Saturday, April 30, 2011

"ကျနော်တို့ မပြောချင်တဲ့ကိစ္စ” (စိုးနေလင်း)

0 comments
ကျနော်တို့ မပြောချင်တဲ့ ကိစ္စ”
တကယ်တန်းပြောကြကြေးဆို ကျနော်က “ကျနော်တို့”ဆိုတဲ့အသုံးကို သုံးစွဲခွင့်မရှိပါဘူး။ ဘာဖြစ်လို့ဆိုတော့ ကျနော်ရေးတော့မယ့် အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဘာမှအများပြည်သူကို တင်ပြသဘောထားတောင်းထားတာ မရှိသေးဘူး။ ကျနော် သုံးခွင့်ရှိတဲ့ အသုံးက “ကျနော်”ဆိုတာပါပဲ။ ဒါကို ကျနော်ကကောင်းကောင်းသဘောပေါက် နားလည်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ကျနော့လို လူတွေ ရှိနိုင်သေးတာပဲ၊ ကျနော်ပြောသလို ပြောကြည့်ချင်ပေမယ့်ပြောဆိုဖို့ အခက်အခဲရှိနေကြတဲ့သူတွေထဲမှာ ကျနော်ပြောချင် သ လို  ပြောချင်ကြတဲ့သူတွေလည်း ရှိနိုင်တယ်ဆိုပြီး ဒီအသုံးကို သုံးလိုက်တာပါ။ ဒီမိုကရေစီ သဘောအရဆိုရင် ကျနော်ရှုံးမှာပါ။ ခင်ဗျားက ဘယ်သူတွေနဲ့ ညှိပြီး၊ သဘောတူညီချက်ရပြီးလို့ ဒီအသုံးကိုသုံးရတာလဲလို့မေးခွန်းထုတ်ရင် ကျနော်ရှုံးမှာပါ။ ဟုတ်ပါ တယ်။
ဒါပေမယ့် ကျနော်တို့နားလည်သင်ယူဖူးတဲ့ သဘောတရားတွေအရ လူတယာက်ဟာနည်းနည်းသိရင် နည်းနည်းပြောရေးဆိုခွင့်ရှိပြီး များများသိရင် များများပြောရေးဆိုခွင့် ရှိပါတယ်။ ကျနော်ထင်တယ် ဒါဟာ စာပေဝေဖန်ရေးသီဝရီတခု ကလာတာပါ။ မှန်တယ်လို့ လည်း ကျနော်က ထင်ပါတယ်။ စဉ်စားကြည့်ပါ။ လူတွေဟာ အကြောင်းအရာတခုနဲ့ပတ်သက်ပြီး ဆွေးနွေးကြတယ်။ ဒီပြဿနာကို အစကတည်းသိပြီး တွေ့ကြုံခံစားပြီးသူတွေက ဒါဟာဒီလိုဖြစ်နေတာလို့ပြောမှာနဲ့ ဒီပြဿနာကို ခုမှတွေ့ကြုံရသူတဦးက ဒါတော့ မဟုတ်ဘူး၊ ဒီလိုဖြစ်ရမှာလို့ပြောလာရင် ဘယ်သူက မှန်နိုင်ခြေများမယ် ထင်ပါသလဲ။ ကြောင်းကျိုးတကျ စဉ်းစားကြည့်ပါ။
ခု နိဒါန်းပျိုးနေတာက ခု ကျနော်တို့နိုင်ငံရေးကိုင်ပြီး ဟိုဟာလုပ်ပါ။ ဒီဟာလုပ်ပါ။ ဒါတွေကတော့မဟုတ်ဘူး။ ဒီလို လုပ်သင့်တယ်။ အဲဒီလို ပြောနေကြတဲ့သူတွေ (နိုင်ငံရေးသဘောတရားတခုကို ခိုင်ခိုင်မာမာကိုင်စွဲပြီး ခုထိလည်း ဆက်ပြီးကိုယ်ယုံကြည်ရာကို စိုက် လိုက်မတ်တပ် လုပ်နေတဲ့သူတွေမပါ) ဟာ တိုင်းပြည်အတွက် တဒေါင့်တနေရာက ဘာများလုပ်ခဲ့ကြသလဲ၊ ပြန်စဉ်းစားပါ။ တိုင်းပြည် မှာရှိနေတဲ့ မတရားမှု တွေနဲ့ပတ်သက်ပြီး ဘာတွေကိုစွန့်လွှတ်စွန့်စားပေးဆပ် လုပ်ကိုင်ခဲ့ပါသလဲ။ ဘေးကထိုင်ပြီး ဘေးထိုင်ဘုပြော ရတာလောက်လွယ်ကူတာ မရှိပါဘူး။
သူများတွေ ဘာတွေလုပ်နေကြတာလဲ၊ ဟာမှားနေပြီ၊ ဒီလိုလုပ်ရမှာ။ အခက်အခဲမရှိ လူတိုင်းလုပ်နိုင်ကြပါတယ်။ ပြည်တွင်းမှာ စစ်အ စိုးရရဲ့ အမိန့်တခုခုကိုချိုးဖောက်ဖူးပါသလား။ အာခံဆန့်ကျင်ဖူးပါသလား။ဖြစ်လာမယ့်အကျိုးဆက်ကိုရော ခံစားဖို့သတ္တိရှိခဲ့ပါသ လား။ ကိုယ့်ကိုယ် ကို ပြန်မေးကြည့်ပါ။ ဘာမှလည်းထဲထဲဝင်ဝင်မသိ၊ ထဲထဲဝင်ဝင်မလုပ်ဖူးပဲနဲ့၊ ဘာကိုမှလည်း ပေးဆပ်အနစ်နာခံဖူး တာမရှိဘဲနဲ့ အဲဒီလို လုပ်ရပ်တွေကို ကိုယ်ကျိုးမဖက် လုပ်ကိုင်ရဲဝန့်သူတွေကို အကြောင်းယုတ္တိဘာမှရေရေရာရာမသိပဲ၊ ငါတို့ မှာ ပြောရေးဆိုခွင့်ရှိတာပဲ၊ ပြောသာပြောဆိုပြီး ပြောကြမယ်ဆိုရင် ဘယ်သူက အဲဒီအကျိုးရလဒ်တွေကို ဆွတ်ခူးစားသုံးမှာပါလဲ။ အ လွန် ရှင်းပါတယ်။ စစ်အာဏာရှင်တွေ သောသောလှုပ်လှုပ် ရယ်မောနေတော့မပေါ့။ လုပ်လိုက်လေ…..။
ကျနော် ပြောလိုရင်းကတော့ နိုင်ငံရေးမရှိကြတာပါပဲ။ တော်လှန်ရေးသဘောတရားအရပြောရင် “အဘိဓမ္မာ၏ ဆင်းရဲခြင်းပါပဲ။” ဟုတ်မဟုတ် ကိုယ့်ကိုယ်ကို ပြန်ကြည့်ပါ။ခေတ်ပေါ်နည်းပညာတွေအရ နိုင်ငံသားတိုင်း စာနယ်ဇင်းနယ်ကို ၀င်ရောက်ခွင့်ရ တဲ့ ခေတ်ကြီးကိုရောက်နေပါပြီ။ ဒါပေမယ့် သတိထားရမယ့်ကိစ္စက အဲဒီခေတ်ကို ဖောက်ပြန်သူတွေရော မဖောက်ပြန်သူတွေရော သုံးစွဲခွင့်ရှိနေတယ်ဆိုတာပါပဲ။ ကျနော်တို့ စဉ်းစားရမှာက အများပြည်သူအကျိုးစီပွားအတွက် အများဆုံးအသုံးချနိုင်ဖို့ပါ။
ခု ကျနော်တို့တွေ့နေရတာက စစ်အာဏာရှင်တွေကို ဆန့်ကျင်တိုက်ခိုက်နေကြသူတွေ၊ အထူးသဖြင့် နိုင်ငံရေးခေါင်းစဉ်အောက်မှာ လုပ်နေကြတဲ့ ပါတီတွေ၊ အဖွဲ့အစည်းတွေမှာ နိုင်ငံရေးချွတ်ခြုံကျမှုပါပဲ။ ဘာနိုင်ငံရေး သဘောတရားမှ လေ့လာသင်ယူထားတာ မရှိ ဘူး။ ယုံလည်း မယုံကြည်ဘူး။ ဘာကို ယုံကြည်တာလဲဆိုတာကိုလည်း ကိုယ့်ကိုယ်ကိုမသိဘူး။
သူများတွေ ဒီလိုပြောနေကြာပဲ။ ဒီလိုလုပ်ကြည့်ပါလား။ chat room တွေ Cbox တွေမှာ ပြောဆိုနေကြတာတွေနဲ့တင် တကယ့်နိုင် ငံရေးလို့ ထင်သူတွေကထင်။ ကျနော်တို့ တိုင်းပြည်ရဲ့ပြဿနာက တာဝန်ရှိမှုကိုနားမလည်ကြတာ၊ မျက်နှာလွှဲခဲပစ်လုပ်နေကြ တဲ့ ပြဿနာပါ။ ကျနော်တို့ တိုင်းပြည်ကို တကယ်တမ်းပြောင်းသစ်ချင်သူတွေ ရှိသလား။ ပြောင်းလဲရေးဖြစ်စဉ်မှာ တကယ်တန်းပါ ၀င်ကြည့်ပါ။ ကျုပ်တို့ ပိုက်ဆံစုပေးမယ်လေ။ ခင်ဗျားတို့ လုပ်ကြဗျာ။ ဒါမျိုးနဲ့တော့ နိုင်ငံရေးမလုပ်ချင်ကြပါနဲ့။ လုပ်လို့လည်း မရပါ ဘူး။ ကျနော်တို့ ပြည်သူတွေအားလုံးဟာ အချဉ်မဟုတ်ပါဘူး။ ဒီဆောင်းပါးကို မရေးချင်ပဲရေးနေရတာပါ။ ဒီကနေ့ KNU ဘာတွေ လုပ်နေသလဲ။ DKBA ခွဲထွက်တွေ ဘာလုပ်နေသလဲ။ စစ်အစိုးရကို ဘယ်လိုတုန့်ပြန်နေသလဲ။ မှန်သလားမှားသလား။ စဉ်းစားကြည့် ဖူးပါသလား။ ဒေါ်အောင်ဆန်းစုကြည်လုပ်မှ တိုင်းပြည်ပြောင်းလဲမယ်လို့ ဘယ်သူတွေထင်နေသလဲ။ ဒေါ်အောင်ဆန်းစုကြည်က သူ ယုံကြည်ရာသူလုပ်၊ အရေးကြီးတာက ဘယ်သူ့အကျိုးစီးပွားလဲ၊ ဘယ်သူ့အတွက် ရပ်တည်နေတာလဲ။ ကြည့်ပါ။ မြင်သာထင်ရှားဖြစ် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စစ်အာဏာရှင်တွေဘက်က ရပ်သွားပြီလား။ သေသေချာချာ လေ့လာအကဲဖြတ်ပါ။ အဲဒီလိုရပ် သွားတာသေချာတယ်ဆိုရင် ဆန့်ကျင်ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမြဲတမ်းမှန်ကန်နေမယ်လို့ ဘယ်သူကမှ အာမခံမထား ပါဘူး။
အောင်ဆန်းဦးဆိုတဲ့ ကျနော်တို့ လွတ်လပ်ရေးဖခင်ရဲ့သားကိုယုံမိရင် တိုင်းပြည်ဘာဖြစ်သွားမယ်ဆိုတာ လူတိုင်းသိလောက်ပါတယ်။ ဒါပေမယ့် လက်တွေ့ကျပါ။ ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နေသလဲ၊ လမ်းကြောင်းလွဲနေပြီလို့ ယူဆရင်ဝေဖန်ပါ၊ အကြံပြု ပါ။ ဒေါ်အောင်ဆန်းစုကြည် သိနိုင်တဲ့နည်းလမ်းတွေသုံးပြီး အသိပေးပါ။ သတိပေးပါ။ ဒါပေမယ့် ပွဲဆူလူသိ ငါကွဆိုတာမျိုးဟာ တကယ်တမ်း တိုင်းပြည်ကောင်းအောင် လုပ်ချင်သူတွေလုပ်တဲ့ အလုပ်မဟုတ်ပါဘူး။
အရေးကြီးတဲ့အသိက ငါခုအသက်အရွယ်အထိ တိုင်းပြည်နဲ့ပြည်သူလူထုအကျိုးစီးပွား ဘာတွေလုပ်ခဲ့ပြီလဲ။ မတရားတဲ့ စစ်အာ ဏာရှင်တွေရဲ့အောက်မှာ ငါ ဘာတွေအမှန်တရား တရားမျှတမှုဘက်က ရပ်တည်ပေးခဲ့ဖူးပြီလဲ။ (သူများရေးတာတွေကို စာပေစိ စစ်ရေးတင်ပြ၊ မလွတ်ရင် ဖြုတ်ပေး၊ လွတ်တာတွေထည့်၊ အနည်းအပါးဝေဖန် ကလိတာလောက်ကတော့ လူတိုင်းလုပ်နိုင်တဲ့ ကိစ္စ ပါ။) အဲဒီလိုလုပ်လို့ စစ်အစိုးရက ဖမ်းတာမှမဟုတ်တာ။ လွယ်ပါတယ်။ ပြောချင်တာက ကိုယ့်ဘ၀ကိုကိုယ်မမေ့ပါနဲ့၊ ကိုယ်ဘာလို့ စစ် အာဏာရှင်တွေရဲ့ အာဏာစက်အောက်က လွတ်မြောက်ထွက်ပြေးပြီး လွတ်မြောက်နယ်မြေလို့ခေါ်တဲ့ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုကင်းလွတ်တဲ့နေရာကို ထွက်လာခဲ့တာလဲ။ တိုင်း ပြည်အတွက် တကယ်တမ်းလုပ်ချင်ရင် ပြည်တွင်းမှာအတော်အတန် သြဇာ ရှိတဲ့ စာနယ်ဇင်းသမားတွေအနေနဲ့ လုပ်ပိုင်ခွင့်စည်းရုံးပြောဆိုခွင့်တွေ ရှိပါတယ်။ တော်လှန်ဆန့်ကျင်ကြဖို့ တိုက်တွန်းဆွေးနွေးလို့ရ ပါတယ်။ နောက်ခံသမိုင်းကြောင်းအရ စစ်အစိုးရကို တကယ်ဆန့်ကျင် (အများနဲ့ရောပါသူတွေမဟုတ်) အာခံသူမဟုတ်၊ မှတ်တမ်း ၀င်သူမဟုတ်ခဲ့ရင် စစ်အစိုးရက တော်ရုံတန်ရုံပြဿနာမရှာပါဘူး။ (သူတို့က တိကျ စနစ်ကျပါတယ်) လုပ်လို့ရပါတယ်။
အဲဒီလို ဘာလို့မလုပ်ခဲ့ပဲခုမှ သေရဲတာအလံနီကွ ဆိုတာမျိုး အန္တရယ်မရှိတဲ့နေရာမှာ ရဲရဲတောက်ကလောင်စွမ်းတွေ ပြနေတာပါလဲ။ ကျနော့ အနေနဲ့ဆိုရင်တော့ လက်နက်ကိုင်တော်လှန်နေသူတွေ၊ အကျဉ်းကျခံနေရသူတွေကို အလွန်အားနာမိမှာ အမှန်ပါပဲ။ ကိုယ် က ဘာမှမယ်မယ်ရရလုပ်ခဲ့တာမှမဟုတ်တာ။ ကံအကြောင်းလှလို့ ကလောင်လေးရခဲ့ blog ကလေးလုပ်ခဲ့ရလို့ မဟုတ်ပါလား။ ဘယ် သူတွေအတွက် ရပ်တည်မှာပါလဲ၊ သူခိုးဓားရိုးကမ်း မလုပ်စေချင်ပါဘူး။ အမှားကိုပြင်ဆင်တာဟာ ဘယ်အချိန်မှ နောက်ကျတယ်မရှိ ပါဘူး။ ကျနော် သိထားတာလေးတွေကို ကျနော့ဆောင်းပါးတွေမှာရေးပြဖူးပါတယ်။ “It’s easy to be wise after the event” ဆို သလို ဖြစ်ပြီးသွားတာတွေအတွက် အစကငါမပြောလားလုပ်ရတာ အလွန်လွယ်ကူပါတယ်။ တကယ်တန်း ခက်ခဲတဲ့ပြဿနာ တခု ကို ဖြေရှင်းဖို့ကြိုးစားရသူတယောက်အဖို့ တကယ်ရိုးသားမယ်ဆိုရင် အလွန်ခက်ခဲပင်ပန်းပါတယ်။ ဆုံးဖြတ်ချက်တွေဟာ အလုံးစုံမ မှန်နိုင်သလို အချိန်ကိုက်လည်း ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ကျနော်တို့အားလုံး ကိုယ့်အားကိုယ်ကိုးစိတ်ကိုမွေးကြရပါလိမ့်မယ်။ ကျနော် တို့ တိုင်ပြည်ရဲ့ကံကြမ္မာကိုခေါင်းဆောင်တဦးတည်း တယောက်တည်းလက်ကို ၀ကွက်မအပ်လိုက်ကြပါနဲ့။ ကျနော်တို့ ပြည်သူလူထု ကြီးဟာ ကိုယ့်တိုင်းပြည်ရဲ့ကံကြမ္မာကို ကိုယ်ကိုယ်တိုင် ပြုပြင်စီရင်ခွင့်ရှိပါတယ်။ အဲဒီအတွက် အင်အားလည်း ရှိပါတယ်။
ကျနော်တို့က “သင်း အာဏာရှင်တပ်သား သံမှုန့်စားမှ ဒို့ဓားတုံးမည်” ဆိုတဲ့ အောင်ပွဲတေးသံကို ပြိုင်တူညီညီသီဆို လိုက်ကြ ရအောင်ပါ။       ။
(ဒီဆောင်းပါးကို ရန်သူ/မိတ်ဆွေ စည်း သတိမမူမိသူများအတွက် သတိပေးရေးသားတာ ဖြစ်ပါတယ် “ခင်ဗျားတို့ ဒီ အတိုင်း ကြည့် နေတော့မှာလား” လို့ မေးခွန်းထုတ်လာကြသူတွေအတွက်လည်း ဖြစ်ပါတယ်။ ကျနော်တို့မှာ ရန်ငါစည်း အမြဲသတိ ရှိပါတယ် ။)
စိုးနေလင်း

