Saturday, October 26, 2013

ကိုလိုနီခေတ်မတိုင်မီဗမာနိုင်ငံအခြေအနေနှင့် ဗမာပြည်အလုပ်သမားလူတန်းစားပေါ်ပေါက်လာပုံ(အပိုင်း၃-ဂ)

0 comments
ကိုလိုနီခေတ်မတိုင်မီဗမာနိုင်ငံအခြေအနေနှင့် ဗမာပြည်အလုပ်သမားလူတန်းစားပေါ်ပေါက်လာပုံ (အပိုင်း၃-ဂ)
ဒီဇင်ဘာ ၁၁ ရက်နေ့ ညပိုင်းတွင် ကျောင်းသားသမဂ္ဂဥက္ကဌကိုဗဟိန်း၊ အတွင်းရေးမှူးကိုဗဆွေနှင့် အခြားကျောင်းသားခေါင်းဆောင် ၂ ယောက်တို့ သည် ရေနံချောင်းကျောင်းသား ကိစ္စများဖြေရှင်းအပြီး မကွေးသို့ရောက်ရှိလာသည်။ ကိုဗဟိန်းသည် ရေနံသပိတ်တပ်ကြီးအား ပုဒ်မ(၁၄၄)ကိုဖီဆန်၍ တရားဟောပြောသည်။ ကိုဗဟိန်း၏ကျော်ကြားလှသော“မြင်းခွာတချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမည်”မိန့်ခွန်းသည် ဤနေရာတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ အသက်သေသေ၊ အရိုးကျေကျေ ရည်မှန်းချက်ပန်းတိုင်အရောက် မမှိတ်မသုန်ချီတက်ကြရန်လည်း လှုံ့ဆော်ခဲ့သည်။ ထိုနောက် ကျောင်းသားခေါင်းဆောင်များလည်း အဖမ်းခံလိုက်ရသည်။ ကျောင်းသားခေါင်းဆောင်များနှင့်အတူ ရန်ကုန် တို့ဗမာအစည်းအရုံးမှတာဝန်ဖြင့် လွှတ်လိုက်သော သခင်စိုး၊ သခင်ဖေသန်း၊ သခင်ထိန်ဝင်းတို့လည်းအဖမ်းခံရသည်။ ကိုဗဟိန်း၊ သခင်စိုးတို့ကို ထောင် (၄)လ အပြစ်ကျခံစေပြီး အင်းစိန်ထောင်သို့ေ့ပြာင်းရွှေ့လိုက်သည်။ အချို့ကို မြင်းခြံထောင်သို့ပို့လိုက်သည်။
လမ်းညွန်ချက်ရလိုက်ပြီဖြစ်သောအလုပ်သမားတပ်ကြီးသည်လည်း နောက်တရက် နံနက် (၆)နာရီတွင် နံပါတ်တုတ်ကိုင်ပုလိပ်တပ်ဖွဲ့၊ လှံစွပ်တပ်၊ သေနတ်ကိုင်တပ်၊ မြင်းစီးတပ်များအတွင်းသို့ထိုးဝင်ဖြိုခွဲ၍ ချီတက်ကြတော့သည်။ မြို့သူမြို့သားများကဝိုင်းဝန်းအားပေးကြသည်။ ကျဆုံးသူ၊ ဒဏ်ရာရသူ၊ ဆွဲချုပ်အဖမ်းခံရသူအများအပြားရှိသော်လည်း နောက်မတွန့်ကြတော့ပေ။ ရိုက်နှက်သောနံပါတ်တုတ်ကိုင်ပုလိပ်များ၊ မြို့သူမြို့သားများနှင့်အလုပ်သမားများရောထွေးကုန်၍ လှံစွပ်သေနတ်များသုံးမရဖြစ်ခဲ့သည်။ မြင်းစီးပုလိပ်များက ဝင်၍ရိုက်ပြန်သည်။ မြို့သူမြို့သားများက ရရာလက်နက်ဖြင့်ညာသံပေး၍ခုခံကြသည်။ မြင်းစီးပုလိပ်များ တပ်လန်ကုန်ကြပြန်သည်။ ထိုသို့ဖြစ်နေချိန် ချိတ်ဆက်လုပ်ထားသည့်အတိုင်း ကိုဗဟိန်းက ထောင်အမိုးပေါ်တက်၍ ထောင်သားများအား လှုံ့ဆော်တရားဟောပြန်သည်။ ထောင်တွင်းမှာလည်း ရုတ်ရုတ်သဲသဲဖြစ်ကုန်တော့သည်။ ထောင်ဆူပြီအထင်ဖြင့် ပုလိပ်များ ထောင်ဘက်သို့ကူညီရန်ပြေးသွားကြပြန်သည်။ ထိုအခွင့်အခါကောင်းကိုအသုံးပြုပြီး သပိတ်တပ်ကြီးသည် မကွေးအပြင်ဘက်သို့ အောင်မြင်စွာဖောက်ထွက်နိုင်ခဲ့သည်။
ဆက်လက်ခရီးထွက်လာစဉ် ချောချောမွေ့မွေ့ဖြစ်ခဲ့သည်။ လမ်းတွင်လယ်သမားများကလည်း အလုပ်သမားသပိတ်တပ်ဖြင့် ပူပေါင်းလိုက် ကြသည်။ လယ်သမား (၂ဝဝဝဝ) ကျော်အထိပါဝင်ခဲ့သည်။ အလုပ်သမားအရေးအခင်းသက်သက်မဟုတ်တော့ပဲ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများ၏ အမျိုးသားလက္ခဏာဆောင်သည့် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲအဖြစ်ကူးပြောင်းသွားခဲ့သည်။

