Thursday, October 31, 2013

မုန်တိုင်းကို ခြေရာခံခြင်း(ထွန်းဝင်းငြိမ်း)

0 comments
မုန်တိုင်းကို ခြေရာခံခြင်း
ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၉ မှ ဆရာထွန်းဝင်းငြိမ်း၏ဆောင်းပါး ...
(ဗမာပြည် ကွန်မြူနစ်ပါတီတောခိုခဲ့ခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့ရဲဘော်မှ ဗမာပြည်ကွန်မြူနစ်ပါတီသို့ ကူးပြောင်းဝင်ရောက်သွားခဲ့သော ဗိုလ်မင်းလွင် (ဝါရင့်နိုင်ငံရေးသမားဟောင်းများအဖွဲ့)ရေးသား ခဲ့သည့်စာကို ဆရာထွန်းဝင်းငြိမ်း ပေးပို့လိုက်သည့်အတိုင်းဖော်ပြအပ်ပါသည်။ (အယ်ဒီတာ)
ဦးမင်းလွင်၏ဝန်ခံချက်
ကျွန်တော်သည် ကွယ်လွန်သွားပြီဖြစ်သော(၁၉၄၉ ခုနှစ် သြဂုတ်လ ၈ ရက်နေ့)က ဗမာ့တပ်မတော်မှ တောခိုသွားခဲ့သော ဗမာ့တပ်မတော် တပ်ရင်း(၁)မှ ဗိုလ်ကြီးသက်ထွန်း နောင်အခါတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မတော်၌ ဗဟိုစစ်ဦးစီးဌာနချုပ်စစ်ဆင်ရေးဌာန ကြီးမှူး (GSO-1)အဖြစ်တာဝန်ယူခဲ့စဉ်က ၎င်းနှင့် အတူတကွနေထိုင်ခဲ့ ပါသည်။ ၎င်း၏လက်အောက်၌ အရာရှိငယ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါသည်။ ယင်းနောက်ပိုင်းတွင် ဗိုလ်သက်ထွန်းသည် ပြည်သူ့တပ်မတော် အမှတ် ၁ ကြည်းကြောင်းတပ်မတော်၏ တပ်မှူးကြီးအဖြစ် လည်းကောင်း။ နောင်သောအခါ(တိုင်း ၂)အနောက်မြောက်တိုင်း၏ တိုင်းမှူးအဖြစ်လည်းကောင်းတာဝန်ယူခဲ့၍(၁၉၈ဝ ပြည့်နှစ်)ဝန်းကျင်တွင် အစိုးရထံတွင် လက်နက်ချခဲ့ပါသည်။
အစိုးရ၏ သစ်တောရေးရာဝန်ကြီးဌာန၌ညွှန်ကြားရေးမှူးအဖြစ်တာဝန်ယူပြီးနောက် အငြိမ်းစားပေးခြင်းခံခဲ့ရပါသည်။ ၂ဝဝ၁ ခုနှစ်တွင် ရန်ကုန်မြို့၌ကွယ်လွန်သွားခဲ့ပါသည်။
၎င်း မကွယ်လွန်မီ မကြာခဏဆိုသလို ကျွန်တော်နှင့်စကားလက်ဆုံကျမိကြပါသည်။ ယင်းကဲ့သို့ စကားလက်ဆုံကျကြစဉ် တိုင်းပြည်၏ သမိုင်းကြောင်းတွင် အမှတ်အသားပြုစရာအဖြစ်မှန်များသိရှိခဲ့ရ၍ နောင် သားစဉ်မြေးဆက် အထောက်အထားဖြစ်စေမည့်အဖြစ်အပျက်များ ကြားနာမှတ်သားခဲ့ရပါသည်။
အထူးသဖြင့် ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များမှာ မှတ်သားစရာများပါရှိပါသည်။ ဗိုလ်သက်ထွန်း ကိုယ်တိုင်ပါဝင်ခဲ့ရသောအခန်းကဏ္ဍကို သူကိုယ်တိုင်ပြောပြသွားခဲ့ခြင်းဖြစ်ပါသည်။ သူ၏ ပြောပြချက်များမှာ အချို့သူများပြောဆိုသည့် အချက်များနှင့်လုံးဝကွဲလွဲနေသည်ကိုတွေ့ကြရမည်ဖြစ်ပါသည်။
ထိုစဉ်အချိန်က ကျွန်တော်သည်ငယ်ရွယ်သူဖြစ်၍ တစ်ကြောင်း၊ ဘက်နှစ်ဖက်ရှိသည့်အနက် တစ်ဖက်နှင့်တစ်ဖက် သူနိုင်ငါနိုင်ပြောကြ ရာတွင် ကျွန်တော်ကိုယ်တိုင် ဘက်တစ်ဖက်တွင်ရှိနေသဖြင့် ကိုယ်ပါဝင်သောဘက်ကသာ အမှန်၊ အနိုင်ဟုယူဆခဲ့ပါသည်။ ယခုအခါ ကျွန်တော်၏ အသက်သည်ပင် ၇ဝ တွင်းသို့ ချဉ်းနင်းဝင်ရောက်နေပြီဖြစ်ရာ ဘက်တစ်ဖက်ကရပ်ပြီး ပြောလိုခြင်းထက် ကာယကံရှင်ပုဂ်္ဂိုလ်က သူကိုယ်တိုင်ပါဝင်ခဲ့သည့်အခန်းကဏ္ဍကိုပြောပြခဲ့သည့်အတိုင်း ရေးသားမှတ်တမ်းတင်ခဲ့ခြင်း ဖြစ်ပါသည်။
တစ်ချိန်တစ်ခါက မိမိပါဝင်ခဲ့သောဘက်တစ်ဖက်ကရပ်တည်၍ မှတ်တမ်းတင်ခြင်းမဟုတ်ဘဲ ဗိုလ်သက်ထွန်းပြောကြားခဲ့သည်ကိုသာ မှတ်တမ်းတင်ထားခြင်းဖြစ်ကြောင်း ဝန်ခံကတိပြုအပ်ပါသည်။
ဗိုလ်သက်ထွန်း ထောက်ခံချက်
မြန်မာပြည်၏သမိုင်းတွင် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် ထူးမြတ်သည့်နေ့တစ်နေ့ဖြစ်ခဲ့ပါသည်။ ဗြိတိသျှနယ်ချဲ့သမား၏ လက်အောက်မှ လွတ်လပ်ရေးရခဲ့သည့်နေ့ဖြစ်ပါသည်။
ဗြိတိသျှနယ်ချဲ့လက်အောက်မှ လွတ်လပ်ရေးရခဲ့ခြင်းသည် ဖဆပလက စစ်မှန်သောလွတ်လပ်ရေးဟု ယူဆခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီက စစ်မှန်သောလွတ်လပ်ရေးမဟုတ်ဟု ယူဆခဲ့သည်။ အပြန်အလှန်ပုတ်ခတ်စွပ်စွဲခဲ့ကြသည်။ မရှေးမနှောင်းကာလဖြစ်သော ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပြည်တွင်းစစ်မီးကြီး စတင်လောင်ကျွမ်းခဲ့ရသည်။ ဖဆပလက တိုင်းတစ်ပါး၏ ညွှန်ကြားချက်ဖြင့် ကွန်မြူနစ်များကတောခိုပြီး ဆူပူသောင်းကျန်းကြသည်ဟု ဆိုသည်။ ဗမာပြည်ကွန်မြူနစ်ပါတီက ဖဆပလအစိုးရက တစ်ပြည်လုံးရှိ ကွန်မြူနစ်များကို စတင်ဖမ်းဆီးခဲ့ခြင်းကြောင့် မလွှဲမရှောင်သာတောခို၍ တော်လှန်တိုက်ခိုက်ရခြင်းဖြစ်သည်ဟုဆိုသည်။
ဤအဆိုနှစ်ခုအနက် ဗမာပြည်ကွန်မြူနစ်ပါတီ၏အဆို မှန်ကန်ကြောင်းကို ဗိုလ်သက်ထွန်းက သူပါဝင်ခဲ့ရသောအခန်းကဏ္ဍကိုပြောပြ၍ ထောက်ခံချက်ပေးသွားခဲ့ပါသည်။
၁၉၄၈ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗမာ့တပ်မတော်(တပ်ရင်း ၁)သည် စစ်ရုံးချုပ်မြောက်ဘက် ဂေါ်ရာကုန်းဟု ခေါ်သည့် (ယခု ဤကုန်း မရှိတော့ပါ)နေရာ၌ တပ်စွဲထားသည်ဟုဆိုပါသည်။ ဗိုလ်သက်ထွန်းသည် တပ်ရင်း Adjudant (တပ်ရင်း ဦးစီးဗိုလ်ကြီး)ဖြစ်ပါသည်။ ထိုစဉ်က ဗမာ့တပ်မတော်ဖွဲ့စည်းပုံ၌ NBSD ခေါ် မြောက်ပိုင်းတိုင်းနှင့် SBSD ခေါ် တောင်ပိုင်းတိုင်းတို့ရှိရာ SBSD ခေါ် တောင်ပိုင်းတိုင်းတို့ရှိရာ SBSD ဌာနချုပ်၏ ဌာနချုပ်မှူးမှာ ထိုစဉ်က ဗိုလ်မှူးကြီးစောကြာဒိုး (နောင်တွင် ဗိုလ်မှူးချုပ်) ဖြစ်ပါသည်။ ထိုနေ့က ဗိုလ်မှူးကြီးစောကြာဒိုးက ဗိုလ်သက်ထွန်းအားခေါ်ယူ၍ ၎င်း၏တပ်ဖြင့်(မတ်လ ၂၈ ရက်နေ့နံနက်)တွင် ဗားကရာလမ်းတွင်ရှိသော ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ် (ယခုအခါ စမ်းချောင်းမြို့နယ်ကောင်စီရုံး)ကိုဝိုင်းဝန်း၍ ကွန်မြူနစ်များအားလုံးကိုဖမ်းဆီးရန်အမိန့်ပေးခဲ့ပါသည်။