Friday, April 29, 2011

ဒီပဲယင်းလုပ်ကြံမှုကြီးအပြီး ဆွေးနွေးပွဲကတိတွေလိုက်နာဖို့ စစ်အစိုးရဖက်ကပျက်ကွက်ခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြောပြီ

0 comments
ဒီပဲယင်းလုပ်ကြံမှုကြီးအပြီး ဆွေးနွေးပွဲကတိတွေလိုက်နာဖို့စစ်အစိုးရဖက်က ပျက်ကွက်ခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြောပြီ
ဧပြီ ၂၉၊ ၂၀၁၁ - အာရ်အက်ဖ်အေရေဒီယို ကောက်နုတ်ချက်
၂၀၀၃ မေလ(၃၀)ရက်နေ့မှာ ဖြစ်ပွါးခဲ့တဲ့ ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး၊ အဲဒီအရေး အခင်းနောက်ပိုင်း၊ ၂၀၀၄ ခုနှစ်မေလ အမျိုးသားညီလာခံပြန်မစမီကာလအတွင်း စစ်အစိုးရအာဏာပိုင်တွေ နဲ့ ညှိနှိုင်းဆွေးနွေးရရှိခဲ့တဲ့ သဘောတူညီချက်တွေကိုမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် က RFA ကို ပထမဦးဆုံးအကြိမ် ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။

  ဒီပဲယင်းအဖြစ်အပျက်အပြီး စစ်အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ NLDခေါင်းဆောင်တွေအကြား  လျှို့ဝှက် ဆွေးနွေးပွဲတွေအကြိမ်တော်တော်များများရှိခဲ့ပါတယ်။ ထိခိုက်နစ်နာသူတွေကို ထိုက်သင့်တဲ့နစ် နာကြေးပေးရေးအပါအ၀င် အချက်(၄)ချက်ကို အာဏာပိုင်တွေက သဘောတူညီခဲ့ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။
  “ ဒီပဲယင်းကိစ္စအပြီးမှာ အာဏာပိုင်တွေနဲ့တွေ့ဆုံစကားပြော သဘောတူညီမှုယူခဲ့တဲ့ အချက်တွေက  -
          ၁။  ဒီပဲယင်း အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးရန်။
၂။ အဲဒီဖြစ်စဉ်မှာ ထိခိုက်နစ်နာခဲ့သူတွေကို ထိုက်သင့်တဲ့ နစ်နာကြေးပေးရန်။
၃။ နောင်အခါမှာ ဒီလိုအဖြစ်အပျက်မျိုး ထပ်မံမဖြစ်ဖို့  နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန်။
၎။  ဒီပဲယင်းနဲ့ပတ်သက်လို့ အဖမ်းဆီးခံနေရသူတွေအားလုံးကို ပြန်လွှတ်ပေးရန်  …
ဆိုတာတွေဖြစ်ပါတယ်။” 
    ဒီပဲယင်းအရေးခင်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်  ကိုယ်တိုင်ပြောကြားချက်တွေကို မကြား ရသေးတဲ့အတွက် ပြောဆိုဝေဖန်မှုတချို့ပေါ်ပေါက်နေစဉ်အတွင်း RFA က အပတ်စဉ်ထုတ်လွှင့်နေ့တဲ့ လူထု နဲ့ဒေါ်အောင်ဆန်းစုကြည်အစီအစဉ်အတွက် သောတရှင်တဦးက မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေကြားလိုက်တာ ဖြစ်ပါတယ်။
  ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရနဲ့ အဲဒီလိုသဘောတူညီချက်တွေရရှိပြီးကာမှ အာဏာပိုင်တွေဖက်က ကတိ ဖျက်ခဲ့လို့ အမျိုးသားညီလာခံတက်ရောက်ရေးအပါအ၀င် သဘောတူညီမှုအားလုံး ပျက်ပြားခဲ့ရတယ်လို့ လဲ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
 “NLD ဘက်ကတော့ မိမိတို့ရွေးချယ်ထားတဲ့ကိုယ်စားလှယ်တွေကို အမျိုးသားညီလာခံလွှတ်ဖို့ သဘောတူလိုက်ပါတယ်။  ဒီအချက်အားလုံးကို နှစ်ဦးနှစ်ဖက်လက်ခံပြီးမှ အမျိုးသားညီလာခံစဖို့ ရက်အနည်း ငယ်လေးအလိုမှာ အန်တီ့ကို မလွှတ်ပေးဘူးပြောတာကစပြီး သဘောတူညီချက်တွေရောဆွေးနွေး တာတွေရော ပျက်သွားပါတယ် …”
၂၀၀၃ ခုနှစ် မေလက အထက်မြန်မာပြည် စည်းရုံးရေးခရီးစဉ်အတွင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးမှာ အာဏာပိုင်တွေရဲ့သြဇာခံလို့ လူအများကယုံကြည်ယူဆကြတဲ့ ဒုတ် ဓါး လက်နက်ကိုင် လူရမ်းကားအမြောက်အများကဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား NLD အဖွဲ့ဝင်တွေကို ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ ရာမှာ လူဒါဇင်ပေါင်းများစွာသေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကတော့ ယဉ်မောင်းသူရဲ့ကျွမ်းကျင်မှုကြောင့် အဲဒီတိုက်ခိုက်မှုက မိမိလွတ်မြောက်ခဲ့ကြောင်း  RFA ကိုပြောပါတယ်။
 “အတိုချုံးပြောရမယ်ဆိုရင်တော့ ကားမောင်းတဲ့လူငယ်က အင်မတန်မှကျွမ်းကျင်လို့ ဘယ်သူလို့ မှန်းရခက်တဲ့သူတွေက လမ်းကိုအတားအဆီးတွေနဲ့ ပိတ်ဆို့ဖို့ကြိုးစားနေတဲ့အထဲကနေပြီးတော့ဖေါက် ထွက်နိုင်ခဲ့တာဖြစ်ပါတယ်။”
  အခက်အခဲတွေမည်မျှရှိပေမယ့်လည်းနောက်မျိုးဆက်သစ်တွေရဲ့အကျိုးအတွက် မြန်မာနိုင်ငံမှာ အမျိုး သားပြန်လည်ရင်ကြားစေ့ရေးအောင်မြင်တဲ့အထိ မဆုတ်မရွံ့ ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။  ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး အပြည့်အစုံကို RFA က ဒီအပတ်ထုတ်လွှင့်မယ့် “လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှာ  နားဆင်ရမှာဖြစ်ပါတယ်။
(ရေဒီယိုအသံလွှင့်ချက်ကို ကောက်နုတ်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ဓာတ်ပုံက ၂၀၀၃ ခုနှစ်အတွင်းက သန်းရွှေနဲ့ဒေါ်စုတို့ တွေ့ဆုံခဲ့စဉ်က မှတ်တမ်းတခုဖြစ်ပါတယ်။ မိုးမခက အဆိုပါ အင်န်အယ်ဒီနဲ့ စစ်အစိုးရတွေ့ဆုံမှုများ၊ ပျက်ပြယ်မှုများကို သတင်းအယ်ဒီတာတဦးနဲ့ မိုးမခအင်တာဗျူးမှာ တင်ဆက်ခဲ့ဖူးပါတယ်။ သည်နေရာတွေမှာ ကြည့်ပါ။ =
http://moemaka.com/index.php?option=com_content&task=view&id=7701&Itemid=87 ယခုတော့ ဒေါ်စုကိုယ်တိုင်က အတည်ပြုပြောဆိုလိုက်ပါပြီ။ )

