Wednesday, April 20, 2011

“စစ်မြေပြင်မှပုံရိပ်များ”(အပိုင်း ၄) မျိုးမြင့်ချို

0 comments
“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း ၄) (မတ်လ ၃၀ ရက် ၂ဝ၁၁ နေ့လွတ်လပ်သောအာရှအသံမှလွှင့်ထုတ်ပြီးအသံလွှင့်ဆောင်းပါး)
တစ်ခါတုန်းကလည်း ကျနော့်စိတ်ထဲ တစ်ခုခုကိုကြောက်နေသလိုမျိုး ခံစားခဲ့ရဖူးပါတယ်။ အဲဒီတုန်းက ကျနော် ခ.မ.ရ(၁ဝ၉) နဲ့တွဲပြီး သဇင်တောင်စခန်းမှာ ထိုင်တုန်းကပါ။ တပ်မတပ်တွေ ရှေ့တန်း
ထွက်တာမှာ စခန်းထိုင်နဲ့လှုပ်ရှားစစ်ကြောင်းဆိုပြီး ၂ မျိုးရှိပါတယ်။ စခန်းထိုင်ဆိုတာက တခါတလေ ထူးခြားအခြေအနေအရ စီမံချက် တင်ပြီးထွက်တိုက်ရတာမျိုး၊ တပ်ခွဲတပ်စုတွေ တိုက်ကင်းသဘော နယ်မြေရှင်းတာမျိုးလောက်ကလွဲလို့ ခံစစ်စခန်းကြီးတွေမှာ စစ်ဆင်ရေး တစ်ပတ်လုံး နေရတာကိုခေါ်တာပါ။

သဇင်တောင်ခံစစ်ကုန်းက (ကွတ်ခိုင်)တာမုံးညဲဂွင်ထဲမှာရှိပါတယ်။ ကွတ်ခိုင်ကနေ တာမုံးညဲအထိ ယဉ် တန်းပေါက်ပါတယ်။ တာမုံးညဲကနေ အဲဒီစခန်းခြေကရွာတွေဖြစ်တဲ့ ရှောက်ဟော်-လုံထန်အထိ ၁ဝနာ ရီလောက်လျှောက်ရပါတယ်။ ရှောက်ဟော်ရွာကနေ ၃ နာရီလောက် တောက်လျှောက်ထပ်တက်ရင် သဇင်တောင်ရောက်ပါပြီ။ စစ်ကြောင်းမှူးက ဗိုလ်မှူးမြင့်သိန်းလို့ မှတ်မိနေပါတယ်။ စကားနည်းပြီး တစ်ခုခု ကိုသွေးအေးအေးနဲ့လုပ်တတ်တဲ့ ရုပ်မျိုးနဲ့ပါ။

တစ်ကြိမ်မှာ သဇင်တောင်အောက်ခြေ လုံထန်စခန်းမှာ ခံစစ်ပြုပြင်ရေးလုပ်ငန်းတွေလုပ်ဖို့ ကျနော်တာဝန်ကျ ပါတယ်။ အဲဒီစခန်းက တပ်စုတစ်စုထိုင်တဲ့ စခန်းကုန်းလေးပါ။ နိမ့်နိမ့်လေး၊ ရွာနဲ့လည်းအတက်အဆင်းက မိနစ် ၂ဝလောက်ပဲရှိတာပါ။ အမဲလေးဘာလေးလည်းပစ်ရတော့ ဟင်းစိမ်းဟင်းစိုလေး မပြတ်တတ်ဘူးဆို ပါတော့။ စခန်းရောက်တော့ စုမှူးကိုသတင်းပို့၊ ပြီးတော့ အလုပ်ကိစ္စဆွေးနွေးကြပါတယ်။ စုမှူးက အေးချမ်းမွန် ရည်ပြီး သဘောကောင်းပါတယ်။ ဒီလိုနဲ့ နောက်တနေ့မနက်ကစပြီး ကျနော်လုပ်စရာရှိတာလုပ်လိုက်တာ ၁ဝ ရက်လောက်နဲ့တင် ကိစ္စအားလုံးပြီးပါတယ်။ စခန်းမှူးက ရောက်တုန်းရောက်ခိုက် သူ့စခန်းမှာ ကျနော့် ကိုနေစေ့ချင်တာနဲ့ ကိစ္စမပြတ်သေးဘူးလို့ အထက်ကိုတင်ပြီး နားခိုင်းထားပါတယ်။ ကျနော်လည်း ယမကာလေးတမြမြနဲ့၊ ရွာထဲဆင်းလည်လိုက်၊ အမဲလေးပစ်လိုက်နဲ့ပေါ့လေ။

