Wednesday, October 30, 2013

၂ဝ၁၃၊ အောက်တိုဘာအနှောင်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)

0 comments
၂ဝ၁၃၊ အောက်တိုဘာအနှောင်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)
"ဘာထူးလဲ မင်းတို့အမေရိကားကကောင်တွေလည်း ကားတဝီဝီနဲ့"ဆိုတဲ့ မိတ်ဆွေ(ဟောင်း)ဖတ်ဖို့ စာတပုဒ်တော့ရေးရလိမ့်မယ်ထင်ပါ့။ မရေးခင် ကြိုတော့ပြောပါ့မယ်။ သူတို့ဝီတဲ့ကားက သူတို့ချွေးနှဲစာပါ။ ပြည်သူ့ဘဏ္ဍာမဟုတ်ပါ။ ပါမစ်ရတာမဟုတ်ပါ။ သူတို့ဝီတဲ့ကားက အကြွေးနဲ့ပါ။ လက်ငင်းမဝယ်နိုင်ပါ။ စိုက်ထုတ်ပေးသူ မရှိပါ။ သူတို့ဝီတဲ့ကားက သူတို့လုပ်အားနဲ့လဲထားရတာပါ။ (ကြိုပြောဖို့ မေ့တော့မလို့။ ကျနော်တော့ မဝီသေးပါ။ ဒုက္ခိတမို့ မမောင်းနိုင်လို့ မဝီတာမဟုတ်ပါ။ ကျနော့်ထက် ဒုက္ခိ ပိုတတဲ့ သူတွေတောင် ဝီလို့ပါတယ်။ တနေ့နေ့တော့ ကျနော်လည်း ဝီပါမယ်) (ကားတဝီဝီနဲ့ပတ်သက်လို့)