မြန်မာ့အရေး ကမ္ဘာ့အရေးတွေကို မူကြိုကနေ ကျောင်းပြန်တက်ကြပါ

0 comments

ကြာသာပတေးနေ့၊ ဧပြီလ ၂၈၊ ၂၀၁၁
မြန်မာ့အရေး ကမ္ဘာ့အရေးတွေကို မူကြိုကနေ ကျောင်းပြန်တက်ကြပါ

ဒေါက်တာလွဏ်းဆွေ အပိုင်း (၁) က စလွဲနေလို့၊ ကျန် အပိုင်းအားလုံးရဲ့ အလွဲတွေတော့ မပြောတော့ပါဘူး။  
စစ်အေးတိုက်ပွဲကာလတလျှောက်လုံး အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက မြန်မာပြည်ကဦးနုကို အထင်မကြီးဘူး။ ဦးနုဟာ တိုင်းပြည်ကိုနိုင်နိုင်နင်းနင်း မအုပ်ချုပ်နိုင်ဘူး။ ဦးနုလိုလူမျိုးနဲ့ စစ်အေးရဲ့အထွဋ်အထိပ်အချိန်မှာ၊ မြန်မာပြည်ဟာ ကွန်မြူ နစ်အောက် အချိန်မရွေးရောက်သွားနိုင်တယ်လို့ အနောက်အုပ်စုက သဘောထားခဲ့တာပါ။ အာဏာရှင်တွေ၊ ဒီမိုကရေစီအစိုးရတွေ ဆိုပြီး နိုင်ငံတွေကို စစ်အေးကာလမှာ အနောက်အုပ်စုကဂရုမစိုက်ဘူး။ ကွန်မြူနစ်ကိုတိုက်နေရင်၊ သူတို့က ထောက်ခံနေမှာပဲ။ အနောက်အုပ်စုက ဦးနေ၀င်းကိုပဲအထင်ကြီးတယ်။ သူ့ဟာသူ ဘယ်နည်းနဲ့ပဲ အုပ်ချုပ်၊ ဦးနေ၀င်းကမှ တိုင်းပြည်ကိုနိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်တယ်လို့၊ အနောက်က သဘောထားတယ်။ ဒါပေမယ့် ဦးနေ၀င်းက လည်တော့၊ အနောက်အုပ်စုရဲ့ တပည့်မွေး တာတော့မခံဘူး။ အမွေးခံလိုက်ရင် ဆရာဖြစ်တဲ့အနောက်အုပ်စုက သူ့ကိုမလိုချင်တော့တဲ့နေ့၊ သူဖြုတ်ပစ်ခဲ့တဲ့ ဗိုလ်ချုပ်မောင်မောင် တို့လို သူ့အောက်က ဗိုလ်ချုပ်တယောက်ယောက်ကိုမြှောက်ပေးပြီး၊ သူ့ကို ရှင်းပစ်လိုက်မှာဆိုတာ သူသိတယ်။ နမူနာတွေကလည်း ရှိပြီးသား။ ၁၉၆၀ အစောပိုင်းနှစ်တွေမှာ တောင်ဗီယက်နမ်မှာ အာဏာရှင် ငိုဒင်ဇင်၊ သူ့ညီ ငိုဒင်နုနဲ့ မဒမ်နု လင်မယားတို့ကို အမေရိ ကန်ကမွေးထားပြီး၊ မလိုချင်တော့တဲ့အခါကျတော့၊ သူ့အောက်က တောင်ဗီယက်နမ်စစ်တပ်က ဗိုလ်ချုပ်တွေကို မြှောက်ပေးပြီး အာဏာသိမ်းခိုင်းရုံတင်မက အသေပါသတ်ခိုင်းလို့၊ တောင်ဗီယက်နမ်မှာ ငိုဒင်ဇင်တို့ဆွေမျိုးတသိုက် အသတ်ပါခံရပြီး၊ ဗိုလ်ချုပ်ကြီး ငုယင်ဗန်သီယူး အာဏာသိမ်းထားလိုက်တာ၊ ၁၉၇၅ မြောက်ဗီယက်နမ်ကို စစ်ရှုံးတဲ့အထိပဲ။

အဲဒီတုန်းက အမေရိကန်အစိုးရမှာ စစ်အေးကာလမှာ ကိုယ့်ဘက်ကလူပဲဖြစ်ဖြစ်၊ စိတ်ကြိုက်မဟုတ်တော့ရင် လုပ်ကြံရှင်း လင်းရေးဆိုတဲ့ပေါ်လစီရှိတယ်။ ရန်သူဘက်ကိုလည်း လုပ်ကြံတာပဲ။ ကွန်ဂိုက ကွန်မြူနစ်သမ္မတ ပက်ထရစ်လူမန်းဘားကို စီအိုင်အေ လုပ်ကြံခဲ့တယ်။ ချေဂွေဗားရားကို ဘိုလီဗီးယားစစ်တပ်က အရှင်မိတော့လည်း၊ ချက်ချင်းမသတ်ပဲ တရားရုံးတင်သေဒဏ်ပေးရင် ရသားနဲ့၊ နိုင်ငံတကာမှာ သူရဲကောင်းလိုဖြစ်နေတဲ့ချေဂွေဗားရား ခွေးသေ၀က်သေ သေရတယ်ဆိုတာ ကမ္ဘာကိုပြဖို့ စီအိုင်အေက ဘိုလီဗီးယားစစ်တပ်ကို ချေဂွေဗားရားကိုဖမ်းချုပ်ထားတဲ့ တောထဲကစစ်စခန်းထဲမှာတင် သေနပ်ပစ်တပ်ဖွဲ့နဲ့သတ်ခိုင်းခဲ့တာပဲ။ ချေဂွေ ဗားရားအစစ်ဆိုတာ သက်သေထူနိုင်ဖို့၊ ချေရဲ့လက်တဘက်ကို ဖြတ်ယူလာခိုင်းပြီး၊ ကျန်တဲ့ခန္ဓာကိုယ်ကို တောထဲမှာပဲမြှုပ်ခိုင်းခဲ့တယ်။ ဦးနေ၀င်းက ဒါတွေကို နောကြေနေလို့ သူ့ဟာသူ ဗကပကိုတိုက်ပေမယ့်၊ အနောက်က လာလုံးတာကိုတော့ မခံဘူး။ တိုင်းပြည် အတွက် စဉ်းစားတာတော့ မဟုတ်ပါဘူး။ သူ့အတွက်ပါ။  
ဦးနုကြီး ၁၉၇၄ မှာ လက်နက်ကိုင်တော်လှန်ရေးမအောင်မြင်လို့၊ အမေရိကားမှာ ခိုလှုံခွင့်တောင်းတာမှာ၊ ဒီနေ့ အမေရိကားမှာ မြန်မာဆိုရင်ချီးပေါသေးပေါ ပေးနေတဲ့၊ ခိုလှုံခွင့်၊ ဦးနုကို အမေရိကန်က မပေးဘူး။ ဦးနေ၀င်း ငြိုငြင်မှာစိုးလို့။ ဦးနုက သူ့ကိုအမေ ရိကန်က လက်မခံတော့၊ လက်ခံတဲ့ အိန္ဒိယမှာသွားနေရတာပဲ။ တခါ ဦးနုက နိုင်ငံရေးမလုပ်တော့ဘူး ဘာသာရေးပဲလုပ်မယ်ဆိုပြီး၊ ၁၉၈၀ အစောပိုင်းမှာ ပိဋိကတ်သုံးပုံ အင်္ဂလိပ်လိုဘာသာပြန်ဖို့ နိုင်ငံခြားခရီးထွက်တယ်။ အမေရိကန်သွားဖို့ ဗီဇာလျှောက်တော့၊ ရန်ကုန် အမေရိကန်သံရုံးက ထောက်လှမ်းရေးမျက်မှန်တင်ဦးကတဆင့်၊ ဦးနုကို ဗီဇာပေးလိုက်ရမလားလို့။ ဦးနေ၀င်းကို မေးခိုင်း တယ်။ ဦးနေ၀င်းက ပေးလိုက်ပါဆိုမှ၊ ဦးနု ဗီဇာရသွားတာ။ ဦးနေ၀င်းက ဘယ်သူမဆို နိုင်ငံခြားထွက်ပြီး သူ့ကိုပုန်ကန်ရင် သိပ်ကြိုက် တယ်။ ပြည်တွင်းမှာ ပုန်ကန်ရင် ဖမ်းရဆီးရထောင်ချရနဲ့၊ သူ့မှာ နံမည်ပျက်တယ်။ နိုင်ငံခြားထွက် သူ့ကိုပုန်ကန်ဖို့လုပ်ရင် ပထမ စားတ်နေရေး ရပ်တည်ရေးလုံးပမ်းရတဲ့ နေရာမှာတင်၊ ပြဿနာတွေ စတွေ့မယ်။ နောက်ပြီးရင် မြန်မာပီပီ တယောက်နဲ့တယောက် ဆရာကြီးလုပ်ရင်း ကွဲကြပြဲကြနဲ့၊ နောက်ဆုံးတော့ ပုန်ကန်မယ့်သူတွေ သူ့ကိုမပုန်ကန်နိုင်ပဲ ပြည်ပမှာပဲ လုံးပါးပါးသွားကြမယ်ဆိုတာ၊ ဦးနေ၀င်းသိပြီးသား။ ဂျပန်ပြန် ဦးနေ၀င်းက ဒါတွေ ဖြတ်သန်းခဲ့ပြီးပြီ။ တရုတ်ပြည်အမွိုင်မြို့မှာ သောင်တင်နေတဲ့ သခင်အောင်ဆန်းနဲ့ သခင်လှမြိုင်တို့ လုံးပါးပါးခါနီး၊ ဂျပန်စစ်တပ်က လာခေါ်သွားလို့သာ၊ ဟန်ကျသွားတာ ဦးနေ၀င်းက သဘောပေါက်ပြီးသား။ 

