Tuesday, October 8, 2013

ပုဒ်မ ၁၈ နှင့်ပတ်သက်၍ အေအေပီပီ၏စာတမ်း

0 comments
ပုဒ်မ ၁၈ နှင့်ပတ်သက်၍ အေအေပီပီ၏စာတမ်း
ရက်စွဲ။ ။ အောက်တိုဘာလ ၄ ရက်၊ ၂ဝ၁၃ ခုနှစ်
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခြင်းနှင့်စီတန်းလှည့် လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အား အသုံးချကာ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေခြင်း
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာဆန္ဒပြခြင်းနှင့် စီတန်းလှည့် လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အား အသုံးပြုပြီး တက်ကြွလှုပ်ရှာသူများအား ဖမ်းဆီးထိန်းသိမ်းကာ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုများအား ချုပ်ချယ်ကန့်သတ်မှု များ မကြာခဏဆိုသလို ဖြစ်ပွားလျက် ရှိနေပါသည်။ မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ အေအေပီပီအနေဖြင့် ပုဒ်မ ၁၈မှ မြန်မာနိုင်ငံ၏ နိုင်ငံရေးလွတ်လပ်ခွင့်များအား အန္တရာယ်ပြခြိမ်းခြောက်နေခြင်းနှင့် ဥပဒေပုဒ်မ ၁၈ အား အသုံးပြုပြီး လူ့အခွင့်အရေးချိုးဖောက်မှုများလုပ်ဆောင်နေခြင်းအား မြန်မာပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှပါသတိထားမိလာစေရန် ထောက်ပြဖော်ထုတ်လိုပါသည်။
ပုဒ်မ ၁၈ အား ကျယ်ကျယ်ပြန့်ပြန့်အသုံးချကာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးခြင်း၊ လုပ်ဆောင်ချက်နှင့်ပြစ်ဒဏ် မမျှတစွာ အကျဉ်းချအပြစ်ပေးခြင်းများလုပ်ဆောင်နေသည်ကို မိမိတို့ အေအေပီပီမှများစွာ စိုးရိမ်မကင်းဖြစ်မိပါသည်။ အခြားနိုင်ငံများတွင် ပြည်သူလူထုလွတ်လပ်ခွင့်များအား မည်သို့ခွင့်ပြုလုပ်ဆောင်ပေးသည်၊ ပြည်သူလူထုစုဝေးမှုများအား မည်သို့စီမံဆောင်ရွက်သည်ဆိုသည်ကို ယခုစာတမ်းတွင် နှိုင်းယှဉ်ထောက်ပြဖော်ပြသွားမည်ဖြစ်ပါသည်။ ထိုသို့ စုရုံးဆန္ဒပြခြင်းနှင့်ဆိုင်သည့်အခြေအနေအားကိုင်တွယ်ရန် မြန်မာအစိုးရမှအသုံးပြုနေသည့်နည်းလမ်းနှင့် အခြားဒီမိုကရေစီနိုင်ငံများတွင်အသုံးပြုသည့်နည်းလမ်းများ ကွာခြားပုံအားလည်း ယခုစာတမ်းမှ နှိုင်းယှဉ်ဖော်ပြသွားမည်ဖြစ် ပါသည်။ တက်ကြွလှုပ်ရှားသူများအား ထိမ်းချုပ်ရန်၊ အပြစ်ပေးရန်နည်းလမ်းတခုအဖြစ် ပုဒ်မ ၁၈ အား အသုံးချခြင်းသည် မြန်မာနိုင်ငံတွင်ဥပဒေစိုးမိုးမှုကင်းမဲ့နေခြင်းနှင့် တရားစီရင်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတရပ် အမြန်ဆုံး ဖော်ဆောင်ရန်လိုအပ်နေကြောင်း ထပ်မံဖော်ပြနေသည့်အခြေအနေတရပ်ပင် ဖြစ်ပါသည်။
ငြိမ်းချမ်းစွာဆန္ဒပြခြင်းနှင့်စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အား ပြဌာန်းလိုက်သည့် ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့မှ ယခုလက်ရှိကာလအထိ ထိုဥပဒေအရပြစ်ဒဏ်ပေးခံရသူ အနည်းဆုံး ၂၉ ဦးရှိပြီး ထိုထဲမှ ၁၅ ဦးမှာ လက်ရှိကာလတွင် အကျဉ်းကျနေဆဲဖြစ်ပါသည်။ ပုဒ်မ ၁၈ အရ ထောင်ဒဏ် ၁ နှစ် နှင့် ဒဏ်ငွေ ကျပ် ၁ဝဝဝဝ မှ ၃ဝဝဝဝ အထိ ကျခံစေရန် ပြဌာန်းထားသဖြင့် ပြစ်ဒဏ်ပေးမှုမှာ ကျူးလွန်မှုနှင့် မမျှတသည့်ပြစ်ဒဏ်ပင်ဖြစ်ပါသည်။ ထို့အပြင် တက်ကြွလှုပ်ရှားသူများအပေါ် ကန့်သတ်ချုပ်ချယ်မှုများနှင့် ခြိမ်းခြောက် နှောက်ယှက်မှုများလုပ်ဆောင်နိုင်စေရန် ထိုဥပေဒမှခွင့်ပြုထားသဖြင့် လွတ်လပ်စွာဖွင့်ဟဖော်ထုတ်နိုင်ခွင့်နှင့်ပတ်သက်သည့် နိုင်ငံတကာ စံချိန်စံညွှန်းများကို သာမက မြန်မာနိုင်ငံ၏အခြေခံဥပဒေတွင် ထည့်သွင်းအတည်ပြုပေးထားသည့်စံညွှန်းများကိုပါ အတိအလင်း ချိုးဖောက်နေသည့်ဥပဒေဖြစ်ပါသည်။ ထိုဥပဒေအား တပြေးညီကျင့်သုံးခြင်းမဟုတ်ပဲ အချိန်၊ နေရာ၊ လူပုဂ္ဂိုလ်၊ အကြောင်းအရာတို့ပေါ် မူတည်ကာ ပုံစံကွဲပြားစွာကျင့်သုံးခြင်းအားကြည့်ခြင်းဖြင့် အာဏာပိုင်များမှ တရားစီရင်ရေးအား ၄င်းတို့အကျိုးအတွက် လိုသလို အသုံးပြုနေကြောင်း အထင်အရှားတွေ့မြင်နိုင်ပါသည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ တဖက်တွင် လူ့အခွင့်အရေးလှုပ်ရှားသူများအား ထိုဥပေဒအရ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ပေးနေချိန် အခြားတဖက်တွင် အာဏာပိုင်များမှ ၄င်းတို့နှင့်အလွမ်းသင့်သူများအား လွတ်လပ်စွာ စုရုံးခွင့်ပေးထားသည့်သာဓကများ ရှိနေပါသည်။
တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးထိန်းသိမ်းရန်အတွက်အသုံးပြုသည်သာမက ထိုပုဒ်မအရ တရားစွဲဆိုအမှုတပ်ခံရသူများ၏ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်တို့အား ကန့်သတ်ထိန်းချုပ်ရန်အတွက်ပါ ပုဒ်မ ၁၈ အား အသုံးပြုသည်ကိုတွေ့ရပါသည်။ အမှုရင်ဆိုင်နေရသူများ အနေဖြင့် မြို့နယ်မတူသည့်တရားရုံးများတွင် အမှုစွဲဆိုခံရသည့်အပြင် အမိန့်မချမီ ရုံးချိန်းပေါင်းများစွာဆင့်ခေါ်ချိန်းဆိုခံရသဖြင့် ရုံးချိန်းများတက်ရန် မကြာခဏ ခရီးဝေးသွားရသည့်အခြေအနေအား ရင်ဆိုင်ကြရပါသည်။
ထိုသို့ တက်ကြွလှုပ်ရှားသူများအား တရားရုံး ရုံးချိန်းများနှင့်အလုပ်ရှုပ်နေကာ ဘယ်မှမသွားနိုင် ဘာမှမလုပ်နိုင်စေရန် ကန့်သတ်ထားခြင်း အားဖြင့် ၄င်းတို့၏နေ့တဓူဝနေထိုင်မှုဘဝအား အာဏာပိုင်တို့မှ တရားမမျှတစွာထိန်းချုပ်နိုင်ခွင့်အား ပုဒ်မ ၁၈ မှ ခွင့်ပြုထားရုံသာမက မည်သည့် နိုင်ငံရေး လူ့အခွင့်အရေးတက်ကြွသူကိုမဆို ခြိမ်းခြောက်နှောက်ယှက်ခွင့်အားလည်း တရားဝင်ဖြစ်စေရန်အပ်နှင်းထားပါသည်။
အဖမ်းအဆီးများနှင့်ပတ်သက်ပြီး မကြာခနကြုံတွေ့လာရသည့်ပုံစံသစ်တခုမှာ တက်ကြွလှုပ်ရှားသူများမှ ၄င်းတို့ဆန္ဒပြချင်သည့် အကြောင်းအရာနှင့်အချိန်ကာလမတိုင်မီ မည်သည့်အတွက် မည်သည့်အချိန် မည်သည့်နေရာတွင်ဆန္ဒပြချင်ကြောင်း ဆန္ဒပြခွင့်ရရန် ကြိုတင်ကာ လျှောက်လွှာတင်သွင်းခွင့် တောင်းကြပါသည်။ သို့သော်လည်း တက်ကြွလှုပ်ရှားသူများအနေဖြင့် ၄င်းတို့၏အခွင့်အရေးဖြစ်သည့် ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခွင့်အား ပုဒ်မ ၁၈ အားအသုံးချကာ ဟန့်တားပိတ်ပင်မှုများနှင့်သာ အများအားဖြင့်ကြုံကြရပါသည်။ ထိုသို့ ဆန္ဒပြခွင့် တရားဝင်အခွင့်အရေးမှာ မြန်မာနိုင်ငံ၏ ၂ဝဝ၈ အခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြထားရုံသာမက လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး အနိမ့်ဆုံး မရှိမဖြစ်အဖြစ်အပ်နှင်းရန်သဘောတူသတ်မှတ်ထားသည့် နိုင်ငံတကာစံချိန်စံနှုန်းများထဲတွင် တခုအပါအဝင်ဖြစ်ပါသည်။
မရှိမဖြစ် အနိမ့်ဆုံး နိုင်ငံတကာ စံချိန်စံနှုန်းများ
ကမ္ဘာပေါ်ရှိနိုင်ငံအများစုတွင် ဆန္ဒပြချင်သူများအတွက် ၄င်းတို့အခွင့်အရေးဖြစ်သည့် ငြိမ်းချမ်းစွာဆန္ဒပြခွင့်အား အကာအကွယ်ပေး အာမခံထားသည့်မူဝါဒများ၊ သဘောတူညီချက်များ ချမှတ်ပြဌာန်းထားပါသည်။ ဆန္ဒပြချင်သူများအနေဖြင့် မည်သည့်အတွက် ဆန္ဒပြသည်ဆိုသည့်ရည်ရွယ်ချက်အား အာဏာပိုင်များသိစေရန် အလေးထားလာစေရန်လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် ဆန္ဒပြချင်သူများအနေဖြင့် စုဝေးခွင့်ဆန္ဒပြခွင့်အတွက် ခွင့်တောင်းရန်မလိုအပ်ကြောင်း တွေ့ရပါသည်။ မြန်မာနိုင်ငံတွင်မူ အကျိုးအကြောင်းညီညွတ်စွာ ငြိမ်းချမ်းစွာဆန္ဒပြခွင့်တောင်းခံမှုများအားငြင်းပယ်ရန်နှင့် ခွင့်ပြုချက်တောင်းသော်လည်း မရသည့်အတွက် ခွင့်ပြချက်မရှိပဲဆန္ဒပြကြသည့်ဆန္ဒပြသူများအား ဖမ်းဆီးအရေးယူရန် ပုဒ်မ ၁၈ အား များသောအားဖြင့်အသုံးချမှုများ မကြာခဏ ဖြစ်ပွားနေပါသည်။
ဥရောပသမဂ္ဂ လူ့အခွင့်အရေးသဘောတူညီချက် အခန်း ၁၁ တွင် အစိုးရများအနေဖြင့် ငြိမ်းချမ်းစွာဆန္ဒပြမှုများအား ချောချောမွေ့မွေ့ဖြစ်စေ ရေးအတွက်ပံ့ပိုးပေးရမည်ဟု အောက်ပါအတိုင်း ပြဌာန်းထားပါသည်။

