Wednesday, October 30, 2013

ဘယ်သူကိုယ်စားပြုတဲ့ အစွန်းရောက်အမျိုးသားရေးလဲ (မျိုးမြင့်ချို)

0 comments
ဘယ်သူကိုယ်စားပြုတဲ့ အစွန်းရောက်အမျိုးသားရေးလဲ (မျိုးမြင့်ချို) July 19, 2013  
ခုတလော လူမျိုးရေးဝါဒီ Racists တို့၏အကြမ်းဖက်မှုနှင့် Nationalism အမျိုးသားရေးဝါဒကို လုံးရိုက်သူများလာသလို မသိသားဆိုးရွား သံယောင်လိုက်သူများလည်း မနည်းလှ။ နိုင်ငံရေးရေချိန်ရှိသည်ဟုဆိုသူတို့မှာပင် "အမျိုး၊ ဘာသာ၊ သာသနာတော့ စောင့်ရှောက်ကာကွယ်သင့်ပါတယ်"ဆိုကာ မျက်စေ့လည်လည်ပြနေကြတာလည်း သတိထားမိ၏။

ဦးဆုံးပြောချင်သည်က Racism ဆိုသည့် လူမျိုးအစွန်းရောက်ဝါဒအကြောင်း။ ထို Racism ကို တကျောင်းတဂါထာ တရွာတပုဒ်ဆန်း အနက်ကွဲစွာ မည်မျှဖွင့်စေကာမူ အနှစ်ချုပ်သံခိပ်ပြုရာ၌မူတူ၏။ ယင်းမှာ လူမျိုးတမျိုးသည် အခြားလူမျိုးတို့ထက်သာလွန်/ထူးခြား/ကောင်းမြတ်သောအရည်အသွေးရှိ၏ ဆိုခြင်းပင်။ ထိုပေါ်အထိုင်ချ၍  အထက်တက်သော် ဗျာဓိတ်ခံလူမျိုးတွေ၊ သာကီတွေ/ဇာနည်တွေဖြစ်လာ ၏။ ယင်းတို့မှတပါး အခြားအမျိုးများမှာ မမြတ်ဖြစ်လာ၏။ ထို မမြတ်သူတို့နှင့် သွေးနှောမျိုးစပ်မရသို့ရောက် လာ၏။ ထိုကတဆင့် လူမြတ်မျိုးတို့ကသာ မြေကမ္ဘာနှင့်တပါးသူတို့အား စိုးမိုးအုပ်ချုပ်ထိုက်၏ အထိရောက်တော့ မျိုးတုန်းသုတ်သင်မှုတွေနှင့် သွေးချောင်းစီးတော့၏။ ထိုလူမျိုးအစွန်းရောက်အယူနှင့် ဘာသာကိုးကွယ်ယုံကြည်မှုကား ချဉ်သီးနှင့်ဆား။ ထိုနှစ်ခုတွဲပြီးတို့လျှင် လူဉာဏ်မွဲတို့ခံနိုင်ခဲ၏။ ဆွေ့ဆွေ့ခုန်၏။  ဆတ်ဆတ်ခါ၏။ လူနပ်တို့ကလည်း ပါး၏။ တို့ရန်လိုတိုင်း ထုတ်ထုတ်တို့၏။ တို့တိုင်းလည်း အောင်သည်ချည်း။ သဘောက လူမျိုးကိုဘာသာနှင့်တွဲပေးလိုက်ခြင်းပင်။ လူသည် မိမိကိုးကွယ်ရာသာအမှန်ဟု ယူသည်မဟုတ်လား။ အယူမှန်ဟုဆိုသည် မဟုတ်လား။ ကျန်အယူမှန်သမျှ မိစ္ဆာဒိဌိလိုက်ရသည်ချည်း မဟုတ်လား။ ဆိုတော့ ကိုယ့်ဖါသာသမ္မာဒိဌိနေသောကိစ္စကို အခြားသူကဝေဘန်လာလျှင် သို့မဟုတ် ထိပါးလာသည်ဟုခံစားလာရလျှင် ငယ်ထိပ်မြွေပေါက်သည်ထက် ဆိုး၏။ သွေးရူးသွေးတမ်းဂမူးရှူးထိုးနှင့် တုတ်ဆွဲဓါးဆွဲ ဆွဲတော့၏။