ဒါကြောင့် စစ်တပ်ကြီးတခုခု နိုင်ငံအစိုးရတခုခုက ကျောထောက်နောက်ခံပေးမယ့် ပုန်ကန်လိုသူတွေမဟုတ်ရင် (ဒီနေ့ ထိလည်း ဒါမျိုးသူပုန်မရှိခဲ့ပါ)၊ မြန်မာနိုင်ငံထဲက ကြိုက်သလောက်ထွက်။ ဦးနေ၀င်းက ကြိုက်တယ်။ ရှစ်လေးလုံးကာလ ကျောင်း သား ငါးသောင်းလောက် မြို့ကြီးမြို့ငယ်တွေကနေ ထိုင်းနယ်စပ်ကိုတောခိုနေကြတာ ဒီအတိုင်းလွှတ်ပေးထားတာပဲ။ နှစ်နည်း နည်းကြာလာရင် ဒီကျောင်းသားတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ၊ ဦးနုရဲ့ လက်နက်ကိုင်တော်လှန်ရေးလိုပဲ ဖြစ်သွားမှာပဲဆို တာ၊ ဦးနေ၀င်းလို လူလည်ကြီးရဲ့ တပည့်ဗိုလ်ချုပ်တွေက အဲဒီတုန်းက မသိပဲနေပါ့မလား။ ဒါကြောင့် ကျောင်းသားတွေ တောခိုဘို့ သွားနေရင်း လမ်းမှာအဖမ်းခံကြရတယ်ဆိုတာ မရှိသလောက်ပဲ။ တောခိုကျောင်းသားမှန်သမျှ သေဘောပိုးလို တနေရာရာ လောက်တော့ ရောက်သွားကြတာချည့်ပဲ။ ဒီကျောင်းသားတွေ မြို့ပေါ်မှာဆန္ဒတွေပြနေကြလို့၊ ပစ်ခတ်ဖြိုခွင်းတော့ လူမြင်ကွင်းမှာ သေကုန်ကြတော့၊ ဦးနေ၀င်းမှာ နိုင်ငံရေးအရရှုံးတာပေါ့။ စစ်ပညာမတတ်တဲ့ ကျောင်းသားတပ်ကို တောထဲမှာအလွယ်တကူရှာပြီး ချေမှူန်းလိုက်တာက၊ တိုင်းပြည်ကမသိ၊ ကမ္ဘာကမသိပဲ သတ်ခွင့်လိုင်စင်ရထားတာမျိုး။ ဦးနေ၀င်းက ဒါမျိုးကြိုက်တာ။ ဦးနု ကိစ္စပြန်ဆက်ရရင် လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့တဲ့ ၁၉၆၉- ၁၉၇၄ တုန်းကလည်း အမေရိကန်က ဦးနုကိုထောက်ခံတာမဟုတ်၊ တပြားမှလည်း ပေးတာမဟုတ်။ Nation သတင်းစာထုတ်ခဲ့တဲ့ ဦးလောရုံက သူနဲ့သိတဲ့ ကနေဒါသတ္ထုတွင်းပိုင်ရှင်တယောက်ကို ဦးနုရဲ့တော်လှန်ရေးအောင်မြင်ရင် မြန်မာပြည်မှာ သူ့ကိုပဲသတ္ထုရှာခွင့်ပေးမယ်။ တခြားနိုင်ငံခြား ကုမ္ပဏီတွေကို ရှာခွင့်မပေးဘူးဆိုတဲ့ မစားရ၀ခမန်းကတိနဲ့၊ ဒေါ်လာ ၂ သန်းလောက်ရအောင် တောင်းနိုင်ခဲ့တာပဲရှိတယ်။ ဦးနု လက်နက်ကိုင်တော်လှန်ရေးလုပ်တဲ့ အချိန်မှာ၊ အမေရိကန်ကို စိတ်ကောက်နေတဲ့ ဦးနေ၀င်းကို၊ အမေရိကန်က လိုက်ချော့နေတယ်လေ။ စစ်လက်နက်ပစ္စည်းတွေ ရဟတ် ယာဉ်တွေ အတင်းလိုက်ပေးနေတယ်။ ဒါတွေကို အခု ဗွီအိုအေက စနေနေ့တိုင်းလွှင့်နေတဲ့ စစ်သားစကားပြောခန်းကနေ စစ်ဗိုလ်ဟောင်းတွေ ပြန်ပြောပြနေပြီ။   

ဦးနုကို အမေရိကန်နဲ့ အနောက်အုပ်စုက ဘယ်တုန်းကမှအထင်မကြီးဘူး။ ၁၉၈၀ အစောပိုင်း အမေရိကန်ဗီဇာရလို့ ပိဋိကတ် သုံးပုံ အင်္ဂလိပ်လိုဘာသာပြန်ဖို့ အမေရိကားရောက်လာတော့လည်း၊ ဦးတင်မောင်ဝင်းတို့က ဦးနုကို နိုင်ငံရေးပြန်လုပ်ဖို့ပြောကြတော့၊ ဦးနုက ခါးခါးသည်းသည်းပဲ ငြင်းခဲ့တယ်။ သူ့အခြေအနေ သူသိလို့။ ဦးတင်မောင်ဝင်း ဒါတွေ သူ့စာအုပ်ထဲရေးထားတာပဲ။ ဒါကြောင့် ဦးနု ရှစ်လေးလုံးမှာအစိုးရဖွဲ့တော့ ၀ိုင်းမထောက်ခံကြလို့၊ ဦးနုအစိုးရကို နိုင်ငံခြားအစိုးရတွေက အသိအမှတ်မပြုကြဘူးလို့၊ ပြောနေ တဲ့သူတွေကို ရီချင်တယ်။ ကိုယ့်တိုင်းပြည်ထဲမှာသာ လွတ်လပ်ရေးရအောင်လုပ်ခဲ့တဲ့ ခေါင်းဆောင်တဦး၊ နောက်ဆုံး တရားဝင် ၀န်ကြီးချုပ်ဆိုပြီး ကိုယ့်တိုင်းသူပြည်သားတွေက သဘောထားတာ။ စစ်အေးကာလမှာ ဦးနုလိုလူမျိုးကို အနောက်အုပ်စုက ဦးလူပေါ လို့ သဘောထားတာ။ ဘယ်လိုလုပ် ရှစ်လေးလုံးမှာသူအစိုးရဖွဲ့တာကို နိုင်ငံတကာကအသိအမှတ်ပြုမှာလဲ။ ဦးနုက ဘာမပြော ညာမပြော ဘယ်သူ့မှမတိုင်ပင်၊ သူဖွဲ့လိုက်တဲ့ အစိုးရအဖွဲ့ဝင်တွေကိုတောင် အသိမပေးပဲလုပ်ချလိုက်တော့၊ အဲဒီ ဦးနုအစိုးရအဖွဲ့ ထဲကနေ ဦးနုကိုမျက်နှာနာနေတဲ့ ဦးဝမ်ကိုဟောကြီးကလွဲရင်၊ ရှေ့ကြောင်းနောက်ကြောင်း အခြေအနေအရပ်ရပ်ကို နားလည်နေတဲ့ လူတွေက ဦးနုဆီက အကုန်ပြေးကုန်ကြတာပဲ။ သတ္တိမရှိလို့မဟုတ်ဘူး။ ဦးလူပေါ အစိုးရအဖွဲ့ထဲ ပါလို့မဖြစ်ဘူးဆိုတာသိကြလို့။

တကယ်တမ်းမှာ ရှစ်လေးလုံးကနေ အပြောင်းအလဲဖြစ်အောင်၊ ဘယ်သူက အောင်အောင်မြင်မြင် ဦးဆောင်နိုင်မှာလဲ၊ ရှစ်လေး လုံးလဲမအောင၊် ဦးနေ၀င်းအစိုးရကတော့ပြုတ်ကျနဲ့၊ ဗကပတွေ အာဏာရသွားနိုင်တာကို၊ အမေရိကန်ကကြောက်တာပေါ့။ ရှစ်လေး လုံးစတာနဲ့ ကွန်မြူနစ်တွေ ဒေါ်စုနား သွားကပ်ကုန်ပြီဆိုတာ သူတို့လဲသိတာပဲ။ ဒါကြောင့် အဲဒီတုန်းက အမေရိကန်က (မနှစ်က ကွယ် လွန်သွားတဲ့) အောက်လွှတ်တော်အမတ် စတီဗင်ဆိုလာ့ဇ်ကိုလွှတ်ပြီး ဒေါက်တာမောင်မောင် အပါအ၀င် ဦးနုတို့ ဦးအောင်ကြီးတို့ ဒေါ်စုတို့နဲ့ လာစကားပြောပြီး တောက်ကြည့်ခဲ့တာပေါ့။ စတီဗင်ဆိုလာ့ဇ်က အဲဒီတုန်းက အမေရိကန်အောက်လွှတ်တော်ရဲ့ အာရှနဲ့ပစိ ဖိတ်ဆိုင်ရာ နိုင်ငံခြားရေးရာဆပ်ကော်မတီရဲ့ဥက္ကဌ။ သူ့အလုပ် သူလာလုပ်တာပေါ့။ သူက အမေရိကန်လွှတ်တော်က ယုံယုံကြည် ကြည်နဲ့ခိုင်းခဲ့လို့ မြောက်ကိုရီးယား ကင်အီဆွန်း၊ အီရတ် ဆဒမ်ဟူစိန်တို့နဲ့ပါ သွားစကားပြောဘူးတဲ့လူ။ မြန်မာပြည်က ရှစ်လေးလုံး အချိန် အခြေအနေမှန်ကို သဘောပေါက်လာခဲ့တာပေါ့။ အမေရိကန်အောက်လွှတ်တော်ကိုပြန်ပြီး အစီရင်ခံတာက၊ ဘယ်သူမှ မြန်မာပြည်မှာ ရှစ်လေးလုံးလှုပ်ရှားမှုကနေ အပြောင်းအလဲဖြစ်လာအောင် တကယ်တမ်းခေါင်းမဆောင်နိုင်ဘူး။ ဦးနုတို့ ဒေါ်စုတို့ အာဏာရရင် သိပ်မကြာဘူး၊ ကွန်မြူနစ်တွေပဲ အာဏာလက်ပြောင်းယူသွားလိမ့်မယ်။ ဒေါ်စုကတော့ အတွေ့အကြုံဘာမှမရှိလို့။ ဦးနု ကတော့ ထုံးစံအတိုင်းညံ့လို့။ ဦးအောင်ကြီး အာဏာရရင်တော့ ကွန်မြူနစ် မတက်နိုင်ဘူး။ ဒါပေမယ့် ဦးအောင်ကြီးကို မြန်မာပြည် ထဲမှာ ဘယ်သူမှမထောက်ခံဘူး။ ဒါကြောင့် အမေရိကန်က ဘာမှသွားမရှုပ်နဲ့၊ ငြိမ်ငြိမ်လေးပွဲကြည့်ပရိသတ်သာလုပ်၊ စစ်အေး ကာလမှာ မြန်မာစစ်တပ်က အမေရိကန်ဘက်ကရှိနေဖို့လိုတယ်လို့ စတီဗင်ဆိုလာ့ဇ်ကအစီရင်ခံခဲ့တာ။ အဲဒီအချိန်မှာ မြန်မာစစ် ဗိုလ်တွေရာနဲ့ချီပြီး အမေရိကန်မှာသင်တန်းအမျိုးမျိုးတွေတက်နေကြတာ ငါးနှစ်လောက်ရှိနေပြီ။ စက်တင်ဘာ (၁၈) ရက် အာဏာ သိမ်းပြီးမှ၊ ဒီ မြန်မာစစ်ဗိုလ်တွေကို အမေရိကန်ကနေ အကုန်နှင်ထုတ်လိုက်တာ။ အာဏာသိမ်း ဗိုလ်ချုပ်စောမောင်အစိုးရပြောတဲ့ ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတာကို စောင့်ကြည့်ဦးမယ်ဆိုပြီးတော့ စစ်တပ်ချင်းဆက်ဆံရေးကို အမေရိကန်အစိုးရနဲ့ လွှတ် တော်ကရပ်ပစ်လိုက်တာ။ အမေရိကန်စစ်တပ်ကမရပ်ချင်ဘူး၊ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးဆက်ရှိချင်တယ်။ စစ်အေးက အဲဒီအချိန် ဘယ်ဘက်ကနိုင်မယ်ဆိုတာ ဘယ်သူမှမသိသေးဘူး။ ဆိုဗီယက်ယူနီယံက ၁၉၉၁ ကျမှ ပြိုကွဲတာ။ ရှစ်လေးလုံးအချိန် ဦးနုအစိုးရကို ပြည်တွင်းမှာဝိုင်း မထောက်ခံခဲ့ကြလို့၊ သူအစိုးရဖွဲ့တာကို နိုင်ငံတကာရဲ့ထောက်ခံမှုမရခဲ့တာဖြစ်တယ်၊ ဦးနုအစိုးရကို နိုင်ငံတကာ ကထောက်ခံပြီး အသိအမှတ်ပြုခဲ့ကြရင် အဲဒီမှာပွဲပြီးသွားပြီလို့ ပြောနေကြသူတွေ၊ တော်ကြပါတော့လို့ပဲ ပြောပါရစေတော့။ မြန်မာ့အရေးကမ္ဘာ့အရေးတွေကို မူကြိုကနေကျောင်းပြန်တက်ကြပါဦး။ 