ဗိုလ်သက်ထွန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လျှို့ဝှက်ပါတီဝင်ဖြစ်နေကြောင်း ဗိုလ်မှူးကြီးစောကြာဒိုး သိခဲ့ဟန်မတူပါ။ ဗိုလ်သက်ထွန်းသည် အသက်အရွယ်ငယ်ငယ်ဖြင့် ဂျပန်ဖက်ဆစ်တော်လှန်ရေးအတွင်းတွင် ဖြူးနှင့်ကျောက်ကြီးနယ်၌ ရဲခေါင်ပြောက်ကျား ခေါင်းဆောင်တပ်မှူးအဖြစ်ပါဝင်ဆင်နွှဲခဲ့၍ ဂျပန်တော်လှန်ရေးအပြီးတွင် ကနီ်္ဒစာချုပ်အရဖွဲ့စည်းခဲ့သော ဗမာ့တပ်မတော်သို့ဝင်ခဲ့သူ ဖြစ်ပါသည်။ ဂျပန်ဖက်ဆစ်တော်လှန်ရေးအတွင်းတွင် တောင်ငူ၊ ဖြူး၊ ကျောက်ကြီး၊ ရွှေကျင် စသော စစ်တောင်းမြစ်ဝှမ်းတွင် တိုက်ပွဲဝင် ခဲ့ကြသော ရဲခေါင်ပြောက်ကျားများမှာ ကွန်မြူနစ်ခေါင်းဆောင်များဖြစ်ကြသော သခင်သန်းထွန်း၊ သခင်ဗဟိန်း၊ သခင်သန်းဖေတို့၏ ခေါင်းဆောင်မှုအောက်၌တာဝန်ယူခဲ့ကြသူများဖြစ်ကြ၍ ခေါင်းဆောင်ငယ်များနှင့်တပ်မှူးငယ်များမှာ နောင်အခါ အများစု ကွန်မြူနစ်များ ဖြစ်ခဲ့ကြပါသည်။
ထိုစဉ်က ဗိုလ်သက်ထွန်းသည် အသက် ၁၆၊ ၁၇ နှစ် အရွယ်မျှသာရှိသေး၍ ဖက်ဆစ်တော်လှန်ရေးအပြီးတွင် ၁ဝ တန်းစာမေးပွဲဖြေဆိုရန် TTC ခေါ် ပညာရေ လေ့ကျင့်ရေးကျောင်း၌ ပညာဆက်သင်နေခဲ့ပါသည်။ တစ်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကခေါ်ယူတွေ့ဆုံ၍ ကျောင်း ဆက်မတက်ဘဲ ဗမာ့တပ်မတော်ထဲတွင်ဝင်ရောက်အမှုထမ်းဖို့ တိုက်တွန်းသည့်အတွက် ကျောင်းမှထွက်၍ တပ်ထဲသို့ဝင်ခဲ့ပါတော့သည်။ ထိုစဉ်က တပ်ထဲဝင်ရောက်ရာတွင် အရာရှိလောင်းများအတွက် ဗြိတိသျှစစ်တပ်မှစစ်ဗိုလ်ကြီးများက ရေးဖြေနှုတ်ဖြေစာမေးပွဲများဖြင့် တပ်မှူးများရွေးချယ်ခံကြရာ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အင်္ဂလိပ်စာအရေးကောင်းမှု၊ အပြောကောင်းမှုနှင့် တက်ကြွဖျတ်လတ်မှုများကို သဘောကျသဖြင့် ကော်မရှင်ပေးခဲ့သည်ဟု ဆိုပါသည်။ အစောဆုံး ဗမာစစ်ဗိုလ်ထဲမှ ဆင်းဟတ်စ် Royal Military College သို့ ပို့လွှတ်ခြင်း ခံခဲ့ရပါသည်။
၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့ ကိစ္စကို ဗိုလ်သက်ထွန်း က ပြောပြရာတွင် ဗိုလ်မှူးကြီးစောကြာဒိုးက သူ့ကို ကွန်မြူနစ်ပါတီဝင်ဖြစ်ကြောင်း မသိရှိဘဲ၊ တပ်တွင်း၌ တက်ကြွဖျတ်လတ်၍ ဆင်းဟတ်စ်ကျောင်းဆင်းတစ်ယောက်အဖြစ်သာသိသဖြင့် တာဝန်ပေးအပ်ခြင်းဖြစ်ပုံရကြောင်း ပြန်ပြောင်းပြောခဲ့ပါသည်။
သူ့အနေနှင့် အချိန်သိပ်မရတော့သဖြင့် အနီးဆုံးဖြစ်သော ဆင်းဒဝစ်လမ်း (ယခု ဗိုလ်ရာညွန့်လမ်း)တွင်နေထိုင်သော ကွန်မြူနစ်ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးထွန်းစိန် (မိတီ်္ထလာ)အိမ်သို့ တိတ်တဆိတ်သွားရောက်၍ ကွန်မြူနစ်များကိုဖမ်းတော့မည်ဖြစ်ကြောင်း အမြန်ဆုံးရှောင်တိမ်း ကြရန်နှင့် လက်လှမ်းမီသမျှ ပါတီဌာနချုပ်နှင့်ခေါင်းဆောင်များကိုအကြောင်းကြားပေးရန် ပြောကြားခဲ့ပါသည်။ ထိုအခါ ဦးထွန်းစိန်က “ဖမ်းမယ် ဖမ်းမယ်သတင်းရနေ၍ တို့ ရှောင်ပုန်းနေရတာများနေပြီ နောက် ဟုတ်လည်း မဟုတ်ဘူး”ဟုပြောရာ ဗိုလ်သက်ထွန်းက ဒီတစ်ခါတော့ တကယ်ဖြစ်ကြောင်း ကျွန်တော်ကိုယ်တိုင် တပ်ကိုခေါင်းဆောင်ပြီးဖမ်းရမှာဖြစ်ကြောင်းပြောမှ ဦးထွန်းစိန်က ယုံကြည်သွားကြောင်း ပြောပြပါသည်။
ဤအကြောင်းကို နောက်ပိုင်းတွင် တပ်မတော်ထောက်လှမ်းရေးမှတာဝန်ရှိသူများကမေးမြန်းသဖြင့်ပြောပြရာ အထက်ကပေးအပ်သော တာဝန်ကို တခြားသူများအားပြောပြခြင်းဖြင့် တပ်ကို သစ္စာဖောက်ရာမရောက်ဘူးလားဟုမေးရာ ငါက ကွန်မြူနစ်ပါတီဝင်ဖြစ်နေတဲ့အတွက် ငါ့ရဲ့ခေါင်းဆောင်များကိုဖမ်းခိုင်းတာဖြစ်လို့ ငါ့အနေနဲ့သတိပေးရခြင်းဖြစ်ကြောင်း နောင်အခါ၌ လုံးဝ တောခိုပြီး သွားရောက်ပူးပေါင်းသည် အထိလုပ်ခဲ့ကြောင်းရှင်းပြခဲ့သည်ဟု ပြောပါသည်။
၂၈ ရက်နေ့ နံနက်စောစောတွင် အလုံပိတ်ထားသောထရပ်ကားကြီးများဖြင့် ဗားကရာ ကွန်မြူနစ်ပါတီဌာနချုပ်သို့ သွားရောက်ဝိုင်းဝန်း ဖမ်းဆီးခဲ့ပါသည်။ သို့ရာတွင် တစ်ယောက်မှ ပါတီဌာနချုပ်မှဖမ်းဆီးရမိခဲ့ခြင်း မရှိပါ။ ထရပ်ကားကြီးများကို ဘေးကာများချကာ အလုံပိတ်ထား၍ လမ်းဘေးနှင့်ဈေးအတွင်းမှ ဈေးရောင်းသူများကိုပါ အားလုံးဖမ်းဆီးကားပေါ်တင်ကြရန် ရဲဘော်များကို အမိန့်ပေးထားခဲ့ သည်ဟု ပြောပါသည်။ အဘယ်ကြောင့်ဆိုသော် ကွန်မြူနစ်များမိလာပါက နောင်အခါတွင် ဈေးသည်များအဖြစ် ပြန်လည်လွှတ်ပေးနိုင်ရန် ဖြစ်သည်ဟုပြောပြခဲ့ပါသည်။
ယင်းနေ့က အဖြစ်အပျက်ကိုကြည့်လျှင် ဗိုလ်မှူးကြီးစောကြာဒိုးအား မည်သူကအမိန့်ပေးသည်ကို မသိရသော်လည်း ဗိုလ်သက်ထွန်းအား အမိန့်ပေးခဲ့သည်မှာ ဗိုလ်မှူးကြီးစောကြာဒိုးဖြစ်ကြောင်း သူက ပြောခဲ့ပါသည်။
ထိုနေ့က ရန်ကုန်၌ ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်ကခေါင်းဆောင်များနှင့်ရဲဘော်များကို အချိန်မီ အကြောင်းကြားနိုင်၍ မဖမ်းမိခဲ့သော်လည်း အချိန်မီအကြောင်းမကြားနိုင်သည့် တပ်နီဌာနချုပ်မှ ဗိုလ်အောင်မင်း၊ ဗိုလ်သိန်းတန်၊ ဗိုလ်ကြည် စသူတို့နှင့် အလုပ်သမားသမဂ္ဂမှ ဗိုလ်ရန်အောင်၊ ရဲဘော်မူကာဂျီ စသူတို့ အဖမ်းခံခဲ့ကြရပါသည်။ (ကျွန်တော်သိသလောက်ကိုသာဖော်ပြခြင်း ဖြစ်ပါသည်)
ဗိုလ်သက်ထွန်းပြောပြခဲ့သော(၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့)တွင်ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်တွင် ဖဆပလ အစိုးရက စတင် ဖမ်းဆီးသဖြင့် ပြည်တွင်းစစ် စတင်ဖြစ်ခဲ့သလော။ ကွန်မြူနစ်များက ၎င်းတို့၏လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကြောင့် ပြည်တွင်းစစ် စတင်ဖြစ်ခဲ့သလော။ နှောင်းလူတို့ စဉ်းစားဆုံးဖြတ်ကြစေချင်ပါသည်ဟူ၍ ဦးမင်းလွင်က ရေးသားခဲ့ပါသည်။

