Monday, October 21, 2013

ကိုလိုနီခေတ်မတိုင်မီဗမာနိုင်ငံအခြေအနေနှင့် ဗမာပြည်အလုပ်သမားလူတန်းစားပေါ်ပေါက်လာပုံ(၁)

0 comments
ကိုလိုနီခေတ်မတိုင်မီဗမာနိုင်ငံအခြေအနေနှင့် ဗမာပြည်အလုပ်သမားလူတန်းစားပေါ်ပေါက်လာပုံ(၁)
ဗမာပြည်အလုပ်သမားလှုပ်ရှားမှုများသမိုင်းကို မိတ်ဆက်မပေးမီ ဗမာပြည်လူ့အဖွဲ့အစည်းရှိ လူထု၊ လူတန်းစားများ၏ဖွဲ့တည်မှုအနေအထားကို အကြမ်းဖျင်းသိရှိထားရန်လိုအပ်ပေလိမ့်မည်။
ဗမာပြည်လူအဖွဲ့အစည်းသည် အခြားနိုင်ငံတကာလူ့အဖွဲ့စည်းများကဲသို့ပင် လူထု၊ လူတန်းစား၊ လူအလွှာများဖြင့်ဖွဲ့တည်နေပေသည်။ သို့ရာတွင် ဗမာပြည်ရှိလူအဖွဲ့အစည်းသည် မတူသည့်သမိုင်းခေတ်များတွင် မတူကွဲပြားသည့်လူတန်းစားဖွဲ့တည်မှုများနှင့်အပြောင်းအလဲရှိခဲ့သည်။
ကမ္ဘာ့တိုင်းပြည်များ၏ သမိုင်းဖြစ်ပေါ်တိုးပွားမှုဖြစ်စဉ်အတိုင်း ပထမဆုံး ရှေးဦးဘုံလူ့အဖွဲ့အစည်းကို ဖြတ်သန်းခဲ့ရသည်။ ၎င်းနောက် ကျေးပိုင်ကျွန်ပိုင်လူ့အဖွဲ့အစည်းကို ဖြတ်သန်းခဲ့ရသည်။ ထိုမှတဆင့် ပဒေသရာဇ်မြေရှင်လူအဖွဲ့အစည်းကို ဖြတ်သန်းခဲ့ရသည်။ ပဒေသရာဇ်မြေရှင် လူအဖွဲ့အစည်း၏သက်တမ်းကို ရာစုနှစ်အလိုက်သတ်မှတ်ရန် သမိုင်းပညာရှင်များအကြား ကွဲလွဲမှုရှိနေသေးသည်။ သို့သော် အိန္ဒိယ၊ တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများ၏ဖြစ်ပေါ်တိုးပွားမှုများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဗမာပြည်တွင် နောက်ဆုံးတည်ရှိခဲ့သည့်ပဒေသရာဇ်မြေရှင်စနစ်သည် နှစ်ရာပေါင်းအချို့ ရှည်ကြာစွာတည်တံ့ခဲ့ကြောင်း ထင်ရှားစွာတွေ့မြင်ရပေလိမ့်မည်။ ထိုရှည်ကြာသည့် ပဒေသရာဇ်မြေရှင်စနစ်အတွင်းမှာ အချို့လူမျိုးများကြီးထွားလာသည်။ အချို့လူမျိုးများပျောက်ကွယ်သွားသည်။ ဥပမာ -ပျူလူမျိုးများ ပျောက်ကွယ်သွားခဲ့ပြီး၊ မွန်လူမျိုးများသည် ပဲခူး-သထုံ-မော်လမြိုင်မြို့ဝန်းကျင်တဝိုက်နှင့်ကျေးလက်များတွင် သာတွေ့နိုင်တော့သည်။ ကျေးပိုင်ကျွန်ပိုင်လူ့အဖွဲ့အစည်းပြိုကွဲပြီးနောက် ပဒေသရာဇ်လူ့အဖွဲ့အစည်းပေါ်ထွန်းလာသည်။ သမိုင်းအထောက်အထားအရ အတော်အတန်စုစည်းနေသည့်ပဒေသရာဇ်နိုင်ငံတော်သည် ခရစ်သက္ကရာဇ် အေဒီ (၁ဝ၄၄)ခုနှစ်မှ ပုဂံခေတ်မှစတင်သည်ဟု သတ်မှတ်ကြသည်။ ဗမာပြည်သို့ ဗြိတိသျှနယ်ချဲ့အရင်းရှင်စနစ် ကျူးကျော်မဝင်ရောက်မီအထိ ပဒေသရာဇ်မြေရှင်စနစ်သည် နှစ်ပေါင်း (၈ဝဝ) နီးပါးကြာမြင့်သည်။