ဆိုဗီယက်ယူနီယံနှင့်အတူ ရုရှားဆိုလစ်စနစ်အပြိုတွင် လူမျိုး/ဘာသာအခြေခံပဋိပက္ခ ထိပ်တက်လာသလို ရှိ၏။ တနည်းဆိုရလျှင် အမျိုးသားရေးအမည်ခံ ဘာသာ/လူမျိုးစွဲအစွန်းတရားများ၊ အကောက်အယူများ၊ အယူသီးလူများ၊ ခေတ်စားသလိုဖြစ်လာ၏။ ထိုသဏ္ဍန်အမျိုးသားရေးလက္ခဏာနှင့်လှုပ်ရှားမှုကို လက်သစ် အမျိုးသားရေးဝါဒဟု လူအချို့ကသမုတ်၏။ ဤနေရာ၌ ထူးဆန်းသည်မှာ ထိုတဇောက်ကန်းအစွန်းရောက် တို့က ခေတ်ပညာတတ်များဖြစ်နေခြင်းပင်။ ကိုလိုနီထမ်းပိုးအောက်က ရုန်းထွက်ခြင်းနှင့်ကွန်မြူနစ်ဝါဒကို ဆန့်ကျင်ခြင်းတွင် အမျိုးသားရေးဝါဒမှာ ဇော်ဂျီတောင်ဝှေးနှယ် တို့သမျှဆေးဖြစ်၏။ အစွမ်းလည်းထက်၏။ စစ်အေးတခေတ်လုံး ပိုးမွေးသလိုမွေးကာ ကွန်မြူနစ်တစ္ဆေကို တောကူလှန့်ပေးခဲ့သည့်လူမျိုး/ဘာသာရေး အုပ်စုများသည် ကွန်မြူနစ်တို့ချိနည့်သွားသည့်အခါ အစွယ်ပြူးပြူးနှင့် မွေးသူကိုကာပြန်ကာ ဘီလူးကြိမ်း ကြိမ်းနိုင်သည့်အနေအထားထိရောက်လာ၏။ ဤတွင် “ယဉ်ကျေးမှုများတိုးတိုက်မိ”တို့ “အကြမ်းဖက်မှု အပေါ်ဆင်သည့် စစ်ပွဲ” တို့ဖြစ်လာ၏။ အမျိုးသားရေးဝါဒသည် "အသွားနှစ်ဖက်ပါသည့်ဓါး"ဖြစ်၏။ ခုတ်သူရော ခုတ်ခံရသူပါပြတ်ရှ၏။ ဖိနှိပ်ရာတွင်ရော ဖိနှိပ်မှုကိုတွန်းလှန်ရာတွင်ရော အသုံးတည့်၏။ အမျိုးသားရေးဝါဒသည် ထိုးစစ်ရောခံစစ်တွင်ပါအသုံးကျ၏။ မိမိထိုးရမည့် သို့မဟုတ် ခံတိုက်ရမည့်သူသည် တိုင်းတပါးသား၊ အယူမတူ၊ ဘာသာမတူ၊ လူမျိုးမတူ၊ ရုပ်ရည်ကအစမတူဆိုလျှင် ပိုသဲကွဲပြီးလက်ညှိုးထိုးရ ပိုလွယ်ကူသည်မဟုတ်လား။ တိရိစ္ဆန်တို့နှယ် အမျိုးမတူဇာတိမတူဆိုလျှင်ကိုက်ချင်ဖဲ့ချင် တိုက်ချင်ခိုက်ချင် စိတ်သည် လူ့စိတ်တမျိုးပင် မဟုတ်လား။ ထိုဗီဇစိတ်ကို လိုရာပန်းတိုင်ရောက်ရန် ကျကျနနဆွပေးနိုင်လျှင် သိဒ္ဓိမြောက်ကာလိုရာပေါက်၏။

