရင် အကဲပိုတတ်သူလို့တောင် ပြောကြတာ ရှိတယ်။ အခြားနေရာတွေမှာမပြောတတ်ပေမယ့် နိုင်ငံရေးမှာတော့ရိုးသားတာ ထင်ရှားတယ်။ ထောင်ထဲလုပ်တဲ့ပွဲတိုင်း မပါမရှိပဲ။ လေ့လေ့လာလာနည်းပေမယ့် နိုင်ငံရေးမှာလေးလေးနက်နက်ရှိတယ်။ လူတွေကို ကူညီလိုစိတ်ရှိတယ်။ တကိုယ်ကောင်းစိတ် မတွေ့ရဘူး။

ကျနော်တို့ခေတ်က လက်နက်ချပွဲတွေတချိမ်းချိမ်းနဲ့ လက်နက်ချတွေဘုန်းမီးနေလတောက်တဲ့ခေတ်လို့တောင်ခေါ်ရမလား မပြောတတ်ပါဘူး။ စာပေလောကနဲ့ ထုတ်ဝေသူလောကမှာလည်းသူတို့၊ စီးပွားရေးလုပ်ငန်းနဲ့ ဘာအထူးအရာရှိ ညာအထူးအရာရှိဆိုလည်းသူတို့ပဲမဟုတ်လား။ ပြီးတော့နိုင်ငံတော် ဘာအခမ်းအနားညာအခမ်းအနားဆိုလည်း သူတို့မပါ ပွဲမစည်သလိုလို။ ဗိုလ်နေဝင်းပေးထားတဲ့ ဘာတံဆိပ်ညာတံဆိပ်ကြီးတွေလည်း ရင်ဘတ်တိုးလို့တွဲလောင်း၊ ထားပါတော့။ ဗိုလ်နေဝင်းက ရှင်းတယ်။ သူ့ဆီဒူးထောက်လာတဲ့သူ့ရန်သူကို လက်နက်ချရုံလောက်နဲ့တင် အားမရဘူး။ မကျေနပ်သေးဘူး။ ဘာလုပ်လဲဆိုတော့ လက်နက်ချရှေ့မှာ အလင်းဝင်ဆိုတာလေးပါ ကပ်ပေးလိုက်တယ်။ ဆိုတော့ လက်နက်ချတွေကို အလင်းဝင်တွေလို့ နမ်ပါထပ်နှိမ်ပေးလိုက်တယ်။ သဘောက အမှောင်ထဲရောက်နေသူတွေ ခုမှ အမြင်မှန်ရပြီး အလင်းထဲဝင်လာသူ/ရောက်လာသူတွေပေါ့။ 
စကားလုံးအားဖြင့် လက်နက်ချဆိုတာက ရင့်သီးသလို ကြမ်းတမ်း ခက်ထန်သလို နှိမ်ပြီးခေါ်တာလိုလို ဖြစ်နေတာမဟုတ်လား။ အလင်းဝင်ဆိုတော့ ကြားရတာနားဝင်ပီယံဖြစ်တယ်။ စကားလုံးလှတယ်။ နားအကြားကောင်းတယ်။ ဒါပေမယ့် နောက်ကွယ်အနက်က ကြောက်ခမန်းလိလိ နံနှိမ်ထားတာဖြစ်တယ်။ ဒါပေမယ့် စကားလုံးလှတော့ ဟုတ်သလိုလိုဖြစ်နေတာပေါ့။ ကျနော်တို့လည်း တခေတ်လုံး အလင်းဝင်တွေ^အလင်းဝင်လာသူတွေလို့ပဲပြောပြီး နှုတ်လည်းကျိုး အသားလည်းကျလာတာ မဟုတ်လား။ ထားတော့။

