Saturday, October 19, 2013

အထူးကွန်ဖရင့်သို့တင်သွင်းတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုစည်းရုံးရေးကော်မတီရဲ့ နိုင်ငံရေးအစီရင်ခံစာ (အပိုင်း-၃)

0 comments
အထူးကွန်ဖရင့်သို့တင်သွင်းတဲ့
ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုစည်းရုံးရေးကော်မတီရဲ့
နိုင်ငံရေးအစီရင်ခံစာ (အပိုင်း-၃)
ပြည်ချစ်ဝါဒကိုစွဲကိုင် -ပြည်တွင်းငြိမ်းချမ်းရေးကိုရှေးရှု -တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေး အတွက်တိုက်ပွဲဝင်ကြ
(ခွဲခွဲပြီးတင်ပါ့မယ်။ ဒါက ခွဲတင်ပိုင်း အမှတ်(၁)ပါ)
အပိုင်း (ခ)
လူဦးရေစီးဆင်းမှု

၂ဝ၁၂ ခုနှစ် အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ထုတ်ပြန်ချက် အရ ဗမာပြည်ရဲ့လူဦးရေဟာ (၆ဝ ဒသမ ၆ သန်း)ရှိပြီး လွန်ခဲ့တဲ့(နှစ် ၂ဝ)အတွင်း လူဦးရေစီးဆင်းမှုမှာ အဓိကအားဖြင့် ကျေးလက်မှမြို့ပြသို့သာ စီးဆင်းခဲ့ကြောင်း။ ကျေးလက်လူဦးရေဟာ(၇ဝ ရာခိုင်နှုန်း)ဆိုပေမယ့် တဖြည်းဖြည်းလျော့နည်းလာခဲ့ကြောင်း။ တနှစ်ကို(၃ ရာခိုင်နှုန်း)နဲ့ မြို့ပြသို့ရွှေ့ပြောင်းနေတာမို့ ၂ဝ၁၂ ခုနှစ်မှာ(၆၆ ရာခိုင်နှုန်း)ပဲ ရှိတော့တယ်လို့ဆိုပါတယ်။ လယ်သမားအလုပ်လက်မဲ့တပ်ကြီးက မြို့ကြီးတွေ။ နယ်စပ်တွေ အိမ်နီးချင်းနိုင်ငံတွေနဲ့အလုပ်ရုံ။ စက်ရုံ။ လမ်းလုပ်ငန်း။ ကျောက်တင်းတွေဆီ လျှံကျသွားပါတော့တယ်၊
တပ်ပိုင်မြေ
ဗမာပြည်တပြည်လုံးမှာ စစ်တပ်မရှိတဲ့အရပ် မရှိပါဘူး၊ စစ်တပ်တွေက သူတို့တည်ရှိရာ အရပ်ဒေသက လယ်ယာမြေအမြောက်အမြားကို စစ်တပ်ပိုင်အဖြစ်သိမ်းကြပါတယ်၊ စစ်အုပ်စုက ပြည်တွင်းစစ်အဆက်မပြတ်တိုက်။ တိုင်းပြည်ဘဏ္ဍာတွေ ယူချင်တိုင်းယူ။ သုံးချင်တိုင်းသုံး။ ဖြုန်းချင်တိုင်းဖြုန်းလို့ ဖြူခါပြာခါကျလာတော့ အဓိကနည်း (၂)နည်း သုံးလာပါတယ်၊
(၁) သယံဇာတတွေ ရသမျှဈေးနဲ့ ရောင်းချပစ်တဲ့နည်း၊