စစ်ထွက်နဲ့ဘုန်းကြီးလူထွက်တွေ အပြင်ရောက်ရင် ဘာမှလုပ်မစားတတ်ဘူးလို့ပြောကြတာ ဗမာပြည်မှာ အခါခါကြားရတယ်။ စစ်ထွက်အကြောင်း အရင်ပြောကြည့်မယ်။ ကျနော်ပြောမယ့် "အပြင်ရောက်ရင် လုပ်မစားတတ် သုံးစားမရ" စစ်ထွက်ဆိုတာက အောက်ခြေအဆင့်၊ ပညာမတတ်စာမတတ်၊ အကပ်အရပ် မရှိဘာမရှိ၊ ဆရာမရှိ"အဘ"မရှိ၊ အရင်းအနှီးမရှိဘာမရှိ စတဲ့အရည်အချင်းနဲ့ပြည့်စုံတဲ့စစ်ထွက်တွေပဲ။ ဟုတ်တယ်၊ တပ်ထဲမှာနေတုန်းကလည်း အထက်တန်းပညာ၊ ကောလိပ်တက္ကသိုလ်တွေမပြောနဲ့ အနုံညာတ အသက်မွေးဝမ်းကြောင်းပညာလေးလောက်မှသင်ခွင့်မရ၊ ရတဲ့လစာက လမကုန်ခင်မှာကုန်နှင့်နေတဲ့ အနေအထား။ သန်တုန်းမြန်တုန်း တပ်ကထွက်ချင်တော့လည်း ထွက်မရ။ အိုမင်းမစွမ်းနဲ့ အပြင်မှာ ဘာမှလုပ်ကိုင်စားမရတော့တဲ့အရွယ်ကျမှ လက်ချည်းပဲတပ်ကထွက်လာရသူတွေပဲ။ သူတို့ လုပ်မစားတတ်တော့ဘူး။ လုပ်မစားနိုင်ကြဘူး။ လုပ်စားလို့မရတော့ဘူး။ ဒါကို မလုပ်စားချင်ကြဘူး လုပ်မစားကြဘူးဆိုတာနဲ့တော့ မထွေးစေချင်။ မရောစေချင်။ သူတို့မှာ လုပ်စားတတ်အောင် လုပ်စားလို့ရအောင် လုပ်စားနိုင်အောင်အတတ်ပညာအရင်းအနှီးနဲ့အရွယ် ဘာမှမရှိကြတော့ဘူး။ သူတို့ခွန်အား အရွယ် ပျိုမြစ်မှုတွေဟာ ပြည်တွင်းစစ်မီးရဲ့အလောင်အမြိုက်နဲ့ စစ်အာဏာရှင်တစ်သိုက် အတွက် အလုပ်အကြွေးပြုခဲ့ရပြီ။ ကုန်ခမ်းခဲ့ရပြီ။(မသိမှုကြောင့်တပ်ထဲဝင်ပြီး အားအင်ကုန်ခမ်းရဲ့ရသူတွေ အတွက်တော့ စိတ်မကောင်းကရုဏာသက်မိပေမယ့် သိရက်နဲ့အလုပ်အကြွေးပြုသူတွေ၊ အလုပ်အကြွေးပြုရင်း ကြွက်အထွာနဲ့ လူထုအပေါ်နိုင့်ထက်စီးနင်းလုပ်ခဲ့သူတွေကိုတော့ စာနာစိတ်ထားဖို့မဆိုနဲ့ စက်ဆုပ်စိတ်နဲ့သာ မသတီစရာဖြစ်ရတယ်) ဆိုတော့ တပ်ထဲနေတုန်း လစာနဲ့လုံလောက်ပြီး အပိုအလျှံလေးစုမိဆောင်းမိအောင်လုပ်မပေးခဲ့တဲ့၊ အပြင်ထွက်တဲ့အခါ လုပ်စားကိုင်စားတတ်အောင် ပညာတခုခုသင်ခွင့်မပေးခဲ့တဲ့၊ သန်သန်မြန်မြန် ခွန်အားတွေကုန်ဆုံးပြီး အိုမင်းတွင်းဆုံးအထိအလုပ်အကြွေးပြုခိုင်းခဲ့တဲ့၊ အငြိမ်းစားယူတဲ့အခါ ပင်စင်လစာငွေနဲ့မလောက်မငှဖြစ်အောင်လုပ်တဲ့စနစ်နဲ့အစိုးရကိုသာ အပြစ်ဆိုရမယ်။ ဆန့်ကျင်ရမယ်။ အရေးဆိုရမယ် "လုပ်မစားတတ် သုံးစားမရတဲ့စစ်သားလူထွက်တွေ"ဖြစ်လာရခြင်းအတွက်တော့။
ဘုန်းကြီးလူထွက်ကိစ္စ။ ဘယ်သူပြောလဲ ဘုန်းကြီးလူထွက် လုပ်မစားတတ်ဘူးလို့။ ခင်ဗျားတွေ့ဖူးလား။ လုပ်မစားချင်တာတော့ ဘုန်းကြီးလူထွက်မှမဟုတ် ဘာလူထွက်မှမဟုတ်တဲ့ လူရိုးရိုးတွေမှာလည်း အပြည့်။ တွေ့လည်းတွေ့ဖူး တွေ့လည်းတွေ့နေရတယ်။ တချို့ ဘုန်းကြီးလူထွက်ရင် လုပ်စားမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးသူတွေဟာ နယ်ကနေတက်လာ၊၊ သင်္ကန်းစီး၊ ကျောင်းတကျောင်းမှာနေ၊ ဆွမ်းခံစား၊ ရသမျှလေးကြိတ်စု၊ နာရီပြင်၊ ကက်ဆက်ပြင်၊ ရေဒီယိုပြင်စတဲ့သင်တန်းလေးတွေတက်၊ ပြီးရင်လူထွက်။ သူများဆိုင်မှာလုပ်ရင်လုပ် မလုပ်ရင်ကိုယ့်ဘာသာဆိုင်ဖွင့်။ (ခုခေတ်ကျတော့ တချို့ကိုယ်တော်တွေများ ကွန်ပြူတာပြင်သင်တန်းတောင်တတ်တာတွေ့တယ်။ ဘုန်းကြီးငယ်တချို့ဆို ကိုယ်ပိုင်လက်တော့ပ်နဲ့။ ဆဲလ်ဖုန်းနဲ့။ ကိုယ်ပိုင်မရှိသူတွေကျ အင်တာနက်ဆိုင်တွေမှာ လူတွေနဲ့နင်လားငါလားတရုန်းရုန်း) တစ်ချို့ကျတော့ (ရုပ်အခံလေးလည်းရှိမယ်ဆို) သင်္ကန်းစည်းထားတုန်း(ပိုက်ဆံလေးဘာလေးရှိရင်ရှိ) မိန်းမရအောင်ပိုးပြီး လူဝတ်လဲခိုးပြေးတာလည်းရှိတယ်။ ယူတဲ့မယားက အသက်လည်းကြီး အပျိုကြီးလည်းဖြစ် ပိုက်ဆံလေးလည်းရှိလို့ကတော့ ဘာပြောကောင်းမလဲ။ အိမ်ဦးခန်းမှာ ဒူးလေးတနှံ့နှံ့နဲ့။ တချို့ကျတော့ အပြင်မှာလုပ်မစားချင် လုပ်မစားတတ် လုပ်လည်းမစားချင်ကြရော သာသနာ့ဘောင်မှာ ပဲပျော်ပါတယ်ဆိုပြီး သင်္ကန်းပြန်စည်းတာပဲ။
စစ်သားနဲ့ဘုန်းကြီး တူတာတွေရှိတယ်။ ဥပမာ-ဘာမှသိတ်မလေးပင်တဲ့ အရည်အချင်းလို့တောင်ပြောဖို့ခက်တဲ့သတ်မှတ်ချက်တချို့နဲ့ကိုက်ရင် အချိန်မရွေးလုပ်လို့ရတာမှာ၊ အထက်အောက် အရိုအသေပြုရတာ၊ နာခံရတာမှာ၊ (အသက်နဲ့မဆိုင် စီနီယာနဲ့ဝါနဲ့) အစုအစည်းအခိုင်အမာတည်ဆောက်ပြီး အစုအစည်းအကျိုး စီးပွားကိုထိပါးရင် တစ်ယောက်ချင်းရော အစုအစည်းအလိုက်ရော အသက်ပေးပြီးခုခံကာကွယ် 

