 ကိုလိုနီခေတ်မတိုင်မီဗမာနိုင်ငံအခြေအနေနှင့် ဗမာပြည်အလုပ်သမားလူတန်းစားပေါ်ပေါက် လာပုံ(အပိုင်း၂)
ကိုလိုနီခေတ်မတိုင်မီဗမာနိုင်ငံအခြေအနေနှင့် ဗမာပြည်အလုပ်သမားလူတန်းစားပေါ်ပေါက် လာပုံ(အပိုင်း၂) 
 ( ၂ )
ကိုလိုနီခေတ်မြန်မာနိုင်ငံအတွင်း
အလုပ်သမား လူတန်းစားဖြစ်ပေါ်တိုးပွားလာခြင်းအကြောင်း အရင်း (၁၈၂၄-၂၆)ခုနှစ်များတွင်
နယ်ချဲ့ဗြိတိသျှနိုင်ငံသည် ပထမဦးဆုံး ပဒေသရာဇ်ဗမာနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲသည်။
ထိုစစ်ပွဲတွင် ဗမာရှင်ဘုရင်ဘက်မှ အပြင်းအထံခုခံခဲ့သော်လည်း ရှူံးနိမ့်ခဲ့ရသည်။ စစ်ရှူံးခဲ့သောကြောင့်
ဗမာရှင်ဘုရင်ပိုင်နယ်မြေများဖြစ်သည့် ရခိုင်နှင့်တနင်္သရီဒေသများကို အင်္ဂလိပ်လက်အောက်သို့ပေးလိုက်ရသည်။
ထိုအချိန်ကစတင်ပြီး ပဒေသရာဇ်မြန်မာနိုင်ငံသည် ကိုလိုနီတပိုင်း၊ ပဒေသရာဇ်နိုင်ငံအဖြစ်သို့
ပြောင်းလဲသွားသည်။
(၁၈၅၁-၅၂ ) ခုနှစ်များတဖန်
အင်္ဂလိပ်တို့၏ဒုတိယအကြိမ်ရန်စကျူးကျော်သဖြင့် စစ်ပွဲများထပ်မံဖြစ်ခဲ့သည်။ ဒီတကြိမ်မှာလည်း
ဗမာရှင်ဘုရင်တို့အရေးနိမ့်ခဲ့ရပြန်သည်။ စစ်ရှုံးခဲ့သူတို့ထုံးစံအတိုင်း အင်္ဂလိပ်တို့၏တဖက်သတ်တောင်းဆိုချက်ကို
လိုက်လျောခဲ့ရသည်။ ဒီတကြိမ် စစ်ရှုံးနိမ့်မှုကြောင့် ဗမာပြည်အောက်ပိုင်း ပဲခူးတိုင်းနှင့်ဧရာဝတီတိုင်းတို့ကို
အင်္ဂလိပ်တို့ကိုပေးလိုက်ရပြန်သည်။ ပဒေသရာဇ်ဗမာနိုင်ငံ၏ပိုင်နက်သည် တဖြည်းဖြည်းaသးကျုံ့လာခဲ့ပြီး၊
နယ်ချဲ့ကိုလိုနီနယ်မြေများတိုးပွားလာခဲ့သည်။
(၁၈၈၅) ခုနှစ်၏နောက်ဆုံးလ
မကုန်ဆုံးခင်မှာတော့ ဗြိတိသျှနယ်ချဲ့သည် ဗမာနိုင်ငံ၏ပဒေသရာဇ်ရှင်ဘုရင်ကို စစ်မတိုက်လိုက်ရပဲအလွယ်တကူဖမ်းဆီးလိုက်ကာ ဗမာတပြည်လုံးကိုကျူးကျော်သိမ်းပိုက်လိုက်တော့သည်။ ဤသို့ဖြင့်
ဗမာနိုင်ငံသည် ဗြိတိသျှနယ်ချဲ့နိုင်ငံ၏ ကိုလိုနီနိုင်ငံအဖြစ်လျောကျသွားခဲ့ရသည်။ အင်္ဂလိပ်တို့၏ကျူးကျော်စစ်ကို
ခုခံစစ်ပွဲဆင်နွှဲရာတွင် ပထမတကြိမ်သာလျှင်စစ်ပွဲနှင့်တူခဲ့ပြီး ကျန်စစ်ပွဲများမှာတော့
နယ်ချဲ့သမားကအောင်တံခွန်လွင့်ထူပြီး အလွယ်တကူသိမ်းပိုက်ခဲ့သည်။ ပဒေသရာဇ်ရှင်ဘုရင်တွေကြီးစိုးခဲ့သည့်ဗမာနိုင်ငံအနေနှင့် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးဘက်အသီးသီးတို့၌ အလွန်ခေတ်နောက်ကျလွန်းခြင်း၊
တနိုင်ငံလုံးရှိ အမျိုးသားများကို ညီညွတ်ရေးမတည်ဆောက်နိုင်ခြင်း (မိမိတို့ ပဒေသရာဇ်လူတန်းစားများအတွင်းတောင်
ညီညွတ်ရေးမတည်ဆောက်နိုင်) စသည့်အချက်များကြောင့် နယ်ချဲ့ကျူးကျော်မှုကိုပြန်လည်ခုခံရေးတွင်
မအောင်မမြင်ဖြစ်ခဲ့ရခြင်းဖြစ်သည်။
ဗမာနိုင်ငံသည် ကိုလိုနီနိုင်ငံဘဝသို့စတင်ကျရောက်လိုက်ပြီဆိုသည်နှင့်
ဗမာနိုင်ငံရှိလူထုလူတန်းစားများ၏အနေအထားသည် အပြောင်းအလဲဖြစ်ပေါ်လာခဲ့ပြီ။ (၁၉)ရာစုနှစ်