တနေ့တော့ ဟို ပဲခူးရိုးမလက်နက်ချသူကြီး ထောင်ဆေးရုံမှာ အကြီးအကျယ်ဖျားနာတယ်။ သေလုမျောပါးပဲ။ အားလုံးတတ်နိုင်သလောက် ဆေးဝါး၊ ဓါတ်စာနဲ့လိုအပ်တာလေးတွေ ဝိုင်းကူကြတယ်။ ဒါပေမယ့် ဘယ်သူမှတော့ သူနဲ့ စကားကြာကြာမပြောကြသလို သူကလည်း နဂိုကတည်းက ဘယ်သူနဲ့မှ ပြောပြောဆိုဆို ဆွေးဆွေးနွေးနွေး မနေချင်ဘူးမဟုတ်လား။ ခုနပြောတဲ့ ဇာတ်ကောင်(၂)က ပစ္စည်းပစ္စယကူညီရုံတင်မက အခွင့်သင့်ရင် လူကိုယ်တိုင်နိုင်သလောက် ဝေယျာဝစ္စပါလုပ်ပေးရှာတယ်။ တနေ့တော့ ဇာတ်ကောင်(၂) လက်နက်ချပုဂ္ဂိုလ်ကြီးကို တရိုတသေပြောတယ် ”အဘ..လူတချို့က အဘကိုအလင်းဝင်ဆိုပြီး သိတ်မဆက်ဆံချင်ကြတာများလား မသိဘူး။ အများစုကတော့ အဲ့လိုမဟုတ်ပါဘူး။ အဘနဲ့ စကားလေးဘာလေးပြောချင်ပေမယ့် အဘကိုယ်တိုင်က ခတ်ကင်းကင်းနေတော့ လူတွေလည်း သိတ်မလာကြတာနေမှာပါ” ဆိုပြီး အားပေးစကားပြောတယ်။ သူ့ အားပေးစကားတောင်မဆုံးလိုက်ရဘူး ဟိုပုဂ္ဂိုလ်ကြီးခမျာ အားအင်ကုန်ခမ်းချိနဲ့နေတဲ့ကြားက အတင်းလူးလဲထပြီး ”ဘာကွာ..ဘာကွ၊ ဘာပြောတယ်။ အလင်းဝင်ဟုတ်လား။ ငါ အလင်းဝင်မဟုတ်ဘူးကွ။ လက်နက်ချကွာ။ လက်နက်ချ။ မင်းမသေမချင်း မှတ်ထား။ ငါသေမှာကြောက်လို့ မစွန့်လွှတ်ရဲလို့ သူရဲပေါနည်းလို့ လက်နက်ချတဲ့ကောင်ကွ။ အလင်းဝင်တဲ့ကောင် မဟုတ်ဘူး။ အလင်းဝင်ရအောင်ငါက အမှောင်ထဲရောက်နေတဲ့ကောင်မှ မဟုတ်တာ။ နေဝင်းက ငါတို့ကို အလင်းဝင်လို့သုံးရအောင် သူကရော အလင်းထဲနေတဲ့ကောင်မို့လို့လား”ဆိုပြီး ဒေါနဲ့မောနဲ့ပြောတာဗျ။

ဇာတ်ကောင် (၂)မောင်ကျောင်းသားလည်း လန့်ဖြန့်ပြီး မျက်စေ့မျက်နှာပျက်ထွက်သွားတယ်။ သူထင်တာက လက်နက်ချလို့သုံးရင် ရင့်သီးပြီး ဟိုလူကြီးများ စိတ်ဆိုးလေမလား၊ အလင်းဝင်လို့သုံးတာ နိုင်ငံရေးအရပိုယဉ်ကျေးတယ်မှတ်ပြီးပြောမိသွားတာ။ မသိလို့တော့မဟုတ်ဘူး။ ပြောပြီးမှ သူထင်တာနဲ့ပြောင်းပြန်ဖြစ်သွားတော့ သူမှားသွားမှန်းသိပြီး ချက်ချင်းပြန်တောင်းပန်ပေမယ့် စကားကတော့ ကျွံသွားပြီ။ နှုတ်ကတော့လွန်သွားပြီ။ ဟိုလူကြီးလည်း သူ့ကို ”ကျောင်းသားခေါင်းဆောင်လုပ်နေပြီး ဒါလောက်လေးမှမသိရကောင်းလား”ဆိုပြီး စိတ်ဆိုးတာ တော်တော်နဲ့မပြေနိုင်ဘူး။
လက်နက်ချတာဟာ လက်နက်ချတာသာဖြစ်ပြီး အလင်းဝင်တာမဟုတ်ကြောင်း အတိအလင်းပြောသူပြောပါတယ်။ ခုခေတ်ကြတော့ လက်နက်ချကို ဘယ်လိုဗားရှင်းအသစ်နဲ့များပြောနေကြသလဲ သိချင်စမ်းပါဘိ။ မျိုးမြင့်ချို ဇူလိုင် ၁၄ ရက် ၂၀၁၃