ထွန်းဝင်းငြိမ်း
၁၉-၁ဝ-၂ဝ၁၃

ကိုလိုနီခေတ်မတိုင်မီဗမာနိုင်ငံအခြေအနေနှင့် ဗမာပြည်အလုပ်သမားလူတန်းစားပေါ်ပေါက်လာပုံ (အပိုင်း၃-စ)

0 comments
ကိုလိုနီခေတ်မတိုင်မီ ဗမာနိုင်ငံအခြေအနေနှင့် ဗမာပြည်အလုပ်သမားလူတန်းစားပေါ်ပေါက် လာပုံ(အပိုင်း၃-စ)
၁၉၄၇ ခုနှစ် အလုပ်သမားအထွေထွေသပိတ်ကြီး
၁၉၄၇ ခုနှစ် ဂျန္နဝါရီ ၂၆ ရက်ကဖြစ်ပွားခဲ့သော အလုပ်သမားအထွေထွေသပိတ်ကြီးသည် သာမန်အခြေအနေမှာဖြစ်ပေါ်ခဲ့သော သပိတ်များနှင့်မတူပါ။ စီးပွားရေးတောင်းဆိုချက် သပိတ်သက်သက်မဟုတ်။ အနှစ်သာရအားဖြင့် နိုင်ငံရေးတောင်းဆိုချက်သပိတ်အဖြစ် ဆင်နွှဲခဲ့ခြင်းဖြစ်သည်။ သပိတ်မတိုင်မှီကာလ၊ ဂျန္နဝါရီ ၉ ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လွတ်လပ်ရေးတောင်းဆိုရန် အင်္ဂလန်သို့ သွားရောက်ချိန်ကာလလည်းဖြစ်နေခဲ့သည်။
အကယ်၍ ဗိုလ်ချုပ်အောင်ဆန်းတို့၏ တွေ့ဆုံဆွေးပွဲအခြေအနေပျက်ပြားသွားမည်ဆိုလျှင်၊ ဗြိတိန်အစိုးရက လွတ်လပ်ရေးပေးဖို့ငြင်းဆန်မည်ဆိုလျှင် သို့မဟုတ် ဆိုင်းငံ့ထားမည်ဆိုလျှင် လိုအပ်ပါက အထွေထွေ သပိတ်မှလက်နက်ကိုင်တော်လှန်ရေးသို့ကူးပြောင်းသွားရန်ပြင်ဆင်ထားသည့် အစပျိုးသပိတ် လည်းဖြစ်သည်။ ထိုကာလက ဖျာပုံခရိုင်တွင် (ဖဆပလ)တော်လှန်ရေးရဲဘော်များက လက်နက်ဖြင့် ဝင်ရောက်သိမ်းပိုက်သည့်အဖြစ်မျိုးလည်းရှိခဲ့သည်။
ထိုအခြေအနေသည် ပြန့်ကျဲနေသည့်နိုင်ငံရေးအင်အားစုများကို ပြန်လည်စုစည်းကာ စုဖွဲ့ပြီးလှုပ်ရှား လုပ်ဆောင်နိုင်ရန် အခွင့်အခါကောင်းတခုဖြစ်သည်။ ဖဆပလအဖွဲ့ချုပ်ရှိ အလုပ်သမားဌာနခေါင်းဆောင် များနှင့် ဗမာပြည်ကွန်မြူနစ်ပါတီမှ တပြည်လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂဌာနချုပ်မှခေါင်းဆောင်တို့ လုပ်ငန်းပိုင်းဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲများလုပ်ခဲ့သည်။ ထိုနောက် အခြေခံလုပ်ငန်းများပူးတွဲလုပ်ဆောင်နိုင်ရန်အတွက် လုပ်ငန်းစဉ်များချမှတ်ခဲ့ကြသည်။ ထိုလုပ်ငန်းစဉ်များမှာ -
၁။ အထွေထွေတောင်းဆိုချက်များ ညှိနှိုင်းဆွေးနွေးရေး
၂။ သပိတ်လွှတ်တော်ဖွဲ့စည်းရန်
၃။ စည်းရုံးရေးတာဝန်ခွဲဝေရေး
၎။ ကျန်းမာရေးနှင့် ရိက္ခာစောင့်ရှောက်ရေး
၅။ ပူးတွဲခေါင်းဆောင်ရေး…စသည့်တိုဖြစ်သည်။
ထိုနောက် ဦးဆောင်သူအသီးသီးကတာဝန်ခွဲဝေပြီး လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည်။ အထွေထွေအလုပ်သမားသပိတ်ကြီးတွင် သပိတ်မှောက်အင်အား (၅ဝဝဝဝ)ကျော်ပါဝင်ခဲ့သည်။ စစ်ကြိုခေတ်က (၁၃ဝဝ)ပြည့်အရေးတော်ပုံသည်  အလွန်အရေးပါခဲ့သလို စစ်ပြီးခေတ် အထွေထွေအလုပ်သမားသပိတ်ကြီးသည်လည်း လွတ်လပ်ရေးတိုက်ပွဲအတွက်တွန်းအားတခုဖြစ်ခဲ့သည်။
အထွေထွေသပိတ်ကြီးတွင် အစိုးရရုံးဌာနများမှအလုပ်သမား၊ ပရိုဂျက်စီမံကိန်းဘုတ်အဖွဲ့အလုပ်သမားများ၊ ပုဂ္ဂလိကအရင်းရှင်လုပ်ငန်းများမှအလုပ်သမားများ၊ ရန်ကုန်မြူနီစပယ်အလုပ်သမားများ၊ စစ်ဘက်ဆိုင်ရာ ပြင်ပအလုပ်သမားများ၊ အမှုထမ်းများပါဝင်ကြသည်။ သပိတ်မှောက်အဖွဲ့များတွင် အလုပ်ဌာနပေါင်း (၃ဝဝ)နှင့် အလုပ်သမားအဖွဲ့အစည်းပေါင်း (၂ဝဝ)ကျော်တို့ ပူးပေါင်းပါဝင်ကြသည်။
သပိတ်စခန်းများကို ရွှေတိဂုံအလယ်ပစ္စယံ၊ ဗဟန်းငါးထပ်ကြီးဇရပ်၊ ကြည့်မြင်တိုင်ကိုးထပ်ကြီးဘုရား၊ ပုဇွန်တောင်မြူနီစပါယ်ကျောင်းနှင့် ကြည့်မြင်တိုင်မြူနီစပါယ်ကျောင်းတို့တွင် သပိတ်စခန်းဖွင့်လှစ်ထား ရှိခဲ့သည်။
သပိတ်ကြောင့် ကိုလိုနီအုပ်ချုပ်ရေးမတည်မငြိမ်မှုကို ဖြစ်ပေါ်စေသည်။ အီးအာတီလျှပ်စစ်သပိတ်ကြောင့် ရန်ကုန်နယ်နမိတ်ဧရိယာတခုလုံး အမှောင်ကျသွားသည်။ မြူနီစပါယ်သပိတ်ကြောင့် ရန်ကုန်တမြို့လုံး မစင်နံ့များနှင့် နံဟောင်နေသည်။ မော်တော်ယာဉ်များကြောင့် ရန်ကုန်မြို့တွင်း သွားလာရေးကမောက် ကမဖြစ်ကုန်သည်။ အချို့အလုပ်ဌာနများက လူထုကိုနစ်နာစေမှုဖြစ်စေနိုင်သဖြင့် သပိတ်ထဲမပါဝင်ဖို့ မေတ္တာရပ်ခံထားရသည်။ သပိတ်အောင်မြင်ခြင်းအကြောင်းအရင်းထဲတွင် လူထုဆန့်ကျင်မှုမလုပ်မိရေးကို သတိကြီးစွာဖြင့်လုပ်ကိုင်ဆောင်ရွက်မှု၏အကျိုးဆက်ဖြစ်ပါသည်။
