Friday, July 12, 2013

အရင်ရောက်တယ်ပဲထား လူမဆန်လို့ရသတဲ့လား (မျိုးမြင့်ချို)

0 comments

အရင်ရောက်တယ်ပဲထား လူမဆန်လို့ရသတဲ့လား (မျိုးမြင့်ချို) ဇူလိုင် ၁၂၊ ၂ဝ၁၃
ရွှေပြည်ကြီးက ကြောက်ခမန်းလိလိ ရှက်ဖွယ်လိလိ လူမဆန်မှုတွေကြောင့် ကျနော်တို့ ဒီနိုင်ငံတွေမှာနေရတာ၊ မေးလာရင်ဖြေရတာ အတော်လေးမျက်နှာပူပြီး ရှက်ရွံ့တုန်လှုပ်ရတဲ့ အကြောင်း ကျနော်ရေးတဲ့စာလေးဖတ်ပြီး လူတယောက်က ခုလိုမှတ်ချက်ပေးတယ်။ (မင်းက သူများတိုင်းပြည်သွားနေတာကို အနေခက်ပေမပေါ့)။ သူပြောတဲ့သူများနိုင်ငံဆိုတာ ဗမာပြည် မဟုတ်တဲ့အခြား ဘယ်နိုင်ငံကိုမဆိုလို့ အနက်ထွက်ပါတယ်။ သူထင်တာက “အမေရိကန်ဆို တာလူမျိုးတမျိုးဖြစ်မယ်၊ ကိုးကွယ်တာလည်း အများစုက ဘာသာကြီးတခုခုမှာ၊ အစိုးရကလည်း အဲ့ဒီအများစုကိုးကွယ်တဲ့ဘာသာကြီးနဲ့ အမေရိကန်ဆိုတဲ့လူမျိုးကို ပစားပေးပြီးချီးမြှောက်ပြီး အခြားလူမျိုး/ဘာသာတွေကို နှိပ်ကွပ်၊ အမျိုးဘာသာ/သာသနာတွေလုပ်” စသည်ဖြင့် ဖြစ်ဖို့ များတယ်။ သေချာတာကတော့ ဒီလူ သုတဝမ်းစာဖြည့်ဆည်းမှု ပါးလျားနေတယ်ဆိုတာပဲ။

ကမ္ဘာပေါ်မှာ အမေရိကန်ဟာ လူမျိုးမဟုတ်ပါ။ အမေရိကန်နိုင်ငံသားဖြစ်ပြီးသူတိုင်းကို အမေရိကန်တွေလို့ ခေါ်လို့ရပါတယ်။ လူမျိုးအနေနဲ့ နိုင်ငံပေါင်းစုံက အသားအရောင် ရုပ်ရည်လက္ခဏာပေါင်းစုံပါတယ်။ အမေရိကန်နိုင်ငံသားဖြစ်ပြီးလို့ ငါဘာလူမျိုးလို့ပြောလည်း ဘာမှမဖြစ်သလို ငါ ဘာလူမျိုးမှ မဟုတ်ဘူးလို့ပြောလည်း ဘာမှမဖြစ်ပါဘူး။ တခုပါပဲ။ အမေရိကန်ပြင်ပကိုရောက်တဲ့အခါမတော့ “အမေရိကန်နိုင်ငံသား”လို့ပြောမှရပါတယ်။ ဒါကိုပဲ အမေရိကန်ပြင်ပနိုင်ငံတွေက အမေရိကန်ပါ့စ်ပို့တ်ကိုင်လာရင် “အမေရိကန်”လို့ပဲ အလွယ်ခေါ်တာပါ။ ဒါလည်း မမှားပါဘူး။ အိန္ဒိယနိုင်ငံသားကို အင်ဒီးယန်း၊ ဂျပန်ပြည်သားကို ဂျဲပနီးစ်၊ ဗမာပြည်သားကို ဘားမီးစ်ခေါ်သလို အမေရိကနိုင်ငံသားကို အမေရိကန်လို့ခေါ်တာပါ။ ဗမာပြည်မှာလို ဗမာလူမျိုး၊ ကချင်လူမျိုး၊ မွန်လူမျိုး၊ ရခိုင်လူမျိုးစသည်ဖြင့်မပြောပါဘူး။ အမေရိကန်နိုင်ငံသားဖြစ်ပြီး တဲ့ ဗမာပြည်သားတွေက 
I am Burmese-American Citizen ဆိုပြီးပြောလည်းဘာမှမဖြစ်ပါဘူး။ သဘောကတော့ တိုင်းပြည်ကို လူမျိုးတမျိုးအမည်နဲ့ မောင်ပိုင်စီးမရအောင် လုပ်ထားသလိုပါပဲ။