ဗမာပြည် ပဒေသရာဇ်မြေရှင်လူအဖွဲ့အစည်းဖြစ်တည်ခဲ့သည့်ပုံကြမ်း
ပုဂံခေတ် အနော်ရထာမင်းအုပ်စိုးချိန်မတိုင်မီက ဗမာပြည်လူ့အဖွဲ့အစည်းသည် ကျေးပိုင်ကျွန်ပိုင်လူ့အဖွဲ့အစည်းဖြစ်သည်ဟု ယူဆရသည်။ သို့သော် အနော်ရထာအုပ်စိုးမှုစတင်ချိန်ကစပြီး ဗမာပြည်သည် ပဒေသရာဇ်မြေရှင်စနစ်စတင်သည်ဟု မဆိုလိုပေ။ အဘယ်ကြောင့်ဆိုသော် ဗမာပြည်၏ပဒေသရာဇ်မြေရှင်စနစ်ကို နောက်ဆုံးကိုယ်စားပြုခဲ့သည့် သီပေါမင်းလက်ထက်အထိ ကျေးပိုင်ကျွန်ပိုင်ခေတ် လူ့အဖွဲ့အစည်းလက္ခဏာများကို တွေ့မြင်နေရသောကြောင့်ဖြစ်သည်။ အနော်ရထာမင်းလက်ထက်တွင် ဆည်မြောင်းများတည်ဆောက်ခြင်း၊ မြေယာစီးပွားရေးလုပ်ငန်းများတိုးချဲ့ခြင်း၊ သီဟိုဠ်မှဗုဒ္ဓဘာသာ သာသနာတော်ကိုတိုင်းပြည်အနှံ့အပြားသို့ပြန့်ပွားစေခြင်းစသည့်အချက်များက ပဒေသရာဇ်နိုင်ငံတော်သို့ တစစကူးပြောင်းစေသည့်အချက်များ ဖြစ်စေသည်။

ပဒေသရာဇ်မြေရှင်စနစ်တွင် အဓိကလွမ်းမိုးသည့်စီးပွားရေးစနစ်သည် လယ်ယာစီးပွားရေးဖြစ်သည်။
ဗမာပြည်၏ ခေတ်ဟောင်းပဒေသရာဇ်မြေရှင်စနစ်တွင် မြေယာပိုင်ဆိုင်မှုလက္ခဏာ (၃) မျိုးတွေ့ရသည်။
(က) အရာတော်မြေ သို့မဟုတ် ရှင်ဘုရင်ပိုင်ဆိုင်သည့်မြေ
(ခ) ဘိုးဘွားပိုင်မြေ
(ဂ) ဘာသာရေး၊ ဘုရားပုထိုးပိုင်မြေ  ဆိုသည့် လက္ခဏာများဖြစ်သည်။                                         

ပဒေသရာဇ်မြေရှင်လက်ထက်တွင် မြေကျွန်များအပေါ် မြေယာသွေးစုတ်မှုကြီးသည်။ သီးနှံအားဖြင့်သွေးစုတ်ခြင်း၊ လုပ်အားဖြင့်သွေးစုတ်ခြင်းများအပြင်၊ အခွန်အကောက်မျိုးစုံပေးရခြင်း၊ စစ်စရိတ်များပေးရခြင်းစသည့် ဝန်ထုတ်ဝန်ပိုးများက တိုင်းသူပြည်သားများ ပြင်းပြင်းထံထံခံစား ခဲ့ကြရသည်။ ပဒေသရာဇ်မြေရှင်များ၏ လူထုအပေါ် သွေးစုပ်ညှဉ်းပမ်းသတ်ဖြတ်မှုများသည် တိုင်းပြည်အသီးသီး၏ ပဒေသရာဇ်စနစ်တိုင်း၌မြင်တွေ့နိုင်သည့်အချင်းအရာများဖြစ်သည်။ ပဒေသရာဇ်စနစ်တိုင်းပြည်အဖြစ်ဖြတ်သန်းခဲ့ဘူးသော တိုင်းပြည်တိုင်း၏သမိုင်းသည် ဤအတိုင်း ဖြစ်ခဲ့သည်။

