Sunday, October 20, 2013

အထူးကွန်ဖရင့်သို့တင်သွင်းတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုစည်းရုံးရေးကော်မတီရဲ့ နိုင်ငံရေးအစီရင်ခံစာ (အပိုင်း-၆ နိဂုံးပိုင်း)

0 comments
အထူးကွန်ဖရင့်သို့တင်သွင်းတဲ့
ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုစည်းရုံးရေးကော်မတီရဲ့
နိုင်ငံရေးအစီရင်ခံစာ (အပိုင်း-၆ နိဂုံးပိုင်း)
ပြည်ချစ်ဝါဒကိုစွဲကိုင် -ပြည်တွင်းငြိမ်းချမ်းရေးကိုရှေးရှု -တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေး အတွက်တိုက်ပွဲဝင်ကြ
ပညာရေး
၂ဝ၁၂ ခုနှစ် ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ချက်အရ ‘ဗမာပြည်မှာ နှစ်စဉ် ကျောင်းသား(၆ သိန်းကျော်)ဟာ အခြေခံပညာကျောင်းတွေကို စွန့်ခွာပြီး ကျောင်းသားအများစုဟာ မူလတန်းအဆင့်မှာပဲ နုတ်ထွက်ကြရတယ်’ လို့ဖော်ပြတာဖတ်ရတယ်။
ကျေးရွာရပ်ကွက် စုစုပေါင်းရဲ့(၄ဝရာခိုင်နှုန်း)ကျော်မှာ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ထားနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရတယ်။
ဒီအခြေခံပေါ်ကရှုမြင်ကြည့်ရင်ကို တိုင်းပြည်ရဲ့ဘက်စုံယိုယွင်းစုတ်ပြတ်နေတဲ့အခြေအနေကို ဆဝါးနိုင်ကြပါတယ်၊ ပညာရေးကိစ္စတခုတည်းရဲ့ ဖော်ပြချက်က တနိုင်ငံလုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုစတဲ့ဘက်တွေကို ရှေ့တဆင့်တွန်းတင်ဖို့မပြောနဲ့ ချောက်ထဲထိုးမကျအောင် ဘရိတ်အုပ်ဖို့ပင် ခပ်ခက်ခက်ဖြစ်နေတာတွေ့ရတယ်။
ပညာရေးအတွက် တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်တွေနဲ့ ပညာရှင်တွေ ရင်လေးနေတာ ကြာပါပြီ။ ကောင်းမွန်တဲ့အကြံဉာဏ်တွေ ပေးနေတာလည်း တွေ့ပါတယ်။ ဒါပေမယ့် ပြည်တွင်းစစ် နှစ်(၆ဝ ကျော်)ကာလမှာ ကာကွယ်ရေးဘတ်ဂျက်က ထိပ်တက်နေတယ်။ ပညာရေးအသုံးစရိတ်က အောက်ခြေကပ်နေတယ်။ အဆင့်မီပညာရေး ဘယ်လိုအကောင်အထည်ဖော်နိုင်ပါ့မလဲ။ ပညာရေးအတွက် အားရစရာခေါင်းစည်းတွေနဲ့ ဆီမီနာတွေ ဝါ့ခ်ရှော့တွေလုပ်နေတဲ့ပုဂ္ဂိုလ်တွေရဲ့စေတနာကို ကျွန်တော်တို့လေးစားပါတယ်။ အသိအမှတ်လည်း ပြုပါတယ်။
သူတို့တတွေ ပညာရေးလွတ်လပ်ခွင့်၊ ဆရာတွေအရည်အချင်းမြှင့်တင်နိုင်ရန် ငွေကြေးအလုံအလောက်ထုတ်ပေးဖို့၊ အခွင့်ထူးခံပညာရေး မဖြစ်အောင် စံနစ်ကိုပြုပြင်ပြောင်းလဲဖို့တင်ပြနေတာကို ကျွန်တော်တို့ထောက်ခံပါတယ်။ လူတိုင်းစာတတ်ဖို့အရေးကြီးကြောင်း၊ မတတ်ရင် တိုင်းပြည်မတိုးတက်နိုင်ဘူး။ တို့ကနန်းဆိတ်ကနန်း ပြုပြင်လို့မရဘူး။ တော်လှန်ရေးကြီးသဖွယ် အမြစ်ကလှန်ပြီးလုပ်ရမယ်လို့ ပြောတာကိုလည်း အားရတယ်။
တဖက်မှာ ကိုလိုနီပညာရေးမှ အမျိုးသားပညာရေး။ နောက် ဒီမိုကရေစီပညာရေးဆောင်ပုဒ်တွေနဲ့ ခေတ်အဆက်ဆက်တောင်းဆို တိုက်ပွဲဝင်ခဲ့တဲ့ကျောင်းသားတွေကလည်း ထုနဲ့ထည်နဲ့ ရှိနေတယ်။ ၆၂ ခုနှစ် ဇူလိုင်ကစပြီး ဒီကျောင်းသူကျောင်းသားတွေဟာ ပစ်သတ်ခံရသူက ခံရ။ လက်နက်စွဲကိုင်သူကကိုင်။ ထောင်ကျသူကကျ။ ကျောင်းထုတ်ခံရသူခံရ။ တိုင်းခြားပြည်ခြား ထွက်ပြေးရသူကပြေးနဲ့ ဘဝအပျက်ခံပြီးပေးဆပ်ခဲ့ကြတယ်၊