ဥရောပနိုင်ငံများ၏လူအဖွဲ့အစည်းသည် အရင်းရှင်စနစ်စတင်ဖွံ့ဖြိုးနေသောနိုင်ငံများဖြစ်သည်။
အရင်းရှင်စနစ်စတင်ဖွံ့ဖြိုးနေသောနိုင်ငံများဖြစ်သည့်အလျောက်၊ ထိုနိုင်ငံများသည် နယ်မြေပိုင်ဆိုင်မှုကို
အငန်းမရလိုအပ်လာသည်။ ဤသို့ဖြင့်  ၎င်းတို့၏ကိုလိုနီနိုင်ငံများအဖြစ်သွတ်သွင်းရန်
တကမ္ဘာလုံးသို့ နယ်မြေလုယက်ရေးကျူးကျော်စစ်ကိုဖန်တီးကြရသည်။ နယ်ချဲ့နိုင်ငံများ၏ ကိုလိုနီများအပေါ်ကျူးကျော်သိမ်းပိုက်ခြင်း၏
ရညရွယ်ချက်များမှာ -
(၁) ကုန်ကြမ်းပစ္စည်းများ
ဈေးပေါပေါနှင့်ရယူလိုခြင်း။
(၂) ဈေးကွက်သစ်ရှာဖွေပြီး၊
မိမိတို့၏ကုန်ချောပစ္စည်းများကို တင်ပို့ရောင်းချခြင်းဖြင့် အမြတ်များများရလိုခြင်း။
(၃) စက်မှုလုပ်ငန်းသစ်များတည်ထောင်၍
လုပ်အားကိုဈေးသက်သာစွာရယူလိုခြင်း။ (အလုပ်သမားများကို ဈေးပေါပေါနှင့်ငှားရမ်းပြီး သွေးစုတ်အမြတ်ထုတ်ရေး)
(၄) အရင်းအနှီးစိုက်ထုတ်ပြီး
ကိုလိုနီနိုင်ငံများမှအရင်းအမြစ် (သယံဇာတပစ္စည်းမျိုးစုံ)ကို ရှာဖွေတူးဖော်ပြီး အရင်းအနှီးတိုးပွားလာစေရန်။
(၅) ကိုလိုနီနယ်နမိတ်
တိုးချဲ့ရေးအတွက် စစ်အခြေခံစခန်းများတည်ဆောက်ရန်စသည့်အချက်တို့ဖြစ်သည်။ အထက်ပါအချက်များသည်
ကိုလိုနီနိုင်ငံများရှိပြည်သူများအား ကျွန်ပြုစိုးမိုးအုပ်ချုပ်ပြီး သွေးစုပ်အမြတ်ထုတ်ယူရန်ဖြစ်သည်။
ကိုလိုနီနိုင်ငံများကိုကျူးကျော်ဝင်ရောက်ပြီးသည်နှင့် တဆက်တည်း  နယ်ချဲ့နိုင်ငံများသည် ၎င်းတို့၏ ရည်ရွယ်ချက်များကို
ချက်ခြင်းအကောင်အထည်ဖော်ကြသည်။ ဗြိတိသျှကိုလိုနီနိုင်ငံ တနိုင်ငံဖြစ်သည့် ဗမာနိုင်ငံမှ  ကုန်ကြမ်းများရယူရာတွင် အဓိကလုပ်ငန်းကြီးအပိုင်း
(၃)ပိုင်းတွေ့မြင်ရသည်။
က) လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတိုးချဲ့ပြီး
ဆန်စပါးထုတ်လုပ်ခြင်း။
ခ) သစ်ထုတ်လုပ်ရေးလုပ်ငန်း
(အရေးကြီး ပို့ကုန်ဖြစ်သည်)
ဂ) ရေနံနှင့်သတ္ထုတူးဖော်ခြင်းလုပ်ငန်းတို့ဖြစ်သည်။
အရင်းရှင်စနစ်မှာ ကုန်ကြမ်းဈေးပေါရုံနဲ့ မလုံလောက်။ ထုတ်လုပ်လုပ်မှုကုန်ကျစရိတ် နည်းပါးဖို့လည်းလိုအပ်သေးသည်။ ထို့ကြောင့် ကုန်ချောမဖြစ်ခင် ကြမ်းချောအဆင့်တခု လိုအပ်သည်။ ထိုအတွက်
ကြမ်းချောထုတ်လုပ်ရေးလုပ်ငန်းအတွက် စက်မှုလုပ်ငန်းများတည်ဆောက်ရသည်။ ဥပမာ - ဆန်စက်၊
သစ်ခွဲစက်များ၊ ရေနံချက်စက်ရုံ၊ သတ္ထုကြိုချက်စက်ရုံတို့ ဖြစ်သည်။
ဈေးပေါပေါကုန်စည်များကို
ကုန်းတွင်းပိုင်းမှ ပင်လယ်သို့ပို့ရန် သယ်ယူပို့ဆောင်ရေးလုပ်ငန်းက မရှိမဖြစ်လိုအပ်လာသည်။
ထိုအပြင် ကုန်စည်ကူးသန်းရောင်းဝယ်ရေးတွင် လွယ်ကူ၊ မြန်ဆန်စွာဆက်သွယ်နိုင်ရန် ဆက်သွယ်ရေးစနစ်ကောင်းတခု
ထားရှိရန်လိုအပ်သည်။ ထို လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရန် စာတိုက်၊ ကြေးနန်း၊ ကြိုးမဲ့ကြေးနန်းစသည့်
