Thursday, October 17, 2013

အထူးကွန်ဖရင့်သို့တင်သွင်းတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုစည်းရုံးရေးကော်မတီရဲ့ နိုင်ငံရေးအစီရင်ခံစာ(၁)

0 comments
အထူးကွန်ဖရင့်သို့တင်သွင်းတဲ့
ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုစည်းရုံးရေးကော်မတီရဲ့
နိုင်ငံရေးအစီရင်ခံစာ
-ပြည်ချစ်ဝါဒကိုစွဲကိုင်-

-ပြည်တွင်းငြိမ်းချမ်းရေးကိုရှေးရှူ -တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေးအတွက်တိုက်ပွဲဝင်ကြ
(ခွဲခွဲပြီးတင်ပါ့မယ်။ ဒါက ခွဲတင်ပိုင်း အမှတ်(၁)ပါ)
နိဒါန်း
(က)
ရဲဘော်တို့
ပထမဆုံး အထူးကွန်ဖရင့်ကျင်းပရခြင်းအကြောင်းကို တင်ပြပါမယ်၊ တတိယအကြိမ်ပါတီကွန်ဂရက်ရဲ့ ပထမအကြိမ်ကွန်ဖရင့်ကို ၁၉၉၄ ခုနှစ်မှာ ကျင်းပပြီးစီးခဲ့တယ်၊ ခုဆိုရင် ၁၉ နှစ် ကြာခဲ့ပြီ ဖြစ်တယ်၊
ဒီကာလအတွင်း 
(၁) ခေါင်းဆောင်မှုအဖွဲ့အစည်း (စီအိုစီ) ထဲက ကျဆုံး။ ကွယ်လွန်။ ဆုံးရှုံးတာတွေရှိခဲ့တယ်၊ အင်အားဖြည့်ဖို့လိုလာပြီ၊
(၂) တော်လှန်ရေးဆက်လက်ချီတက်နိုင်ရေးအတွက် အားသစ်အင်သစ်မျိုးဆက်သစ်တွေနဲ့ အစားထိုးရတော့မယ်၊
(၃) နိုင်ငံတကာနဲ့ ပြည်တွင်းနိုင်ငံရေးအပြောင်းအလဲ (အထူးသဖြင့် ဒီချုပ်လွှတ်တော်ထဲဝင်သွားတဲ့ကိစ္စ)တွေ ရှိလာတာကြောင့် လမ်းစဉ်သစ်ချဖို့ လိုလာတယ်၊
ဒါဟာ အခုဒုတိယအကြိမ်အထူးကွန်ဖရင့် ကျင်းပရခြင်းအကြောင်းရင်းတွေဖြစ်တယ်၊

(ခ)
စည်းရုံးရေးကိစ္စ ဆက်တင်ပြပါမယ်၊
လက်ရှိဗဟိုစည်းရုံးရေးကော်မတီ (စီအိုစီ) ကို တတိယကွန်ဂရက်ဗဟိုကော်မတီက ပုဒ်မ (၃၃)အရဖွဲ့စည်းထားတာဖြစ်တယ်၊
အခု ကျင်းပနေတဲ့ဒုတိယအကြိမ်အထူးကွန်ဖရင့်က ပုဒ်မ (၃၆)အရ လစ်လပ်နေတဲ့နေရာတွေဖြည့်ဖို့နဲ့ ပုဒ်မ (၃၈)အရ ၅ ပုံ ၁ ပုံ (1/5) ရွေးကောက်တင်မြှောက်ဖို့ဖြစ်တယ်၊ 
ဒီနေရာမှာ ခေါင်းဆောင်မှုထဲဝင်လာမယ့်လူသစ်တွေနဲ့ပတ်သက်ပြီး တင်ပြဖို့လိုလာပါတယ်၊ သူတို့ထဲကအများစုဟာ ၈ - ၄ လုံး ကာလမှာ တိုက်ပွဲဝင်ခဲ့သူတွေဖြစ်တယ်၊ သူတို့တတွေ စွန့်လွှတ်စွန့်စားခဲ့ကြတယ်၊ အခုလည်း ပါတီပေးတဲ့တာဝန်တွေကို ထမ်းဆောင်နေကြတယ်၊ ပါတီဝင်မဖြစ်မီကရော ဖြစ်လာကြပြီးတဲ့နောက်မှာပါ သူတို့ဆီက ခေတ်နဲ့တထပ်တည်းကျတဲ့အတွေးအခေါ်သစ်။ အမြင်သစ်။ လုပ်ဟန်သစ်တွေ လက်ခံရရှိနေခဲ့ပါတယ်၊ အခုထိလည်း နိုင်ငံရေးဘဝထဲမှာရှိနေဆဲဖြစ်တယ်၊ ဒါဟာ အနာဂတ်အတွက်အာမခံချက်ပဲလို့ ပြောနိုင်တယ်၊ သူတို့တတွေဟာ ဖြတ်သန်းမှုကြီးတဲ့အတွေ့အကြုံကြွယ်ဝတဲ့လူဟောင်းကြီးတွေနဲ့လက်တွဲပြီး ခေတ်ကြီးရဲ့စမ်းသပ်မှုများ။ စိန်ခေါ်မှုများကိုကျော်လွှားကြပါလိမ့်မယ်၊