Ronny Nyein
Group Mail မှ ရရှိပါသည်။

Thursday, April 28, 2011

“စစ်မြေပြင်မှပုံရိပ်များ”(အပိုင်း ၈)မျိုးမြင့်ချို

0 comments
“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း ၈)
“စစ်မြေပြင်မှပုံရိပ်များ”(အပိုင်း ၇)အာရ်အက်ဖ်အေအပတ်စဉ်အလံလွှင့်
အစီအစဉ်ကနေ ၄လပိုင်း၂၇ရက်၂ဝ၁၁နေ့မှာ ထုတ်လွှင့်ခဲ့တဲ့အသံလွှင့်
ဆောင်းပါးဖြစ်ပါတယ်။ 
ဘယ်လောက်ကြာအောင် အိပ်ပျော်သွားလဲတော့မသိပါဘူး။ “ဝုန်း” ကနဲ လက်နက်ကြီး သံတချက်နဲ့အတူ လန့်နိုးသွားပါ တယ်။ မြေကြီးတောင် တုန်သွားတယ်မှတ်တာပါပဲ။ နောက်တော့ သေနတ်သံတွေ။ ခေါင်းပေါ်က ကျော်ကျော်သွားတဲ့ လက်နက်ကြီး ကျည်သံတရွှီရွှီ ၊ သေနတ်ပြောင်း ကမီးပွင့်တွေ၊ လားတွေမြင်းတွေလန့်ပြီး ဟီသံရုန်းသံတွေ၊ ပေါ်တာတွေ ကြောက်လန့်တကြား နဲ့အော်သံဟစ်သံတွေ၊ ရဲဘော်တွေရဲ့ ဆဲသံဆူသံတွေ စစ်ကြောင်းမှူးနားက ဆက်သွယ်ရေးစက်က တီတီ..တီတီတွေ အားလုံးရှုပ်ရှက် ခတ်နေတော့တာပါပဲ။

           ကျနော်လည်းလူးလဲထ သေနတ်ကောက်ဆွဲပြီး ပေါ်တာတွေဘက်ကြည့်လိုက်တယ်။ ပေါ်တာတွေကတော့ အပင်ကြီးတ ပင်အောက်မှာ ပုနေကြပြီး လားတွေတော့ဘယ်ရောက်ကုန် တယ်မသိတော့ဘူး။ လားကုန်းတွေတော့ ဖရိုဖရဲနဲ့မြေကြီးပေါ်မှာ။  ကျနော်လည်း သူတို့နား ဝင်ထိုင်လိုက်ပြီး လက်နက်ကြီးကျည်တွေ ကိုယ်တွေဘက်ကိုကျနိုင်/မကျနိုင်ကို တွက်ကြည့်မိတယ်။ ခနနေတော့ ထောက်လှမ်းရေး ဆာဂျင် ရောက်လာပြီးဒီနားမနေဖို့၊ လက်နက်ကြီးကျနိုင်စရာရှိကြောင်းပြောပြီး နေရာရွှေ့ခိုင်းတယ်။ ကျနော်လည်း အောက်ချထားတဲ့ လားကုန်းပေါ်က ပစ္စည်းတွေကိုဖြည်ချ။ ပေါ်တာတွေကိုပေးတန်တာပေး။ ကိုယ်လည်းနိုင် သလောက်သယ်။ နေရာရွှေ့ဖို့ ကမန်း ကတမ်းလုပ်ရတော့တာပေါ့။

ပထမနေရာနဲ့ ကိုက် ၁ဝဝ လောက်ဝေးတဲ့၊ ကျည်လွတ်မယ်ထင်တဲ့နေရာကို ရွှေ့ရတာပါ။ သေနတ်သံတွေ၊ အော်သံ ဟစ်သံတွေကလည်း ကျနော်ပထမနေခဲ့တဲ့နေရာနဲ့ ပိုနီးနီးလာနေတယ်။ လူလည်းဟိုက်နေပြီ။ ပစ္စည်းတွေကများတော့ တို့လို့ တွဲလောင်း မနိုင်မနင်းတွေဖြစ်ပြီး ပြုတ်ကျတာတွေပြုတ်ကျနဲ့။ ပေါ်တာတွေကို ဒီမှာနေခဲ့လို့ပြောပြီး ပထမနေရာမှာကျန်ခဲ့တဲ့ ပစ္စည်းတွေ ပြန်သယ်မယ်ဆိုပြီး ထွက်ချလာတော့ လမ်းတဝက်လောက်ပဲမှာ နေ့လည်က လီရှောပေါ်တာကြီးခေါင်းကို ကာဘိုင်ဒင် နဲ့ဆောင့်ခဲ့တဲ့ လက်ဖြောင့်တပ်စိတ်မှူးနဲ့တိုးမိတယ်။ သူက “ကိုဘီအီး..ဘယ်တုန်း” မေးလို့ ကျနော်က “ကျန်တာတွေသွားသယ်မလို့” လို့ပြောတော့ သူက “မသွားနဲ့တော့ ရန်သူက အဲဒီနား ရောက်နေပြီ။ ကျနော်အဲဒီသွားမလို့၊ လစ်တော့..လစ်တော့” ဆိုပြီးဆက်ထွက် သွားတယ်။ ကျနော်လည်း ချက်ချင်းပဲပြန်လှည့်ချလာတယ်။ လက်နက်ကြီးမှန်ပြီး သစ်ပင်ကြီးကသစ်ကိုင်းတွေ တဖြောင်းဖြောင်းနဲ့ ကျိုးကျသံတွေလည်းကြားနေရတယ်။ တော်ပါသေးရဲ့ ဒီနားသာ ဆက်နေ မိလို့ကတော့ အခုလောက်ဆို ငါရော ပေါ်တာတွေ ပါ သေလောက်ပြီလို့ တွေးမိလိုက်သေးတယ်။

ကျနော့်နေရာပြန်ရောက်တော့ ခွဲမှူးတွေကို စကားပြောစက်နဲ့ပြောနေတဲ့ စစ်ကြောင်းမှူးအသံကြားရတယ်။ ကျနော်တို့ဆီကို လည်း တပ်စုမှူးတယောက်ကလာပြီး အမြင့်ပိုင်းကိုတက်သွားဖို့ပြောတယ်။ ဒါနဲ့ကျနော်လည်း ပေါ်တာတွေကိုပြောပြီး အပေါ်ဘက် အမြင့်ပိုင်းဆီ ဆက်တက်ချသွားတယ်။ နောက်မှာတော့ ချနေကြတာ မီးကုန်ယမ်းကုန်ပဲ။ ဆူညံနေတာပဲ။ တချက်တချက် ကျနော် တို့ခေါင်းပေါ်ကကျော်သွားတဲ့ လက်နက်ကြီးကျည်တွေကလည်း ရွှီးကနဲ ရွှီးကနပဲ။ ရှေ့မှာ ကျကွဲတဲ့အသံတွေလည်း နားကွဲမတတ် ပါပဲ။ ခနနေတော့ ကျနော် တို့အမြင့်ပိုင်းကိုရောက်လာပြီ။ ကျည်ကွယ်မျက်ကွယ် ဖြစ်မယ်ထင်တဲ့နေရာရွေးပြီး ပေါ်တာတွေကိုနေရာ ချ၊ ပစ္စည်းတွေလက်နဲ့စမ်းပြီးပြန်စစ်။ အမောလေးနည်းနည်းဖြေပေါ့လေ။ ကျန်တာတွေတော့ကျန်ခဲ့ပါပြီ။ ကျနော်တို့နောက်က တက် လိုက်လာတဲ့ စစ်ကြောင်းရုံးအဖွဲ့တွေနဲ့ အဲဒီမှာ ပြန်ဆုံမိကြတယ်။

အဲဒီနေရာကနေပဲ လက်နက်ကြီးတွေချက်ချင်းဆင်။ တလုံးပြီးတလုံးချတော့တာပါပဲ။ ပေါ်တာတွေကို မကြောက်နဲ့ဘာညာ သာ ပြောနေရတာ ကျနော်ကိုယ်တိုင်လည်းလန့်တော့ တော်တော်လေးလန့်နေတယ်။ ဘာဖြစ်မယ်မှန်းလည်းမသိဘူး။ လကလေးက နည်းနည်း သာနေလို့ပဲ။ နို့မို့ဆိုပြဿနာ။ အဲသလို တညလုံးနီးနီးပစ်ကြခတ်ကြ။ တော်ကြာနေ ကျားတက်ထိုးသံတွေကြား လိုက်၊ ပြန်ပျောက်သွားလိုက်။ ပြန်ကြားလိုက်။ အော်သံတွေထဲမှာ တချက်တချက် “ဟေ့ လက်နက်ချ လက်နက်ချ လက်နက်ချရင် မသတ်ဘူးကွ” ဆိုသံလည်း တချက်တချက် ကြားရတယ်။ ဘယ်ဘက်က အော်တာလဲ။ ကျနော်တို့ဘက်ကလား၊ ဟိုဘက်က လားတော့ မသေချာဘူး။

အဲသလိုနဲ့ တညလုံးချနေလိုက်တာ မနက် ၄ နာရီလောက်ရှိတော့ လက်နက်ငယ်သံတွေကျဲကျဲသွားတယ်။ လက်နက် ကြီးတွေလည်း သိပ်မလာတော့ဘူး။ တိုက်ပွဲတော့ပြီးလောက်ပြီထင်ရဲ့ လို့စိတ်ထဲမှတ်လိုက်တယ်။ ခနနေတော့ ဒဏ်ရာရသူတွေကို သွားဆွဲ၊ အလောင်းတွေသွားကောက်နဲ့ အားလုံးရှုပ်ရှက်ခတ်နေပါတော့တယ်။ ကျနော့်ကိုလည်း ဆေးတပ်သားနဲ့အတူ ဝင်ကူပေးဖို့ ပြောတာနဲ့ ကူရသေးရတယ်။ မိုးလင်းလို့ လူလုံးကွဲလာချိန်မှာတော့ လက်နက်ကြီး/ငယ်အသံတွေလည်းတိတ်သွားပြီ။ ဒီတော့မှ ကျနော်လည်း ညက ကျန်ခဲ့တဲ့ပစ္စည်းတွေ သွားကောက်မယ်ဆိုပြီး သစ်ပင်ကြီးဆီပြန်လာတယ်။ သစ်ပင်အောက်ရောက်တော့ ဆေး တပ်ကြပ်ကြီးက “အတော်ပဲ.. ကိုဘီအီး၊ ဒီမှာ နည်းနည်းကူဦး” ဆိုတာနဲ့ သူ့လက်ထဲကသေနတ်ကို လှမ်းယူလိုက်တယ်။ သူက ခါးကြားက လှံစွပ်ကိုဆွဲထုတ်လိုက်ပြီး ကျိုးကျနေတဲ့ သစ်ကိုင်းတွေကို ရှင်းလိုက်တယ် ဆိုရင်ပဲ သစ်ကိုင်းတွေအောက်မှာ အလောင်းတလောင်း။