ဒါပေမယ့် သူတို့ရဲ့အားသာချက်က သူတို့ရဲ့လှုပ်ရှားမှုတိုင်းဟာ ပြည်သူတွေအတွက် ဦးထိပ်ထားတိုက်ပွဲဝင်နေကြခြင်း ဖြစ်တယ်။ အဆက်မပြတ် ပြည်သူတွေနဲ့အတူတိုက်ပွဲဝင်နေကြခြင်း ဖြစ်တယ်။ ဒါ့ကြောင့်လည်း သမဂ္ဂတွ မကြေနိုင်မသေနိုင်ဖြစ်နေတာပါ။ ကျောင်းသားဆိုတာရှိနေသမျှ ကျောင်းသားသမဂ္ဂ ရှိနေမှာပါ။ ပြည်သူတွေရှိနေသ၍ အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂ၊ ကျောင်းသားသမဂ္ဂတွေရှိနေမှာပါ။ ကျောင်းသားသမဂ္ဂက ကျောင်းသားတွေရဲ့နစ်နာချက်တွေဖော်ထုတ်ပြီး အခွင့်အရေးတွေရအောင် ကျောင်းသားထုကိုခေါင်းဆောင်ပြီး သင့်တော်သောပုံစံနဲ့တိုက်ပွဲဆင်သွားပါလိမ့်မယ်။
သူတိုဏ္ဍတတွေဟာ -
ငွေချို့တဲ့သူတွေက ပညာရေးကို ငွေနဲ့စက်ပြီးဝယ်နေကြရတာကို မကျေနပ်ကြဘူး။ အခွင့်ထူးခံအနည်းစုကပဲ ပြည်ပထွက် ပညာသင်နေနိုင် ကြတာကို ဘဝင်မကျကြဘူး။ ပညာရေးအဆင့်နိမ့်ကျသွားကာ ဘွဲ့ရအလုပ်လက်မဲ့တွေစုပုံလာတာကို မချိတင်ကဲဖြစ်ကြတယ်။ ပညာရေးနဲ့မအပ်စပ်တဲ့ နားမလည်တဲ့စစ်ဗိုလ်ဟောင်းသစ်တွေက ပညာရေးဌာနတွေကို ကြိုးကိုင်ညွှန်ကြားနေတာလည်း ဆရာဆရာမများနည်းတူ မခံချိမမခံသာ ဖြစ်ကြတယ်။
သူတို့တတွေဟာ -
နိုင်ငံရေးအရ အညွန့်ချိုးဖို့နဲ့ အုပ်ချုပ်ရေးအရဖိနှိပ်ဖို့ရည်ရွယ်ချက်ဖြင့် တက္ကသိုလ်တွေ၊ ကောလိပ်တွေကိုဝေးလံသီခေါင်တဲ့အရပ်တွေဆီ ဖြန့်ခွဲ။ ဆရာဆရာမနဲ့ပညာရေးဝန်ဆောင်မှု၊ ပရိဘောဂတွေ မပြည့်စုံ၊ ဖြစ်ကတတ်ဆန်းဘွဲ့ရအလုပ်လက်မဲ့တွေမွေးထုတ်ပေးနေတဲ့ စစ်ကျွန်ပညာရေး ကို စက်ဆုပ်ရွံရှာနေကြတယ်။ 
တိုင်းရင်းသားလူမျိုးစုတွေရဲ့ ပညာရေး၊ ရွှေ့ပြောင်းလုပ်သားမိသားစုတွေရဲ့ပညာရေးကိစ္စတွေမှာလည်း မျက်ခြည်မပြတ်။ ကျောင်းတက်ချိန်။ စာမေးပွဲဖြေချိန်တွေ ကမောက်ကမဖြစ်တာကအစ ပညာရေးအဟောသိကံဖြစ်ကြရတာတွေအဆုံး အားလုံးကိုဖော်ထုတ်တင်ပြနေကြတာ တွေ့ရတယ်။
ဒီအဖြစ်မျိုးတွေဆက်မဖြစ်ရအောင် ပြည်သူတွေစစ်ဖိနပ်အောက်ကလွတ်မြောက်ရအောင် သူတို့ကြိုးပမ်းနေတာကို ကျွန်တော်တို့ အသိအမှတ် ပြုပါတယ်၊ 

နိုင်ငံတော် အကြမ်းဖက်မှုများ
တိုင်းပြည်မှာ လောင်စာတွေက များတယ်။ လူမျိုးရေး၊ ဘာသာရေး၊ လူမှုရေးအနာဆွေးတွေ မနည်းမနောရှိတယ်။
ရခိုင်မှာ ကျောက်နီမော်ကိစ္စ ပေါ်လာတယ်။ ဖြစ်တတ်တဲ့ရာဇဝတ်မှုတခုပဲ။ ဒါပေမယ့် သမိုင်းနောက်ခံတွေအကြောင်းပြပြီး လူမျိုးရေး၊ ဘာသာရေးကိစ္စအဖြစ်ရုပ်လုံးဖော်လာကြတယ်။
နောက် တောင်ကုတ်အရေးအခင်း ပေါ်လာတယ်။ နေ့ခင်းကြောင်တောင် မြို့လယ်ကောင်မှာ အစ္စလာမ်ဘာသာဝင်ခရီးသည်လူတစုကို လူအုပ်ကြီးကဝိုင်းဝန်းသတ်ဖြတ်လိုက်တဲ့ကိစ္စ။ အုပ်ချုပ်ရေးလက်လှမ်းမီတဲ့နေရာ - စစ်တပ်နဲ့ရဲ ရှိနေပါလျက် လွှတ်ပေးထားလိုက်တယ်။ ပွဲကြည့်ပရိသတ်အဖြစ် ခံယူရပ်ကြည့်နေကြတယ်။
ခု ရခိုင်မှာ ဘယ်သူဖြစ်ဖြစ် နေရထိုင်ရ။ စားရသောက်ရတာ လုံခြုံမှု မရှိတော့ဘူး။
ဗကပ က ဒီကိစ္စကို စိုးရိမ်တယ်။ ကျောက်ဆည်အရေးအခင်းကိစ္စကိုလည်း မမေ့သေးဘူး။ ဒီတခါ မူဆလင်တော်တော်များများရှိတဲ့ ဗမာပြည်အလယ်ပိုင်းမှာထပေါက်ကွဲကြရင် တပြည်လုံးအထိန်းရအသိမ်းရခက်သွားလိမ့်မယ်လို့ အတွင်းပိုင်းမှာတွက်ဆတာ သတိပေးတာ ရှိခဲ့တယ်။
မိတ္ထီလာအရေးအခင်း ပေါ်လာတယ်။ တချို့က ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုသိနေကြတယ်လို့ဆိုတယ်။ ဒါဟာ ကြိတ်ကြံနေသူတွေရဲ့ သတင်းအစအန ရထားကြလို့လည်းဖြစ်နိုင်တယ်။
မိတ္ထိလာကိစ္စက ရှောင်တခင်ကိစ္စပါ။ ဆိုးသွားတာက ၂ ဘက်ပဋ္ဋိပက္ခမှာ လူမျိုးမတူဘာသာမတူသူတွေ ဖြစ်နေတာပဲ။ ချက်စောင့်နေတဲ့ အကြံသမားတွေ အကွက်ဝင်သွားပါပြီ။ ဒဘယင်း (ဒီပဲယင်း) မှာလက်စွမ်းပြခဲ့တဲ့ ငုပ်လျှိုးစွမ်းအားရှင်တွေအတွက် အလုပ်ပေါ်လာပြန်ပြီ၊ ဒီကနေ တပြည်လုံးပြန့်နှံ့သွားတာဖြစ်တယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တားနားကတော့ ရှင်းရှင်းလင်းလင်းပဲပြောတယ်။ မိတ္ထီလာကိစ္စမှာ အစိုးရထိပ်ပိုင်း ခေါင်းဆောင်များတိုက်ရိုက်ပါဝင်ပတ်သက်နေတယ်လို့ ထုတ်ဖော်လိုက်ပါတယ်။