(ဂ)
ရဲဘော်တို့
၁၉၉၄ ခုနှစ် ပထမအကြိမ်ကွန်ဖရင့်ဟာ ပါတီအလံမလဲအောင်လုပ်ခဲ့ရတဲ့ကွန်ဖရင့်ဖြစ်တယ်၊
အခု ၂ဝ၁၃ ခုနှစ် ဒုတိယအကြိမ်အထူးကွန်ဖရင့်ဟာ ပါတီအင်အားတိုးချဲ့တဲ့ကွန်ဖရင့်ဖြစ်တယ်၊
(၂ဝ - ၉ - ၂ဝ၁၃) က စခဲ့တဲ့ အထူးကွန်ဖရင့်မှာ ပါတီရဲဏ္ဍလှုံ့ဆော်ချက်အရ ရဲဘော်များက အရေးကြီးတဲ့ထင်မြင်ချက်များ။ အကြံပြုချက်များ။ ဝေဖန်ချက်များ။ အဆိုပြုချက်များကို ပြောကြ။ ရေးပို့ခဲ့ကြတယ်၊
ဒါတွေကိုစုစည်းပေါင်းချုပ်ကာ ပါတီ (ဗဟို)က အထွေထွေလမ်းစဉ်(သစ်)ပြုစုပြီး တပါတီလုံးသို့တင်ပြလိုက်ပါတယ်၊