လွန်လေပြီးသော နှစ် (၁ဝဝ)က ဗမာပြည်တွင် စထွန်းခဲ့သောအမျိုးသားရေးဝါဒသည် သူ့ပုံစံနှင့်သူ၊ သူ့အထိုင်နှင့်သူ ဖြစ်၏။ နှစ်(၁ဝဝ) ဟု ဆိုခြင်းမှာ ဗမာ့အမျိုးသားရေးဝါဒ ပီပီမည်မည်ဖြစ်လာသည့် ပထမကျောင်းသားသပိတ် (၁၉၂ဝ)မှစရေတွက်ခြင်းပင်။ သူ့အထိုင်နှင့်သူ သူ့ပုံစံနှင့်သူဟုဆိုခြင်းမှာ ထိုကာလအမျိုးသားရေးဝါဒလက္ခဏာတွင် စက်မှုအရှင်းရှင်များကမ္ဘာပတ်လာခြင်းအား ဆန့်ကျင်ခြင်းမှာ အဓိကအချက်ဖြစ်နေခြင်းကြောင့်ပင်။ (ထိုမတိုင်မီအမျိုးသားရေးမှာ ထီးကျိုးစည်ပေါက်ကိုနာကျည်း၊ ကိုယ့်မင်းကိုယ့်ချင်းကိုတမ်းတ၊ မင်းလောင်းမျှာ်ရင်း “သေသော်မှတည့် သြော်..ကောင်း၏”ထက်မပိုသေး) သခင်သစ်ကလည်း ပဒေသရာဇ်အဆောင်အယောင်နှင့် သက်ဦးဆံပိုင်နေရာတွင် ဆိုင်ကြီးကန္နားနှင့်အလုပ် ရုံကြီးများနှင့်အစားထိုးလာ၏။ ယဉ်ကျေးမှုသစ်ဆိုကာ အဝတ်အစားအနေအထိုင် အသုံးအဆောင်များသာ မက အပြုအမူနှင့်လူ့ဆက်ဆံရေးသဏ္ဍန်တို့ပါ ကျွဲကူးရေပါလိုက်ပြောင်းကြ၏။ အခြေအနေသည် ခေတ်အဟောင်း ပြောင်းကြွတမလွန်မဟုတ်လား။