မိတ္ထီလာဟာ တပ်မြို့တမြို့ပဲ။ မြို့လယ်ကောင်သတ်ဖြတ်နေတာကို (တောင်ကုတ်မှာလို) ရဲတွေက ကားနားက စောင့်ကြည့်နေကြတယ်။ တားဆီးမှု မလုပ်။ (အမိန့်မရ)လို့ဆိုပဲ။
ခု မေလ ၂၈ ရက်နေ့ (မြစ်ကြီးနားမှာ ဦးအောင်မင်း စကားပြောယဉ်ကျေးမှုထွန်းကားနေချိန်) တပ်မြို့တမြို့ဖြစ်တဲ့လားရှိုးမှာ ရခိုင်။ မိတ္ထီလာ ပုံစံတူ မူဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းတခု ပေါ်လာပြန်တယ်။ ပုဒ်မ ၁၄၄ ထုတ်လိုက်ရပြန်ပါပြီ။
ချုပ်ပြောရရင် စိတ်ကူးယဉ်နေကြတဲ့စကားပြောယဉ်ကျေးမှုမထွန်းကားဘဲ နိုင်ငံတော်အကြမ်းဖက်ယဉ်ကျေးမှုသာ ထွန်းကားနေတာသာ တွေ့နေရတယ်။ စစ်အာဏာရှင်စနစ်ဆိုတာကလည်း လူထုအားမပါဘဲ ဘယ်သူ့စကားမှနားထောင်တတ်ကြတဲ့သူတွေ မဟုတ်ဘူး။
ဒါမျိုးတွေ ဆက်ကာဆက်ကာဖြစ်နေလိမ့်ဦးမယ်လို့ တွက်ဆထားတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲနီးလေ အကွက်စိပ်စိပ်ပေါ်လာလေ ဖြစ်နိုင်တယ်။ ရွေးကောက်ပွဲကာလမှာ ဖိလစ်ပိုင်မှာ အစိုးရလက်ရာမကင်းတဲ့ဒေသဆိုင်ရာတွေက တဖက်အုပ်စုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာမျိုးတွေဖြစ်လာမှာ ကြိုစိုးရိမ်မိတယ်။
အချက်အလက်တွေ စုံလာတာနဲ့ ခိုင်ခိုင်မာမာကောက်ချက်ချလာနိုင်ပြီ၊ ယနေ့တိုင်းပြည်မှာ ပေါ်ပေါက်နေတဲ့ ဘာသာရေးလူမျိုးရေး အဓိကရုဏ်းတွေ၊ စစ်ပွဲတွေဟာ စစ်အုပ်စုအလိုကျ ‘ပေါ်စေ‘ ‘ပျောက်စေ’ ဖြစ်နေရတဲ့ကိစ္စတွေပဲ၊

နိဂုံးပိုင်း
မျက်ခြည်မပြတ်သင့်သည့် တည်ဆဲအခြေအနေနဲ့ပြဿနာများ


၁၊ ၂ဝဝ၈ အခြေခံဥပဒေမဖျက်သိမ်းနိုင်ရင်
လတ်တလောတာဝန်များတွင် အဓိကအကျဆုံးနဲ့အချက်အချာအကျဆုံးတာဝန် ဖြစ်တယ်။ ဒီဥပဒေဟာ စစ်အုပ်စိုးမှုကို အသက်ဆက်ထားတဲ့ဥပဒေဖြစ်တယ်။ မဖျက်သိမ်းဘဲနဲ့တော့ ပြည်သူတွေ မလွတ်မြောက်နိုင်။
ပြင်ရေး၊ အသစ်ပြန်ရေးဆွဲရေး၊ အတွင်းဝင်ဖျက်ရေး၊ အပြင်မှာဖျက်ပြီး အတွင်းသို့ယူသွားရေးဆိုတဲ့ မူကွဲတွေ ရှိတယ်။ လမ်းပြမြေပုံ ၇ ချက်၊ ၂ဝဝ၈၊ ၂ဝ၁ဝ၊ ကာလုံ (သမ္မတ လွှတ်တော်၊ ကာချုပ်) တဆက်တစပ်တည်းပဲ။ ၂ဝဝ၈ လွှတ်တော်ထဲဝင်ပြီး ၂ဝဝ၈ ကို ဖျက်ဖို့ဆိုတာ ကမ္ဘာပေါ်မှာ ဒီလိုအဖြစ်မျိုးအစဉ်အလာမျိုး ဘယ်မှာမှ မရှိဖူးဘူး။ ၂ဝဝ၈ ကခွင့်ပြုထားတဲ့ စစ်တပ်ကအာဏာသိမ်းပြီးဖျက်မှပဲ ရနိုင်မယ်။ အတွင်းဝင်ပြီးဖျက်လို့မရ။ ဖွင့်ချတာပဲ လုပ်နိုင်မယ်။ ဒါ့ကြောင့် ၂ဝဝ၈ ဖျက်သိမ်းရေးကို လူထုအား (အပြင်ကအား)နဲ့ ဖျက်မှရမယ်လို့ ရပ်ခံပါတယ်။
အားလုံးပါဝင်တဲ့ (ဗကပ တော့ မပါ) ၂ဝဝ၈ ပြင်ရေးညီလာခံဆိုတာကကော ဘာလဲ။ ၂ဝဝ၈ ကို လွှမ်းမိုးနိုင်တဲ့အခွင့်အာဏာရှိရဲ့လား။ညောင် ၂ ပင်လောက်တောင် အခွင့်အာဏာ မရှိတဲ့ ညောင် ၂ ပင်လိုညီလာခံမျိုးလား၊ ပြုပြင်ရေးမှိုင်းနဲ့အချိန်ဆွဲနေတာလို့ပဲ မြင်ပါတယ်။


၂၊ ဦးပိုင်မဖျက်သိမ်းဘဲ ဒီအတိုင်းသွားနေရင်
