Wednesday, April 20, 2011

“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း ၅)မျိုးမြင့်ချို

0 comments
“စစ်မြေပြင်မှပုံရိပ်များ”(အပိုင်း ၅)ဧပြီ ၆ ရက် ၂ဝ၁၁ နေ့ လွတ်လပ်သော အာရှအသံမှ လွှင့်ထုတ်ပြီးအသံလွှင့်ဆောင်းပါး
နောက်ထပ် ဘာအသံဗလံမှထွက်မလာတော့ပဲပြန်ငြိမ်ကျသွားပြန် ပါတယ်။ ဘာဖြစ်တာလဲဆိုတာကိုသာမတွေးတတ်သေးပေမယ့် အခုန ကွဲသံတွေဟာ ညနေကမှအသစ်ထပ်ဖြည့်လိုက်တဲ့ မိုင်းကွင်းနေ ရာကဆိုတာကိုတော့ ကျနော်ခန့်မှန်းလို့ရပါတယ်။ သဇင်တောင်စခန်း မှာက ဖြူနဲ့ခွေးတူဝက်တူကောင်တွေပေါတယ်။၊ အဲဒီကောင်တွေက ညဘက်အစာရှာရင်း ဟိုတိုးဒီတိုးနဲ့၊ ကွင်းထဲ ကမိုင်းတွေနင်းမိတိုက်မိ ဖြစ်တတ်တာမျိုးလည်းရှိပါတယ်။ မိုင်းကွဲလို့ ကင်းသမားကလှမ်းပစ်ကြည့်၊ တောကောင်တိုးလို့ဖြစ်တာ ဆိုရင်တော့ “အေးစေ”ပေးပြီး အားလုံးပြန်အိပ်ကြတာပေါ့။ အခုဟာက “အေးစေ”လည်း မပေး၊ မိုင်းကွဲတဲ့ဘက်ကိုလည်း လက်နှိပ်ဓါတ်မီးတွေထိုးနေ၊ ရဲဘော် ၃-၄ ယောက်လည်း စည်းရိုးနားဆင်းကပ်သွားဆိုတော့ တောကောင်ကြောင့် မဟုတ်တာ တာ့သေချာပြီ။ ကျနော်လည်း သတ်မှတ်ပစ်ကျင်းနေရာမှာ သေနတ်ကိုင်ရင်းနားစွင့်ရင်းနဲ့ မိုးစင်စင်လင်းရတော့တာပေါ့။ ခဏနေတော့ ကျနော့်ကိုလာခေါ်တာနဲ့ ထောက်လှမ်းရေးဘန်ကာဆီ သွားရပါတယ်။

ရောက်တော့ ထောက်လှမ်းရေးက “ဟိုကောင်တွေဗျာ..အလေးအပေါ့သွားပါစေတော့ဆိုပြီး ထိတ်တုံး
ခဏဖြုတ်ပေးလိက်တာ၊ ခြံစည်းရိုးဖြဲပြီး ထွက်ပြေးဖို့လုပ်တယ်။ အခုတော့ ၂ ကောင်လုံးမိုင်းနင်းပြီး မသာပေါ် ကုန်ပြီလေ၊ အဲဒါ အလောင်းထုတ်ရအောင် မိုင်း နည်းနည်းရှင်းပေးပါဦး” လို့ ပြောပါတယ်။ ကျနော့်စိတ်ထဲ တမျိုးပဲ။ ဒါပေမယ့် “အင်း” လို့ပဲတခွန်းပြန်ပြောပြီး ခြံစည်းရိုး နားကိုသွားပါတယ်။ ခံစစ်စခန်းတွေမှာ စည်းရိုးကာဝါးခြမ်းပြားတွေထိပ်မှာ သောက်ပြီးသားနို့ဆီဗူးခွံတွေ ဇောက်ထိုးစွပ်ထားကြပါတယ်။ ခြံစည်းရိုးကို ကိုင်လိုက်လှုပ်လိုက်မိတာနဲ့ ကလောက်ကလောက်အသံတွေထွက်အောင်လို့ပါ။ အသံက ကင်းသမား ငိုက်နေတယ်ဆိုရင်တောင် နိုးလောက်အောင်ကျယ်ပါတယ်။ အိမ်သာရှိတဲ့နေရာနဲ့ အခုဒီလူတွေပြေးဖို့ လုပ်တဲ့နေရာကလည်း တခြားစီ။ နောက်ပြီးတော့ ကင်းနဲ့ခြံစည်းရိုးကလည်း ကိုက်၂ဝ တောင်မဝေးဘူး။ အိမ်သာမဟုတ်တဲ့နေရာမှာ အိမ်သာတက်မလိုလိုနဲ့ ခြံစည်းရိုးဖြဲပြီးပြေးဖို့လုပ်တယ်ဆိုရင်တောင် နို့ဆီခွက်တွေက ဘာလို့အသံမမြည်ရတာလဲ။ မြည်လျက်နဲ့ကင်းသမားက မကြားလို့များလား။