ဆက်သွယ်ရေးအဆောက်အအုံတခု လိုအပ်လာသည်။ ထိုအရာများသည် အရင်းရှင်စနစ်ဖြစ်ပေါ်တိုးပွားလာရေးအတွက်
မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ ထိုလိုအပ်ချက်များကိုဖြည့်စွက်ရန် လုပ်သားများပေါ်ထွက်လာသည်။
ထိုလုပ်သားများကို ကိုလိုနီ(ကျွန်ဘဝသက်ရောက်သည့်)နိုင်ငံများရှိ လုပ်သားများမှလုပ်အားခဈေးချိုချိုဖြင့်
ရရှိနိုင်သည်။ ဤသို့ဖြင့် ဗမာပြည်လူအဖွဲ့အစည်းသည် နယ်ချဲ့အရင်းရှင်စနစ်၏ယန္တရားများအတွင်းမှ  မလွှဲမရှောင်သာ လူတန်းစားအသစ်တရပ်ကိုမွေးဖွားပေးလိုက်ရသည်။
ဤလူတန်းစားသည် ခေတ်သစ်စက်မှုလုပ်ငန်းအလုပ်သမားများ ဖြစ်ပေတော့သည်။ ကိုလိုနီခေတ်မြန်မာနိုင်ငံလူအဖွဲ့အစည်းတွင်
အမျိုးသားဓနရှင်လူတန်းစားထက်စောပြီးပေါ်ပေါက်လာခဲ့သည့်  အခစားအလုပ်သမား (ပစ္စည်းမဲ့လူတန်းစား) လူတန်းစားတရပ်ဖြစ်တည်လာခြင်းဟု
ပြောဆိုရပေလိမ့်မည်။ ထိုအကြောင်းအချက်သည် ကိုလိုနီခေတ်ဗမာပြည်လူအဖွဲ့အစည်း၏ထူးခြားချက်တခုဖြစ်ကြောင်း သတိပြုရပေလိမ့်မည်။ အရင်းရှင်နယ်ချဲ့စနစ်၏ မွေးရာပါသန္ဓေတည်ရှိမှုသည်
အမြတ်များများရရှိရေးကို ဦးတည်စေမည့်လုပ်ငန်းများကို တဖက်ကတည်ထောင်လျက်ရှိသည်။ သို့သော်
တဖက်က ၎င်းကို ပုန်ကန်တော်လှန်မည့်လူတန်းစားအသစ်တရပ်ကို အဆက်မပြတ်မွေးမြူလျှက်ရှိနေသည်။
ဗမာနိုင်ငံအတွင်းသို့ (၁၆)ရာစု၊ (၁၇) ရာစုနှစ်များကစတင်ပြီး ဥရောပနယ်နယ်ချဲ့နိုင်များ (ပေါ်တူဂီ၊
ပြင်သစ်၊ ဗြိတိသျှ)သည် မုတ္တမ၊ ပုသိမ်၊ သံလျင်တို့တွင်စက်ရုံ၊ အလုပ်ရုံအငယ်စားများ စတင်တည်ထောင်ခဲ့ဘူးကြောင်း
သမိုင်းအထောက်အထားရှိသည်။
(၁၈၅၃-၅၄) ခုနှစ်များတွင်
ပြည်ပသို့ သကြားတင်ပို့မှုလုပ်ငန်းများရှိလာခဲ့သည်။ (၁၈၆၁)ခုနှစ်တွင် ပဲခူးမြို့၌ အိန္ဒိယငွေစက္ကူအသုံးပြုခဲ့သည်။  (၁၈၆၅)ခုနှစ်တွင် မော်လမြိုင်၌ ဘင်္ဂလားဘဏ်ခွဲတခု
ထပ်မံဖွင့်လှစ်ခဲ့သည်။ (၁၈၇၁)ခုနှစ်တွင် ဗြိတိသျှတို့က ရန်ကုန်ရေနံကုမ္ပဏီ စတင် တည်ထောင်။
(၁၈၇၃)ခုနှစ်အထိ အောက်မြန်မာနိုင်ငံတွင် ဆန်စက်ပေါင်း (၄၅)စက်တည်ထောင်ခဲ့။ (၁၈ရ၈)ခုနှစ်တွင်
သစ်စက်(၂၉)လုံး။ ကျိုက်က်ခမီတွင် သကြားစက်များတည်ဆောက်ခဲ့သည်။
သယ်ယူပို့ဆောင်ရေးအတွက်
(၁၈၇၇)ခုနှစ်တွင် ရန်ကုန်-ပြည် မီးရထားလမ်း မိုင်ပေါင်း(၁၆၃)မိုင်ဖောက်လုပ်ခဲ့သည်။  (၁၈၈၄)ခုနှစ်တွင် ရန်ကုန်-တောင်ငူမီးရထားလမ်း (၁၆၈)မိုင်
။ (၁၈၆၈)ခုနှစ်တွင် ပြည်-အောင်လံကတ္တရာကားလမ်းဖောက်လုပ်ခဲ့။ ထိုနှစ်တွင်ပင် ပြည်တွင်း
ရေကြောင်းသွားလာရေးအတွက် ဧရာဝတီဖလုတ်တီလာကုမ္ပဏီတခုကို တည်ထောင်ခဲ့သည်။ နယ်ချဲ့ဗြိတိသျှသည်
ကိုလိုနီနိုင်ငံများအပေါ် ခြေချလိုက်မိသည်နှင့် ၎င်းတို့အကျိုးစီးပွားအတွက် စက်ရုံများတည်ဆောက်ခြင်း၊
ကူသန်းရောင်းဝယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်း လုပ်ကိုင်ခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကိုတိုးချဲ့ခြင်း