တိုင်းပြည်ရဲ့စီးပွားရေးလုပ်ငန်းကြီးအားလုံးကို (အခွန်မဆောင်ဘဲ)ချုပ်ကိုင်လုပ်ကိုင်ခွင့်ရနေတဲ့ဒီကုမ္ပဏီကြီးဟာ စစ်အုပ်စုရဲ့အသက်ဘူး ဖြစ်တယ်။ တပ်မတော်သက်သာချောင်ချိရေးအတွက်ဆိုသော်လည်း အောက်ခြေတပ်သားထု အကျိုးမခံစားရ။ စစ်အုပ်စုက လက်ဝါးကြီး အုပ်ခံစားနေတဲ့ငွေတွင်းကြီးဖြစ်နေတယ်။ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့ စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရေနံဓာတ်ငွေ့လုပ်ငန်းတို့ဟာလည်း ပွင့်လင်းမြင်သာမှုမရှိတဲ့ ဦးပိုင်ရဲ့စားကျက် ဖြစ်နေတယ်။ ဦးပိုင်ရဲ့ဒဏ်ကို တတိုင်းပြည်လုံး ခံစားကြရတယ်။ စီးပွားရေးတွေ ကသောင်းကနင်းဖြစ်ကုန်တယ်။ လုပ်ငန်းကိုင်ငန်းတွေ ချွတ်ခြုံကျကုန်တယ်။ အမျိုးသားအရင်းရှင်တွေ အညွန့်ကျိုးကုန်တယ်၊
ခုတော့ အခွန်ဆောင်ပါမယ် ဖြစ်လာတယ်။ ဒါကိုက ဆက်လည်း လုပ်သွားမယ်ဆိုတဲ့သဘောပဲ၊
၃၊ စစ်အုပ်စုနဲ့ခရိုနီတွေရဲ့လက်ဝါးကြီးအုပ်စီးပွားရေးတွေ ဒီအတိုင်းလွှတ်ပေးထားရဦးမယ်ဆိုရင် -
သူတို့ကြောင့် အခြေခံလူတန်းစားတွေဖြစ်တဲ့ အလုပ်သမား၊ လယ်သမားတွေ ဘဝပျက်ကုန်ကြရတယ်။ လုပ်ငန်းရှင်လေးတွေ ချွတ်ခြုံကျ ကုန်တယ်။ ထုတ်လုပ်ရေးအင်အားစုရွှေ့ပြောင်းလုပ်သား (၆ သန်းခန့်) ပြည်ပထွက်အလုပ်လုပ်ကြရတယ်။ သူတို့ရဲ့လက်တံတွေကိုမရိုက်ချိုးနိုင်ရင် အခြေအနေတွေ ဒီထက်ဒီ ဆိုးဝါးလာလိမ့်မယ်။
၎၊ သိမ်းထားတဲ့လယ်မြေတွေ လယ်သမားတွေလက်ထဲပြန်မရောက်ရင်
လယ်သမားတွေလိုချင်တာက ‘လယ်လုပ်သူ လယ်ပိုင်ရေး’ ဖြစ်တယ်။ လွှတ်တော်ဆိုတာကြီးက ‘လယ်သမားအကျိုး ကာကွယ်မြှင့်တင်သည့်ဥပဒေ’ဆိုတာနဲ့ လမ်းလွှဲထားတယ်။ လက်ငင်းဖြေရှင်းပေးဖို့လိုတာက သိမ်းထားတဲ့လယ်ယာမြေတွေ တောင်သူလယ်သမားထံ ပြန်အပ်ရေး ဖြစ်တယ်။
၅၊ အလုပ်သမားတွေရဲ့ဘဝ ပြည့်စုံဖူလုံအောင်လုပ်မပေးနိုင်ရင် - 
ပထမဆုံးလိုအပ်တာက အစိုးရ၊ ခရိုနီတွေနဲ့ပုဂ္ဂလိကပိုင်(နိုင်ငံခြားသားရော။ တိုင်းရင်းသားများရောပါတယ်) အလုပ်ရုံစက်ရုံလုပ်ခင်းတွေမှာရှိတဲ့ အလုပ်သမားတွေရဲ့ရပိုင်ခွင့်တွေ အပြည့်အဝရရှိရေး၊ အလုပ်လက်မဲ့တွေ လုပ်ခွင်ဝင်ခွင့်ရရှိရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရေး။ ကြုံရာကျပန်း တဝမ်းတခါးလုပ်ကိုင်စားနေရသူများကို အနှောင့်အယှက် မပြုရေး။
လွှတ်တော်က လမ်းလွှဲထားတဲ့ (အလုပ်သမားအကျိုးစီးပွားကာကွယ်ရေးဥပဒေ)နဲ့ ဖြေရှင်းမရ။ ဒီလူတန်းစားဟာ တနေ့တခြား ကြီးထွားလာနေတဲ့အင်အားစုကြီး ဖြစ်တယ်။ ဈေးပေါတဲ့လုပ်သားအဖြစ် ပြည်တွင်းပြည်ပက သွေးစုပ်ခံနေရတဲ့လူတန်းစားဖြစ်တယ်။ ပြည်ပရွှေ့ပြောင်းလုပ်သားတွေက နှစ်စဉ်ပြန်ပို့ပေးနေတဲ့ငွေ (၁ဝ ဘီလျံ)ကျော်ဟာ နှစ်စဉ်ဓာတ်ငွေ့ကရတဲ့ဝင်ငွေထက်ပိုများတယ်လို့ တွက်ချက်ပြမှုတွေ ရှိတယ်။ ဒါ့ကြောင့်လည်း လုပ်ရည်ကိုင်ရည်မရှိတဲ့စစ်တပိုင်းအစိုးရဟာ ဒီဝင်ငွေကိုလက်လွတ်မခံနိုင်ဖြစ်ပြီး ဒီရွှေ့ပြောင်းလုပ်သားအနေအထားကို ဆက်တည်ရှိအောင်လုပ်ထားနိုင်တယ်။
ဒါကို အလုပ်သမားသမဂ္ဂနဲ့ကွန်ရက်တွေက မျက်ခြည်ပြတ်ခံလို့မဖြစ်ဘူး။
၆၊ တိုင်းရင်းသားတွေကိုစစ်ခင်းနေတာ မရပ်ဆိုင်းရင် -
၄၈ ခုနှစ်က စခဲ့တဲ့ ‘ ပြည်တွင်းစစ်’ က (၆၅ နှစ်) ကြာခဲ့ပြီ၊ ဖဆ ဆိုရှယ်လစ်တွေဖန်တီးခဲ့ပြီး စစ်အစိုးရအဆက်ဆက်က ပိုက်ထွေး မွေးမြူထားဆဲ ‘အမင်္ဂလာ’ကိစ္စ ဖြစ်တယ်။ ပြည်သူတွေနဲ့အောက်ခြေတပ်မှူးတပ်သားတွေ လောင်မီးအကျခံကြရပြီး စစ်အုပ်စုဆွေစဉ်မျိုးဆက်နဲ့ သူတို့မိတ်ဖက်ခရိုနီတွေ စားမကုန်လှူမခန်းတဲ့ “ရတနာအိုးကြီး” ဖြစ်နေတယ်။ ပြည်သူကိုကိုယ်စားပြုပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းတင်ပြခဲ့တဲ့ ‘သူမသာ ကိုယ်မနာ’ငြိမ်းချမ်းရေးလမ်းစဉ်ဟာ ခုအထိ ရှင်သန်ဆ ဖြစ်တယ်။ ဒါကို လက်ကိုင်ပြုကြရပါမယ်။