ပြည်ပကူးသန်းရောင်းဝယ်မှုကို ရှင်ဘုရင်က ချုပ်ကိုင်ထားသည်။ မင်းတုန်းမင်းလက်ထက်တွင် အင်္ဂလိပ်ကော်မရှင်နာက ကုန်စည်ကူးသန်းရောင်းဝယ်မှုကို ရှင်ဘုရင်တဦးတည်းကချုပ်ကိုင်ထားမှုကို ပယ်ဖျက်ပေးရန် တောင်းဆိုဘူးသည်။ မင်းတုန်းမင်းနှင့်ကုန်သွယ်ရေးစာချုပ် တခုတွင် အောက်ပါအတိုင်းတွေ့မြင်နိုင်သည်။ “ရွှေ၊ ငွေ ကို လွတ်လွတ်လပ်လပ်ရောင်းဝယ်နိုင်ရန်၊ ကျွန်းသစ်၊ ရေနံ၊ ပတ္တမြားစသည်တို့ကိုသာ ရှင်ဘုရင်က ရောင်းဝယ်မှုချုပ်ကိုင်ထားပြီး အခြားကုန်စည်များကို လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုရန်” ဆိုသည့် တောင်းဆိုမှုမျိုးကို အင်္ဂလိပ်စစ်ဗိုလ် ဗိုလ်မှူးကြီးဖိုက်ခ်ျ က တောင်းဆိုခဲ့ဘူးကြောင်း သမိုင်းမှတ်တမ်းများတွင်တွေ့ရသည်။ ပဒေသရာဇ်စနစ်မတိုင်မှီ (၅) ရာစုလောက်ကစတင်ပြီး ပျူ၊ မွန် စာပေ၊ ယဉ်ကျေးမှုများထွန်းကားလာသည်။ စာပေအက္ခရာကို အိန္ဒိယနိုင်ငံ ပလ္လဝအက္ခရာမှဆင်းသက်လာသည့် အထောက်အထားကိုလည်းတွေ့ရသည်။
ပုဂံခေတ်တွင် ပျူ၊ မွန်၊ ပါဠိ၊ ဗမာ စာပေများ စုစည်းထွန်းကားလာသည်ကိုတွေ့ရသည်။ ထိုခေတ်ကာလများတွင် ဂဏန်းသင်္ချာ၊ နက္ခတ္တပညာ၊ ဗေဒင်ပညာ၊ သတ္ထုစပ်ပညာများထွန်းကားလာသည်။ စာပေများကို ကျောက်များတွင်ထွင်းထုလာခြင်းနှင့် ဗိသုကာပညာရပ်များထွန်းကားလာသည်။ သဘင်၊ ပန်းပု၊ ပန်းချီ စသည့် အနုပညာရပ်များ ဖြစ်ပေါ်တိုးပွားလာခဲ့သော်လည်း ပဒေသရာဇ်စနစ်၏ အကန့်အသတ်အောက်တွင် လူထုအတွင်းသို့ ပျံ့နှံမှုမရှိခဲ့ပေ။ ပဒေသရာဇ် မင်းညီ၊ မင်းသားများ၊ ရဟန်းများ၊ ဝန်ကြီး၊ မြိ့စား၊ ရွာစားများသာ စာပေကျမ်းဂန်တတ်မြောက်ကြသည်။ စာပေအနုပညာများကို သူတို့သာပိုင်ဆိုင်ကြသည်။ ဧရာမလူထုကြီးက လေ့လာသင်ယူခွင့်မရခဲ့ကြပါ။ လူထုအများစုကြီးသည် စာပေမတတ်သူများဖြစ်သည်။ ပဒေသရာဇ်မြေရှင်အုပ်ချုပ်ရေးစနစ်သည် မင်းတုန်းမင်းမတိုင်မီအထိ ပဒေသရာဇ်နယ်မြေများအဖြစ် ခွဲခြားပြီးအုပ်ချုပ်သည်။ နယ်စား၊ မြို့စားများခန့်အပ်ပြီး သက်ဦးဆံပိုင်စနစ်ကို ကျင့်သုံးအုပ်ချုပ်သည်။ ကိုလိုနီခေတ်မတိုင်မီကာလ၌ လွှတ်တော် (နိုင်ငံတခုလုံးကိုအုပ်ချုပ်သည့် ဘုရင့်လွှတ်တော်)၊ အတွင်းရုံး(ဗြဲတိုက်)၊ တရားရုံးစသည်တို့သည် အတော်အတန်စတင်ဖွံ့ ဖြိုးနေပြီ။ အကောက်ခွန်ဌာနများလည်း စတင်တည်ရှိနေပြီ။