ထိုအခြေအနေကို အောင့်သီးအောင့်သက်လက်ခံနေရင်းမှပင် ကျူးကျော်နယ်ချဲ့လာသူအား သူပေးထားသည့်ဒီမိုကရေစီ"ဂွင်" အတွင်းမှ ပြန်လှန်ထိုးနှက်ခဲ့ရ၏။ ဗမာပြည်က “ပြည်တွင်းဖြစ်ကို အားပေးပါ” နှင့် “အိန္ဒိယက လက်လှည့်ဗိုင်းငင်စက်ကလေး”မှာ ထင်ရှားသည့် သင်္ကေတ။ ဤသို့ ယဉ်ကျေးမှုသစ်နှင့် နယ်ချဲ့အဆောင်အယောင်တို့အားဆန့်ကျင်ဖီဆန်ရင်း တလွဲဆံပင်ကောင်းတွေလည်း ပါပါလာ၏။ မိန်းကလေးတွေ လှချင်ပချင်၍ဇာအင်္ကျီပါး ဇာဘော်လီဝတ်သည်ကို အမြင်မတော်ဆို၍ အရှက်ခွဲကြခြင်းမှာ အမျိုးသားရေးဝါဒခေါင်းစဉ်အောက်က အမျိုးသမီးထုအားတဘက်သတ်အနိုင်ကျင့် ဖိနှိပ်ခြင်းဖြစ်သလို စက်မှုအရင်းရှင်စနစ်ကိုသွယ်ဝိုက်ဆန့်ကျင်ခြင်းလည်းဖြစ်၏။ ဘိုကေကိုမုန်း၍ ကတုံးဆံထောက်နှင့်နေသူ၊ ပန့်ခ်ရှူးကိုအမြင်ကပ်၍ ခုံဖိနပ်စီးသူ၊ ဘလေဇာကုပ်ကိုကြည့်မရ၍ ပင်နီဝတ်သူ ဒါတွေလည်း အမျိုးသားရေးလက္ခဏာနှင့် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓါတ်တွေပဲ မဟုတ်လား။ ထိုစဉ်ကလည်း ဗမာ့အမျိုးသားရေးဝါဒီတို့မှာ ပညာတတ်များပင်ဖြစ်၏။ ထိုစဉ်က ယူနီဗာစတီကျောင်းသားအချို့မှာတွင် “အားရင် ကုလားထွက်ရိုက်ကြတာပေါ့” ဆိုသည်အထိ တဇောက်ကန်းတွေရှိခဲ့ဖူး၏။ ဒို့ဗမာအစည်းအရုံး သည်ပင်လျှင် ထိုပညာတတ်တဇောက်ကန်းတို့ ပျိုးလိုက်သည်မှန်သော်လည်း လူမျိုးစုံနိုင်ငံတကာဝါဒီတို့ အချိန်မီအုပ်စီးနိုင်၍သာ လမ်းကြောင်းမှန်ပေါ် ”တက်”သွားခြင်းဖြစ်၏။