အခုလည်း အုပ်စိုးသူဘက်က ပင်လုံပုံသဏ္ဌာန်တမျိုးဆောင်ပြီး ကျယ်ကျယ်လောင်လောင် လုပ်လာပြန်ပါတယ်။ မညှာစတမ်း ပြောကြ ကြေးဆိုရင် ပြေလည်သွားမှာကိုအစိုးရိမ်ဆုံးလူတွေဟာ စစ်အုပ်စုပဲ ဖြစ်တယ်။ သူတို့အထဲက ကိုယ်ကျိုးအကြည့်ဆုံးလူတွေဟာ ငြိမ်းချမ်းရေးကိစ္စကို မပျက်ပျက်အောင်ဖျက်ပါလိမ့်မယ်။ ကာကွယ်ရေးဦးစီးချုပ်ကို သူတို့အပိုင်ကိုင်လိုက်နိုင်ပြီဆိုရင် သမိုင်းတကျော့ ပြန်လည်သွားနိုင်တယ်။
သမ္မတဖြစ်သူရဲ့နောက်မှာ ဦးသန်းရွှေအမှူးပြုတဲ့ စစ်အုပ်စုနဲ့‘စစ်အုပ်စုသစ်’တို့ ရှိနေတယ်။ 
ဒါကြောင့်ပဲ သမ္မတဦးသိန်းစိန်ကအင်တာဗျူးတခုမှာ ‘အရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးရဖို့ ကျွန်တော်တို့ရဲ့အားထုတ်မှုတွေ ဘယ်လိုဖြစ်လာမယ်ဆိုတာအတိအကျကတော့ မသေချာသေးပါဘူး’လို့ ဖြေသွားတယ်။ ဒါ့ကြောင့် သူတို့ဖြေရှင်းမယ့်ပြောတဲ့ငြိမ်းချမ်းရေးကိစ္စ အားတက်စရာမရှိပါ၊ ပြည်သူအတွက်အာမခံချက်ပေးတာ မရှိပါဘူး။
တကယ်က ပြည်တွင်းငြိမ်းချမ်းရေးကိစ္စမှာ ပြည်သူ့ဆန္ဒနဲ့အညီဖော်ဆောင်ပေးရမှာပါ။ ဒီကိစ္စ ကျွန်တော်တို့အလေးထားစောင့်ကြည့် နေပါတယ်။
၇၊ လူတန်းစားလူကအလွှာအသီးသီးရဲ့သမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်၊ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ စည်းရုံးခွင့်၊ လှုပ်ရှားခွင့်၊ ဖြေရှင်းခွင့်ရှိဖို့ လိုတယ်။ တွေ့နေရတာက လွှတ်တော်ကချပေးတဲ့အလုပ်သမားဆိုင်ရာဥပဒေကို အလုပ်သမားတွေက လက်မခံ။ လယ်သမားဆိုင်ရာဥပဒေကို လယ်သမားက မကြိုက်။ စာနယ်ဇင်းဥပဒေကို စာနယ်ဇင်းသမားတွေကလက်မခံဖြစ်နေတယ်။ မိမိတို့အကျိုးစီးပွားကို ကိုယ်စားမပြုနိုင်တဲ့ ဥပဒေတွေ ဖြစ်နေလို့ပဲ။ ချုပ်ကိုင်မှုက အဓိကဖြစ်နေလို့ပဲ။
ဝန်ထမ်း - တခါ လူ့အလွှာဆိုတဲ့အထဲက လူဦးရေ(၁ ဒသမ၂ သန်းကျော်)ရှိတဲ့ဝန်ထမ်းတွေရဲ့အရေးလည်း ချန်ထားလို့မဖြစ်။ ဖြည့်ပေးလာတဲ့ လစာနဲ့ ကုန်ဈေးနှုန်းက မထေမိ။ ဒါကြောင့် သိက္ခာကို ရိက္ခာနဲ့လဲရတဲ့ ဖစ်စဉ်တွေ ဆက်ရှိနေတယ်။ လာဘ်ပေးလာဘ်ယူကိစ္စက ကမ္ဘာ့ရှေ့တန်းတနေရာ ရောက်နေပြီ။ အကျင့်ပျက်ချစားမှုအကြောင်းပြောရင် အောက်ခြေဝန်ထမ်းတွေ မပြေလည်လို့အကြံအဖန်လုပ်တာနဲ့ စစ်ဗျူရိုကရက်များ၊ ခရိုနီများ၊ တပည့်မွေးဆရာမွေးပြီး ခိုးတာဝှက်တာသုံးစွဲကြတာကို ခွဲခြားပြောရပါလိမ့်မယ်။ သိက္ခာရှိရှိ ထမင်းဝရေးတာဝန် ဟာ ဆိုင်ရာဆိုင်ရာဝန်ထမ်းသမဂ္ဂတွေရဲ့ပခုံးပေါ်ကျရောက်နေပါပြီ။
ဥပဒေသမား - လက်နက်နဲ့ ငြိမ်, ဝပ်, ပိပြားနေအောင်လုပ်ဆောင်ထားတဲ့ကာလမှာ ပြည်သူတွေက လက်နက်စွဲကိုင်ပြီး ခုခံတော်လှန်ခဲ့ ကြတယ်။ ခု ၂ဝဝ၈ ဥပဒေနဲ့ချုပ်ကိုင်ထားချိန်မှာ ပြည်သူကို ကိုယ်စားပြုတဲ့ဥပဒေသမားတွေ အပြိုင်းအရိုင်းပေါ်ထွက်လာပြီး ဥပဒေကြောင်းအရ ပြည်သူတွေသက်သာအောင်လုပ်ဆောင်ပေးနေတာ အားရစဖွယ် တွေ့ရတယ်။
စာနယ်ဇင်းသမား - ခေတ်အဆက်ဆက်စာနယ်ဇင်းသမား မီဒီယာလုပ်သားတွေရဲ့အရေးပါမှုဟာ တောက်လျှောက်တည်ရှိခဲ့သလို ဒီနေ့ အင်တာနက်ခေတ်မှာ ပိုပြီးလျင်လျင်မြန်မြန်အကျိုးပြုနိုင်နေတယ်။
ဒီအင်အား ၂ ရပ်ဟာ ၂ဝဝ၈ ဥပဒေဖျက်သိမ်းရေးမှာ မရှိမဖြစ်လိုအပ်တဲ့အလွှာတွေဖြစ်တယ်။ သူတို့တတွေ လမ်းကြောင်းမှန်ပေါ်မှာ ပိုစုစုစည်းစည်း၊ ပိုခိုင်ခိုင်မာမာရပ်တည်လှုပ်ရှားတာကို ကျွန်တော်တို့ မြင်လိုပါတယ်။ အားပေးပါတယ်။