ပဒေသရာဇ်စနစ်သည် အုပ်စိုးသူရှင်ဘုရင်တဦးတည်း၏ သက်ဦးဆံပိုင်စနစ်ဖြစ်သည်။ တိုင်းပြည်၏ ရေ၊ မြေအားလုံးကိုပိုင်ဆိုင်သည်။ အုပ်ချုပ်ရေးစနစ်၊ စစ်စရိတ်၊ နန်းသုံးစရိတ်၊ ဘာသာရေးစရိတ်၊ ဘုရာကျောင်းကန်တည်ဆောက်ပေးရမှုစသည်တို့ကို ကျေးလက် လယ်သမားများက ဆွေစဉ်မျိုးဆက်လုပ်ဆောင်ပေးခဲ့ရ၊ တာဝန်ယူပေးခဲ့ရသည်။ တနည်းအားဖြင့်ပြောရလျှင် အုပ်ချုပ်သူပဒေသရာဇ်များ၏ ဝန်ထုတ်ဝန်ပိုးများကို အုပ်ချုပ်ခံလယ်သမားများက ထမ်းဆောင်ပေးရသည့်သဘောပင်ဖြစ်သည်။ ကျေးလက် လယ်သမားများသည် မြို့စား၊ ရွာစားများ၏ အခိုင်းအစေကိုလည်းခံကြရသည်။ အခွန်အကောက်အဆမတန်ပေးရခြင်းကိုလည်း ခံကြရသေးသည်။ ထိုကြောင့် ပဒေသရာဇ်မြေစနစ်အောက်က လယ်သမားများလူနေမှုဘဝသည် မည်သို့မျှနလံထူနိုင်လိမ့်မည်မဟုတ်ပေ။
ထိုအပြင် လက်မှုလုပ်ငန်းရှင်များ(ယက္ကန်းယက်သူ၊ ယွန်းထည်လုပ်ကိုင်သူ၊ စဥ့်အိုးစဥ့်ထည်၊ ထီး၊ ဖိနပ်၊ ပန်းပဲ၊ ပန်းရန်၊ ပန်းပု၊ ပန်းထိမ်)သည်လည်း အဆင့်ဆင့်အုပ်စိုးသူများ၏ ထင်သလိုခိုင်းစေမှုကြောင့် ဘဝတခုလုံးမလွတ်မြောက်နိုင်ခဲ့တော့ပေ။