သပိတ်မှောက်အင်အားစုများတွင် ကိုလိုနီအစိုးရ၏အရေးကြီးလုပ်ငန်းကြီးများနှင့် အလုပ်ဌာနပေါင်း၂၄ ခု (ကုန်းလမ်း၊ ရေလမ်းနှင့်လေကြောင်း သယ်ယူပို့ဆောင်ရေးဌာနများ၊ လျှပ်စစ်ဌာနများ၊ အလုပ်ရုံစက်ရုံများ၊ ဆန်စက်၊ သစ်စက်များ၊ ဆေးရုံအလုပ်သမားများစသည်)တို့က ပူးပေါင်းပါဝင်လာခဲ့သည်။ သပိတ်သည် ရန်ကုန်နှင့်အင်းစိန်စက်မှုလုပ်ငန်းများတွင်အခြေခံထားသော်လည်း ရေနံချောင်း၊ ချောက်၊ သံလျင်၊ သရက်၊ မန္တလေး၊ ပုသိမ်၊ မော်လမြိုင်၊ ပြည်၊ မြင်းခြံ၊ မြိတ်နှင့်ထားဝယ်စသည့် မြို့ကြီးများစွာသို့ကူးစက်ခဲ့သည်။ (၁၉၄၇)ခုနှစ် အထွေထွေသပိတ်မှတောင်းဆိုချက် (၂၄)ချက်ကို တင်ပြတောင်းဆိုခဲ့သည်။ ထို (၂၄)ချက်သည် တပြည်လုံး၏အလုပ်သမားများအတွက် ကိုယ်စားပြုတောင်းဆိုခဲ့ခြင်းဖြစ်သည်။ သပိတ်တောင်းဆိုချက်အချို့ကို ရရှိလိုက်ပြီး၊ အချို့ကို အလုပ်ရှင်နှင့်အစိုးရက မလိုက်လျောဘဲတင်းခံနေ သည်။ အချို့က အလုပ်ရှင်နှင့်ပူးတွဲဖြေရှင်းရမည့်ကိစ္စရပ်များအဖြစ် ထားရှိလိုက်ရသည်။
သပိတ်ရက် ရှည်လာသည်နှင့်အမျှ  သပိတ်အင်အား (၅ဝဝဝဝ)ကျော်၏ နေထိုင်စားသောက်ရေး အခက်အခဲတွေ့လာသည်။ စားသောက်ရေးအားလုံးကို လူထုထံမှီခိုနေရသောကြောင့်ဖြစ်သည်။ အလုပ်သမားကိုယ်စားလှယ်အများစု၏ဆန္ဒအရ တိုက်ယူရရှိထားသည့်အခွင့်အရေးများကိုဆုပ်ကိုင်ထားပြီး၊ ကျန်အခွင့်ရေးများကို အလုပ်သမားထုညီညွတ်စွာဖြင့်ဆက်လက်တိုက်ပွဲဝင်ရန်ဆန္ဒရှိကြသည်။ ထိုအခြေအနေများကြောင့်(၂၁ရက်-ဖေဖော်ဝါရီ ၄၇)တွင် သပိတ်လှန်လိုက်ကြသည်။
ကွန်မြူနစ်ပါတီဦးဆောင်သည့် အေတီယူဘီ (တနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်)က သပိတ်လှန်ရန် အပြင်းအထန်ကန့်ကွက်ခဲ့သည်။ ဆွေးနွေးရရှိချက်များသည် စေ့စပ်၍ ရရှိချက်များသာဖြစ်၍ ရေရာမှုမရှိနိုင်၊ ကြေနပ်လောက်သောအောင်မြင်မှုမရှိဟု ယူဆသည်။ သပိတ်လှန်ခြင်းသည် ဖဆပလနှင့်ဆိုရှယ်လစ်ပါတီခေါင်းဆောင်များ၏သစ္စာဖောက်မှုနှင့် လိမ်လည်မှုသာဖြစ်သည်ဟုစွပ်စွဲခဲ့သည်။ တောင်းဆိုချက်အတိုင်းရရှိရန် ရေရှည်သပိတ်တိုက်ပွဲဆက်လက်ဆင်နွှဲရန်လိုအပ်ကြောင်းတင်ပြခဲ့သည်။
နောက်ဆုံးတွင် ရေရှည်တိုက်ပွဲဝင်ရန်အခက်အခဲတွေ့နိုင်သဖြင့် အလုပ်သမားသမဂ္ဂတဖွဲ့ခြင်းသာ တိုက်ပွဲဝင်လိုကဝင်နိုင်သည်ဟု  ဆုံးဖြတ်ချက်ချလိုက်ရတော့သည်။


ငါတိုဟာရှူံးခဲ့တယ် (မောင်မင်းနွယ်)

0 comments
ငါတိုဟာရှူံးခဲ့တယ်
ငါတို့ဟာရှူံးခဲ့တယ်။
ရှူံးနိမ့်တဲ့အခါမှာ ရှူံးတယ်လို့ဝန်မခံရဲသူဟာ သူရဲကောင်းမဟုတ်ဖူး။
ငါတို့ဟာ..ငါတို့ကိုယ်ငါတို့ရှူံးခဲ့တယ်။
သူရဲကောင်းပီသစွာထောင်ချခံနေခဲ့ရတဲ့
ငါတို့အတိတ်ကိုငါတို့ရှူံးတယ်။
သေသွားတဲ့ငါတို့ရဲဘော်တွေကိုသစ္စာစောင့်သိရိုသေဖို့အတွက်
လက်ကျန်သစ္စာတရားကိုသစ္စာရှိဖို့
ငါတို့ဆုံးရှူံးခဲ့တယ်။

ကဲ.. ငါတို့ရှူံးတယ်
အနှစ်နှစ်ဆယ်ကျော်ကို ငါတို့ရှူံးတယ်
ကိုယ်ကျိုးရှာသူတွေနဲ့တဝိုင်းထဲညစာစားနေတဲ့
ငါတို့ရဲ့ မိတ်ဆွေဟောင်းတွေကို ငါတို့ဆုံးရှူံးတယ်။
တနေ့...မှာ တရားမျှတမူကို စီရင်ပေးလိမ့်မယ်လို့
ငါတို့ကိုသူရဲကောင်းအမှတ်နဲ့မျှော်လင့်ခဲ့တဲ့ငါတို့ပြည်သူတွေရဲ့ယုံကြည်ချက်ကို..ငါတို့ဆုံးရှူံးတယ်။
ခေတ်တခေတ်မှာရှူံးနိမ့်ခဲ့ရပြီး ရာဇဝင်တခုလုံးမှာမရှူံးဖို့အတွက် အခု...ငါတို့ရှူံးတယ်...၊
ဘာဖြစ်လဲ…ဟောသည်ခေတ်မှာငါတို့ရှူံးတယ်။
ဖြစ်နိုင်ပါတယ်..၊
ငါ့သက်တမ်းတခုလုံး မှာ..ရှူံးနိမ့်သွားခဲ့ရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သားသတ်သမားတွေပါးနပ်လာတဲ့ခေတ်မှာ
မုသာဝါဒကိုရှိခိုးကြတာဘာဆန်းလဲ။

ငါတို့ဟာ မြင့်မြတ်စွာကျဆုံးခဲ့တဲ့...
ငါတို့ရဲ့ သူရဲကောင်းတွေကို အုတ်ဂူထဲကထုတ်ပြီး
သစ္စာမဲ့မူနဲ့ အခု..အပြီးတိုင်ခုတ်ထစ်လိုက်ကြတယ်။

ငါတို့ရဲ့သူရဲကောင်းရာဇဝင်တွေကို
သားသတ်သမားဟောင်းတွေက
သူတို့ရဲ့ဂုဏ်ပြုပွဲမှာ ပြက်လုံးလုပ်မြည်းကြပါလိမ့်မယ်။

ငါဘယ်တော့မှဒူးမထောက်ဖူးဆိုတဲ့သစ္စာ
တဲတဲလေးရှိနေသေးတာလဲလွဲရင် ခင်ဗျားရှူံးတယ်။
ခင်ဗျားရဲ့ ရဲဘော်ရဲဘက်တွေကိုလည်း ခင်ဗျားရှူံးတယ်။
ခင်ဗျားရဲ့ရွေပြည်တော်အိပ်မက်တွေကိုလည်း ခင်ဗျားဆုံးရှူံးတယ်။
ခင်ဗျားရဲ့မျော်လင့်ချက်တွေကိုလည်း ခင်ဗျားရှူံးတယ်။
ခင်ဗျားရဲ့ကြီးစွာသောပေးဆပ်မူတွေလည်း အခုအချီးနှီးနဲ့....