ကိုဗဟိန်း၊ ကိုဗဆွေစသည့်ကျောင်းသားခေါင်းဆောင်များအဖမ်းခံရခြင်းကြောင့် မကွေးကျောင်းသားများစတင်၍ သပိတ်မှောက်ဆန္ဒပြကြသည်။ ထိုမှတဆင့်တပြည်လုံးသို့ကျောင်းသား သပိတ်များကူးစက်သွားတော့သည်။ (၁၉၃၈) ခုနှစ် ဒီဇင်ဘာ(၂ဝ)ရက်နေ့တွင်ရန်ကုန်ရှိ အတွင်းဝန်ရုံးကို ကျောင်းသားများကဝိုင်းရံလိုက်ကြသည်။ အင်္ဂလိပ်မြင်းစီးပုလိပ်များ၏လက်ချက်ဖြင့် ကျောင်းသားခေါင်းဆောင်ကိုအောင်ကျော် ကျဆုံးခဲ့ပြီး ကျောင်းသား-ကျောင်းသူ(၂ဝဝ)ကျော်ဒဏ်ရာရခဲ့သည်။ ရေနံမြေအလုပ်သမား သပိတ်တပ်ကြီးက စစ်ကြောင်းတကြောင်းဖြင့် ရန်ကုန်သို့ချီတက်လာနေစဉ် အခြားတဖက် ပဲခူးခရိုင်နှင့်သထုံခရိုင်တို့မှ လယ်သမားစစ်ကြောင်းများဖြင့် ချီတက်လာနေ ကြသည်။ လယ်သမားများချီတက်ရသည့်အကြောင်းအရင်းမှာ (၉၁)ဌာနအုပ်ချုပ်ရေးလွှတ်တော်က လယ်သီးစားဥပဒေမူကြမ်း၊ လယ်လွှဲပြောင်းရေးဥပဒေမူကြမ်း၊ တက္ကသိုလ်ဥပဒေပြင်ဆင်ရေး မူကြမ်းတို့ကို ဆွးနွေးနေချိန်ဖြစ်သည်။ တို့ဗမာအစည်းအရုံး၏လက်အောက်ခံအဖွဲ့အစည်းတခုဖြစ်သော တောင်သူလယ်သမားအစည်းအရုံးကြီးက လယ်သမားများနှင့်ပတ်သက်သည့်ဥပဒေမူကြမ်းကိုအတည်ပြုပေးရန် တပြည်လုံးသို့စည်းရုံးလှုံဆော်ပြီး ဆန္ဒပြနေသည့်ကာလလည်းဖြစ်သည်။  (၁၉၃၈)ခုနှစ် ဒီဇင်ဘာ၁၄ ရက်နေ့တွင် ပျဉ်းမနား၊ တောင်ငူ၊ ပဲခူး၊ သထုံခရိုင်မှ လယ်သမားအင်အား (၂ဝဝဝဝ)ဖြင့် ရန်ကုန်၊ ဥပဒေပြုလွတ်တော်သို့ ဆန္ဒပြရန် ချီတက်လာကြခြင်းဖြစ်သည်။ ထိုလယ်သမားစစ်ကြောင်းသည်  ရန်ကုန်သို့ ဒီဇင်ဘာ(၁၉)ရက်နေ့တွင် ဆိုက်ရောက်သည်။ ရွှေတိဂုံရင်ပြင်တော်၌တပ်စွဲလိုက်သည်။
ရေနံမြေသပိတ်သည်(၁၉၃၉)ခုနှစ် ဇန္နဝါရီ(၈)ရက်နေ့တွင် ရန်ကုန်သို့ဆိုက်ရောက်သည်။ ထိုနေ့တွင် ရွှေတိဂုံရင်ပြင်တွင် ရေနံသပိတ်၊ လယ်သမားသပိတ်၊ ကျောင်းသားသပိတ်၊ ဝန်ထမ်းသပိတ် စသည့်သပိတ်ပေါင်းစုံအစည်းအဝေးကြီးတရပ်ကို ကျင်းပလိုက်ကြသည်။
ရန်ကုန်တွင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများသပိတ်တိုက်ပွဲဆင်နွှဲနေချိန်တွင် မန္တလေးမြို့မှပြည်သူလူထုက ရန်ကုန်သပိတ်ပေါင်းစုံကိုထောက်ခံဆန္ဒပြခဲ့ကြသည်။  (၁၉၃၉)ခုနှစ် ဖေဖော်ဝါရီလ(၁ဝ)ရက်နေ့တွင် အိမ်တော်ရာဘုရား၌ မြို့လုံးကျွတ်ဆန္ဒပြ လူထုအစည်းအဝေးကြီးတရပ်ကျင်းပခဲ့သည်။ အစည်းအဝေးသို့ ရဟန်းသံဃာ၊ သပိတ်မှောက်ကျောင်းသား၊ ကျောင်းသူများ၊ မြို့ပေါ်ရှိအသင်းအဖွဲ့ပေါင်းစုံမှ လူထုအင်အား (၂ဝဝဝဝဝ)ကျော်တက်ရောက်ခဲ့သည်။ အစည်းအဝေးဆုံးဖြတ်ချက်အရ လူထုကြီးသည် နယ်ချဲ့စနစ်၏ ဖိနှိပ်ရက်စက်မှုကို စီတန်းလှည့်လည်ပြီးဆန္ဒပြကြရန်ဖြစ်သည်။