စသည့်လုပ်ငန်းများ လုပ်ဆောင်လာတော့သည်။ ထိုလုပ်ငန်းများနှင့်အတူ ကိုလိုနီနိုင်ငံများတွင်
အလုပ်သမားလူတန်းစားတရပ်ကို တပါတည်းမွေးဖွားလာပေတော့သည်။ ဖြစ်ထွန်းတိုးပွားလာသည့် အလုပ်သမား
အင်အားအခြေအနေကို အောက်ပါဇယားတွင် လေ့လာကြည့်ရှုနိုင်ပါသည်။ ဒုတိယကမ္ဘာစစ်မတိုင်မှီ
(၁၉၃၁ ခုနှစ်)၊ အလုပ်သမား အင်အား အခြေအနေ
စဉ်        လုပ်ငန်း  အလုပ်သမားဦးရေ            ရာခိုင်နှုန်း
၁          လယ်ယာနှင့်သစ်တောလုပ်ငန်း         ၄၃၂၁၄ဝဝ          ၆၉.၆
၂          ရေနံနှင့်သတ္တုတူးဖော်ရေး                ၃၉၅ဝဝ              ဝ.၆
၃          စက်မှုလက်မှုလုပ်ငန်း                     ၆၄၄၄ဝဝ            ၁ဝ.၇
၎          သယ်ယူပို့ဆောင်ရေးလုပ်ငန်း           ၂၂၂၁ဝဝ            ၃.၅
၅          ကုန်သွယ်ရေး                               ၅၅၇၂ဝဝ            ၉.ဝ
၆          အသက်မွေးဝမ်းကြောင်းမှုပညာသည် ၁၉၈၉ဝဝ            ၃.၂
၇          ပြည်သူ့ဝန်ထမ်း                            ၄၉၉ဝဝ              ဝ.၈
၈          အိမ်တွင်းမှုအိမ်ဖော်လုပ်ငန်း             ၄၄၇ဝဝ              ဝ.၇
၉          အခြားအလုပ်သမားများ                  ၁၁၈၁ဝဝ            ၁.၉
(၁၉၃၁) ခုနှစ်တွင်
ဗြိတိသျှစာရင်းဇယားတွေအရပြောရလျှင် ဗမာပြည်လူဦးရေသည် (၁၄.၆)သန်းရှိသည်။ လယ်ယာလုပ်ငန်းလုပ်ကိုင်သူက
(၆၅)ရာခိုင်နှုန်းရှိသည်။ ကိုယ်ပိုင်လယ်တွင် ကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်သူများသည်
နှစ်စဉ်လယ်ယာမြေများပေါင်နှံခြင်း၊ လက်လွတ်ဆုံးရှုံး ရခြင်းများကိုလည်းတွေ့ရသည်။ (၁၉၃ဝ-၃၁)ခုနှစ်တွင်
လယ်ယာမြေဆုံးရှုံးမှုဧကပေါင်း (၆၁၆၇၂ဝ )ဧကရှိခဲ့သည်။ အောက်ဗမာပြည်တွင် လယ်ယာလုပ်သူများ၏
(၃၂.၅၂)ရာခိုင်နှုန်းနှင့် အထက်ဗမာပြည်တွင် (၁ဝ.၅၂)ရာခိုင်နှုန်းသည် လယ်မဲ့ယာမဲ့ဘဝသို့ဆင်းသက်ခဲ့ရသည်။
(ထိုနှစ်များသည် ကမ္ဘာ့စီးပွားရေးကပ်နှင့်ရင်ဆိုင်နေရချိန်လည်းဖြစ်သည်။ စပါးဈေးများ
အလွန်ကျဆင်းနေသည့်ကာလလည်းဖြစ်သည်။  ဆရာစံဦးဆောင်သည့်လယ်သမားတော်လှန်ရေး
ပေါ်ပေါက်နေချိန်လည်းဖြစ်သည်) လယ်သမားများသည် လယ်ယာလုပ်ငန်းခွင်တွင် လယ်မြေများစွန့်လွတ်ခဲ့ရပြီးနောက်
အခစားအလုပ်သမားများအဖြစ် ရောက်ရှိသွားကြသည်။ တချို့က အချိန်ပိုင်းအလုပ်သမားများအဖြစ်
ကူးပြောင်းသွားခဲ့ရသည်။ ဤနည်းဖြင့် အလုပ်သမားတပ်ဖွဲ့အတွင်း အင်အားတိုးများလာခဲ့ရခြင်းဖြစ်သည်။
အောက်ဖော်ပြပါဇယားကိုလေ့လာခြင်းအားဖြင့် သိမြင်နိုင်ပါသည်။ ဆယ်စုနှစ်အလိုက် တိုးပွားလာသည့်အလုပ်သမားအင်အား
အရေအတွက်ပြဇယား
(၁၉၁၁၊ ၁၉၂၁၊ ၁၉၃၁)
ခုနှစ်များအခြေအနေ