ဟုတ်တယ်.. ရှူံးနိမ့်မူဟာသိပ်ကြမ်းကျုတ်တယ်။
ခင်ဗျားမှာရဲဘော်ရဲဘက် မရှိတော့ဖူး။
ယုံကြည်ရတဲ့မိတ်ဆွေ မရှိဖူး။
နွေးထွေးတဲ့နိင်ငံတော်တခု မရှိတော့ဖူး။
ခင်ဗျား အမေမရှိတော့ဖူး။
ခင်ဗျား...ပြန်စရာအိမ် မရှိတော့ဖူး။
နောက်ဆုံး
ခင်ဗျားဆက်တိုက်ပွဲဝင်ရမယ့်တိုက်ပွဲ မရှိတော့ဖူး ။
အဆိုးဆုံးကတော့
ခင်ဗျားဆက်တိုက်ရမယ့်ရန်သူကိုတောင် ခင်ဗျားဆုံးရှူံးမယ်ဆိုရင်
ခင်ဗျားရှူံးခဲ့တာတွေအားလုံးထက်..ခင်ဗျားပိုရှုံးတယ်။

သတ်သေဖို့လား...
အသုဘမှာတောင် ခင်ဗျားအလောင်းကို ခွပ်ဒေါင်းလံလွမ်းပေးမယ့်သူမရှိဖူး။
ခင်ဗျားအသုဘကို ပို့ပေးမယ့်ရဲဘော်စစ်စစ် တယောက်မှမကျန်ဖူး။
ခင်ဗျားဈာပနမှာဆိုရမယ့် ကမ္ဘာမကြေသီချင်းကို...အားလုံးမေ့သွားပြီ။

ဘာလုပ်မလဲ...ခင်ဗျားဘာလုပ်မလဲ။
ဟုတ်တယ်။
အဲသည်တုန်းကသူတို့ရဲ့သေနတ်ပြောင်းဝမှာ
အဲသည်တုန်းကသူတို့ရဲ့အကျဉ်းထောင်ထဲမှာ
အဲသည်တုံးကသူတို့ရဲ့ စစ်ကြောရေးစခန်းတွေမှာ
သူရဲကောင်းပီသစွာ ခင်ဗျားကျဆုံးခဲ့ဖို့ ...ကောင်းတယ်။
အခုတော့ အသက်ရှင်သန်ဖို့ကိုရွေးခဲ့လို့
အဲသည်တုန်းက အောင်ပွဲကိုမျော်လင့်ခဲ့လို့
အဲသည်တုန်းက တိုက်ပွဲကိုယုံကြည်ခဲ့လို့
အခုတော့ ခင်ဗျား နက်နက်နဲနဲဆက် နာကြင်သွားရတော့မယ်ဘဝတခုလုံး...ပေါ့...။

ရှူံးသွားတယ်လို့လက်ခံလိုက်ပါ။
ခင်ဗျားရဲဘော်တွေ...
ချစ်လှစွာသောခင်ဗျားရဲဘော်တွေ
ထောင်ထဲမှာ..
တောထဲမှာ...
လမ်းမတွေပေါ်မှာ
အကျဉ်းစခန်းတွေမှာ...
သူတို့အသက်စွန့်သွားခဲ့ရတာ...
ဘာအတွက်မှမဟုတ်ဖူး.....လို့။

ဘာမှမဟုတ်ဖူး
သူတို့အသက်စွန့်ပေးခဲ့တဲ့မျှော်မှန်းချက်တွေ ဘာမှမဖြစ်လာဖူး။
သူတို့ကိုသတ်ဖြတ်ခဲ့သူတွေကို
ခင်ဗျားရဲ့....တချိန်ကရဲဘော်တချို့
လက်ခုပ်တီးနေမယ်
ခင်ဗျားချစ်လှတဲ့ရဲဘော်တချို့
သူတို့နဲ့ညစာစားနေမယ်
အဲသည်ညစာစားပွဲမှာ..
ခင်ဗျားယုံခဲ့တဲ့တော်လှန်ရေးက အကောင်းဆုံးပြက်လုံးပေါ့။
သူတို့ရဲ့လက်ပါးစေတွေဖိတ်ကြားတဲ့ ညစာစားပွဲဖိတ်စာတွေကို
ခင်ဗျားရဲဘော်ဆိုသူတွေက
အလုအယက်ဂုဏ်ယူနေကြမယ်
ကျဆုံးသွားသူတွေရဲ့စီရင်ချက်ပေါ်မှာထိုးခဲ့ဖူးတဲ့လက်မှတ်တွေက
အခုတော့ဈေးကောင်းလို့
သွေးစွန်းတဲ့လက်တွေကိုလက်ဆွဲနုတ်ဆက်ဖို့
ခင်ဗျားရဲဘော်တွေ တန်းစီစောင့်နေကြတယ်။
ခင်ဗျားကလား
အတိတ်ကိုပြန်သွားနေတဲ့
ခေတ်နောက်ပြန်ဆွဲနေသူအဆိုးမြင်ဝါဒီ၊
အကြမ်းဖတ်ဝါဒကလွဲရင်
ဘာသဘောတရားမှမရှိတဲ့ကောင်
အပြောင်းလဲကိုလက်မခံနိုင်တဲ့ပညာမဲ့
ဘာဗဟုသုတမှမရှိတဲ့ လူမိုက်သက်သက်။
ဟုတ်တယ်...
ရှူံးနိမ့်မူဟာရက်စက်တယ်
ရှူံးတယ်လို့လက်ခံလိုက်တော့မှ
ရှူံးနိမ့်မူဟာပိုကြမ်းကျုတ်လာတယ်။
မောင်မင်းနွယ်

Wednesday, October 30, 2013

၂ဝ၁၃၊ အောက်တိုဘာအနှောင်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)

0 comments
၂ဝ၁၃၊ အောက်တိုဘာအနှောင်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)
"ဘာထူးလဲ မင်းတို့အမေရိကားကကောင်တွေလည်း ကားတဝီဝီနဲ့"ဆိုတဲ့ မိတ်ဆွေ(ဟောင်း)ဖတ်ဖို့ စာတပုဒ်တော့ရေးရလိမ့်မယ်ထင်ပါ့။ မရေးခင် ကြိုတော့ပြောပါ့မယ်။ သူတို့ဝီတဲ့ကားက သူတို့ချွေးနှဲစာပါ။ ပြည်သူ့ဘဏ္ဍာမဟုတ်ပါ။ ပါမစ်ရတာမဟုတ်ပါ။ သူတို့ဝီတဲ့ကားက အကြွေးနဲ့ပါ။ လက်ငင်းမဝယ်နိုင်ပါ။ စိုက်ထုတ်ပေးသူ မရှိပါ။ သူတို့ဝီတဲ့ကားက သူတို့လုပ်အားနဲ့လဲထားရတာပါ။ (ကြိုပြောဖို့ မေ့တော့မလို့။ ကျနော်တော့ မဝီသေးပါ။ ဒုက္ခိတမို့ မမောင်းနိုင်လို့ မဝီတာမဟုတ်ပါ။ ကျနော့်ထက် ဒုက္ခိ ပိုတတဲ့ သူတွေတောင် ဝီလို့ပါတယ်။ တနေ့နေ့တော့ ကျနော်လည်း ဝီပါမယ်) (ကားတဝီဝီနဲ့ပတ်သက်လို့)