အလောင်းရဲ့ ကိုယ်တပိုင်းက ပစ်ကျင်းထဲမှာ၊ တပိုင်းကကျင်းနှုတ်ခမ်းပေါ်မှာ။ ကျနော်လည်း ဘယ်သူပါလိမ့် ဆိုပြီး သေသေချာချာ ကြည့်လိုက်တော့မှ လက်ဖြောင့်စိတ်မှူး။ လီရှောကြီးခေါင်းကို သေနတ်ဒင်နဲ့ဆောင့်ခဲ့တဲ့သူ။ သေနတ်မရှိတော့ ဘူး။ ခါးမှာလည်း ကျည်ခါးပတ် မရှိတော့ဘူး။ ပါသွားပြီ။ ဆေးတပ်ကြပ်ကြီးက အလောင်းကိုအပေါ်ကိုဆွဲတင်တာ အလောင်းကပါမ လာဘူး။ ၂ ကြိမ်လောက်အဲသလို ဖြစ်နေတယ်။ ထပ်လည်းကြည့်လိုက်ရော လက်တဘက်က မြေပေါ် ပေါ်နေတဲ့သစ်မြစ်ကို တအား ဆုပ်ထားတာကိုး။ တပ်ကြပ်ကြီးက သစ်မြစ်ကိုဆုပ်ထားတဲ့လက်က လက်ဆစ်တွေကိုလှံစွပ်နဲ့ ဇတ်-ဇတ်.နဲ့ သုံးလေးချက်ခုတ်ချ လိုက်တော့မှပဲ လက်ဆုပ်ကပြည်သွားတယ်။ အလောင်းကိုကျင်းပေါ်ဆွဲတင်ပြီး ဒဏ်ရာတွေစစ်ကြည့်တယ်။ ပေါင်းရင်းနဲ့ လက်မောင်း မှာ ထိထားတာတွေ့ရတယ်။ သွေးတွေရွှဲနေတာမှန်ပေမယ့် သေလောက်တဲ့နေရာ တချက်မှထိမထားဘူး။ ခေါင်းကို ဆွဲလည်းလှန် လိုက်ရော သူ့ခေါင်းနောက်ပိုင်းကြီး တခုလုံးကြေမွပြီး အထဲကိုချိုင့်ဝင်နေတာ တွေ့လိုက်ရပါတော့တယ်။

လက်စသတ်တော့ သေနတ်မှန်လို့ သေတာမဟုတ်ပဲ ခေါင်းကိုအထုခံရလို့သေတာဖြစ်နေပါလား။ ပေါင်နဲ့လက်ကိုအရင်မှန် မယ်။ ထ မပြေးနိုင်ဘဲ ပစ်ကျင်းထဲကနေခံပစ်နေမယ်။ အဲဒီအချိန်မှာ တဘက်က ကျားထိုးတက်လာ၊ ဝင်လုံးပြီး၊ သေနတ်လု၊ ပြီးတော့မှ မသေမချင်း ခေါင်းကို သေနတ်ဒင်နဲ့ထုသတ်လိုက်တာ ဖြစ်မယ်လို့ထင်ပါတယ်။ ပစ်ကျင်းက သေကျင်းဖြစ်သွားပါပေါ့လား။ အလောင်းကိုကြည့်ရင်း လီရှောကြီးမျက်နှာကို ပြန်မြင်လာတယ်။ ဝဋ်လည်တယ်ဆိုတာ ဒါကိုပြောတာများလားလို့လည်း စိတ်ထဲတွေးမိပါတော့တယ်။

ကျနော် မျိုးမြင့်ပါခင်ဗျား။

ကိုယ်တို့ကဗျာရေးနေတယ်ဆိုတာအလကားပါ (ခင်အောင်အေး)

0 comments
ကိုယ်တို့ ကဗျာရေးနေတယ်ဆိုတာ အလကားပါ

ကိုယ်တို့ ကဗျာရေးနေတယ်ဆိုတာက အလကားပါ
ကဗျာကို ဖျက်လိုဖျက်ဆီးလုပ်နေရုံသက်သက် နောက်ပြီး
လူမလေး ခွေးမခန့်သက်သက်နဲ့ ကဗျာဆရာဘဝဆိုတဲ့ အမည်ကို
ရှူးဖိနပ်တိုက်သလို ပြောင်အောင် နာနာဖိတိုက်နေရုံမျှ
ဒီ့ထက် နည်းနည်းမှ မပို ပိုနေတာက တကိုယ်လုံး တသက်လုံး တဘဝလုံးပဲ
ဆန်ကုန်မြေလေး ဟာဟ စကားပုံတွေဟာ ခုလို အံဝင်ခွင်ကျသုံးလိုက်ရင် ဒက်ထိပဲ

ကိုယ်တို့ ကဗျာရေးနေတယ်ဆိုတာက အလကားပါ
ကဗျာအကျိုးလည်း သယ်ပိုးနိုင်တာမဟုတ် ကဗျာလောကကြီးလဲ
ဘာမှ တိုးတက်သွားတာမဟုတ် အယားဖုတွေ ပေါ်လာလိုက် ကုပ်လိုက်
အယားပြေလိုက် နောက် အယားဖုတွေ ထပ်ပေါ်လာလိုက် ဒါပဲ ထပ်ချည့်
တလဲလဲ ဘယ်သူကမှလဲ သိပ်လူရာသွင်းချင်ကြတာမဟုတ် ကြားကောင်း
အောင် ကဗျာဆရာဘဝဆိုတာ ရခဲတယ် ဘာညာ ပလီပလာ

ကိုယ်တို့ ကဗျာရေးနေတယ်ဆိုတာ အလကားပါ
ကဗျာဗေဒတွေ ဘာတွေလည်း ပတ်ပတ်နပ်နပ် လေ့လာထားတာမဟုတ်ဘူး
ခပ်တည်တည် မုဆိုးစိုင်သင် ဆိုတဲ့ ကဗျာဆရာအိုကြီးတစ်ယောက်ရဲ့စကား
ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး နောက်မဆုတ်တမ်းဟေ့ ကြွေးကြော်လိုက်တယ်
(ဆုတ်ရင်လဲ အကွဲပဲလေ) စိုင်ဘယ်နှစ်ကောင် ရပြီးပြီလဲ လေးကြိုး ဘယ်နှစ်ပင်
လဲပြီးပြီလဲ ဒူးကော ဘယ်နှစ်ကြိမ်ပြဲပြီးပြီလဲ ဖွတ်ကလေးတွေ ပဒပ်ကလေးတွေ
ရသလောက် နှီးဖျားမှာ သီ ခပ်တည်တည် မုဆိုး ပဲ တပြားမှ မလျှော့နိုင်ဘူး

ကိုယ်တို့ ကဗျာရေးနေတယ်ဆိုတာ အလကားပါ
ကဗျာအသစ်တွေ ဘာတွေလဲ  ဖန်တီးတီထွင်နိုင်တာမဟုတ်ဘူး
သူများလက်ဝေခံလေး နို့သက်ခံစို့ရုံမျှ ခွေးသေးပန်းထားလို့ မခြောက်သေးတဲ့
သေးကွက်လောက်ကို ပင်လယ်ထင်ပြီး မြွေမကြောက်ကင်းမကြောက် ဆက်ရေးနေတာ
တွေးတတ်ရင် ဒီထက် ကိုယ့်ကိုယ်ကို နစ်နစ်နာနာ ပြောချင်စရာကောင်းလှတယ်
လူနားလည်အောင်ရေးရင် ဘာဖြစ်သွားမှာမို့ တမင်မခက်ခက်အောင် ပေါက်ကရ
ရှစ်ဆယ်တွေ ပေါက်ကရ တစ်ရာ့ခြောက်ဆယ်တွေ ရေးနေမိမှန်း မသိပါဘူး ဒုက္ခညောပဲ

ကိုယ်တို့ ကဗျာရေးနေတယ်ဆိုတာ အလကားပါ
ကဗျာက သူ့အလုပ်သူလုပ်သွားလိမ့်မယ် ကဗျာလို့ပြောလိုက်ရင် ပိုအမ် ကိုပြောတာလား
ပိုအက်ထရီ ကိုပြောတာလားတော့ ကိုယ့်ဟာကိုယ်လဲ မသိဘူး သူ့အလုပ်သူလုပ်လိမ့်မယ်
လို့ ဘော်လီဘောပုတ်လိုက်တော့ ကိုယ်ဝိနည်းလွတ်သွားတာပေါ့ အရှောင်အတိမ်း ဂျက်စီဂျိမ်း
ဟေး ဟေး ခင်ဗျားကော ကဗျာရေးနေပြီလား ခုမှ ရေးစတာလား တော်တော်လေး ကျွံဝင်နေပြီလား
အသွားမတော် တလှမ်းလို့မတွေးမိဘူးလား အယားဖုတွေကော တောထ နေပြီလား သမင်ဒရယ်
ချေငယ်စိုင်ဆတ် ဖွတ် ပဒပ် ဘယ်နှစ်ကောင်ရပြီလဲ ‘ဗျာ… ပင်လယ်ထဲ ရွက်တောင်လွှင့်နေပြီ’ ဟုတ်လား
အေးဗျာ ကြားရတာ ဝမ်းသာတယ် ကျနော်လဲ ဆက်လက်ကြိုးစားပါအုန်းမယ်


ခင်အောင်အေး
၁၅၊ ဖေဖော်ဝါရီ။ ၂၀၁၁ ဘန်ကောက် ၂၀း၁၇ နာရီ

Saturday, April 23, 2011

ကမာပုလဲနှင့်ဂျီတော့ပေါ်မှာစကားပြောခြင်း (သစ်ကောင်းအိမ်)

0 comments
ကမာပုလဲနှင့် ဂျီတော့ပေါ်မှာ စကားပြောခြင်း

တကယ်တော့
ပစ်စရာဆိုလို့ကျည်ဆံတတောင့်မှ
မကျန်တော့တဲ့နေ့မှာ
ကိုယ့်အပေါ်ကျရောက်လာမယ့်စီရင်ချက်တရပ်ကိုပဲ
သေသေသပ်သပ်စောင့်ကြည်နေရုံသာ

အီိရတ်က စစ်တပ်တွေ
ရုတ်မယ် ရုတ်မယ်နဲ့ တကယ်မရုတ်ဖြစ်သေးဘူး
ငါ့ဘ၀ထဲ မင်းဆုတ်ခွာသွားပုံကတော့
တကယ့်ကို မြန်မြန်ဆန်ဆန်

ကမာပုလဲ…
ကမာပုလဲ……တဲ့

အွန်လိုင်းပေါ်မှာ
ကဗျာဆရာကမာပုလဲက အော်ပြောတယ်
မင်းက အမေရိကန်သမ္မတတွေထက်
ပိုရက်စက်တဲ့မိန်းမ…..