၁။ လူတိုင်းတွင် ငြိမ်းချမ်းစွာစုဝေး၊ စုရုံးပိုင်ခွင့်နှင့် အလုပ်သမားသမဂ္ဂများဖွဲ့စည်းခြင်းအပါအဝင် မိမိအခွင့်အရေးနှင့်အကျိုးစီးပွားတို့အား ကာကွယ်ရန် အခြားသူများနှင့်စုပေါင်းကာ အဖွဲ့အစည်းအသင်းပင်းများ ဖွဲ့စည်းပိုင်ခွင့်ရှိသည်။

၂။ ဒီမိုကရေစီလူ့အဖွဲ့အစည်းတခုတွင်း အခြားသူများ၏လွတ်လပ်ခွင့်များ သို့မဟုတ် ကျန်းမာရေး သို့မဟုတ် ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရား များအားကာကွယ်ရန်အတွက်၊ ရာဇဝတ်မှုများ သို့မဟုတ် ဆူပူရမ်းကားမှုများအား ဟန့်တားရန်အတွက်၊ ပြည်သူလူထုလုံခြုံရေး သို့မဟုတ် နိုင်ငံတော်လုံခြုံရေးတို့အားကာကွယ်ရန်အတွက် စသည့်ရည်ရွယ်ချက်တို့ဖြင့် ဥပဒေမှပြဌာန်းဟန့်တားထားသည်များမှလွဲ၍ ထိုအခွင့်အရေး များအားကျင့်သုံးသည်ကို ပိတ်ပင်ဟန့်တားမှုများ မရှိစေရ။ ထိုဆန္ဒပြခွင့်အခွင့်အရေးများအား အုပ်ချုပ်ရေးဆိုင်ရာဝန်ထမ်းများ သို့မဟုတ် ရဲတပ်ဖွဲ့ဝင်များ သို့မဟုတ် လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှကျင့်သုံးခြင်းမရှိစေရန် ဥပဒေအရတားဆီးစည်းကြပ်ထားခြင်းများအား ယခု သဘောတူညီချက်မှ ဟန့်တားပိတ်ပင်ခြင်းမရှိစေရ[1]။