စဉ်        လုပ်ငန်း  ၁၉၁၁
ခုနှစ်                     ၁၉၂၁ခုနှစ်          ၁၉၃၁ ခုနှစ်
၁          ရေနံသတ္တုတူးဖော်ရေးလုပ်ငန်း          ၈ဝဝဝ                ၂၇ဝဝဝ-၃၈ဝဝဝ
၂          သစ်ထုတ်လုပ်ရေး                         ၉၅၄၂၇              ၁ဝ၄၃၆၈-၁၃၇၅၈၆
၃          စက်မှုလက်မှုလုပ်ငန်း                     ၄၂ဝဝဝဝ            ၄၃ဝဝဝဝ-၇ဝဝဝဝဝ
၎          သယ်ယူပို့ဆောင်ရေး                      ၁၂ဝဝဝဝ            ၁၇ဝဝဝဝ-၂၄ဝဝဝဝ
၅          လယ်ယာအလုပ်သမား                   ၉၁၂၃၅၆            ၁ဝ၂၇၅၉ဝ-၁၅၁၂၂၉ဝ
(၃)ဗမာပြည်တွင် နယ်ချဲ့အရင်းရှင်စနစ်က
ပဒေသရာဇ်စနစ်ကို အစားထိုးဝင်ရောက်လာပြီးနောက် ဗမာပြည်လူ့အဖွဲ့အစည်း၏ လူတန်းစားဖွဲ့တည်မှုသည်လည်း
အပြောင်းအလဲများစွာရှိခဲ့သည်။ ဗမာပြည်လူ့အဖွဲ့အစည်းသည် လုံးဝ ကိုလိုနီနိုင်ငံအဖြစ်သို့ကျရောက်ခဲ့ရသည်။
နိုင်ငံ အချုပ်အခြာအာဏာဆုံးရှုံးခဲ့ရသည်။ တိုင်းပြည်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလွပ်လပ်ခွင့်များလည်း
ဆုံးပါးခဲ့ရသည်။
နယ်ချဲ့သည် ယခင်ပဒေသရာဇ်လူတန်းစားကိုဖျက်သိမ်းခြင်းမပြုလုပ်ခဲ့ပေ။
နယ်ချဲ့အစိုးရ၏အုပ်ချုပ်မှုယန္တရားအတွင်းသို့ထည့်သွင်းထားပြီး လူထုကိုဖိနှိပ်သွေးစုတ်ရေးများတွင်
ပြန်လည်အသုံးချခဲ့သည်။ လယ်သမားအများစုကြီးသည် နယ်ချဲ့အကျိုးစီးပွားများအတွက် မရှိမဖြစ်အလုပ်လုပ်ပေးရသည့်လယ်ကျွန်များဖြစ်လာခဲ့သည်။ လူတန်းစားအသစ်အဖြစ်ပေါ်ထွန်းလာသော ခေတ်သစ်စက်မှုအလုပ်သမားလူတန်းစားသည်
လုပ်ခစားကျွန်များသာဖြစ်နေရသည်။ အမျိုးသားလုပ်ငန်းရှင်(ဓနရှင်လူတန်းစား) များ ပေါ်ထွန်းလာခဲ့သော်လည်း
နယ်ချဲ့လက်ဝါးကြီးအုပ်အရင်းရှင်များကိုကျော်လွန်ပြီး မဖွံ့ဖြိုးနိုင်ခဲ့ပါ။
ကိုလိုနီခေတ်မြန်မာနိုင်ငံ၏
နိုင်ငံရေးအခြေအနေကိုလေ့လာကြည့်မည်ဆိုလျှင် နယ်ချဲ့စတင်ဝင်ရောက်ချိန်ကာလကစပြီး လွတ်လပ်ရေးရသည်အထိ လူတန်းစားပေါင်းစုံ၊ လူ့အလွှာပေါင်းစုံတို့၏လူတန်းစားတိုက်ပွဲသည် အဆက်မပြတ်ဖြစ်ပေါ်ခဲ့သည်။
အုပ်စိုးသူနှင့်အုပ်စိုးခံ၊ ကျူးကျော်သူနှင့် ကျူးကျော်ခံရသူတို့၏တိုက်ပွဲအဖြစ်မြင်တွေခဲ့ရသည်။
ကျောင်းသားများ အခွင့်အရေးတိုက်ပွဲများ။ လယ်သမား၏လက်နက်ကိုင်တိုက်ပွဲများ၊ အလုပ်သမားများအခွင့်အရေးတောင်းဆိုတိုက်ပွဲများ
စသည်တို့ကို ဗမာပြည်သမိုင်းတွင် အထင်အရှားတွေ့မြင်နိုင်ပါသည်။ နောက်ဆုံး လွတ်လပ်ရေးမရမီ(၁ဝ)စုနှစ်များကစတင်ပြီး
ဗမာပြည်အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲသည် ဗမာပြည်၏ခေတ်သစ်သမိုင်းတရပ်ကို ဖန်တီးလိုက်ခြင်းပင်ဖြစ်သည်။
ထိုနှစ်များတွင် အလုပ်သမားလူတန်းစားလှုပ်ရှားမှုတိုက်ပွဲသည်
အမြင့်ဆုံးအခြေအနေသို့ရောက်ရှိလာခဲ့ပြီး၊ ဗမာပြည်အလုပ်သမားလူတန်းစား၏ စည်းရုံးမှုအရှိဆုံးပါတီတရပ်ကို