ဘဂ္ဂဒက်မြို့ပျက်ကြီးတောင်
ငါ့နှလုံးသားလောင်ကျွမ်းမှုရဲ့
အပျက်စီးအဆုးံအရှုံးတွေကို
လိုက်မမီတော့ပါဘူးကွာတဲ့

ဘာရယ်မဟုတ်ပါဘူး
လေတိုးသွားလို့
ငါ့ခန်းစီးစတွေ လှုပ်ခါကျန်ရစ်တာပါ

ဘာရယ်မဟုတ်ပါဘူး
နေ့ခင်းကြောင်တောင်ကြီး
ပန်းတပွင့်နဲ့ ခလုတ်တိုက်လဲမိတာပါ

ဘာရယ်မဟုတ်ပါဘူး
ရေပြောင်းမြေပြောင်းမို့
ဖျားချင်နာချင်ဖြစ်မိတာပါ

ပန်းပဲဖိုထဲက ပေတုံးဘ၀ရောက်သွားတဲ့
သံလမ်းဟောင်းလေးတခုလို
လူခြေတိတ်ချိန်ညရောက်တိုင်း
ဟိုး အဝေးက မီးရထားဥသြသံတွေများလား…
ယောင်ယမ်းထထကြည့်တတ်တာကလွဲလို့
ဘာရယ်မဟုတ်ပါဘူး ။ ။

(၃၀၊ မတ်လ၊ ၂၀၀၉)

သက်ကယ်ရိတ်ဖို့သွားခဲ့တယ်(သစ်ကောင်းအိမ်)

0 comments
Wednesday, March 11, 2009
သက်ကယ်ရိတ်ဖို့သွားခဲ့တယ်

ယုန်အဖြစ်ကလည်း ယုံစရာမကောင်းဘူး
ကျားအဖြစ်ကလည်း ကြားလို့မကောင်းဘူး

တကမ်းလုံးကန်းနေတဲ့ အလင်းကန်းထဲ
အလင်းနို့မစို့ရလို့
လင်းနို့အဖြစ်နဲ့သာကျေနပ်နေရ

ညပြက်ကြီး…..


တောတိုးသွားတဲ့ကြောင်
တောကြောင်ပြန်ဖြစ်ခဲ့

မနက်ဖြန်ဆို
ဒလဘက်ကမ်းက
လဒတွေပျံသန်းလာတော့မယ်။ ။

(၁၁ရက် ၊ မတ်လ၊ ၂၀၀၉)

(ညပျက်မဟုတ်ပါ ညပြက်နဲ့ပြက်ထားတာပါ)

ပိတောက်တွေဖွင့်မယ့်သော့(သစ်ကောင်းအိမ်)

0 comments
ပိတောက်တွေဖွင့်မယ့်သော့

အဲဒီနှင်းဆီဟာ ပန်းအိုးထဲ
ထိုးစိုက်ထားတဲ့နှင်းဆီမဟုတ်
သော့ခလောက်တလုံးထဲ
နှစ်ရှည်လများ စိုက်ပျိုးထားတဲ့နှင်းဆီ
သူ့ဆူးရိုးတွေနဲ့ အဲဒီ့သော့ခလောက်ကိုထိုးဖွင့်
ပွင့်လင်းလူ့ဘောင်
အောင်ဆန်းစုကြည်
အာဇာနည်
ငါတို့ခေတ်ကိုရောက်ရမည်။ ။

(၁၀ရက် ၊ မတ်လ ၊ ၂၀၀၉)

ကေခိုင်မရှိတဲ့ကမ္ဘာ (သစ်ကောင်းအိမ်)

0 comments
Friday, March 6, 2009
ကေခိုင်မရှိတဲ့ကမ္ဘာ
ခြေသံပြင်းပြင်းတွေနဲ့
မင်းနင်းထွက်သွားတဲ့ ငါ့ကြမ်းပြင်ပေါ်မှာ
တစက္ကန့်ဟာ တကမ္ဘာ
ရေပွက်ပမာဟာ
သံသရာလို ပွက်လို့ကွာ
ရှည်ကြာလွန်းလိုက်တာ


မင်းမရှိတဲ့ကမ္ဘာ
သစ်တောတွေ ပြုန်းတီးလို့
တောမီးတွေ လောင်လို့
စီးပွားပျက်ကပ်တွေ ဆိုက်လို့
သင်္ကန်းကိုစစ်ဖိနပ်နဲ့နင်းပြီး
ဘုရားကိုထီးတော်တွေ တင်လို့

တတိယကမ္ဘာရှိတယ်
တတိယနိုင်ငံရှိတယ်
တတိယအုပ်စုရှိတယ်
မင်းကျ ဘာလို့ မရှိတော့တာလဲ

မင်းမရှိတဲ့ကမ္ဘာ
ကဗျာနဲ့အသေခံဗုံးဖောက်ခွဲရေးသမားဟာ
ငါဖြစ်တယ်

မင်းမရှိတဲ့ကမ္ဘာ
ဖြုန်းစရာမိဘအမွေကလည်းမရှိတော့
ရှိသမျှအချိန်တွေကိုထိုင်ဖြုန်းရင်း
ရောက်လာတဲ့နေ့တွေကိုကျောမှီ
၂၃ နှစ်ပိုင်းတပိုင်းဒီဂရီပေါ် ထပ်မံတိမ်းစောင်းကာ

အဝေးပြောဖုန်းထဲမှာ ရှိုက်သံသဲ့သဲ့
မင်းရော ငါပါ ငိုနေမိခဲ့သလား

အသူရကာယ်ဘုံတဲ့..
မင်းမရှိတော့မှ ယုံမိတယ်။

(၆၊ မတ်လ၊ ၂၀၀၉)

Friday, April 22, 2011

ရင်ခွင်ပိုက်ကောင်းကင်(သစ်ကောင်းအိမ်)

0 comments
Saturday, March 7, 2009
ရင်ခွင်ပိုက်ကောင်းကင်

မင်းနဲ့အတူ
အဆုတ်တခုထဲ သိမ်းကျုံးထည့်ထားပေါ့
လေထုတစ်ခုလုံးရှိတယ်။

မင်းနဲ့အတူ
နံရံကပ် ဗီရိုတစ်လုံးထဲမှာ
ကောင်းကင်သက်သတ်လွတ်စားလို့
နတ်ဖွက်ထားတဲ့ ကြယ်စင်တွေ ရှိတယ်။

မင်းနဲ့အတူ
ကိတ်မုန့်ဖိုတစ်ခုထဲမှာ
ပျောက်ဆုံးသွားတဲ့ ဂျုံခင်းတွေရှိတယ်။

ကမ္ဘာမြေရဲ့ ဧည့်ခန်းထဲ
ငလျင်တစ်ခုက ထမ်းခေါ်လာခဲ့
မိဘမဲ့တောင်တန်းတွေ လမ်းဖယ်ပေးလိုက်ပေါ့
နဂါးပေါက်ခံလိုက်ရတဲ့ မြေကွက်ကလေးတွေ အဆိပ်တက်
လယ်ကွင်းပြင်တွေရှိရာဘက်ကို ထွက်ပြေးလာနေရဲ့။

ဘတ်သီးတွေ
လင်းလာလိုက် မှိတ်သွားလိုက်
မိုတယ်လ် တံခါးတွေ
ပွင့်လာလိုက် ပိတ်သွားလိုက်
ပန်းခြုံအောက်က ခပ်အုပ်အုပ်ရယ်သံတွေ
ဝင်လာလိုက် ထွက်သွားလိုက်
ညစာစားပွဲတွေ သိမ်းဆည်းလိုက် ခင်းကျင်းလိုက်နဲ့
ပြက္ခဒိန်တွေသာ တစ်ရွက်ပြီး တစ်ရွက်
အသက်ကြီးပု ဖြစ်သွားခဲ့။

သူငယ်ပြန်နေတဲ့ နာရီတလုံးကတော့
လှလှပပ အိပ်မွေ့ချ နေဦးမှာပဲ
စီးကြောင်းလား
ချောင်းကောလား
ဒီလိုနဲ့ စဉ်းစားရင်း
ပြူတွင်းဝမှာ လာရပ်နေတဲ့
လေဖိအားနည်း ရပ်ဝန်းတစ်ခု
မသိကျိုးကျွန်ပြုလို့
ဗြူတီပါလာထဲက လေချွန်ပြီးထွက်လာတဲ့မြို့ကြီး
စီးမျောအားကောင်းဆဲ။ ။

(၁၉၉၄)

အန်အယ်ဒီက တော်လှန်ရေးနေ့အမှတ်တရထုတ်တဲ့ ကဗျာစာအုပ်ထဲမှာရေးခဲ့တာ

ဆူရှီသမားလိပ်တဲ့ကဗျာ(၂) (သစ်ကောင်းအိမ်)

0 comments
Thursday, March 5, 2009
ဆူရှီသမားလိပ်တဲ့ကဗျာ(၂)

အီရတ်မှာ
သမ္မတကြီးဘုရှ်
ဖိပ်နပ်ပေါက်ခံရတုံးကလည်း လိပ်ခဲ့တယ်
ဝါရှင်တန်ဒီစီမှာ ဘားရက်အိုဘားမားနဲ့
ဒေါ်မေငြိမ်းဓာတ်ပုံတွဲရိုက်တော့လည်း
လိပ်ခဲ့တယ်


လိပ်ခဲ့တယ်
မြောက်ကယ်လိုရိုင်းနားမှာ လိပ်ခဲ့တယ်
ဝက်စ်ဗာဂျီးနီးယားမှာ လိပ်ခဲ့တယ်
ကယ်လီဖိုးနီးယားမှာ လိပ်ခဲ့တယ်

လိပ်တယ်
ပက်လက်လှန်ထားတဲ့လိပ်တကောင်လို
ယက်ကန်ယက်ကန် လိပ်တယ်

လိပ်တယ်
ဇက်ကြိုးဆောင့်ဆွဲခံရတဲ့ မြင်းတကောင်လို
ပတပ်ရပ်ပြီးလိပ်တယ်

လိပ်တယ်
ငါးပိသွားကိုင်မိတဲ့မျောက်တကောင်လို
ပျာယာခတ်တောက်လောင်ပြီး လိပ်တယ်

အလိပ်ထဲ လိပ်စာတွေပျောက်နေတယ်
အလိပ်ထဲ တောတွေမှောက်နေတယ်

လိပ်တယ်
မိုင်ပေါင်းသောင်းချီဝေးတဲ့အဝေး
ဖုန်းထဲက သားလေးပေးတဲ့မွှေးမွှေးကို
လိပ်တယ်
ကောင်မလေးအေးရဲ့
ညာနားရွက်နောက်ကအသားပိုလေးကို
လိပ်တယ်
ပွဲလန့်ချိန် ဖျာလိပ်ထမ်းစောင့်နေတဲ့
ငနဲတွေကိုလိပ်တယ်
မျက်နှာဖြူတွေတိုင်းပြည်မှာ
မျက်ဖြူလန်ပြီးလိပ်တယ်

မိုးလင်းထဲကစဉ်းစားမိတာလိပ်ဖို့ပါပဲ
လိပ်မှာပဲ လိပ်မှာပဲ
ငါ့ကိုလာလာမတားနဲ့....
အဲလက်စ်ရဲ့စားမှာပဲ..သီချင်းကို ကော်ပီလုပ်ဆိုရင်း
လိပ်တယ်

ဘယ်လျှောက်လည်နေသလဲ
လိုက်ရှာတော့
ခွေးအိုကြီးတကောင်ရဲ့ခြေရင်းမှာ
ဝပ်ဆင်းနေတဲ့ဝဋ်ကို လိပ်တယ်

အလိပ်ထဲ လိပ်ဝင်နေတဲ့နေ့ညတွေ
အလိပ်ထဲ လိမ့်ဆင်းနေတဲ့သွေးချွေးတွေ

ဝရုန်းသုန်းကားထိုးရပ်နေတဲ့
ယန္တရားအိုကြီးတလုံးထဲ
အရစ်ပြုန်းတဲ့အထိ
လည်ပင်းညှစ်ခံရတော့မယ့်ဝက်အူတလုံး
ငါ့မှာ မအိပ်ခင်လိပ်ရဦးမယ့်ခရီးတွေနဲ့

ငွေတန်းစစ်မျက်နှာ တနေရာမှာ
ရွပ်ရွပ်ချွံချွံငါလိပ်ခဲ့ပါတယ်။ ။

(၄ရက် ၊ ဖေဖော်ဝါရီ၊ ၂၀၀၉)

ဆူရှီသမားလိပ်တဲ့ကဗျာ(သစ်ကောင်းအိမ်)

0 comments
Wednesday, March 4, 2009
ဆူရှီသမားလိပ်တဲ့ကဗျာ

မြက်ကလေးတွေ တပင်ချင်းစီက
ပရေရီမြက်ခင်းကြီးဖြစ်ခဲ့တာ
အဲဒါ ငါ့ဘာသာငါ လျှောက်ပြောနေတာ