တနေ့တော့ နောက်ချန်အင်အား ၆ ယောက်ပဲထားခဲ့ပြီး စခန်းနဲ့သိပ်မဝေးတဲ့ရွာတစ်ရွာကို တိုက်ကင်းထွက် ဖို့ဖြစ်လာတယ်။ ကျနော့်ကိုပါ ခေါ်သွားပါတယ်။ သတင်းက အဲဒီရွာမှာ ရန်သူ့အင်အားတစိတ်လောက် ရောက်နေတယ်ဆိုပါတယ်။ တလမ်းလုံး ဘာထိတွေ့မှုမှမရှိသလို ရွာထဲအထိလည်း အေးအေးဆေးဆေးပါပဲ။ ရွာရောက်တော့ တပ်စုတပ်ကြပ်ကြီးက ရွာသားတချို့နဲ့ တွေ့နေချိန်မှာ စုမှူးနဲ့အတူကျနော်က သူကြီးအိမ်မှာ နားနေပါတယ်။ အဲဒီလိုရွာတွေမှာ သူကြီးတွေကို တပ်ကရိက္ခာထောက်သလို အထောက်တော်လို့ခေါ်တဲ့ သတင်းပေးတွေကိုလည်း လျှို့ဝှက်ပြီးမွေးထားရပါတယ်။ သူကြီးရောအထောက်တော်ပါ ၂ ဘက် အတွက် အလုပ်လုပ်ရတာပါ။ အလွန်အန္တရာယ်များပါတယ်။ တချက်မှားတာနဲ့ တဖက်ဘက်ကခေါ် အရေးယူခံရ တာတွေလည်း ဒုနဲ့ဒေးပါပဲ။ သူကြီးကအာဏာရှိတယ်ဆိုပေမယ့် လက်တွေ့မှာသတင်းပေးကို ပြန်ကြောက်နေ ရတာပါ။ သတင်းပေးရဲ့ မလိုရင်မလိုသလို ပေးတဲ့သတင်းကြောင့် ဒုက္ခရောက်ရတဲ့သာဓကတွေလည်းရှိ တာကိုး။

ခဏနေတော့ အကြပ်ကြီးရောက်ချလာတယ်။ စုမှူးနဲ့တိုးတိုးတိုးတိုးလုပ်ပြီး ပြန်ထွက်သွားတယ်။ အပြန်လည်း ကျရော ကျနော်တို့နဲ့အတူ ရွာသား ၂ယောက် လက်ပြန်ကြိုးတုပ်ရက်သား ပါလာပါတယ်။ ဘယ်သူတွေလဲ၊ ဘာတွေလည်းဆိုတာတော့ ကျနော့်မှာသိခွင့်ရော မေးခွင့်ပါမရှိပါဘူး။ စခန်းပြန်ရောက်ပြီး အဲဒီနေ့ညနေပဲ ကျနော်သဇင်တောင်ပြန်ရပါတယ်။ ကျနော့်ကို လာကြိုတဲ့တပ်စိတ်နဲ့ အခုနလူ ၂ ယောက်ပါ ပါလာပါတယ်။