မွေးဖွားပေးနိုင်ခဲ့သည်။ ထိုပါတီကို (၁၉၃၉) ခုနှစ် သြဂတ်စ်(၁၅)ရက်နေ့တွင် အစုငယ်ကလေးအဖြစ် မြေအောက်တွင်ဖွဲ့စည်းခဲ့သည်။ ထိုအလုပ်သမားလူတန်းစား၏တပ်ဦးပါတီ၏နာမည်သည် ဗမာပြည်ကွန်မြူနစ်ပါတီဖြစ်သည်။
အရင်ရှင်နယ်ချဲ့စနစ်အောက်မှပေါ်ပေါက်လာခဲ့သော
ဗမာပြည်အလုပ်သမားလူတန်းစားသည် နိုင်ငံတကာအလုပ်သမားလူတန်းစား တပ်ဖွဲ့ကြီး၏ အစိတ်အပိုင်းတပ်ဖွဲ့တခုဖြစ်သည်။
တနည်းအားဖြင့် နိုင်ငံတကာ့ အလုပ်သမားလွတ်မြောက်ရေးတိုက်ပွဲများနှင့်လည်း ဆက်စပ်နေပေသည်။
ထိုကြောင့် နိုင်ငံတကာအလုပ်သမားများ၏ လွတ်မြောက်ရေးတိုက်ပွဲသမိုင်းကြောင်းများကို လေ့လာသင့်သည်။
အထူးသဖြင့် မေဒေးနေ့ဖြစ်ပေါ်လာပုံ၊ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်များအကြောင်း။ နိုင်ငံတကာ
အလုပ်သမားလှုပ်ရှားမှု သမိုင်းကြောင်းများနှင့်မျက်မှောက် နိုင်ငံတကာအလုပ်သမားတို့၏ အခြေအနေများကို
လေ့လာသင့်သည်။ ထိုနောက် မိမိတိုင်းပြည်ရှိ အလုပ်သမားများ၏ပကတိအခြေအနေ များဖြင့်ဆက်စပ်သင့်သည်။
ဤနည်းအားဖြင့် အလုပ်သမားလူတန်းစားလွတ်မြောက်ရေးတိုက်ပွဲ ကို ရှေ့သို့တွန်းတင်နိုင်ပေလိမ့်မည်။  
လေ့လာသင့်တဲ့အကြောင်းအရာများထဲမှ
- မေဒေးနေ့အကြောင်း..အနည်းငယ်မိတ်ဆက်လိုပါသည်။ မေဒေးနေ့ကို ကမ္ဘာ့အလုပ်သမားနေ့ ဟုလည်းခေါ်ပါသည်။
နိုင်ငံတကာအလုပ်သမားလှုပ်ရှားမှုတိုက်ပွဲသမိုင်း၏ ဂုဏ်ရောင်ပြောင်သော မှတ်တိုင်တခုဖြစ်သည်။
အမေရိကန် အလုပ်သမားများက စတင်တိုက်ပွဲဝင်ခဲ့ကြသဖြင့် “မေဒေး အစ အမေရိကန်”ဟု ပြောဆိုကြသည်။
မေဒေးနေ့၏သမိုင်းနောက်ခံမှာ -၁၉ ရာစုခေတ်ဦးကစပြီး အမေရိကန်နိုင်ငံသည် စက်မှုလုပ်ငန်းများဖွံ့ဖြိုးလာခဲ့သည်။
စက်ရုံ၊ အလုပ်ရုံပိုင်ရှင်များသည် အလုပ်သမားများကို တနေ့အလုပ်ချိန်နာရီ (၁၄)နာရီမှ
(၂ဝ)နာရီထိ ရက်ရက်စက်စက်ခိုင်းစေခဲ့သည်။
ထိုရှည်ကြာသောအလုပ်ချိန်အတွင်း
အလုပ်ပင်ပန်းသည့်ဒဏ်ကြောင့် ငယ်ရွယ်သူများနှင့်အမျိုးသမီးများ သည် မူးမော်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ မကြာခဏသေဆုံးခြင်းအဖြစ်အပျက်များ ပေါ်ပေါက်ခဲ့ရသည်။ ထိုအခြေအနေကိုသည်းမခံနိုင်သောအလုပ်သမားများက
အလုပ်သမားထုအတွင်း စည်းရုံးလှုံဆော်မှုများပြု လုပ်ခဲ့သည်။ စက်ရုံ၊ အလုပ်ရုံလိုက်အသင်းအဖွဲများကို
ပုံစံမျိုးစုံဖြင့်ဖွဲ့စည်းလိုက်သည်။ ဖွဲ့စည်းရခြင်း၏ အဓိအကြောင်းအရင်းမှာ အလုပ်သမားတို့၏အကျိုးခံစားခွင့်များကို
ထိန်းသိမ်းကာကွယ်ရန်ဖြစ်သည်။
ထိုခေတ်က အလုပ်သမားအသင်းအဖွဲ့များကို
တရားဝင်ထူထောင်ခွင့်မရ။ အလုပ်ရှင်၊ အစိုးရ၊ ပုလိပ်၊ စုံထောက်များ၏ခြိမ်းခြောက်ခြင်း၊
ဖမ်းဆီးအရေးယူခံရခြင်း၊ အလုပ်ထုတ်ခံရခြင်း စသည့်အန္တရာယ်များ ကိုရင်ဆိုင်ရသည်။ အလုပ်သမားအဖွဲ့အစည်းများသည်လည်း
