တလောက လွတ်လပ်သောအာရှအသံ၏စီစဉ်ပေးမှုကြောင့် ဦးဝင်တင်နှင့်ရေဒီယိုစကားပြောခန်းတခုတွင်ပြောခွင့်ရခဲ့၏။ ကိစ္စက နိုင်ငံရေးအကျဉ်းသားအစ်ရှူး။ မိတ်ဆက်ပြီးနောက် သူ့ဘက်မှပြောစရာ များပြောပြသွားသလို ကျနော့်ဘက်ကလည်း တင်ပြစရာများ တင်ပြဆွေးနွေးဖြစ်ခဲ့၏။ ရသည့်အချိန်အတွင်း သူရောကျနော်ပါ ပြောလိုသလောက် ပြောချင်သလောက်ပြော၍ မဖြစ်နိုင်ခဲ့ကြ။ အချိန်အကန့်အသတ်အတွင်းမို့ သူ့ဘက်တွင်ပြောစရာများ ကျန်နေသေးသလို ကျနော့်ဘက်တွင်လည်းဆွေးနွေး လိုသည်များ တို့လို့တန်းလန်းဖြစ်ကျန်ခဲ့၏။ အားမလိုအားမရဖြစ်ကာ နောက် တကြိမ်ပြောခွင့်ကြုံရင်ဖြင့် ပြောဖြစ်အောင်ပြောမည်ဟု အားခဲပြီးနေလိုက်ရသော်လည်း ဘဝင်ကမကျ။
အမေရိကန်ပြည်ထောင်စု ဝေါ်ရှင်တန်ဒီစီ(ဂျော့ခ်ျဝေါ်ရှင်တန်တက္ကသိုလ်တွင်) ဧပြီလ ၂ ရက်နှင့် ၃ ရက်နေ့များတွင်ကျင်းပ ခဲ့သည့် ယူအက်စ်ကင်ပိန်းဖေါ်ဘားမား၏ နှစ်ပတ်လည်ညီလာခံနှင့်ဗမာ့အရေးဆွေးနွေးပွဲသို့ တက်ရောက်ခွင့်ရခဲ့၏။ ဆွေးနွေးပွဲ တွင် အမေရိကန်ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်နှင့် သမတဘုရှ်လက်ထက် အမျိုးသားလုံခြုံရေးကောင် စီမှ ဒေါက်တာမိုက်ကယ်လ်ဂရင်းတို့နှင့် တက်ရောက်သူများ အမေးအဖြေကကဏ္ဍတခုလည်းပါ၏။ နောက်တကြိမ်ပြောခွင့်ကြုံ သည်ဟုတွေးပြီး နိုင်ငံရေးအကျဉ်းသားအစ်ရှူး ပြောဖြစ်ခဲ့၏။ လှိုက်လှဲသည့်တုန့်ပြန်ချက်အတွက်လည်း စိတ်တွင်နွေးနွေးထွေးထွေးဖြစ်မိ၏။
နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးပါဟု တလျှောက်လုံးတောင်းဆိုလာခဲ့ကြ၏။ မလွတ်။ မလွတ်သဖြင့် အကျိုးမရှိ။ အကျိုးမရှိ သဖြင့်အပိုအလုပ်။ အပိုအလုပ်သည်အလုပ်မဖြစ်ဆိုပြီး ထားလိုက်မည်ဆိုလျှင်လည်းမဟုတ်သေး။ တောင်းရုံဖြင့်မလွတ်နိုင်ကို သိသိနှင့် ဘာကြောင့်တောင်းဆိုနေရသနည်း။ ရှင်းပါသည်။ အနိုင်တိုက်ပြီးမိမိလက်ဖြင့် ထောင်တံခါးများမဖွင့်နိုင်သေး။ သော့ကိုင် ထားသူက ဖြစ်နိုင်လျှင်နိုင်ငံရေးသမားတွေ သူ့မျက်စေ့အောက်မှာအသက်ပျောက်တာကိုမြင်လို၏။ အရှင်ထွက်ထက် အသေထွက် သာမြင်ချင်၏။ နောက်ဗူးကသာထုတ်ပေးလို၏။
သူ့မျက်စေ့အောက်မှာ အသက်ပျောက်တာလည်းမခံချင်၊ အရှင်ထွက်ဖြင့်အရှေ့ဗူးကထွက်လာစေချင်တော့ သော့ကိုင်ထားသူကို နားပူနားဆာလုပ်ရ၏။ အပေးအယူလုပ်ရ၏။ စကားပြောရ၏။ ဈေးဆစ်ရ၏။ အလျော့အတင်းလုပ်ရ၏။ ဒါကိုပဲ နိုင်ငံရေးဝေါဟာရ အရ တောင်းဆိုသည်ဖြစ်ရ၏။ လူမှုရေးတို့၊ လူသားချင်းစာနာမှုတို့ကျတော့တမျိုး။ မေတ္တာရပ်ခံသည်တို့ စာနာထောက်ထား စိုးရိမ် ပူပန်မိတို့ဖြစ်ရ၏။ ကိုယ့်လက်ကိုယ့်ခြေ မဖြစ်နိုင်သေးသ၍ "တောင်းဆိုခြင်းနှင့်မေတ္တာရပ်ခံခြင်း" တလှည့်စီရှိနေရဦးမည်ထင်၏။