နိုင်ငံတကာ့အခြေအနေ
လူမှုစနစ်တွေကနေ ခေတ်ကိုပြောင်းလဲနေတယ်၊ လက်တွေ့မှာတော့ ပြောင်းလဲပစ်နိုင်သူတွေဟာ အင်အားကြီးနိုင်ငံတွေဖြစ်နေတယ်၊
လက်ရှိကာလကို “ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးရေးခေတ်”လို့ တရုတ်ပြည်ကသတ်မှတ်တယ်၊ အရင်းရှင်ကမ္ဘာကတော့ “ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်” အဖြစ် ပုံဖော်ပြောနေကြတယ်၊
ဝေါဟာရတွေရဲ့နောက်ကွယ်မှာ အခြေအနေတွေရှိတယ်၊ အကျိုးစီးပွားတွေရှိတယ်၊ တရုတ်ပြည်အနေနဲ့ ငြိမ်းချမ်းတဲ့ကာလတခု ဖြတ်သန်းခဲ့ရာက ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်၊ ဒီအခြေအနေကိုဆက်တည်ငြိမ်နေစေချင်တယ်ဆိုတာပြတာပဲ၊ အရင်းရှင်ကမ္ဘာအနေနဲ့ ဂလိုဘယ်ယာဉ်စီးကာ ကိုယ်ကျိုးစီးပွားတွေလက်တဆုံးနှိုက်ယူနိုင်ကြလို့ ‘ဂလိုဘယ်ခေတ်’ကို ပီပြင်အောင်လုပ်နေကြတာဖြစ်တယ်၊
ဘာပဲဖြစ်ဖြစ် အရင်းရှင်နယ်ချဲ့စနစ်ရှိနေသမျှ ကမ္ဘာကြီးမငြိမ်းချမ်းနိုင်။ အနိမ့်ဆုံးဒေသစစ် တချို့ကတော့ရှိနေမှာပါ၊ ဒါဟာ မရှောင်လွှဲနိုင်တဲ့ ကိစ္စပါ၊
လက်တွေ့ဖော်ပြချက်အရတော့ ကမ္ဘာအနှံ့ ပုံသဏ္ဍာန်မျိုးစုံနဲ့ မတည်ငြိမ်မှုတွေ။ လက်နက်ကိုင်တိုက်ပွဲတွေဖြစ်မြဲဖြစ်နေတယ်၊ နှိုင်းယှဉ်ကြည့်ရင် နိုင်ငံတခုချင်းတွင်းမှာဖြစ်စေ။ နိုင်ငံချင်းဖြစ်စေ လူတန်းစားကွာဟမှုနဲ့ လူနေမှုအဆင့်ကွာဟမှုဟာ သိသိသာသာကွဲပြား ခြားနားလာတယ်၊
မတည်မငြိမ်ဖြစ်ရတဲ့အကြောင်းတွေထဲမှာ အယူဝါဒ။ ဘာသာရေး။ ကိုယ်ကျိုးစီးပွားကာကွယ်ရေး။ လူ့အခွင့်အရေး။ တရားဥပဒေစိုးမိုးရေး။ စစ်တပ်အာဏာသိမ်းမှု။ နယ်မြေကျူးကျော်မှု။ ဆင်းရဲမွဲတေမှု။ လုပ်အားပေါ်ကမတန်တဆသွေးစုပ်မှု စသည်တွေ ရောယှက်ပါဝင်နေတယ်၊
ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာကြီးကိုလွှမ်းမိုးချုပ်ကိုင်ထားနိုင်သူများအဖြစ် အမေရိကန်နဲ့ဆိုဗီယက်ရုရှား စူပါပါဝါ (၂)နိုင်ငံရှိခဲ့ရာက ခုတော့ အမေရိကန်ဆိုတဲ့ဝင်ရိုးတခုတည်းအပေါ်လည်ပတ်တဲ့ unipolar နိုင်ငံ အမေရိကန်ပဲကျန်ပါတော့တယ်၊ ဒါပေမယ့် မီးမသေတဲ့စူပါပါဝါ ဖြစ်နေတယ်၊ သူနဲ့အာဏာပြိုင် တရုတ်။ ရုရှားတို့ အဓိကကျောထောက်နောက်ခံပြုတဲ့ BRICS နိုင်ငံတွေ (ဘရာဇီးလ်။ ရုရှား။ အိန္ဒိယ။ တရုတ်။ တောင်အာဖရိက) ပေါ်လာတယ်၊ ဝင်ရိုးစွန်းအများရှိတဲ့ကမ္ဘာကြီး multipolar အဖြစ် ပုံဖော်လာကြတယ်၊ လက်ရှိကမ္ဘာ့စီးပွားရေး စည်းစနစ်ဟောင်းအောက်မှာပဲ ထိန်းညှိမှုတွေလုပ်မလား။ စည်းစနစ်သစ်ကို အစပျိုးဖော်ဆောင်မလား။ BRICS နိုင်ငံများ စဉ်းစားနေရပြီ၊
ကျန်ဖွံ့ဖြိုးဆဲနိုင်ငံများကတော့ ကိုယ့်လမ်းကိုယ်ထွင်ပြီးလျှေက်လှမ်းနေကြရတယ်၊ အခက်အခဲကကြီးမားဆဲပဲ၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး။ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို ဖွံ့ဖြိုးဆဲပြည်သူများက တခြားသူများထက်ပိုလိုလားပါတယ်၊ လူသားချင်းစာနာမှုအတွက်စွက်ဖက်ခြင်း (humanitarian intervention) နာမည်ခံပြီး ရမ်းနေတာလည်း ရှိသေးတယ်၊