တိုက်ခိုက်တာမှာ၊ လူတွေရဲ့အရိုအသေနဲ့အကြောက်အလန့်ကိုရတဲ့နေရာမှာ စတာမျိုးတွေမှာတူတယ်။ အနည်းအများပဲကွာတယ်။
မတူတာတွေလည်းရှိတယ်။ စစ်သားက တပ်က ကိုယ်ထွက်ချင်တဲ့အချိန်ထွက်လို့မရဘူး။ ဘုန်းကြီးက ရတယ်။ စစ်သားက(တိုက်ပွဲမကျရင်) သေတဲ့အထိစစ်မှုထမ်းပြီး ထမင်းစားလို့မရဘူး။ ဘုန်းကြီးက (ဘာပြဿနာမှမဖြစ်ရင်) မသေမချင်းဘုန်းကြီးဝတ်ပြီး အသက်မွေးလို့ရတယ်။
ဆိုတော့ သုံးစားမရလုပ်မစားတတ်တဲ့စစ်သားလူထွက်တွေအတွက်သာ အစိုးရနဲ့စနစ်ကို အပြစ်ဆိုရမယ်ဖြစ်ပြီး သုံးစားမရလုပ်မစားတတ်တဲ့ဘုန်းကြီးလူထွက်မှမရှိတာ။ အပြစ်ဆိုစရာလူလည်း မရှိဘူးမှတ်တယ်။
တစ်ခုပဲ(လူတချို့ နောက်သလို အတည်လိုလိုပြောတဲ့) ငယ်ဖြူလူထွက်မို့ ဟိုကိစ္စသုံးမရဆိုရင်လည်း အဲ့ဒါမမှန်ဘူး။ ငယ်ဖြူမကလို့ ဘာဖြူဖြစ်ဖြစ် (ထူးထူးခြားခြားချို့ယွင်းချက်မရှိရင်)ချစ်တတ်လိုက်တာမှ လွန်ရော။ (စစ်ထွက်ဘုန်းကြီးလူထွက်နဲ့စပ်လို့)