ယခု ရွှေပြည်ကြီးက အမျိုး ဘာသာ သာသနာခေါင်းစဉ်ဖြင့်ခေတ်စားနေသည့် အစွန်းရောက်အမျိုးသားရေး မှာ ခုမှ ကောက်ကာငင်ကာ ထိုးထွက်လာခြင်းမဟုတ်။ အနှစ်နှစ်အလအလသန္ဓေတည်ပြီး အကြိမ်ကြိမ်ပြန် ရှင်သန်ဖွားမြောက်နေခြင်းပင်ဖြစ်၏။ အုပ်စိုးသူတို့ဘက်က လိုသည့်အချိန်ထုတ်သုံးရန် တမင်ချန်ထားသည့် ”အစ”ဖြစ်၏။  သို့သော် ထို”အစ”ထိုအယူအား ရေလောင်းပေါင်းသင်သူမှာ ၁၉၆၂ ခုက စလိုက်သည့် စစ်အုပ်စုဖြစ်၏။ ထိုအချိန်မှစ၍ လူမတူသူတို့အား လူလူသူသူမဆက်ဆံတော့၊ သဘောမထားတော့၊ အယူမတူသူတို့ကို ဗြောင်တမျိုးသွယ်ဝိုက်တဖုံ နှိပ်ကွပ်လာ၏။ ထို့နောက် တဆင့်တက်ကာ အယူတူသူတို့ကြားမှာပင် ငါ့ဟာမှ မူရင်း ငါ့ဟာမှအယူမှန်ဆိုကာ တက်ထောင်မောင်းနင်းလုပ်လာ၏။ မဟာယနနှင့်ဟိနာယနကြားကစည်းကို ထပ်ထူပေးလိုက်သေး၏။ ထေရဝါဒအယူမှတပါး ကျန်အယူ အကုန် အမှားဇာတ်သွင်း၏။ အယူတူသည့်တိုင် အကောက်ကလေးလွဲတာနှင့် လုံးဝသည်းမခံ။ အယူတိမ်းသူ တံဆိပ်နှင့် ကြီးစွာသောပြစ်ဒဏ်နှင့် မြိုင်ရပ်နှင်၏။ လူထွက်ခိုင်း၏။ အရှက်ခွဲ၏။ အမှန်က ထိုအချိန်ကစကာ မိမိတို့ယုံကြည်ရာ၌ပင် လွတ်လပ်ခွင့်မရှိတော့ကြောင်း၊ မိမိတို့ကိုပင်နှိပ်ကွပ်နေပြီဖြစ်ကြောင်းရိပ်မိသူ မရှိသလောက်။ တပ်ကိုင်ပြီးတိုင်းပြည်ကိုဖိနှိပ်မည်ဆိုလျှင် တပ်ကိုအရင် နာနာနှိပ်ကွပ်ပစ်မှရမည်ဆိုသည့် သဘောတရားကို လူမျိုး/ဘာသာရေးနယ်တွင် ချသုံးခြင်းပင်။ အာဏာစက်သည်ဓမ္မစက်ကို ဇက်ခွံ့လိုက် နိုင်ချိန်၌ ဓမ္မစက်ခေါင်းကိုင်တို့နှင့် ဆရာဒကာညီညွတ်ရေးလိုင်း အပီအပြင်ကျတော့၏။ စစ်အာဏာကိုထောက်မပေးရမည့်ဒေါက်တချောင်း ပိုခိုင်မာတော့၏။ စစ်အကျိုးစီးပွားကာကွယ်ရေးအတွက် ဘာသာရေးအခြေခံအမျိုးသားရေးဘုံဝါဒကိုတီထွင်၊ သတ်ကွင်းထဲတွင် လက်တွေ့ချသုံးစမ်းသပ်ရင်း လူဉာဏ်မွဲတို့အား ဖမ်းစားထားလိုက်၏။ ထိုအပြုစားခံမျိုးဆက်သည် တဆက်ပြီးတဆက် စည်ပင်လာ၏။ တဆက်ပြီးတဆက် အစွဲကြီးလာ၏။ ထိုအစွဲကို တဆက်ပြီးတဆက် လက်ဆင့်ကမ်းပေး၏။ ထို ဘာသာရေး အခြေခံအမျိုးသားရေးဘုံဝါဒသည် မျိုးဆက်တချို့၏သိစိတ်တွင်ရော မသိစိတ်တွင်ပါနက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေ၏။

ခုဖြစ်နေသည့် အကြမ်းဖက်မှုများမှာ အုပ်စိုးသူအဆက်ဆက်၏လက်ချက်ဟုဆိုခြင်းမှာ အတိုင်းအတာတခု ထိသာ မှန်သည်ထင်၏။ တစ်စိတ်တစ်ပိုင်းသာမှန်သည့်အမှန်ဟု မြင်၏။ အမျိုးသားရေးနှင့် လူမျိုး(ဘာသာ) ခွဲခြားရေးကို ဗူးလုံးနားမထွင်းဖြစ်နေသူတို့ကိုယ်တိုင် သိစိတ်ရှိရှိမပါဝင်လျှင် ခုဖြစ်နေသည့်အကြမ်းဖက်မှု များ ပေါ်လာစရာမရှိ၊ အောင်မြင်စရာ မရှိ။ ထိုအကြမ်းဖက်မှုများထမြောက်စေရန်ကြိုးကုပ် ကြသူ ၂ မျိုး သာရှိ၏။ တမျိုးမှာ လောကီပညာမရှိ/မသိ၊ လူမျိုး/ဘာသာစုံ ဘာမှန်းမသိ၊ ဆင်းရဲနွမ်းပါး အဖိနှိပ်ခံရဆုံး အလွှာမှလာ၊ ငါ့အယူသာ သမ္မာဒိဌိလောက်နားလည်သူတို့တွင် အတွေးအခေါ်ဆင်းရဲခြင်းမှာ ဖြစ်ရမည့်ကိစ္စဖြစ်ခြင်းသာဖြစ်၍ မထူးဆန်း။ သူတို့စိတ်တွင် တကယ်လည်း အမှန်ထင်၍ ပြုမူနေကြခြင်းဖြစ်သလို သူတို့ကိုယ်သူတို့လည်း တကယ့်မျိုးချစ်ကြီးများပမာ၊ တကယ့် အမျိုး/ဘာသာ/သာသနာ ကာကွယ်နေသူများပမာ သိမြင်ခံယူနေကြ၏။ ထိုသူတို့အားဆုံးမချေချွတ်၍ရ၏။ အာဏာစက်သုံးတန်သုံးရတတ်၏။

