Saturday, October 26, 2013

ကိုလိုနီခေတ်မတိုင်မီဗမာနိုင်ငံအခြေအနေနှင့် ဗမာပြည်အလုပ်သမားလူတန်းစားပေါ်ပေါက်လာပုံ (အပိုင်း၃-)

0 comments
ကိုလိုနီခေတ်မတိုင်မီဗမာနိုင်ငံအခြေအနေနှင့် ဗမာပြည်အလုပ်သမားလူတန်းစားပေါ်ပေါက်လာပုံ (အပိုင်း၃-)
(၁၉၃၇-၄၁)ခုနှစ် ဒုတိယကာလ အလုပ်သမားများအခြေအနေနှင့်တိုက်ပွဲများ။
ဤကာလတွင် ပြည်တွင်းပြည်ပနိုင်ငံရေး တိုက်ပွဲများ၏ဂယက်ရိုက်ခတ်မှုသည် ဗမာပြည် အလုပ်သမားလှုပ်ရှားမှုကို ရှေ့သို့ တွန်းဆော်မှုဖြစ်ပေါ်စေခဲ့သည်။ ထိုနိုင်ငံရေးတိုက်ပွဲများနှင့်ဆက်စပ်သည့်နိုင်ငံအခြေအနေများမှာ - (၁၉၃ဝ)ခုနှစ် ဆရာစံဦးဆောင်ခဲ့သည့် လယ်သမားတော်လှန်ရေး၊ ကမ္ဘာ့စီးပွားပျက်ကပ်၏ရိုက်ခတ်မှုများ၊ ဗြိတိသျှအစိုးရ၏ ရက်စက်စွာဖိနှိပ်မှုကြောင့် ဂျီစီဘီအေ(မြန်မာနိုင်ငံအသင်းချုပ်ကြီး) အပိုင်းပိုင်းအစိတ်စိတ်ဖြင့်ပြိုကွဲရခြင်း၊ နယ်ချဲ့ဆန့်ကျင်ရေးဝံသာနုလုပ်ငန်းများကိုနှိပ်ကွပ်ဖျက်ဆီးခြင်း၊ နိုင်ငံရေးခေါင်းဆောင်အချို့ နယ်ချဲ့နှင့်ပူးပေါင်းသွားခြင်း၊ (၁၉၁၇)ခုနှစ် ရုရှားအလုပ်သမားတို့၏ မဟာအောက်တိုဘာတော်လှန်ရေးမှ ဆိုရှယ်လစ်အတွေးအခေါ်များပျံ့နှံ့လာခြင်း၊ မဟတ္တမဂန္ဒီခေါင်းဆောင်သော အိန္ဒိယအမျိုးသားကွန်ဂရက်၏ လွတ်လပ်ရေးတိုက်ပွဲမှ လူထုလှုပ်ရှားမှုပဲ့တင်ရိုက်ခတ်သံများ စသည်အခြေအနေတို့ဖြစ်သည်။
ပြည်တွင်းပြည်ပ နိုင်ငံရေးတိုက်ပွဲများနှင့် ဖြစ်ပေါ်ပြောင်းလဲနေသောနိုင်ငံရေးအခြေအနေများသည် လွတ်လပ်ရေးတောင်းဆိုတိုက်ပွဲဝင်နေသည့် တိုင်းချစ်ပြည်ချစ်လူငယ်များအပေါ် ကြီးမားသည့်သြဇာ သက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ထိုအချိန်မှစတင်ပြီး မျိုးချစ်စိတ်ရှိသည့်လူငယ်များသည် အဆင်းရဲ ပင်ပန်းခံကာ ပြည်သူတရပ်လုံးကို နယ်ချဲ့ဆန်ကျင့်ရေးစိတ်ဓါတ်များဖြင့်စည်းရုံးလှုံ့ဆော်ခဲ့ကြသည်။