ကျနော် မိုင်းကွင်းထဲမဝင်ခင် စည်းရိုးတွေထိပ်ကိုကြည့်လိုက်တယ်။ နို့ဆီခွက်တွေ မရှိပါလား။ တစ်နေရာ မှာတော့၊ တိုင်ထိပ်မှာစွပ်တဲ့ နို့ဆီခွက် ၁၄-၅လုံးလောက်ကို အပုံလိုက်ပုံထားတာတွေ့တယ်။ ဖြဲထားတဲ့နေ ရာကိုလည်းကြည့်တယ်။ အပေါက်က လက်နဲ့ကမန်းကတမ်း ဖြစ်သလိုဖြဲထားတာမဟုတ်ပဲ သေသေချာချာ အချိန်ယူပြီး စနစ်တကျဖေါက်ထားတာဖြစ်နေတယ်။ ဒါနဲ့ ကျနော်လည်း အဲဒီအပေါက်ကပဲတိုးဝင်ပြီး ဒီလူတွေ သေ/မသေ အကဲခတ်ကြည့်ပါတယ်။ လူတွေကတော့ သေနေပါပြီ။

ကျနော်လည်း ဝင်လာမယ့်သူတွေအတွက် မိုင်းလွတ်လမ်းရှင်းပေးလိုက်ပါတယ်။ ပြီးတော့မှ အလောင်းတွေ ကိုကြည့်မိတယ်။ တယောက်က မိုင်းတလုံးကိုနင်းမိပြီးမှ နောက်တလုံးပေါ် မှောက်ရက်လဲကျပုံရတယ်။ ရင်ဘတ်တခုလုံးပွင့်ထွက်နေပါတယ်။ “ငါထောင်လိုက်တဲ့မိုင်းတွေနဲ့ ဒီလူတွေသေရတာပါလား” လို့တွေးမိပြီး ကျနော် တော်တော့ကို စိတ်မချမ်းမသာဖြစ်သွားပါတယ်။ တခုခုတော့မှားနေပြီ။ သွေးရိုးသားရိုး မဟုတ်လောက်ဘူးလို့လည်း တနေကုန်တွေးနေမိပါတယ်။