ဆန္ဒပြလူထုကြီးသည် သုံးရောင်ချယ်အလံများ၊ ခွပ်ဒေါင်းအလံများ၊ ဆိုင်းပုဒ်များကိုင်ဆောင်လျက် အိမ်တော်ရာသပိတ်စခန်းမှ ဆိုင်းတန်း လမ်း၊ ထိုမှတဆင့်၂၆ ဘီလမ်းအတိုင်း ကြွေးကြော်သံများဖြင့် ချီတက်လာခဲ့သည်။ ချီတက်လာသောလူထုကြီးကို လက်နက်ကိုင်တပ်ဖြင့်အသင့်စောင့်နေသော အင်္ဂလိပ်စစ်တပ်က ဘီလမ်းပေါ်ရှိ အမ်ပီရီးယဲလ်ဘဏ်ရှေ့အရောက် သေနတ်ဖြင့်ပစ်ခတ်နှိမ်နင်းခဲ့သည်။ ထိုပစ်ခတ်မှုတွင် ရဟန်းတော်(ရ)ပါး၊ ကျောင်းသား(၃)ဦး၊ အရပ်သားပြည်သူ(ရ)ဦး သေနတ်မှန်၍ ကျဆုံးခဲ့သည်။ ကျဆုံးကျောင်းသား(၃) ဦးတွင် အသက်(၁၂)နှစ်အရွယ်ကျောင်းသား ဗိုလ်တင်အောင်လည်း ပါဝင်သည်။ အများအပြားဒဏ်ရာရကြသည်။ ဒဏ်ရာရသူထဲတွင် ရန်ကုန်မှတက်လာသော ကျောင်းသားခေါင်းဆောင်ကိုလှမောင်(ဗိုလ်ဇေယျေ)ပေါင်တွင်
သေနတ်အမှန်ခံရသည်။ လက်နက်မဲ့ရဟန်းရှင်လူပြည်သူတို့အားရက်စက်စွာပစ်သတ်ခဲ့သော သတင်းဆိုးသည်တပြည်လုံးသို့ပံျ့နှံ့သွားခဲ့သည်။ ရန်ကုန်တွင် တို့ဗမာအစည်းအရုံးမှဦးဆောင်၍ အသေခံဗိုလ်များရွေးကာ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြသည်။ အောင်လံမြို့တွင်ကျင်းပသော လူထုဆန္ဒပြပွဲတွင်လည်း ပုလိပ်ပစ်ခတ်မှုကြောင့် ဗိုလ်ဗဖိုး ကျဆုံးခဲ့ရသည်။