၈၊ နိုင်ငံရေးပါတီများ နှောင်ကြိုးမဲ့ ဖွဲ့စည်းခွင့်ရှိရေး 
နိုင်ငံရေးပါတီဆိုကတည်းက အာဏာပြဿနာ ပါလာပြီ။ ကွန်မြူနစ်တွေကို ‘အာဏာရှုး’တွေလို့(အာဏာကိုင်ထားတဲ့) ဖဆပလတွေက ပျစ်ပျစ်ခါခါ စွဲချက်တင်ဖူးတယ်။ ခေတ်က ပြောင်းလာပြီ။ အာဏာမရှိရင် ပြည်သူကိုနှိပ်စက်လို့မရသလို လူထုကောင်းကျိုးကို ထိထိမိမိမဆောင်ရွက်နိုင်ဘူး။ ဒါကို သဘောပေါက်လာကြပုံရတယ်။ “ကျွန်တော် ကျွန်မ သမ္မတဖြစ်ချင်ပါတယ်” လို့ ရဲရဲ(ပြောင်ပြောင်ပဲ) ပြောလာကြတယ်။ ပြည်သူကိုဆက်နှိပ်စက်ဖို့လား ပြည်သူ့အကျိုးကိုဆောင်ရွက်ချင်လို့လား - လက်တွေ့က ဖော်ပြကြပါလိမ့်မယ်။ တခါတရံ ဆန္ဒနဲ့လက်တွေ့က တခြားစီဖြစ်နေတာလည်း ရှိတတ်ပါတယ်။
နိုင်ငံရေးပါတီကိစ္စဆိုတာကိုပြောရင် ချန်လှပ်ထားလို့မရတဲ့ကိစ္စတခုက ‘မတရားသင်းတံဆိပ်ကပ်ပြီး နိုင်ငံရေးပါတီတချို့ကိုဘေးဖယ်ထားတဲ့ ကိစ္စပဲ။ ဒီပါတီတွေဟာ နိုင်ငံရေးပါတီတွေ ဖြစ်တယ်။ နိုင်ငံရေးလုပ်ခွင့် ရှိရပါမယ်။ ငါတို့ အကျိုးစီးပွားနဲ့တထပ်တည်းကျမှ ငါတို့ကို မဆန့်ကျင်မှဆိုရင်တော့ “ခင်ဗျားတို့ ပြောနေတာတွေ၊ ကမ္ဘာပတ်ပြီးကြေညာထားချက်တွေဟာ ‘လေလုံး’တွေပဲ”လို့ ပြောရပါလိမ့်မယ်။
၉၊ လက်တွေ့ဖော်ပြနေတဲ့သမိုင်းပြဿနာတခု
လွတ်လပ်ရေးခေတ်ကစပြီး အုပ်စိုးသူတွေဟာ (အာဏာထိန်းနိုင်ရင်ပြီးရော)သဘောနဲ့လုပ်ခဲ့တာတွေရှိတယ်။ မဲရရေးတခုတည်းကြည့်ပြီး တပွဲတိုးလုပ်ခဲ့လို့(နှစ် ၅ဝ ကျော်)လာတဲ့အခါ ‘ရိုဟင်ဂျာပြဿနာ’ဆိုတာ ပေါ်လာတာပဲ။ (ဖြေရှင်းရခက်တဲ့ပြဿနာပါ) ပေါ်လာတော့ စစ်အုပ်စုက မီးမွေးပေးလိုက်တယ်။ အခွင့်ပေါ်တိုင်း အဝန်းအဝိုင်းကိုကျယ်သွားအောင်လုပ်ခဲ့ကြတယ်။ ပြည်တွင်းပြဿနာကနေ နိုင်ငံတကာပြဿနာဖြစ်လာခဲ့ပြီး ကုလသမဂ္ဂအထိရောက်နေပြီ။ အိုအိုင်စီ မူဆလင် (၅၇) နိုင်ငံနဲ့ဆက်စပ်ပတ်သက် ရင်ဆိုင်ရတော့တယ်။ အင်ဒိုနီးရှား အကျဉ်းထောင်ထဲ၊ မလေးရှားရွှေ့ပြောင်းလုပ်သားထုထဲကနေ အိန္ဒိယဗုဒ္ဓဂါယာအထိ ဂယက်ရိုက်သွားခဲ့ပြီ။ ‘ပြည်တွင်းစစ်’ကိစ္စနဲ့အပြိုင် ပြည်သူတွေ ရင်တမမဖြစ်နေရတဲ့ကိစ္စပဲ။ ဝှက်ထားတဲ့လက်သီးပုန်း ဘယ်အချိန် ဘယ်ဘက်ကထွက်လာမလဲ။ စိုးရိမ်နေကြရပြီ။ ‘ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး’ မလုပ်နိုင်ရင် ‘တပ်မတော်၏ဦးဆောင်မှုကဏ္ဍ’ဆက်လက်ရှင်သန်အသက်ရှည် သွားပါလိမ့်မယ်၊
၁ဝ၊ ခွန်အားမရှိတဲ့အစိုးရ၊ ကြိုးကိုင်ခံနေရတဲ့အစိုးရ
ကြွေးကြော်ထားတာကသန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှု။ မကြာလိုက်ပါဘူး။ ဝန်ကြီးဌာနတွေရဲ့အဂတိလိုက်စားမှုတွေ တထွေးကြီး ပေါ်လာတယ်။ ဝန်ကြီးတချို့ ဖြုတ်ပစ်လိုက်ရတယ်။ (ခုအထိလည်း တဖြုတ်ဖြုတ်ပဲ) စာရင်းစစ်ချုပ်လည်း ပြုတ်သွားတယ်။ တကယ်က သူမှားတာ မဟုတ်။ သမ္မတနဲ့အောက်လွှတ်တော်ဥက္ကဌက အကွက်ချောင်းအာဏာပြိုင်တဲ့အထဲ သူက ကြားညှပ်ခံလိုက်ရတာ ဖြစ်တယ်။ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှု ဟုတ်မဟုတ် အခိုင်အမာသတင်း ၂ ပုဒ် ဖော်ပြပါမယ်။
သမ္မတရဲ့ ‘မြန်မာလာဘ်စားမှုတိုက်ဖျက်ရေးစစ်ဆင်မှု’မှာ ဝန်ထမ်း ၁၇,ဝဝဝ ခန့် အပြစ်ပေးအရေးယူခံရတယ်။ ဒီအထဲမှာ ရဲတပ်ဖွဲ့ဝင် အများအပြားပါဝင်တယ်လို့ဖော်ပြထားပေမယ့် စစ်တပ်ကလူ ဘယ်လောက်ပါတယ် မဖော်ပြဘူး။ (စစ်တပ်ကတင်တဲ့ ဒုသမ္မတ တင်အောင်မြင့်ဦးနဲ့ ဗိုလ်ချုပ်တချို့စာရင်း ၁၇,ဝဝဝ ထဲ ထည့်ရဲ့လား၊) ဝန်ထမ်း ၁၇,ဝဝဝ စားတဲ့လာဘ်နဲ့ တင်အောင်မြင့်ဦးတို့ စားတဲ့လာဘ် ဘယ်သူက များသလဲ၊ ဘယ်အချိုးအစား ရှိသလဲ၊ တွက်ချက်ကြည့်ချင်စရာပဲ။