၁၉၄၈ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ နှင့် ၂ဝ တို့တွင်လည်း ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ပတ်သက်သည့်အခွင့်အရေးများအား အောက်ပါအတိုင်းထည့်သွင်းပြဌာန်းထားပါသည်။

အပိုဒ် ၁၉။ လူတိုင်းတွင် လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများ၌ အနှောင့်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်ပါဝင်သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကိုထောက်ထားရန်မလိုဘဲ သတင်း အကြောင်းအရာနှင့်သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချီခွင့်တို့လည်း ပါဝင်သည်။

အပိုဒ် ၂ဝ။
၁။ လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာစုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။
၂။ မည်သူကိုမျှ အဖွဲ့အစည်းတခုသို့ဝင်စေရန် အတင်းအကျပ်မပြုရ[2]။

နိုင်ငံတကာ နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးဆိုင်ရာသဘောတူစာချုပ် (International Covenant on Civil and Political Rights-ICCPR) အပိုဒ် ၂၁ တွင်လည်း “လွတ်လပ်စွာစုရုံးပိုင်ခွင့်အား အသိအမှတ်ပြုရမည်။ ဒီမိုကရေစီလူ့အဖွဲ့အစည်းတခုတွင်း အခြားသူများ၏ လွတ်လပ်ခွင့်များ သို့မဟုတ် ကျန်းမာရေး သို့မဟုတ် ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားများအားကာကွယ်ရန်အတွက်၊ ရာဇဝတ်မှုများ သို့မဟုတ် ဆူပူရမ်းကားမှုများအားဟန့်တားရန်အတွက်၊ ပြည်သူလူထုလုံခြုံရေး သို့မဟုတ် နိုင်ငံတော်လုံခြုံရေးတို့အားကာကွယ်ရန်အတွက် စသည့် ရည်ရွယ်ချက်တို့ဖြင့် ဥပဒေမှပြဌာန်းဟန့်တားထားသည်များမှလွဲ၍ ထိုအခွင့်အရေးများအားကျင့်သုံးသည်ကို ပိတ်ပင်ဟန့်တားမှုများ မရှိစေရ။[3]” ဟု အတိအလင်းထည့်သွင်းပြဌာန်းထားပါသည်။ မြန်မာနိုင်ငံအနေဖြင့် ထိုသဘောတူစာချုပ်အား လက်မှတ်ရေးထိုး အတည်ပြုထားသည့် နိုင်ငံပေါင်း ၁၆၇ နိုင်ငံတွင်မပါဝင်သော်လည်း လွတ်လပ်သည့်ဒီမိုကရေစီလူ့အဖွဲ့အစည်းတခုအတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်အားခွင့်ပြုရန် မည်မျှအရေးပါကြောင်း သဘောတူစာချုပ်တွင် ရှင်းရှင်းလင်းလင်းဖော်ပြထားပါသည်။

အဆိုပါ နိုင်ငံတကာကြေညာစာတမ်းများ သဘောတူညီချက်များနှင့် စာချုပ်စာတမ်းများအားလုံးအနေဖြင့် ပြည်သူလူထု၏ဆန္ဒပြခွင့်ဆိုင်ရာ အခြေခံအခွင့်အရေးများတည်ရှိနေသည်ဆိုသည်နှင့် ၄င်းအခွင့်အရေးများအား မြှင့်တင်ကာကွယ်ပေးရန်လိုအပ်ချက်သည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းများလုပ်ဆောင်ရမည့် အခြေခံလိုအပ်ချက်ပင်ဖြစ်ကြောင်း ဖော်ပြနေကြပါသည်။ ပြည်သူလူထု၏အခြေခံအခွင့်အရေးများအား ကာကွယ်ရန်လိုအပ်ကြောင်း မည်သို့ပင် ဖော်ပြအတည်ပြုထားသည်ဖြစ်စေ မြန်မာနိုင်ငံတွင်မူ ပုဒ်မ ၁၈ သည် ၄င်းတို့၏ လူ့အခွင့်အရေးများ အား လက်တွေ့ကျင့်သုံးရန်ကြိုးပမ်းသည့် တက်ကြွလှုပ်ရှားသူများအား အရေးယူအပြစ်ပေးရန်ရည်ရွယ်ချက်ဖြင့်သာ တည်ရှိနေခြင်း ဖြစ်ပါသည်။
မြန်မာအစိုးရအနေဖြင့် လွတ်လပ်မျှတသည့်ဒီမိုကရေစီအစိုးရဖြစ်လာစေရန် အမှန်တကယ်စစ်မှန်သည့်စိတ်ဆန္ဒရှိသည်ဆိုပါက ပုဒ်မ ၁၈ ကို သာမက ၄င်း ပုဒ်မကိုအသုံးပြုသည့်နည်းလမ်းများကိုပါ ပြုပြင်ပြောင်းလဲရန်လိုအပ်ပါသည်။ စစ်မှန်သည့်ဒီမိုကရေစီနိုင်ငံများအနေဖြင့် လက်ရှိ အုပ်ချုပ်သူများအားဆန့်ကျင်သူများ၊ သို့မဟုတ် စိတ်သဘောမတိုက်ဆိုင်သူများအား ခြိမ်းခြောက်အကျပ်ကိုင်ဟန့်တားနှောက်ယှက်ရန် သို့မဟုတ် အပြစ်ပေးအရေးယူရန်ရည်ရွယ်ချက်ဖြင့် ဥပဒေများအားပြဌာန်းခြင်း၊ အသုံးပြုခြင်းမျိုး မရှိသင့်ပါ။ ယခုကဲ့သို့ တက်ကြွလှုပ်ရှားသူ များအား ဖမ်းဆီးအကျဉ်းချရန်၊ ၄င်းတို့၏ အခြေခံအခွင့်အရေးဖြစ်သည့် လွတ်လပ်စွာစုရုံးခွင့်အား ငြင်းပယ်ကန့်သတ်ရန် ပုဒ်မ ၁၈ ကို အသုံးချနေခြင်းအားကြည့်ခြင်းအားဖြင့် လွတ်လပ်ပြီး ပြည်သူတို့၏အခွင့်အရေးများအားအာမခံပေးထားသည့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆီသို့ရောက်ရှိရန် မြန်မာအစိုးရအနေဖြင့် များစွာအလှမ်းဝေးနေဆဲဖြစ်ကြောင်း ဖော်ပြနေခြင်းဖြစ်ပါသည်။
ပုဒ်မ ၁၈ အား လိုသလိုအသုံးချမှုတွင် ဓားစာခံဖြစ်ရသူတို့၏ ဥပမာများ
အောက်ဖော်ပြပါဖြစ်ရပ်များသည် ပုဒ်မ ၁၈ အားအသုံးပြုကာ တက်ကြွလှုပ်ရှားသူများအားဖမ်းဆီးအကျဉ်းချခြင်းများမှ ထင်ရှားသည့် ဥပမာအချို့ဖြစ်ပါသည်။