ပဒေသရာဇ်မြေရှင်စနစ်အောက်က လယ်သမား၊ လက်မှုပညာသည်၊ အမှုထမ်းအရာထမ်းများ၏နေထိုင်မှုဘဝသည် လုံခြုံရေးကင်းမဲ့ခဲ့သည်။ စာပေပညာရှင်များ၊ လက်ရုံးရည်ပြည့်ဝသူများပင်လျှင် ရေမြေ့အရှင် ရှင်ဘုရင်များ၏စိတ်ဆန္ဒနှင့်မကိုက်ညီပါက အချိန်မရွေး မင်းဒဏ်၊ ထောင်ဒဏ်၊ နယ်နှင်ဒဏ်၊ သေဒဏ်ပေးခံကြရကြောင်း သမိုင်းမှတ်တမ်းများတွင် တွေ့မြင်ခဲ့ရသည်။ ဗမာ၊ မွန်၊ ရှမ်း စသော…. ပဒေသရာဇ် ရှင်ဘုရင်များသည် မိမိတို့အာဏာရလာသောအခါ  အုပ်စိုးခံအခြားလူမျိုးများကို ရက်စက်နှိပ်စက်ခဲ့သည့်သမိုင်းများရှိခဲ့သည်။ လူမျိုးရေးစစ်ပွဲများခင်းကာ အနိုင်ရသည့်လူမျိုးက အခြားလူမျိုးကိုသတ်ဖြတ်ခဲ့ကြသည်။ အမှုထမ်းအရာထမ်းများကို ကျေးကျွန်အဖြစ်ခိုင်းစေသည်။ ယဉ်ကျေးမှုစာပေများကို ဖျက်ဆီးကြသည်။ သမိုင်းဝင်အဆောက်အအုံများကို မီးရှို့ကြသည်။ ပဒေသရာဇ်ရှင်ဘုရင်များ၏ လူမဆန်သည့်အပြုမူများကို သမိုင်းစာမျက်နှာများတွင် တွေ့မြင်နိုင်သည်။ ပဒေသရာဇ်မြေရှင်စနစ်ဖြင့် အုပ်ချုပ်သူရှင်ဘုရင်များသည် မိမိရှင်ဘုရင်လုပ်ရရေး(အာဏာရရေး)အတွက် အခြားလူမျိုးများကိုသာမက သားအဖချင်း၊ ညီအကိုချင်းသတ်ဖြတ်လုပ်ကြံကြပြီး နန်းလုပွဲများကိုလည်း သမိုင်းမှာတွေ့မြင်နိုင်သေးသည်။ ပဒေသရာဇ်မြေရှင်စနစ်တွင် တိုင်းသူပြည်သား(အမှုထမ်း၊ အရာထမ်းများအပါဝင်) အများစုသည် ကျွဲနှစ်ကောင်ခတ်သည့်ကြားကမြေဇာပင်များ ဖြစ်ခဲ့ကြရသည်။ ပဒေသရာဇ်မြေရှင်စနစ်အောက်ကတိုင်းပြည်သည် လူမျိုးရေးပဋိပက္ခများ ပြင်းထန်ခဲ့သည်။ စည်းလုံးညီညွတ်သည့်တိုင်းပြည် မဖြစ်ခဲ့ချေ။ တိုင်းပြည်ကိုတစည်းတလုံးတည်းဖြစ်အောင် စွမ်းဆောင်နိုင်မှုမပြောနှင့် ပဒေသရာဇ်အချင်းချင်းနန်းလုပွဲများနှင့်ပြီးစီးခဲ့သည့်သမိုင်းများ အဖြစ် တွေ့မြင်ရပေလိမ့်မည်။ တိုင်းပြည်၏ထိုအခြေအနေကို နယ်ချဲ့နိုင်ငံများကအခွင့်ကောင်းယူပြီး လူမျိုးရေးပဋိပက္ခများကို ပိုမိုကြီးထွား၊ ကျယ်ပြန့်အောင်လုပ်ဆောင်ခဲ့သည်။ နောင်မှာ အဆိုပါလူမျိုးရေးပဋိပက္ခများသည် နယ်ချဲ့အကျိုးစီးပွားအတွက်အသုံးချစရာတခု ဖြစ်လာခဲ့သည်။ ပဒေသရာဇ်ရှင်ဘုရင်များနှင့် နယ်ချဲ့တို့၏လူမျိုးရေးဖိနှိပ်မှု၊ ရက်စက်မှုများသည် ယနေ့ကာလရှိ လူမျိုးပေါင်းစုံပြည်သူများ၏ဘဝအတွင်း ထင်ဟပ်ဖော်ပြနေသေးသည်။ 