စစ်ထွက်နဲ့ဘုန်းကြီးလူထွက်တွေ အပြင်ရောက်ရင် ဘာမှလုပ်မစားတတ်ဘူးလို့ပြောကြတာ ဗမာပြည်မှာ အခါခါကြားရတယ်။ စစ်ထွက်အကြောင်း အရင်ပြောကြည့်မယ်။ ကျနော်ပြောမယ့် "အပြင်ရောက်ရင် လုပ်မစားတတ် သုံးစားမရ" စစ်ထွက်ဆိုတာက အောက်ခြေအဆင့်၊ ပညာမတတ်စာမတတ်၊ အကပ်အရပ် မရှိဘာမရှိ၊ ဆရာမရှိ"အဘ"မရှိ၊ အရင်းအနှီးမရှိဘာမရှိ စတဲ့အရည်အချင်းနဲ့ပြည့်စုံတဲ့စစ်ထွက်တွေပဲ။ ဟုတ်တယ်၊ တပ်ထဲမှာနေတုန်းကလည်း အထက်တန်းပညာ၊ ကောလိပ်တက္ကသိုလ်တွေမပြောနဲ့ အနုံညာတ အသက်မွေးဝမ်းကြောင်းပညာလေးလောက်မှသင်ခွင့်မရ၊ ရတဲ့လစာက လမကုန်ခင်မှာကုန်နှင့်နေတဲ့ အနေအထား။ သန်တုန်းမြန်တုန်း တပ်ကထွက်ချင်တော့လည်း ထွက်မရ။ အိုမင်းမစွမ်းနဲ့ အပြင်မှာ ဘာမှလုပ်ကိုင်စားမရတော့တဲ့အရွယ်ကျမှ လက်ချည်းပဲတပ်ကထွက်လာရသူတွေပဲ။ သူတို့ လုပ်မစားတတ်တော့ဘူး။ လုပ်မစားနိုင်ကြဘူး။ လုပ်စားလို့မရတော့ဘူး။ ဒါကို မလုပ်စားချင်ကြဘူး လုပ်မစားကြဘူးဆိုတာနဲ့တော့ မထွေးစေချင်။ မရောစေချင်။ သူတို့မှာ လုပ်စားတတ်အောင် လုပ်စားလို့ရအောင် လုပ်စားနိုင်အောင်အတတ်ပညာအရင်းအနှီးနဲ့အရွယ် ဘာမှမရှိကြတော့ဘူး။ သူတို့ခွန်အား အရွယ် ပျိုမြစ်မှုတွေဟာ ပြည်တွင်းစစ်မီးရဲ့အလောင်အမြိုက်နဲ့ စစ်အာဏာရှင်တစ်သိုက် အတွက် အလုပ်အကြွေးပြုခဲ့ရပြီ။ ကုန်ခမ်းခဲ့ရပြီ။(မသိမှုကြောင့်တပ်ထဲဝင်ပြီး အားအင်ကုန်ခမ်းရဲ့ရသူတွေ အတွက်တော့ စိတ်မကောင်းကရုဏာသက်မိပေမယ့် သိရက်နဲ့အလုပ်အကြွေးပြုသူတွေ၊ အလုပ်အကြွေးပြုရင်း ကြွက်အထွာနဲ့ လူထုအပေါ်နိုင့်ထက်စီးနင်းလုပ်ခဲ့သူတွေကိုတော့ စာနာစိတ်ထားဖို့မဆိုနဲ့ စက်ဆုပ်စိတ်နဲ့သာ မသတီစရာဖြစ်ရတယ်) ဆိုတော့ တပ်ထဲနေတုန်း လစာနဲ့လုံလောက်ပြီး အပိုအလျှံလေးစုမိဆောင်းမိအောင်လုပ်မပေးခဲ့တဲ့၊ အပြင်ထွက်တဲ့အခါ လုပ်စားကိုင်စားတတ်အောင် ပညာတခုခုသင်ခွင့်မပေးခဲ့တဲ့၊ သန်သန်မြန်မြန် ခွန်အားတွေကုန်ဆုံးပြီး အိုမင်းတွင်းဆုံးအထိအလုပ်အကြွေးပြုခိုင်းခဲ့တဲ့၊ အငြိမ်းစားယူတဲ့အခါ ပင်စင်လစာငွေနဲ့မလောက်မငှဖြစ်အောင်လုပ်တဲ့စနစ်နဲ့အစိုးရကိုသာ အပြစ်ဆိုရမယ်။ ဆန့်ကျင်ရမယ်။ အရေးဆိုရမယ် "လုပ်မစားတတ် သုံးစားမရတဲ့စစ်သားလူထွက်တွေ"ဖြစ်လာရခြင်းအတွက်တော့။
ဘုန်းကြီးလူထွက်ကိစ္စ။ ဘယ်သူပြောလဲ ဘုန်းကြီးလူထွက် လုပ်မစားတတ်ဘူးလို့။ ခင်ဗျားတွေ့ဖူးလား။ လုပ်မစားချင်တာတော့ ဘုန်းကြီးလူထွက်မှမဟုတ် ဘာလူထွက်မှမဟုတ်တဲ့ လူရိုးရိုးတွေမှာလည်း အပြည့်။ တွေ့လည်းတွေ့ဖူး တွေ့လည်းတွေ့နေရတယ်။ တချို့ ဘုန်းကြီးလူထွက်ရင် လုပ်စားမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးသူတွေဟာ နယ်ကနေတက်လာ၊၊ သင်္ကန်းစီး၊ ကျောင်းတကျောင်းမှာနေ၊ ဆွမ်းခံစား၊ ရသမျှလေးကြိတ်စု၊ နာရီပြင်၊ ကက်ဆက်ပြင်၊ ရေဒီယိုပြင်စတဲ့သင်တန်းလေးတွေတက်၊ ပြီးရင်လူထွက်။ သူများဆိုင်မှာလုပ်ရင်လုပ် မလုပ်ရင်ကိုယ့်ဘာသာဆိုင်ဖွင့်။ (ခုခေတ်ကျတော့ တချို့ကိုယ်တော်တွေများ ကွန်ပြူတာပြင်သင်တန်းတောင်တတ်တာတွေ့တယ်။ ဘုန်းကြီးငယ်တချို့ဆို ကိုယ်ပိုင်လက်တော့ပ်နဲ့။ ဆဲလ်ဖုန်းနဲ့။ ကိုယ်ပိုင်မရှိသူတွေကျ အင်တာနက်ဆိုင်တွေမှာ လူတွေနဲ့နင်လားငါလားတရုန်းရုန်း) တစ်ချို့ကျတော့ (ရုပ်အခံလေးလည်းရှိမယ်ဆို) သင်္ကန်းစည်းထားတုန်း(ပိုက်ဆံလေးဘာလေးရှိရင်ရှိ) မိန်းမရအောင်ပိုးပြီး လူဝတ်လဲခိုးပြေးတာလည်းရှိတယ်။ ယူတဲ့မယားက အသက်လည်းကြီး အပျိုကြီးလည်းဖြစ် ပိုက်ဆံလေးလည်းရှိလို့ကတော့ ဘာပြောကောင်းမလဲ။ အိမ်ဦးခန်းမှာ ဒူးလေးတနှံ့နှံ့နဲ့။ တချို့ကျတော့ အပြင်မှာလုပ်မစားချင် လုပ်မစားတတ် လုပ်လည်းမစားချင်ကြရော သာသနာ့ဘောင်မှာ ပဲပျော်ပါတယ်ဆိုပြီး သင်္ကန်းပြန်စည်းတာပဲ။
စစ်သားနဲ့ဘုန်းကြီး တူတာတွေရှိတယ်။ ဥပမာ-ဘာမှသိတ်မလေးပင်တဲ့ အရည်အချင်းလို့တောင်ပြောဖို့ခက်တဲ့သတ်မှတ်ချက်တချို့နဲ့ကိုက်ရင် အချိန်မရွေးလုပ်လို့ရတာမှာ၊ အထက်အောက် အရိုအသေပြုရတာ၊ နာခံရတာမှာ၊ (အသက်နဲ့မဆိုင် စီနီယာနဲ့ဝါနဲ့) အစုအစည်းအခိုင်အမာတည်ဆောက်ပြီး အစုအစည်းအကျိုး စီးပွားကိုထိပါးရင် တစ်ယောက်ချင်းရော အစုအစည်းအလိုက်ရော အသက်ပေးပြီးခုခံကာကွယ် 