တို့ဗမာအစည်းအရုံး၏ပထမအကြိမ်ညီလာခံ (ရေနံချောင်းညီလာခံကြီး)ကို (၁၉၃၅)ခုနှစ်၊ မတ်(၃ဝ) ရက်နေ့တွင်ကျင်းပခဲ့သည်။ ထိုညီလာခံပြီးနောက် စည်းရုံးရေးနယ်ပယ်ကျယ်ပြန့်လာခဲ့သည်။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားလူငယ်အမျိုးသမီးများ၏ လူထုလူတန်းစားဆိုင်ရာအဖွဲ့အစည်းများကိုလည်း တိုးတက်ဖွဲ့စည်းနိုင်ခဲ့သည်။ တို့ဗမာအစည်းအရုံးသည် (၁၉၃၆)ခုနှစ်မှစ၍ အလုပ်သမားများ၏ သပိတ်တိုက်ပွဲများကိုကူညီပြီးဖြေရှင်းပေးခဲ့သည်။ ပထမဦးဆုံးအကြိမ်အဖြစ် အင်းစိန်၊ စဥ့်ငူ တယောစွပ်ကျယ်စက်အလုပ်သမားသပိတ်ကို ကူညီဖြေရှင်းပေးနိုင်ခဲ့သည်။ အလုပ်သမားအင်အား (၅ဝဝ)ဖြင့်သပိတ်မှောက်ခဲ့သည်။  စက်ရုံမန်နေဂျာကို အလုပ်မှ ထုတ်ပယ်လိုက်ရသည်အထိအောင်မြင်မှု ရခဲ့သည်။
(၁၉၃၇) ခုနှစ် မေ(၁၅)ရက်တွင် အလုပ်သမား (၄ဝဝ)ကျော်ပါဝင်သည် ကမာရွတ် ရော်ဘာစက်ရုံသပိတ်၊ ဇွန်(၁)ရက်နေ့တွင် အလုပ်သမားအင်အား(၁၅ဝ)ပါဝင်သည့် သမိုင်း၊ ရွှေငါးကြိုးစက် သပိတ်၊ (၁၉၃၇)ခုနှစ် ဇူလိုင်(၆)ရက်တွင် အလုပ်သမား(၇ဝ)ပါဝင်သည့် သမိုင်းချည်မျှင်၊ ဆေးဆိုးအလုပ်ရုံသပိတ် စသည့်များဖြစ်ပွားခဲ့ပါသည်။(၁၃ဝဝ)ပြည့်အရေးတော်ပုံစတင်ရာ ရေနံမြေ(၁၃ဝဝ ပြည့်) အရေးတော်ပုံသည် ကိုလိုနီခေတ်နိုင်ငံရေးလှုပ်ရှားမှုများအနက် ပြည်သူလူထု၏ အပြင်းထန်ဆုံးသောနိုင်ငံရေးလှုပ်ရှားမှုတခုဖြစ်သည်။ ၁၃ဝဝ (၁၉၃၈)ပြည့်နှစ်သည် အင်္ဂလိပ်အစိုးရက မလွှဲရှောင်သာဘဲ မြန်မာနိုင်ငံအား(၉၁)ဌာနအုပ်ချုပ်ရေးစနစ်ဖြင့် စတင်စမ်းသပ်သောနှစ် ဖြစ်သည်။ ထိုအုပ်ချုပ်ရေးစနစ်သည် ပွဲဦးထွက်လူထုလှုပ်ရှားမှုများဖြင့် ရင်ဆိုင်လိုက်ရသည်။ ၁၃ဝဝ ပြည့် အရေးတော်ပုံကြီး၏ပွဲဦးထွက်လှုပ်ရှားမှုမှာ ရေနံမြေအလုပ်သမားများသပိတ်ဖြစ်သည်။ ၁၉၃၈ ခုနှစ် ဇန္နဝါရီလဆန်းတွင် ချောက်မြို့ရှိ ဘီအိုစီရေနံကုမ္ပဏီက အကျိုးအကြောင်းမရှိ အလုပ်သမားများကိုဖိနှိပ်မှုစတင်လာခဲ့သည်။ ထိုအကြောင်းအချက်များကြောင့် အလုပ်သမားများသည် လုပ်ငန်းခွင်မှထွက်လာက ဇန္နဝါရီ(၈)ရက်တွင် စတင်သပိတ်မှောက်လိုက်သည်။ ဘီအိုစီအလုပ်သမားများ သပိတ်ကိုထောက်ခံသောအားဖြင့် အိုင်ဘီပီ(Indo-Burma Petroleum Co,) အင်န်အိုစီ(Nath Singh