ဝင်လာတဲ့မုန့်ပဲသွားရည်စာတွေ(ပြည်တွင်းထုတ်တွေအပါအဝင်)ဟာ စားဖို့မသင့်တော်ဘူး...၊ ကျန်းမာရေးနဲ့ မညီညွတ်ဘူး..၊ အန္တရာယ်ရှိတယ်ဆိုရင် အစိုးရကိုအတိအလင်းပြောရမယ်။ ကန့်ကွက်ရမယ်။ အရေးဆို ရမယ်။ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာနလို ကျန်းမာရေးဝန်ကြီးဌာနနဲ့တွဲပြီး ဆေးဝါးနဲ့ အစားအစာတွေတင်သွင်းခွင့်မပေးခင် အန္တရာယ်ကင်း/မကင်း စစ်ဆေးပြီးမှ ခွင့်ပြုတာ/ မပြုတာကို လုပ်ရမယ်။ အဲ့ဒါ အစိုးရအလုပ် အစိုးရတာဝန်။
နောက်တစ်ချက်က နယ်စပ်ကုန်သွယ်ရေးကိစ္စ။ အဲ့ဒီ အန္တရာယ်မကင်းတဲ့ ကျန်းမာရေးထိခိုက်စေတဲ့ဆေးဝါး မုန့်ပဲသွားရည်စာတွေအပါအဝင် သွင်းလာတဲ့ပစ္စည်းတွေကို နပ်စပ်ကုန်သွယ်ရေးအခွန်အကောက်ဂိတ်တွေ၊ ကျန်းမာရေးစစ်ဆေးရေးဌာနတွေ၊ ကုန်သွယ်ရေးရုံးတွေအပါအဝင် သက်ဆိုင်ရာက မှန်မှန်ကန်ကန် စနစ်တကျကွပ်ကဲ စစ်ဆေးရမယ်။ အဲ့သလိုဟာတွေမလုပ်ပဲ ခုအတိုင်းဆက်သွားနေလို့ကတော့ ဘယ်အစိုးရတက်တက် အခြေအနေကဒီအတိုင်းပဲနေမှာပဲ။ အစိုးရစနစ်ကိုပြောရမှာ။ အာဏာယူထားတဲ့ အစိုးရကိုပြောရမယ့်ကိစ္စ။
အစိုးရလုပ်ပုံနည်းလမ်း စနစ်မကျ မမျှတတာ၊ လာဘ်ပေးလာဘ်ယူလုပ်တာ၊ နယ်စပ်ကုန်သွယ်ရေး၊ ကျန်းမာရေး၊ ဆေးဝါးနဲ့အစားအသောက် ကွပ်ကဲရေးပေါ့လျော့တာတွေကိုတိုက်ရိုက်မပြောပဲ အဲ့ဒါတွေ မစားနဲ့ အဲ့ဒါတွေမသုံးနဲ့ပြောနေတာက ခုတ်ရာတခြား ရှရာတလွဲဖြစ်နေတယ်မှတ်တာပဲ။ ဟိုဟာတွေ မပြောပဲ ဒါတွေမစားနဲ့လို့ပြောလည်း ဟိုဟာတွေမပြင်ရင် ဒါမျိုးတွေထပ်ဝင်နေဦးမှာပဲ။ ဒီကမဝင်လည်း ဟိုကဝင်နေဦးမှာပဲ။ မစားနဲ့ထပ်ပြောနေရဦးမှာပဲ။ ဒါဆို ဟိုဟာမစားနဲ့ဒီဟာမစားနဲ့သံသရာက လွတ်စရာ ရှိပါတော့မလား။ ကို Lin Htin ဘိုလိုပြောထားတာဖတ်မိပြီး ဗမာလိုပြန်တွေးပြန်ရေးမိတာပါ။ (မုန့်ဆိုးဆန့်ကျင်ရေးနဲ့စပ်လို့)