အငြင်းပွားနေဆဲ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအားဆန့်ကျင်ကန့်ကွက်သည့် ငြိမ်းချမ်းစွာဆန္ဒပြမှုတရပ်စီစဉ်သည်ဟူသည့် အကြောင်းပြချက်ဖြင့် ဦးမြင့်အောင်သည် ၂ဝ၁၂ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် အမိန့်ချအပြစ်ပေး ခံရပါသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ခြင်း ဖြစ်သော်ငြားလည်း ဦးမြင့်အောင်အနေဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၈ လ ချမှတ်အပြစ်ပေးခံခဲ့ရပါသည်။ ဦးမြင့်အောင်၏ လုပ်ဖော်ကိုင်ဖက်နှစ်ဦးမှာလည်း ကျပ် ၃ဝဝဝဝ စီ ဒဏ်ငွေချမှတ် ခံခဲ့ရပါသည်။

ဒေါ်နော်အုန်းလှအနေဖြင့် လက်ပံတောင်းကြေးနီစီမံကိန်းအားကန့်ကွက်သည့် လူထုဆန္ဒပြပွဲတခုအတွက် ၂ဝ၁၃ ခုနှစ် သြဂုတ်လတွင် ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ပါ။ ခွင့်ပြုချက်တောင်းခံသည်ကို ငြင်းပယ်ခံရရုံသာမက ဒေါ်နော်အုန်းလှသည် ပုဒ်မ ၁၈ နှင့် ပုဒ်မ ၅ဝ၅ (ခ) တို့ကို ကျူးလွန်သည်ဆိုသည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရပါသည်။ ဒေါ်နော်အုန်းလှအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အတင်းအကျပ်အကြမ်းဖက်ဖမ်းဆီးရာတွင် အဝတ်အစားများစုတ်ပြဲကုန်သည်အထိ တွန်းထိုးဆွဲယမ်းဖမ်းဆီးခြင်းခံခဲ့ရပါသည်။ ဒေါ်နော်အုန်းလှသည် ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် အပြစ်ပေးခံခဲ့ရပြီး ပုဒ်မ ၁၈ ဖြင့် စွဲဆိုထားသည့်အမှုအား ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။