နောက်တပတ်လောက်နေတော့ ထောက်လှမ်းရေးအကြပ်နဲ့ ၂ ယောက်တည်းရှိတုန်း ကျနော့်စိတ်ထဲဖြစ်နေ တာကို သူ့ကိုပြောပြမိတယ်။ သူက ကျနော်ပြောတာကိုနားထောင်ပြီး “ခင်ဗျားကလည်း တော်တော်စိတ်နုတဲ့ လူပါလား၊ သူပုန်နဲ့သူပုန်သတင်းပေး မိလာတယ်ဗျာ။ ကောင်းကောင်းမွန်မွန် မေးတယ်မြန်းတယ်ဗျာ။ မဖြေဘူးဗျာ။ မဟုတ်ဘူးပဲပြောတယ်ဗျာ။ ဝန်ခံလိုက်ရင်အေးဆေးပဲ။ ထောင်လေးဘာလေးလောက်တော့ ကျမှာပေါ့။ အခုဟာက ဝန်မခံတဲ့အပြင် ထွက်ပြေးဖို့ပါလုပ်လာတယ်ဗျာ။ မတတ်နိုင်ဘူးဗျာ။ သူတို့ထိုက်နဲ့သူ တို့ကံပေါ့ဗျ” လို့ ခပ်ပေါ့ပေါ့ပဲ ပြန်ပြောပါတယ်။ ကျနော်က “မဟုတ်ဘူးလေဗျာ။ သူတို့ဟုတ်တယ်ဆိုရင် မပေါ်ပေါ်အောင်စစ်နည်းတွေ ခင်ဗျားတို့မှာရှိနေတာပဲဟာ။ နောက်တခုကလည်း အဲဒီညနေကမှ စစ်ကြောင်းမှူးက အဲဒီနေရာမှာမိုင်းသစ်တွေ ထပ်ဖြည့်ခိုင်းတယ်ဗျာ။ အိမ်သာနဲ့လည်းတခြားစီဗျာ။ နောက်ပြီး ကင်းနဲ့ကလည်းနီးနီးလေးဗျာ။ ခြံစည်းရိုးနို့ဆီခွက်တွေလည်း ဖြုတ်ပြီးပုံထားတာတွေ့တယ်ဗျာ။ သူတို့ဖြုတ် တယ်ဆိုလည်း ကင်းသမားကဘာလို့ မကြားသလဲဗျာ။ ဖြဲထားတဲ့ အပေါက်ကလည်း လက်နဲ့ဖြဲထားတာ မဟုတ်ဘူးဗျ။ ကျနော့်စိတ်ထဲတမျိုးပဲ။ ကျနော့်ကြောင့် ဒီလူတွေသေရသလိုမျိုးကြီး ခံစားနေရလို့ပါ” လို့ မဆင်မခြင်ဆက်ပြောနေမိခဲ့ပါတယ်။

သူက စိတ်နည်းနည်းတိုသွားပုံနဲ့ “ခင်ဗျား အဲသလောက်လည်းမခံစားနဲ့ဗျ..သေတဲ့ကောင်လည်းသေပြီပဲဟာ.. ရှင်နေရင်မှ ထောင်ထဲမှာဒီကောင်မျိုးတွေအတွက် နိုင်ငံတော်က အကုန်အကျခံနေရဦးမယ်။ နောက်တခု က ဒါ ခင်ဗျားအလုပ်လည်း မဟုတ်ဘူးဗျ.. ခင်ဗျား အလုပ်က စစ်အင်္ဂျင်နီယာ..ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အေးဆေးနေစမ်းပါဗျာ.. ဒါခိုင်းရင် ဒါလုပ်လိုက်ရုံပဲလေ.. ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေ ဝင်လည်းမတွေးနဲ့ ဝင် လည်းမမေးနဲ့ဗျ.. စစ်တပ်ဆိုတာ နေတတ်ရင်အကျယ်ကြီးပါဗျ.. ခင်ဗျားလည်းသိရဲ့သားနဲ့” ဆိုပြီး  အတည်လို လို အပြောင်အပျက်လိုလိုလုပ်ပြီး စကားစကိုဖြတ်ချလိုက်ပါတယ်။

အဲဒီတော့မှ ကျနော်လည်း စကားလွန်သွားပြီဆိုတာ သတိဝင်လာတယ်။ ကြက်သီးမိထသလိုလို ကျောချမ်းမိ သလိုလို စိတ်မလုံသလိုလို ဖြစ်မိပါတယ်။ ကျနော့်စစ်သက်တလျှောက်မှာ အဲသလိုမျိုး ကြက်သီးထမိ၊ ကျော ချမ်းမိ၊ စိတ်မလုံသလိုဖြစ်မိတာတွေ သိတ်တော့မနည်း လှပါဘူး။ မျိုးမြင့်

0 comments:

Post a Comment