ဗိုလ်နေဝင်းကပြောတယ်ဗျာ ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ဖခင်ဆို သူက မွေးစားဖခင်ပါ..တဲ့။ တချို့ကတော့ ပထွေးလို့ပြောတာပဲ။ ပြီးတော့ပြောသေးတယ် လူတော်လူကောင်းမဟုတ်ဘူး လူကောင်း လူတော်..တဲ့ဗျ။ ၂၆ နှစ်လောက် ဗိုလ်လုပ်သွားတယ်။ ဓါးဓါးချင်း လှံလှံချင်းနဲ့ဖွင့်ပြီး မိုးပေါ်ထောင်မပစ်ဘူးနဲ့ ပိတ်ပေးတယ်ဗျာ။
ဗိုလ်စောမောင်ကလည်းပြောတယ်ဗျာ။ သူလည်း ဗမာပြည်ကိုကယ်တင်တာပဲ..တဲ့။ လှိုင်းကြီးလေ ထန်တွေကြားက..တဲ့။ ပြီးတော့ပြောသေးတယ် နာတာရှိရင်လွမ်းတာနဲ့ဖြေတဲ့။ ဘယ်နှခုမြောက်နိုင်ငံတော် ကို တည်ထောင်သယောင်ယောင်တွေလည်း ပြောတယ်ဗျာ။ ဗိုလ်လုပ်ချိန်သိတ်မကြာလိုက်ဘူး စိတ်ကောင်းဝင်သယောင်ယောင်နဲ့ ဂယောင်ကတမ်းတွေပြောလို့ အရူးဆိုပြီး အဖြုတ်ခံလိုက်ရတယ်။
ဗိုလ်သန်းရွှေကတော့ ဘာမှမပြောဘူး။ ဘာဆိုဘာမှမပြောတာ။ သူကစကားနည်းတယ်။ လုပ်စရာရှိ ရင်တော့ ဘုန်းကြီးမပြောနဲ့ ဘုရားတောင် သူ့လာဆန့်ကျင်ရင် ကိုင်ထည့်လိုက်ဖို့ဝန်မလေးဘူး။ သူ့ရှေ့ကလူတွေ စကားများတယ် အလုပ်နည်းတယ်လို့တောင်ထင်မယ့်ပုံပဲ။ ခု သူ စာဖတ်ရင်း စိုးရိမ်နေတယ်..တဲ့။
မင်းအောင်လှိုင်ကတော့ ဘာမှကိုပြောလို့မရသေးတာ။ တပ်ကိုင်ရတာလည်းမကြာသေးဘူး။ နေရာချထားမှု ကလည်း သူထင်တိုင်းကြဲမရအောင် ကာ/လုံနဲ့လှည့်ချုပ် ထားတယ်။ တပ်ထဲမှာ သူ့အာဏာ မတည်ဆောက်ရသေးဘူး။ အနည်းဆုံး တိုင်းမှူးတွေကို သူ့လူဖြစ်အောင်လုပ်မရသေးဘူး။ ဆိုတော့ ဘာမှမပြောဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံကိုပဲကာကွယ်မယ်..တဲ့။ ဒါပေမယ့် သူလည်း မင်းလောင်းထီးဖြူဆောင်း လုပ်မလာဘူးလို့ မထင်နိုင်သေးဘူး။ ကာ/လုံအချက်ပြရင် သူလည်း တိုင်းပြည်ကိုကယ်ရဦးမှာ။ သူလည်း စကားတွေဘာတွေပြောဦးမှာ။ အင်း...ပြောချင်မှလည်း ပြောမှာလေ။ သူက သန်းရွှေလက်သပ်မွေး မဟုတ်လား။ (အမျိုးကောင်းသားတွေနဲ့စပ်လို့)