မကြာခဏ ဖွဲ့ စည်းလိုက်၊ ဖျက်လိုက်ရ၊ ပြန် ဖွဲ့စည်းရလုပ်ခဲ့ကြရသည်။ ဤသို့သောအဖြစ်အပျက်များကိုကြုံတွေ့ခဲ့ရပြီးမှ၊
ကြိုးပမ်းမှု၏ရလာဒ်အဖြစ် အင်အားတောင့်တင်းသောအဖွဲ့အစည်းတခုကို ထူထောင်နိုင်ခဲ့ကြသည်။
အလုပ်သမားများ၏စည်းလုံးညီညွတ်သောအားကိုအခြေခံကာ
-
(၁) အလုပ်လုပ်ချိန်လျော့ပေါ့ရေး၊
(၂) လုပ်ခတိုးမြှင့်ပေးရေး
(၃) လုပ်ငန်းခွင်အခြေအနေတိုးတက်ကောင်းမွန်လာရေး
(၄) လွတ်လပ်သည့်အလုပ်သမားသမဂ္ဂ
ထူထောင်ခွင့်ရရှိရေး စသည့်တောင်းဆိုချက်များ၏အသံသည် တပြည်လုံးသို့ကျယ်ပျံ့လာနေသည်။
(၁၈၆၁-၆၂) ခုနှစ်များတွင်
အမေရိကန်ပြည်တွင်းစစ်ဂယက်ကြောင့် အလုပ်သမားသမဂ္ဂများကွယ်ပျောက်ခဲ့သည်။  သို့သော် စက်ပုံသွင်း အလုပ်သမားသမဂ္ဂ၊ စက်ပြင်အလုပ်သမားသမဂ္ဂ၊
ပန်းပဲအလုပ်သမားသမဂ္ဂ (၃)ခုသာ ခိုင်ခိုင်မာမာကျန်ရှိခဲ့။ (၁၈၆၆) ခုနှစ်တွင် ဗယ်လ်တီမိုး
မြို့တွင် သမဂ္ဂ(၃ဝ)ပါဝင်သည့် နိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂကြီး (National
Labour Union)
ကို အောင်မြင်စွာဖွဲ့နိုင်ခဲ့သည်။  ခေါင်းဆောင်မှာ
စက်ပုံသွင်းအလုပ်သမား ဝီလီယံအိပ်ခ်ျ ဆီလ်ဗစ်(Sylvis Williams H.) ဖြစ်သည်။ (၈)နာရီ
တိုက်ပွဲကော်မတီကို နေရာအနှံ့မှာ အကောင်အထည်ဖော်ခဲ့သည်။ အစိုးရလွှတ်တော်က ဥပဒေတရပ်အဖြစ်ပြဌာန်းသည်။
ပုဂ္ဂလိကအရင်းရှင်များက မလိုက်နာ။ အလုပ်သမားတိုက်ပွဲ ဆက်လက်ဖြစ်ပေါ်ခဲ့။ အလုပ်သမားတောင်းဆိုချက်
ပစ်ပယ်ခဲ့။ အလုပ်သမားများ၏ဆန္ဒပြပွဲ၊ သပိတ်တိုက်ပွဲကို အကြမ်းဖက်နှိပ်ကွပ်ခံရသည်။ ခေါင်းဆောင်များကို
ဖမ်းဆီးညှဉ်းပမ်းခံရ။ ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်ပြီး နယ်နှင်ဒဏ်ပေး။ သပိတ်မှောက် အလုပ်သမား
အလုပ်မှထုတ်။ စက်ရုံ၊အလုပ်ရုံပိတ်ထားခြင်းဖြင့် အလုပ်သမားများစွာအလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။
အလုပ်သမားများ ကြေးစားငှားပြီး သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ပျော့ညံ့သည့်အလုပ်သမားခေါင်းဆောင်များကို
ငွေနဲ့ဝယ်ယူခဲ့သည်..စတဲ့နည်းနာပေါင်းစုံဖြင့် အလုပ်သမားသွေးစည်းညီညွတ်ရေးကို ဖျက်ဆီးခဲ့သည်။
၁၈ဝ၆ ခုနှစ်တွင် ဖီလာဒယ်ဗီးယား
ကြိုးကျစ်စက်ရုံမှအလုပ်သမားများ၊ (၁၈၂၇)ခုနှစ်တွင် ထိုမြို့မှ အဆောက်အဦးအလုပ်သမားများ၊
(၁၈၃၄) ခုနှစ်တွင် နယူယောက်မှပေါင်မုန့်ဖုတ်သမားများသည် တရက်အလုပ်ချိန်(၁ဝ)နာရီတောင်းဆိုတိုက်ပွဲဝင်ခဲ့။
ရိုက်နှက်ဖမ်းဆီးခံခဲ့ရသည်။ (၁၈၃၇)ခုနှစ်တွင် အလုပ်ချိန်(၁ဝ)နာရိတိုက်ပွဲသည် တမြို့မှတမြို့ကူးစက်ခဲ့။
ပြည်နယ်အစိုးရများက အလုပ်ချိန်(၁ဝ)နာရီ သတ်မှတ်ရေးကို မရေရာသောသာမန်အမိန့်ကြေညာချက်ဖြင့်
နှစ်သိမ့်မှုပေးခဲ့သည်။ အလုပ်သမားတို့ ၏တောင်းဆိုချက်များ အကောင်အထည်မပေါ်ခဲ့ပါ။ အခွင့်အရေး