Oil Co.,)ကုမ္ပဏီများမှ အလုပ်သမားများကလည်း မိမိတို့လုပ်ငန်းခွင်မှထွက်ခွာကာ သပိတ်မှောက် လိုက်ကြသည်။ ချောက်ရေနံမြေသပိတ်သည် မိုလာ၊ လမ်းရွာ၊ စဥ့်ငူ၊ ရေနံကြပ်၊ ရေနံချောင်းဒေသ များမှ ရေနံမြေများသို့ တောမီးပမာကူးစက်သွားသည်။ ဤသို့ဖြင့် အလုပ်သမားများနှင့်ရေနံကုမ္ပဏီများ (ဘီအိုစီ၊ အိုင်ဘီပီ၊ အင်န်အိုစီ)အကြား ထိပ်တိုက်အားပြိုင်ပွဲကြီးဖြစ်လာတော့သည်။
ရေနံမြေအလုပ်သမားသပိတ်သည် ယခုချက်ချင်းဖြစ်ပေါ်ခဲ့သောသပိတ်များမဟုတ်ခဲ့ပါ။ ကာလကြာမြင့်စွာကတည်းကတည်ရှိခဲ့သော ရေနံကုမ္ပဏီများ၏မတရားဖိနှိပ်မှုကို ပြန်လည်တုန့်ပြန်လာခဲ့ရမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ရေနံမြေအလုပ်သမားတို့၏ဘဝအခြေအနေ
(ကိုလိုနီခေတ်)မြန်မာပြည်လူဦးရေ၏ ၈၅ %ခန့်သည် လယ်သမားများဖြစ်ကြသည်။ လူဦးရေ၏ ၁.၅ % သည် ရေနံမြေအလုပ်သမားများ ဖြစ်ကြသည်။ ထို ရေနံမြေအလုပ်သမားများသည် တနှစ်လျှင် သန်း ၂၅ဝ ကျပ်တန်ဖိုးရှိသော ရေနံ၊ ဓါတ်ဆီ၊ ရေနံဆီ၊ ဖယောင်းစသည့် လူသုံး၊ စက်သုံး သဘာဝထွက်ကုန်များကို ထုတ်လုပ်ပေးရသည်။ ကိုလိုနီအုပ်ချုပ်ရေးယန္တယားနှင့် စီးပွားရေးစနစ်ဆိုးအောက်ရှိပြည်သူလူထု ၏နေ ထိုင်မှုဘဝသည်အလွန်ဆိုးဝါးသည်။ လယ်သမားသည် လယ်လုပ်ရင်းထမင်းငတ်ရသည်။ ရေနံထုတ် လုပ်ပေးသောအလုပ်သမားသည် မီးခွက်ထွန်းရန် ရေနံဆီမရှိဖြစ်ရသည်။ သစ်ဝါးထုတ်လုပ်ပေးရသော အလုပ်သမားသည် နေစရာအိမ်မရှိဖြစ်ခဲ့ရသည်။
လယ်ယာသီးနှံများကို ဘူလင်ဂျာပူးလ်နှင့် စတီးဘရားသားကုမ္ပဏီကြီးများက လက်ဝါးကြီးအုပ်ချုပ်ကိုင် ထားသည်။ ရေနံလုပ်ငန်းကို ဘီအိုစီ၊ အိုင်ပီဘီ၊ အင်န်အိုစီ၊ ဘီဘီပီစီကုမ္ပဏီကြီးများက ချုပ်ကိုင်ထားသည်။ ဘီအိုစီကုမ္ပဏီက ဓနအင်အားအကြီးဆုံးကုမ္ပဏီဖြစ်သည်။ ထိုကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုအချိုး အဆကိုကြည့်မည်ဆိုလျှင် - ဘီဘီပီစီ(British Burma Petroleum Co,)၆.