ကိုမိုးသွေးသည် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် လမ်းလျှောက်ချီတက်သည့်အတွက် ပုဒ်မ ၁၈ အရစွဲဆိုထားသည့်အမှုအား ရင်ဆိုင် နေရပါသည်။ ကိုမိုးသွေးသည် ၂ဝ၁၂ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဒေါ်နော်အုန်းလှနှင့်အတူ ပုဒ်မ ၁၈ အရ ထပ်မံတရားစွဲဆိုခံခဲ့ရကာ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကိုအောင်စိုးနှင့်အတူဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီး ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ခံဝန်ချက်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပါသည်။ ထို့နောက် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကိုဒီငြိမ်းလင်းနှင့်အတူ ထပ်မံစွဲဆိုကြားနာခံခဲ့ ရပါသည်။ ကိုမိုးသွေးသည် ပုဒ်မ ၁၈ အရ အမှုပေါင်း ၃ မှု စွဲဆိုခံထားရပါသည်။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကော်မီတီမှ ကိုထင်ကျော်သည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိုကန့်ကွက်ဆန္ဒပြသူများအား အာဏာပိုင်များမှ အကြမ်းဖက်ဖြိုခွဲရာတွင် ဒဏ်ရာရရှိခဲ့သည့်သံဃာတော်များအရေးအား ဖြေရှင်းပေးရန်အတွက် အာဏာပိုင်များအား တောင်းဆိုဆန္ဒပြသည့်အနေဖြင့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သိမ်ကြီးဈေးမှ ဆူးလေဘုရားလမ်းအထိ တကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့သည့်အတွက် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပုဒ်မ ၁၈ အရ တရားစွဲဆိုခံခဲ့ရပါသည်။ ကိုထင်ကျော်နှင့် လုပ်ဖော်ကိုင်ဖက် ၃ ဦးမှာ အင်းစိန်အကျဉ်းထောင်တွင် အချုပ်အဖြစ် ထိန်းသိမ်းခြင်းခံနေကြရပြီး ပုဒ်မ ၁၈ နှင့် ပုဒ်မ ၅ဝ၅ (ခ) တို့အရ စွဲဆိုထားသည့် နောက်ထပ်အမှုများရင်ဆိုင်နေကြရပါသည်။

မျိးဆက်လှိုင်းနှင့်လူငယ်မျိုးဆက်အဖွဲ့ဝင်များဖြစ်ကြသည့် တင်ထွဋ်ပိုင်၊ လှိုင်မင်းဦး၊ စည်သူ၊ ကျော်သူ၊ နီလာဟန်နှင့် ကျော်နေလင်းတို့သည် ခွင့်ပြုချက်မရှိပဲဆန္ဒပြသည်ဟူသည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေကြရပြီး ၄င်းတို့ ဆန္ဒပြရာတွင် ဖြတ်သန်းခဲ့သည့် မြို့နယ် ၇ မြို့နယ် တရားရုံး တခုချင်းစီတို့မှ စွဲဆိုမည့် ပုဒ်မ ၁၈ စွဲဆိုချက်များအားရင်ဆိုင်ကြရဖွယ်ရှိပါသည်။ ၄င်းတို့ဆန္ဒပြခဲ့သည်မှာ ပုဒ်မ ၁၈ အား လိုသလိုအသုံးချနေခြင်းအား ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ယခုအခါ ၄င်းတို့ကန့်ကွက်ဆန္ဒပြခဲ့ကြသည့် ပုဒ်မ ၁၈ အရ ထိန်းသိမ်းခံနေကြ ရခြင်းဖြစ်ပါသည်။ တနေ့ထဲတွင်ပင် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ၂၅ နှစ်ပြည့်အမှတ်တရအထိမ်းအမှတ်အဖြစ် လူရာပေါင်းများစွာအား ဦးဆောင်ချီတက်ဆန္ဒပြသည့်အတွက်ကြောင့် အခြားတက်ကြွလှုပ်ရှားသူနှစ်ဦးမှာလဲ ပုဒ်မ ၁၈ အရ တရားစွဲဆိုခံခဲ့ရပါသည်။

၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ဦးထွန်းထွန်းဦးနှင့်ဦးသန်းဝင်းတို့သည် လူ ၂ဝဝ ခန့်အား ဦးဆောင်ကာဆန္ဒပြသည့်အတွက်ကြောင့် ပုဒ်မ ၁၈ အရ စွဲဆိုခံခဲ့ရပါသည်။ ၄င်းတို့အနေဖြင့် ဆန္ဒပြခွင့်ရရှိရန် ဇူလိုင်လ ၁ ရက်နေ့တွင် တရားဝင် တင်ပြတောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရပြီး ခွင့်ပြုချက်မဲ့ဆန္ဒပြသည်ဟူသည့်အကြောင်းပြချက်ဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ပါသည်။