ကိုလိုနီမြန်မာနိုင်ငံသမိုင်း၌ (၁၃ဝဝ)ပြည့်အရေးတော်ပုံသည် ပြည်သူလူထု၏ညီညွတ်မှုစွမ်းအားကို အစွမ်းကုန်ဖော်ပြလိုက်သည့် သမိုင်းမှတ်တိုင်တခုဖြစ်သည်။
အကျိုးဆက်အားဖြင့် ဒေါက်တာဗမော်ညွန့်ပေါင်းအစိုးရပြုတ်ကျသွားသည်။ ဦးပုအစိုးရတက်လာသည်။ သို့သော်အလုပ်သမား၊ လယ်သမား သန်းပေါင်းများသော ပြည်သူတို့ဘဝကား ထူးခြားပြောင်းလဲမလာခဲ့ပါ။ (၁၃ဝဝ)ပြည့်အရေးတော်ပုံကြီးအား နယ်ချဲ့အစိုးရကအင်အားသုံးပြီး အကြမ်းဖက်ဖြိုခွဲခဲ့သည်။ အနုနည်းဖြင့်လည်းဖြိုခွဲခဲ့သည်။ ထိုအချိန်မှစ၍ တို့ဗမာအစည်းအရုံးကြီးလည်း တိုးတက်သောသခင်ကိုယ်တော်မှိုင်းဂိုဏ်းနှင့် သခင်ဗစိန်ဂိုဏ်းဟူ၍ကွဲခဲ့သည်။ လူထုနှင့်ချီသောတိုက်ပွဲတိုင်း၊ လှုပ်ရှားမှုတိုင်းတွင် အတွေ့အကြုံနှင့်သင်ခန်းစာရရှိစမြဲဖြစ်သည်။ (၁၃ဝဝ)ပြည့်အရေးတော်ပုံမှ ဗမာပြည်လွတ်လပ်ရေးတိုက်ပွဲများအတွက် ပြည်သူများ၏ဘဝများ၊ အသက်များနှင့်ရင်းနှီးခဲ့ရသည့်သင်ခန်းစာများကို ရရှိလိုက်ပါသည်။ (၁၃ဝဝ)ပြည့်အရေးတော်ပုံသည် ရည်မှန်းချက်သို့ တချီတည်းဖြင့်မချီတက်တက်နိုင်ခဲ့ပါ။ ဆုံးရှူံးခဲ့ရသည်။
အရေးတော်ပုံမှ အရေးကြီးသင်ခန်းစာနှစ်ခု ရရှိလိုက်ပါသည်။

0 comments:

Post a Comment