၂% ၊ အိုင်ဘီပီ ၁၇ %၊ ဘီအိုစီ မှ ၇၆. ၈ % အသီးသီးရှိကြသည်။(၁၉၃၇)ခုနှစ် ဘီအိုစီချယ်ယာမင်၏ နှစ်ချုပ်အစီရင်ခံစာတွင် (၁၉၃၅) ခုနှစ်က ဘီအိုစီကုမ္ပဏီက ကျပ်သန်း (၄ဝ)ကျော် အသားတင်အမြတ်ငွေရှိကြောင်းတွေ့ရှိရသည်။ (၁၉၃၇)ခုနှစ်၏အသားတင်မြတ်ငွေမှာ ကျပ် (၁၂ဂ) သန်း (အမြတ်ခွန်နှင့်မီးအာမခံအမြတ်အပါဝင်) ရှိသည်။ ထိုအမြတ်ငွေထဲမှ အလုပ်သမား(၂ဝဝဝဝ)ကို ကျပ်ငွေ (၈)သန်းသာထုတ်ပေးခဲ့သည်။ ဘီအိုစီ အုပ်ချုပ်သူနှင့်အစုရှယ်ယာဝင်ထားသူများက ကျန်ရှိသည့်အမြတ်ငွေ ကျပ်သန်း(၁၂ဝ)ကို သပိတ်ဝင် အိတ်ဝင်ရလိုက်သည့်သဘောပင်ဖြစ်သည်။ ဓနရှင်(လုပ်ငန်းရှင်)နှင့်အလုပ်သမားတို့ရရှိလိုက် သည့် ငွေအချိုးအစားမှာ ၁၆း ၁ ဖြစ်သည်။ နာရီအားဖြင့် အချိုးတွက်ကြည့်လျှင် အလုပ်သမားသည် ဓနရှင်ပေးသောလုပ်အားခအတွက် တနေ့လုပ်ချိန်(၈)နာရီ၏ ၁၆ ပုံ ၁ ပုံ ဖြစ်သော နာရီဝက်လုပ်လိုက်လျှင် တာဝန်ကျေသည်။ သို့သော် ကျန်(၇ နာရီ ၃ဝ မိနစ်)အလုပ်ချိန်သည် အလုပ်ရှင်(ဓနရှင်)အတွက် လုပ်ကိုင်ပေးရသည့်အဓိပ္ပါယ်သက်ရောက်သည်။
အလုပ်သမားများအား မကြာမကြာ အကြောင်းအမျိုးမျိုးပြကာ အလုပ်ဖြုတ်ပစ်တတ်သည်။ လူ ၄-၅ ယောက်ဖြင့်လုပ်ရသောအလုပ်ကို လူ ၂ ယောက်၊ ၃ ယောက်ဖြင့် လုပ်ခိုင်းစေခြင်းများကို လည်းတွေ့ရသည်။ သတ်မှတ်သည့်အလုပ်ချိန်ထက်ပို၍လုပ်လာရတာမျိုးက နှစ်ရှည်ကြာလာသည့်အခါ အလုပ်သမားများသည် အလုပ်ဝန်ပိသည့်ဒဏ်များခံစားလာကြရသည်။ လုပ်ငန်းခွင်သက်သာချောင်ချိမှု ဘက်ကကြည့်မည် ဆိုလျှင်လည်း အလွန်းဆိုးဝါးတာမျိုးကိုတွေ့ရပြန်သည်။
ရေနံမြေအလုပ်သမားများသည် အလွန်ပူပြင်းသောနေရောင်အောက်တွင် ရေနံငွေ့များကို အဆက်မပြတ်ရှူရှိုက်ရသည်။ ရေနံတူးဖော်နေစဉ် ကန့်ငွေ့များကိုလည်းရှူရှိုက်ကြရသည်။ နှစ်ရှည်အလုပ်သမားများအဖို့ အဆုတ်ရောင်ရောဂါနှင့်နှလုံးရောဂါများ တဖြည်းဖြည်းစွဲကပ် လာသည့် ဝေဒနာသည်များကိုလည်းတွေ့မြင်ရသည်။ ကျန်းမာရေးမကောင်းသည့်အလုပ်သမားများ ခွင့်မယူရဲကြပါ။ ခွင့်ယူလျှင် လစာအဖြတ်ခံရမှာစိုးသောကြောင့်ဖြစ်သည်။ အတော်အသင့် ကျန်းမာရေး မကောင်းသော်လည်း အလုပ်ဆင်းကြရသည်။ ရေနံလုပ်ငန်းနှင့်ဆက်စပ်အလုပ်သမားလည်း