မရဖြစ်ခဲ့ရသည်။ (၁၈၅ဝ)ခုနှစ်များတွင်
အမေရိကန်အလုပ်သမားတို့၏တိုက်ပွဲသည် သိသိသာသာတိုးတက်မှုရလာသည်။ အကြောင်းမှာ အင်္ဂလန် အလုပ်သမားများနှင့်ရင်းနှီးမှုရလာခဲ့ကြပြီး၊ အပြန်အလှန်အကူအညီပေးနိုင်သောကြောင့်ဖြစ်သည်။ ထိုနှစ်ထဲတွင်
ကြွေးကြော်သံအသစ် ပေါ်ထွက်လာသည်။ “၈ နာရီအလုပ်လုပ်၊ ၈ နာရီပျော်၊ ၈ နာရီနား” ဆိုသည့်
ကြွေးကြော်သံဖြင့် အလုပ်ချိန်(၈)နာရီတောင်းဆိုချက်ကို တင်ထားသည်။ ထို ကြွေးကြော်သံဖြင့်
တိုက်ပွဲကိုအစပျိုးထားသည်။
(၁၈၇၅)ခုနှစ် ပင်ဆီဗီနီယားပြည်နယ်၊
သတ္ထုတွင်းအလုပ်သမားခေါင်းဆောင်များ သေဒဏ်ပေးခံရသည်။  (၁၈၇၇)ခုနှစ်တွင် မီးရထား၊ သံမဏိစက်ရုံအလုပ်သမားများကို
လက်နက်ကိုင်စစ်တပ်ဖြင့်နှိမ်နင်းခဲ့ခြင်း သက်သေရှိခဲ့သည်။ အစိုးရနှင့်အရင်းရှင်တို့ပေါင်းပြီး
အလုပ်သမားကိုနှိပ်ကွပ်လေ၊ ဖိနှိပ်လေ အလုပ်သမားသွေးစည်းညီညွတ်ရေးက ပိုမိုခိုင်မာလေဖြစ်ခဲ့သည်။
(၁၈၈၁- ၈၄)ခုနှစ်(၄နှစ်)အတွင်း
တိုက်ပွဲပေါင်း(၅ဝဝ)ဆင်နွှဲ။ အလုပ်သမား (၁၅ဝဝဝဝ)ပါဝင်။
(၁၈၈၅)ခုနှစ်တွင်
တိုက်ပွဲပေါင်း (၇ဝဝ)ဆင်နွှဲ ။ အလုပ်သမား (၂၅ဝဝဝဝ) ပါဝင်။
(၁၈၈၆) ခုနှစ်တွင်
တိုက်ပွဲပေါင်း(၁၅၇၂) ဆင်နွှဲ။ အလုပ်သမား (၆ဝဝဝဝဝ) ပါဝင်။အထက်ပါ ကိန်းဂဏန်းကိုကြည့်လျှင်
အလုပ်သမားအင်အားကိုချိုးနှိမ်၍မရဆိုတာသိနိုင်ပါသည်။
အမေရိကန်ပြည်ထောင်စုက
ချီကာဂိုသည် လက်ဝဲဂိုဏ်းအလုပ်သမားသမဂ္ဂများ၏ဌာနချုပ်ဖြစ်သည်။
(၁၈၈၄)ခုနှစ်တွင်
အမေရိကန်အလုပ်သမားအဖွဲ့ချုပ်(American Federation of Labor) စတုတ္ထအကြိမ်ညီလာခံမှ (၁၈၈၆)ခုနှစ်
မေ ၁ ရက်နေ့တွင် အလုပ်ချိန် (၈)နာရီတိုက်ပွဲဆင်နွှဲရန် ဆုံးဖြတ်ချက်ခဲ့သည်။  (၂ နှစ်)အချိန်ယူပြင်ဆင်ခဲ့သည်။
(၁၈၈၆)ခုနှစ်(မေ ၁
ရက်)နေ့ ချီကာဂိုကိုဗဟိုထားပြီး နယူးယောက်၊ ဗယ်တီမို၊ ဝါရှင်တန်၊ ပင်ဂူရီ၊ စင်တီတီ၊
စိန့်လူးဝစ်၊ ပစ်ဗိုက်၊ ဒက်ထရိုက်မြို့များတွင် အလုပ်ချိန်(၈ နာရီ)ဆန္ဒပြပွဲများဆင်နွှဲလိုက်ကြသည်။
မေ ၃ ရက်နေ့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည်အလုပ်သမားများကို အစိုးရက သေနတ်ဖြင့်ပစ်ခတ်နှိမ်နင်းခဲ့သည်။  အလုပ်သမား(၆)ယောက် ကျဆုံး။ ရာပေါင်းများစွာဒဏ်ရာရခဲ့သည်။
မေ ၄ ရက် ဟေးမတ်ကက်ကွင်းပြင်တွင် ထပ်မံစုရုံးခဲသည်။  အေးချမ်းစွာဆန္ဒပြမှုကို
ထပ်မံပြီး သေနတ်နှင့်ပစ်ခတ်ခဲ့သည်။ အလုပ်သမား ၄ ဦးထပ်မံ ကျဆုံး။ အလုပ်သမားခေါင်းဆောင်
၎ ဦး ကို သေဒဏ်အပေးခံရသည်။ အချို့ ထောင်ဒဏ်၊ ငွေဒဏ်၊ အပစ်ပေးခံရ၊ ပြည်နှင်ဒဏ်ခံရသည်။
(၁၈၈၈)ခုနှစ်တွင် အလုပ်သမားအဖွဲ့ချုပ်က စနစ်တကျပြင်ဆင်ပြီးဆက်လက်တိုက်ပွဲဝင်ရန်နှင့်
(၁၈၉ဝ)ခုနှစ်မှစတင်ပြီး မေလ ၁ ရက်နေ့ကို အလုပ်သမားများနေ့အဖြစ်သတ်မှတ်လိုက်ကြသည်။
 

 
 
 










0 comments:
Post a Comment