နောက် စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ မျောက်မင်းအူသံသတင်း၊
‘ဝန်ကြီးဌာနတွေက ကိန်းဂဏန်းအစစ်အမှန်မပေးကြလို့ နိုင်ငံခြားအဖွဲ့အစည်းတွေကရတဲ့ကိန်းဂဏန်းတွေပဲ ယူရပြီး- မတူတာတွေ့ရလို့ အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာရေးဆွဲရာမှာ အခက်တွေ့နေရပါတယ်’လို့ ဆိုတယ်။ ဒီနေရာမှာ လုပ်ပိုင်ခွင့်အရှိဆုံးဆိုတဲ့သမ္မတရဲ့ အခြေအနေလည်းဖော်ပြဖို့လိုလာပါတယ်။ သမ္မတရာထူး ၂ နှစ်ပြည့်ရေဒီယိုမိန့်ခွန်းမှာ ‘ပြဿနာတရပ်ဖြစ်လာရင် အမြန်ငြိမ်းအေးအောင် ပူးပေါင်းဆောင်ရွက်ရမည့်အစား ပိုမိုကြီးထွားအောင် နောက်ကွယ်မှသွေးထိုးလှုံ့ဆော်မှုများ၊ ကိုယ်တိုင်ပါဝင်လုပ်ဆောင်မှုများရှိနေတယ်’လို့ ပြောသွားပါတယ်။ ဒါက ဗုဒ္ဓဘာသာ-မူဆလင် ထိပ်တိုက်တွေ့နေတဲ့ရန်ပွဲတွေကိုရည်ညွှန်းပြီး ပြောလိုဟန်ရှိတယ်။ နာမည်မဖော်ရဲကတည်းက အပြောရခက်တဲ့ မပြောရဲတဲ့လူတွေပါနေပုံရတယ်။ ဒီတော့ အရေးယူဖို့ဆိုတာ ဝေလာဝေးပဲ။ ခွန်အားမရှိတဲ့အစိုးရဆိုတာ ပုံပေါ်နေပါတယ်။
၁၁၊ အစိုးရနဲ့အတိုက်အခံဆိုတဲ့အပေါ် ဘယ်လိုနားလည်ရမလဲ -
အာဏာကိုင်ပြီးလူစုထားနိုင်တဲ့စစ်တပ်ကိုယ်စားပြုအစိုးရရယ်၊ လူထုထောက်ခံမှုအများဆုံးရအောင်စည်းရုံးထားနိုင်တဲ့လူထုခေါင်းဆောင်ရယ် ပူးပေါင်းဆောင်ရွက်ကြရင် ဗမာပြည်ပြဿနာအားလုံးဖြေရှင်းနိုင်ပြီး တိုင်းပြည်ငြိမ်းချမ်းသွားမယ်၊ အစစအရာရာအဆင်ပြေသွားမယ်(win-win) ဖြစ်သွားမယ်လို့စိတ်ကူးယဉ်နေတဲ့လူတချို့ရှိတယ်။ သူတို့ ဖြည့်စဉ်းစားစေချင်တဲ့အချက်အလက်တချို့ ပြောချင်တယ်။
- နအဖဘက်က ‘ဒီမိုကရေစီမှာ အတိုက်အခံရှိတယ်ဆိုတာ မဟုတ်ဘူး’လို့ ပြောတယ်။
- ဒီချုပ်ခေါင်းဆောင်က ‘နိုင်ငံတော်အားသစ္စာစောင့်သိသည့်အတိုက်အခံအဖွဲ့အစည်းအဖြစ် ရပ်တည်သွားမည်’လို့ တုံ့ပြန်တယ်။
- တခါ နအဖ ဘက်က ‘၂ဝဝ၈ အခြေခံဥပဒေအကောင်အထည်ဖော်တဲ့နေရာမှာ ဝိုင်းကူညီကြပါ’လို့ တောင်းဆိုတယ်။
- ဒီချုပ်ခေါင်းဆောင်က ‘လိုက်နာဆောင်ရွက်ပါမည်။ ဒါပေမယ့် အတိုက်အခံကတော့အတိုက်အခံပါပဲ’လို့ ပြောပြန်တယ်။
ပညာသားတော့ ပါကြပါတယ်။ ဒါပေမယ့် အူလည်လည်ကြီးပဲ။ အခြေခံလူတန်းစားတွေ ဘယ်လိုနားလည်ယူကြမလဲ။ သူတို့ပြောနေတဲ့ ‘ပွင့်လင်းမြင်သာမှု’ဆိုတာ ကိစ္စရပ်တော်တော်များများမှာ ခြေရာဖျောက်ထားကြတာ တွေ့နေရတယ်။ ပြောမဖြစ်တာတွေ များပုံရတယ်။ ဗမာပြည်မှာ ပွင့်လင်းမြင်သာမှုမရှိဆုံး(၂ ဖွဲ့) ဖြစ်နေတယ်။
အလျဉ်းသင့်လို့ ထပ်ဖြည့်ဖော်ပြချင်တာတခု ရှိပါတယ်။
တရုတ်မော်စီတုန်းရဲ့အောင်သွယ်ပေးမှုအထွက်ပစ္စည်းဖြစ်တဲ့ ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စအတွက် ဒုဥက္ကဌသခင်ဗသိန်းတင်နဲ့ ဗိုလ်ချုပ်ကြီးနေဝင်း ရန်ကုန်မှာတွေ့ကြတယ်။ သူ့ဘက် ကိုယ့်ဘက် အဖွဲ့လိုက် တွေ့ကြတာပါ။ ဗိုလ်နေဝင်းက တန်းစီနေတဲ့ တော်လှန်ရေးကောင်စီဝင်တွေ (မဆလအတွင်းရေးမှူး ဗိုလ်မှူးကြီးစောမြင့်အပါ)ဘက် လက်ညှိုးထိုးပြပြီး “ဒီကောင်တွေက နိုင်ငံရေးပါတီတခုကို ဘယ်လိုထူထောင်ပြီး ဘယ်လိုလည်ပတ်ရမယ်ဆိုတာကိုနားမလည်ဘူး။ ခင်ဗျားတို့က ကျွမ်းကျင်တယ်။ ဒါကြောင့် ‘မဆလ ပါတီ’ကို ခင်ဗျားတို့ဦးဆောင်ပါ။ ကျွန်တ်ာက တပ်ကိုပဲ ပြန်မယ်”ဆိုတဲ့သဘော ပြောတယ်။(နေဝင်းက ပါးတယ်၊ လျင်တယ်၊ အာဏာရဲ့အချက်အချာ ဘယ်မှာရှိတယ်ဆိုတာ သိတယ်။ ‘မဆလ’ကို ထိုးအပ်တာက ‘ဗကပ’ကို ဖျက်သိမ်းဖို့ကိုသွယ်ဝိုက်ပြောတာပဲ)