ဤသို့ ခံစားကြရသည်။ ပျမ်းမျှ အသက်(၈ဝ)နေကြရမည့်အလုပ်သမားများသည် အသက်(၄ဝ)ကျော်လာ လျှင် ရောဂါထူပြောလာသည်။ အသက်(၆ဝ)နှစ်မပြည့်မှီ ကွယ်လွန်ခဲ့ကြသည်။ အထက်ပါအခြေ အနေများက အလုပ်သမားတို့၏နေထိုင်မှုဘဝတိုးတက်ကောင်းမွန်လာစေဖို့ တွန်းဆော်ပေးနေသည်။ ၈၊ ၁၊ ၃၈ နေ့ က ချောက်ရေနံမြေအလုပ်သမားများ စတင်သပိတ်မှောက်ရခြင်းအကြောင်းအရင်း များဖြစ်သည်။ ချောက်ရေနံမြေအလုပ်ဌာနများအသီးသီးမှ အလုပ်သမား (၅ဝဝဝ)ကျော်တို့ သည် ညောင်ဖြူပင်ရပ်ကွက်ရှိ ဘောလုံးကွင်းတွင်စုဝေးပြီး လူထုအစည်းအဝေးကြီးတရပ်ကိုကျင်းပ လိုက်ကြသည်။ ထိုနောက် အလုပ်သမားများ၏တောင်းဆိုချက်များကို ထုတ်ပြန်လိုက်ကြသည်။
ထိုတောင်းဆိုချက်များမှာ အောက်ပါတိုင်းဖြစ်သည်။
(၁) အလုပ်သမားများအား လုပ်ခရှင်းပေးရာ၌ နေ့စားစနစ်မှ လခစားစနစ်သို့ပြောင်းပေးရန်။
(၂) တနှစ်လျှင် အားလပ်ခွင့်အဖြစ် ၅၃ ရက် လစာမပျက် ခွင့်ပေးရန်။
(၃) ကုမ္ပဏီကဖွင့်လှစ်တည်ထောင်ပေးထားသော ဆန်၊ ရေနံဆီနှင့် အခြားအထည်ပစ္စည်းအချို့ဖြန့်ချိရေးကုန်စုံဆိုင်ကြီးကို စီမံခန့်ခွဲရာ၌ အလုပ်သမားကိုယ်စားလှယ်များ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခွင့်ပေးရန် ။
(၄) အလုပ်သမားတန်းလျားများ တိုးတက်ကောင်းမွန်စွာ ထပ်မံဆောက်လုပ်ပေးရန်။
(၅) အလုပ်သမားအိမ်ထောင်စုအားလုံးအတွက် အိမ်တန်းလျားများ အလုံအလောက် ဆောက်လုပ်နေရာချပေးရန်။
(၆) စုံထောက်ရုံး (လေဘာဗျူရိုရုံး)အုပ်ချုပ်ရေးအဖွဲ့တွင် အလုပ်သမားကိုယ်စားလှယ်များ ပါဝင်ခွင့်ပေးရန်။
(ရ)  အလုပ်ခွင်တွင်ဖြစ်ပေါ်သောရှောင်တခင်မှုများကြောင့်လည်းကောင်း၊ လုပ်ခမပျက်ဆေးကုသခွင့်ပေးရန်။
(ဂ) ပင်စင်စနစ် ပြန်လည်ထူထောင်ပေးရန်။
(၉) ယခင်အခါက အလုပ်သမားတို့အားလိုက်လျောပေးဘူးသည့်အခွင့်အရေးများကို ကုမ္ပဏီကပြန်လည်မရုပ်သိမ်းရန်။ 
