“စစ်မြေပြင်မှပုံရိပ်များ”(အပိုင်း ၇)အာရ်အက်ဖ်အေအပတ်စဉ်အလံလွှင့်
အစီအစဉ်ကနေ ၄လပိုင်း၂၇ရက်၂ဝ၁၁နေ့မှာ ထုတ်လွှင့်ခဲ့တဲ့အသံလွှင့်
ဆောင်းပါးဖြစ်ပါတယ်။
ဘယ်လောက်ကြာအောင် အိပ်ပျော်သွားလဲတော့မသိပါဘူး။ “ဝုန်း” ကနဲ လက်နက်ကြီး သံတချက်နဲ့အတူ လန့်နိုးသွားပါ တယ်။ မြေကြီးတောင် တုန်သွားတယ်မှတ်တာပါပဲ။ နောက်တော့ သေနတ်သံတွေ။ ခေါင်းပေါ်က ကျော်ကျော်သွားတဲ့ လက်နက်ကြီး ကျည်သံတရွှီရွှီ ၊ သေနတ်ပြောင်း ကမီးပွင့်တွေ၊ လားတွေမြင်းတွေလန့်ပြီး ဟီသံရုန်းသံတွေ၊ ပေါ်တာတွေ ကြောက်လန့်တကြား နဲ့အော်သံဟစ်သံတွေ၊ ရဲဘော်တွေရဲ့ ဆဲသံဆူသံတွေ စစ်ကြောင်းမှူးနားက ဆက်သွယ်ရေးစက်က တီတီ..တီတီတွေ အားလုံးရှုပ်ရှက် ခတ်နေတော့တာပါပဲ။
ကျနော်လည်းလူးလဲထ သေနတ်ကောက်ဆွဲပြီး ပေါ်တာတွေဘက်ကြည့်လိုက်တယ်။ ပေါ်တာတွေကတော့ အပင်ကြီးတ ပင်အောက်မှာ ပုနေကြပြီး လားတွေတော့ဘယ်ရောက်ကုန် တယ်မသိတော့ဘူး။ လားကုန်းတွေတော့ ဖရိုဖရဲနဲ့မြေကြီးပေါ်မှာ။ ကျနော်လည်း သူတို့နား ဝင်ထိုင်လိုက်ပြီး လက်နက်ကြီးကျည်တွေ ကိုယ်တွေဘက်ကိုကျနိုင်/မကျနိုင်ကို တွက်ကြည့်မိတယ်။ ခနနေတော့ ထောက်လှမ်းရေး ဆာဂျင် ရောက်လာပြီးဒီနားမနေဖို့၊ လက်နက်ကြီးကျနိုင်စရာရှိကြောင်းပြောပြီး နေရာရွှေ့ခိုင်းတယ်။ ကျနော်လည်း အောက်ချထားတဲ့ လားကုန်းပေါ်က ပစ္စည်းတွေကိုဖြည်ချ။ ပေါ်တာတွေကိုပေးတန်တာပေး။ ကိုယ်လည်းနိုင် သလောက်သယ်။ နေရာရွှေ့ဖို့ ကမန်း ကတမ်းလုပ်ရတော့တာပေါ့။
ပထမနေရာနဲ့ ကိုက် ၁ဝဝ လောက်ဝေးတဲ့၊ ကျည်လွတ်မယ်ထင်တဲ့နေရာကို ရွှေ့ရတာပါ။ သေနတ်သံတွေ၊ အော်သံ ဟစ်သံတွေကလည်း ကျနော်ပထမနေခဲ့တဲ့နေရာနဲ့ ပိုနီးနီးလာနေတယ်။ လူလည်းဟိုက်နေပြီ။ ပစ္စည်းတွေကများတော့ တို့လို့ တွဲလောင်း မနိုင်မနင်းတွေဖြစ်ပြီး ပြုတ်ကျတာတွေပြုတ်ကျနဲ့။ ပေါ်တာတွေကို ဒီမှာနေခဲ့လို့ပြောပြီး ပထမနေရာမှာကျန်ခဲ့တဲ့ ပစ္စည်းတွေ ပြန်သယ်မယ်ဆိုပြီး ထွက်ချလာတော့ လမ်းတဝက်လောက်ပဲမှာ နေ့လည်က လီရှောပေါ်တာကြီးခေါင်းကို ကာဘိုင်ဒင် နဲ့ဆောင့်ခဲ့တဲ့ လက်ဖြောင့်တပ်စိတ်မှူးနဲ့တိုးမိတယ်။ သူက “ကိုဘီအီး..ဘယ်တုန်း” မေးလို့ ကျနော်က “ကျန်တာတွေသွားသယ်မလို့” လို့ပြောတော့ သူက “မသွားနဲ့တော့ ရန်သူက အဲဒီနား ရောက်နေပြီ။ ကျနော်အဲဒီသွားမလို့၊ လစ်တော့..လစ်တော့” ဆိုပြီးဆက်ထွက် သွားတယ်။ ကျနော်လည်း ချက်ချင်းပဲပြန်လှည့်ချလာတယ်။ လက်နက်ကြီးမှန်ပြီး သစ်ပင်ကြီးကသစ်ကိုင်းတွေ တဖြောင်းဖြောင်းနဲ့ ကျိုးကျသံတွေလည်းကြားနေရတယ်။ တော်ပါသေးရဲ့ ဒီနားသာ ဆက်နေ မိလို့ကတော့ အခုလောက်ဆို ငါရော ပေါ်တာတွေ ပါ သေလောက်ပြီလို့ တွေးမိလိုက်သေးတယ်။