၁၉၈ဝ ခု တိန့်ရှောင်ဖိန်လက်ထက် ပီကင်းမှာ တွေ့တုန်းကလည်း “ကိုကျော်ငြိမ်းက သူ့ကို ‘ဗကပ တွေ သူပုန်ထဖို့လုပ်နေပြီ။ ပါတီဗဟိုဌာနချုပ်မှာ ပျဉ်းမနားကတပ်ရင်းတရင်းခေါ်ပြီး တင်ထားတယ်။ ဒါကို လက်ဦးအောင် ကိုယ်ကစပြီး ‘ချ’ရမယ်လို့ ပြောကြောင်း၊
သူက ‘ကိုကျော်ငြိမ်းရာ အဲဒီအပေါင်ဆိုင်(ပါတီဗဟိုဌာနချုပ်က တရုတ်အပေါင်ဆိုင်ဟောင်းမှာရှိနေတာ)ပေါ်မှာ ဘယ်လိုလုပ် တပ်ရင်းတရင်း နေနိုင်မှာလဲ’လို့ပြောခဲ့ရကြောင်း ပြောဖူးတယ်။ ” ဦးကျော်ငြိမ်းနဲ့ ဗကပအကြား ရန်တိုက်ခြေထိုးတဲ့စကားပါ။ (နေဝင်းက ဒီလိုနေရာမှာ အကွက်မြင်တယ်၊ ‘နု - ဆွေ - ငြိမ်း’ ကြားမှာ သူအဲဒီလိုခြေထိုးစကားပြောခဲ့၊ သွေးခွဲခဲ့လို့ ဖဆပလကွဲပြီး အာဏာအားလုံး သူ့အောက် ရောက်အောင်လုပ်ခဲ့တာကို ကြည့်ပါ)
ခု ဒီအခြေအနေ တကျော့ပြန်လည်လာပြီ ထင်တယ်။ ယှဉ်ထိုးကြည့်ဖို့ပါ။
ရဲဘော်တို့
အထက်မှာ တည်ရှိနေတဲ့အခြေအနေနဲ့ပြဿနာတွေကို တင်ပြခဲ့ပါတယ်။ ဒီကိစ္စတွေကို ကျွန်တော်တို့ ရှောင်လွှဲလို့မရဘူး။ လတ်တလောတာဝန်တွေအဖြစ် သဘောထားရပါမယ်။ ကျွန်တော်တို့ပါတီဟာ ယူဂျီပါတီဖြစ်တယ်။ ရေရှည်မြှုပ်နှံ၊ အင်အားစုဆောင်း၊ အခါအခွင့်ကောင်း စောင့်ရပါလိမ့်မယ်။ ထိုင်စောင့်နေဖို့ မဟုတ်။ လူထုအရေးအခင်းတွေထဲမှာနှစ်မြှုပ်ထားပြီး တက်တက်ကြွကြွ စောင့်ရလိမ့်မယ်။
တဆက်တည်း မျက်ခြည်မပြတ်ရမယ့်ကိစ္စတခု သီးခြားတင်ပြရင်း နိဂုံးချုပ်ပါမယ်။
၁၂၊ အမေရိကန်နဲ့တရုတ်တို့၏ ပြိုင်ဆိုင်မှု
အာရှပစိဖိတ်ပြိုင်ဆိုင်မှုက ဗမာပြည်ထဲအထိ ကျယ်ပြန့်လာခဲ့ပြီ။
တရုတ်က အခြေချထားပြီးသားစီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးတွေမှာ အာမခံချက်ဆက်ရှိလိုတယ်။ လက်ငုတ်လက်မလွတ်ရေး ပေါ်လစီပဲ။
အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်နဲ့အိန္ဒိယ၊ အာဆီယံတို့က ဒီအခွင့်အရေးတွေကိုဖဲ့ယူဖို့ ကြိုးစားနေတယ်။ အာရပ်နဲ့ကုလားအုတ်ပုံပြင် ထဲကလို တွန်းထိုးထုတ်နိုင်အောင် လုပ်ဆောင်နေကြတယ်။ တောင်ကိုးရီးယားနဲ့အာဆီယံနိုင်ငံတချို့က တချို့နေရာတွေမှာ အထိုင်ကျ နေကြပြီ။ အီးယူ၊ ဂျပန်၊ အိန္ဒိယတို့က ခေါင်းဝင်ထားကြပြီ။ အမေရိကန်က ရှေ့ခြေ ၂ ဖက်တောင်လှမ်းဝင်ထားနိုင်ပြီ။ နော်ဝေ ရှိသေးတယ်။
ဒီ ပြိုင်ဆိုင်မှုဟာ သည်းသန်ပြင်းထန်လာနိုင်ပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေက ခေါင်းဆောင်တွေ၊ အကြီးအကဲတွေခြေလှမ်းစိပ်နေကြတာ တွေ့တဲ့အတိုင်းပဲ။ ထုံးစံအတိုင်း ကမ္ဘာကိုစိုးမိုးချင်သူတွေက သူ့လူကိုယ့်လူ မွေးကြမှာပါ။
ကိုယ်ခံမကောင်းကြရင်ဖြင့်၊ တိုင်းချစ်ပြည်ချစ်စိတ် မရှိကြရင်ဖြင့်၊ မလုပ်တတ်မကိုင်တတ်ကြရင်ဖြင့် ဗမာဖရဲသီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားနိုင်ပါတယ်၊
ရဲဘော်တို့
ဗကပ က ပြည်ချစ်စိတ်ဓာတ် ရှေ့တန်းတင်ပါတယ်။ အရေးကြုံရင် ဒီစိတ်ဓာတ်ရှိသူတိုင်းနဲ့လက်တွဲပြီး တိုင်းပြည်ကိုကာကွယ်သွားပါမယ်။
နိုင်ငံသူနိုင်ငံသားတိုင်းကိုလည်း ပန်ကြားပါရစေ၊
“ချစ်လှစွာသောပြည်သူများ နိုးနိုးကြားကြားရှိကြကုန်လော့”
ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး မုချအောင်ရမည်
ဗဟိုစည်းရုံးရေးကော်မတီ
(ပြီး)......

0 comments:

Post a Comment