သဇင်တောင်ရောက်တော့ အခုနလူ ၂ ယောက်ကို ထောက်လှမ်းရေးလက် အပ်တာတွေ့ရပါတယ်။ စစ်ကြောင်း ၁ မှာ အိုင်အို လို့ခေါ်တဲ့ ထောက်လှမ်းရေးအရာရှိပါပြီး၊ ၂ မှာတော့အများအားဖြင့် အိုင်ဆာဂျင် လို့ခေါ်တဲ့ ထောက်လှမ်းရေးအကြပ်ကြီးပါ ပါတယ်။ တပ်တွေမှာ အရာရှိခြင်းအတူတူ အခြားအရာရှိတွေက အိုင်အိုကိုလန့်ရသလို၊ အခြားအဆင့်တွေမှာလည်း အိုင်ဆာဂျင်ကိုလန့်ရပါတယ်။ အဲဒီအချိန် သဇင်တောင်မှာ အိုင်ဆာဂျင်မရှိတာနဲ့ ဒုတပ်ကြပ်တဦးကကိုင်ထားတာပါ။ အဲဒီလူစကားပြောရင် အတည်လားအပြောင် အပျက်လားဆိုတာ ခွဲရတော်တော်ခက်ပါတယ်။

အခုနလူ ၂ယောက်ကို တညလုံး စစ်ကြမေးကြသံတွေ၊ အော်ဟစ်ညည်းညူသံတွေကို ကျနော့်နေရာကနေ အတိုင်းသားကြားနေ ရတယ်။ တော်တော့ကို စိတ်မချမ်းသာစရာကောင်းပါတယ်။ မနက်လင်းတော့လည်း ထောက်လှမ်းရေးတွေရယ် စစ်ကြောင်းမှူးရယ် ဒီလူတွေထားတဲ့ ဘန်ကာထဲဝင်လိုက်ထွက်လိုက်နဲ့ တနေကုန် လိုလိုပါပဲ။ တညနဲ့တနေ့လုံးလုံး စစ်သူသာပြောင်းတယ် ဒီလူကတွေကိုတော့ ရေကလွဲလို့ ဘာမှပေးမစား၊ ပေးမအိပ်ပဲညှဉ်းပမ်းထားပုံပါပဲ။

ညနေစောင်းတော့ စစ်ကြောင်းမှူးက မိုင်းကွင်းမြေပုံတွေကြည့်မယ်ဆိုလို့ ကျနော်သွားသတင်းပို့ရပါတယ်။ သူက စည်းရိုး၃ထပ် ကြားထဲက မိုင်းကွင်းတနေရာကို လက်နဲ့ထောက်ပြီး “အဲဒီနေရာကို မိုင်းနည်းနည်း ထပ်ဖြည့်စမ်း” လို့ပြောတာနဲ့ ကျနော်လည်း ချက်ခြင်းပဲ သူပြောတဲ့နေရာကိုသွားပြီး မိုင်းဆယ်လုံးလောက် ထပ်ဖြည့်ပါတယ်။ နောက်တော့ ပြီးစီးကြောင်းသတင်းပို့၊ ကျနော့် ဘန်ကာထဲပြန်လာ၊ မြေပုံပြန်ပြင်ဆွဲ၊ စားသောက်ပြီးအိပ်ယာပေါ်လှဲနေရင်းက ဟိုတွေးဒီတွေးနဲ့ တော်တော်နဲ့အိပ်မပျော်ဘူး။ ဖြစ်စဉ်က ထူးဆန်းနေ သလိုပဲလို့လည်း စိတ်ထဲထင်နေတယ်။ နောက်တော့ ကျနော်လည်း အိပ်ပျော်သွားတယ်။

“ဂျိုင်းဂျိုင်း..ဂျိုင်းဂျိုင်း” နဲ့ပေါက်ကွဲသံလေးငါးချက်ကြောင့် ကျနော်လန့်နိုးသွားပါတယ်။ သေနတ်ကောက် ကိုင်လိုက်ချိန်မှာပဲ စခန်းတခုလုံး ဝီစီသံ၊ အမိန့်ပေးသံအော်သံဟစ်သံတွေဆူညံပွက်ပြီး ရုတ်တရက်ကမ္ဘာ ပျက်သွားတဲ့အတိုင်းပါပဲ။ တဆက်တည်းပဲ “ပစ်..ပစ်” ဆိုတဲ့ အမိန့်ပေးသံနဲ့ ဂျီဖိုးသေနတ်သံတွေ တဝေါဝေါထွက်လာပါတော့တယ်။ မျိုးမြင့်

0 comments:

Post a Comment