အထက်ဖော်ပြပါ ဥပမာများသည် တရားဝင်ခွင့်ပြုထားသည့်ဆန္ဒပြခွင့်အား လက်တွေ့အကောင်အထည်ဖော်ကျင့်သုံးရန်ကြိုးစားရင်း တက်ကြွလှုပ်ရှားသူများ ဖမ်းဆီးထိန်းသိမ်းခံရ သို့မဟုတ် အမှုစွဲဆိုခံရသည့်ဖြစ်ရပ်များထဲမှ ဥပမာ အချို့ပင်ဖြစ်ပါသည်။ လက်ရှိကာလတွင် ပုဒ်မ ၁၈ အရ တရားစွဲဆိုခံရကာ အမှုရင်ဆိုင်နေရသူပေါင်း ၁၂၈ ဦး ရှိပါသည်။ ထိုကဲ့သို့တရားစီရင်ရေးအား ဖိနှိပ်အုပ်ချုပ်ရန်အတွက် လိုသလိုအသုံးချနေခြင်းသည် မြန်မာနိုင်ငံတွင် တရားစီရင်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတရပ်လုပ်ဆောင်ရန်နှင့် ဥပဒေစိုးမိုးမှုတရပ် ထူထောင်ရန် အမှန်တကယ်အရေးတကြီးလိုအပ်နေကြောင်း သိသာထင်ရှားစေသည့် အချက်ပင်ဖြစ်ပါသည်။
“ဒါဟာ မြန်မာနိုင်ငံရဲ့ဥပဒေစိုးမိုးမှုပါ။ အာဏာပိုင်တွေကိုအလုပ်အကျွေးပြုဖို့အတွက်ပဲအလုပ်ဖြစ်တဲ့ ဥပဒေစိုးမိုးမှုပါ။ ပြည်သူလူထုကို ကာကွယ်ဖို့ ဒါမှမဟုတ် ကျမတို့အားလုံးရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကိုကာကွယ်ဖို့ရည်ရွယ်တဲ့ ဥပဒေစိုးမိုးမှုမဟုတ်ပါဘူး။ ဥပဒေစိုးမိုးမှုမရှိသမျှ လူ့အခွင့်အရေးအတွက်အာမခံချက်လည်း ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။”
ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၂ဝ၁၂[4]