(၅)၁၃ဝဝပြည့်အရေးတော်ပုံ သို့မဟုတ် (၁၉၃၈)အထွေထွေသပိတ်အရေးတော်ပုံ အလုပ်သမားများ၏သပိတ်သည် (၁၁) လနီးပါးမျှကြာမြင့်သည့်တိုင် ကုမ္ပဏီများက တောင်းဆိုချက်များကို အနည်းငယ်သာလိုက်လျောခဲ့သည်။ သပိတ်ပြဿနာပြေလည်မှုမရှိခဲ့ပေ။ ထို့ကြောင့် (၁၉၃၈)ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့တွင် အလုပ်သမားထုကြီး၏အစည်းအဝေးတရပ်ကျင်းပခဲ့သည်။ ထိုအစည်းဝေးမှ အလုပ်သမားများ၏နစ်နာချက်များနှင့်တောင်းဆိုချက်များကို အစိုးရသို့ မိမိတို့ကိုယ်တိုင်သွားရောက် တင်ပြရန် ဆုံးဖြတ်လိုက်ကြသည်။ ဤသို့ဖြင့် ကျန်းမာသန်စွမ်းသောသပိတ်အလုပ်သမား အင်အား(၂ဝဝဝ)ခန့်သည် (၁၉၃၈)ခုနှစ် နိုဝင်ဘာ ၃ဝ ရက်နံနက် ၆ နာရီတွင် ချောက်မြို့မှ ရန်ကုန်သို့ ခြေလျင်ခရီးစတင်လိုက်ကြတော့သည်။ အခြားအလုပ်သမားများက မိုင်အချို့ထိလိုက်ပါပို့ဆောင် ကြသည်။ အလုပ်သမားသပိတ်တပ်သည် တနေ့ ၁၅ မိုင်နှုန်းဖြင့် ချီတက်လမ်းလျှောက်ခဲ့ကြသည်။
သပိတ်တပ်ဖွဲ့သည် မကွေးမြို့သို့ ဒီဇင်ဘာ ၄ ရက်နေ့တွင်ဆိုက်ရောက်ခဲ့သည်။ မကွေးဈေးမြောက်ဖက်ရှိ မဲထီးဖုန်းကြီးကျောင်းတွင် စခန်းချရပ်နားကြသည်။ သပိတ်တပ်ဦးစီးခေါင်းဆောင်များဖြစ်သော သခင်ဗတင်၊ သခင် ခင်၊ ဘေးမဲ့ဆရာတော် ဦးဝါယမသာမိ၊ ဦးဂန္ဓ၊ ဦးဇောတိက၊ ရှင်နန္ဒ၊ သခင်ဖိုးလှကြီး၊ သခင်ဗမောင်၊ သခင်ဖေကြီးတို့အား ပုဒ်မ ၁ဝ၇ ဖြင့်ဖမ်းဆီးပြီး မကွေးထောင်တွင်ချုပ်ထားသည်။
မကွေးအာဏာပိုင်များသည် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး သပိတ်တပ်ကြီးကို ဆက်လက်မချီတက်နိုင်စေရန် ဟန့်ထားထားသည်။ သပိတ်တပ်ကြီးသည်လည်း ခေါင်းဆောင်များအဖမ်းခံရသဖြင့် မကွေးမြို့တွင် ဆက်ရပ်နားနေခဲ့ရသည်။ မကွေးမြို့တွင် ရက် ၂ဝခန့် သောင်တင်နေကြရသည်။ တဖက်တွင် ခြိမ်းခြောက်၊ တဖက်တွင်ချော့မြှူခြင်းခံနေရသည်။ နောက်ဆုံးတွင် ရိက္ခာပြဿနာတက်လာသည်။ ထို့ကြောင့် တဝက်လောက်က ရေနံမြေသို့ပြန်လှည့်ရသည်။ အလုပ်သမားခေါင်းဆောင်များလွှတ်ပေးရေးအတွက် ကျန်အလုပ်သမားများက အစာငတ်ခံဆန္ဒပြကြသည်။ သို့သော် အစာငတ်ခံခြင်းထက် ပုဒ်မ (၁၄၄)ကို တွန်းလှန်ကာ အာဏာဖီဆန်ခြင်းကပိုမိုထိရောက်မည်ဟု တို့ဗမာအစည်းအရုံးကယူဆသည်။


0 comments:

Post a Comment