မနက်ကပြောတဲ့ လက်နက်ချနဲ့ ချ ၂ ချ မျိုးမြင့်ချို(ဇူလိုင် ၁၄။ ၃၀၁၃

သေနတ်ကြီးယူပြီး သွားချမှ လက်နက်ချမဟုတ်ဘူး။ အနိမ့်ဆုံးအရှူံးပေးအညံ့ခံရေးအတွေးအခေါ်လောက် ဝင်တယ်ဆိုရင်ပဲ လက်နက်က စချနေပြီ။ ချကြရာမှာလည်း အခြေအနေအရချတဲ့လက်နက်ချနဲ့ အတွေးအခေါ်အရချတဲ့လက်နက်ချဆိုပြီးရှိတာ မှတ်သားဖူးတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲချချ တခါချဖူးရင် တသက်စာတော့ပြီးမသွားဘူး။ တချို့များ ချလို့ပဲမပြီးနိုင်တော့ဘူး။ မသေမချင်း အခါခါပြန် လက်နက်ချနေရတာတွေမြင်တယ်။ သူ့အကြောင်းနဲ့သူ ချကြတာမို့ ဘာမှဝင် ကောင်း၏ဆိုး၏ မှတ်ချက်ပေးစရာမရှိပါ။ ပြောစရာရှိတာက..တချို့ကတော့ ဗြောင်ပြောပြီး ဗြောင်လက်နက်ချတယ်။
ကောင်းတယ်၊ ဘာပဲဖြစ်ဖြစ် လက်နက်ချဖြစ်ကြောင်း အတိအလင်းရိုးရိုးသားသား ကုန်ကုန်စင်စင်ပြောတာ။ ရန်သူရောမိတ်ဆွေပါ အမြင်ရှင်းသွားတယ်။ တချို့ကျတော့ အဲ့သလိုမဟုတ်ဘူး လက်နက်က ချရတဲ့အထဲ မရိုးသားမှုပါကဲပြီး ခိုးကြောင်ခိုးဝှက်နဲ့။ လက်နက်ကို သူခိုးချ ချတယ်လို့ပြောရမလားမသိ။

(ချ ၂ ချနဲ့ ချေ ၂ ချေ)
မနက်ကပြောခဲ့တဲ့လက်နက်ချနှစ်မျိုးမှာ အခြေအနေအရလက်နက်ချက အခြေအနေပြန်ပြောင်းရင် ဒါမှမဟုတ် အခြေအနေကပြန်တောင်းဆိုလာရင် မူလရပ်တည်ချက်အတိုင်းပြန်ရပ်ပြီး သူ့ဆန့်ကျင်တိုက်ဖျက်ရမယ့်အတန်းအစားဘက်ကို မြားဦးပြန်လည်ပြီးပြန်တိုက်တတ်တယ်။ အတွေးအခေါ်အရလက်နက်ချကတော့ အခွင့်သင့်အခါပေးတိုင်း သူလက်နက်ချတာမှန်တဲ့အကြောင်းတရားထူထောင်ရင်း သူဆန့်ကျင်တိုက်ဖျက်ခဲ့ဖူးသူတွေကို အခစားဝင်အလုပ်ကြွေးပြုဖို့လမ်းသာ ရွေးချယ်သွားတတ်တာများတယ်။ အဲ့ဒါပြောတော့ မိတ်ဆွေတယောက်က ”အာဏာလက်ဝယ်ရှိသူတွေက သူတို့အမှားမြင်ပြီး ပြည်သူတွေဆီလက်နက်ချလာရင်တော့ ဘယ်လိုချချလက်သင့်ခံရမှာ”လို့ပြောတယ်။ ဒါနဲ့ ကျနော်က ”အာဏာလက်ဝယ်ရှိသူတွေက လက်နက်ချတတ်ရိုးလားဗျာ။ သူတို့က လက်နက်နဲ့ချတာဗျ”ဆိုတော့ သူက ”ဟုတ်ပါ့ ချတာချင်းတော့အတူတူပဲ။ ”လက်နက်ချ” တာနဲ့ ”လက်နက်နဲ့ချ” တာပေါ့”တဲ့။ ကျနော်က ”အေးပေါ့ဗျာ ဝန်ကြီးချုပ်ဟောင်းဦးနုက ချေ ၂ ချေ ပြောသလို ခင်ဗျားနဲ့ကျနော်လည်း ဒီနေ့ချ ၂ ချအကြောင်း ပြောဖြစ်သွားတာပေါ့။ ဝေါဟာရသစ်ပေါ့လေ” ဆိုပြီး နှစ်ယောက်သား ရယ်မောမိတယ်။
 

0 comments:

Post a Comment