ခုပဲ ဇော်ကြီး(သစ်ကောင်းအိမ်)နဲ့ ”စကားရွဲ့” ပြောဖြစ်တယ်။ ဟို ”လူကြီး”က စာဖတ်နာတယ်ဗျ။ စာဖတ်ရင်း မအားတဲ့ကြားက ရှေ့ရေးအမြော်အမြင်နဲ့ ”စိုးရိမ်တယ်”လေး ပြောမိတာဗျာ၊ လူတွေက သောက်ပြစ်ဖို့နေကြတာတဲ့။ ဒါနဲ့ကျနော်က အေးဗျာ ”မစိုးရိမ်ဘူး”များပြောမိရင် ဘယ့်နှယ်နေမတုန်းမသိဘူးနော်ဆိုတော့ ”လူစိတ်မရှိဘူးဘာညာ ပြောကြမှာပေါ့ဗျာ”တဲ့။ ပြီးတော့ ကျနော်လည်း ဒီဘက်ကပြုံးမိတယ်။ သူလည်း ဟိုဘက်ကပြုံးနေမှာသေချာတယ်။ ဒီမနက် မဆိုးပါဘူး ဖေ့စ်ဘွတ်တက်တက်ခြင်း ဟာဂျူလီကသာရဲ့ ”စားပွဲဝိုင်းဆွေးနွေးပွဲနဲ့ မအောင်မြင်ရင် စားပွဲလေးထောင့်ဆွေးနွေးပွဲ”ဆိုတာလေးဖတ်ပြီးတော့ တစ်ကြိမ်။ ခု ဇော်ကြီးနဲ့ ဟို ”စိုးရိမ်သူကြီး”အကြောင်းပြောမိတော့ ဒုတိယမ္ဗိနှစ်နှစ်ခြိုက်ခြိုက်ပြုံးရတယ်။ (စိုးရိမ်သူကြီးနဲ့စပ်လို့)

ဒေါ်စုအင်တာဗျူးအသံတော်တော်ထွက်လာတော့ တစ်ယောက်ကမေးပြောပြောတယ် ”ဒေါ်စု ဘာ့ကြောင့် ဒီစကားပြောရသလဲ။ ကျနော်တော့ ရင်ခံနေတယ်ဗျ၊ ခင်ဗျားရော”တဲ့။
ကျနော်က ရင်ခံစရာမရှိတဲ့အကြောင်းနဲ့ သူ ခုဘယ်နိုင်ငံရေးဘဝမှာ ကျင်လည်နေသလဲဆိုတာကိုထောက် ပြီးပြောတော့ မိတ်ဆွေက သိတ်ဘဝင်ကျပုံမပေါ်ဘူး။ ဒါနဲ့ ပြောလိုက်တယ် ”ဒေါ်စုဟာ လူထုခေါင်းဆောင် တို့ ဒီမိုကရေစီခေါင်းဆောင်တို့(တချို့ဆို အမျိုးသားခေါင်းဆောင်ဆိုတဲ့အထိ နှုတ်လွန်လက်လွန်ပြောတာ လည်းရှိခဲ့)ဆိုတဲ့ အနေအထားဆို ခုလိုမဆိုဘူး။ ခု သူက ဒီ/ချုပ်ဥက္ကဌ၊ လွှတ်တော်အမတ်၊ ပရော်ဖက်ရှင်နယ်လ် နိုင်ငံရေးသမားဖြစ်သွားလို့”။ ”တစ်ခုတော့ရှိတာပေါ့။ ဘယ်နိုင်ငံရေးဘဝမှာပဲ ကျင်လည်ကျင်လည် ပြောသူကဒေါ်စုဖြစ်နေတဲ့အတွက် လူပြောသူပြော ခုလောက်များတာလို့မြင်တယ်။ ဒါပေမယ့်တခုတော့ရှိတယ် သိတ်လည်း ဘဝင်မကျတော့မဖြစ်ထားနဲ့ဦး။ ဒေါ်စုက နောက်ကျ
တစ်မျိုးပြန်ပြောတာတို့ဘာတို့ လုပ်တတ်ပါတယ်။ စောင့်ကြည့်ပါဦး။ အဲ့လိုပြန်ပြောင်းပြောလိုက်မှ ဘဝင်ကျသွားတယ်ဆိုရင်တော့ ခင်ဗျားလည်း စကားလုံးမျက်လှည့်ပွဲကြိုက်သူစာရင်းထဲပါသွားလိမ့်မယ်။ သတိတော့ထားဗျ”လို့ ထပ်ဖြည့်ပြောမိတယ်။ (ဒေါ်စုအင်တာဗျူးနဲ့စပ်လို့)