နောက်တခုက ဘာသာရေး။ အမေရိကားလောက် ဘာသာစုံ အယူစုံတဲ့တိုင်းပြည် ကမ္ဘာပေါ်မှာရှိမယ်မထင်ပါ။ ၁၈-၁၉ ရာစုများဆီက အမေရိကန်ကို လာရောက်အခြေချကြသူတွေအနက် အများစုကြီးက ဘာသာရေးနဲ့အခြားလူမှုလွတ်လပ်ခွင့် အာမခံချက်တွေအတွက်ပါ။ နိုင်ငံတော်နဲ့ဘာသာရေးကို ဖွဲ့စည်းပုံအခြေခံဥဒေမှာ စည်းခြားထားပါတယ်။ ဘာသာရေး လွတ်လပ်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပြဌာန်း ထားပြီး ခုလိုဆိုထားတယ် You can practice any religion, or not a religion. ယုံကြည်ရာကို ကျင့်ဆောင်၊ မကျင့်ဆောင်လည်းဘာမှမဖြစ် ဆိုတဲ့သဘောပါ။ မှတ်ပုံတင်လို့ခေါ်မယ့် ID မှာတောင် ဘာ ဘာသာဆိုတာမထည့်ရသလို ရုံးဆိုင်ရာကိစ္စတွေမှာလည်း မေးရိုးထုံးစံမရှိပါ(တိုင်းပြည်လုံခြုံရေးအဆင့်အရသတ်မှတ်ထားတဲ့ လူတိုင်းရဲ့ ကိုယ်ရေးဖိုင်လ်တွေမှာတော့ ဘာလူမျိုး ဘာ ဘာသာဆိုတာ မှတ်တမ်းပြုထားပါတယ်) ကုန်ကုန်ပြောရရင် “ဘာကိုးကွယ်လဲလို့” တယောက်ယောက်ကိုသွားမေးမိလို့ အမေးခံရသူကမကြိုက်ရင် တရားစွဲလို့ရပါတယ်။ ဘယ်ဘာသာကိုမှ သီးသန့်မျက်နှာသာပေးတာမရှိပါဘူး။ သာသနာရေးဝန်ကြီးဌာနမရှိသလို ရာဇဂုရုအဖွဲ့လည်းမရှိ ပါဘူး။ ဘာသာရေးကို သက်ဆိုင်ရာဘုရား၊ သူ့သာဝကများ၊ ဖြန့်ချိသူများနဲ့နောက်လိုက်ယုံကြည်သူများကိစ္စအဖြစ်ထက် ပိုမပေးပါဘူး။ ဗမာပြည်မှာလို ဗမာလူမျိုး ဗုဒ္ဓဘာသာတို့၊ ကချင်လူမျိုး ခရစ်ယာန်ဘာသာတို့၊ ပသီလူမျိုး အစ္စလာမ်ဘာသာတို့၊ ဟိန္ဒူလူမျိုး ဟင်ဒီဘာသာ တို့လုပ်လို့ လုပ်ဖို့မလိုပါဘူး။ ပြောဖို့လိုအပ်လို့ ဒါမှမဟုတ် ပြောချင်လို့ပြောရမယ့်အခါမျိုးမယ် အမေရိကန်နိုင်ငံသားဖြစ်ပြီးတဲ့ ဗမာလူမျိုးက ဗုဒ္ဓဘာသာကိုကိုးကွယ်တယ်ဆိုရင် I am Buddhist ဆိုရင်လုံလောက်ပါပြီ။ ဗမာပြည်မှာလို လူမျိုးနဲ့ဘာသာတွဲပြီး အနက်ကောက်တဲ့အသုံး အနှုန်း သုံးစရာပါဘူး။ သဘောကတော့ ဘာသာကိုလည်းလူမျိုးတမျိုးမျိုးက မောင်ပိုင်စီးလို့မရအောင်လုပ်ထားသလိုပါပဲ။