အနိမ့်ဆုံးမရှိမဖြစ် လူ့အခွင့်အရေးစံချိန်စံနှုန်းများအား အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲသည် ဥပဒေစိုးမိုးရေး ဆိုသည်မှာ အုပ်ချုပ်သူများအကျိုးစီးပွားအတွက်ဦးတည်လုပ်ဆောင်သည့်လုပ်ဆောင်မှုများဖြစ်သည်ဟု အစိုးရအာဏာပိုင်များမှ ယူဆနေသည့်အချက်ဖြစ်သည့်အတွက် ပြည်သူလူထု၏ အခြေခံအခွင့်အရေးများအားကာကွယ်ပေးခြင်း ကင်းမဲ့နေပါသည်။ ပြည်သူလူထု၏ အခွင့်အရေးများအတွက်ဆောင်ရွက်ပေးရန် သို့မဟုတ် ကာကွယ်ပေးရန်ဖန်တီးထားသည့်တရားစီရင်ရေးစံနစ်တရပ်မရှိလျှင် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့အကျိုးရှိမည့် အပြောင်းအလဲအစစ်အမှန်များအားလည်း ဖော်ဆောင်ရန်ခဲယဉ်းပါလိမ့်မည်။ ထို့အတွက် တရားစီရင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ခြင်းမှစတင်ကာ ဥပဒေစိုးမိုးရေးတရပ်တည်ထောင်ရေးသည် မြန်မာနိုင်ငံအတွက် အဓိကဦးစားပေး လုပ်ဆောင်ရမည့်လုပ်ငန်းတရပ်ဖြစ်ပါသည်။ ပြည်သူလူထု၏ လူ့အခွင့်အရေးအားကာကွယ်ပေးရန်ရည်ရွယ်ချက်ဖြင့်ဖော်ဆောင်သည့် ဥပဒေစိုးမိုးမှုဖြစ်ရပါမည်။ ပုဒ်မ ၁၈ ကဲ့သို့ မျှတမှုမရှိ ရည်ရွယ်ချက်မမှန်သည့်ဥပဒေများအား ပြည်သူလူထုကိုဖိနှိပ်အုပ်ချုပ်ရန် အစိုးရမှ အသုံးချခွင့်ရနေသမျှကာလပတ်လုံး ပြည်သူလူထုတရပ်လုံးသည်လည်း တရားမမျှတသည့်အုပ်ချုပ်မှုအောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပါ။ ဥပဒေစိုးမိုးမှုသည် ပြည်သူလူထုအခွင့်အရေးများအားကာကွယ်ပေးသည့်ဥပဒေစိုးမိုးမှု ဖြစ်ရပါမည်။ ပြည်သူလူထု ရင်ဆိုင်နေရသည့် အပြစ်ပေးအရေးယူခံရခြင်းအား စိုးရွံ့မှုကိုဖယ်ရှားပေးရန်ရည်ရွယ်ချက်ဖြင့်ဖော်ဆောင်သည့် ဥပဒေစိုးမိုးမှုဖြစ်ရပါမည်။ တရားစီရင်ရေးအား အုပ်ချုပ်ရေးပိုင်းမှလွှမ်းမိုးစွက်ဖက်နေသည်ကိုဖယ်ရှားကာ တရားစီရင်ရေးအားသီးသန့်ဖြစ်စေရန် သီးခြားရပ်တည် နိုင်စေရန် ဖယ်ထုတ်လိုက်ခြင်းအားဖြင့် ဥပဒေစိုးမိုးမှုသည် နိုင်ငံရေးအရအသုံးချခံ သို့မဟုတ် အစိုးရအာဏာပိုင်များ၏အကျိုးစီးပွားအတွက် အသုံးချခံအဖြစ်မှလျော့နည်းကင်းလွတ်သွားမည်ဖြစ်သည်။ အထက်တွင်ဖော်ပြခဲ့သည့် လူ့အခွင့်အရေးနှင့်ပတ်သက်သည့် နိုင်ငံတကာ စံချိန်စံနှုန်းများ၊ သဘောတူညီချက်များ၊ စာချုပ်စာတမ်းများအား ပါဝင်အတည်ပြုလက်မှတ်ရေးထိုးခြင်းအားဖြင့်လည်း မြန်မာနိုင်ငံတွင် အမှန်တကယ် လွတ်လပ်တရားမျှတသည့် တရားစီရင်ရေးမဏ္ဍိုင်တခုတည်ထောင်နိုင်ကြောင်း ဖော်ပြရာရောက်ပါသည်။ လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမရှိတော့သည့် ဥပဒေဟောင်းများအားပယ်ဖျက်လိုက်သော်ငြား အသစ်ပြဌာန်းသည့် ဥပဒေများသည် ဖိနှိပ်အုပ်ချုပ်ရေးကို ဆက်လက်အထောက်အကူပြုနေသည့်ဥပဒေများဖြစ်နေပါသည်။ အမှန်တကယ် အမှီအခိုကင်း လွတ်လပ်မျှတသည့်တရားစီရင်ရေးမဏ္ဍိုင်တရပ်တည်ရှိခြင်းအားဖြင့် ရေးဆွဲပြဌာန်းသောဥပဒေများသည် အစိုးရအကျိုးစီးပွားအတွက် မဟုတ်ပဲ ပြည်သူလူထုအခွင့်အရေးများအားမြှင့်တင်ပေးရန် ကာကွယ်ပေးရန် ပိုမိုအာမခံချက်ပေးနိုင်ပါလိမ့်မည်။
ဆန္ဒပြခွင့်ဥပဒေသည် အပေါ်ယံအားဖြင့် ပြည်သူလူထု၏လွတ်လပ်စွာဆန္ဒပြခွင့်အား အသိအမှတ်ပြုကာကွယ်ပေးရန်ပြဌာန်းထားသည့် အသွင် ဆောင်သော်လည်း အတွင်းအနှစ်သာရတွင်မူ တက်ကြွလှုပ်ရှားသူများအား ချုပ်ချယ်ကန့်သတ်ရန် အပြစ်ပေးအရေးယူရန် ဇောင်းပေးထားသည့်အတွက် ထိုအချက်များအားဖယ်ရှားပြုပြင်ရပါမည်။ ထိုဥပဒေအား လက်ရှိအသုံးပြုနေသည့်ပုံစံအားကြည့်ခြင်းအားဖြင့် လူ့အခွင့်အရေးလှုပ်ရှားသူများအား ခြိမ်းခြောက်ဟန့်တား နှောက်ယှက် ဖိနှိပ် အပြစ်ပေးခြင်းများအား ဥပေဒမှခွင့်ပြုနေပြီး မြန်မာနိုင်ငံတွင် ဖော်ဆောင်လုပ်ကိုင်နေသည့်ပြုပြင်ပြောင်းလဲရေးများသည် ပြည်သူလူထုနှင့် ၄င်းတို့၏အခွင့်အရေးများအားကာကွယ်ပေးရန် လုံလောက်သည့်လုပ်ဆောင်မှုများမဟုတ်ကြောင်းဖော်ပြနေသည့် တိုက်ရိုက်ဥပမာပင်ဖြစ်ပါသည်။ ထို့ကြောင့် ပုဒ်မ ၁၈ ကို ပြုပြင်ပြောင်းလဲရန် အထူးလိုအပ်နေသည့် တရားစီရင်ရေးမဏ္ဍိုင်ပြုပြင်ပြောင်းလဲရေး၏အစိတ်အပိုင်းတခုအဖြစ် လုပ်ဆောင်ရပါမည်။ အမှီအခိုကင်းပြီး လွတ်လပ်မျှတသည့်တရားစီရင်ရေးမဏ္ဍိုင်တရပ်ဖော်ဆောင်ခြင်းနှင့် တရားမျှတ ဘက်မလိုက်သည့်ဥပဒေစိုးမိုးမှုတရပ် တည်ထောင်ခြင်းတို့သည် ဒီမိုကရေစီစံနစ်ဆီသို့ချီတက်ရာတွင် အဓိကလုပ်ဆောင်ရမည့်အချက်များ ဖြစ်ကြပါသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
ဆက်သွယ်ရန်- ကိုတိတ်နိုင်(အတွင်းရေးမှုး) +၆၆ (ဝ) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဘက်အတွင်းရေးမှုး) ဝ၉၄ ၂၅၃ဝ ၈၈၄ဝ



0 comments:

Post a Comment