”အပစ်အခတ်မရပ်ရင် ပြည်တွင်းစစ်ကြီးဖြစ်တော့မှာပဲ”လို့ပြောကြတာ ဘာအဓိပ္ဗါယ်လဲလို့ သတိရတိုင်းတွေးမိတယ်။ အင်းစိန်-ခဝဲခြံတိုက်ပွဲလို ရန်ကုန်အစိုးရလိုဆိုတဲ့ အခြေအနေမျိုးရောက် မှ ပြည်တွင်းစစ်ဖြစ်တာလို့ဆိုရင်တော့ ဗမာပြည်မှာ ပြည်တွင်းစစ်မရှိတော့တာ ၄၉-၅ဝ ကတည်းကပဲ။ အဲ့သလိုမှမဟုတ်ဘူးဆို ကမ္ဘာ့သက်တမ်းအရှည်ဆုံးပြည်တွင်းစစ်ဟာ ဗမာပြည်မှာဖြစ်နေဆဲလို့ ယတိပြတ်ပြောရမယ်။ (အပစ်ရပ်ပြည်တွင်းစစ်နဲ့စပ်လို့)

၈၈ စစ်တပ်ကအာဏာလက်တစ်လုံးခြားလုပ်ပြီးနောက် ဆရာတင်မိုးက ”အမေ့သားစကားတိုးတိုးပြောလှဲ့ပါ” ကို ထုတ်တယ်။ လူထုကြားမှာ အတော်ကျတဲ့ကဗျာဖြစ်ခဲ့တယ်။ စာရွက်လေးတွေနဲ့ကူကူးပြီးဝေတာ ပလူပျံတယ်လို့ဆိုရင် မလွန်ဘူးထင်တယ်။ အဲ့တုန်းက ဆရာတင်မိုးစကားနားမထောင်တဲ့အန်တီ့တူတွေက ထောင်ကျတန်းကျ သေကြကြေ သေကွဲရှင်ကွဲဘဝများစွာ။ ခု အသံကျယ်နေတဲ့အမေ့သားတွေကြားထဲကြည့်လိုက်တော့ ဟိုတုန်းက စကားကျယ်ကျယ်ပြောခဲ့တဲ့အန်တီ့တူတွေ မတွေ့ရသလောက်ဖြစ်နေပါလား။ အင်းလေ ဟိုမင်းသမီးပြောတဲ့(လုပ်မရတဲ့အချိန်မှာမလုပ်တာထက် လုပ်ရတဲ့အချိန်မှာမလုပ်တာ ပိုဆိုးသမို့လား)ဆိုတဲ့စကားတောင် တရားဖြစ်တဲ့ခေတ်ကိုးဗျာ။ (အန်တီ့တူ အမေ့သားတွေနဲ့စပ်လို့)

အပြောင်းအလဲက ခုမှစတာပါ။ သမ္မတကြီး(ဦး)သိန်းစိန်ကိုယုံတယ်ကနေ လွှတ်တော်ဥက္ကဌကြီး (ဦး)ရွှေမန်းကိုယိမ်းတယ်မှာ စပြောင်းပါတယ်။ နောက် ဘယ်သူ့ယုံရဦးမလဲ ဘယ်သူ့ဘက်ယိမ်းရဦးမလဲသာ မပြောတတ်သေးတာ။ အင်း..လူဆိုတာလည်း တခုခုတော့ ယုံနေရမှ ယိမ်းနေရမှနေသာထိုင်သာ ရှိတတ်တာကိုး။ (အပြောင်းအလဲနဲ့စပ်လို့)

”နိုင်ငံရေးတွေလာမပြောနဲ့“ကနေ ”နိုင်ငံရေးမပါ ကဗျာမဖြစ်”ဖြစ်သွားသူတွေမြင်တော့ ခါတော်မီအမေစုတစ်ယောက်ပြောတာ ပြန်အမှတ်ရတယ်။ ဘာတဲ့ ”လုပ်လို့မရတဲ့အချိန်မှာ မလုပ်တာထက် လုပ်လို့ရတဲ့အချိန်မှာမလုပ်တာက ပိုဆိုးပါတယ်”တဲ့။ ဟုတ်တော့အဟုတ်သား သူ့တရား သူ့စကားနဲ့သူ့အကျိုးစီးပွား အဟပ်ကိုမိနေတာ သူ့အတွက်တော့။ (နိုင်ငံရေးတွေလာမပြောနဲ့ နဲ့ စပ်လို့)

0 comments:

Post a Comment