နောက်ဆုံးအချက်က တိုင်းပြည်။ အမေရိကားဆိုတာ အမေရိကန်နိုင်ငံသားတိုင်းနဲ့ဆိုင်တဲ့တိုင်းပြည်ဖြစ်ပြီး ရပိုင်ခွင်နဲ့တာဝန်တွေမှာ အတူတူပါပဲ။ နိုင်ငံသားအဖြစ်ကျမ်းကျိန်တယ်ဆိုရင် We the people ဆိုတာပါပါတယ်။ နိုင်ငံသားဥပဒေမှာ တန်းတူမှုရှိရေးကို အလေးအနက်ထားပါတယ်။ (လူတန်းစားဆိုင်ရာအမြင်တွေနဲ့တော့ ပြောစရာတွေရှိမှာပါ) Individualistic ဖြစ်တဲ့ နှုန်းစံ တန်ဖိုးတွေကို အလွန်အလေးအနက်ထားတာမှန်ပေမယ့် လူ့အဖွဲ့အစည်းတခုလုံးနဲ့ဆိုင်တဲ့အရေးတွေမှာ အသားအရောင် လူမျိုးဘာသာ လာခဲ့တဲ့တိုင်းပြည် ဘယ်လိုကွဲကွဲ Our Country တို့နိုင်ငံလို့ပဲပြောပါတယ်။ အရင်ရောက်သူနဲ့နောက်ရောက်သူ အရင်နိုင်ငံသားဖြစ်သူနဲ့ နောက်ဖြစ်သူပဲရှိပါတယ်။ အိမ်ရှင်ဧည့်ဆိုတဲ့အကောက်အယူမရှိသလို ဧည့်နိုင်ငံသားတို့ဘာတို့ ဆိုတာတွေလည်းမရှိပါဘူး။ ဗမာပြည်ဖွား အမေရိကန်နိုင်ငံသားက အမေရိကကို This is my country, My native land is Burma လို့ပြောသလို အခြားလူတွေလဲ အဲ့သလိုပြောကြပါတယ်။ သဘောကတော့ နိုင်ငံကိုလည်း လူမျိုးတမျိုးမျိုးက မောင်ပိုင်စီးမရအောင် လုပ်ထားသလိုပါပဲ။

ကျနော်တို့ ရွှေပြည်ကြီးကျတော့ တိုင်းပြည်နဲ့ဘာသာကိုတောင် မောင်ပိုင်စီးလေသံတွေ ထောင်းလမောင်းထနေလိုက်ပုံများ မိမိဉာဏ်တိမ်မှန်း အထုတ်ဖြည်ပြနေသလိုပဲ။ ထားပါတော့ အရင်ရောက်တယ်ပဲ။ ထားပါတော့ ဧည့်သည်ပဲ။ အရင်ရောက်လို့ အိမ်ရှင်ဖြစ်လို့ နိုင့်ထက်စီးနင်း လုပ်ခွင့် မတရားလုပ်ခွင့် ရက်စက်ကြမ်းကြုတ်ခွင့်ရှိသလား။ လူဆန်တဲ့လက္ခဏာတွေနဲ့၊ လူ့ကျင့်ဝတ်ကျင့်ထုံးတွေနဲ့၊ လူ့နှုန်းစံတန်ဖိုးတွေနဲ့ ချိန်ထိုးကြည့်ဖူးလား။ ကိုယ့်ဘာသာလည်း မချိန်ထိုး မကျင့်သုံး၊ သူတပါးက ချိန်ထိုးပြ ကျင့်သုံးဖို့ပြောတော့လည်း ရုန့်ရုန့်ရင်းရင်းတုံ့ပြန်သူဟာ ဘယ့်နှယ်လို့ လူပီသတဲ့လူ ဖြစ်လိမ့်မလဲ။ လူသားဆန်သူ လူပီသသူမှ လူသားဆန်ဆန်ကျင့်ကြံတယ်ဆိုတာ အမှန်ပဲ။ မျိုးမြင့်ချို

0 comments:

Post a Comment