ရှင့်သတင်းနားထောင်ဖို့
ရေဒီယိုထဲ ဓာတ်ခဲထည့်ရမယ်
အရပ်ထဲ ထမိန်လှည့်ပေါင်နေရတယ်.
...ကိုကိုရေ

ခင်ဗျားရေးတာတွေကို
လူတွေနားမလည်ဘူး
(အင်းပါ….)
ခွေးကလေးတွေကိုပဲ နို့ပေးစို့လိုက်တော့မယ်

ကြုံလို့ပြောပြတာပါ
မဝေးတော့တဲ့တလံမှာ
၂၀၁၀ဇာတ်ခုံတော်ကြီးတောင်
ရုံတင်ဖြစ်တော့မယ်ထင်တယ်နော်

ဝယ်တိုင်းရမယ်ဆို
ငါ့အမေကို ငါပြန်ဝယ်မယ်
လေထန်ကုန်း ညနေခင်းတွေကို
ငါပြန်ဝယ်မယ်
ထုံထောင်းက
ဒေးမူရဲ့ ကျောက်စားပွဲလေးကို
ငါပြန်ဝယ်မယ်
ကိုယ့်မိသားစုလေးကိုလည်း
ကိုယ်ပြန်ဝယ်မှာပေါ့

ကြိမ်ဒဏ်တွေပြီးမှ
နောက်ကျောကို
လက်ခုပ်သံတွေရောက်လာတတ်စမြဲ
ငါ့သွေးငါ
မထေမဲ့မြင် လျှာနဲ့ရက်
ချိုမြိန်လှချေရဲ့
ပြီးပါပြီ………..လို့
ဘယ်သူတွေစာတန်းထိုးထိုး
အရိုးတွန်သံတွေမဆုံးဘူး
ကိုယ့်လူတို့

( ၃ရက် ။ မတ်လ။ ၂၀၀၉

အမိုးသမီးလေးကြောင့် မိုးတွေမိနေတယ်(သစ်ကောင်းအိမ်)

0 comments
အမိုးသမီးလေးကြောင့် မိုးတွေမိနေတယ်
လောက
အမှိုက်သရိုက်
အန်ဖတ်
ဒိုက်သရောတွေကို တိုက်စား
ဟိုး…ရေပြင်နက်နက်ဆီယူဆောင်သွားဖို့
မိုးမည်းမည်းတွေ
သည်းသည်းမဲမဲရွာစမ်းပါ

ပြည်သူလက်မဲ့အစိုးရ
နပုန်းပဏ္ဍုက်၊ ဘိန်းပွဲစား၊ ရိုဟင်ဂျာ
အားလုံးသတင်းဖြစ်နေတဲ့ခေတ်ကြီးမှာ
ငါမင်းကိုချစ်တာရော သတင်းမဖြစ်သင့်ဘူးလား

အရွယ်သုံးပါးမရွေးမိတတ်တဲ့ မိုးထဲ
မကြီးမငယ်နဲ့မိုးတွေ မိ….မိနေတယ်

လိင်တူအခွင့်အရေးကျွမ်းကျင်သူတွေတောင်
သူတို့မှာ လွတ်လပ်ခွင့်တွေရှိတယ်....ဆိုလေတော့
ဣထိယမှော်ဝင်သူရယ်လို့တော့
ငါ့ကို မပြစ်မှားသင့်ဘူးပေါ့ကွာ

အညှာကပဲလွယ်တာလား
အသည်းကပဲငယ်တာလား
တကယ်က…..
လေယာဉ်အချက်ပေးဥသြတွေဆွဲလို့
ဗုံးခိုကျင်းထဲ ခုန်ချမိတာပါ

ဒီကဗျာနဲ့
ငါ့ကိုယ်ငါ သက်ပျောက်ဆွမ်းသွတ်ခဲ့တယ်။ ။

(၂၈၊ ဖေဖော်ဝါရီ၊ ၂၀၀၉)

အမိုးသမီးလေးက ငါ့ကိုမိုးထားတယ်(သစ်ကောင်းအိမ်)

0 comments
Saturday, February 28, 2009
အမိုးသမီးလေးက ငါ့ကိုမိုးထားတယ်

သို့
သူငယ်ချင်းလေး ကိုမြတ်ကို
တက္ကဆက်မှာ
ပန်းခူးတော့မယ်ကြားတာပဲ
ပန်းခူးမယ်ဆိုလည်း ကြည့်ကျက်တော့ခူး
ဟိုသတဝါပန်းသွားတဲ့ပန်းဆို
လွမ်းစရာတွေဖြစ်နေဦးမယ် ကိုယ့်လူရာ

စိတ်မကောင်းစရာပါ
ကျနော့အမကြီးတယောက်တော့
မနက်မနက်ဆို
မဲဆောက်က ထုံထောင်းရပ်ကွက်ထဲ
ပတ်ပတ်ပြေးနေတယ်....ဆိုလား
ကြားတယ်

အမေရိကားစီးပွားပျက်ကပ်မှာ
အမေရိကားကိုလာကပ်ရလို့လည်း
ဝမ်းနည်းမနေပါနဲ့
အဝေးရောက်အမတ်မင်းတွေတောင်
လစာမရကြတော့ဘူးဆိုဘဲ

အိပ်မက်ညှိုးတွေနဲ့ တရေးလန့်အနိုး
ကိုယ့်ကိုစိုစွတ်ပေးဖူးတဲ့
အဝေးကမိုးပြေးလေးတဖြိုက်ကိုလည်း
တမ်းတတတ တမ်းတမိ
အမိုးသမီးလေးက
ငါ့ကို လာလာမိုးနေတယ်

လက်မှတ်ထိုးတဲ့လက်ဟာ မြို့ကိုဖျက်တယ်
လက်မှတ်ထိုးတဲ့လက်ကို မြို့ကဖြတ်လိမ့်မယ်

၂၀၁၀မှာလည်း ညာပါ
၂၀၂၀ရောက်လည်း ငါတို့ကိုညာပါ
အညာခံဖို့
ငါတို့မှာ အညှာတွေခိုင်ပါသေးတယ်

ဒေါက်တာလွဏ်းတော့
ယောင်ရမ်းတယ်
တက္ကသိုလ်မှာ ဝေတဲ့နှင်းရေ
ငယ်ချစ်ဟောင်းနဲ့နှစ်ပေါင်းများစွာတဲ့

အမိုးသမီးလေးက ငါ့ကိုမိုးထားပေါ့။ ။

(၂၃။ ဖေဖော်ဝါရီ။ ၂၀၀၉)

လက်မှတ်ထိုးတဲ့လက်ဟာ မြို့ကို ဖျက်တယ် (ဝေလနယ်သားကဗျာဆရာ ဒိုင်လန်တောမတ်၏ ကဗျာခေါင်းစဉ်)

Thursday, April 21, 2011

ခင်ခင်ပျိုရေ ... ညနေခင်းဆို လေတွေပြို(သစ်ကောင်းအိမ်)

0 comments

SUNDAY, FEBRUARY 22, 2009
ခင်ခင်ပျိုရေ ... ညနေခင်းဆို လေတွေပြို

တောမီးလောင်နေချိန်မှာ
တောကြောင်တွေ လမ်းသလားနေတာ
ဆန်းသလားမေပျိုရယ် ...

ဗိုလ်အောင်ကျော်လမ်း
ဆဲဗဲင်းလက်ဖက်ရည်ဆိုင်မှာ
ငူငူငိုင်ငိုင်နဲ့
ကိုအောင်ချိမ့်တယောက်တော့
ခင်ခင်ပျိုကို စောင့်နေရှာသတဲ့။

၃၃ လမ်းရေ ...
၃၃ ဘ၀မက ငါလွမ်းဆွတ်မိပါရဲ့။

ခုချိန်ဆို
၃၃ လမ်းထိပ် ခရေပင်ရိပ်မှာ
စာငှက်ကလေးတွေ
အိပ်တန်းတက်နေရှာရော့မယ်။

ဒီမယ် ကိုလှသန်း
ငါတို့အောင်မြင်မှုဟာ
ညနေခင်းအရက်ဝိုင်း
အဲဒီအရက်ဝိုင်းမှာ
အရက်တပိုင်းတော့ လပ်ဟာနေမှာပဲ။

အဲဒီခွက်ကို
ကျနော်သောက်မယ် ။ ။

သစ်ကောင်းအိမ်
(၂၀၊ ဖေဖော်ဝါရီ၊ ၂၀၀၉)

အပျင်းပြေဆိုပြီးမောင်လွမ်းဏီကို သတိတရ(သစ်ကောင်းအိမ်)

0 comments

THURSDAY, FEBRUARY 19, 2009
အပျင်းပြေဆိုပြီးမောင်လွမ်းဏီကို သတိတရ


စားကျက်ထဲ
အုပ်စုလိုက်သင်းကွဲနေတဲ့
သိုးအုပ်တွေကြားတရွေ့ရွေ့
နေ့များ
ညတွေက ဆင်ခြေအမှားတွေနဲ့ညားလို့

အပျင်းပြေဆိုပြီး
တနေ့နေ့
တနေရာရာက
မိုးကုပ်စက်ဝိုင်းဆီကို
မှန်းဆ
စက္ကူနဲ့လေယာဉ်ရုပ်ချိုးကြ

အပျင်းပြေဆိုပြီး
သက်ကယ်မိုး၊ ၀ါးထရံကြား
အလှမွေးထားတဲ့ငါးလေးတွေ
စုန်ချီဆန်ချီ


အပျင်းပြေဆိုပြီး
လူစုကြ
ဘောလုံးကန်ကြ၊ ခြင်းခတ်ကြ
အထိမ်းအမှတ်နေ့ တက်ရောက်ကြ
မိန့်ခွန်းပြောကြ

အပျင်းပြေဆိုပြီး
ရည်းစားထားကြ၊ လမ်းသလားကြ
ရေဒီယို နားထောင်ကြ
နိုင်ငံရေးစာပေ လိုက်စားကြ
နာမည် အလွတ်ကျက်ကြ

တကိုယ်လုံး အစားခံရဖို့
တဘ၀လုံး အသားတိုးပေးခဲ့ရ
ဝက်တကောင်ရဲ့ဘဝ
လူကိုယ်တိုင်က လူ့အခွင့်အရေးစာအုပ်တွေ
ပြန်ဖတ်နေရ

အပျင်းပြေဆိုပြီး
ရွာပုန်းကြ၊ ရွာရှောင်ကြ
ခြေပြတ်ကြ၊ လက်ပြတ်ကြ
အဖေမဲ့ကြ၊ သားပျောက်ကြ
တောရောက်ကြ၊ တောင်ရောက်ကြ

ရယ်ရတယ်နော်
မောတော့ရယ်တယ်
ရယ်တော့ မမောတော့ဘူး
မောမောရယ်ရယ်ပေါ့ဗျာ

သေနတ်တလက်ရဲ့အဓိပ္ပာယ်ကတော့
မောင်းခလုတ်ကိုဖြုတ်တဲ့
လက်ညှိုးတချောင်းနဲ့သာ သက်ဆိုင်ခဲ့ပါတယ်။ ။

(၁၂၊ ဒီဇင်ဘာ ၊ ၂၀၀၆)

အိုင်ပက်သူ(သစ်ကောင်းအိမ်)

0 comments

MONDAY, FEBRUARY 16, 2009
အိုင်ပက်သူ


စပါးကြီးမြွေတကောင်ဟာ
ငါဖြစ်တယ်


သံသရာရဲ့သုံ့ပန်း
သံတိုင်မဲ့အကျဉ်းခန်းထဲ
နှာသီးဖျားက ပခြုပ်ထဲဝင်ခွေ
စိတ်ကို အဆိပ်ဖြေထားမိတယ်။

(၁.မေလ၊ ၂၀၀၈)
(မနှစ်က အဖေ့မွေးနေ့မှာရေးဖြစ်တာပါ)