(၂) မကြွေးနိုင်မမွေးနိုင်ဖြစ်နေတဲ့တပ်ကို ‘တို့တတ်နိုင်တာက ဒီလောက်ပဲ။ ကျန်တာ မင်းတို့ဘာသာ ရှာစားပေတော့’လို့ အမိန့်ထုတ်တဲ့နည်း ဖြစ်တယ်၊
ဒီလိုနဲ့ တပ်ပိုင်မြေဆိုင်းဘုတ်တွေ ထောင်လာကြတာဖြစ်ကုန်တယ်၊ တပြည်လုံးအနှံ့ဆိုင်းဘုတ်တွေ တွေ့နိုင်ပါတယ်၊ ဒီလယ်မြေတွေပေါ်မှာ သူတို့ကိုယ်တိုင် လုပ်စားကြတာမဟုတ်ဘူး၊ တပ်ရန်ပုံငွေအတွက်ဆိုပြီး မူလလက်ငုတ်လက်ရင်းတွေကိုဖြစ်ဖြစ်၊ တခြားသူတွေကိုဖြစ်ဖြစ် လုပ်ကိုင်စေပြီး သီးစားခတောင်းယူကြပါတယ်၊ တတပ်တွေက နာမည်ခံလုပ်ပြီး ရွာထဲက ဒေသခံတွေကိုခေါ်ပြီး လုပ်အားပေးခိုင်းတာပါ၊
ပျိုးထောင်ကောက်စိုက်ချိန်မှစပြီး ရိတ်သိမ်းခြွေလှေ့။ စပါးသိမ်းပြီးသည်အထိ ဒေသခံရွာသားတွေကပဲ လုပ်ပေးရတာပါ၊
ဒုက္ခ ၃ ခု
လယ်သမားတွေ နှစ်စဉ်ဖြေရှင်းလို့မရနိုင်တဲ့ဒုက္ခကြီး(၃ ခု)ရှိပါတယ်၊
၁၊ စိုက်ပျိုးစရိတ် မလုံလောက်ခြင်း၊
၂၊ တင်ရှိနေတဲ့ကြွေးမြီများ တရိပ်ရိပ်တက်လာနေခြင်း၊
၃၊ သီးနှံပေါ်ချိန်ရောက်တိုင်း သီးနှံဈေးတွေ အနိမ့်ဆုံးသို့ထိုးကျနေတတ်ခြင်းတို့ ဖြစ်တယ်၊

အပိုင်း (ဂ)
လယ်သမားကိစ္စ ချုပ်ကြည့်ရင်
- နိုင်ငံခြားကို ဆန်အမြောက်အမြားထုတ်ရောင်းနိုင်လောက်အောင် လယ်သမားတွေက ထုတ်လုပ်ပေးခဲ့တယ်၊ သူတို့ဘက်က တာဝန် ကျေတယ်၊
- တာဝန်မကျေတာက အစိုးရဘက်ကပဲ။ ဒုက္ခပေးနေတာက စစ်အာဏာရှင်စနစ်ပဲ။ လက်တွေ့မှာ အဓိကဒုက္ခပေးတာက နိုင်ငံတော်မြေရှင်ချုပ်ကြီးရယ်။ စစ်တပ်နဲ့ ခရိုနီခေါ်တဲ့ အမြီးစားဖက်ခေါင်းစားဖက်လုပ်ငန်းရှင်ကြီးတွေ ဖြစ်တယ်၊ အဲဒီနောက် ဒုက္ခပေးသူတွေကတော့ မြေယာပေါ်ကအမြတ်ထုတ်။ ငွေတိုးကြီးစား နောက်ဆုံး လယ်ယာတွေပါသိမ်းယူသွားတဲ့ငွေရှင်ကြေးရှင် မြေရှင်တွေ။ မြို့ပေါ်က ဈေးကစား ဈေးနှိမ်ကြတဲ့ကုန်သည်ပွဲစားတွေပဲ၊ 