နောက်တမျိုးဖြစ်သည့် ဒုတိယအမျိုးမှာ ပညာတတ်၊ အလယ်အလတ်နှင့်အထက်လွှာမှလာ၊ နိုင်ငံရေးအခံ လည်းရှိ၊ အာဏာသဘောကိုလည်း သိ၊ အာဏာလက်ကိုင်ထားနိုင်သူလည်းဖြစ်၊ အစွန်းရောက်များအား အသုံးချကာ ကိုယ်ကျိုးစီးပွားရှာရမှန်းလည်းသိ စသည့်သူများကြတော့ အတွေးအခေါ်ချွတ်ခြုံကျသည် (သို့)မသိသားဆိုးရွားသည်ဟု ဆိုမရတော့။ ကမ္မဝါဖတ်၍မရ၊ ဆုံးမချေချွတ်ရန်မလို။ အာဏာစက်က သူတို့လက်ထဲမှာမို့ ကိုယ်ကယူသုံးလို့မရ။ ဒီတော့ လုပ်စရာက ပြတ်ပြတ်သားသားဆန့်ကျင် တိုက်ဖျက်ရန်သာဖြစ်၏။

ချုပ်ရလျှင် ပထမတချက်က မျိုးဆက်တဆက်ပြီးတဆက်လက်ဆင့်ကမ်းအမွေခံခဲ့သည့် ဘာသာခြား လူမျိုးခြားမုန်းတီးစိတ်အခံသည် ဗမာ့လူ့အဖွဲ့အစည်းတွင် နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေခြင်းအား အသိအမှတ်ပြုပြီး ပယ်သတ်ရန်လို၏။ ထိုကိစ္စသည် လူသားတန်ဖိုး လူ့အသိစိတ်နှင့် ဆင်ခြင်တုံတရား၊ ဉာဏ်ပညာအရာဖြစ်သဖြင့် ဥုံဖွအပ်ချလောင်းပျောက်စေ လုပ်မရ။ ဗမာ့လူ့အဖွဲ့အစည်းက အမှန်တရားဆို၍ယေဘုယျလက်ခံစံပြုနေသည့်နှုန်းစံတန်ဖိုးများကို ဂဃနဏပြန်သုံးသပ်ပြုပြင်ရမည့် အရေးဖြစ်၏။ နောက်တချက်က လက်ရှိအာဏာရအရပ်သားအရေခြုံ စစ်အာရှင်စနစ်နှင့် ယင်းကို ထောက်ကန်အားပြုပေးနေကြသည့် အစုအဖွဲ့များအား ဖယ်ရှားရှင်းလင်းရေးဖြစ်၏။ ထိုကိစ္စကို အာဏာကိစ္စအာဏာပြဿနာအဖြစ်ရှူမြင်ပြီး လူထုအားနှင့်တွန်းလှန် ဖယ်ရှားဖို့ဖြစ်၏။

ဘာသာ/လူမျိုးအခြေခံအမျိုးသားရေးဘုံဝါဒကိုကိုယ်စားပြုသည့်စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တွန်းလှန်ခြင်းသည် ထိုဝါဒချုပ်ငြိမ်းရေးအခြေခံပင်ဖြစ်၏။
(မျိုးမြင့်ချို) ဇူလိုင် ၁၉၊ ၂ဝ၁၃


0 comments:

Post a Comment