ပဒေသရာဇ်မြေရှင်ခေတ်ကာလတွင်လည်း ပုန်ကန်ထကြွမှုများရှိခဲ့သည်။ ထိုပုန်ကန်ထကြွမှုများတွင် လယ်သမားများလည်းပါဝင်သည်။ ဤအချက်က ပဒေသရာဇ်မြေရှင်စနစ်၏ဖိနှိပ်မှုကိုတော်လှန်သည့် လက္ခဏာဆောင်သည်။ သို့သော် ခေတ်စနစ်၏အတွေးအခေါ် အကန့်အသတ်ကြောင့် ပဒေသရာဇ်မြေရှင်စနစ်ကို တော်လှန်ပုန်ကန်မှုများမအောင်မြင်ခဲ့ပါ။ မင်းတုန်းမင်းလက်တွင် လောကဓါတ်ဆရာတစ်ဦး ရှိခဲ့ဘူးသည်။ ထိုဆရာ၏ အမည်သည် ဆရာပို ဖြစ်သည်။ ဆရာပိုမှ အယူအဆတခုတင်ပြခဲ့ဘူးသည်။ ၎င်းမှာ “လူနှင့်အရာဝတ္ထုအားလုံးကို မည်သူကမျှဖန်ဆင်းခြင်းမဟုတ်။ မည်သူမျှမဖန်တီးပဲ ဖြစ်ပေါ်ပြောင်းလဲနေသည်” ဆိုသည့် အဘိဓမ္မာအယူအဆဖြစ်သည်။ ထိုအယူအဆကို လူထုအကြားဟောကြားခဲ့သည်။ ထိုကြောင့် မင်းတုန်းမင်းက ဆရာပိုကို သုတ်သင်လိုက်သည်။(၁၈၈ဝ)ခုနှစ်များ နောက်ပိုင်းများတွင် အနောက်တိုင်းအုပ်ချုပ်ရေးစနစ်များနှင့် စက်မှုလုပ်ငန်းထူထောင်ရေးအတွေအခေါ်များ စတင်၍ သန္ဓေတည်လာခဲ့သည်။ (၁၈၇၂) ခုနှစ်တွင် ကင်ဝန်မင်းကြီးသည် အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီတိုင်းပြည်များသို့ နိုင်ငံခြားပညာတော်သင် (၉ဝ)စေလွှတ်ပြီး စက်မှုနည်းပညာများကို သင်ယူစေခဲ့သည်။ ကနောင်မင်းသားသည် သူ့ကိုယ်ပိုင်အရင်းအနှီးဖြင့် စက်ရုံပေါင်း (၅ဝ)ကို တည်ထောင်ခဲ့သည်။ ရွေဘော်စက်၊ ဝန်ချီစက်၊ ပွတ်ခံစက်၊ သံပြားကြိတ်စက်၊ ပန်းကန်စက်၊ ယက်ကန်းစက်၊ ဆန်စက်၊ ဗုံးအမြောက်လုပ်စက်၊ လွှစက်၊ သကြားစက်၊ ဖန်ချက်စက်… စသည်တို့ပါဝင်ပါသည်။ 

ပဒေသရာဇ်စနစ်၏အကန့်အသတ်အမျိုးမျိုးကြောင့် ခေတ်သစ်စက်မှုလုပ်ငန်းတည်ဆောက်မှုသည်
ဖြစ်ပေါ်တိုးပွားနိုင်ရန် အလွန်အခက်အခဲရှိသည်။ သီပေါမင်းလက်ထက်ကစာရင်းဇယားများတွင် စက်ရုံအလုပ်သမား (၁၅၁၄) ယောက်ရှိသည်ဟု တွေ့ရသည်။ အလွန်နည်းသည့်အရေအတွက်ဖြစ်သည်။ ခေတ်ဟောင်းပဒေသရာဇ်စနစ်သည် လူထုအား အဖက်ဖက်မှဖွံ့ဖြိုတိုးတက်အောင် လုပ်မပေးနိုင်ခဲ့ပါ။ မင်းညီမင်းသားများ၏ နန်းတွင်း အရှုပ်အထွေးများနှင့်သာအချိန်ကုန်နေခဲ့သည်။ တိုင်းပြည်ကိုစည်းလုံးညီညွတ်အောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့။ နောက်ဆုံးတော့ (၁၈၈၅)ခုနှစ်နောက်ပိုင်းတွင် တိုင်းပြည်၏အချုပ်အခြာအာဏာတခုလုံး ဆုံးရှူံးလိုက်ရသည်။ တိုင်းပြည်လွတ်လပ်ရေးဆုံးရှူံးလိုက်ရသည့်အဖြစ်ဆိုးကိုသာ လက်ခံလိုက်ရတော့သည်။


0 comments:

Post a Comment