- ခံရတာက လယ်သမား ငဘတွေ ဖြစ်တယ်၊ ဒီဒုက္ခတွေကို ခေါင်းပေါ်တင်ရွက်ထားကြရတယ်၊ အဆင်းရဲအပင်ပန်းဆုံးဒုက္ခကို ခံကြရပြီး အနိမ့်ကျဆုံးဘဝမှာ နေကြရတာတွေ။ ဘက်စုံက အနှိပ်စက်ခံရ။ သဏ္ဍန်မျိုးစုံနဲ့ သွေးအစုပ်ခံရတာတွေကြောင့် သူတို့ မကျေမနပ် ဖြစ်နေကြတယ်၊ ဒါ့ကြောင့်လည်း မခံမရပ်နိုင်ဖြစ်ပြီးပေါက်ကွဲလာကြတာပါ၊ မိုးထိမိုးမိ။ မလက်တို။ နှစ်ကျပ်ခွဲ။ လက်ပံတောင်းတောင် ကိစ္စတွေသာမက တပြည်လုံးအနှံ့ ပုံစံအမျိုးမျိုးနဲ့တုံ့ပြန်တိုက်ပွဲဝင်နေကြတဲ့ကာလပါ။ ဦးသိန်းစိန်အစိုးရ(၂ နှစ်)ကျော်ကာလသက်တမ်း အတွင်းမှာပဲ ဖြစ်နေတာပါ၊
ကျွန်တော်တို့ပါတီအနေနဲ့ ဒီအရေးအခင်းတွေမှာ လယ်သမားတွေကိုထောက်ခံတယ်။ လယ်သမားတွေဘက်က ရပ်တည်တယ်။ တိုက်ပွဲစဉ်တွေအတွင်းမှာ နေရာမျိုးစုံကပူးပေါင်းပါဝင်တိုက်ပွဲဝင်သွားမယ်၊
‘လယ်သမားများအတွက် လတ်တလောတောင်းဆိုချက်များ’
၁၊ ကျေးလက်ရှိ ထုတ်လုပ်ရေးအင်အားစုများ လွတ်လွတ်လပ်လပ်ဖြစ်ပေါ်တိုးပွားစေရန်နှင့် လယ်ယာထုတ်လုပ်မှု တကယ်တမ်းတိုးတက်နိုင်ရန် အတွက်လည်းကောင်း။ စက်မှုလယ်ယာဖြစ်ထွန်းရေးအတွက်လည်းကောင်း မြေယာပြုပြင်ရေးကို ခြေလှမ်းရှိရှိ။ အစီအစဉ်ရှိရှိ။ ခွဲခြားမှုရှိရှိ အကောင်အထည်ဖော်ရေး၊
၂၊ ပဒေသရာဇ်မြေရှင်စနစ်ကို လုံးဝဖျက်သိမ်းရေး။ သဏ္ဍာန်အမျိုးမျိုးဖြင့်တည်ရှိနေသောသီးစားခများ ဖျက်သိမ်းရေး။ လယ်လုပ်သူ လယ်ပိုင် စေရေး။ လယ်သမားများအား လက်ငုတ်လယ်လက်မလွတ်စေဘဲ မိမိဆန္ဒအတိုင်း စိုက်ပျိုးခွင့်ပြုရေး။ လွတ်လပ်စွာရောင်းချခွင့်ပြုရေး၊
၃၊ စစ်တပ်ပိုင်လယ်မြေအဖြစ်သိမ်းဆည်းခြင်း မပြုရေး။ လယ်သမားများထံမှသိမ်းယူထားသောလယ်မြေများအား ပြန်ပေးရေး။ စစ်တပ်ပိုင် လယ်မြေများတွင် အရပ်သားများအား အခမဲ့လယ်လုပ်ငန်းလုပ်ခိုင်းခြင်းများကို ရပ်ဆိုင်းရေး။ အခမဲ့လုပ်အားဆင့်ဆိုခြင်း။ အဓမ္မရန်ပုံငွေ ကောက်ခံခြင်းများမပြုလုပ်ရေး။ စီမံကိန်းဝင် စက်မှုဇုန်များတည်ဆောက်ရာတွင်လည်းကောင်း။ အိုးအိမ် ဆည်ဆောက်ရေးစီမံကိန်းများ အကောင်အထည်ဖော်ရာတွင်လည်းကောင်း လယ်မြေများသိမ်းလျှင် လက်ငုတ်လယ်သမားများ၏ဆန္ဒနှင့ညှိနှိုင်းကာ တန်ရာတန်ဖိုးပေးရေး၊ လယ်ယာလက်လွတ်ဆုံးရှုံးသွားသည့်လယ်သမားမိသားစုဘဝ ရပ်တည်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များဖန်တီးပေးရေး၊