တဖက်မှာတော့ ကမ္ဘာ့ပုလိပ်ကြီးအမေရိကန်ဦးစီးတဲ့ နေတိုးစွက်ဖက်မှုနဲ့ ဒေသန္တရစစ်မီးတောက်တွေပေါ်လာနေဆဲဖြစ်တယ်၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ပုံသဏ္ဍာန်သစ်နဲ့ စီးပွားရေးနယ်ချဲ့ခံနေရတယ်၊ ဈေးကွက်တွေ ဖြစ်နေရတယ်၊ အနောက်တိုင်းဒီမိုကရေစီ အသွတ်သွင်းခံနေရတယ်၊
စစ်အေးခေတ်လွန် အရင်းရှင်စီးပွားရေးကပ်က ကြီးမားတယ်၊ နိုင်ငံအသီးသီး စီးပွားရေးအရထိန်းညှိမှုတွေ လုပ်နေရတယ်၊ စက်မှုနိုင်ငံကြီး ၇ နိုင်ငံ (G-7) ။ နိုင်ငံကြီး ၈ နိုင်ငံ (G-8) ။ စီးပွားရေးအင်အားကြီးနိုင်ငံ ၂ဝ ခေါင်းချင်းရိုက်နေရတယ်၊ ဖိုရမ်တွေ မပြတ်ကျင်းပပြီး ထွက်လမ်း ရှာနေရတယ်၊
အမေရိကန်ဟာ သူ့စူပါပါဝါကို ကမ္ဘာအနှံ့ဖြန့်ကျက်ရင်းက တနေရာဝင်လိုက် နှာခေါင်းကျည်ပွေ့တွေ့လိုက်။ တနေရာဝင်လိုက် ချည်ပြီးတုတ်ပြီး ဖြစ်လိုက်နဲ့ မနည်းရုန်းကန်နေရတဲ့အနေအထားဖြစ်တယ်၊ ရေရှည်ဖြစ်လာတော့ သူ့စီးပွားရေးကယိုင်လာတယ်၊ ၂ဝဝ၈ ခုနှစ်မှာ သူ့နိုင်ငံက စလိုက်တဲ့ စီးပွားရေးအကျပ်အတည်းဟာ အရင်းရှင်ကမ္ဘာရဲ့စီးပွားရေးထောက်သုံးထောက်ဖြစ်တဲ့ အမေရိကန်။ ဥရောပသမဂ္ဂနဲ့ဂျပန်တို့ကို ယိုင်နဲ့သွားစေတယ်၊ ၁၉၃ဝ ခု ကမ္ဘာ့စီးပွားကပ်ထက်တောင်ဆိုးတယ်လို့ သုံးသပ်ကြတယ်၊
နေတိုးကုန်ကျစရိတ်တွေ အရင်ကလိုတာဝန်မယူနိုင်တော့ဘူး၊ ကျန်နိုင်ငံတွေ ဝိုင်းထမ်းဆောင်ကြဖို့ ပခုံးပြောင်းပေးနေရတယ်၊ နွံနစ်နေတဲ့ သူ့တပ်တွေ အီရတ်မှ။ အာဖဂန်မှ ရုန်းထွက်နေရတယ်၊
ဒီလိုကာလမှာ (ဆယ်စုနှစ် ၃ ခုလောက်)အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဘက်စုံ (အင်အားတွေ)တက်ပြီးရင်း တက်လာခဲ့တယ်၊ သူ့ရဲ့ ဂျီဒီပီဟာ ပထမဆယ်စု ၂ ခုမှာ ပျမ်းမျှ ဂဏန်း ၂ လုံးလောက်တက်ခဲ့ပြီး အခုအနိမ့်ဆုံးကာလမှာတောင် ၇ ဒသမ ၅ ရာခိုင်နှုန်း လောက် ရှိနေတယ်၊
စူပါပါဝါတခုအကျ - စူပါပါဝါတခုအတက်လို့တောင်ရှုမြင်လာကြတယ်၊ တရုတ်ဟာ ဒုတိယနေရာမှာအမြဲလိုနေရာယူခဲ့တဲ့ဂျပန်ကို ဖြတ်ကျော်ပြီး ခု ကမ္ဘာ့စီးပွားရေးအင်အားကြီး ဒုတိယနိုင်ငံအဖြစ်ရပ်တည်နေပါပြီ၊
သို့သော် ကျလူက တက်လူကိုနေရာမပေးချင်ပါဘူး၊
ဒီနောက်ခံတွေကြောင့် အာရှပစိဖိတ်ဒေသဟာ အမေရိကန်ရဲ့သေနင်္ဂဗျူဟာအချက်အချာဖြစ်လာတာပါ၊ 
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ အမေရိကန်သမ္မတအိုဘားမားက သြစတြေးလျပါလီမန်မှာ မိန့်ခွန်းတခုပြောခဲ့တယ်၊
“ကျွန်တော်တို့ပြန်လာပြီ၊ ဘာမှ သံသယမရှိပါနဲ့၊ (၂၁ ရာစုမှာ)အာရှပစိဖိတ်နှင့်အမေရိကန်ဟာ တသားတည်းဖြစ်နေပါတယ်၊ မဟာဗျူဟာဆုံးဖြတ်ချက်အရ ဒီဒေသမှာ ကျွန်တော်တို့ရှိနေမှာ ဖြစ်ပါတယ်၊” လို့ ပြောခဲ့တာဖြစ်တယ်၊
ခုတော့ အာရှပစိဖိတ်မှာ နယ်မြေအငြင်းပွားမှုတွေ။ အမေရိကန်နဲ့စစ်ရေးပူးတွဲလေ့ကျင့်မှုတွေ အချိန်ကိုက်ပေါ်လာနေပါပြီ၊
ချုပ်လိုက်ရင် အခြေအနေကရှုပ်ထွေးတယ်၊ အပြောင်းအလဲမြန်တယ်၊ အလှုပ်အယမ်းတွေများတယ်၊ စစ်အေးတခေတ် ပြန်ပေါ်လာဦးမလား စိုးရိမ်ရတဲ့အချိန်၊


(ဆက်တင်ပေးပါ့မယ်ခင်ဗျား)


0 comments:

Post a Comment