လွတ်လပ်ချင်လျှင် “ရှိစုမဲ့စုတကိုယ်စာလွတ်လပ်ခွင့်ကလေးကို အရင်းတည်ပြီးအရင်တိုက်” ဆိုသည့်ဆိုရိုး စကား ရှိ/မရှိတော့ မသိ။ ဗမာပြည်တွင် တကိုယ်စာလွတ်လပ်ခွင့်ကလေးအရင်းတည်တိုက်ရင်း တဘဝလုံးချကျွေးသူများ၊ ယခင်၊ ယခုနှင့်နောင်တွင် ရှိခဲ့၊ ရှိနေ၊ ရှိနေရဦးမည်။ ထိုသူတို့အတွက် “တိုက်သူကတိုက်”နေသလို “တောင်းသူကလည်းတောင်း”နေရဦးမည်။ နိုင်ငံရေး ဆိုသည့် သဘောတွင် “တောင်းပွဲရောတိုက်ပွဲ”ပါ အကျုံးဝင်၏။
သော့ကိုင်ဘက်ကလည်း မြက်မြက်ကလေးရလျှင် ဈေးစကားပြောချင်၏။ သူက နိုင်ငံရေးအကျဉ်းသားတွေကို ဓါးစာခံလုပ်ပြီး အပေးအယူတိုင်းတွင်ဈေးဆစ်၏။ ၂ ဘက်စလုံးတွင်လည်း ဗမာ့နိုင်ငံရေးအပြောင်းအလဲအတွက် ထိုသူတို့မည်မျှအရေးပါကြောင်း ကိုသိမြင်ထား၏။ ဤတွင် နိုင်ငံရေးဈေးကွက်ပေါ်လာ၏။ ဈေးကွက်၏ဖလှယ်ကုန်ကား ထိုသူတို့ဖြစ်လာပြန်၏။ ဤတွင် ဈေး စကားပြောရ၊ အပေးအယူတွေလုပ်ကြရ၊ ဈေးညှိတာတွေလုပ်လာကြရတော့၏။
ရနိုင်သမျှထစ်ထားပြီး နောက်ဆုံးလွှတ်ရတော့မည့်အချိန်လေးအထိ အမြတ်ထုတ်တတ်သည့် သူတို့၏အကြောကို နောကြေလာ သည့်အလျှောက် တောင်းသည့်နေရာတွင်လည်း လွှတ်ပေးပါဟုရိုရိုးပြောလို့မဖြစ်မှန်း သိမြင်ရန်လိုမည်ထင်၏။ “လွှတ်ပေးပါ” “Free” ဆိုသည့် ကြိယာပုဒ်တွင် “ခြွင်းချက်မရှိ” “Unconditional” ဆိုသည့် ဝိသေသနထပ်ဖြည့်ရန်လို၏။ ထိုသို့ အစကတည်းက ဈေး “ဆိုင်” မထားလျှင် သူ့ဘက်ကအဆုတ်အတက်သာ၏။ ထို့ကြောင့် တောင်းဆိုချက်သည် “နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိလွှတ်ပေးရေး” ဖြစ်ရလိမ့်မည်ဟုမြင်၏။
သူတို့လက်သူတို့ခြေ သူတို့လူတွေနှင့်အပိုင်တွက်ပြီးအနိုင်ပိုင်းခဲ့သည့် ၂ဝ၁ဝ ဇာတ်ထုတ်ကြီးတွင် ၂ဝဝ၈ ဖွဲ့စည်းပုံကိုသစ္စာခံပါ့မည် ဟု ဒူးထောက်အောက်ချခဲ့သူတို့ပင်လျှင် နိုင်ငံတော်ပုန်ကန်လို့ဆိုကာ “ငါတို့ရုံနားမကပ်ရ”တွေလုပ်ထား၏။ (အမှန်က နိုင်ငံတော်နှင့်စစ်ခေါင်းဆောင်များဘာမှမဆိုင်။ စစ်အာဏာရှင်များကနိုင်ငံတော်ကို ကိုယ်စားမပြု။ ထိုသူတွေက စစ်အာဏာရှင်စနစ်နှင့် စစ်တပ်ကိုကိုယ်ကျိုးသုံးနေသည့် စစ်ခေါင်းဆောင်များကိုသာ ပုန်ကန်ခဲ့ခြင်းဖြစ်၏) ဤတွင် ထပ်ပြောစရာပါပြန်၏။ လွှတ်ပေးရေး တောင်းဆိုချက်နှင့်တပါတည်း “လွတ်လာသည့်နိုင်ငံရေးအကျဉ်းသားဟောင်းများအား ဗမာ့နိုင်ငံရေးဖြစ်စဉ်၏အဆင့်တိုင်းတွင် ကန့်သတ်ချက်မထားပဲပါဝင်ခွင့်ရရှိရေး” ထပ်ဖြည့်ရမည်ဟုမြင်၏။
ချုပ်၍ဆိုသော် “နိုင်ငံရေးအကျဉ်းသားများအားခြွင်းချက်မရှိလွှတ်ပေးရေး”နှင့်“လွတ်လာသည့်နိုင်ငံရေးအကျဉ်းသားဟောင်းများ အား ဗမာ့နိုင်ငံရေးဖြစ်စဉ်၏ အဆင့်တိုင်းအဆင့်တိုင်းတွင် ကန့်သတ်ချက်မထားပဲပါဝင်ခွင့်ရရေး” သည် လက်ငင်းတောင်းဆိုချက် တွင်ဖြည့်စွက်ရန်လိုမည့် အချက်များဖြစ်ရပါမည်။
ဦးဝင်းတင်နှင့်ပြောဖြစ်ခဲ့စဉ်က မပြောဖြစ်ခဲ့သည်များကို ယူအက်စ်ကင်န်ပိန်းဖေါ်ဘားမားညီလာခံတွင် အမေရိကန်ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအား ပြောဖြစ်ခဲ့၏။
(မျိုးမြင့်ချို)

0 comments:
Post a Comment