တိုက်ခိုက်တာမှာ၊ လူတွေရဲ့အရိုအသေနဲ့အကြောက်အလန့်ကိုရတဲ့နေရာမှာ စတာမျိုးတွေမှာတူတယ်။ အနည်းအများပဲကွာတယ်။
မတူတာတွေလည်းရှိတယ်။ စစ်သားက တပ်က ကိုယ်ထွက်ချင်တဲ့အချိန်ထွက်လို့မရဘူး။ ဘုန်းကြီးက ရတယ်။ စစ်သားက(တိုက်ပွဲမကျရင်) သေတဲ့အထိစစ်မှုထမ်းပြီး ထမင်းစားလို့မရဘူး။ ဘုန်းကြီးက (ဘာပြဿနာမှမဖြစ်ရင်) မသေမချင်းဘုန်းကြီးဝတ်ပြီး အသက်မွေးလို့ရတယ်။
ဆိုတော့ သုံးစားမရလုပ်မစားတတ်တဲ့စစ်သားလူထွက်တွေအတွက်သာ အစိုးရနဲ့စနစ်ကို အပြစ်ဆိုရမယ်ဖြစ်ပြီး သုံးစားမရလုပ်မစားတတ်တဲ့ဘုန်းကြီးလူထွက်မှမရှိတာ။ အပြစ်ဆိုစရာလူလည်း မရှိဘူးမှတ်တယ်။
တစ်ခုပဲ(လူတချို့ နောက်သလို အတည်လိုလိုပြောတဲ့) ငယ်ဖြူလူထွက်မို့ ဟိုကိစ္စသုံးမရဆိုရင်လည်း အဲ့ဒါမမှန်ဘူး။ ငယ်ဖြူမကလို့ ဘာဖြူဖြစ်ဖြစ် (ထူးထူးခြားခြားချို့ယွင်းချက်မရှိရင်)ချစ်တတ်လိုက်တာမှ လွန်ရော။ (စစ်ထွက်ဘုန်းကြီးလူထွက်နဲ့စပ်လို့)

ဝင်လာတဲ့မုန့်ပဲသွားရည်စာတွေ(ပြည်တွင်းထုတ်တွေအပါအဝင်)ဟာ စားဖို့မသင့်တော်ဘူး...၊ ကျန်းမာရေးနဲ့ မညီညွတ်ဘူး..၊ အန္တရာယ်ရှိတယ်ဆိုရင် အစိုးရကိုအတိအလင်းပြောရမယ်။ ကန့်ကွက်ရမယ်။ အရေးဆို ရမယ်။ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာနလို ကျန်းမာရေးဝန်ကြီးဌာနနဲ့တွဲပြီး ဆေးဝါးနဲ့ အစားအစာတွေတင်သွင်းခွင့်မပေးခင် အန္တရာယ်ကင်း/မကင်း စစ်ဆေးပြီးမှ ခွင့်ပြုတာ/ မပြုတာကို လုပ်ရမယ်။ အဲ့ဒါ အစိုးရအလုပ် အစိုးရတာဝန်။
နောက်တစ်ချက်က နယ်စပ်ကုန်သွယ်ရေးကိစ္စ။ အဲ့ဒီ အန္တရာယ်မကင်းတဲ့ ကျန်းမာရေးထိခိုက်စေတဲ့ဆေးဝါး မုန့်ပဲသွားရည်စာတွေအပါအဝင် သွင်းလာတဲ့ပစ္စည်းတွေကို နပ်စပ်ကုန်သွယ်ရေးအခွန်အကောက်ဂိတ်တွေ၊ ကျန်းမာရေးစစ်ဆေးရေးဌာနတွေ၊ ကုန်သွယ်ရေးရုံးတွေအပါအဝင် သက်ဆိုင်ရာက မှန်မှန်ကန်ကန် စနစ်တကျကွပ်ကဲ စစ်ဆေးရမယ်။ အဲ့သလိုဟာတွေမလုပ်ပဲ ခုအတိုင်းဆက်သွားနေလို့ကတော့ ဘယ်အစိုးရတက်တက် အခြေအနေကဒီအတိုင်းပဲနေမှာပဲ။ အစိုးရစနစ်ကိုပြောရမှာ။ အာဏာယူထားတဲ့ အစိုးရကိုပြောရမယ့်ကိစ္စ။
အစိုးရလုပ်ပုံနည်းလမ်း စနစ်မကျ မမျှတတာ၊ လာဘ်ပေးလာဘ်ယူလုပ်တာ၊ နယ်စပ်ကုန်သွယ်ရေး၊ ကျန်းမာရေး၊ ဆေးဝါးနဲ့အစားအသောက် ကွပ်ကဲရေးပေါ့လျော့တာတွေကိုတိုက်ရိုက်မပြောပဲ အဲ့ဒါတွေ မစားနဲ့ အဲ့ဒါတွေမသုံးနဲ့ပြောနေတာက ခုတ်ရာတခြား ရှရာတလွဲဖြစ်နေတယ်မှတ်တာပဲ။ ဟိုဟာတွေ မပြောပဲ ဒါတွေမစားနဲ့လို့ပြောလည်း ဟိုဟာတွေမပြင်ရင် ဒါမျိုးတွေထပ်ဝင်နေဦးမှာပဲ။ ဒီကမဝင်လည်း ဟိုကဝင်နေဦးမှာပဲ။ မစားနဲ့ထပ်ပြောနေရဦးမှာပဲ။ ဒါဆို ဟိုဟာမစားနဲ့ဒီဟာမစားနဲ့သံသရာက လွတ်စရာ ရှိပါတော့မလား။ ကို Lin Htin ဘိုလိုပြောထားတာဖတ်မိပြီး ဗမာလိုပြန်တွေးပြန်ရေးမိတာပါ။ (မုန့်ဆိုးဆန့်ကျင်ရေးနဲ့စပ်လို့)

ဗိုလ်နေဝင်းကပြောတယ်ဗျာ ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ဖခင်ဆို သူက မွေးစားဖခင်ပါ..တဲ့။ တချို့ကတော့ ပထွေးလို့ပြောတာပဲ။ ပြီးတော့ပြောသေးတယ် လူတော်လူကောင်းမဟုတ်ဘူး လူကောင်း လူတော်..တဲ့ဗျ။ ၂၆ နှစ်လောက် ဗိုလ်လုပ်သွားတယ်။ ဓါးဓါးချင်း လှံလှံချင်းနဲ့ဖွင့်ပြီး မိုးပေါ်ထောင်မပစ်ဘူးနဲ့ ပိတ်ပေးတယ်ဗျာ။
ဗိုလ်စောမောင်ကလည်းပြောတယ်ဗျာ။ သူလည်း ဗမာပြည်ကိုကယ်တင်တာပဲ..တဲ့။ လှိုင်းကြီးလေ ထန်တွေကြားက..တဲ့။ ပြီးတော့ပြောသေးတယ် နာတာရှိရင်လွမ်းတာနဲ့ဖြေတဲ့။ ဘယ်နှခုမြောက်နိုင်ငံတော် ကို တည်ထောင်သယောင်ယောင်တွေလည်း ပြောတယ်ဗျာ။ ဗိုလ်လုပ်ချိန်သိတ်မကြာလိုက်ဘူး စိတ်ကောင်းဝင်သယောင်ယောင်နဲ့ ဂယောင်ကတမ်းတွေပြောလို့ အရူးဆိုပြီး အဖြုတ်ခံလိုက်ရတယ်။
ဗိုလ်သန်းရွှေကတော့ ဘာမှမပြောဘူး။ ဘာဆိုဘာမှမပြောတာ။ သူကစကားနည်းတယ်။ လုပ်စရာရှိ ရင်တော့ ဘုန်းကြီးမပြောနဲ့ ဘုရားတောင် သူ့လာဆန့်ကျင်ရင် ကိုင်ထည့်လိုက်ဖို့ဝန်မလေးဘူး။ သူ့ရှေ့ကလူတွေ စကားများတယ် အလုပ်နည်းတယ်လို့တောင်ထင်မယ့်ပုံပဲ။ ခု သူ စာဖတ်ရင်း စိုးရိမ်နေတယ်..တဲ့။
မင်းအောင်လှိုင်ကတော့ ဘာမှကိုပြောလို့မရသေးတာ။ တပ်ကိုင်ရတာလည်းမကြာသေးဘူး။ နေရာချထားမှု ကလည်း သူထင်တိုင်းကြဲမရအောင် ကာ/လုံနဲ့လှည့်ချုပ် ထားတယ်။ တပ်ထဲမှာ သူ့အာဏာ မတည်ဆောက်ရသေးဘူး။ အနည်းဆုံး တိုင်းမှူးတွေကို သူ့လူဖြစ်အောင်လုပ်မရသေးဘူး။ ဆိုတော့ ဘာမှမပြောဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံကိုပဲကာကွယ်မယ်..တဲ့။ ဒါပေမယ့် သူလည်း မင်းလောင်းထီးဖြူဆောင်း လုပ်မလာဘူးလို့ မထင်နိုင်သေးဘူး။ ကာ/လုံအချက်ပြရင် သူလည်း တိုင်းပြည်ကိုကယ်ရဦးမှာ။ သူလည်း စကားတွေဘာတွေပြောဦးမှာ။ အင်း...ပြောချင်မှလည်း ပြောမှာလေ။ သူက သန်းရွှေလက်သပ်မွေး မဟုတ်လား။ (အမျိုးကောင်းသားတွေနဲ့စပ်လို့)