ကျနော့်နေရာပြန်ရောက်တော့ ခွဲမှူးတွေကို စကားပြောစက်နဲ့ပြောနေတဲ့ စစ်ကြောင်းမှူးအသံကြားရတယ်။ ကျနော်တို့ဆီကို လည်း တပ်စုမှူးတယောက်ကလာပြီး အမြင့်ပိုင်းကိုတက်သွားဖို့ပြောတယ်။ ဒါနဲ့ကျနော်လည်း ပေါ်တာတွေကိုပြောပြီး အပေါ်ဘက် အမြင့်ပိုင်းဆီ ဆက်တက်ချသွားတယ်။ နောက်မှာတော့ ချနေကြတာ မီးကုန်ယမ်းကုန်ပဲ။ ဆူညံနေတာပဲ။ တချက်တချက် ကျနော် တို့ခေါင်းပေါ်ကကျော်သွားတဲ့ လက်နက်ကြီးကျည်တွေကလည်း ရွှီးကနဲ ရွှီးကနပဲ။ ရှေ့မှာ ကျကွဲတဲ့အသံတွေလည်း နားကွဲမတတ် ပါပဲ။ ခနနေတော့ ကျနော် တို့အမြင့်ပိုင်းကိုရောက်လာပြီ။ ကျည်ကွယ်မျက်ကွယ် ဖြစ်မယ်ထင်တဲ့နေရာရွေးပြီး ပေါ်တာတွေကိုနေရာ ချ၊ ပစ္စည်းတွေလက်နဲ့စမ်းပြီးပြန်စစ်။ အမောလေးနည်းနည်းဖြေပေါ့လေ။ ကျန်တာတွေတော့ကျန်ခဲ့ပါပြီ။ ကျနော်တို့နောက်က တက် လိုက်လာတဲ့ စစ်ကြောင်းရုံးအဖွဲ့တွေနဲ့ အဲဒီမှာ ပြန်ဆုံမိကြတယ်။
အဲဒီနေရာကနေပဲ လက်နက်ကြီးတွေချက်ချင်းဆင်။ တလုံးပြီးတလုံးချတော့တာပါပဲ။ ပေါ်တာတွေကို မကြောက်နဲ့ဘာညာ သာ ပြောနေရတာ ကျနော်ကိုယ်တိုင်လည်းလန့်တော့ တော်တော်လေးလန့်နေတယ်။ ဘာဖြစ်မယ်မှန်းလည်းမသိဘူး။ လကလေးက နည်းနည်း သာနေလို့ပဲ။ နို့မို့ဆိုပြဿနာ။ အဲသလို တညလုံးနီးနီးပစ်ကြခတ်ကြ။ တော်ကြာနေ ကျားတက်ထိုးသံတွေကြား လိုက်၊ ပြန်ပျောက်သွားလိုက်။ ပြန်ကြားလိုက်။ အော်သံတွေထဲမှာ တချက်တချက် “ဟေ့ လက်နက်ချ လက်နက်ချ လက်နက်ချရင် မသတ်ဘူးကွ” ဆိုသံလည်း တချက်တချက် ကြားရတယ်။ ဘယ်ဘက်က အော်တာလဲ။ ကျနော်တို့ဘက်ကလား၊ ဟိုဘက်က လားတော့ မသေချာဘူး။
အဲသလိုနဲ့ တညလုံးချနေလိုက်တာ မနက် ၄ နာရီလောက်ရှိတော့ လက်နက်ငယ်သံတွေကျဲကျဲသွားတယ်။ လက်နက် ကြီးတွေလည်း သိပ်မလာတော့ဘူး။ တိုက်ပွဲတော့ပြီးလောက်ပြီထင်ရဲ့ လို့စိတ်ထဲမှတ်လိုက်တယ်။ ခနနေတော့ ဒဏ်ရာရသူတွေကို သွားဆွဲ၊ အလောင်းတွေသွားကောက်နဲ့ အားလုံးရှုပ်ရှက်ခတ်နေပါတော့တယ်။ ကျနော့်ကိုလည်း ဆေးတပ်သားနဲ့အတူ ဝင်ကူပေးဖို့ ပြောတာနဲ့ ကူရသေးရတယ်။ မိုးလင်းလို့ လူလုံးကွဲလာချိန်မှာတော့ လက်နက်ကြီး/ငယ်အသံတွေလည်းတိတ်သွားပြီ။ ဒီတော့မှ ကျနော်လည်း ညက ကျန်ခဲ့တဲ့ပစ္စည်းတွေ သွားကောက်မယ်ဆိုပြီး သစ်ပင်ကြီးဆီပြန်လာတယ်။ သစ်ပင်အောက်ရောက်တော့ ဆေး တပ်ကြပ်ကြီးက “အတော်ပဲ.. ကိုဘီအီး၊ ဒီမှာ နည်းနည်းကူဦး” ဆိုတာနဲ့ သူ့လက်ထဲကသေနတ်ကို လှမ်းယူလိုက်တယ်။ သူက ခါးကြားက လှံစွပ်ကိုဆွဲထုတ်လိုက်ပြီး ကျိုးကျနေတဲ့ သစ်ကိုင်းတွေကို ရှင်းလိုက်တယ် ဆိုရင်ပဲ သစ်ကိုင်းတွေအောက်မှာ အလောင်းတလောင်း။
အလောင်းရဲ့ ကိုယ်တပိုင်းက ပစ်ကျင်းထဲမှာ၊ တပိုင်းကကျင်းနှုတ်ခမ်းပေါ်မှာ။ ကျနော်လည်း ဘယ်သူပါလိမ့် ဆိုပြီး သေသေချာချာ ကြည့်လိုက်တော့မှ လက်ဖြောင့်စိတ်မှူး။ လီရှောကြီးခေါင်းကို သေနတ်ဒင်နဲ့ဆောင့်ခဲ့တဲ့သူ။ သေနတ်မရှိတော့ ဘူး။ ခါးမှာလည်း ကျည်ခါးပတ် မရှိတော့ဘူး။ ပါသွားပြီ။ ဆေးတပ်ကြပ်ကြီးက အလောင်းကိုအပေါ်ကိုဆွဲတင်တာ အလောင်းကပါမ လာဘူး။ ၂ ကြိမ်လောက်အဲသလို ဖြစ်နေတယ်။ ထပ်လည်းကြည့်လိုက်ရော လက်တဘက်က မြေပေါ် ပေါ်နေတဲ့သစ်မြစ်ကို တအား ဆုပ်ထားတာကိုး။ တပ်ကြပ်ကြီးက သစ်မြစ်ကိုဆုပ်ထားတဲ့လက်က လက်ဆစ်တွေကိုလှံစွပ်နဲ့ ဇတ်-ဇတ်.နဲ့ သုံးလေးချက်ခုတ်ချ လိုက်တော့မှပဲ လက်ဆုပ်ကပြည်သွားတယ်။ အလောင်းကိုကျင်းပေါ်ဆွဲတင်ပြီး ဒဏ်ရာတွေစစ်ကြည့်တယ်။ ပေါင်းရင်းနဲ့ လက်မောင်း မှာ ထိထားတာတွေ့ရတယ်။ သွေးတွေရွှဲနေတာမှန်ပေမယ့် သေလောက်တဲ့နေရာ တချက်မှထိမထားဘူး။ ခေါင်းကို ဆွဲလည်းလှန် လိုက်ရော သူ့ခေါင်းနောက်ပိုင်းကြီး တခုလုံးကြေမွပြီး အထဲကိုချိုင့်ဝင်နေတာ တွေ့လိုက်ရပါတော့တယ်။
လက်စသတ်တော့ သေနတ်မှန်လို့ သေတာမဟုတ်ပဲ ခေါင်းကိုအထုခံရလို့သေတာဖြစ်နေပါလား။ ပေါင်နဲ့လက်ကိုအရင်မှန် မယ်။ ထ မပြေးနိုင်ဘဲ ပစ်ကျင်းထဲကနေခံပစ်နေမယ်။ အဲဒီအချိန်မှာ တဘက်က ကျားထိုးတက်လာ၊ ဝင်လုံးပြီး၊ သေနတ်လု၊ ပြီးတော့မှ မသေမချင်း ခေါင်းကို သေနတ်ဒင်နဲ့ထုသတ်လိုက်တာ ဖြစ်မယ်လို့ထင်ပါတယ်။ ပစ်ကျင်းက သေကျင်းဖြစ်သွားပါပေါ့လား။ အလောင်းကိုကြည့်ရင်း လီရှောကြီးမျက်နှာကို ပြန်မြင်လာတယ်။ ဝဋ်လည်တယ်ဆိုတာ ဒါကိုပြောတာများလားလို့လည်း စိတ်ထဲတွေးမိပါတော့တယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား။
0 comments:
Post a Comment