၎၊ ဆင်းရဲသည့်လယ်သမားများကို အချက်အလက်ကန့်သတ်မှုမပါဘဲ အတိုးနှုန်းနည်းနည်းဖြင့် အမတော်ကြေးထုတ်ပေးရေး။ တကယ်တမ်း ပြန်မဆပ်နိုင်သည့်အမတော်ကြေးဟောင်းများကို လျှော်ပစ်ရေး။ ချေးငှားသူများလည်းချေးငှားချင်အောင် ဆင်းရဲသားများလည်း အကျိုးရှိအောင် သင့်တင့်သောအတိုးနှုန်းထားသတ်မှတ်ချက်ရှိသည့် အတိုးနှုန်းဆိုင်ရာပြဌာန်းချက်တခု ချမှတ်ပေးရေး၊
၅၊ ခရိုနီများအား နှစ်ရှည်ဂရန်ချပေးထားသော လက်တွေ့မလုပ်ကိုင်သောမြေယာများ။ မြေလွတ်မြေရိုင်းများ။ ပလပ်မြေများကို ပြန်လည်သိမ်းယူကာ လယ်သမားများအားလုပ်ကိုင်စေခြင်း၊ လယ်သစ်ဖော်လိုသော လယ်မဲ့ယာမဲ့ ဆင်းရဲသားလယ်သမားများအား ချေးငွေအကူအညီပေးခြင်း။ အခွန်ပလပ်ခြင်းတို့ဖြင့် ကူညီအားပေးရေး။ တရားဝင်ဦးပိုင်ခွင့်ပြုရေး။ အထူးသဖြင့် တောင်ပေါ်ဒေသ တောင်ယာသမားများအား ဥပဒေအရအကာအကွယ်ပေးရေး၊
၆၊ သယံဇာတတူးဖော်ခြင်းလုပ်ငန်းများကို နိုင်ငံခြားကုမ္ပဏီများ။ ပြည်တွင်းခရိုနီများအား လုပ်ကိုင်ခွင့်ချပေးရာတွင် ဒေသခံလူထု၏ သဘောထားဆန္ဓယူခြင်း။ ညှိနှိုင်းလုပ်ဆောင်မှုများရှိရေး။ လုပ်ငန်းဆိုင်ရာစာချုပ်စာတမ်းများချုပ်ဆိုရာတွင် ပွင့်လင်းမြင်သာမှုရှိရေး။ နယ်ခံလူထုအား အသိပေးရေး။ နယ်ခံလူထုအားလည်း အကျိုးရှိစေရေး၊ ဘေးအန္တရာယ်ကင်းရေး။ နိုင်ငံ၏ရေမြေတောတောင် သဘာဝပတ်ဝန်းကျင်မထိခိုက်စေရေး။ သယံဇာတများ ရေရှည်အကျိုးရှိစွာအသုံးချနိုင်ရေး၊
၇၊ လယ်ယာအလုပ်သမားများအပါအဝင် အခြေခံလယ်သမားထု၏အကျိုးစီးပွားကိုအကာအကွယ်ပေးမည့် လယ်သမားသမဂ္ဂများဖွဲ့စည်းခွင့် ရရေးတို့ လိုအပ်ပါတယ်၊

0 comments:

Post a Comment