ခုပဲ ဇော်ကြီး(သစ်ကောင်းအိမ်)နဲ့ ”စကားရွဲ့” ပြောဖြစ်တယ်။ ဟို ”လူကြီး”က စာဖတ်နာတယ်ဗျ။ စာဖတ်ရင်း မအားတဲ့ကြားက ရှေ့ရေးအမြော်အမြင်နဲ့ ”စိုးရိမ်တယ်”လေး ပြောမိတာဗျာ၊ လူတွေက သောက်ပြစ်ဖို့နေကြတာတဲ့။ ဒါနဲ့ကျနော်က အေးဗျာ ”မစိုးရိမ်ဘူး”များပြောမိရင် ဘယ့်နှယ်နေမတုန်းမသိဘူးနော်ဆိုတော့ ”လူစိတ်မရှိဘူးဘာညာ ပြောကြမှာပေါ့ဗျာ”တဲ့။ ပြီးတော့ ကျနော်လည်း ဒီဘက်ကပြုံးမိတယ်။ သူလည်း ဟိုဘက်ကပြုံးနေမှာသေချာတယ်။ ဒီမနက် မဆိုးပါဘူး ဖေ့စ်ဘွတ်တက်တက်ခြင်း ဟာဂျူလီကသာရဲ့ ”စားပွဲဝိုင်းဆွေးနွေးပွဲနဲ့ မအောင်မြင်ရင် စားပွဲလေးထောင့်ဆွေးနွေးပွဲ”ဆိုတာလေးဖတ်ပြီးတော့ တစ်ကြိမ်။ ခု ဇော်ကြီးနဲ့ ဟို ”စိုးရိမ်သူကြီး”အကြောင်းပြောမိတော့ ဒုတိယမ္ဗိနှစ်နှစ်ခြိုက်ခြိုက်ပြုံးရတယ်။ (စိုးရိမ်သူကြီးနဲ့စပ်လို့)

ဒေါ်စုအင်တာဗျူးအသံတော်တော်ထွက်လာတော့ တစ်ယောက်ကမေးပြောပြောတယ် ”ဒေါ်စု ဘာ့ကြောင့် ဒီစကားပြောရသလဲ။ ကျနော်တော့ ရင်ခံနေတယ်ဗျ၊ ခင်ဗျားရော”တဲ့။
ကျနော်က ရင်ခံစရာမရှိတဲ့အကြောင်းနဲ့ သူ ခုဘယ်နိုင်ငံရေးဘဝမှာ ကျင်လည်နေသလဲဆိုတာကိုထောက် ပြီးပြောတော့ မိတ်ဆွေက သိတ်ဘဝင်ကျပုံမပေါ်ဘူး။ ဒါနဲ့ ပြောလိုက်တယ် ”ဒေါ်စုဟာ လူထုခေါင်းဆောင် တို့ ဒီမိုကရေစီခေါင်းဆောင်တို့(တချို့ဆို အမျိုးသားခေါင်းဆောင်ဆိုတဲ့အထိ နှုတ်လွန်လက်လွန်ပြောတာ လည်းရှိခဲ့)ဆိုတဲ့ အနေအထားဆို ခုလိုမဆိုဘူး။ ခု သူက ဒီ/ချုပ်ဥက္ကဌ၊ လွှတ်တော်အမတ်၊ ပရော်ဖက်ရှင်နယ်လ် နိုင်ငံရေးသမားဖြစ်သွားလို့”။ ”တစ်ခုတော့ရှိတာပေါ့။ ဘယ်နိုင်ငံရေးဘဝမှာပဲ ကျင်လည်ကျင်လည် ပြောသူကဒေါ်စုဖြစ်နေတဲ့အတွက် လူပြောသူပြော ခုလောက်များတာလို့မြင်တယ်။ ဒါပေမယ့်တခုတော့ရှိတယ် သိတ်လည်း ဘဝင်မကျတော့မဖြစ်ထားနဲ့ဦး။ ဒေါ်စုက နောက်ကျ
တစ်မျိုးပြန်ပြောတာတို့ဘာတို့ လုပ်တတ်ပါတယ်။ စောင့်ကြည့်ပါဦး။ အဲ့လိုပြန်ပြောင်းပြောလိုက်မှ ဘဝင်ကျသွားတယ်ဆိုရင်တော့ ခင်ဗျားလည်း စကားလုံးမျက်လှည့်ပွဲကြိုက်သူစာရင်းထဲပါသွားလိမ့်မယ်။ သတိတော့ထားဗျ”လို့ ထပ်ဖြည့်ပြောမိတယ်။ (ဒေါ်စုအင်တာဗျူးနဲ့စပ်လို့)

”အပစ်အခတ်မရပ်ရင် ပြည်တွင်းစစ်ကြီးဖြစ်တော့မှာပဲ”လို့ပြောကြတာ ဘာအဓိပ္ဗါယ်လဲလို့ သတိရတိုင်းတွေးမိတယ်။ အင်းစိန်-ခဝဲခြံတိုက်ပွဲလို ရန်ကုန်အစိုးရလိုဆိုတဲ့ အခြေအနေမျိုးရောက် မှ ပြည်တွင်းစစ်ဖြစ်တာလို့ဆိုရင်တော့ ဗမာပြည်မှာ ပြည်တွင်းစစ်မရှိတော့တာ ၄၉-၅ဝ ကတည်းကပဲ။ အဲ့သလိုမှမဟုတ်ဘူးဆို ကမ္ဘာ့သက်တမ်းအရှည်ဆုံးပြည်တွင်းစစ်ဟာ ဗမာပြည်မှာဖြစ်နေဆဲလို့ ယတိပြတ်ပြောရမယ်။ (အပစ်ရပ်ပြည်တွင်းစစ်နဲ့စပ်လို့)

၈၈ စစ်တပ်ကအာဏာလက်တစ်လုံးခြားလုပ်ပြီးနောက် ဆရာတင်မိုးက ”အမေ့သားစကားတိုးတိုးပြောလှဲ့ပါ” ကို ထုတ်တယ်။ လူထုကြားမှာ အတော်ကျတဲ့ကဗျာဖြစ်ခဲ့တယ်။ စာရွက်လေးတွေနဲ့ကူကူးပြီးဝေတာ ပလူပျံတယ်လို့ဆိုရင် မလွန်ဘူးထင်တယ်။ အဲ့တုန်းက ဆရာတင်မိုးစကားနားမထောင်တဲ့အန်တီ့တူတွေက ထောင်ကျတန်းကျ သေကြကြေ သေကွဲရှင်ကွဲဘဝများစွာ။ ခု အသံကျယ်နေတဲ့အမေ့သားတွေကြားထဲကြည့်လိုက်တော့ ဟိုတုန်းက စကားကျယ်ကျယ်ပြောခဲ့တဲ့အန်တီ့တူတွေ မတွေ့ရသလောက်ဖြစ်နေပါလား။ အင်းလေ ဟိုမင်းသမီးပြောတဲ့(လုပ်မရတဲ့အချိန်မှာမလုပ်တာထက် လုပ်ရတဲ့အချိန်မှာမလုပ်တာ ပိုဆိုးသမို့လား)ဆိုတဲ့စကားတောင် တရားဖြစ်တဲ့ခေတ်ကိုးဗျာ။ (အန်တီ့တူ အမေ့သားတွေနဲ့စပ်လို့)

အပြောင်းအလဲက ခုမှစတာပါ။ သမ္မတကြီး(ဦး)သိန်းစိန်ကိုယုံတယ်ကနေ လွှတ်တော်ဥက္ကဌကြီး (ဦး)ရွှေမန်းကိုယိမ်းတယ်မှာ စပြောင်းပါတယ်။ နောက် ဘယ်သူ့ယုံရဦးမလဲ ဘယ်သူ့ဘက်ယိမ်းရဦးမလဲသာ မပြောတတ်သေးတာ။ အင်း..လူဆိုတာလည်း တခုခုတော့ ယုံနေရမှ ယိမ်းနေရမှနေသာထိုင်သာ ရှိတတ်တာကိုး။ (အပြောင်းအလဲနဲ့စပ်လို့)

”နိုင်ငံရေးတွေလာမပြောနဲ့“ကနေ ”နိုင်ငံရေးမပါ ကဗျာမဖြစ်”ဖြစ်သွားသူတွေမြင်တော့ ခါတော်မီအမေစုတစ်ယောက်ပြောတာ ပြန်အမှတ်ရတယ်။ ဘာတဲ့ ”လုပ်လို့မရတဲ့အချိန်မှာ မလုပ်တာထက် လုပ်လို့ရတဲ့အချိန်မှာမလုပ်တာက ပိုဆိုးပါတယ်”တဲ့။ ဟုတ်တော့အဟုတ်သား သူ့တရား သူ့စကားနဲ့သူ့အကျိုးစီးပွား အဟပ်ကိုမိနေတာ သူ့အတွက်တော့။ (နိုင်ငံရေးတွေလာမပြောနဲ့ နဲ့ စပ်လို့)